ဆန်းလျန်မှာ ချင်းရွှမ်နတ်တံခါးမှ တပည့်များ ကြားတွင် အရည်အချင်း အရှိဆုံး တပည့်တစ်ယောက် ဖြစ်သည့် အပြင် ဖော့ဝမ့်အဆင့်သို့ပင် တက်လှမ်း နိုင်မည်ဟု ချန်ကျန့်မေက ယုံကြည် ထားလေသည်။ ထို့ကြောင့် သူက ဆန်းလျန်၏ အဖြေကို တိတ်ဆိတ်စွာ စောင့်နေလေသည်။
ယန်ရွှီးအနေဖြင့် ချန်ကျန့်မေ၏ စိတ်ထဲတွင် အားနည်းချက် တစ်စုံတစ်ရာကို ရှာမတွေ့ခဲ့ပါ။ သို့သော် မိုးနှင့်မြေတွင် မဖြစ်နိုင်ဆိုသည့် အချက်မှာ မရှိဟု သူနားလည် ထားလေသည်။ အရာအားလုံး အတွက် ခြေရာဆိုသည်မှာ ကျန်ခဲ့မည်ပဲ ဖြစ်လေသည်။ အားနည်းချက် မရှိသည့် လူတစ်ယောက် သည်လည်း နောက်ပိုင်းတွင်တော့ အားနည်းချက် ရှိချင် ရှိလာမည်ပဲ ဖြစ်လေသည်။
ယန်ရွှီးက သူဒုက္ခ ရောက်နေသည့် အချိန်တွင် လွတ်မြောက်နိုင်ရန် အတွက် ဆန်းလျန်ကို အခွင့်အရေး ပေးကာ အသုံးပြုနေခြင်း ဖြစ်သလို ချန်ကျန့်မေကို အချိန် ဆွဲထားခြင်းလည်း ဖြစ်လေသည်။
ဆန်းလျန်က သိမ်မွေ့စွာ ရယ်မော လိုက်ရင်း …
“ဆရာဦးလေး ယန်ရွှီး၊ ဟို ဝိညာဉ်စွမ်းအား ဖန်ခွက်လေးကို ကျုပ်ကို ပေးလိုက်တယ်နော်၊ မှတ်မိသေးရဲ့လား၊ အဲဒီ ပစ္စည်းလေးက ကိုယ့်ကိုယ်ကိုယ် သတိပေးဖို့ လိုတဲ့ လူတွေ အသုံးပြုတာ၊ ဆရာဦးလေးရော ဘဝမှာ နောင်တ ရခဲ့ဖူးသလား၊ မရခဲ့ဘူး ဆိုရင်လည်း မသိစိတ်နဲ့ လုပ်လိုက်မိတဲ့ အပြုအမူတွေက ဆရာဦးလေးရဲ့ စိတ်ထဲမှာ ဘာရှိနေတယ် ဆိုတာကို ဖော်ပြနေတာပဲ”
ဆန်းလျန်က ယန်ရွှီး၏ အမေးကို မဖြေဘဲ မေးခွန်း ပြန်ထုတ် လိုက်လေသည်။ ဆန်းလျန်မှာ အမြဲတမ်း သာမန်ထက် ထူးခြားသူ တစ်ယောက်ဖြစ်လေသည်။
ဆန်းလျန်၏ စကားမှာ ချန်ကျန့်မေ၏ နှလုံးသားထဲမှ ပဲ့တင်သံပင် ဖြစ်လေသည်။ ယန်ရွှီးမေးသည့် မေးခွန်းကို ဆန်းလျန်က တိုက်ရိုက် မဖြေသည့်တိုင် ဆန်းလျန်၏ စိတ်ထားကို ချန်ကျန့်မေက နားလည် သွားသည့် အတွက် စိတ်သက်သာရာ ရသွားလေသည်။
ဆန်းလျန်က သူ၏အမေးကို မေးခွန်း ပြန်ထုတ်လိမ့်မည်ဟု ယန်ရွှီးက မျှော်လင့် မထားခဲ့မိပေ။ ထို့ကြောင့် ရုတ်တရက် မင်သက် သွားမိလေသည်။ ထိုအချိန်မှာပင် သူ့ကို ဝန်းရံထားသည့် ဓားဝိညာဉ်များက တစ်ချက် လှုပ်ရှား လာလေသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် ဓားဝိညာဉ်များမှ တန်ခိုး စွမ်းအားများကို ယန်ရွှီး၏ သွေးနီရောင် အလင်းတန်း အလွှာပါးလေးမှာ တောင့်ခံနိုင်ခြင်း မရှိတော့ပေ။
ဓားဝိညာဉ်များ၏ စွမ်းအားကြောင့် ငလျင် လှုပ်သကဲ့သို့ မြေကြီးများပင် တုန်လှုပ် လာလေသည်။ ဓားဝိညာဉ်များမှ အလင်းတန်းများမှာ ကောင်းကင် တစ်ဝက်တိုင်အောင် လင်းလက် နေလေသည်။ ဓားဝိညာဉ်မှ စွမ်းအားများကြောင့် လမင်း၏ ပတ်လည်တွင် တိမ်တိုက်များပင် ရစ်သိုင်း နေကြလေသည်။
ရုတ်တရက် ယန်ရွှီးက သဏ္ဌာန် ပြောင်းသွားလေသည်။ သူက သွေးနီရောင် မီးခိုးငွေ့များ အဖြစ် ပြောင်းလဲကာ ရှန်ချင်းရွှမ် ချီဓားသိုင်းမှ ရုန်းထွက်ရန် ကြိုးစားလိုက်သည်။ ဆန်းလျန်က ထိုအချိန်ကို စောင့်နေခြင်း ဖြစ်လေသည်။ ဆန်းလျန်က သူ၏ ဓားဝိညာဉ်ကို ချက်ချင်း အသုံးပြုလိုက်သည်။
သူ၏ဓားဝိညာဉ်မှာ နှစ်ခုကွဲသွားလေသည်။ ထို့နောက် လေးခု၊ ခြောက်ခု၊ ရှစ်ခု ကွဲသွားပြီး ထိုဓားဝိညာဉ်များမှာ တုန်လှုပ်နေလေသည်။ ဆန်းလျန်၏ ဓားဝိညာဉ်များက ရှန်းချင်းရွှမ်ချီ ဓားဝိညာဉ်များ ကြားထဲသို့ ဝင်ရောက်သွားကာ ယန်ရွှီး၏ မူလဝိညာဉ် အစိတ်အပိုင်းကို ပိတ်ဆို့ ထားလိုက်လေသည်။
သွေးနီရောင် အငွေ့များမှာ ဆန်းလျန်၏ ဓားဝိညာဉ်နှင့် ထိတွေ့မိသည်နှင့် သွေးနီရောင် အစလေးများ အဖြစ် ပြောင်းလဲ သွားလေသည်။
ချန်ကျန့်မေ၏ အေးစက်စက် မျက်နှာတွင် အပြုံးတစ်ချက် ပေါ်လာလေသည်။ သူ့လက်ထဲတွင် ဓားတစ်လက် ကိုင်ထားလေသည်။ သူက ခုန်ဝင်လိုက်ပြီး နောက်ဆုံး ကျန်သည့် မီးခိုးငွေ့များကို ဓားဖြင့် ခုတ်ဖြတ် လိုက်လေသည်။
သွေးနီရောင် အလင်းတန်းမှာ သုတ်သင် ခံလိုက်ရပြီး ပတ်ဝန်းကျင် တစ်ခုလုံးမှာ သန့်စင် သွားလေသည်။ လရောင်မှာ ဆန်းလျန်၏ အပြာနုရောင် ဝတ်ရုံပေါ်သို့ ကျရောက် နေလေသည်။
ချန်ကျန့်မေ၏ အဖြူရောင်ဝတ်ရုံမှာ တိမ်ဖြူ တစ်စကဲ့သို့ ဖြူစင် လွန်းလေသည်။ သူ့ကို ကြည့်ရသည်မှာ သန့်စင် လွန်းနေပြီး လရောင်က သူ၏ မျက်နှာထက်သို့ ဖြာကျနေလေသည်။ နှင်းပေါ်သို့ ဖြာကျနေသည့် လရောင်အလားပင် ဖြစ်လေသည်။
“ဂိုဏ်းတူအစ်ကို၊ ကျွန်တော် ချင်းရွှမ်ကို ပြန်မလို့”
ဆန်းလျန်က ကောင်းကင်ကို မော့ကြည့်ရင်း ပြောလိုက်သည်။
“ဘာဖြစ်လို့ ချင်းရွှမ်ကို ပြန်မှာလဲ”
ချန်ကျန့်မေက လက်ပိုက်လိုက်ရင်း ကောင်းကင်ကို မော့ကြည့်လိုက်သည်။ သူ၏ မျက်ဝန်းများက လပြည့်ဝန်းကို ငေးစိုက် ကြည့်နေလေသည်။ ယန်ရွှီး၏ မူလဝိညာဉ် အစိတ်အပိုင်းကို သုတ်သင် လိုက်ရသည့် အတွက် သိပ်ပြီး ပျော်ရွှင်နေပုံတော့ မရပေ။
“ကျွန်တော် ဆရာသခင် ကျန်းရော့ရွှီးဆီ သွားလည် ချင်လို့ပါ၊ ဆရာသခင်က ကျွန်တော် ဟိုင်သန်းအဆင့် ရောက်ရင် တောင်ပေါ်ပြန်လာလို့ ရတယ်လို့ မှာထားဖူးတယ်”
ဆန်းလျန်က ပြန်ဖြေလိုက်သည်။
ဆန်းလျန်က လောကရှိ တိုက်ပွဲများကို သိပ်ပြီး နှစ်သက်ခြင်း မရှိပါ။ ချန်ကျန့်မေ၏ အကြောက်တရား ကင်းမဲ့သည့် စိတ်သဘော သဘာဝနှင့် ဆန်းလျန်၏ အေးဆေးသည့် စိတ်သဘော သဘာဝက မတူ ကွဲပြား လွန်းလေသည်။ ဆန်းလျန်က လူ့လောကနှင့် သံသရာ စက်ဝန်းမှ ကင်းလွတ်စွာ နေချင်သူ ဖြစ်လေသည်။
သို့သော် ဆန်းလျန် မဖြစ်မနေ လုပ်ချင်သည့် ဆန္ဒနှစ်ခုရှိလေသည်။ ပထမအချက်မှာ ရော့ရှီလေးကို ရှာရန်ဖြစ်ပြီး ဒုတိယအချက်မှာ ဆရာသခင်ကျန်းရော့ရွှီး၏ အသက်ကို ကယ်တင်ပေးလိုခြင်း ဖြစ်လေသည်။ ထိုအလုပ်နှစ်ခုလုပ်ဆောင်ရင်း နတ်ဘုရားတစ်ပါးဖြစ်သည်အထိ ကျင့်စဉ်လမ်း အောင်မြင်လျှင်တော့ အကောင်းဆုံးပင် ဖြစ်လေသည်။
ချန်ကျန့်မေမှာ အတန်ကြာအောင် တိတ်ဆိတ်နေလေသည်။
ပြီးမှ …
“မင်းလုပ်ချင်တာလုပ်ပါ၊ ငါ့ကို ပြောပြနေစရာ မလိုပါဘူး”
ဟု ချန်ကျန့်မေက ပြန်ပြောလိုက်သည်။
ထို့နောက် ချန်ကျန့်မေသည် ဓားဝိညာဉ်တစ်ခုအသွင်ပြောင်းပြီး ထွက်ခွာသွားလေတော့သည်။ လရောင်အောက်တွင် တိမ်တိုက်လေး အချို့ လှည့်ပတ်နေလေသည်။ ဤနေရာတွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို မည်သူမျှ သိနိုင်မည် မဟုတ်ပေ။
ဆန်းလျန်က အသံတစ်ချက်ပြုလိုက်တော့ ချမ်းမော့နှင့် ရှောင်ရွှင်တို့ ပျံသန်းလာကြလေသည်။
လူတစ်ယောက် … ငှက်လေးနှစ်ကောင် … ဦးတည်ရာ တစ်ခုဆီသို့ … အတူတူ ပျံသန်းနေကြလေသည်။
ဆန်းလျန် ကျင်းကွမ်းဝတ်ကျောင်းတော်သို့ မပြန်တော့သလို စုန့်ချင်းယီကိုလည်း နှုတ်ဆက်စကား မပြောဖြစ်တော့ပါ။
ကျင်းကွမ်းဝတ်ကျောင်းတော်တွင် အန္တရာယ်ရှိနေသည့်တိုင် စုန့်ချင်းယီက ပြဿနာအားလုံးကို ဖြေရှင်းနိုင်လိမ့်မည်ဟု ဆန်းလျန် ယုံကြည်ထားလေသည်။
ဤမျှလောက် ပြဿနာလေးကို မဖြေရှင်းနိုင်လျှင် လုကျိုးယွမ်၏တပည့်ပီသမည်မဟုတ်ပေ။
ဆန်းလျန်မှာ သူငယ်ချင်းများကို ခင်မင်ပါသည်။ ထိုသူငယ်ချင်းများသည် နှစ်ပေါင်းမည်မျှ ကြာပါစေ သူနှင့် ဝေးကွာနေမည်မဟုတ်ပါ။ စုန့်ချင်းယီက သူ့ကို အစ်ကိုဆန်းလျန်ဟု ပြောင်းလဲ ခေါ်ဝေါ်လေသည်။ ထိုသို့ခေါ်သည်မှာ သူက ဟိုင်သန်းအဆင့် တက်ရောက် အောင်မြင် သွားသောကြောင့် ဖြစ်လေသည်။ သို့သော် သူတို့နှစ်ယောက်၏ခင်မင်မှုကတော့ မပြောင်းမလဲ အမြဲထာဝရ တည်ရှိနေမည်ပဲဖြစ်လေသည်။
…
ဟန့်ဟိုင်အပြင်ဘက် သဲကန္တာရ ထဲတွင် သွေးနီရောင် ဝတ်ဆင်ထားသည့် လူတစ်ယောက် ပေါ်လာလေသည်။ စုန့်ချင်းယီနှင့် ဆန်းလျန်တို့ တံလျှပ် မှော်မိစ္ဆာကို အတူတူ တိုက်ခိုက် ခဲ့ကြသည့် နေရာ ဖြစ်လေသည်။ လရောင်အောက်တွင် သူ့မျက်နှာက မပီဝိုးတဝါး ဖြစ်နေလေသည်။
လူတစ်ယောက်သာ သူ့ကိုတွေ့မည် ဆိုလျှင် မျက်နှာမရှိသည့် သူဟု ပြောမည်မှာ အသေအချာပင် ဖြစ်လေသည်။
သေသေချာချာ ကြည့်မည် ဆိုလျှင် သူ၏မျက်နှာမှာ ဖန်ဆင်းခြင်းဖြင့် ဖုံးကွယ်ထားခြင်း ဖြစ်ကြောင်း သိနိုင်လေသည်။ သူ၏မျက်နှာသည် ဆယ်ကျော်သက် အရွယ်၊ သက်လတ်ပိုင်း အရွယ်၊ အဘိုးအိုအရွယ် အားလုံးကို ဖန်ဆင်းနိုင်မည် ဖြစ်လေသည်။ တစ်ခါတစ်ရံ မုတ်ဆိတ်မွေးများဖြင့် လူတစ်ယောက် အဖြစ်လည်း ဖန်ဆင်းနိုင်သလို တစ်ခါတလေ မုတ်ဆိတ် မွေးမပါသည့် လူတစ်ယောက်အဖြစ်လည်း ဖန်ဆင်းနိုင်မည် ဖြစ်လေသည်။ တစ်ခါတစ်ရံတွင် စာပေသမားပုံ ဖြစ်ပြီး တစ်ခါတစ်ရံတွင် သူခိုးဓားပြ တစ်ယောက်ပုံစံလည်း ဖြစ်နိုင်ပေမည်။
ထိုသူ ပေါ်လာသည်နှင့် ကောင်းကင်ထက်မှ ဝါးရုံတော တစ်ခု ကျလာလေသည်။ ကန္တရာထဲတွင် အသက်ဓာတ် စွမ်းအားလည်း မရှိသလို ရေလည်း မရှိပါ။ သို့သော် ထိုဝါးရုံတောမှာ မြေပြင်ထက်တွင် ရှသန်နေပြီး မျက်နှာ မရှိသည့် သွေးနီရောင် ဝတ်လူမှာ ထိုဝါးရုံတောထဲတွင် ပိတ်မိ နေလေတော့သည်။
မျက်နှာမရှိသည့် လူ၏ မျက်နှာပေါ်တွင် ရုပ်ပုံများစွာ ပြောင်းလဲ သွားပြီးသည့်နောက် အစိမ်းရောင် ဝတ်ဆင်ထားသည့် လူငယ် တာအိုဆရာလေး အသွင်သို့ ပြောင်းလဲသွားလေသည်။ အလွန်မှ ချောမောပြီး ယောကျ်ားပီသသည့် ပုံသဏ္ဌာန် ဖြစ်လေသည်။ သို့သော် ပိရိသည့် နှုတ်ခမ်းပါးများကြောင့် ချောမောသည့် မျက်နှာတွင် ရက်စက်မှုများဖြင့် ပြည့်နေသလို ခံစားရမည် ဖြစ်လေသည်။
သူ၏မျက်နှာမှာ ဖြူဖပ်ဖြူရော်ဖြစ်နေပြီး ဝါးရုံတောထဲတွင် ပိတ်မိနေသည့် အတွက် စိတ်ပူသည့် ပုံတော့ မပေါက်ပေ။ ဝါးရုံတော အပြင်ဘက်တွင် အစိမ်းရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် မိန်းကလေး တစ်ယောက် ရှိနေလေသည်။ ဝါးပင်နှင့် ဝါးရွက်များ ကာဆီးနေသည့်တိုင် ထိုမိန်းကလေးသည် သူ့ကို စိုက်ကြည့် နေသည်ဟု လူငယ် တာအိုဆရာ သိရှိနေပါသည်။
“မင်း ဒီနေ့တော့ မလွတ်နိုင်တော့ဘူး ယန်ရွှီး”
မိန်းကလေးက ပြောလိုက်လေသည်။
ယန်ရွှီးက အစိမ်းရောင် မိန်းကလေးကို ပြန်စိုက်ကြည့် နေလိုက်သည်။ သူမမှာ သူ၏ ဆရာဒေါ်လေး ကျိလင် နတ်သမီးပင် ဖြစ်လေသည်။ လောကတွင် တန်ခိုးစွမ်းအား အမြင့်ဆုံး နတ်ဘုရားများ ထဲတွင် ပါဝင်သည့် ကျိလင် နတ်သမီးပင်။
ကျိလင်နတ်သမီး သူ့နောက်သို့ လိုက်နေသည်မှာ ငါးနှစ်ကြာခဲ့ပြီ ဖြစ်လေသည်။ ထို့ကြောင့် ယန်ရွှီးမှာ သက်သောင့်သက်သာ မနေနိုင်ဘဲ ပုန်းကွယ် နေခဲ့ရလေသည်။
ထိုငါးနှစ် အတွင်း နေ့ရက်များမှာ ယန်ရွှီးအတွက် လွန်စွာမှ ခက်ခဲ လွန်းလေသည်။ လွန်ခဲ့သည့် နှစ်ပေါင်း တစ်ရာခန့်က သူ့ဘ၀ ယခုကဲ့သို့ ခက်ခဲသည့် ဖြစ်ရပ်များ ရင်ဆိုင် ရလိမ့်မည်ဟု တွေးပင် မကြည့်ခဲ့ဖူးပေ။ သို့သော် အချိန်ကို နောက်ပြန်လှည့်ခွင့် ရမည် ဆိုလျှင်တောင်မှ ဖြစ်ပျက်ခဲ့သမျှ အရာ အားလုံးကို ပြောင်းလဲ ပစ်နိုင်မည် မဟုတ်ပေ။
ကျိလင်နတ်သမီးမှာ များသော အားဖြင့် ခရမ်းရောင် ဝတ်ဆင်လေ့ ရှိလေသည်။ သို့သော် ကျိလင်နတ်သမီး အစိမ်းရောင် ဝတ်ဆင်ပြီ ဆိုလျှင် သူမ၏ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲနေပြီ ဖြစ်သောကြောင့် ဖြစ်လေသည်။ ကျိလင် နတ်သမီးမှာ စိတ်နှစ်မျိုးနှင့် နတ်မိမယ် မဟုတ်ပါလား။
သူမက ဓားသမား တစ်ယောက် မဟုတ်ပါ။ သို့သော် စိတ်ထား ပြောင်းလဲ သွားသည်နှင့် သူမ၏ ဓားပညာမှာ မယုံကြည် နိုင်လောက်အောင် ထက်မြက် သွားပြီး ဓားသမားများစွာ ထက်ပင် သာလွန် လေသည်။ ခရမ်းရောင် မဝတ်တော့ဘဲ အစိမ်းရောင် ဝတ်ဆင်ထားပါက သူမ၏ နာမည်မှာ ခရမ်းရောင်ဝတ် နတ်မိမယ် ကျိလင် မဟုတ်တော့ဘဲ အစိမ်းရောင်ဝတ် နတ်မိမယ် “ချင်းရှောင်း” ဖြစ်သွား လေသည်။ ထိုအချက်ကို ပိယွင်က သူ့ကို ပြောပြထားခြင်း ဖြစ်လေသည်။
***