Switch Mode

အခန်း ( ၁၇၅ )

ကျေးဇူးပြုပြီး…ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ပါ ဂိုဏ်းတူအစ်ကိုပိုင်

စိတ်ဓာတ်များပြန်လည်တက်ကြွလာပြီဖြစ်သဖြင့် ပိုင်ရှောင်ချန်းက မွှေးရနံ့တိမ်တောင်မှ တာအိုသစ်စေ့တောင်သို့ ပျံသန်းသွားတော့သည်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ စည်းမျဥ်းများအရ သူက အခြေခိုင်မာခြင်းအဆင့်သို့ရောက်ရှိသွားပြီဖြစ်သဖြင့် ဂိုဏ်းသားတစ်ယောက်မဟုတ်တော့ဘဲ အကြီးအကဲတစ်ယောက်ဖြစ်သွားပြီ ဖြစ်သည်။

အကြီးအကဲများဆိုသည်မှာ ဂိုဏ်းက ပေးအပ်သည့်ထူးခြားတာဝန်များကို ဆောင်ရွက်ရပြီး တမူထူးခြားသော အရည်အချင်းများ ရှိကြလေသည်။ တောင်ထိပ်သခင် ခုနစ်ယောက်က မကြာခဏဆိုသလို ထိုအကြီးအကဲများကို အရေးကြီးတာဝန်များ ပေးလေ့ရှိကြသည်။ ပိုင်ရှောင်ချန်း အတွင်းစည်းဂိုဏ်းသားဖြစ်ခဲ့စဥ်တုံးက အကြီးအကဲကျိုးမှာ မွှေးရနံ့တိမ်တောင်ပေါ်ရှိ အခြေခိုင်မာခြင်းအဆင့် အကြီးအကဲများထဲမှ တစ်ယောက်ဖြစ်သည်။

ထိုသို့သော လူများမှာ မူလက လက်ရွေးစင်များဖြစ်ကြပြီး သူတို့အားလုံးမှာ အမွေဆက်ခံသူအဆင့်သို့ရောက်ရှိရန် လိုလားကြလေသည်။ ထိုသူများကို လျှော့တွက်၍မရပေ။ ပုံမှန်အရဆိုလျှင် သူတို့မှာ အခြားတောင်များတွင်မနေကြပဲ တာအိုသစ်စေ့တောင်တွင်သာ နေကြသည်။

ထိုသူများထဲမှ အချို့မှာ ရံခါဖန်ကာ အမွေဆက်ခံသူအဆင့်သို့ ရောက်သွားတတ်ကြသော်လည်း အများစုမှာ နှစ်တစ်ရာကျော်ကြာပြီးမှ ရွှေအမြုတေအဆင့်သို့ မရောက်နိုင်တော့မှန်းသိကြသဖြင့် တောင်ထိပ်သခင်ဆိုသော အဆင့်နှင့်သာ ကျေနပ်လိုက်ရစမြဲပင်။ ရွှေအမြုတေအဆင့်ကိုရောက်သော်လည်း နှစ်ခြောက်ဆယ်စက်ဝန်း နှစ်ကြိမ်ပြီးမှ ရောက်ရှိသူများကမူ ဂိုဏ်းစောင့်အကြီးအကဲများ ဖြစ်သွားကြသည်။

လီချင်းဟောက်ကဲ့သို့သော တောင်ထိပ်သခင်အဆင့်သို့ စောစောစီးစီးရောက်ရှိသည့် ထူးချွန်သူ အချို့လည်းရှိသည်။ ထိုသူများကမူ ကျင့်ကြံခြင်းနှင့် တောင်၏ကိစ္စရေးရာအဝဝကို ထိန်းချုပ်ခြင်းနှစ်ခုလုံးကို တာဝန်ယူကြရသည်။ ထို့နောက် နှစ်ခြောက်ဆယ်စက်ဝန်း နှစ်ကြိမ်မကုန်မီကာလတွင် သူတို့က တံခါးပိတ်တရားကျင့်ကာ ရွှေအမြုတေအဆင့်သို့ ဖောက်ထွက်ရန် ကြိုးပမ်းကြလေသည်။

အပေါ်ယံကကြည့်လျှင် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူ တစ်ရာကျော်လောက်သာရှိသည်ဟု ထင်ရသော်လည်း တာအိုသစ်စေ့တောင်ပေါ်တွင်မူ ထို့ထက်ပိုများလေသည်။

အခြေခိုင်မာခြင်းအဆင့်သို့ ရောက်မှသာလျှင် တာအိုသစ်စေ့တောင်ပေါ်ရှိ အင်မော်တယ်ဂူတစ်လုံးကို ပိုင်ဆိုင်ခွင့်ရမည်ဖြစ်သည်။ ထိုဂူများမှာ ထိုသို့သောလူများအတွက် စွမ်းအင်ပြယုဂ်တစ်ခုပင် ဖြစ်သည် ။

