Switch Mode

အခန်း (၁၇၄)

လူသားတိုင်းတရားရနိုင်ရန်

ထိုဆရာတော်မှာ တစ်တန်ခန့် အလေးချိန်ရှိသည့် ကြီးမားသည့် ခေါင်းလောင်းကြီးကို သယ်ဆောင်လာပြီး လေထဲမှ ပျံသန်းလာခြင်းမှာ သူ၏စွမ်းအား မည်မျှ ကြီးမားကြောင်းကို ပြသနေခြင်း ဖြစ်လေသည်။

သူက ခေါင်းလောင်းကြီးကို လွှတ်ချခြင်းလည်းမရှိ ထိန်းသိမ်းထားခြင်းလည်း မရှိပေ။ သူ့ပုံစံကို ကြည့်ရသည်မှာ ကျင့်စဉ်လမ်း အဆင့် တက်လှမ်းနိုင်ခဲ့သော်လည်း တရားအဓိပ္ပာယ်ကို သိရှိရန် လိုအပ်နေသေးပုံ ပေါ်လေသည်။

ကြေးခေါင်းလောင်းကြီးမှာ တောင်ပေါ်ရှိ မြေကွက်လပ် အပေါ်သို့ ခေါင်းလောင်းသံများ တီးခတ်ရင်း ရောက်ရှိ လာလေသည်။ ထို့နောက် ကောင်းကင်ထက်တွင် အရှိန်လျော့သွားပြီး မြေပြင်ထက်သို့ ဖြည်းဖြည်းချင်း ဆင်းသက်လာသည်။ ခေါင်းလောင်းကြီး မြေပြင်ထက် ကျရောက် သွားသည်နှင့် သိမ်မွေ့သည့် သဏ္ဌာန်နှင့် ဘုန်းတော်ကြီးတစ်ပါးလည်း ပေါ်လာလေသည်။

ထိုဘုန်းတော်ကြီးမှာ ဟွေခဲ့ဆရာတော် မဟုတ်ပါ။ ရွှေခန္ဓာကျင့်စဉ်ကို ကျင့်ကြံထားသည့် ကိုယ်တော် တစ်ပါးသာဖြစ်လေသည်။ ခေါင်းလောင်းသံမှ တဖြည်းဖြည်း ပျောက်ကွယ် သွားလေသည်။ သို့တိုင်အောင် မြေပြင်တစ်ခုလုံးက တုန်ခါနေလေသည်။

ဘုန်းတော်ကြီးက လက်အုပ်ချီလိုက်ပြီး …

“တပည့်တော်က ဟုန်ကျန်းပါ၊ ဆရာတော်ကြီး ပေါင်ယွဲ့ဆီကို ဟွေခဲ့ဆရာတော်က မေးခွန်း မေးခိုင်းလိုက်လို့ပါ”

ပေါင်ယွဲ့ဆရာတော်ကြီးက ဟုန်ကျန်းဆရာတော်ကို စူးစိုက်ကြည့်လိုက်ပြီး ခပ်ပါးပါး တစ်ချက် ပြုံးလိုက်သည်။

“ကိုယ်တော်က ဘာများ မေးချင်လို့လဲ”

ဟုန်ကျန်း ဆရာတော်မေးမည့် မေးခွန်းမှာ ဟွေခဲ့ဆရာတော် ကိုယ်စား မေးမည့်မေးခွန်းမှန်း လူတိုင်း သိကြလေသည်။

ဆန်းလျန်က ဟုန်ကျန်းဆရာတော်ကို စိုက်ကြည့်နေလေသည်။ သူ့ဆီသို့ လာသည့် ဟုန်ကျန်းဆရာတော် အမှန်ပင် ဖြစ်လေသည်။ သို့သော် သူ၏ တန်ခိုးစွမ်းအားမှာတော့ သိသိသာသာ တိုးတက် မြင့်မား လာလေသည်။

