တာအိုဆရာ ဟွမ်ကျန်းမှာ နေရာတွင်ပင် ရပ်နေရင်း ရေရွတ် လိုက်လေသည်။
“သေကုန်တော့မှာပဲ”
ကျင်းကွမ်းဝတ် ကျောင်းတော်ထဲမှ ထွက်လာသည့် ဘုန်းတော်ကြီးများမှာ သူတို့ဆီသို့ တလိမ့်လိမ့် ဝင်ရောက်လာသည့် တန်ခိုးစွမ်းအား လှိုင်းလုံးကြီးများကြောင့် အံ့သြ သွားကြရလေသည်။ ထိုတန်ခိုးစွမ်းအား လှိုင်းလုံးကြီးနှင့် ရိုက်ခတ် လိုက်မိသည်နှင့် ဘုန်းတော်ကြီးများမှာ ပုရွက်ဆိတ်လေးများ အလား လွင့်ထွက် သွားကြရလေသည်။
တစ်ချိန်တည်းမှာပင် ကျင်းကွမ်းဝတ် ကျောင်းတော်ကြီး တစ်ခုလုံးကို ထိုတန်ခိုးစွမ်းအား လှိုင်းလုံးကြီးက ဝါးမျိုသွားလေသည်။ သို့သော် ထွက်ပေါ်နေသည့် ဗုဒ္ဓရောင်ခြည်တော်ကိုတော့ ဝါးမျိုသွားနိုင်ခြင်း မရှိပေ။ ဗုဒ္ဓရောင်ခြည် ဆိုသည်မှာ မကောင်းမှုအားလုံးမှ ကင်းလွတ်ပြီး သတ္တဝါ အပေါင်းကို ဒုက္ခဆင်းရဲမှ ကယ်တင်နိုင်သည့် တန်ခိုးစွမ်းအား ရှိလေသည်။
သို့သော် ကျင်းကွမ်းဝတ် ကျောင်းတော်မှ ထွက်ခွာရန် ပြင်ဆင် နေကြသည့် ကျင့်ကြံသူများ မှာတော့ ထိုတန်ခိုးစွမ်းအား လှိုင်းလုံးကြီးက ပိတ်ဆို့ ထားသည့် အတွက် ထွက်ခွာ၍မရ ဖြစ်နေ ကြလေသည်။
အချို့ကျင့်ကြံသူများ ကတော့ အသင့် ရင်ဆိုင်ရန် ပြင်ဆင် ထားလိုက်ကြလေသည်။ လူအများစုမှာ ပေါင်ယွဲ့ ဆရာတော်ကြီးကို ဝိုင်းပြီး ကြည့်နေကြလေသည်။
လေထဲမှ တန်ခိုးစွမ်းအား လှိုင်းလုံးကြီးကို ထုတ်လွှတ်လိုက်သည့် သူမှာ အလွန်မှ တန်ခိုးစွမ်းအား ကြီးမားသည့် နတ်မိစ္ဆာတစ်ပါး ဖြစ်လေသည်။ ထို နတ်မိစ္ဆာကို ပေါင်ယွဲ့ဆရာတော်ကြီး တစ်ပါးတည်းဖြင့် မည်သို့မျှ ရင်ဆိုင်နိုင်မည် မဟုတ်ပေ။
ထို နတ်မိစ္ဆာမှာ လောကနတ် ဘုရားနှင့် အဆင့်တူညီသည့် နတ်မိစ္ဆာ ဖြစ်သည့် အတွက် မိစ္ဆာ နတ်ဘုရားဟုပင် ခေါ်ဆို နိုင်လေသည်။ ထိုကဲ့သို့ တန်ခိုးစွမ်းအား ကြီးမားသည့် နတ်မိစ္ဆာ ဘုရင်များစွာ လောကတွင် ရှိလေသည်။ သို့သော် ထိုသူများသည် မည်သည့်အခါမှ နတ်ဘုရားဟု အမည်ကို မခံယူကြဘဲ ကိုယ့်ပိုင်နက်နှင့်ကိုယ် အုပ်ချုပ်ကာ နေထိုင်ကြလေသည်။ စုန့်ချင်းယီမှာ အသက်ပင် မရှူနိုင်အောင် ဖြစ်သွားရသည်။
“အစ်ကိုဆန်းလျန်၊ ကျုပ်တို့ ဘာလုပ်ကြမလဲ”
သူက ဆန်းလျန်ဘက်သို့ လှည့်ကာ မေးလိုက်သည်။ ဆန်းလျန်က တည်ငြိမ် အေးဆေးစွာဖြင့် အခြေအနေကို အကဲခတ် နေလေသည်။ ဆန်းလျန်မှာ ထိုနတ်မိစ္ဆာကို နှိမ်နင်းနိုင်သည့် အဆင့် မရှိသေးပေ။ သို့သော် လက်ရှိ ရင်ဆိုင် နေရသည့် အခြေအနေမှ လွတ်မြောက် နိုင်အောင်တော့ ကြံဆောင် နိုင်လေသည်။ ဆန်းလျန်က ပေါင်ယွဲ့ ဆရာတော်ကြီးကို လှမ်းကြည့်လိုက်သည်။
ပေါင်ယွဲ့ဆရာတော်ကြီးမှာ များစွာ တည်ငြိမ်နေသည်ကို တွေ့လိုက်ရလေသည်။ ဆရာတော်ကြီးမှာ လက်ရှိ ရင်ဆိုင်နေရသည့် အခြေအနေအတွက် ကြိုတင် ပြင်ဆင်ပြီးထားပြီး ဖြစ်လိမ့်မည်ဟု ဆန်းလျန် တွေးလိုက်သည်။
တောင်တက်လမ်း တစ်လျှောက် စိတ်စွမ်းအားဖြင့် ထွန်းညှိထားသည့် မီးတိုင်များမှာ အလကား မဟုတ်ပေ။ တရားအလင်း မီးအိမ်များမှာ ခပ်မြန်မြန် ငြိမ်းသွားခြင်း မရှိနိုင်ပေ။ ထို မီးတိုင်များမှာ ရောက်ရှိလာသည့် နတ်မိစ္ဆာ၏ မိစ္ဆာတိမ်တိုက်ကို တတ်နိုင်သမျှ ကာကွယ် ပေးထားလေသည်။
မီးအိမ်များမှာ မှေးမှိန်သွားသည့် တိုင်အောင် ငြိမ်းသွားခြင်းတော့ မရှိပေ။
ဆန်းလျန်က အခြေအနေများကို ရှုတ်ထွေးအောင် မလုပ်ချင်ပါ။ နတ်ဘုရားအဆင့် ကျင့်ကြံသူများ တိုက်ခိုက်ကြသည့် ပွဲတွင် သူပါဝင် ပတ်သက်မိလျှင်လည်း ကူညီရာ ရောက်မည် မဟုတ်ပေ။
“ချင်းယီ၊ ခုက အရေးပေါ် အခြေအနေပဲ၊ မင်းရဲ့ဆရာ ရှန်ဆန်းကျန်းရန် ကိုများ ဆက်သွယ်လို့ ရနိုင်မလား”
ဟု ဆန်းလျန်က မေးလိုက်လေသည်။ စုန့်ချင်းယီက စိတ်ညစ်ညစ်ဖြင့် မချိပြုံး ပြုံးလိုက်လေသည်။
“မရတော့ဘူး အစ်ကို ဆန်းလျန်၊ ဟိုတစ်လောကပဲ နောက်ဆုံးကျန်တဲ့ အမွှေးတိုင်ကို သုံးလိုက်ပြီ၊ ဆရာ့ကို နောက်ထပ် ဆက်သွယ်ဖို့ နည်းလမ်း မသိတော့ဘူး”
ဆန်းလျန်က စိတ်ပျက်လက်ပျက် သက်ပြင်း ချလိုက်ရင်း …
“အဲဒီပစ္စည်းက ဒီလောက် တန်ဖိုးရှိတာ၊ ဘာလို့ လွယ်လွယ်နဲ့ သုံးပစ် လိုက်ရတာလဲ”
ဟု ပြောလိုက်လေသည်။
“ဆရာက အသုံးပြုဖို့ တကယ်လိုအပ်ပြီလို့ ထင်တဲ့ အချိန်ကျရင် အဲဒီအမွှေးတိုင်ကို သုံးဖို့ မှာထားတာ၊ ငါလည်း မသိဘူးလေ၊ အဲဒီတုန်းက တကယ်သုံးဖို့ လိုတယ်လို့ ထင်တာနဲ့ပဲ သုံးလိုက်မိတာ၊ ပြီးတော့ အဲဒီလို အမွှေးတိုင် သုံးတိုင်းလည်း ဆရာက အဖြေ ပြန်ပေးတယ်ဆိုတာ ရှားပါတယ်၊ ဘာလို့လဲဆိုတော့ ဆရာက တစ်ပါးတည်း တရား ကျင့်နေတတ်တာက များတယ်လေ”
စုန့်ချင်းယီက ကပျာကယာ ရှင်းပြလိုက်ရသည်။
“အေးပါကွာ၊ ရှန်ဆန်းကျန်းရန်က တကယ်တော်တဲ့ ပညာရှိ ပုဂ္ဂုလ်ကြီးပါ၊ ပြီးတော့ မင်းက အမွှေးတိုင်ကို ဒီလို လွယ်လွယ်နဲ့သုံးလိုက်မိတာက မင်းရဲ့ဆရာကို အရမ်းမမီခိုလို့ သုံးလိုက်တယ်ဆိုတာ ငါသိပါတယ်၊ ခု မင်းလည်း အန္တရာယ်ထဲ ရောက်နေပြီ၊ သူလည်း နတ်ဘုရားကျင့်စဉ်တွေ ကျင့်ကြံနေတယ်ဆိုရင် မင်းကို လာကယ်နိုင်မှာ မဟုတ်ပါဘူး”
ရှန်ဆန်းကျန်းရန် လုကျိုးယွမ်မှာ တပည့် တစ်ယောက်ကို ပျက်စီးလောက်သည် အထိတော့ အလိုလိုက်မည့် ဆရာတစ်ယောက် မဟုတ်ပေ။ သူလုပ်သည့် အလုပ်တိုင်းတွင် အဓိပ္ပာယ်ရှိမည်သာ ဖြစ်လေသည်။ စုန့်ချင်းယီကို တပည့်အဖြစ် လက်ခံထားကတည်းက စုန့်ချင်းယီမှာ လူညံ့တစ်ယောက် မဟုတ်သောကြောင့် ဖြစ်လေသည်။ လောလောဆယ်တွင် ဆန်းလျန်မှာ စုန့်ချင်းယီထက် ခြေတစ်လှမ်း သာနေသည့်တိုင် စုန့်ချင်းယီမှာလည်း သူ့နောက်သို့ အနှေးနှင့်အမြန် လိုက်လာမည့် ကျင့်ကြံသူ တစ်ယောက် ဖြစ်လေသည်။
“မင်းပြောတာကို ငါနားလည်ပါတယ်၊ တကယ်လို့ ငါ မလွတ်နိုင်ဘူး ဆိုရင်တောင်မှ ချီးရှိုးကိုတော့ မင်းက ရအောင် ကယ်သွားပေးနော်”
စုန့်ချင်းယီက ပြောရင်း ချီးရှိုးကို တစ်ချက် ကြည့်လိုက်သည်။
သူ၏မျက်နှာမှာ ယခင်ကနှင့်မတူ တည်ကြည် လေးနက် နေလေသည်။
စုန်ချင်းယီက ဆန်းလျန်ကို အစ်ကိုဆန်းလျန်ဟု ပြောင်းလဲ ခေါ်ဝေါ်လေသည်။ သူက ချန်ကျန့်မေကို သူနှင့် အဆင့်တူသူဟု သတ်မှတ်ကာ နောင်တော်ဟု ပြောဆို ဆက်ဆံခဲ့သူ ဖြစ်လေသည်။ ထို့ကြောင့် ဆန်းလျန်မှာလည်း ဟိုင်သန်းအဆင့်သို့ တက်ရောက်သွားပြီ ဖြစ်သည့်အတွက် အစ်ကို တစ်ယောက်ကဲ့သို့ သတ်မှတ်လိုက်ခြင်း ဖြစ်လေသည်။ စုန့်ချင်းယီက မည်သည့် အရာကိုမှ သိပ်ပြီး ဂရုစိုက်သည့် လူမျိုး မဟုတ်သည့်တိုင် ဆန်းလျန် ဟိုင်သန်းအဆင့် အောင်မြင် သွားပြီးသည့်နောက် သူလည်း အောင်မြင်ချင်စိတ်များ ဖြစ်ပေါ် နေခဲ့လေသည်။
တောင်ခြေမှ ပင်လယ်လှိုင်းလုံးကြီး များသည် တောင်တက်လမ်း တစ်လျှောက် ထွန်းညှိထားသည့် စိတ်စွမ်းအား မီးတိုင်များဆီသို့ တလိမ့်လိမ့် တက်လာ နေလေသည်။
ချီးရှိုးသည် ဆန်းလျန်နှင့် စုန့်ချင်းယီ၏ စကားများကို အာရုံမရောက်ပေ။ သူမက တလိမ့်လိမ့် တက်လာပြီး စိတ်စွမ်းအား မီးတိုင်များကို ရိုက်ခတ်နေသည့် ပင်လယ် လှိုင်းလုံးကြီးများကို စိတ်ဝင်တစား ကြည့်နေလေသည်။
“အဲဒီ ရေလှိုင်းလုံးတွေက ယိယွမ်ပညာနဲ့ ဖန်ဆင်းထားတဲ့ ရေလှိုင်းလုံးတွေပဲ၊ ကျွန်မသာ ကျင့်ဖင်ဖန် ပုလင်း ပညာကို လေ့ကျင့်နိုင်ရင် အဲဒီရေလှိုင်းတွေ အားလုံးကို ပုလင်းထဲ ထည့်ထား လိုက်နိုင်မှာပဲ”
ဟု ချီးရှိုးက ပြောလိုက်လေသည်။
တလိမ့်လိမ့် တက်လာသည့် ပင်လယ် ရေလှိုင်းများမှာ နှစ်ခြမ်းကွဲသွားပြီး ထိုလှိုင်းများ အလယ်တွင် ရွှေရောင် ဝတ်ရုံနှင့် လူတစ်ယောက် ပေါ်ထွက် လာလေသည်။ ထိုသူမှာ ဟိုင်သခင်ကြီးပင် ဖြစ်လေသည်။
သူ၏အသံက မီးတိုင်များကို ဖြိုခွင်းပြီး ပြတ်သားစွာ ထွက်ပေါ် လာလေသည်။
“ပေါင်ယွဲ့၊ ဗောဓိဿကျရဲ့ ဓာတ်တော်တွေကို ကျုပ်ကို အခုချက်ချင်း ထုတ်ပေးစမ်း၊ ဒါဆို ကျုပ် ချက်ချင်း ပြန်သွားမယ်၊ မဟုတ်လို့ ကတော့ ဒီကလူတွေ အားလုံးကို ကျုပ်သတ်ပစ် ရလိမ့်မယ်”
လွှမ်းမိုးနိုင်စွမ်း အပြည့်ရှိသည့် ထိုအသံကို လူတိုင်း ကောင်းကောင်း ကြားလိုက်ရလေသည်။ ပေါင်ယွဲ့ ဆရာတော်က ရယ်မော လိုက်ရင်း …
“မင်းကတောင်းမှတော့ ဗောဓိဿကျ ဓာတ်တော်က မင်းအတွက်ပါပဲ”
ဟု ပြောလိုက်လေသည်။
ပေါင်ယွဲ့ ဆရာတော်ကြီး၏ စကားကြောင့် ဟိုင်သခင်ကြီး၏ မျက်ဝန်းများ တလက်လက် တောက်ပသွားသည်။ ဟိုင်သခင်ကြီးဆီမှာ အေးစိမ့်သည့် အငွေ့အသက်များလည်း ထွက်ပေါ် လာလေသည်။
“မင်းလှည့်စားမယ်တော့ မကြံနဲ့နော်၊ မိုင်ငါးထောင် အတွင်းက ဒီငတုံး ကျင့်ကြံသူတွေ အကုန်လုံးကို သတ်ပစ် လိုက်မှာ”
ပေါင်ယွဲ့ ဆရာတော်ကြီးက ဟိုင်သခင်ကြီးကို တည်ငြိမ်စွာဖြင့် ကြည့်လိုက်ရင်း …
“ကျုပ်ဘဝမှာ ကတိ မတည်ခဲ့တာမျိုး မရှိခဲ့ဖူးဘူး”
ဆရာတော်ကြီးက ဆက်ပြော လိုက်သည်။
“ချုန်းရှောင်၊ ဗောဓိဿကျ အမွေအနှစ်တွေကို ပင့်ဆောင်ခဲ့”
ဝတ်ကျောင်းတော် အတွင်းမှ အသက်သုံးဆယ် အရွယ်ခန့် ဘုန်းတော်ကြီး တစ်ပါး ထွက်လာလေသည်။ သူ၏ဦးခေါင်းမှာ အခြား ဘုန်းတော်ကြီးများနှင့် မတူဘဲ ပြောင်လက် တောက်ပနေ လေသည်။ အခြား ဘုန်းတော်ကြီးများ ကဲ့သို့ ဦးခေါင်း ရိတ်ထားသည့်ပုံနှင့် မတူဘဲ မွေးညင်း ပေါက်လေးများပင် မရှိအောင် ပြောင်လက်နေသည့် ဦးခေါင်း ဖြစ်လေသည်။
ဆန်းလျန်မှာ ထိုသူကို ချက်ချင်းပင် မှတ်မိလိုက်လေသည်။ သူနှင့် နှစ်ပေါင်းများစွာ ကြာအောင် ကွဲကွာ နေခဲ့သည့် လင်ချုန်းရှောင်ပင် ဖြစ်လေသည်။
ကူဟွေ့ဆရာတော်ထံမှ လင်ချုန်းရှောင် ဘုန်းကြီး ဝတ်သွားသည့် သတင်းကို ကြားခဲ့ရသည့်တိုင် တကယ်တမ်း ဘုန်းကြီးဝတ်ဖြင့် လင်ချုန်းရှောင်ကို တွေ့လိုက်ရသည့် အခါတွင်တော့ ဆန်းလျန်၏ ရင်ထဲတွင် အမည်မသိ ခံစားချက်များ တလိမ့်လိမ့် တက်လာလေသည်။
အစိမ်းရောင်ဝတ် လူယွမ်ရှန်နှင့် ပတ်သက်ခဲ့သည့် အတိတ် အကြောင်းအရာများ အားလုံးသည် တိမ်တိုက် တစ်စပမာ လွင့်မျောသွားပြီး သဲလွန်စပင် မကျန်တော့အောင် လွင့်စင်ခဲ့ပြီ ဖြစ်လေသည်။
လင်ချုန်းရှောင်က ပေါင်ယွဲ့ ဆရာတော်ဆီသို့ လျှောက်သွားလိုက်လေသည်။
သူ၏ ပုံစံမှာ ပေါင်ယွဲ့ ဆရာတော်ကြီးကဲ့သို့ပင် တည်ငြိမ် နေလေသည်။
အဖုံးထက်တွင် ရှုပ်ထွေးသည့် စာလုံးများ ရေးသားထားသည့် သေတ္တာငယ်လေး တစ်လုံးကို လင်ချုန်းရှောင်က ထုတ်ယူလိုက်သည်။
လင်ချုန်းရှောင်၏ လက်မှ အဖြူရောင် အလင်းတန်းများ ထွက်ပေါ်လာပြီး သေတ္တာလေးမှာ ဖြည်းဖြည်းချင်း ပွင့်သွားလေသည်။ သေတ္တာလေးထဲမှ ထွက်ပေါ်လာသည့် အလင်းရောင်သည် ကောင်းကင် တစ်ခုလုံးကို လင်းထိန် သွားစေလေသည်။
သေတ္တာလေး အတွင်းမှာ “ဝမ့်” စကြာပုံသဏ္ဌာန်လေးများမှာ မီးလုံးလေးများပျံသန်းနေသကဲ့သို့ ထွက်ပေါ်လာလေသည်။ ထို “ဝမ့်” စကြာလေးများသည် ကောင်းကင်ထက်တွင် ဟိုဟိုဒီဒီ လျှောက်သွား ပျံသန်းနေသည့်တိုင် မြင်ရသူတိုင်း၏စိတ်ကို ငြိမ်းချမ်းစေလေသည်။
ဟုန်ကျန်း ဆရာတော်မှာလည်း ဗောဓိသကျ အမွေအနှစ်များကို မြင်သည်နှင့် ပါးစပ်မှ တစ်စုံတစ်ခုကို ရွတ်ဖတ် လိုက်လေသည်။ ထိုအချိန်မှာပင် ဆန်းလျန်ထံမှ ဝိညာဉ်စွမ်းအား ပစ္စည်းလေး တစ်ခုက အလင်းတန်း တစ်ခုအလား ထွက်ပေါ်လာပြီး ဗောဓိဿကျ အမွေအနှစ်များကို ဝါးမျို သွားလေတော့သည်။ ဆန်းလျန်က ဟုန်ကျန်းဆရာတော်ကို သတိထား စောင့်ကြည့်နေသည့် အတွက် ရုတ်တရက် သူ့ဆီမှ ထွက်ခွာသွားသည့် ပစ္စည်းလေးကို မတားဆီးလိုက်နိုင်ပေ။
တစ်ချိန်တည်းမှာပင် ဓားဝိညာဉ်တစ်ခု ပေါ်ထွက်လာပြီး ဆန်းလျန်၏ မျက်ဝန်းများမှာ ဓားရောင်အလား တလက်လက် တောက်ပနေလေသည်။
ဆန်းလျန်ထံမှ ထွက်ပေါ်လာသည့် ဝိညာဉ်စွမ်းအား ပစ္စည်းလေးမှာ လျင်မြန်လွန်းသည့် အတွက် ပေါင်ယွဲ့ ဆရာတော်ကြီးပင် တားဆီးချိန် မရလိုက်ပေ။
ဆန်းလျန်၏ ဝိညာဉ်စွမ်းအား ပစ္စည်းလေးက ဗောဓိဿကျ ဓာတ်တော်ကို ဝါးမျို ထားလိုက်သည်ကို တွေ့မြင် လိုက်ရသည့် အခါ ဟိုင်သခင်ကြီး ဒေါသ ထွက်သွားလေသည်။
“မင်းက လုပ်ရဲသလား”
ထိုခဏ အတွင်းမှာပင် ကောင်းကင်ထက်မှ မိစ္ဆာတိမ်တိုက်ဆီမှ တန်ခိုး စွမ်းအားများမှာလည်း ကျင်းကွမ်းဝတ် ကျောင်းတော်တစ်ခုလုံးကို သတ်ဖြတ်ရန် တလိမ့်လိမ့် တက်လာလေသည်။
ထိုအချိန်မှာပင် …
ကောင်းကင် တစ်ခုလုံးတွင် ရွှေရောင် နာနတ်ပွင့် သဏ္ဌာန်များဖြင့် ပြည့်သွားလေသည်။ ကောင်းကင် တစ်ခုလုံးမှာ ဗောဓိသကျ ကိုယ်တိုင် ရောက်ရှိလာသည့်အလား သန့်စင်ကြည်လင် သွားလေသည်။
တစ်ချိန်တည်းမှာပင် ကောင်းကင် အပြင်ဘက်ဆီမှ ဓားဝိညာဉ်တစ်ခု ထွက်ပေါ်လာလေသည်။ ထိုဓားဝိညာဉ်က လမင်းကို ဖုံးအုပ်ထားသည့် မိစ္ဆာတိမ်တိုက်ဆီမှ တန်ခိုးစွမ်းအားများ အားလုံးကို စုပ်ယူ လိုက်လေသည်။ ခေါင်းကိုးလုံး မင်းကြီးမှာ အနက်ရောင် တိမ်တိုက်များ ကြားထဲတွင် ပိတ်မိ နေလေတော့သည်။
ဓားဝိညာဉ်ကို စေလွှတ်လိုက်သူမှာ လက်တစ်ဖက်တည်းသာ ရှိသည့် ဘုန်းတော်ကြီး ဖြစ်လေသည်။ ဘုန်းတော်ကြီး၏ မျက်နှာမှာ ပြုံးနေပြီး တရားရွတ်ဖတ်သံမှာ ကောင်းကင် တစ်ခုလုံး တုန်လှုပ် သွားစေလေသည်။ ဆရာတော်မှာ နာနတ်ပွင့်များ အလည်တွင် ကြည်ညိုဖွယ်ရာ ဖြစ်နေလေသည်။ နာနတ်ပွင့်များသည် ခေါင်းကိုးလုံး မင်းကြီး ပိတ်မိနေသည့် အနက်ရောင် တိမ်တိုက် အနားသို့ စုဝေး ရောက်ရှိသွားကာ အနက်ရောင် တိမ်တိုက်မှာ မျက်စိတစ်မှိတ် အတွင်းတွင်ပင် ပျောက်ကွယ် သွားလေသည်။
အနက်ရောင် တိမ်တိုက် ပျောက်ကွယ်သွားသည်နှင့် ခေါင်းကိုးလုံးမင်းကြီး ထွက်ပေါ် လာလေသည်။
တောက်ပနေသည့် ဓားဝိညာဉ် အောက်တွင် ခေါင်းကိုးလုံး မင်းကြီး၏ ကြောက်မက်ဖွယ်ရာ ရယ်မောသံကြီး ထွက်ပေါ် လာလေသည်။ သူ၏ ရယ်သံကြီးမှာ ကျားဟိန်းသံကြီး အလား ကောင်းကင် တစ်ခွင်တွင် ပျံ့နှံ့ သွားလေတော့သည်။
***