အခန်း (၁၇၆)

ပြောင်းလဲနေသည့်သဘာဝတရား

ခေါင်းကိုးလုံးမင်းကြီး၏ ခန္ဓာကိုယ်မှာ ထွားကျိုင်း သန်မာလှလေသည်။ သူက ဓားဝိညာဉ်ကို ရင်ဆိုင် တိုက်ခိုက် လိုက်လေသည်။ ရွှေရောင် နာနတ်ပွင့်များမှာ မိစ္ဆာတိမ်တိုက်ကို ဖြိုခွင်းလိုက်ပြီး တစ်စုတစ်စည်းတည်း စုစည်း နေကြလေသည်။ ခေါင်းကိုးလုံး မင်းကြီးထံမှ ထူးဆန်းသည့် မိုးခြိမ်းသံကြီး ထွက်ပေါ်လာသည့် အခါတွင်တော့ နာနတ်ပွင့်လေးများမှာ ပြန်လည် ခွဲဖြာ ထွက်သွားကြလေသည်။

ခေါင်းကိုးလုံး မင်းကြီးထံမှ ဝိညာဉ်စွမ်းအားနှင့် တန်ခိုးစွမ်းအားများ နှစ်ခုရောယှက်ပြီး ပြင်းထန်စွာ ထွက်ပေါ် လာလေသည်။ စွမ်းအားများမှာ ပြင်းထန် လွန်းသောကြောင့် ကောင်းကင်ထက်မှ လမင်းကိုပင် ဖြုတ်ချတော့မည့် အလားပင်။

ဟွေခဲ့ဆရာတော်က ဓားကို ဆွဲထုတ်လိုက်သည်။ ဆရာတော်၏ တန်ခိုးစွမ်းအားမှာ အလွန် တိုးတက် လာလေသည်။ ဆရာတော်တွင် လက်တစ်ဖက်သာ ရှိတော့သော်လည်း ဓားသွားကတော့ လွန်စွာမှ ထက်ရှနေလေသည်။ ဓားသွားမှာ လောကရှိ အရာအားလုံးကို အပိုင်းပိုင်း ဖြတ်တော့မည့် အလားပင် လင်းလက်နေသည်။ မင်ဝမ်ဝတ် ကျောင်းတော်တွင် သူကျင့်ကြံထားခဲ့သမျှ ဝိညာဉ်စွမ်းအားများ အားလုံးကို ဖော်ထုတ်ထားခြင်း ဖြစ်လေသည်။

သူ့ပုံစံက ကြောက်လန့်ခြင်းလည်း မရှိ …

စိုးရိမ်ခြင်းလည်း မရှိ …

ဟွေခဲ့ဆရာတော် ကိုင်ဆောင်ထားသည့် ဓားဆီမှ တရားအလင်း တန်ခိုးစွမ်းအားက ထွက်ပေါ် လာလေသည်။ ဆရာတော်၏ ဝိညာဉ် စွမ်းအားများကြောင့် ကောင်းကင် တစ်ခွင်မှာ ထိန်းချုပ်၍ မရအောင် တုန်လှုပ် နေလေသည်။

ဟွေခဲ့ဆရာတော်၏ လျင်မြန်မှုမှာလည်း မှန်းဆ၍ မရနိုင်ပေ။ ဆရာတော်က ဓားသွားကို တစ်ချက် ဝှေ့ယမ်း လိုက်သည်နှင့် ဓားရောင်များက မယုံကြည်နိုင်စရာ စီးဆင်း ဖြာထွက်လာလေသည်။ ဓားသွားမှာ လရောင်ခြည်ကဲ့သို့ လင်းလက်နေပြီး မြွေတစ်ကောင် အလား လှုပ်ရှားနေလေသည်။ ထိုဓားသွားသည် ခေါင်းကိုးလုံး မင်းကြီး၏ လက်ကို ရစ်ပတ်သွားပြီး ဖိနှိပ် ထားလိုက်လေသည်။ ဓားသွား၏ အလင်းရောင်ကြောင့် ခေါင်းကိုးလုံး မင်းကြီး၏ ပုံရိပ်ကိုတောင် ကောင်းစွာ မမြင်ရတော့ပေ။

ဓားရိပ်မှာ နဂါး တစ်ကောင်အလား သဏ္ဌာန် ပြောင်းသွားကာ ကောင်းကင်တစ်ခွင်လုံး ဖုံးလွှမ်း သွားလေသည်။ ခေါင်းကိုးလုံး မင်းကြီး၏ ခန္ဓာကိုယ်မှ တဖြည်းဖြည်း ကြီးထွားလာပြီး မိုးကြိုးနတ်ဘုရား အလား ဖြစ်ပေါ် လာလေသည်။ မိုးခြမ်းသံများလည်း အဆက်မပြတ် ကြားနေရလေသည်။ ခေါင်းကိုးလုံး မင်းကြီး၏ တန်ခိုးစွမ်းအားမှာလည်း ခန့်မှန်းရ ခက်လေသည်။

ဟွေခဲ့ဆရာတော်၏ မိစ္ဆာနှိမ်နင်းခြင်း ပညာနှင့် ခေါင်းကိုးလုံး မင်းကြီး၏ တန်ခိုးစွမ်းအား ထိပ်တိုက် တွေ့ပြီး တိုက်ပွဲက ပိုပြီး ပြင်းထန် လာလေသည်။

ဗောဓိသကျ အရိုးဓာတ်တော်ကို ဆန်းလျန်ဆီမှ ဝိညာဉ်စွမ်းအား ပစ္စည်းလေးက ဝါးမျို ထားလေသည်။ ထိုအချိန်မှာပင် ကောင်းကင်ထက်တွင် သွေးနီရောင် အလင်းတန်း တစ်ခု ထွက်ပေါ် လာလေသည်။ ထိုသွေးနီရောင် အလင်းတန်းဆီမှ သွေးနီရောင် အလင်းတန်း ငယ်လေးများ ခွဲဖြာ ထွက်သွားလေသည်။ ထိုအလင်းတန်း ငယ်လေးများသည် မြေပြင်ထက်မှ ကျင့်ကြံသူများနှင့် သာမန်လူများ ဆီသို့ ယမ်းမှုန့်များ ကဲ့သို့ ကျရောက် သွားလေသည်။ ထို သွေးနီရောင် အလင်းတန်းငယ်များဖြင့် ထိမိသူ အားလုံးမှာ ပေါက်ကွဲသွားပြီး သွေးစီးကြောင်းများ အဖြစ် ပြောင်းလဲ သွားကြကာ ပေါင်ယွဲ့ ဆရာတော်ကြီးကို တိုက်ခိုက် လိုက်ကြလေသည်။

ထိုဖြစ်ရပ်ကြောင့် ဟိုင်သခင်ကြီးထံမှ ဒေါသတကြီး ကြုံးဝါးသံ တစ်ချက် ထွက်ပေါ်လာသည်။ ယိယွမ်ပညာဖြင့် ဖန်ဆင်းထားသည့် လှိုင်းလုံးကြီးများမှာ ပျောက်ကွယ် သွားပြီး ကြီးမားသည့် လက်ကြီးတစ်ဖက် ထွက်ပေါ်လာကာ ဗောဓိသကျ ဓာတ်တော်ကို ဝါးမျိုထားသည့် ဝိညာဉ်စွမ်းအား ပစ္စည်းလေးကို ဆွဲယူ လိုက်လေတော့သည်။

ဝိညာဉ်စွမ်းအား ပစ္စည်းလေးသည် ရုတ်တရက် ပေါက်ကွဲသွားပြီး အတွင်းမှ ဗောဓိသကျ ဓာတ်တော် ထွက်ပေါ် လာလေသည်။ ဗောဓိဿကျ၏ ဓာတ်တော်သည် သွေးစီးကြောင်း တစ်ခုဆီသို့ ကျရောက်လုနီးပါး ဖြစ်သွားလေသည်။ သို့သော် ဟိုင်သခင်ကြီးက ထိုဓာတ်တော်ကို ဖမ်းစုပ်လိုက်ကာ သိမ်းဆည်း လိုက်လေသည်။

ဟိုင်သခင်ကြီးသည် ခေါင်းကိုးလုံး မင်းကြီး မည်သို့ ဖြစ်နေသည်ကို လှည့်ပင် မကြည့်တော့ပါ။ သူက ပင်လယ်လှိုင်းလုံးများ ဖန်ဆင်းကာ ချက်ချင်းပင် ထွက်ခွာ သွားလေတော့သည်။

ပေါင်ယွဲ့ဆရာတော်ကြီးက မဲ့ပြုံးတစ်ချက် ပြုံးလိုက်လေသည်။ ဆရာတော်က သူ၏ ဝိညာဉ်စွမ်းအားကို အသုံးပြုကာ ဟိုင်သခင်ကြီးကို အဆုံးအစမရှိသည့် စကြ၀ဋ္ဌာတစ်ခု ဖန်ဆင်းပြီး ထင်ယောင်ထင်မှား ဖြစ်စေရန် ချုပ်ထား လိုက်လေသည်။ တစ်ချိန်တည်းမှာပင် ဆရာတော်ကြီး၏ ဦးခေါင်းနောက်တွင် အဖြူရောင် ရောင်ခြည်စက်ဝန်း တစ်ခု ပေါ်လာလေသည်။ ထိုရောင်ခြည် စက်ဝန်းဆီမှ ခရမ်းရောင် ရောင်စဉ်တန်းတစ်ခု ထွက်ပေါ်လာပြီး သွေးနီရောင် စီးကြောင်းများကို တားဆီး ထားလိုက်လေသည်။

သွေးနီရောင် စီးကြောင်းများမှာ ခရမ်းရောင် အလင်းတန်းနှင့် ထိတွေ့မိသည်နှင့် သွေးစလေးများ အဖြစ် အစိတ်စိတ် အမြွှာမြွှာကွဲသွားပြီး ကျင့်ကြံသူများနှင့် သာမန်လူများဆီသို့ ပျံ့လွင့်သွားလေသည်။ ထိတ်လန့်တခြား အော်ဟစ်သံများ ထွက်ပေါ် လာကြလေသည်။

ထိုအချိန်မှာပင် …

ဟွမ်ကျန်းနှင့် တာအိုဆရာ ပိုင်ရှီတို့ တစ်ပြိုင်တည်း လှုပ်ရှား လိုက်ကြသည်။

ဟွမ်ကျန်းက သူ၏ ရွှမ်ချင်း တန်ခိုးစွမ်းအားကို မြားငယ်လေးများ ဖန်ဆင်းလိုက်ကာ ထိုသွေးစလေးများကို ပစ်ခတ် လိုက်လေသည်။

တစ်ချိန်တည်းမှာပင် တာအိုဆရာ ပိုင်ရှီက ပန်းချီကားလိပ် တစ်ခုကို ထုတ်ယူလိုက်ပြီး ထိုပန်းချီကားမှာ လူအများဆီသို့ ပျံသန်းသွားပြီး သွေးစလေးများ အားလုံးကို စုပ်ယူသွားလေသည်။ သို့တိုင်အောင် သွေးစလေးများ အားလုံးကို မကာကွယ်နိုင်ဘဲ ကျန်ရှိနေသော သွေးစများမှာ အချို့သော ကျင့်ကြံသူများနှင့် သာမန်လူများကို သွားရောက် ထိခိုက်လေသည်။

ပေါင်ယွဲ့ ဆရာတော်ကြီးက ထိုသွေးစများကို သိပ်ပြီး အာရုံမထားပါ။ ဆရာတော်က ခရမ်းရောင် အလင်းတန်းနှစ်ခုကို ဟိုင်သခင်ကြီး၏ ခြေထောက်ဆီသို့ ပစ်လွှတ် လိုက်လေသည်။

ဆန်းလျန်ကတော့ ဟုန်ကျန်း ဆရာတော်ကို အာရုံစိုက်နေလေသည်။ သွေးစလေးများက ဟုန်ကျန်း ဆရာတော်ကို တိုက်ခိုက်နေပြီး ဟုန်ကျန်းဆရာတော်ကို ဆရာတော်က သူ၏ ရွှေခန္ဓာကျင့်စဉ် စွမ်းအားဖြင့် ကာကွယ် နေလေသည်။ တိုက်ခိုက်ရင်း ကျင်းကွမ်းဝတ် ကျောင်းတော် ပရဝုဏ်ထဲမှ တဖြည်းဖြည်း ထွက်ခွာ သွားလေသည်။

ရုတ်တရက်ပင် ဓားဝိညာဉ် တစ်ခု ပေါ်ထွက်လာပြီး ဟုန်ကျန်း ဆရာတော်ကို ချိန်ရွယ် ထားလိုက်သည်။ ဟုန်ကျန်း ဆရာတော်မှာမျက်နှာ တစ်ချက် ပျက်သွားလေသည်။ ဓားဝိညာဉ်မှာ လျင်မြန် လွန်းလေသည်။ သို့သော် ဟုန်ကျန်း ဆရာတော်ကို ထိုးစိုက်လိုက်ခြင်း မရှိပါ။ ဓားဝိညာဉ်က ဟုန်ကျန်း ဆရာတော်ကို လှည့်ပတ်နေပြီး ဓားဝိညာဉ်၏ အရှိန်ကြောင့် ဆရာတော်၏ ကိုယ်တွင် ကပ်နေသည့် သွေးစလေး တစ်စမှာ လွင့်စင် ထွက်သွားရလေသည်။

ထိုသွေးစလေးမှာ ဓားဝိညာဉ်ကို ထိတ်လန့်ပုံ မပေါ်ပါ။ အနည်းငယ် တုန်ခါသွားပြီး သွေးနီရောင် အလင်းတန်းအဖြစ် ပြောင်းလဲ သွားလေသည်။

ပေါင်ယွဲ့ ဆရာတော်ကြီးက တရားကျမ်းစာ တစ်ပုဒ် ရွတ်ဖတ်လိုက်ပြီး သူ၏ လက်ဖဝါးထက်တွင် တန်ခိုးစွမ်းအား တစ်ခုကို ဖန်ဆင်းလိုက်သည်။

ထိုအခါ သွေးနီရောင် အလင်းတန်းလေးထဲမှ ရွှေရောင် အလင်းတန်းလေး တစ်ခု ပေါ်ထွက်လာပြီး ဗောဓိဿကျ ဓာတ်တော် ပေါ်ထွက်လာလေသည်။ ထိုဗောဓိဿကျ ဓာတ်တော်သည် ပေါင်ယွဲ့ ဆရာတော်ကြီး၏ ရောင်ခြည်စက်ဝန်း ဆီသို့ ပျံသန်း သွားလေတော့သည်။

ချက်ချင်းပင် ပေါင်ယွဲ့ ဆရာတော်ကြီးကို ဗောဓိဿကျ၏ ဓာတ်တော်မှ အလင်းတန်းများက ကာကွယ် ပေးလိုက်လေသည်။

ဟိုင်သခင်ကြီးမှာ ဗောဓိဿကျ၏ ဓာတ်တော် အစွမ်းကို သဘော ပေါက်သွားပြီး သူ့ရရှိထားသည့် ဓာတ်တော်ကို သူ၏ ဝိညာဉ်စွမ်းအားဖြင့် ဆက်သွယ်ရန် ကြိုးစားလိုက်သည်။ ဟိုင်သခင်ကြီး၏ ဝိညာဉ်စွမ်းအားမှာ ဓာတ်တော်နှင့် ထိတွေ့လိုက်သည်နှင့် သူရရှိထားသည့် ဓာတ်တော်မှာ လှည့်စားမှု သက်သက်သာ ဖြစ်ကြောင်း သိရှိ လိုက်လေသည်။

“ကောင်းလိုက်တဲ့ လီတိုင်ထောင်ကျန်း ပညာ၊ ကျုပ်ကိုတောင်မှ လှည့်စား နိုင်တယ်”

ဟိုင်သခင်ကြီးက အေးစက်စွာဖြင့် ပြောလိုက်လေသည်။

လီတိုင်ထောင်ကျန်း ပညာမှာ ထင်ယောင်ထင်မှား ဖြစ်အောင် လှည့်စားသည့် ပညာရပ် ဖြစ်လေသည်။ အရာအားလုံးကို ထင်ယောင်ထင်မှား ဖြစ်အောင် ဖန်ဆင်းနိုင်လေသည်။

“ကျုပ်က နတ်ဘုရား ပညာတွေ မတတ်ပါဘူး၊ မင်းကို လှည့်စားတဲ့ သူကလည်း ကျုပ်မဟုတ်ဘူး”

ပေါင်ယွဲ့ ဆရာတော်ကြီးက ပြန်ပြော လိုက်လေသည်။

ဆရာတော်ကြီးက သွေးနီရောင် အလင်းတန်းများမှာ မည်သူဆိုသည်ကို အနည်းငယ် ခန့်မှန်း မိလေသည်။ ထို သွေးနီရောင် အလင်းတန်းဖြင့် ထိတွေ့မိသူများ အားလုံးမှာ ရန်သူ အသွင် ပြောင်းသွားပြီး ကျင့်ကြံသူများကို တိုက်ခိုက် ကြလေသည်။ ပေါင်ယွဲ့ ဆရာတော်ကြီးမှာ ဟိုင်သခင်ကြီးကိုသာ ဂရုစိုက် ထိန်းချုပ်နေလေသည်။ ဟိုင်သခင်ကြီးကို ထိန်းထားနိုင်သရွေ့ အကျိုး မယုတ်နိုင်ပေ။

ဟိုင်သခင်ကြီးက ဟွန့်ခနဲ တစ်ချက် လုပ်လိုက်ပြီး စကားပြောဆိုခြင်း မရှိပေ။ ကံမကောင်းစွာဖြင့်ပင် ဟိုင်သခင်ကြီးမှာ အရှုပ်ထုတ်ထဲသို့ ဝင်ခဲ့မိပြီ ဖြစ်လေသည်။

ပေါင်ယွဲ့ ဆရာတော်ကြီးမှာလည်း သူ့ကို အလွတ်ပေးမည့်ပုံ မပေါ်ပေ။ ယခုအချိန်မှ ထွက်ခွာသွားမည် ဆိုလျှင်လည်း ကိစ္စက ပြီးပြတ်မည် မဟုတ်ပေ။ ဟိုင်သခင်ကြီးက သူ့နောက်တွင် ပင်လယ်ကြီး တစ်ခု ဖန်ဆင်းလိုက်ပြီး ပင်လယ်ဆီမှ နတ်မိစ္ဆာစစ်သည်များ ထွက်ပေါ်လာကာ ကျင်းကွမ်းဝတ် ကျောင်းတော်ကို ဝိုင်းထား လိုက်ကြလေတော့သည်။

ပင်လယ်ဆီမှ လှိုင်းသံများက တဝုန်းဝုန်း ထွက်ပေါ် နေလေသည်။ ပေါင်ယွဲ့ ဆရာတော်ကြီး၏ ခရမ်းရောင် အလင်းတန်းမှာ ထိုလှိုင်းလုံးများကို တားဆီးနိုင်ခြင်း မရှိပေ။ ဟိုင်သခင်ကြီး၏ ယိယွမ်ပညာ တန်ခိုးအစွမ်းမှာ အံ့သြဖွယ်ရာပင် ဖြစ်လေသည်။ ဟိုင်သခင်ကြီးသာ အဆုံးမဲ့ စကြ၀ဋ္ဌာထဲတွင် ပိတ်မိနေခြင်း မရှိပါက ထို့ထက်ပိုပြီး အစွမ်းထက်မည် ဖြစ်လေသည်။

ရေတစ်စက်ကိုလည်း ပင်လယ်ကြီး အဖြစ် ဖန်ဆင်းနိုင်မည် ဖြစ်သလို ပင်လယ်ကြီး တစ်ခုလုံးကိုလည်း ရေတစ်စက် အဖြစ် အသွင်ပြောင်းနိုင်မည် ဖြစ်လေသည်။ လောကရှိ မည်သည့် အရာကမှ သူ့ကို တားဆီးနိုင်မည် မဟုတ်ပေ။

ပေါင်ယွဲ့ ဆရာတော်နှင့် ဟိုင်သခင်ကြီးတို့၏ ဝိညာဉ်စွမ်းအား နှစ်ခု ရိုက်ခတ် သွားလေသည်။ ဟိုင်သခင်ကြီး၏ အကြည့်များက အေးစက်နေလေသည်။ မြောက်မြားစွာသော နတ်မိစ္ဆာစစ်သည်တော် များမှာ ကျင်းကွမ်းဝတ် ကျောင်းတော်မှ ရှိသမျှ လူအားလုံးကို သတ်ဖြတ်ရန် ချီတက် လာကြလေသည်။ ထိုနတ်မိစ္ဆာများ အနိုင်ရရှိခြင်း မရှိလျှင်တောင်မှ ပေါင်ယွဲ့ ဆရာတော်ကြီးကို အာရုံ လွှဲနိုင်မည် ဖြစ်လေသည်။

ဟိုင်သခင်ကြီးက တစ်ယောက် မကျန် အားလုံးကို သတ်ပစ် ချင်နေလေသည်။ သူ့အတွက်တော့ လူတွေ ဘယ်လောက် သေသေ အရေးမကြီးပေ။ ပေါင်ယွဲ့ ဆရာတော်နှင့် သူက အကြိမ်ပေါင်းများစွာ တိုက်ခိုက် ဖူးလေသည်။ ထို့ကြောင့် ပေါင်ယွဲ့ ဆရာတော်၏ တန်ခိုးစွမ်းအားကို သူကောင်းကောင်း နားလည် လေသည်။

နတ်မိစ္ဆာ စစ်သည်တော်များမှာ ဟိုင်သခင်ကြီး အသွင် ပြောင်းပေးထားသည့် အသိမရှိသည့် မိစ္ဆာငယ်များသာ ဖြစ်လေသည်။ သို့သော် သူတို့ထဲမှ အချို့မှာ ရုဟွအဆင့် ကျင့်ကြံသူများကဲ့သို့ ဝိညာဉ်စွမ်းအား မြင့်မားကြလေသည်။ ဟွမ်ကျန်းပင်လျှင် ထိုနတ်မိစ္ဆာများ အားလုံးကို တိုက်ခိုက်နိုင်ရန် အတွက် အခက် တွေ့နေရလေသည်။

အကယ်၍ လူအများကသာ သူ့ကို အာရုံစိုက်နေခြင်း မရှိလျှင် ဟွမ်ကျန်းမှာ ဤနေရာမှ ချက်ချင်း ထွက်ခွာသွားမည် ဖြစ်လေသည်။ နတ်မိစ္ဆာငယ်ပေါင်းများစွာကို သတ်ဖြတ်နိုင်ခြင်း အတွက် သူ့ကိုမည်သူမျှ ဂုဏ်ပြုကြမည် မဟုတ်ပေ။

အခြားဘက်တွင်လည်း သွေးနီရောင် အလင်းတန်းမှာ ခဏမျှ နှောင့်နှေး သွားသည်ကို အခွင့်ကောင်း ယူကာ ဓားဝိညာဉ်က သွေးနီရောင် အလင်းတန်းကို ရစ်ပတ်ပြီး ကျင်းကွမ်းဝတ် ကျောင်းတော် အပြင်ဘက်သို့ တိုက်ထုတ် သွားရန် ကြိုးစား နေလေသည်။

ဓားဝိညာဉ်ကို ထွက်ခွာရန် ပြင်နေသည်ကို တွေ့သည်နှင့် ဆန်းလျန်က တစ်ချက် လှုပ်ရှားလိုက်ရင်း …

“ချင်းယီ၊ ငါတော့ အရေးကြီးကိစ္စ တစ်ခုပေါ်လို့ ခဏ သွားလိုက်ဦးမယ်၊ မင်းတို့ ဂရုစိုက်ကြနော်”

ဟု ပြောလိုက်လေသည်။ သူက ခြေတစ်လှမ်း လှမ်းလိုက်ရင်း အလင်းတန်းတစ်ခု အဖြစ် ပြောင်းလဲသွားကာ ဓားဝိညာဉ် နောက်သို့ လိုက်သွား လေတော့သည်။

ချန်ကျန့်မေမှာ အသက် ရှင်နေသေးသည်။ ထိုအချက်ကို သိလိုက်ရသည့် ဆန်းလျန်မှာ အလွန် ပျော်ရွှင် သွားမိလေသည်။ ဗောဓိသကျ ဓာတ်တော်များကို ဆန်းလျန်ဆီမှ ဝိညာဉ်စွမ်းအား ပစ္စည်းလေးက ဝါးမျိုသွားသည့် အချိန် ကတည်းက ချန်ကျန့်မေ၏ “မလုပ်နဲ့” ဆိုသည့် အသံကို ဆန်းလျန် ကြားလိုက်ရခြင်း ဖြစ်လေသည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset