Switch Mode

အခန်း (၁၇၃)

ရင်ထဲကရွှေပြဒါးအမြုတေ

ဆန်းလျန်မှာ အဘယ်မျှ ပြောင်းလဲ သွားသောကြောင့် ဟွမ်ကျန်းက ဆန်းလျန်ကို မမှတ်မိနိုင်ဖြစ်နေရပါသနည်း။

အမှန်တော့ ဆန်းလျန်သာ ဟိုင်သန်းအဆင့် မတက်ရောက်နိုင်ခင် ဟွမ်ကျန်းက တိုက်ခိုက်မည် ဆိုလျှင် အနိုင်ကျင့်သည်ဟု အပြောအဆို ခံရမည် ဖြစ်လေသည်။

ထို့်ပြင် ဆန်းလျန်မှာ ချင်းရွှမ်နတ် တံခါးမှ တပည့်တစ်ယောက် ဖြစ်သည့်အတွက် ဆန်းလျန်ကို သတ်မိလျှင် သို့မဟုတ် ဒဏ်ရာရအောင် လုပ်မိလျှင် ဂိုဏ်းနှစ်ဂိုဏ်း ကြားတွင် ကြီးမားသည့် ရန်ငြိုးရစများ ဖြစ်ပေါ် လာနိုင်ပြီး ချင်းရွှမ်နတ် တံခါးဘက်မှ ဟွမ်ကျန်းကို အလွတ်ပေးမည် မဟုတ်ပေ။

သူ့အနေဖြင့် နတ်ဘုရား တစ်ပါး ဖြစ်မလာမချင်း ဂိုဏ်းထဲမှ မထွက်ခွာရဲသည့် အခြေအနေသို့ ရောက်ရောက် သွားနိုင်လေသည်။

ဟွမ်ကျန်းမှာ ဆန်းလျန်ထက် အတွေ့အကြုံများသူ ဖြစ်လေသည်။ သို့သော် ဆန်းလျန်က ဟိုင်သန်းအဆင့် တက်ရောက် အောင်မြင်ခဲ့ပြီ ဖြစ်သည့်အတွက် ဟွမ်ကျန်းနှင့် အဆင့် တူသွားပြီဟု ဆိုနိုင်လေသည်။ ထို့ကြောင့် ဟွမ်ကျန်းက ဆန်းလျန်မှာ ချင်းရွှမ် နတ်တံခါးမှ ကျင့်ကြံသူမှန်း လူအများ မသိခင်တွင် လက်ဦးမှု ရအောင် အနိုင်ယူလိုခြင်း ဖြစ်လေသည်။ ဆန်းလျန်ကို အနိုင်ယူပြီးမှ ဆန်းလျန်မှာ ချင်းရွှမ်နတ် တံခါးမှ တပည့် ဖြစ်ကြောင်း အများသိအောင် ဖော်ထုတ်ရင်း ဆန်းလျန်ကိုရော ချင်းရွှမ်နတ် တံခါးကိုပါ အရှက်ခွဲရန် ကြံစည် ထားလေသည်။ ထိုသို့ အရှက်ခွဲ ခံရပါက ဆန်းလျန် ရရှိသွားသည့် စိတ်ဒဏ်ရာသည် ဖော့ဝမ့်အဆင့် တက်ရောက်နိုင်ရန် အတွက် အတားအဆီး ဖြစ်သွားပြီး ဆန်းလျန်၏ ကျင့်စဉ်လမ်းလည်း ပိတ်စို့ သွားပေလိမ့်မည်။ သူ့အစီအစဉ်က တစ်ချက်ခုတ် နှစ်ချက်ပြတ် ဖြစ်လေသည်။

ထိုအတွေးများကြောင့် ဟွမ်ကျန်းသည် ဆန်းလျန်ကို မမှတ်မိချင်ယောင် ဆောင်ကာ တုံ့ဆိုင်းခြင်း မရှိတော့ဘဲ စတင် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ ဟွမ်ကျန်း၏ ဖူချန်မှ အလင်းတန်း တစ်ခုမှာ အရှိန်ပြင်းစွာ ထွက်ပေါ်လာပြီး ကောင်းကင် တစ်ခုလုံးတွင် ရွှေရောင် အလင်းတန်းများ ဖုံးလွှမ်း သွားလေသည်။

ထိုတန်ခိုး စွမ်းအားကို ရွှမ်ချင်း တန်ခိုးစွမ်းအားဟု လူသိ များကြသည်။ ထိုတန်ခိုး စွမ်းအားမှာ ကွမ်းချင်းနတ် ဘုရားဂိုဏ်း၏ အခြေခံကျင့်စဉ် တစ်ခု ဖြစ်လေသည်။ သို့သော် ဟွမ်ကျန်းကတော့ ထိုတန်ခိုး စွမ်းအားကို ထူးချွန် ထက်မြက်စွာ အသုံးချနိုင်လေသည်။ ထိုကျင့်စဉ်ကို သူကျင့်ကြံခဲ့သည်မှာ နှစ်ပေါင်း နှစ်ရာပင် ကြာခဲ့ပြီ။ ထို့ကြောင့် ထိုတန်ခိုး စွမ်းအားက သူ့ကို ကိုယ်စားပြုသည့် သင်္ကေတ ဖြစ်လာပြီး ပြိုင်ဘက် ကျင့်ကြံသူများနှင့် နတ်မိစ္ဆာများကို အနိုင်ယူခဲ့လေသည်။

တစ်ခါတစ်ရံတွင်တော့ ထိုတန်ခိုး စွမ်းအားကို ကျင့်ကြံမိသည့် အတွက် သူနောင်တ ရချင်သလို ဖြစ်မိသည်။ အဘယ်ကြောင့် ဆိုသော် ထိုတန်ခိုး စွမ်းအားများကို အသုံးပြုလျှင် သူ၏စွမ်းအားများ များစွာ ကုန်ခမ်း သောကြောင့် ဖြစ်လေသည်။ သို့သော် သူက ထိုတန်ခိုး စွမ်းအားကို အသုံးပြုနိုင်ခြင်း အတွက်လည်း များစွာ ဂုဏ်ယူ မိပြန်သည်။ အဘယ်ကြောင့် ဆိုသော် ထိုတန်ခိုး စွမ်းအားက အရာ အားလုံးကို ဖျက်စီးနိုင်စွမ်း ရှိလေသည်။

ထိုတန်ခိုး စွမ်းအားမှာ လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ကတည်းက တည်ရှိသည့် အလင်းဒြပ်စင် စွမ်းအားကို အသုံးပြုထားခြင်း ဖြစ်သည်။ ထိုအလင်းဒြပ်စင် စွမ်းအားမှာ စကြ၀ဋ္ဌာ တစ်ခုလုံးရှိ အရာအားလုံးကို ဖျက်စီး ပစ်နိုင်လေသည်။ ထိုစွမ်းအားကို ယှဉ်နိုင်သည့် စွမ်းအား လောကတွင် မရှိသေးပေ။

ဟွမ်ကျန်း၏ ရွှမ်ချင်း တန်ခိုးစွမ်းအားမှာ ထိုရှေးဟောင်း အလင်းဒြပ်စင် စွမ်းအားကို မမီလျှင်တောင်မှ မည်သည့် ဓားဝိညာဉ်မှ သူ၏စွမ်းအားကို ယှဉ်နိုင်မည် မဟုတ်ပေ။ ထိုတန်ခိုး စွမ်းအားမှာ ကွမ်းချင်းနတ်ဘုရား ဂိုဏ်း၏ ဂုဏ်ပုဒ် တစ်ခုလည်း ဖြစ်လေသည်။

ထို့ကြောင့် ဆန်းလျန် ရောက်ရှိလာသည်နှင့် ဟွမ်ကျန်းက ရွှမ်ချင်း တန်ခိုးစွမ်းအားကို ဆင့်ခေါ်လိုက်ခြင်း ဖြစ်လေသည်။ ယခုကဲ့သို့ ဆန်းလျန်ကို တိုက်ခိုက်ခြင်းမှာ ပေါင်ယွဲ့ ဆရာတော်ကြီးကို မလေးစားရာ ရောက်သော်လည်း နောက်မှ တောင်းပန်မည်ဟုသာ စိတ်ကူး ထားလိုက်မိသည်။

ရွှမ်ချင်း တန်ခိုး စွမ်းအားများမှာ အလွန်မှ ပြင်းထန် လွန်းပါသည်။ သို့သော် ဆန်းလျန် အတွက်တော့ ရယ်စရာပင် ဖြစ်လေသည်။

ဟိုင်သန်းအဆင့် မတက်ရောက်နိုင်ခင် ထိုသို့သော တန်ခိုး စွမ်းအားများကို ရင်ဆိုင်ရမည် ဆိုလျှင်တော့ ဆန်းလျန်အတွက် အခက်အခဲ ရှိမည် ဖြစ်လေသည်။

ဆန်းလျန်က ဟွမ်ကျန်းကို လျှော့မတွက်ရဲပါ။ ရွှမ်ချင်းတန်ခိုး စွမ်းအားမှ သန့်စင်သည့် စွမ်းအား ပေါက်ကွဲမှုသည် လွန်စွာမှ ပြင်းထန် လွန်းလေသည်။ ကျင့်ကြံသူ ဓားသမား တစ်ယောက် တစ်ဘဝလုံး ကျင့်ကြံခဲ့သည့် ဓားဝိညာဉ်ပင်လျှင် ထိုရွှမ်ချင်း တန်ခိုး စွမ်းအား၏ သန့်စင်မှုကို ကျော်လွန်နိုင်မည် မဟုတ်ပေ။

တန်ခိုးစွမ်းအား ဆိုသည်က အလွန်မှ ရှုပ်ထွေးလေသည်။ ရွှမ်ချင်းတန်ခိုး စွမ်းအားကဲ့သို့ ကြီးမားသည့် စွမ်းအားမျိုးကို အလွန် အစွမ်းထက်သည့် ကျင့်ကြံသူမှသာ ဆင့်ခေါ်နိုင်မည် ဖြစ်လေသည်။ အဆင့်မြင့် ကျင့်ကြံသူ တစ်ယောက် မဟုတ်ဘဲ ထိုသို့သော တန်ခိုး စွမ်းအားမျိုးကို သုံးဆွဲမိပါက တန်ခိုးစွမ်းအား ပိုကြီးသည့် ပြိုင်ဘက်နှင့်သာ ရင်ဆိုင်ရလျှင် ထိုပညာ၏ ဟာကွက်ကို တွေ့မြင် သွားနိုင်ပြီး အနိုင်ယူ တိုက်ခိုက်သွားမည် ဖြစ်လေသည်။

သာမန် ကျင့်ကြံသူ တစ်ယောက်သည် ထိုကဲ့သို့သော အံ့သြဖွယ်ရာ တန်ခိုးစွမ်းအား ကျင့်စဉ်ကို ရရှိသွားမည် ဆိုလျှင်တောင်မှ အောင်မြင်အောင် ကျင့်ကြံနိုင်စွမ်း ရှိမည် မဟုတ်ပေ။

ဆန်းလျန်မှာ မိုးမြေစွမ်းအားများ အကြောင်း နားလည် သဘောပေါက်နေသော ဟိုင်သန်းအဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်နေပြီ ဖြစ်သည်။ ထို့ကြောင့် ရွှမ်ချင်း တန်ခိုးစွမ်းအားကို တွေ့မြင် လိုက်သည်နှင့် ထိုတန်ခိုးစွမ်းအား နောက်ကွယ်မှ အကြောင်းတရားများကို တန်းပြီး သိမြင် လိုက်လေသည်။ ထိုပညာ၏ ဟာကွက်ကို သိမြင်သွားခြင်း ဖြစ်လေသည်။ ထို့ကြောင့် သူက ရယ်မောလိုက်ခြင်း ဖြစ်သည်။ သို့သော် ထိုပညာကို သူအမှန်တကယ် လေးစားမိပါသည်။

ဆန်းလျန်က ပညာကိုသာ လေးစားမိခြင်း ဖြစ်ပြီး ဟွမ်ကျန်းကိုတော့ ရင်ဆိုင် တိုက်ခိုက်မှာ ဖြစ်လေသည်။ ဆန်းလျန်သည် နတ်ဘုရား တစ်ပါး လူ့လောကသို့ ဆင်းသက် လာသကဲ့သို့ လေထဲတွင် ရပ်တန့် နေလေသည်။ သူ၏ ဘေးပတ်ပတ်လည်တွင် ရောင်စုံ တိမ်တိုက်များ ပွင့်လန်းနေကြသည်။ ဆန်းလျန်က လက်နှစ်ချောင်းဖြင့် အနီရောင် မီးတောက်တစ်ခုကို ဖန်ဆင်းလိုက်သည်။ ထိုအခါ ရောင်စုံ တိမ်တိုက်များမှာ လေနှင့် ထိတွေ့သည့် အလား လွင့်မျော သွားကြလေသည်။

“ကျုပ်ရင်ထဲက ရွှေပြဒါး အမြုတေနဲ့ ကျုပ်ရဲ့ ကံကြမ္မာကို ကျုပ်တည်ဆောက်မယ်”

ဆန်းလျန် ရေရွတ် လိုက်လေသည်။ သူ၏ အသံသည် တောင်တစ်ခွင်တွင် ပျံ့နှံ့သွားလေသည်။ လူအများသည် သူ့ကို မချီးကျူးဘဲ မနေနိုင်ကြပေ။

“တော်လိုက်တဲ့ တာအိုဆရာ”

ဟု ချီးကျူးသံများမှာ နေရာ အနှံ့မှ ထွက်ပေါ် လာလေသည်။

အနီရောင် မီးတောက်သည် မီးတံတိုင်းကြီး တစ်ခု ဖြစ်သွားပြီး ရွှမ်ချင်း တန်ခိုးစွမ်းအားမှ ထွက်ပေါ် လာသည့် ရွှေရောင် အလင်းတန်းများ အားလုံးကို စုပ်ယူ ဝါးမျို လိုက်လေသည်။

“ကျုပ်ကံကြမ္မာကို ကျုပ် ထိန်းချုပ်နိုင်မှတော့ မီးထဲမှာလည်း ရွှေကြာပင်ကို စိုက်ပျိုးနိုင်တယ်”

ဆန်းလျန်က ထပ်ပြော လိုက်လေသည်။

အနီရောင် မီးတောက်မှ အပြာရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ရွှမ်ချင်းတန်ခိုး စွမ်းအား အလင်းတန်းကို ဝိုင်းပတ် ထားလိုက်လေသည်။ ထိုအပြာရောင် အလင်းတန်းမှာ ရွှမ်ချင်း အလင်းတန်းကို ထိပ်ဖျားမှ အောက်ခြေအထိ လေပွေစက်ဝန်း တစ်ခုအလား ဝိုင်းပတ်ကာ လှည့်ပတ် နေလေသည်။ ရွှမ်ချင်းအလင်းတန်း ပျောက်ကွယ်သွားသည့် အခါမှ ထိုအပြာရောင် အလင်းတန်းလည်း ပျောက်ကွယ် သွားလေသည်။

တိုက်ပွဲ အခြေအနေကို ကြည့်ရသည်မှာ မီးအလှပြကွက်နှင့်ပင် တူနေသေးသည်။ လွန်စွာမှ ရင်သပ် ရှုမောဖွယ်ရာ လှပ လွန်းလေသည်။

အယူအဆပိုင်း ဆိုင်ရာကို ပြောရမည် ဆိုလျှင် ဟွမ်ကျန်း၏ အလင်းတန်း တစ်ခုတည်းကို ဆန်းလျန်က အလင်းတန်း နှစ်ခုဖြင့် တိုက်ခိုက်လိုက်ရသည့် အတွက် ဟွမ်ကျန်းက သာသကဲ့သို့ ဖြစ်နေလေသည်။

သို့သော် ဆန်းလျန်၏ တိုက်ကွက်က သပ်ရပ်ပြီး လှပလေသည်။ သူတို့နှစ်ယောက်၏ တိုက်ပွဲမှာ ပေါင်ယွဲ့ ဆရာတော်ကြီးအား မီးအလှဖြင့် မျက်လှည့်ပြကာ ဂုဏ်ပြု နေသကဲ့သို့ပင် ဖြစ်နေလေ တော့သည်။ ဆန်းလျန်က ရယ်မော လိုက်ရင်း …

“ကျွန်တော်က ချင်းရွှမ် နတ်တံခါးက ဆန်းလျန်ပါ၊ ကျွန်တော် ရိုင်းပြမိတာ ရှိရင် ခွင့်လွှတ်ပါ”

ဟု ပြောလိုက်လေသည်။

ချင်းရွှမ်နတ်တံခါး ဆိုသည့် အမည်နှင့် သူအသုံးပြုခဲ့သည့် တန်ခိုးစွမ်းအားကို ကြည့်ခြင်းအားဖြင့် ခပ်လွယ်လွယ် ကျင့်ကြံသူ တစ်ယောက် မဟုတ်ကြောင်း အားလုံးက သိလိုက်ကြလေသည်။ ဟွမ်ကျန်းမှာ သူ၏ ဒေါသကို မျိုသပ် ထားလိုက်ပြီး မည်သည့်စကားမှ မပြောတော့ပေ။

ထိုစဉ် …

ဖေးထိုင် စေတီတော်ဆီမှ တရားစာ ရွတ်ဖတ်သံများ ထွက်ပေါ်လာလေသည်။ တရားစာ ရွတ်ဖတ် နေသူမှာ ဆယ်ကျော်သက် အရွယ်မျှသာ ရှိသေးသည့် ဘုန်းတော်ကြီး တစ်ပါး ဖြစ်ပြီး လရောင်ကဲ့သို့ ဖြူစင်သည့် သင်္ကန်းကို ရုံထားလေသည်။ ထိုဆရာတော်မှာ မည်သူဖြစ်သည်ကို အားလုံးက တီးတိုး မေးမြန်း နေကြလေသည်။ အသိဉာဏ် ကြွယ်ဝသည့် လူတစ်ယောက်က ထိုဘုန်းတော်ကြီးမှာ ကျင်းကွမ်း ဝတ်ကျောင်းတော်၏ ကျောင်းထိုင် ဆရာတော် ပေါင်ယွဲ့ ဆရာတော်ကြီးပင် ဖြစ်ကြောင်း ပြောပြ လိုက်လေသည်။ ဆရာတော်မှာ ရွှေခန္ဓာ ကျင့်စဉ်ကို ကျင့်ကြံ အောင်မြင်ထားသူ ဖြစ်လေသည်။

ပေါင်ယွဲ့ဆရာတော်ကြီးမှာ ပေါင်ကွမ်း ဆရာတော်ကဲ့သို့ နာမည် ကျော်ကြားခြင်းကို နှစ်သက်ခြင်းမရှိဘဲ သိုသိုသိပ်သိပ် နေခဲ့သူ ဖြစ်သည်။ ပေါင်ကွမ်း ဆရာတော်မှာ နတ်မိစ္ဆာများကို နှိမ်နင်းခဲ့သည့် အပြင် ယွဲ့ထော်တိုင်းပြည်၏ မင်းဆရာ တစ်ပါးအဖြစ် နာမည် ကျော်ကြားသူ ဖြစ်လေသည်။ သို့သော် ပေါင်ယွဲ့ ဆရာတော်ကြီးမှာတော့ အနေအထိုင် သိုသိပ်လှပြီး သူ၏ မျက်နှာကိုပင် ဖူးတွေ့ဖူးသူ နည်းပါးလေသည်။

ယနေ့တွင်တော့ သူ၏ ငယ်ရွယ်လွန်းသည့် အသွင်သဏ္ဌာန်ကို မြင်ရသူတိုင်းမှာ အံ့သြ မင်သက်ကာ လေးစား သွားမိကြရလေသည်။ ဗုဒ္ဓဘာသာ၏ ကြီးမြတ်မှုကိုလည်း လူအများ နားလည် သွားကြရသည်။

တရားစာရွတ်ဆိုသံ အဆုံး သတ်သွားသည်နှင့် ပေါင်ယွဲ့ဆရာတော်ကြီးက ပြောကြား လိုက်သည်။

“မိတ်ဆွေလေး၊ မိတ်ဆွေလေးက မိတ်ဆွေလေးရဲ့ အစ်ကို ချန်ကျန့်မေလိုပဲ မြင့်မြတ် လွန်းလှပါတယ်၊ ချင်းရွှမ် နတ်တံခါးဟာ မျိုးဆက် တစ်ခုတိုင်းမှာ ဒီလို အရည်အချင်း ရှိတဲ့သူတွေ ပေါ်ထွက် လာစမြဲပဲ၊ သိပ်ကို လေးစားစရာ ကောင်းလှပါတယ်”

ဆန်းလျန်မှာ ပေါင်ယွဲ့ဆရာတော်ကြီး၏ စကားကြောင့် များစွာ အံ့သြ သွားရလေသည်။ ဆရာတော်ကြီး၏ စကားများအရ ချန်ကျန့်မေနှင့် ပေါင်ကွမ်း ဆရာတော်ကြား ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာ များကို အမျက် သိုထားခြင်း ရှိဟန်မတူပေ။ ထိုအချက်ကို ဆန်းလျန်မှာ စိတ်ထဲတွင် မတင်မကျ ဖြစ်သွားရလေသည်။

ဆန်းလျန်က သူ့စိတ်ထဲမှ သံသယကို မျိုသိပ် လိုက်ပြီး ပေါင်ကွမ်း ဆရာတော်ကို ရိုသေစွာ ဂါရဝ ပြုလိုက်သည်။ သို့သော် မည်သည့် စကားမှတော့ ပြောခြင်း မရှိပါ။

လေတစ်ချက် တိုက်ခတ်သွားပြီး ပေါင်ယွဲ့ ဆရာတော်က လက်ညိုးတစ်ချက် ညွှန်လိုက်သည်နှင့် မြေပြင်ထက်တွင် ကြိမ်ပင်လေး တစ်ပင် ပေါက်လာလေသည်။ ထိုကြိမ်ပင်လေးမှာ ကြိမ်ထိုင်ခုံလေး တစ်ခုအလား ဖြစ်သွားပြီး ဟွမ်ကျန်းနှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိလေသည်။ ဆန်းလျန်လည်း စကား မပြောတော့ဘဲ ဆရာတော် စီစဉ်ပေးသည့် ကြိမ်ပင် ထိုင်ခုံလေးပေါ်တွင် ထိုင်လိုက်လေသည်။

ပေါင်ယွဲ့ဆရာတော်ကြီးမှာ ဆန်းလျန်နှင့် ဟွမ်းကျန်းကို တိုက်ခိုက်စေချင်ပုံ မပေါ်ပေ။

သို့သော် လူအုပ်ကြီးကတော့ ဆန်းလျန်နှင့် ဟွမ်ကျန်းကို အရိပ်တကြည့်ကြည့် ဖြစ်နေ ကြလေသည်။ သူတို့ နှစ်ယောက် ထပ်မံ တိုက်ခိုက်မည်ကို မျှော်လင့် နေကြလေသည်။

ချင်းရွှမ် နတ်တံခါးနှင့် ကွမ်းချင်းနတ်ဘုရား ဂိုဏ်းတို့မှာ သမိုင်းဝင် အဆင့်မြင့် နတ်ဘုရား ဂိုဏ်းများ ဖြစ်ကြသည့် အတွက် ဆန်းလျန်နှင့် ဟွမ်ကျန်းသာ တိုက်ခိုက်ကြလျှင် အလွန်ပင် ကြည့်ကောင်းမည့် ပွဲတစ်ပွဲ ဖြစ်လာမည် ဖြစ်သည်။ ထို့ကြောင့် လူတိုင်းက တိုက်ပွဲကို ကြည့်ချင်နေကြခြင်း ဖြစ်လေသည်။

ဆန်းလျန်၏ ဘေးနားသို့ စုန့်ချင်းယီနှင့် ချီးရှိုးတို့ ရောက်လာကြလေသည်။ စုန့်ချင်းယီက ဆန်းလျန်ကို စိတ်စွမ်းအား အသုံးပြုပြီး စကား ပြောလိုက်သည်။

“မင်းလုပ်တာ ကောင်းတယ်၊ ငါအဲဒီ ကောင်ကို ကြည့်မရတာ တော်တော် ကြာနေပြီ”

ဆန်းလျန်က စုန့်ချင်းယီကို ဘာမှ ပြန်မပြောဘဲ ပြုံးရုံသာ ပြုံးနေလိုက်သည်။

ထိုအချိန်အတွင်းမှာပင် …

ခေါင်းလောင်းသံများထွက်ပေါ်လာသည်ကို ကြားလိုက်ရလေသည်။

ခေါင်းလောင်းသံများမှာတောင်ဘက်အရပ်ဆီမှ လွင့်ပျံလာခြင်းဖြစ်သည်။

ခေါင်းလောင်းကြီးတစ်ခုကို ဦးခေါင်းထက်တွင် သယ်ဆောင်လာပြီး လေထဲတွင် ကောင်းကင်ခရီးဖြင့် ကြွလာသည့် ဘုန်းတော်ကြီး တစ်ပါးကို အားလုံး မြင်တွေ့လိုက်ကြရလေသည်။ သူ၏သင်္ကန်းမှာ လေထဲတွင် လွင့်ပျံနေပြီး နတ်ဘုရား တစ်ပါးအလား လျင်မြန်သည့် အရှိန်ဖြင့် ပျံသန်းလာခြင်း ဖြစ်လေသည်။

ထိုဘုန်းတော်ကြီးကို တွေ့သည်နှင့် လူအုပ်ကြီးမှာ ဆူဆူညံညံ ဖြစ်သွားကြလေသည်။

“ဟွေခဲ့ဆရာတော်က မင်ဝမ်ဝတ်ကျောင်းတော်က ဆရာတော်တစ်ပါးပဲ၊ ပြောနေကြတာတော့ တာအိုဆရာဟွမ်ကျန်းနဲ့ အဆင့်အတူတူပဲတဲ့၊ ဒါပေမဲ့ ခုလာတဲ့ ဆရာတော်ရဲ့အဆင့်က အရမ်းကို မြင့်မားနေတာပဲ၊ ခန့်မှန်းလို့ မရနိုင်ဘူး”

တီးတိုးစကားသံများ ထွက်ပေါ်လာကြလေတော့သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset