Switch Mode

အခန်း (၁၇၂)

မင်းက ဘယ်က နတ်မိစ္ဆာကောင်လဲ

တောင်ထိပ်တွင် ဘုံကိုးဆင့်ပါသည့် စေတီတစ်ဆူ ရှိလေသည်။ ထိုစေတီကို ထူးဆန်းသည့် ကျောက်တုံးကြီး တစ်တုံးဖြင့် တည်ထားခြင်း ဖြစ်လေသည်။ ကျင်းကွမ်း ဝတ်ကျောင်းတော်၏ ယခင် ကျောင်းထိုင် ဆရာတော်ကြီးသည် ရှီးဟွမ်တွင် ထူးဆန်းသည့် ကျောက်တုံးကြီး တစ်တုံးကို တွေ့ရှိခဲ့ပြီး သူ၏တန်ခိုးဖြင့် ကျောက်တုံးကြီးကို တောင်ပေါ်သို့ ပို့ဆောင်ခဲ့လေသည်။

ထိုစေတီတော်ကို “ဖေးထိုင်” စေတီတော်ဟု လူသိများကြလေသည်။

တောင်ထိပ်တွင် ပြန့်ပြူးသည့် မြေနေရာများရှိပြီး ကျောင်းဆောင်ပေါင်း ဆယ်ခုကျော် တည်ဆောက်ထားသည်။ ကျောင်းဆောင်တိုင်းမှာ ရောင်ခြည်မျိုးစုံ တောက်ပနေကြလေသည်။ သို့သော် ကြီးမြတ်သည့် ပေါင်ယွဲ့ဆရာတော်ကြီး၏ ဂုဏ်ကျက်သရေကို ကျော်လွန်၍ တောက်ပနိုင်ခြင်း မရှိကြပေ။

ထိုကျောင်းဆောင်လေးများမှာ ကျင်းကွမ်း ဝတ်ကျောင်းတော်မှ ဘုန်းတော်ကြီးများ နေထိုင်သည့် ကျောင်းဆောင်များ ဖြစ်ကြလေသည်။ ယခုတော့ စကားရည်လုပွဲသို့ လာရောက်ကြသည့် ပရိတ်သတ်များက အသီးသီး နေရာယူကာ ထိုင်နေကြလေသည်။ တရားနာသူ များထဲတွင် တာအိုလမ်းသို့ လိုက်လျှောက်ချင်သည့် နတ်မိစ္ဆာများ၊ အန္တရာယ်ရှိသည့် နတ်မိစ္ဆာများနှင့် မိစ္ဆာကျင့်စဉ်ကို ကျင့်ကြံကြသည့် နတ်မိစ္ဆာများလည်း ပါဝင်လေသည်။ သို့သော် ထိုနတ်မိစ္ဆာများ၏ အဆင့်မှာ ရှီးဟွမ်မှ နတ်မိစ္ဆာများထက် အဆင့်မြင့်ကြပြီး ခွဲခြားသိရှိနိုင်ရန် ခက်ခဲလေသည်။

ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှ တာအိုဆရာလေးမှာ အရှေ့ဘက် ကျောင်းဆောင်တွင် နေရာယူထား လေသည်။ သူ၏နေရာမှ လထွက်လာသည်ကို တွေ့မြင်နိုင်လေသည်။ ထို့ကြောင့် လရောင်ကို ကြည့်ရှုခံစားရင်း အေးချမ်းစွာ နေနိုင်လေသည်။

စုန့်ချင်းယီ၏ ကျင့်စဉ်အဆင့်မှာ ယခုထက်ပိုပြီး မြင့်မားနေမည်ဆိုလျှင် ထို တာအိုဆရာလေး ထိုင်သည့်နေရာတွင် သူလည်း ထိုင်ခွင့်ရမည် ဖြစ်လေသည်။ ကွမ်းချင်းနတ်ဘုရား ကျောင်းတော်သည် မည်မျှပင် တန်ခိုးစွမ်းအား ကြီးမားနေပါစေ ရှန်ဆန်းကျန်းရန်လုကျိုးယွမ်၏ ရွှမ်ထျန်းဂိုဏ်းနှင့်တော့ နှိုင်းယှဉ်၍ မရနိုင်ပေ။

ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှ တာအိုဆရာလေးသည် လက်ထဲတွင် ဖူချန်ကို ကိုင်ဆောင်ထားပြီး နတ်ဘုရား တစ်ပါးအလား လရောင်အောက်တွင် လင်းလက်တောက်ပလျက် ရှိလေသည်။ သူ၏ ကိုယ်ရောင်ကိုယ်ဝါမှာ လရောင်နှင့် ပေါင်းစပ်သွားပြီး သာမန်ထက် ထူးခြားစွာ လင်းလက်နေလေသည်။ ကျင့်ကြံသူ အများစုမှာ ထိုတာအို ဆရာလေးကို တိတ်တဆိတ်ငေးမော ကြည့်နေမိကြလေသည်။

(ဖူချန် = တာအိုဆရာများကိုင်သည့် မြင်းမြီးကဲ့သို့သော နှင်တံကိုဆိုလိုသည် – ဘာသာပြန်သူ)

ဂိုဏ်းဂဏမရှိ တစ်ဦးချင်း ကျင့်ကြံကြသည့် ကျင့်ကြံသူများမှာ ကွမ်းချင်းနတ်ဘုရား ဂိုဏ်းကို အသိအမှတ်ပြု လာရောက်ဂါရဝ ပြုကြလေသည်။

ထို့ကြောင့် ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှ တာအိုဆရာလေး ရှေ့တွင် ဂါရဝပြုရန် တန်းစီနေကြသည့် လူတန်းကြီးကို တွေ့မြင်နိုင်လေသည်။ သို့သော် ထိုသူများထဲတွင် ထင်ထင်ရှားရှား နာမည်ကြီးသူများတော့ မပါဝင်ပေ။

ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှ တာအိုဆရာလေး၏ နာမည်မှာ ဟွမ်ကျန်း ဖြစ်လေသည်။ သူက ကွမ်းချင်း နတ်ဘုရားဂိုဏ်းတွင် အရေးပါသူ တစ်ဦးလည်း ဖြစ်သည်။

သူ၏ ဘေးနားတွင်တော့ လရောင်ကဲ့သို့ ဖြူစင်ဝင်းပနေသည့် တာအိုဝတ်စုံကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအရွယ် တာအိုဆရာသခင် တစ်ပါး ထိုင်နေလေသည်။ ထိုသူ၏ မျက်နှာက ကြည်လင် ထင်ရှားနေပြီး မုတ်ဆိတ်မွေးများက လေထဲတွင် လွင့်နေလေသည်။

သူက လာရောက်ကြသည့် ဧည့်ပရိတ်သတ်ပေါင်း များစွာကို ကြည့်ရင်း မချီးကျူးဘဲ မနေနိုင်ပေ။

“ကျုပ် ဒီလောက် လူစည်ကားတာမျိုး မတွေ့ရတာ ကြာလှပြီပဲ။ ကျုပ်ရဲ့ မိတ်ဆွေကြီး ဟွေခဲ့ ဆရာတော်ကတော့ ဒီနေ့ကို ကျော်လွန်ရင် လုန်ဟွာအဆင့်ကို တက်ရောက် နိုင်မလားတောင် မသိဘူး”

ဟု ပြောလိုက်လေသည်။

လုန်ဟွာဆိုသည်မှာ ဗောဓိဿကျနှင့် နတ်ဘုရားများ ထာဝရ အသက်ရှင်သန်သည့် အဆင့်သို့ ရောက်ရှိခြင်းကို ဆိုလိုခြင်း ဖြစ်လေသည်။ တာအိုကျမ်းစာများနှင့် ဗုဒ္ဓကျမ်းစာများတွင် လုန်ဟွာ ပွဲတော်သို့ ထာဝရ အသက်ရှင်သူ ဗောဓိဿကျ၊ နတ်ဘုရားများ အားလုံး တက်ရောက်ကြရ လေသည်။

တာအိုဆရာလေး ဟွမ်ကျန်းက ထိုသက်လတ်ပိုင်းအရွယ် တာအိုဆရာကို တစ်ချက် လှမ်းကြည့်ရင်း ပြုံးလိုက်လေသည်။

“အစ်ကိုပိုင်ရှီ အစ်ကိုက ဖော့ဝမ့်အဆင့် တက်လှမ်းနိုင်ဖို့ လမ်းတစ်ဝက်မှာ ရောက်နေပြီ။ ပြီးတော့ လူ့လောကထဲမှာ ဒီလောက်အကြာ လှည့်လည်သွားလာ နေတာတောင် လောကရဲ့ ညစ်နွမ်းမှုတွေက အစ်ကို့ရဲ့ စိတ်ကို ညစ်နွမ်းအောင် မစွမ်းဆောင်နိုင်ဘူး။ ကြည့်ရတာ အစ်ကိုက ကျွန်တော့်ထက်တောင် ကျင့်စဉ်အဆင့်တက်တာ စောနေဦးမယ် ထင်တယ်”

ဟု တာအိုဆရာလေး ဟွမ်းကျန်းက ပြောလိုက်လေသည်။

ထိုသက်လတ်ပိုင်း တာအိုဆရာဖြစ်သည့် တာအိုဆရာသခင် ပိုင်ရှီမှာ မိုးမြေတစ်ခွင်တွင် အလွန်မှ နာမည်ကျော်ကြားသည့် ကျင့်ကြံသူ တစ်ယောက် ဖြစ်လေသည်။ သူ၏ ကျော်ကြားမှုမှာ နှစ်တစ်ရာ ကျော်ခဲ့ပြီဖြစ်ပြီး သူ၏ တန်ခိုးစွမ်းအားများမှာ တိုင်းဆ၍ပင် မရပေ။ သူက လောက နတ်ဘုရားတစ်ပါး ချန်ထားခဲ့သည့် “ပိုင်ရှီ” ဟု အမည်ရသည့် အဖြူရောင် ဂူထဲတွင် နေထိုင်သည့် အတွက် သူ့ကို တာအိုဆရာသခင် ပိုင်ရှီဟု ခေါ်ကြခြင်း ဖြစ်လေသည်။

တာအိုဆရာသခင် ပိုင်ရှီတွင် မိတ်ဆွေ အပေါင်းအသင်း များစွာရှိပြီး ချင်းရွှမ်နတ်တံခါးမှ ဆရာသခင် ကျန်းရော့ရွှီးနှင့်လည်း ခင်မင်သူ ဖြစ်လေသည်။ ထို့ကြောင့် ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှ တာအိုဆရာလေး ဟွမ်ကျန်းက သူ့ကိုသိပ်ပြီး နှစ်သက်ခြင်း မရှိပေ။

ချင်းရွှမ် နတ်တံခါးနှင့် ကွမ်းချင်းနတ်ဘုရား ဂိုဏ်းတို့မှာ တိုက်ရိုက်ပြဿနာ ဖြစ်ခြင်းမျိုး မရှိသည့်တိုင် ကွမ်းချင်းနတ်ဘုရား ဂိုဏ်းက ချင်းရွှမ်နတ်တံခါးကို လျှို့ဝှက် တိုက်ခိုက်နေသည့် ဂိုဏ်းတစ်ခု ဖြစ်လေသည်။

တာအိုဆရာလေး ဟွမ်ကျန်းမှာ အလွန်မှာ ဉာဏ်ရည်ထက်မြက်သည့် သူတစ်ယောက် ဖြစ်လေသည်။ ထို့ပြင် သူက ကွမ်းချင်းနတ်ဘုရား ဂိုဏ်းသည် ချင်းရွှမ်နတ်တံခါး နေရာတွင် အစားထိုး ဝင်ရောက်နိုင်လောက်အောင် တန်ခိုးစွမ်းအား ကြီးမားနေသည်ဆိုသည့် အကြောင်းကိုလည်း ဝါဒဖြန့်နေသူ တစ်ယောက် ဖြစ်လေသည်။ ထို့ကြောင့် တာအိုဆရာသခင် ပိုင်ရှီကဲ့သို့ ချင်းရွှမ် နတ်တံခါးဘက်မှ ရပ်တည်ပေးမည့် တာအိုဆရာများကို အမြင်ကြည်လင်ခြင်း မရှိပေ။

သူက တာအိုဆရာသခင် ပိုင်ရှီကို မကောင်းတတ်၍သာ စကားပြောလိုက်ခြင်း ဖြစ်ပြီး အခြားကိစ္စများ ဆက်လက် ပြောဆိုလိုခြင်း မရှိပေ။

တာအိုဆရာသခင် ပိုင်ရှီကတော့ တာအိုဆရာလေး ဟွမ်ကျန်း၏ စကားကြောင့် ပြုံးလိုက်မိသည်။

“ကျုပ်ရဲ့ စိတ်ကိုသာ ညစ်နွမ်းစေမယ်ဆိုရင် ကျုပ်က ကျုပ်ရဲ့ ဂူထဲမှာပဲ ကျင့်ကြံနေမှာပေါ့။ ဒီလို လူတောထဲကို လာမှာတောင် မဟုတ်ဘူး”

တာအိုဆရာသခင် ပိုင်ရှီက ပြန်ပြောလိုက်လေသည်။

သူ၏ တာအိုကျင့်စဉ်လမ်းသာ ပျက်စီးမည်ဆိုလျှင် သူက ယခုကဲ့သို့ ကိစ္စမျိုးတွင် ပါဝင် ပတ်သက်မည် မဟုတ်ပေ။

သို့သော် သူ့အနေဖြင့် ထိုအရာများ အားလုံးကို နားလည်ပြီးသား ဖြစ်နေသည့် တာအိုဆရာလေး ဟွမ်ကျန်းကို သိပ်ပြီး ရှင်းပြနေရန်လည်း မလိုပေ။

“လောကမှာ သန့်စင်တဲ့ နေရာဆိုတာ ဘယ်မှာများ ရှိလို့လဲ။ ကျုပ်တို့ ကွမ်းချင်းနတ်ဘုရား ဂိုဏ်းရဲ့ ကျင့်ကြံသူတွေမှာ ဆရာသခင်တွေက သေချာသင်ပြ ပေးနေလို့ ကျုပ်တို့ ဒီအဆင့်ထိ ရောက်လာတာ။ မိုးကောင်းကင်က သင်ပြပေးမှုကိုတောင် မလိုပါဘူး”

တာအိုဆရာလေး ဟွမ်ကျန်းက ပြောလိုက်လေသည်။

သူက တာအိုဆရာသခင် ပိုင်ရှီကို လက်သီးပုန်းထိုးပြီး စကားဖြင့် တိုက်ခိုက်လိုက်ခြင်း ဖြစ်သော်လည်း မည်သူကမျှ သူ့ကို အပြစ်မတင်ကြပေ။

အဘယ်ကြောင့်ဆိုသော လောကတွင် မိုးကောင်းကင်အလိုကျ ကျင့်စဉ်လမ်းကို လိုက်လျှောက်သည်ဟု ဆိုကြသည့် ကျင့်ကြံသူအချို့ ရှိလေသည်။ ထိုသူများက ကျင့်စဉ်လမ်း မအောင်မြင်သည့်အခါ မိုးကောင်းကင် အလိုကျဟု ဆိုတတ်ကြလေသည်။ အမှန်တော့ ထိုသူများမှာ မိုးကောင်းကင်ကို အသုံးချပြီး ထိုသို့သော စကားမျိုး ပြောသူများ ဖြစ်လေသည်။

လူတစ်ယောက်သည် ကျင့်စဉ်လမ်းကို လျှောက်ပြီဆိုသည်နှင့် မနားမနေ ရှေ့သို့သာ သွားသင့်လေသည်။ နောက်တွင် ကျန်ရစ်ခဲ့ပြီ ဆိုပါက ကျိန်းသေပေါက် သေခြင်းတရားကို ရင်ဆိုင်ရမည် ဖြစ်လေသည်။

တာအိုဆရာသခင် ပိုင်ရှီက ရယ်မောလိုက်လေသည်။

“ကျင့်စဉ်လမ်းအကြောင်း ပြောရကြေးဆိုရင် လွန်ခဲ့တဲ့ တစ်လလောက်က ရှီးဟွမ် နယ်ဆိုးဘက်မှာ အသက်ဓာတ် စွမ်းအားတွေ လှိုင်းလုံးကြီး တစ်ခုလို တလိမ့်လိမ့် တက်နေတာကို ညီငယ် သတိထားမိတယ် မဟုတ်လား။ အားလုံးက ဝိညာဉ်စွမ်းအား ရတနာပစ္စည်းတစ်ခု ဖြစ်တည်လာလို့ ဒီလိုဖြစ်တယ်လို့ ထင်နေကြတာ။ ဒါပေမဲ့ တိမ်တိုက်တွေထဲမှာ နဂါးပုံသဏ္ဌာန်နဲ့ ကျားပုံသဏ္ဌာန်တွေ ပေါ်ထွက်လာတော့မှ တစ်ယောက်ယောက်တော့ ဟိုင်သန်းအဆင့်ကို အောင်မြင်သွားပြီဆိုတာ သိခဲ့ရတယ်။ ဒါပေမဲ့ အဲဒီ ဟိုင်သန်းကျင့်ကြံသူ ဘယ်နေရာမှာ ရှိတယ် ဆိုတာကို ကျုပ်လို လူမျိုးတောင် ခြေရာခံလို့ မရခဲ့ဘူး။ ပြီးတော့ အဲဒီနေရာက မိုးမြေစွမ်းအားတွေ အမြဲတမ်း ပြောင်းလဲနေတဲ့ နေရာတစ်ခုပဲ။ သိပ်ကို အန္တရယ်များတယ်။  ဒါပေမဲ့ မိုးကောင်းကင်က ခွင့်ပြုရန် မြေပြင်က အန္တရာယ်ဆိုတာ ဘာတတ်နိုင်မှာလဲ။ အန္တရာယ်ရှိတဲ့ နေရာတောင် အန္တရာယ်ကင်းတဲ့ နေရာတစ်ခု အဖြစ်နဲ့ အဲဒီ ကျင့်ကြံသူဟာ ဟိုင်သန်းအဆင့် တက်ရောက် နိုင်ခဲ့တာပဲ”

“အသက်ဓာတ် စွမ်းအားလှိုင်းလုံးတွေ တလိမ့်လိမ့် တက်နေတာ ကိုးရက်နဲ့ ကိုးညတိတိ ကြာတယ်။ ကျုပ် အဲဒီနေရာကို သွားရှာသေးတယ်။ အဲဒီနေရာက တကယ့် မြက်တောင်မပေါက်တဲ့ နယ်ကြမ်းတစ်ခုပဲ။ ဒါပေမဲ့ အသက်ဓာတ် စွမ်းအားတွေ ပြည့်လာပြီး တိရစ္ဆန်တွေတောင် ပျော်မြူး နေကြတယ်။ အဲဒီနေရာမှာ တာအိုကျောင်းတော် တစ်ခုဖွင့်လို့ မရဘူး ဆိုရင်တောင်မှ တကယ့် မြင့်မြတ်တဲ့ နေရာတစ်ခုအဖြစ် ပြောင်းလဲသွားတယ်”

“ဒါပေမဲ့ ဟိုင်သန်းအဆင့် တက်ရောက်သွားသူက ဘယ်သူဆိုတာကို သဲလွန်စလေး တစ်ခုတောင် မကျန်ခဲ့ဘူး။ မင်းက အားလုံးကို သိတယ်ဆိုရင် အဲဒီလူ ဘယ်သူများလဲ မင်းသိနိုင်မလား”

တာအိုဆရာသခ င်ပိုင်ရှီက ရှည်လျားစွာ ပြောလိုက်လေသည်။

တာအိုဆရာလေး ဟွမ်ကျန်းက ဆရာပိုင်ရှီ၏ စကားကို အလေးမထားသည့် ပုံစံဖြင့် …

“လောကမှာ အရည်အချင်း ရှိတဲ့လူတွေ တစ်ပုံကြီး ရှိတာပဲ။ ကျုပ်က တာအို ဆရာသခင်ကြီး တစ်ပါးလည်း မဟုတ်၊ ဗောဓိဿကျလည်း မဟုတ်ဘဲနဲ့ ဘယ်လိုလုပ် အရာအားလုံးကို သိမြင်နိုင်မှာလဲ”

ဟု ပြောလိုက်လေသည်။

တာအိုဆရာသခင် ပိုင်ရှီ၏ မျက်ဝန်းများတွင် အရောင်တစ်ချက် လက်သွားလေသည်။

“မင်းကို ကျုပ် အကောင်းဘက်ကနေ အကြံဉာဏ်တစ်ခု ပေးမယ်နော်။ ခုအချိန်မှာ မင်းက ထိပ်တန်းအဆင့် ဟိုင်သန်းကျင့်ကြံသူ တစ်ယောက်ပဲ။ ဒါပေမဲ့ မင်းမှတ်ထားဖို့က မင်းထက်သာတဲ့ ဟိုင်သန်းကျင့်ကြံသူ တစ်ယောက် ပေါ်လာဦးမယ် ဆိုတာပဲ”

တာအိုဆရာလေး ဟွမ်ကျန်းက ခနဲ့သလို တစ်ချက် ရယ်မောလိုက်လေသည်။

“အစ်ကိုပိုင်ရှီက ကျုပ်ကိုစောင်းပြီး သတိ ပေးနေတာပဲကိုး။ အဲဒီ ဟိုင်သန်းအဆင့် အောင်မြင်သွားတဲ့သူက ဘယ်သူဆိုတာ ကျုပ်မသိဘူးများ ထင်နေလို့လား။ သူက ချင်းရွှမ် နတ်တံခါးက တပည့်ငယ်လေး တစ်ယောက်ပဲ။ ချန်ကျန့်မေရဲ့ ဓားတောင် ကျုပ်ရဲ့ ဖူချန်ကိုတောင် နိုင်အောင် တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး။ ဒီလို တပည့်ငယ်လေး တစ်ယောက်ကို ဘာများ ဂရုစိုက်စရာ လိုလဲ။ ဒါပေမဲ့ အခု သူဟိုင်သန်းအဆင့် အောင်မြင်ပြီ ဆိုတော့ အနိုင်ကျင့်တယ်လို့ မထင်ကြဘူး ဆိုရင် ကျုပ်က နည်းနည်း အပိုးကျိုးအောင် ဆုံးမပေးလိုက်ဦးမယ်”

ဟွမ်ကျန်း၏ စကားဆုံးသည်နှင့် ရောင်စုံ ရောင်စဉ်တန်းများသည် အနောက်ဘက် မိုးကောင်းကင်တွင် တစ်ချက် တောက်ပသွားပြီး တိမ်တိုက်တစ်ခု လွင့်မျောလာလေသည်။

ထိုတိမ်တိုက်မှာ အရောင်ရှစ်မျိုး တောက်ပနေပြီး ထိန်ထိန်သာနေသည့် လမင်း၏ အလင်းရောင်သည်ပင်လျှင် ထိုရောင်စဉ်များ၏ တောက်ပမှုအောက်တွင် မှေးမှိန်သွားရလေသည်။

ကျင့်ကြံသူများမှာ ထိုမြင်ကွင်းကို ငေးမောကြည့်ရှု နေကြရင်း ထိုမျှ အဆင့်အတန်း မြင့်လွန်းသော ကျင့်ကြံသူမှာ မည်သူများလဲဟု သိချင်နေကြလေသည်။

ထိုသူက နီးကပ်လာသည်နှင့် ရောင်စဉ်ရှစ်မျိုးက တဖြည်းဖြည်း ပျောက်ကွယ် သွားလေသည်။ ထိုအခါမှ လေနှင့်အတူ လွင့်မျောလာသည့် လူငယ်တာအို ဆရာလေးတစ်ပါးကို တွေ့လိုက်ရ လေသည်။ သူ၏ မျက်ခုံးနှစ်ခု ကြားတွင် တောက်ပလင်းထိန် နေသည့်အပြင် မျက်ဝန်းများမှာလည်း ကြယ်စင်ကဲ့သို့ လင်းလက်နေလေသည်။ သူ၏ ပုံသဏ္ဌာန်က လူသား အားလုံးကို ညှို့ယူဖမ်းစား ထားလေတော့သည်။

သူ့ကို မြင်တွေ့ကြသည့် လူတိုင်းမှာ မချီးကျူးဘဲ မနေနိုင်၊ အားမကျဘဲ မနေနိုင်ကြပေ။

ကျင့်ကြံသူ အများစုမှာ ချောမောလှပသည့် သူများပင် ဖြစ်ကြလေသည်။ အဘယ်ကြောင့် ဆိုသော် ကျင့်စဉ် ကျင့်ကြံရင်းနှင့် ဆင့်ကဲ ပြောင်းလဲမှုများ ဖြစ်ပေါ်သွားသောကြောင့် ဖြစ်လေသည်။

သို့သော် ယခု ရောက်ရှိလာသည့် တာအိုဆရာ လေးမှာတော့ အခြားသူများနှင့် မတူဘဲ ထူးခြားလေသည်။ ရုပ်ရည်ချောမောသည့် တာအိုဆရာများ ကြားတွင်ပင် သူ၏ ချောမောမှု၊ သန့်စင်မှု၊ ကျော့ရှင်းမှု၊ တပ်မက်ဖွယ် ကောင်းမှု၊ စွဲဆောင်နိုင်စွမ်း ရှိမှုတို့မှာ သိသာထင်ရှား လွန်းလေသည်။

သူ၏ ရောင်စဉ်ရှစ်ပါး အလင်းတန်းများကို ရုပ်သိမ်းလိုက်သည့်တိုင် သူ၏ တင့်တယ်မှုက ထင်ကျန်နေဆဲ ဖြစ်လေသည်။ မြင့်မြတ်သည့် ကျောက်စိမ်းအလား လွန်စွာမှ ချောမောလှပ လွန်းသည့် လူငယ်လေး ဖြစ်လေသည်။

ထိုလူငယ်လေး အနီးသို့ ရောက်ရှိလာတော့မှ သူ၏ ပုံသဏ္ဌာန်မှာ တည်ငြိမ်လွန်းသည်ကို အားလုံးက သတိပြုမိ ကြလေသည်။ ထိုလူငယ်မှာ မောက်မာလွန်းသည့် ဟန်အနေအထား မရှိသည့်တိုင် လူအားလုံးကို ယုံကြည်ကိုးကွယ် လာစေရန် စွမ်းဆောင်နိုင်သည့် တန်ခိုးစွမ်းအားနှင့် အပြည့်ရှိကြောင်းကို တွေ့ရှိလိုက်ရ လေသည်။

လူအများက လေးစားအားကျ နေကြသည့် အချိန်တွင် အားလုံးနှင့် ဆန့်ကျင်ဘက်ဖြစ်သည့် အော်သံတစ်ခု ထွက်လာလေသည်။

“မင်းက ဘယ်က နတ်မိစ္ဆာကောင်လဲ။ ဘာကိစ္စ ဒီကို ရောက်လာရတာလဲ”

ထိုအော်သံမှ ဟွမ်ကျန်းထံမှ ထွက်ပေါ်လာသည့် အော်သံ ဖြစ်လေသည်။

သူ၏ အသံမှာ မိုးခြိမ်းသံကဲ့သို့ ဖြစ်ပြီး မိုးကောင်းကင်မှ ထွက်ပေါ်လာည့် အသံကဲ့သို့ တန်ခိုးစွမ်းအားဖြင့် ပြည့်ဝလွန်းလေသည်။ သူ၏ ဖူချန်ကို တစ်ချက် ဝှေ့ယမ်းလိုက်ပြီး အလင်းတန်း တစ်ခုက တိမ်များကြားသို့ ခွဲဖြာလင်းလက် သွားလေသည်။

သူ၏ ပုံသဏ္ဌာန်မှာ ရောက်ရှိလာသည့် လူငယ်တာအို ဆရာလေးကို သတ်ဖြတ်တော့မည့် အလား ထင်ရလေသည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset