ဆန်းလျန်ဆီမှ ဗောဓိသကျ ဓာတ်တော်များကို ဝါးမျိုရန် ထွက်ခွာသွားသည့် ပစ္စည်းလေးမှာ ယွဲ့ထော်တိုင်းပြည်မှ ပစ္စည်းလေး တစ်ခု ဖြစ်လေသည်။ ဆန်းလျန် ထိုပစ္စည်းလေးကို “ကျီးရှင်ရှေးဟောင်းပစ္စည်းဆိုင်” မှ ရရှိလာခြင်း ဖြစ်လေည်။ ဆိုင်ပိုင်ရှင်မှာ သက်လတ်ပိုင်း အရွယ် စာပေသမား တစ်ယောက်ဖြစ်ပြီး ဆန်းလျန်က သူ့ကို တလေးတစားဖြင့် မှတ်မိနေသေးသည်။ သူက ထက်မြက်ပြီး အသိဉာဏ်မြင့်မားသူဖြစ်လေသည်။
သူက ဆန်းလျန်ကို စမ်းသပ် မေးမြန်းပြီးမှ ဆန်းလျန်၏ အဖြေမှန်သည့် အတွက် ထိုဝိညာဉ်စွမ်းအား ပစ္စည်းလေး ဖြစ်သည့် ဖန်ခွက်လေးကို ပေးခဲ့ခြင်း ဖြစ်လေသည်။
ဆန်းလျန် ထိုဖန်ခွက်လေးကို လက်ခံခဲ့သည်မှာလည်း ထိုဖန်ခွက်လေးမှာ
“တစ်ဝက် ပြည့်နေသည့် အချိန်တွင် တည့်မတ်နေပြီး၊ အပြည့် ဖြည့်လိုက်သည့် အချိန်တွင် မှောက်သွား လေသည်” ထိုသဘောတရားမှာ ဗလာနယ်ထဲမှ စွမ်းအားနှင့် ဆင်တူလေသည်။ ထို့ကြောင့် ထူးခြား ဆန်းကျယ်သည့် ပစ္စည်းလေး ဖြစ်သည့်အတွက် ဟိုင်သန်း အဆင့် တက်ရောက်သည့် အချိန်တွင် အထောက်အပံ့ ဖြစ်နိုင်မည်ဟု ဆန်းလျန် ယူဆခဲ့မိလေသည်။ သူက ဟိုင်သန်းအဆင့် တက်ရောက်ရန် အတွက် အဓိက သော့ချက်ကို နားမလည်နိုင် ဖြစ်နေရပြီး စိတ်ပျက် နေခဲ့လေသည်။ ကျောက်ရှောင်ယွီနှင့် တွေ့ဆုံကာ တိုက်ခိုက်ခဲ့ပြီးသည့် နောက်မှ ဟိုင်သန်းအဆင့်ကို တက်ရောက် နိုင်ခဲ့ခြင်း ဖြစ်လေသည်။
သို့သော် တစ်စုံတစ်ယောက်က ထိုပစ္စည်းလေး ပေါ်တွင် အစီအရင် အသုံး ပြုလုပ်ထားမည်ဟု ဆန်းလျန် မထင်မှတ်ခဲ့မိပေ။ သို့သော် သူ၏ မျက်စိရှေ့တွင်ပင် အရာအားလုံး ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်လေသည်။ ထိုပစ္စည်းကို အစီအရင် ပြုလုပ်ခဲ့သူမှ လွန်စွာမှ သတိ ရှိလေသည်။ ထို ပစ္စည်းလေးမှာ ကျင်းကွမ်းဝတ် ကျောင်းတော်တွင် ဗောဓိသကျ ဓာတ်တော်များ ပေါ်လာသည်နှင့် စွမ်းအားများ မြင့်တက် လာပြီး ချက်ချင်းပင် သူ့ဆီမှ ထွက်ခွာ သွားခဲ့လေသည်။
ဆန်းလျန်က ဟုန်ကျန်းကို ဂရုစိုက် ကြည့်နေခဲ့ခြင်း ဖြစ်လေသည်။ ဟုန်ကျန်းက တစ်စုံတစ်ခု ရွတ်လိုက်ချိန်တွင် ထူးခြားမှုတစ်ခု ဖြစ်ပေါ်လာပြီး ထိုပစ္စည်းလေး လှုပ်ရှားလာခြင်း ဖြစ်လေသည်။ ဟုန်ကျန်း ဆရာတော်နှင့် ထိုဖန်ခွက်လေးမှာ ဆက်သွယ်မှု တစ်ခု ရှိရမည် ဖြစ်လေသည်။
သူက ထိုပစ္စည်းလေးကို သူ၏စွမ်းအား အသုံးပြုပြီး တားဆီးမည် အပြုတွင် ဓားဝိညာဉ်တစ်ခု ထွက်ပေါ်လာပြီး “မလုပ်နဲ့” ဆိုသည့် ချန်ကျန့်မေ၏ အသံကို ကြားလိုက်ရခြင်း ဖြစ်လေသည်။ ထို့ကြောင့် သူက ထိုပစ္စည်းလေးကို တားဆီးခြင်း မပြုတော့ခြင်း ဖြစ်လေသည်။
ဤအချက်ကို ကြည်ခြင်းအားဖြင့် ချန်ကျန့်မေမှာ အသက် ရှင်နေသေးသည်မှာ သေချာ လေသည်။ သူက လူပြန်ဝင်စားခြင်း မဖြစ်နိုင်ပေ။ လျှို့ဝှက်ကျင့်စဉ် တစ်ခုကို အသုံးပြုကာ ဓားဝိညာဉ်မှ တစ်ဆင့် ဆန်းလျန်ဆီသို့ ဆက်သွယ် စကားပြောလိုက်ခြင်း ဖြစ်လေသည်။ ထိုအဖြစ်အပျက်ကို မည်သူမှ မသိလိုက်ကြပေ။
ချန်ကျန့်မေမှာ ဆရာ ဘိုးဘိုးယွမ်ချင်း၏ တရားစကား ဖြစ်သည့် “ယွမ်” ဆိုသည့်စာလုံးကို အချိန်ကြာမြင့်စွာ နားလည်ခဲ့သည့်သူ ဖြစ်သည့်အတွက် ဓားဝိညာဉ်မှ တစ်ဆင့် မည်သူမျှ မသိအောင် ဆက်သွယ် စကားပြောနိုင်ခြင်း ဖြစ်လေသည်။
တန်ခိုးစွမ်းအား ကြီးမားသည့် လူတစ်ယောက်သည် ဖုံးကွယ်ပြီး နေရန်မှာ မဖြစ်နိုင်ပါ။ အထူးသဖြင့် ဟိုင်သခင်ကြီးနှင့် ပေါင်ယွဲ့ ဆရာတော်ကြီးတို့ သတိပြုမိခြင်း မရှိအောင် ဖုံးကွယ်နေရန်မှာ ပိုပြီး မလွယ်ကူပေ။
သဲလွန်စများ အားလုံးကို ဆက်စပ် စဉ်းစားပြီးသည့်နောက် ကျီးရှင် ရှေးဟောင်းပစ္စည်း ဆိုင်ပိုင်ရှင် သက်လတ်ပိုင်း အရွယ် စာပေသမားကို ဆန်းလျန် နားမလည်နိုင် ဖြစ်သွားရသည်။ ထို့ပြင် သူ့ကို ကျင်းကွမ်းဝတ် ကျောင်းတော်တွင် စကားရည်လုပွဲ လာရောက် နားထောင်ရန် ဖိတ်ကြားသည့် အမှာစကားကို ယူဆောင်လာသူမှာ ဟုန်ကျန်း ဆရာတော် ဖြစ်လေသည်။ ဟုန်ကျန်း ဆရာတော်က ဟွေခဲ့ဆရာတော် ဖိတ်ကြားခိုင်းသည့် အတွက် ဖိတ်ကြားရသည် ဆိုလေသည်။ သို့သော် ယခု ဖြစ်ပျက်သွားသည့် အဖြစ်အပျက်များတွင် ဟုန်ကျန်းမှာလည်း အဓိက ပါဝင် ပတ်သက်သူ တစ်ယောက် ဖြစ်လေသည်။
ထို့ပြင် ဆန်းလျန်ဆီမှ ဝိညာဉ်စွမ်းအား ပစ္စည်းလေး ဖြစ်သည့် ဖန်ခွက်လေး ပျံဝဲ ထွက်ခွာသွားပြီး ဗောဓိသကျ ဓာတ်တော်များကို ဝါးမျိုကာ ယူဆောင်ရန် ကြိုးစားခဲ့သည့် အတွက် ဆန်းလျန်မှာ ပြဿနာကို ဖြေရှင်းရတော့မည် ဖြစ်လေသည်။ သို့သော် ဟုန်ကျန်းကတော့ ထိုပြဿနာနှင့် ဘာမှ မဆိုင်သလို လွတ်နေမည် ဖြစ်လေသည်။
ဆန်းလျန်ကို အသုံးချပြီး ဗောဓိသကျ ဓာတ်တော်များကို ခိုးယူရန် ကြိုးပမ်းခဲ့သည့် ပုဂ္ဂိုလ်မှာ မည်သူမှန်း ဆန်းလျန် မသိပါ။ သို့သော် ထိုသူမှာ ဟိုင်သခင်ကြီးလို လူမျိုးကိုပင် လှည့်စားကာ ဟုန်ကျန်းထံတွင် ဓာတ်တော်ကို တိတ်တဆိတ် ထားသိုခဲ့လေသည်။ သို့သော် ထိုသူ၏ လုပ်ရပ်များ အားလုံးကို ချန်ကျန့်မေကတော့ ခန့်မှန်း နိုင်ခဲ့လေသည်။ ထို့ကြောင့် ချန်ကျန့်မေက သွေးနီးရောင် အလင်းတန်းကို သူ၏ ဓားဝိညာဉ်ဖြင့် တားဆီး ထားခဲ့ခြင်း ဖြစ်လေသည်။
ပေါင်ယွဲ့ဆရာတော် မသိအောင် ဓားဝိညာဉ် ကိုယ်ယောင် ဖျောက်နေသည်မှာ မည်သို့မျှ မဖြစ်နိုင်သည့် ကိစ္စ ဖြစ်လေသည်။ သို့သော် ချန်ကျန့်မေက ထိုသို့ မဖြစ်နိုင်သည့် အရာကို ပြုလုပ်ခဲ့သည်။
ဤသည်ကို ကြည့်ခြင်းအားဖြင့် ချန်ကျန့်မေ၏ သဏ္ဌာန်မဲ့ ဓားသိုင်းမှာ ခန့်မှန်း၍ မရနိုင်လောက်အောင် အဆင့်အတန်း မြင့်မားနေပြီ ဖြစ်ကြောင်း သိရှိနိုင်လေသည်။
ဓားဝိညာဉ်မှာ ချန်ကျန့်မေဖြစ်ပြီး သွေးနီရောင် အလင်းတန်းမှာ ချန်ကျန့်မေ၏ ပြိုင်ဘက်ရန်သူ ဖြစ်လေသည်။ ထိုသွေးနီရောင် အလင်းတန်းမှာ ကျီးရှင် ရှေးဟောင်းပစ္စည်းဆိုင် ပိုင်ရှင် သက်လတ်ပိုင်း အရွယ် စာပေသမား ဖြစ်နိုင်လေသည်။
ဆန်းလျန်မှာ သေစေခြင်း ကျောင်းတော်တွင် သူ၏ ထိုက်ရွှီး တန်ခိုး စွမ်းအားများကို ခိုးယူ သွားခဲ့သည့် သွေးနီရောင် ဝတ်လူငယ်ကို သတိ ရသွားမိလေသည်။ ဆန်းလျန်က သူ၏ သံသယများ ရှင်းလင်း သွားစေရန်နှင့် ချန်ကျန့်မေကိုလည်း ကူညီရန် ထို သွေးနီရောင် အလင်းတန်း နောက်သို့ လိုက်ပါသွားခဲ့ခြင်း ဖြစ်လေသည်။
ဆန်းလျန်က ချန်ကျန့်မေ၏ ဓားဝိညာဉ်ကို ကူညီရန် ပြင်လိုက်သည့် အချိန်တွင် စကားသံတစ်ခု ထွက်ပေါ် လာလေသည်။
“ဆန်းလျန်၊ မလောနဲ့”
ထိုအသံမှာလည်း ချန်ကျန့်မေ၏ အသံပင် ဖြစ်လေသည်။ ထို့နောက် ဆန်းလျန်၏ ဘေးတွင် အဖြူရောင်ဝတ်စုံနှင့် လူငယ် တစ်ယောက် ပေါ်လာလေသည်။ သူ၏ အဖြူရောင် ဝတ်ရုံမှာ လေထဲတွင် လွင့်ပျံနေလေသည်။ သူ၏ မျက်ဝန်များက ဓားဝိညာဉ်ကြားမှ သွေးနီရောင် အလင်းတန်းကို အေးစက်စွာဖြင့် စိုက်ကြည့် နေလေသည်။
သူက လက်ဖျောက်တစ်ချက် တီးလိုက်သည်နှင့် သူ၏ လက်ဖျားတွင် အဖြူရောင် အလင်းတစ်ခု ထွက်ပေါ်လာလေသည်။ ထိုအဖြူရောင် အလင်းမှာ ထောင်နှင့်ချီသည့် ဓားဝိညာဉ်များ အဖြစ် ခွဲဖြာ သွားလေသည်။ ဓားဝိညာဉ်များမှာ သွေးနီရောင် အလင်းတန်းကို ပတ်ပတ်လည် လှည့်ပတ် ဝန်းရံထားကြပြီး ဓားဝိညာဉ်များ ကြားတွင် သွေးနီရောင် အလင်းတန်းမှာ ပိတ်မိ နေလေသည်။ လွတ်မြောက်ရန် လမ်းစ မမြင်တော့ပေ။
ထိုဓားသိုင်းပညာမှာ သဏ္ဌာန်မဲ့ ဓားသိုင်းပညာ၏ အခြေခံ ဓားသိုင်းဖြစ်သည့် “ရှန်ချင်းရွှမ်ချီ” ဓားသိုင်းပညာ ဖြစ်လေသည်။ ထောင်ပေါင်းများစွာသော ဓားဝိညာဉ်များ ခွဲဖြာထွက်လာပြီး လူတစ်ယောက်၏ ရုပ်ခန္ဓာကိုသာမက စိတ်ဝိညာဉ်ကိုပါ ဖျက်စီး ပစ်နိုင်လေသည်။
ထိုပညာသည် အလွန် အဆင့်မြင့်လွန်းပြီး နတ်ဘုရားတစ်ပါး မဟုတ်လျှင် ထိုသိုင်းကွက် ဖျက်နိုင်ရန်မှာ ခက်ခဲ လွန်းလေသည်။ ချင်းရွှမ်နတ်တံခါး၏ လွန်ခဲ့သည့် မျိုးဆက်မှ သဏ္ဌာန်မဲ့ ဓားသိုင်းကို ကျင့်ကြံခဲ့ကြသည့် နတ်ဘုရားများထက် ချန်ကျန့်မေက များစွာ သာလွန်လေသည်။ မိုးနှင့်မြေတွင် ချန်ကျန့်မေမှာ ပထမတန်း ဓားသမား တစ်ယောက် ဖြစ်နေပြီဟု ပြောနိုင်လေသည်။
“မင်းကြောင့်သာ မဟုတ်ရင် ငါတို့ ဘိုးဘေးရဲ့ မူလဝိညာဉ် အစိတ်အပိုင်းကို ဒီလို ပိတ်မိအောင် လုပ်နိုင်မှာ မဟုတ်ဘူး”
ချန်ကျန့်မေက ဆန်းလျန်ကို စိုက်ကြည့်ပြီး ပြောလိုက်သည်။ ဆန်းလျန်က ချန်ကျန့်မေအနားသို့ တိုးကပ်သွားလိုက်ပြီး လေထဲတွင် ရပ်တန့်နေလိုက်သည်။
ချန်ကျန့်မေမှာလည်း မြေဆွဲအားကိုဆန့်ကျင်ပြီး လေထဲတွင်ရပ်နေလေသည်။ သို့သော် သူက ထိုသို့ရပ်တည်နိုင်ရန်အတွက် ဝိညာဉ်စွမ်းအားကို အသုံးပြုထားခြင်းမရှိသလို မိုးမြေစွမ်းအားကိုလည်း အသုံးပြုထားခြင်း မရှိပေ။
“ဘာဖြစ်လို့လဲဟင်”
ဆန်းလျန်က နားမလည်နိုင်စွာဖြင့် မေးလိုက်လေသည်။
ချန်ကျန့်မေက သွေးနီရောင် အလင်းတန်းကို ညွှန်ပြလိုက်ရင်း အေးစက်စွာ ပြောလိုက်သည်။
“အဲဒီ မူလဝိညာဉ် အစိတ်အပိုင်းဟာ ဆရာသခင် ကျန်းရော့ရွှီးရဲ့ ဂိုဏ်းတူညီ ယန်ရွှီးရဲ့ ဝိညာဉ်ပဲ၊ တကယ်တော့ ငါတို့ သူ့ကို ဆရာဦးလေးလို့ ခေါ်သင့်တယ်”
ဓားဝိညာဉ်များကြားတွင် ပိတ်မိနေသည့် သွေးနီရောင်အလင်းတန်းဆီမှ တည်ငြိမ်သည့် အသံတစ်သံ ထွက်ပေါ် လာလေသည်။
“ရှောင်မေအော် … ကျုပ် ချင်းရွှမ်နတ်တံခါးက ထွက်လာတော့ မင်းတောင် မမွေးသေးဘူးကွဲ့၊ မင်းက ကျုပ်ကို မလေးမစား လုပ်နေရသလား”
“ခင်ဗျားက ချင်းရွှမ်နတ်တံခါးကို သစ္စာ ဖောက်ခဲ့တဲ့သူပဲ၊ ချင်းရွှမ် နတ်တံခါးမှာ ဘယ်သူမှ ခင်ဗျားကို မလေးစားကြဘူး”
ချန်ကျန့်မေက အေးစက်စွာ ရယ်မောရင်း ပြောလိုက်လေသည်။ အနီရောင် အလင်းတန်းဆီမှ သက်ပြင်းချသံ တစ်ချက် ထွက်ပေါ်လာသည်။
“အိုး … ဟုတ်လို့လားကွာ၊ ချိုင်ဝေ့နဲ့ စန်းဝမ့်ကတော့ ကျုပ်ကို လွမ်းနေကြမှာပဲ၊ ပြီးတော့
ကျုပ်သာ မြောက်ဖျားကို သွားပြီး နတ်ဘုရား အမြုတေ မရှာပေးခဲ့ရင် ဟုန်ချင်းယာလည်း ဟိုင်သန်းအဆင့် တက်ရောက် နိုင်ပါ့မလားတောင် မသေချာဘူး။ ပြီးတော့ ကျုပ်သာ မကူညီရင် ကယ်ယွမ်း တစ်ယောက်လဲ ခုဆို ဂူထဲ အရိုး ဆွေးနေလောက်ပြီ၊ ကျုပ်က ချင်းရွှမ် နတ်တံခါးက လူနည်းနည်းလောက် အပေါ် ကျူးလွန်မိတာ ရှိရင် ရှိခဲ့မှာပေါ့၊ ဒါပေမဲ့ ချင်းရွှမ်က လူပေါင်းများစွာ ကတော့ ကျုပ်အပေါ် အမှား ကျူးလွန်ခဲ့ကြတယ်လေ”
“ကောင်းပြီလေ၊ ဒါဆိုလည်း သူတို့ကို ခင်ဗျား ကိုယ်တိုင် သွားပြောပေါ့၊ ဒါပေမဲ့ ဂိုဏ်းတူအစ်ကို စန်းဝမ့်ကတော့ ဆုံးသွားရှာပြီ ဆိုတော့ သူနဲ့ တွေ့ချင်ရင်တော့ ငရဲကိုးထပ်ကိုသာ လိုက်သွားပေတော့”
“စန်းဝမ့်တောင် ဆုံးသွားပြီကိုး၊ ဒီကလေးက သိပ်ပြီး ခေါင်းမာ လွန်းတယ်၊ ခေါင်းမာတယ် ဆိုတာ ကျင့်စဉ်လမ်း အတွက် မကောင်းဘူး၊ သူသွားချိန် တန်လို့ပေါ့လေ”
သွေးနီရောင် အလင်းတန်းက ပြောလိုက်လေသည်။
“သိပ်လည်း စိတ်ပူမနေပါနဲ့၊ မင်းရဲ့ဒီ မူလဝိညာဉ် အစိတ်အပိုင်းကို ကျုပ်က မဖျက်စီးနိုင်ဘူး ဆိုရင်တောင်မှ ခင်ဗျား ကျိလင်နတ်သမီးရဲ့ လက်က လွတ်မှာ မဟုတ်ပါဘူး၊ မကြာခင် ငရဲပြည် ရောက်မှာပဲ”
သွေးနီရောင် အလင်းတန်းသည် ပုံသဏ္ဌာန် တဖြည်းဖြည်း ပြောင်းလဲသွားပြီး လူသားတစ်ယောက် အသွင် ပေါ်လာလေသည်။ သူ၏ ပုံသဏ္ဌာန်မှာ ကျီးရှင် ရှေးဟောင်း ပစ္စည်းဆိုင်မှ သက်လတ်ပိုင်း အရွယ် စာပေသမား၏ ပုံစံဖြစ်သော်လည်း သွေးနီရောင် ဝတ်စုံကို ဝတ်ဆင် ထားလေသည်။
သူ၏ ခန္ဓာကိုယ်ကို သွေးနီရောင် အလင်း အလွှာပါးလေးဖြင့် ကာရံထားသည်။ ထိုအလင်းတန်း အလွှာပါးလေးက ဓားဝိညာဉ်များကို တားဆီး ထားလေသည်။ ထိုသူက ဓားဝိညာဉ်များ ကြားမှပင် တည်ငြိမ်စွာဖြင့် ညီအစ်ကို နှစ်ယောက်ကို ကြည့်လိုက်သည်။
“ပိယွင်ပြီးကတည်းက ထိုက်ရွှီးနည်းဗျူဟာနဲ့ ဟိုင်သန်းအဆင့် တက်ရောက်သူ မရှိခဲ့တာ၊ ခုတော့ တစ်ယောက် ရှိလာပြီပေါ့၊ ပြီးတော့ သဏ္ဌာန်မဲ့ ဓားသိုင်းကတော့ မင်းလောက် အဆင့်ရောက်ခဲ့တဲ့ သူတွေ ရှိခဲ့ပါတယ်၊ ဒါပေမဲ့ မင်းလိုလူမျိုးက နောက်ထပ် မရှိနိုင်ဘူး၊ မင်းသာ ဖော့ဝမ့်အဆင့် ရောက်ရင် ပြိုင်ဘက်မရှိတဲ့ လူတစ်ယောက် ဖြစ်လာမှာပဲ”
သူတို့ နှစ်ယောက်လုံး၏ ဆရာ ဦးလေးဖြစ်သူ ယန်ရွှီးက ဓားဝိညာဉ်ထဲတွင် ပိတ်မိနေသည်မှာ သူမဟုတ်သည့် အလား အေးအေးဆေးဆေးပင် ပြောနေလေသည်။
ဆန်းလျန်မှာ ထိုသူက မူလဝိညာဉ် အစိတ်အပိုင်းဖြင့် စကား ပြောနေသည်ဟု ချန်ကျန့်မေက ပြောထားသည့် အတွက် အံ့သြ နေရလေသည်။ မူလဝိညာဉ် ဆိုသည်မှာ နတ်ဘုရား တစ်ပါးဖြစ်မှပင် ရရှိနိုင်မည့် တန်ခိုးစွမ်းအား ဖြစ်လေသည်။
ဆန်းလျန်စိတ်ထဲတွင် ချန်ကျန့်မေမှာ ထိုသူကို အနိုင်ယူနိုင်ရန် ခဲယဉ်းမည်ဟု ထင်နေ မိလေသည်။ ဆန်းလျန်နှင့် ယန်ရွှီးမှာ ကျီးရှင် ရှေးဟောင်း ပစ္စည်းဆိုင်တွင် တွေ့ခဲ့ရသည့်တိုင် သူက ဆန်းလျန် မသိအောင် တန်ခိုး စွမ်းအားများကို ဖုံးကွယ်ထားခဲ့သူ ဖြစ်လေသည်။
ချန်ကျန့်မေက ယန်ရွှီးကို စိုက်ကြည့် နေလိုက်သည်။
“ခင်ဗျားဘာလို့ ဒါတွေကို ပြောနေရတာလဲ၊ ခင်ဗျားက ပကတိ ဖန်ဆင်းခြင်း ပညာကို လေ့ကျင့် အောင်မြင်သွားပြီ ဆိုရင်တောင်မှ ကျိလင်နတ်သမီးကို အနိုင်ယူနိုင်မယ် မထင်နဲ့၊ ခင်ဗျားက မူလဝိညာဉ်ရအောင် ဖြတ်လမ်းနည်းနဲ့ လေ့ကျင့် ထားပြီးတော့ မူလဝိညာဉ် အစိတ်အပိုင်းတွေကိုလည်း ထောင်နဲ့ချီပြီး ခွဲဖြာနိုင်ပေမဲ့ နတ်ဘုရား တစ်ပါးနဲ့တော့ ယှဉ်လို့ မရနိုင်ဘူး၊ ကျိလင် နတ်သမီးဟာ စိတ်တစ်ချက် အာရုံပြုလိုက်တာနဲ့ မိုင်ထောင်ပေါင်းများစွာ အဝေးကို ရောက်နိုင်သလို တောင်တွေကိုလည်း လောင်ကျွမ်း အောင်လည်း လုပ်နိုင်တယ်၊ သမုဒ္ဒရာတွေ ကိုလည်း ဆူပွက် အောင်လည်း လုပ်နိုင်တယ်၊ ဒီနေ့ ကျုပ်က မင်းရဲ့မူလဝိညာဉ် အစိတ်အပိုင်းကို သုတ်သင်နိုင်မယ် ဆိုရင် အဲဒါဟာ ဆရာသခင် ကျန်းရော့ရွှီးကို ကျုပ်ရဲ့ ပူဇော်မှုပါပဲ”
ချန်ကျန့်မေက အေးစက်စွာဖြင့် ပြောလိုက်လေသည်။ ယန်ရွှီးက ရယ်မောလိုက်ရင်း ဆန်းလျန်ကို ကြည့်လိုက်သည်။
“မင်းရဲ့စိတ်ထဲမှာ မလုံခြုံမှုတွေ ခံစားနေရတာပဲ၊ မင်းသာ ဒီနေ့ ကျုပ်ကို ကူညီမယ် ဆိုရင် ပကတိဖန်ဆင်းခြင်း ပညာကို မင်းကို သင်ပေးမယ်၊ ဒါဆိုရင် မင်းဒီလောကမှာ ဘာကိုမှ စိတ်ပူစရာ မရှိတော့ဘူး၊ ဘယ်သူမှလည်း မင်းကို မသတ်နိုင်တော့ဘူး”
ယန်ရွှီးမှာ တည်ငြိမ် နေလေသည်။ သူ့စကားများမှာလည်း ထူးဆန်းသည်ဟု ထင်မှတ်ဖွယ်ရာ ရှိသည်။ သို့သော် သူ၏စကားများကြောင့် ဆန်းလျန်မှာ တစ်ချက် တုန်လှုပ် သွားရလေသည်။ အမှန်တော့ ဆန်းလျန်မှာ မလုံခြုံမှုများကို အမှန်တကယ် ခံစားနေရခြင်း ဖြစ်လေသည်။ အဘယ်ကြောင့် ဆိုသော် သူက အခြားကမ္ဘာ တစ်ခုမှ ရောက်လာသူ တစ်ယောက် ဖြစ်သည်။ ထို့ပြင် “စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း” စာအုပ်၏ ဇစ်မြစ်ကိုလည်း သိရှိခြင်း မရှိပေ။ သူ၏ ဖခင်မှာလည်း မည်သူမှန်း မသိပေ။ ထို့ပြင် ဆရာစူး၏ ရှိခြင်းမရှိခြင်း ဓားသိုင်းကလည်း သူ့စိတ်ကို ရှုပ်ထွေး စေလေသည်။ သူ့ကံကြမ္မာကို သူနားမလည်သကဲ့သို့ ခံစား နေရလေသည်။
ထို့ကြောင့် သူက ဆုံးဖြတ်ချက် ခိုင်မာစွာဖြင့် ကျင့်စဉ်လမ်း အဆင့်မြင့်အောင် လျှောက်လှမ်း နိုင်ခဲ့သည့်တိုင် သူ၏ ရင်ထဲ နက်နက်ရှိုင်းရှိုင်း တွင်တော့ မလုံခြုံမှုကို ခံစားနေရဆဲ ဖြစ်လေသည်။
သို့သော် သူက ထိုခံစားချက်များကို ဘယ်တော့မှ ထုတ်ဖော် ပြလေ့မရှိပေ။ ထိုအတွေးများ ဝင်လာသည်ကိုပင် လက်မခံဘဲ မျိုသိပ်ထားခဲ့သူ ဖြစ်လေသည်။ သို့သော် ယန်ရွှီးကတော့ သူ၏ အနက်ရှိုင်းဆုံး ခံစားချက်များကို စကားတစ်ခွန်းနှင့်ပင် ဖော်ထုတ်လိုက်ပြီ ဖြစ်လေသည်။
ပကတိ ဖန်ဆင်းခြင်း ပညာမှာ မည်မျှ စွမ်းအားကြီးကြောင်း ပြသနေခြင်း ဖြစ်လေသည်။ ထိုပညာ၏ အခြေခံပုံစံမှာပင် သုံးဖက်မြင် သုံးနေရာကို သွားလာနိုင်လေသည်။ ထိုသူကို မည်သူမျှ မဖျက်စီး နိုင်ပေ။ ဗောဓိသကျပင်လျှင် ဖျက်စီးနိုင်မည် မဟုတ်ပေ။ အခြားသူများ၏ စိတ်များထဲသို့ ဝင်ရောက် ဆက်သွယ်ပြီး ထိုသူများကိုလည်း အသုံး ချနိုင်လေသည်။ အတွေး တစ်ချက်နှင့်ပင် ပိတ်မိနေပြီး ဘယ်တော့မှ လွတ်မြောက်နိုင်ခြင်း ရှိတော့မည် မဟုတ်ပေ။
ချန်ကျန့်မေက မည်သည့်စကားမှ ဝင်ပြောခြင်း မရှိပေ။ သူက စိတ်ထား သန့်စင်သူ တစ်ယောက်ဖြစ်ပြီး လောကတွင် ရှိသမျှ ရှိရှိသမျှ အရာအားလုံး ပျက်စီးသွားပါစေ ရည်မှန်းချက် အောင်မြင်အောင် ကြိုးစားမည့်သူ ဖြစ်လေသည်။ ထို့ကြောင့် သူ့ခေါင်းထဲတွင် မလိုအပ်သည့် အတွေးများကို ထည့်မထားတတ်ပေ။ ထို့ကြောင့်ပင် ပထမတန်း ဓားသမား တစ်ယောက် ဖြစ်လာခြင်း ဖြစ်လေသည်။
ထိုအချက်မှာ ဆန်းလျန်နှင့် ချန်ကျန့်မေ မတူသည့် အချက်ပင် ဖြစ်လေသည်။ ဆန်းလျန်မှာလည်း အရည်အချင်း ရှိပြီး ဆုံးဖြတ်ချက် ပြတ်သားသူ တစ်ယောက် ဖြစ်သည့်တိုင် သူ၏ စိတ်များက ရှုပ်ထွေး နေလေသည်။
ထိုသို့ စိတ်ထဲတွင် မရှင်းမလင်း ဖြစ်နေသည့် အတွက် အဆင့်မြင့်မြင့် တက်လှမ်းနိုင်မည် ဆိုလျှင်တောင်မှ ထိပ်ဆုံးသို့ ရောက်နိုင်မည် မဟုတ်ပေ။
ဆန်းလျန်မှာ ဟိုင်သန်းအဆင့် တက်ရောက် အောင်မြင်ခဲ့ပြီ ဖြစ်သော်လည်း နောက်ထပ် အဆင့်များ တက်ရောက်ရန် အတွက် အတားအဆီးများကို ကျော်လွှားနိုင်မည်မှာ မသေချာလှပေ။
ချန်ကျန့်မေကလည်း အလျင်မလိုပါ။ ယန်ရွှီးမှာ အခြားသူများ၏ အားနည်းချက်ကို ထောက်ပြသည့် နေရာတွင် အလွန်တော်သူ တစ်ယောက် ဖြစ်လေသည်။ ထို့ကြောင့် ဆန်းလျန်မှာ သူ၏ အားနည်းချက်ကို ထောက်ပြ ခံလိုက်ရသည့် အချိန်တွင် တစ်ယောက်တည်း ဖြစ်နေခြင်းထက် သူရှိနေသည့် အတွက် တော်သေးသည်ဟု ချန်ကျန့်မေက တွေးနေ မိလေသည်။
***