သူတို့နှစ်ယောက် တွေ့ဆုံကြသည်မှာ သိပ်မကြာသေးသည့်တိုင် ကျင့်စဉ်လမ်းကတော့ ပင်လယ်ထဲတွင် ရွက်လွှင့်နေသည့် ရွက်လှေပမာ ခရီး ရောက်လှပေသည်။ သို့သော် ဟုန်ကျန်း ဆရာတော်ထံမှ ဝိညာဉ်စွမ်းအားများ မှာတော့ အပြောင်းအလဲမရှိ ပြီးခဲ့သည့် တစ်ခေါက်ကနှင့် အတူတူပင် ဖြစ်လေသည်။

တန်ခိုးစွမ်းအား တိုးတက်လာပြီး ဝိညာဉ်စွမ်းအား ရပ်တန့်နေခြင်းမှာ တိုးတက်မှုမရှိ၍လား၊ အခြား အကြောင်းတစ်ခု ရှိသေး၍လား ဆိုသည်ကို ဆန်းလျန် စဉ်းစားနေမိလေသည်။

ဆန်းလျန် စိတ်ထဲတွင် ထူးဆန်းမှု တစ်ခုကို ခံစား နေရလေသည်။ လူအုပ်ကြီးမှာ ဟုန်ကျန်း ဆရာတော် မေးမည့် မေးခွန်းကို စိတ်ဝင်စားနေကြလေသည်။

ဟုန်ကျန်းဆရာတော်က မျက်လုံးကို တစ်ချက်မှိတ်လိုက်ပြီး ပြန်ဖွင့်လိုက်လေသည်။ သူ၏ မျက်ဝန်းများမှာ တစ်လက်လက် တောက်ပနေပြီး သူ၏ ရွှေခန္ဓာ ကျင့်စဉ်မှာ အဆင့်မြင့်နေပြီ ဖြစ်ကြောင်း သိသာ နေလေသည်။

“ဟွေခဲ့ဆရာတော်က ကျမ်းပိုဒ်တစ်ပိုဒ်နဲ့ အမေးစကား ပါးလိုက်ပါတယ်”

ဟုန်ကျန်းဆရာတော်က ကြည်လင်သည့် အသံဖြင့် ပြောလိုက်သည်။

“ပုံသဏ္ဌာန်ကနေ အရိပ်လာတယ် … ဆူညံမှုထဲကနေ ခေါင်းလောင်းသံ လာတယ် … ပုံသဏ္ဌာန် မရှိရင် အရိပ်လည်း မရှိနိုင်ပါဘူး … ဆူညံသံကို ရပ်လိုက်ရင် ဘယ်နေရာက ခေါင်းလောင်း မြည်လဲဆိုတာ သိနိုင်ပါတယ် … ဒုက္ခချုပ်ငြိမ်းရာ နိဗ္ဗာန်ကို ရောက်ဖို့ဆိုတာ ပုံသဏ္ဌာန်ကို ဖယ်ခွာ အရိပ်ကို ရှာဖွေတာပါပဲ … လူ့လောကထဲမှာ တရား ရှာဖွေတယ်ဆိုတာ … တိတ်ဆိတ်မှုထဲမှာ ခေါင်းလောင်းသံ ကြားမလား နားစွင့် နေသလိုပါပဲ … ဥပေက္ခာတရားနဲ့ လျစ်လျူရှုခြင်းဆိုတာ မတူညီပါဘူး … အလုပ်သေးသေးလေး တစ်ခုဆိုတာ ဟာလည်း နာမည် မကြီးနိုင်ပါဘူး … အကြောင်း ရှိသည်ဖြစ်စေ … မရှိသည်ဖြစ်စေ … အငြင်းပွားစရာတွေချည်းပါပဲ … အဲဒါတွေအားလုံးဟာ … အတုအယောင်လား … အစစ်အမှန်လား … အမှန်လား … အမှားလား … ဘာကရောတည်ရှိပြီး ဘာကရော မတည်ရှိဘူးလဲ … ”

ကျမ်းစာပိုဒ်မှာ အနည်းငယ် ရှည်လျားလေသည်။ သို့သော် လူအများမှာ ထိုကျမ်းပိုဒ်၏ အဓိပ္ပာယ်ကို နားမလည်ကြပေ။ ဟွမ်ကျန်းပင်လျှင် နားမလည်သောကြောင့် အသဲအသန် စဉ်းစား နေလေသည်။

ထိုကျမ်းပိုဒ်တွင် ဗုဒ္ဓဘာသာ သဘောတရားများသာမက တာအိုဝါဒ သဘောတရား များလည်း ပါဝင်လေသည်။

” ပုံသဏ္ဌာန်မရှိရင် အရိပ်လည်း မရှိနိုင်ပါဘူး” ဟူသည့် စာကြောင်းမှာ နန်ဟွာကျမ်းစာထဲမှ စာကြောင်းဖြစ်လေသည်။

အတိအကျပြောရလျှင် နန်ဟွာကျမ်းစာမှာ နိဗ္ဗာန်သို့ဝင်နိုင်မည့်ကျင့်စဉ်လမ်းကို ညွှန်ပြရာ ပထမဆုံး ကျမ်းစာ ဖြစ်လေသည်။ ထိုကျမ်းစာထဲတွင် ရှစ်ချန်ချီက လောင်ကျီ၏ အရိပ်မှ တိတ်တဆိတ်ထွက်ခွာသွားသည့်အကြောင်းကို ဖော်ပြထားလေသည်။ ထွက်ခွာသွားပြီးမှ သူက သူကိုယ်တိုင်ကျင့်ကြံနိုင်မည့် ကျင့်စဉ်လမ်း အကြောင်းကို ရှာဖွေခဲ့လေသည်။ ရှစ်ချန်ချီက တာအိုဆရာသခင်ကြီးကို ချဉ်းကပ်ခဲ့ခြင်း ဖြစ်လေသည်။ ဆရာသခင်ပြန်ဖြေသည့်အဖြေမှာ “မိမိ သဘောသဘာဝကို ထုတ်ဖော်မပြရန်” အကြောင်းကို အနှစ်ချုပ်ကာ ပြန်ဖြေခဲ့လေသည်။

“အမှန်တရားကို ရှာဖွေခြင်းနှင့်သံသရာဖြတ်တောက်ခြင်း” ဆိုသည်မှာ အရိပ်မရှိသည့် ပုံသဏ္ဌာန်ကို သင်ယူခြင်းပင်ဖြစ်သည်။ သံသရာလည်ခြင်းမှာ အစစ်အမှန်ဖြစ်လျှင် အရိပ်အောက်တွင် ပုံသဏ္ဌာန်ကို ထားလိုက်ပါက အရိပ် ပျောက်ကွယ်သွားမည် ဖြစ်လေသည်။

သာမန် ကျင့်ကြံသူများမှာ စကားရည်လုပွဲကို မတင်မကျနှင့် သံသယ ဝင်နေကြလေသည်။ ဆရာပိုင်ရှီ၊ ဟွမ်ကျန်းနှင့် ဆန်းလျန်တို့ လောက်သာ ထိုကျမ်းပိုဒ်၏ ဆိုလိုရင်းကို နားလည် သဘော ပေါက်ကြလေသည်။

သူတို့ သုံးယောက်လုံးမှာ ဖော့ဝမ့်အဆင့်သို့ တက်လှမ်းနိုင်ရန် အရည်အချင်း ရှိသူများ ဖြစ်ကြသည်။ သို့သော် ထိုတရား ကျမ်းစာပိုဒ်၏ အဓိပ္ပာယ်ကို နားလည်ရုံမျှဖြင့် ဖော့ဝမ်း အဆင့်သို့ ချက်ချင်း တက်ရောက်နိုင်မည် မဟုတ်ပေ။

သံသရာ မလည်လျှင် ဖြစ်တည်မှုလည်း ရှိတော့မည် မဟုတ်ပေ။ တရားအလင်းရရန် အသိ တစ်ချက်သာ လိုအပ်လေသည်။

ဆန်းလျန်က ထိုသဘောတရားကို နားလည်ထားသူ ဖြစ်လေသည်။ သို့သော် ဟွေခဲ့ဆရာတော် ကတော့ အသိ တစ်ချက်ဖြင့် ကျင့်စဉ်လမ်း တက်လှမ်းနိုင်ခြင်းကို မေးမြန်း လိုခြင်းတော့ မဖြစ်နိုင်ပေ။ အခြား ရည်ရွယ်ချက် တစ်ခု ရှိရမည် ဖြစ်လေသည်။

အသိတစ်ချက် ဆိုသည်မှာ ကိုယ်တွင်းမှ နက်ရှိုင်းစွာ သိမြင်ခြင်းဖြစ်ပြီး အခြားသူများကို ရှင်းပြနိုင်ရန် မဖြစ်နိုင်ပေ။ အချို့ သူများသည် ထာဝရ အသက်ရှင်သည့် နတ်ဘုရား ဖြစ်လာရန်အတွက် နတ်ဘုရားတစ်ပါး သို့မဟုတ် သူတို့၏ ဆရာသခင်များကိုပင် လုပ်ကြံ သတ်ဖြတ် ရဲကြလေသည်။ အချို့ သူများကတော့ ကောင်းမှုကုသိုလ်များ ကိုသာ ပြုလုပ်ကြရင်း တဖြည်းဖြည်းနှင့် အမှန်တရားကို ရှာဖွေ တွေ့ရှိသွားကြလေသည်။

သို့သော် အရာအားလုံးက နိယာမတရားများသာ ဖြစ်လေသည်။ မိစ္ဆာတစ်ယောက် ဖြစ်လာမည် ဆိုပါက သူတော်စင် ဖြစ်မည့် လမ်းကြောင်းမှ အလိုလို ဝေးကွာသွားမည် ဖြစ်လေသည်။ ဦးတည်ချက် ကွဲပြားသည့် အတွက် သွားသည့်လမ်းလည်း ကွဲပြားမည် ဖြစ်လေသည်။

ပေါင်ယွဲ့ ဆရာတော်ကြီးသည် ကျမ်းစာပိုဒ်ကို နားထောင်ပြီးသည်နှင့် နွေဦးပန်းပွင့်လေး တစ်ပွင့် အလား ကြည်လင်စွာ ပြုံးလိုက်လေသည်။

“ဟွေခဲ့ဆရာတော်က မေးတယ်ဆိုမှတော့ အဓိပ္ပာယ်ကို သူလည်း သိပြီးနေပြီပဲ၊ ကျုပ်ကို မေးစရာ လိုသေးလို့လား”

“ဟွေခဲ့ဆရာတော်က အဖြေကို သိတယ် ဆိုပေမဲ့ သူ့သံသယတွေ ရှင်းအောင် ဆရာတော်ကြီး ဆီက အဖြေကိုလည်း သိချင်နေပါတယ်”

ဟု ဟုန်ကျန်း ဆရာတော်က ပြန်ပြောလိုက်လေသည်။ ပေါင်ယွဲ့ ဆရာတော်ကြီးက သက်ပြင်း ချလိုက်လေသည်။

“သူက ကျမ်းပိုဒ်တစ်ပိုဒ်နဲ့ မေးမှတော့၊ ကျုပ်ကလည်း ကျမ်းပိုဒ် တစ်ပိုဒ်နဲ့ပဲ ပြန်ပြီး အဖြေ ပေးလိုက်ပါ့မယ်”

ပေါင်ယွဲ့ ဆရာတော်ကြီး၏ ငယ်ရွယ်သည့် မျက်နှာမှာ တည်ကြည် လေးနက် နေလေသည်။ ထို့နောက် ကျမ်းပိုဒ် ရွတ်ဖတ်သံက တောင်တစ်ခွင်တွင် ပျံ့နှံ့သွားပြီး ကြားနားသူ ပရိသတ် အားလုံး၏ နားထဲသို့ စီးဆင်း ဝင်ရောက်သွားလေသည်။

“အမှန်တရားကိုသိမြင်ဖို့ … ကိုယ်ကိုယ်တိုင်သာ ကြိုးစားနိုင်တာပါ … မမျှော်လင့်သော အမှန်တရား ရောက်လာမှာပါ … အိပ်မက်ပမာ ဘဝထဲမှာ ပတ္တမြားရတနာ ဆိုတာဟာလည်း အလကားပါပဲ။ ဒါပေမဲ့ အသိ၊ သတိ ရှိနေမယ် ဆိုရင်တော့ ပုလဲရတနာလိုပဲ တန်ဖိုး ရှိလှတယ်။ ဥပေက္ခာတရားနဲ့ ဉာဏ်ပညာဟာ အတူတူပါပဲ တစ်ကြိမ် ကျင့်ကြံ အောင်မြင်ပြီးရင် အရာအားလုံး တစ်သမတ်တည်း အတူတူပါပဲ နောက်မျိုးဆက် သစ်တွေက စာအုပ်တွေ ရေးကြတဲ့အခါ မင်းရဲ့ ရုပ်ခန္ဓာဟာ ဗောဓိဿကျနဲ့ မခြားပါဘူး။ ဘာလို့ အဝေးကြီးကို မျှော်ကြည့် နေဦးမှာလဲ”

ပေါင်ယွဲ့ဆရာတော်ကြီး ရွတ်လိုက်သည့် တရားစာပိုဒ်မှာ တာအို ကျင့်ကြံသူများကို များစွာ အံ့သြ မသွားစေပါ။ သို့သော် ဘုန်းတော်ကြီးများနှင့် သီလရှင်များကတော့ များစွာ အံ့သြ သွားကြ ရလေသည်။

အဘယ်ကြောင့် ဆိုသော် ပေါင်ယွဲ့ဆရာတော်ကြီး၏ ကျမ်းပိုဒ်မှာ ဟွေခဲ့ဆရာတော်၏ ကျမ်းပိုဒ်ကို ဖြေရှင်းပေးသကဲ့သို့ ဖြစ်သွားသောကြောင့် ဖြစ်လေသည်။

ဟွေခဲ့ဆရာတော်က လူသားများ အားလုံးသည် ပါရမီရှိသူများ ဖြစ်ကြလေသည်။ ထို့ကြောင့် လူသားအားလုံးက သံသရာမှ လွတ်မြောက်လိုလျှင် သစ္စာတရားကို ရှာဖွေနိုင်ကြပြီး တရား ရှာတွေ့နိုင်ကြမည်ဟု ယုံကြည်လေသည်။ ထို့ကြောင့် လူသားများ အားလုံးမှာ တရားကျင့်ကြံ ပေါက်ရောက်သူများ ဖြစ်လာနိုင်သည်ဟု ဆိုလိုခြင်း ဖြစ်လေသည်။ ထို့ကြောင့် ဘုန်းတော်ကြီးများသာ ဗုဒ္ဓစာပေများကို လေ့လာခြင်းထက် အယုတ်၊ အလတ် အမြတ်မရွေး လူသားအားလုံး ဗုဒ္ဓစာပေများကို လေ့လာသင့်သည်ဟု သူက ယူဆလေသည်။

သို့သော် ဟွေခဲ့ဆရာတော်၏ အယူအဆမှာလည်း သူ၏ ကိုယ်ပိုင်ခံယူချက် မဟုတ်ပေ။ ထိုအယူအဆသည် ဗုဒ္ဓဘာသာတွင် ရှေးယခင်ကတည်းက ယုံကြည်ကြသည့် ယုံကြည်မှု တစ်ခုဖြစ်လေသည်။

အထူးသဖြင့် ဇင်ဗုဒ္ဓဘာသာ ဆိုသည့် ဗုဒ္ဓဘာသာ ဂိုဏ်း၏ အယူအဆ ဖြစ်လေသည်။ ဇင်ဗုဒ္ဓဘာသာမှာ တာ့ကျိုး တိုင်းပြည်တွင်လည်း ပျံ့နှံ့လျက်ရှိပြီး တဖြည်းဖြည်း ကျယ်ပြန့်လာခဲ့ပြီ ဖြစ်သည်။

သို့သော် ဇင်ဗုဒ္ဓဘာသာ၏ အယူအဆများမှာ မူလဗုဒ္ဓဘာသာ ကျောင်းတော်ကြီး ရှစ်ခုဖြစ်သည့် ဆန်းလွမ်၊ ယွိကျား၊ ထျန်းထိုင်၊ ရှန်းရှိုး၊ ချန်၊ ကျင်းထူ၊ လွိ နှင့် မီ ကျောင်းတော်များ နှင့်တော့ မတူ ကွဲပြားလေသည်။

သို့သော် ဇင်ဗုဒ္ဓဘာသာမှာ သာမန် လူသားများ နားလည်စေရန် ပိုပြီး ရည်ရွယ် လေသည်။

ပေါင်ယွဲ့ ဆရာတော်ကြီးကတော့ ထိုပြဿနာကို ဆန့်ကျင်ဘက် အမြင်တစ်မျိုးဖြင့် ချဉ်းကပ် လေသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ဗုဒ္ဓဘာသာ ဂိုဏ်းများတွင် ပြောင်းလဲခြင်း စတင်နေပြီကို ပြသလိုက်ခြင်းပင် ဖြစ်လေသည်။

အပြင်းအထန် စကားရည် လုတော့မည်ဟု တွေးထင်ကာ လာရောက်ကြသော ဧည့်ပရိသတ်များ ကတော့ စိတ်ပျက် သွားကြရလေသည်။ ဟွေခဲ့ဆရာတော် ရောက်မလာသေးသည့်တိုင် သူ၏ ရည်ရွယ်ချက် ကတော့ အောင်မြင် သွားခဲ့ပြီ ဖြစ်သည်။

အမှန်တော့ ယခုကဲ့သို့ တရားစကားကို စကားရည် လုရသည့် ရည်ရွယ်ချက်မှာ ဗုဒ္ဓဘာသာ၏ ဂုဏ်သိက္ခာ တိုးတက်စေရန် အတွက်သာ ဖြစ်လေသည်။

ကျင့်ကြံသူ လောကတွင် ဗုဒ္ဓဘာသာဂိုဏ်းများ အသွင်သစ်ဖြင့် အသစ်ပြန်လည် မွေးဖွား လာတော့မည် ဖြစ်လေသည်။ ဟွမ်ကျန်းမှာ စိတ်ပျက်လက်ပျက် ဖြစ်နေလေသည်။

ပထမတစ်ချက် အနေဖြင့် ဆန်းလျန်ကို အရှက်ခွဲမည့် အစီအစဉ်က မအောင်မြင်ခဲ့ပေ။ ထို့ပြင် ဆရာတော်ကြီး နှစ်ပါး၏ စကားရည် လုပွဲကို လာရောက်ကြသည့် ပရိသတ်များမှာ ဗုဒ္ဓဘာသာ ကျောင်းတော်များ၏ ပြုပြင် ပြောင်းလဲခြင်းနှင့် ရှေးဟောင်း ဗုဒ္ဓဘာသာ ကျောင်းတော်ကြီးများကို စိတ်ဝင်စားမှု မြင့်မားနေကြသည့် အတွက်ကြောင့် ပွဲလန့်တုန်း ဖျာခင်းချင်နေသည့် ကွမ်းချင်းနတ်ဘုရား ဂိုဏ်းအတွက် အခွင့်မသာ ဖြစ်သွားရလေသည်။

ထို့ပြင် ပေါင်ယွဲ့ဆရာတော်ကြီးနှင့် ဟွေခဲ့ဆရာတော်ကြီး၏ စကားရည်လုပွဲမှာ တာအို ကျင့်ကြံသူများစွာ၏ စိတ်ဝင်စားမှုကိုလည်း ခံရလေသည်။

တာအို ကျင့်ကြံသူများမှာလည်း ဗုဒ္ဓကျမ်းစာများကို ခံစားနားလည်ပြီး ဖော့ဝမ့်အဆင့် ကျင့်စဉ် လမ်းဖြင့် သဘောထား ကွဲပြားခြင်း မရှိကြတော့ပေ။ တစ်ကိုယ်တော် ကျင့်ကြံသူများနှင့် အချို့သော ကျင့်ကြံသူ ဂိုဏ်းများဆိုလျှင် ဗုဒ္ဓဘာသာ ဂိုဏ်းများဖြင့်ပင် ပူးပေါင်း ဆောင်ရွက်ရန် အဆင်သင့် ဖြစ်နေကြပြီး အမြင်များ ပွင့်လင်း ကုန်ကြပြီ ဖြစ်လေသည်။

မင်ဝမ်ဝတ် ကျောင်းတော်သည် လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာ အတွင်း မည်သည့် ပြုပြင် ပြောင်းလဲမှုမှ မလုပ်ခဲ့သည့်တိုင် ယခုတော့ လူသားအားလုံး မှတ်ကျောက် တင်နိုင်ဖွယ်ရာ ပြောင်းလဲမှုကြီး တစ်ခုကို ဦးတည် ပေးခဲ့ပြီ ဖြစ်လေသည်။

အဓိက နတ်ဘုရား ကျောင်းတော်ကြီး လေးခုမှာလည်း ဗုဒ္ဓဘာသာနှင့် တာအိုဝါဒကြားတွင် ခြားနားမှု သိပ်ပြီး မရှိသည်ကို လက်ခံလိုက်ပြီ ဖြစ်လေသည်။ ကျင့်စဉ် လမ်းအားလုံး၏ ဦးတည်ရာမှာ ထာဝရ အသက်ရှင်သန်သည့် နတ်ဘုရား သို့မဟုတ် ဗောဓိဿကျ တစ်ပါးဖြစ်လာရန် ကျင့်ကြံနိုင်ရန်သာ ဖြစ်လေသည်။

တာအိုဝတ်ရုံ ဝတ်ဆင်ခြင်း၊ ဆံပင်ရိတ်ကာ သင်္ကန်း ဝတ်သွားခြင်း ဆိုသည်မှာ ဝတ်စုံ ပြောင်းလဲခြင်း မျှသာ ဖြစ်လေသည်။ သွားမည့် လမ်းကတော့ အတူတူပင် ဖြစ်လေသည်။ ထိုအချိန်မှာပင် …

နတ်မိစ္ဆာဆန်သည့် လေပြင်းတစ်ချက် တိုက်ခတ်လာပြီး မိစ္ဆာတိမ်တိုက် တစ်စသည် လမင်းကို ဖုံးကွယ် သွားလေသည်။ ပေါင်ယွဲ့ ဆရာတော်ကြီးမှာ ကောင်းကင်ထက်သို့ တစ်ချက် မော့ကြည့် လိုက်ရင်း မျက်နှာ ပျက်သွားလေသည်။ သူက လက်ကို မြှောက်လိုက်ပြီး ရွှေရောင်တရား အလင်းတန်းဖြင့် မိစ္ဆာတိမ်တိုက်ကို ဖယ်ရှားရန် ကြိုးစား လိုက်သည်။ မိစ္ဆာတိမ်တိုက်ဆီမှ ရယ်သံတစ်ချက် ထွက်ပေါ် လာလေသည်။

“မသေချင်ရင် အဝေးကို ထွက်သွားစမ်း”

ကောင်းကင်ထက်မှ ဝိညာဉ်စွမ်းအားများ ပြင်းထန်စွာ ထွက်ပေါ်လာပြီး တန်ခိုးစွမ်းအား လှိုင်းလုံးများ တလိမ့်လိမ့် တက်လာလေသည်။

ထိုဝိညာဉ်စွမ်းအား များမှာ လောကနတ်ဘုရား တစ်ပါး၏ အဆင့်နှင့် ညီသည့် နတ်မိစ္ဆာ တစ်ကောင်၏ စွမ်းအားများ ဖြစ်ကြောင်း အားလုံး သိရှိလိုက်ကြလေသည်။

စကားရည်လုပွဲတွင် တရားစကား လာရောက် ကြားနာကြသည့် ပရိသတ်များထဲတွင် သာမန် လူသားများလည်း ပါဝင်လေရာ နတ်ဘုရားများ အချင်းချင်း တိုက်သည့် တိုက်ပွဲတွင် ထိုသူများမှာ ဓားစာခံ ဖြစ်ရတော့မည် ဖြစ်လေသည်။

ထိုခဏလေး အတွင်းမှာပင် ကျင်းကွမ်းဝတ် ကျောင်းတော်မှ ဘုန်းတော်ကြီးများ ပြေးထွက် လာကြကာ အရပ် လေးမျက်နှာတွင် အသင့်အနေအထား နေရာ ယူထားလိုက်ကြလေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset