ပိယွင်မှာ ကျိလင် နတ်သမီး၏ တပည့်ဖြစ်ပြီး ကူးချိုင်ဝေ့၏ ဆရာ ဖြစ်လေသည်။ ကူးချိုင်ဝေ့မှာ ဆန်းလျန်ကို ပိယွင်ကိုယ်စား တပည့်အဖြစ် လက်ခံပေးခဲ့ခြင်း ဖြစ်လေသည်။ ထိုမှသာ ဆန်းလျန် အနေဖြင့် ထိုက်ရွှီးနည်း ဗျူဟာ ကျင့်စဉ်ကို ကျင့်ကြံနိုင်မည် ဖြစ်လေသည်။
ပိယွင် သေဆုံးသွားမှုမှာ ယန်ရွှီးနှင့်များစွာ ပတ်သက် လေသည်။
ပိယွင်မှာ ထိုက်ရွှီးနည်းဗျူဟာ ကျင့်စဉ်ကို ကျင့်ကြံပြီး ဟိုင်သန်းအဆင့် တက်ရောက်နိုင်ခဲ့သည့် ဆရာသခင် တစ်ပါး ဖြစ်သည့် အတွက် လွန်စွာမှ တန်ခိုးစွမ်းအား ကြီးမားလေသည်။ သူမနှင့် အလွန် နီးစပ်သည့် ယန်ရွှီးလို လူမျိုးသာလျှင် သူမကို လုပ်ကြံနိုင်မည် ဖြစ်လေသည်။
ယန်ရွှီးမှာ ပိယွင်ဆီမှ ထိုက်ရွှီးနည်းဗျူဟာ ကျင့်စဉ်ကိုတော့ ရရှိခြင်း မရှိခဲ့ပေ။ အဘယ်ကြောင့် ဆိုသော် သူက တန်ခိုးစွမ်းအား မလုံလောက်သောကြောင့် ဖြစ်လေသည်။ ပိယွင်မှာ ဆရာဘွားဘွား လီချင်းဆွေနှင့် ကျိလင် နတ်သမီးပြီးလျှင် ထိုက်ရွှီးနည်း ဗျူဟာဖြင့် ဟိုင်သန်းအဆင့် တက်ရောက်နိုင်သည့် တတိယမြောက် ကျင့်ကြံသူ ဖြစ်လေသည်။
လူအများစုက သူမအပေါ်တွင် များစွာ မျှော်လင့် ထားကြလေသည်။ ထိုအချိန်က ကျန်းရော့ရွှီး ထက်ပင် ပိယွင်ကို ပိုပြီး အားထား ကြလေသည်။ လူတစ်ယောက် နတ်ဘုရားတစ်ပါး ဖြစ်ရန် ဆိုသည်မှာ အချက် သုံးချက်နှင့် ပြည့်စုံမှ ရမည် ဖြစ်သည်။ အရည်အချင်း ရှိရမည်။ အခွင့်အရေးကောင်း ရှိရမည်။ ကံတရားကလည်း မျက်နှာသာ ပေးရမည် ဖြစ်လေသည်။
ယန်ရွှီး “ပကတိ ဖန်ဆင်းခြင်း ပညာ” ကို လေ့ကျင့်နေသည်ကို ပထမဆုံး သတိပြုမိသူမှ ပိယွင် ဖြစ်လေသည်။ ဘဝတွင် အပြစ် ကင်းစင်စွာ နေထိုင်ခဲ့သည့် ပိယွင်သည် မဟာ အမှားကြီးတစ်ခုကို ကျူးလွန် ခဲ့မိလေသည်။ ထိုအမှားကြီးမှာ သူမက ယန်ရွှီးကို မေတ္တာ သက်ဝင်ခဲ့မိခြင်းပင် ဖြစ်လေသည်။
ယန်ရွှီးက ချင်းရွှမ်မှ တစ်ဂိုဏ်းတည်းသားများ အပေါ်တွင် ကောင်းကောင်း ဆက်ဆံသည့်တိုင် သူ၏ စိတ်ရင်း အမှန်မှာ ကိုယ့်အတွက်သာ ကိုယ်သာ ကြည့်တတ်ပြီး သွေးအေးသည့် လူတစ်ယောက် ဖြစ်လေသည်။
သူက ပကတိ ဖန်ဆင်းခြင်း ပညာကို စတင် လေ့ကျင့်သည်နှင့် ချင်းရွှမ်မှ ဂိုဏ်းတူညီ အစ်ကိုများ၏ စိတ်ထဲတွင် မကောင်းမှု မျိုးစေ့လေးများ မသိမသာ အစပျိုးထား ပေးလေသည်။ အစပိုင်းတွင် မသိသာသော်လည်း နောက်ပိုင်းတွင်တော့ ထိုသူများကို သူ၏ ကိုယ်ပွားများ အဖြစ် ပြောင်းလဲ အသုံးပြုနိုင်မည် ဖြစ်လေသည်။ ထိုသို့ စိတ်ရူးပေါက်သည့် အတွေးများဖြင့် ချင်းရွှမ် နတ်တံခါးမှ လူအတော်များများကို သူ၏ ကိုယ်ပွားများ အဖြစ်သို့ ပြောင်းပစ် ခဲ့လေသည်။
ထိုအချိန်က ချင်းရွှမ် နတ်တံခါးမှာ များပြားလှသော တပည့်များစွာ ရှိသည့် ကြီးမားသည့် နတ်ဘုရား ကျောင်းတော်ကြီး တစ်ခု ဖြစ်လေသည်။ ချင်းရွှမ်မှ တပည့်များ အားလုံးမှာ လွတ်လပ် ပျော်ရွှင်စွာ နေတတ်ကြသူများလည်း ဖြစ်လေသည်။
ထိုဂိုဏ်းတူ ညီအစ်ကိုများကို ကြည့်ပြီး ယန်ရွှီးတွေးမိသည်မှာ “စိတ်ဝင်စားစရာ” ကောင်းသည် ဆိုသည့် အချက်ပင် ဖြစ်လေသည်။
ချင်းရွှမ် နတ်တံခါးမှာ အခြားသော နတ်ဘုရား ကျောင်းတော်များနှင့် မတူသည့် အချက်မှာ ကျင့်စဉ်လမ်းကို အဓိကထား အာရုံစိုက်ကြပြီး အချင်းချင်းလည်း ကူညီ တတ်ကြလေသည်။ ယန်ရွှီးကတော့ ကျင့်စဉ်လမ်းကို ထိုသို့ မမြင်ပေ။ အခြားသူများက ကျင့်စဉ်လမ်းကို မည်သို့ သဘော ထားသည်ကို သူနားလည်သည့်တိုင် သူကတော့ ထိုသူများကဲ့သို့ ရှည်လျားသည့် အဆင့်များကို ဖြတ်ကျော်ပြီး ကျင့်စဉ်လမ်းတွင် ဘဝတစ်ခုလုံး မြှုပ်နှံ ထားလိုသည့် စိတ်ထားမျိုး မရှိပေ။
သူက ကျင့်စဉ်လမ်းသို့ လိုက်သည် ဆိုသည်မှာ အသက် ရှည်ရန်နှင့် မမှန်းဆနိုင်သည့် တန်ခိုး စွမ်းအားများ ရရှိရန် လိုက်ခဲ့ခြင်း ဖြစ်လေသည်။ လောကတွင် စိတ်ဝင်စားစရာ ပညာရပ်များ များစွာ ရှိလေသည်။ စကြ၀ဋ္ဌာ တစ်ခွင်တွင် တန်ခိုးစွမ်းအား ဆိုသည်က ရှာဖွေလေ တွေ့ရှိလေ ဖြစ်လေသည်။ ထိုတန်ခိုး စွမ်းအားများက သူ့ကို အမြဲတမ်း ဆွဲဆောင် နေလေသည်။
ပိယွင်က ယန်ရွှီးကို စိတ်ဝင် စားမိခြင်းမှာ သူက အခြားသော ကျင့်ကြံသူများနှင့် မတူသောကြောင့် ဖြစ်သည်။
ကျင့်ကြံသူ အများစုမှာ ကျင့်စဉ်လမ်းကိုသာ အာရုံ စိုက်ကြသည့်သူက များလေသည်။ သို့သော် ယန်ရွှီးကတော့ ထိုသို့ မဟုတ်ပေ။ သူ့ကို ကြည့်ရသည်မှာ တစ်ခုခုကို မျှော်လင့်နေသည့် လူတစ်ယောက်နှင့် တူလေသည်။ ထို့ကြောင့် ပိယွင်က ယန်ရွှီးအပေါ်တွင် အခြားသူများနှင့် မတူဘဲ စိတ်ဝင်စားခဲ့မိခြင်း ဖြစ်လေသည်။
ထို့ပြင် ယန်ရွှီးမှာ တကယ့် ပါရမီရှင် တစ်ယောက် ဖြစ်သည်။ သူက မည်သည့် ပညာရပ်ကို မဆို လျင်မြန်စွာ သင်ယူနိုင်ပြီး အခြားသူများထက် ပိုကောင်းအောင်လည်း ကျင့်ကြံ နိုင်လေသည်။ သူက နားလည်နိုင်စွမ်း မြင့်မားပြီး ပညာရပ် တစ်ခု၏ အဓိကအချက်ကို သိမြင်နိုင်သူ ဖြစ်လေသည်။
ထို့ကြောင့် သူ့ကို “ကျမ်းစာစုစည်းသူ” ဟုပင် ခေါ်ကြလေသည်။
ဆန်းလျန်က ဂိုဏ်းထဲမှ ကျင့်ကြံသူများကို အမြဲတမ်း ကျင့်စဉ်လမ်းနှင့် ပတ်သက်ပြီး ကူညီပေးလေ့ ရှိသလို ယန်ရွှီးမှာလည်း ဆန်းလျန်ကဲ့သို့ပင် ကူညီပေးတတ်သူ ဖြစ်လေသည်။ သူက ဆန်းလျန်ထက်ပင် သာသေးသည်။
ထိုအချိန်က ချင်းရွှမ်နတ်တံခါးမှာ အရည်အချင်း ရှိသည့် တပည့်ပေါင်း များစွာဖြင့် အလှပဆုံး ပွင့်လန်းနေသည့် အချိန်ဖြစ်သလို ယန်ရွှီးမှာ ချင်းရွှမ် နတ်တံခါးတွင် အရေးပါသည့် ကဏ္ဍတွင် ပါဝင်ခဲ့သူ ဖြစ်လေသည်။
ထိုအချက်ကြောင့်လည်း ပိယွင်က ယန်ရွှီးကို လေးစားခဲ့ခြင်း ဖြစ်လေသည်။ ယန်ရွှီးမှာ သွေးအေးပြီး ရက်ဆက်တတ်သည့် လူတစ်ယောက်ဟု သူမ လုံးဝ ထင်မှတ် မထားခဲ့မိပေ။ ယန်ရွှီး အတွက်တော့ အတိတ် ဆိုသည်မှာ ဘာမှမဟုတ်ပေ။ ခဏတာ သတိပြန်ရစရာ ကိစ္စတစ်ခုမျှသာ ဖြစ်လေသည်။
ကျိလင် နတ်သမီး တစ်ဖြစ်လဲ ချင်းရှောင်း နတ်သမီး၏ အေးစက်သည့် အသံက ဝါးရုံတောထဲတွင် ပျံ့နှံ့ လာလေသည်။
“ဘယ်လိုလဲ၊ ပြန်စဉ်းစားလို့ ပြီးပြီလား”
ချောမော လှပလွန်းသည့် ချင်းရှောင်း နတ်သမီး၏ အကြည့်များက အေးစက် လွန်းနေလေသည်။
ယန်ရွှီးက တစ်ချက် ရယ်မောလိုက်ရင်း …
“ဆရာဒေါ်လေး၊ ပြောကြတာကတော့ မင်း မသေခင် မင်းရဲ့ ဘဝတစ်ခုလုံးကို ပြန်မြင်ခဲ့တယ်တဲ့၊ အဲဒါ တကယ်ပဲလား”
ချင်းရှောင်း နတ်သမီးက သူ့ကို စိုက်ကြည့်နေလေသည်။ သူမမျက်နှာမှာ ခံစားချက် ကင်းမဲ့နေသည်။ ရုတ်တရက် ဓားဝိညာဉ်တစ်ခု ထွက်ပေါ် လာလေသည်။ လောက တစ်ခုလုံးမှာ ရေခဲ အလွှာပါးလေးဖြင့် ဖုံးအုပ်ထားသကဲ့သို့ အေးစက် တိတ်ဆိတ် နေလေသည်။ လှုပ်ရှားနေသည့် အရာဆို၍ ချင်းရှောင်း နတ်သမီး၏ ဓားဝိညာဉ်သာ ရှိလေသည်။
ဝါးရုံတောမှာ ယန်ရွှီး၏ တန်ခိုးစွမ်အားများ အပေါ်တွင် များစွာ သက်ရောက်လေသည်။ အထူးသဖြင့် ယန်ရွှီးမှာ ချန်ကျန့်မေနှင့် ဆန်းလျန်ကြောင့် သူ၏ မူလဝိညာဉ် အစိတ်အပိုင်း ဆုံးရှုံးထားသည့် အတွက် အသွင်ပြောင်း ပညာကို အပြည့်အ၀ အသုံးမပြုနိုင် ဖြစ်နေရလေသည်။
ဓားဝိညာဉ် သူ့ဆီသို့ လွင့်ပျံလာသည်ကို ယန်ရွှီး မြင်နေရသည်။
ဓားဝိညာဉ်နှင့်အတူ ချင်းရှောင်း နတ်သမီး၏ အရိပ်ပါ လွင့်မျောလာလေသည်။ ချင်းရှောင်း နတ်သမီးကို မြင်ရသည်မှာ အတိတ် တစ်ချိန်က ပိယွင်ကို မြင်နေရသကဲ့သို့ပင် ခံစား ရလေသည်။
ဆရာတပည့် နှစ်ယောက်မှာ ခပ်ဆင်ဆင် တူကြလေသည်။ မတူသည့် အချက်မှာ ချင်းရှောင်းနတ်သမီးက စိတ်ဓာခိုင်မာပြတ်သားလေသည်။ သူမက ဆုံးဖြတ်ချက်ချပြီးလျှင် မည်သည့်အခါမှ မပြောင်းလဲတတ်ပေ။
ချင်းရှောင်းနတ်သမီးသုံးသည့် ထိုဓားပညာကို “ဗလာနယ်ဖျက်ဓားသိုင်း” ဟု ခေါ်လေသည်။ မိုးကောင်းကင်ရှိ နတ်ဘုံနတ်နန်းကိုပင် ထို ဗလာနယ်ဖျက် ဓားသိုင်းက အမှုန့်ဖြစ်သည် အထိ ဖျက်စီး ပစ်နိုင်လေသည်။
ချင်းရှောင်း နတ်သမီး၏ ဗလာနယ်ဖျက် ဓားသိုင်းမှာ အထွတ်ထိပ်သို့ ရောက်ရှိခြင်း မရှိသေးပေ။ သို့သော် ဗလာနယ်ဖျက် ဓားဝိညာဉ်အောက်တွင် ယန်ရွှီးမှာ သူ၏ ပကတိဖန်ဆင်းခြင်း ပညာကို အသုံးပြုကာ ထိုးဖောက်ထွက်၍ မရနိုင်အောင် ဖြစ်နေရသည်။ ထိုဓားဝိညာဉ်ဆီမှ လွတ်လမ်း မမြင်နိုင်ပေ။
ပကတိ ဖန်ဆင်းခြင်း ပညာမှာ နှလုံးသားနှင့် စိတ်ဝိညာဉ်ကို အသုံးပြုရသည့် ပညာ ဖြစ်လေသည်။ ထိုပညာဖြင့် မတူညီသည့် နေရာများကို ကြိုက်သလို ဖြတ်သန်း သွားလာနိုင်လေသည်။
ချင်းရှောင်း နတ်သမီး၏ ဓားဝိညာဉ်က သူ့ဆီသို့ တည့်တည့် တိုးဝင်လာသည့် အခါတွင်တော့ ယန်ရွှီးတစ်ယောက် ဆောက်တည်ရာ မရတော့ပေ။ ဓားဝိညာဉ်မှာ ယန်ရွှီး၏ မျက်ခုံးနှစ်ခုကြား တည့်တည့်သို့ တိုးဝင်သွားလေသည်။ ယန့်ရွှီးမှာ ရေခဲကဲ့သို့ အသွင် ပြောင်းလဲသွားပြီး အစိတ်စိတ် အမြွှာမြွှာ ကွဲထွက် သွားလေသည်။
ချင်းရှောင်းက ပေါက်ကွဲ ထွက်သွားသည်ကို စိတ်မဝင်စားပါ။ သူမက ကိုယ့်ကိုယ်ကိုယ် တစ်ချက် ပြန်ငုံ့ကြည့် လိုက်လေသည်။ သူမတစ်ကိုယ်လုံး သွေးနီရောင် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ချင်းရှောင်း နတ်သမီး၏ မျက်နှာက ခံစားချက် ကင်းမဲ့နေဆဲ ဖြစ်လေသည်။ သူမက သူမကိုယ်သူမ ဓားဖြင့် ထိုးစိုက် ချလိုက်သည်။ ထိုအခါ သူမခန္ဓာကိုယ်မှ သွေးနီရောင် အရိပ်တစ်ခု ထွက်ခွာသွားပြီး ကောင်းကင်ထက်မှ လမင်းဆီသို့ အလျင်အမြန် ထွက်ပြေး သွားလေတော့သည်။
ထိုအရိပ်နောက်သို့ ချင်းရှောင်း နတ်သမီး၏ ဓားဝိညာဉ်က ထပ်ကြပ်မကွာ လိုက်ပါ သွားလေသည်။
ဓားဝိညာဉ်က ထိုအရိပ်ကို အဆက်မပြတ် တိုက်ခိုက်နေရင်း သွေးနီရောင် အရိပ်မှာ တဖြည်းဖြည်း ပျောက်ကွယ် သွားပြီး လရောင်သာလျှင် ကြည်လင်စွာ ကျန်ရစ် ခဲ့တော့သည်။
သို့သော် လရောင်က ရုတ်တရက် ပျောက်ကွယ်သွားပြီး အရိပ်တစ်ခုက ဝါးရုံတော တစ်ခုလုံးကို ဖုံးအုပ် သွားလေသည်။ ချင်းရှောင်း နတ်သမီးမှာ ယန်ရွှီးကို လုံးဝ သေဆုံးသွားပြီလားဟု သေသေချာချာ မစဉ်းစား နိုင်ခင်မှာပင် ထိုအရိပ်ကြောင့် ကောင်းကင်ကို မော့ကြည့် လိုက်မိလေသည်။
ကောင်းကင်ထက်တွင် ပေတစ်ထောင်ခန့် အမြင့်ရှိသည့် တောင်ကြီး တစ်တောင်ကို တွေ့လိုက်ရပြီး ထိုတောင်ကြီးမှာ မြေပြင်ပေါ်သို့ ကျလာလေသည်။
ထိုအချိန် … ကောင်းကင်ထက်မှ ကဗျာရွတ်ဆိုသံ ထွက်လာလေသည်။
“မင်းရဲ့စိတ်က တိမ်လို လေလို လွင့်မျော …
မင်းကိုဘယ်မှာမှ ရှာလို့မတွေ့နိုင်ဘူး … ဘာလို့လဲဆိုတော့ မင်းက နေရာတိုင်းမှာရှိနေလို့ပဲ …
အရှေ့ပင်လယ်မှာ နေထွက်တာကိုကြည့်ပြီးရင်
တောင်ပင်လယ်မှာ နဂါးကိုစီးမယ် …
ကိုယ့်ကိုကိုယ်နားလည်ရင်းနဲ့ …
အမြင့်ဆုံးအထိ တက်လှမ်းမယ် …
မင်းကဖိုထိုးတဲ့အိုးကို ကန်ထုတ်လိုက်တယ် …
မင်းဘယ်တော့မှ လောကသုံးပါးနဲ့ ဒြပ်စင်ငါးပါးကိုမပိုင်ဆိုင်နိုင်တော့ပါဘူး”
တောင်ကြီးမှာ မြေပြင်ထက်သို့ ပြုတ်ကျလာပြီး ဝါးရုံတောလေးကို ဖျက်စီး ပစ်လိုက်လေသည်။ ချင်းရှောင်း နတ်သမီးမှာ တောက်အောက်တွင် ပိတ်မိ နေလေတော့သည်။
တောင်က တစ်ချက် လှုပ်ခတ်သွားပြီး မိုးခြိမ်းသံ တစ်ချက် ထွက်ပေါ်လာလေသည်။ တောင်အလယ်တွင် အပေါက်တစ်ပေါက် ဖြစ်သွားပြီး ချင်းရှောင်း နတ်သမီး၏ ဓားဝိညာဉ်က ထိုအပေါက်ထဲမှ ထွက်လာလေသည်။ ထိုဓားဝိညာဉ်က ကောင်းကင်ကို ထိုးခွဲရန် ပြင်လိုက်သည့် အချိန်တွင် ရွှေရောင် အလင်းတန်းများက ကာဆီးထားလေသည်။ ဓားဝိညာဉ်က ဆက်လက် တိုက်ခိုက်ခြင်း မပြုတော့ပါ။ ထို့နောက် အဝေးသို့ ထွက်ခွာ ပျောက်ကွယ် သွားလေတော့သည်။
ဓားဝိညာဉ် ပျောက်ကွယ် သွားသည်နှင့် ချင်းရှောင်း နတ်သမီး၏ အသံက လေထဲတွင် ပျံ့လွင့် ကျန်ရစ်ခဲ့လေသည်။
“ထိုက်ယွဲ့သဏ္ဌာန် မှန်ပညာပဲ၊ တာအိုဆရာ တုန်းဖုန်း၊ တစ်နေ့ကျရင် ကျွန်မ ထိုက်ချန်းတောင်ကို လာပြီး ကွမ်းချင်း နတ်ဘုရားဂိုဏ်း တစ်ဂိုဏ်းလုံးကို သုတ်သင်ပစ်မယ်”
***