အင်မော်တယ်ဂူများအများစုမှာ တောင်၏အောက်ပိုင်းခြမ်းတွင်ရှိကြပါသော်ငြားလည်း ထိုဂူများမှာ တောင်ခုနစ်တောင်အပြင်ဘက်ရှိ ဂူများထက် စိတ်စွမ်းအင်ပို၍ များပြားစွာရှိလေသည်။

တောင်အပေါ်ခြမ်းရှိ အင်မော်တယ်ဂူများကမူ ဂိုဏ်းစောင့်အကြီးအကဲများနှင့် ဂိုဏ်းခေါင်းဆောင်တို့အတွက် သီးသန့်ဖြစ်သည်။

ပိုင်ရှောင်ချန်းမှာ ကောင်းကင်တာအို အခြေခိုင်မာခြင်းအဆင့် သို့ရောက်သွားပြီဖြစ်ရာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းထဲတွင် ခေါင်းဆောင်ကြီးတစ်ယောက်နီးနီးကဲ့သို့ပင် အဆင့်မြင့်နေတော့သည်။ သူ၏ အင်မော်တယ်ဂူမှာ တောင်၏ အလယ်တွင်ရှိပြီး အခြားအဆင့်မြင့် အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများ၏ဂူများနှင့် တစ်နေရာထဲတွင် ရောက်နေတော့သည်။

ထိုအချင်းအရာကို လူအချို့က မကျေနပ်ကြပါသော်လည်း ဝင်မစွက်ဖက်နိုင်ချေ။ ပိုင်ရှောင်ချန်းက ကောင်းကင်တာအို အခြေခိုင်မာခြင်းအဆင့်ရောက်သွားပြီဖြစ်ရာ ဂိုဏ်းထဲတွင် လင်းလက်တောက်ပနေသော ကြယ်တစ်လုံးကဲ့သို့ဖြစ်နေပြီး လူတိုင်း၏စိတ်ဝင်စားခြင်းကို ခံနေရတော့သည်။

တာအိုသစ်စေ့တောင်သည် အလွန်ကြီးမားသည်။ သူ ဂိုဏ်းခေါင်ဆောင်၏ ဂိုဏ်းတူညီလေးနှင့် အတွင်းစည်းဂိုဏ်းသားတစ်ယောက် ဖြစ်ခဲ့စဥ်တုံးက ဤနေရာသို့လာရောက်လည်ပတ်ခွင့်ရခဲ့ပါသော်လည်း နေရာအများစုမှာ တားမြစ်ထားသဖြင့် သူက ဝင်မရခဲ့ပေ။ ထိုအချိန်ထဲကဤတောင်မှာ ကြီးမားကျယ်ပြန့်ခန်းနားသည့် နေရာတစ်ခု အလားပင်ဖြစ်နေတော့သည်။

ယခုတွင်မူ သူပ အခြေခိုင်မာခြင်းအဆင့်လူတစ်ယောက်အနေနှင့် ပြန်လည်ရောက်ရှိလာပြီဖြစ်သည်။ သူ့အတွေးထဲတွင်မူ တာအိုသစ်စေ့တောင်က အခြားတောင်ခုနစ်တောင်အကြားမှ ထိုးထွက်နေသည့်မြင်ကွင်းမှာ ကလေးအုပ်စုကြီးတစ်ခုအလယ်တွင် မားမားကြီးရပ်နေသည့် လူကြီးတစ်ယောက်ပုံစံနှင့်ပင် တူနေသည်။

လမ်းတစ်လျှောက်တွင် သူ့ကိုတွေ့သမျှ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားတိုင်းမှာ ချစ်ကြောက်ရိုသေလေးစားမှုအပြည့်ဖြင့် သူ့ကိုကြည့်ကာ နှုတ်ဆက်ကြလေသည်။ ပထမဆုံးတွင် သူက လေပေါ်တွင် ဒုန်းစိုင်းပျံသန်းသွားရန် ကြံလိုက်ပါသော်လည်း ဖြစ်ပျက်နေသည်များကို နားလည်သဘောပေါက်သွားသောအခါ သူက အရှိန်လျှော့လိုက်လေသည်။ သူက လက်ကိုနောက်ပစ်ကာ ဝါရင့်ဂိုဏ်းဝင်တစ်ယောက်ပုံစံအလားဖမ်းကာ ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်ပြီး ချီးကျူးမှုများပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် ဟိုဟိုသည်သည် ခေါင်းငြိမ့်ပြနေတော့သည်။

ထိုအခါ ဂိုဏ်းသားများ၏ မျက်နှာများတွင် ထူးဆန်းသောအမူအရာများပေါ်လာပြီး အများစုမှာ အတိတ်မှ ဖြစ်ရပ်များကို ပြန်လည်တွေးတောနေတော့သည်။

မြစိမ်းတောင်ပေါ်တွင်မူ အကြီးအကဲတစ်ယောက်က အပြင်စည်းဂိုဏ်းသားဒါဇင်အနည်းငယ်ပါဝင်သည့်လူအုပ်ကြီးကို ဦးဆောင်ကာ ဓားသိုင်းများကျင့်နေကြသည်။ သူက အပေါ်သို့မော့ကြည့်လိုက်ပြီး ပိုင်ရှောင်ချန်းကိုမြင်လိုက်သောအခါ သူကသက်ပြင်းချရင်း ဆိုလိုက်လေသည်။

” မင်းတို့အားလုံးအပေါ်မော့ကြည့်လိုက်ကြ။ ရွှေရောင်အလင်းတန်းတွေဝန်းရံနေပြီး ပျံသန်းနေတဲ့ ကျင့်ကြံသူကိုမြင်တယ်မလား။ အဲ့တာ ဆရာ စောစောက ပြောနေတဲ့ လူပဲလေ။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ အထူးချွန်ဆုံး လက်ရွေးစင် ပိုင်ရှောင်ချန်းဆိုတာ သူပဲ။”

ထိုအခါ ဘေးနားရှိအပြင်စည်းဂိုဏ်းသားများက စိတ်အားထက်သန်မှုများပြည့်နှက်နေသည့် မျက်လုံးများဖြင့် တလေးတစား မော့ကြည့်လိုက်ကြသည်။

” အဲ့တာ ဂိုဏ်းတူဦးလေးပိုင်လား။”

” ဂိုဏ်းတူဦးလေးပိုင်က ကြောက်စရာကောင်းလောက်အောင် စွမ်းအားကြီးတဲ့ ကောင်းကင်တာအို အခြေခိုင်မာခြင်းအဆင့်ကျင့်ြကံသူတစ်ယောက်ပဲကွ။ ငါကြားဖူးတာတော့ သူနဲ့အဆင့်တူ အခြားဂိုဏ်းသားတွေအကုန်လုံးထက် သူက သာတယ်ဆိုတာပဲ။”

” ဂိုဏ်းတူဦးလေးပိုင်တို့ မျိုးဆက်ထဲက လူတိုင်းက တော်တော်လေးကို ထူးခြားကြတာကွ။ ဂိုဏ်းတူဦးလေး ဝိညာဥ်စွယ်၊ ဂိုဏ်းတူဒေါ်လေးကျိုးရှင်းချီ၊ ဂိုဏ်းတူဦးလေး ရှန်ကွမ်းထျန်ယုံနဲ့ ဂိုဏ်းတူဦးလေးပေဟန်လဲ့ တို့အားလုံးက ကြောက်စရာကောင်းလောက်အောင် အရည်အချင်းရှိတဲ့ လက်ရွေးစင်တွေလို့ ငါကြားထားတာပဲ။ သူတို့က ဂိုဏ်းတူဦးလေးပိုင်နဲ့ တစ်ခေတ်ထဲမွေးလာတာကတော့ ကံဆိုးတာပေါ့ကွာ။”

ဤအပြင်စည်းဂိုဏ်းသားများမှာ ယခုမှဂိုဏ်းသို့ စဝင်ချင်းဖြစ်ပြီး ချီစုစည်းမှုအဆင့်သုံးမှ အဆင့််ငါးအထိ အသီးသီးရှိကြလေသည်။ သူတို့မှာ ပိုင်ရှောင်ချန်းအကြောင်းများစွာကြားဖူးထားကြသည်။ ဥပမာဆိုလျှင် အက်စစ်မိုး ဖြစ်ရပ်၊ ဂိုဏ်းကိုမိုးကြိုးဆက်တိုက်ပစ်ခြင်းများနှင့် မြွေတစ်သောင်းတောင်ကြားမှ ဖြစ်ရပ်ဆိုးကဲ့သို့သော အကြောင်းများပင်ဖြစ်သည်။ သူတို့ကမူ ထိုအရာများကို ချဲ့ကားပြောဆိုနေခြင်းဟုသာ ထင်ကြလေသည်။ သူ ကောင်းကင်တာအို အခြေခိုင်မာခြင်းအဆင့်သို့ရောက်သွားသည့် သတင်းကမူ လက်တလောတွင် ရေပန်းအစားဆုံးဖြစ်နေရာ ထိုသတင်းကိုသာ ယုံကြလေသည်။

ပိုင်ရှောင်ချန်းက ပျံသန်းလာသည့် လမ်းတစ်လျှောက်တွင် မြစိမ်းတောင်ပေါ်ရှိ ဂိုဏ်းသားများ၏ အမူအရာများကို မြင်တွေ့နေရပြီး သူ့ကိုဝိုင်းကြည့်နေကြသည့် စူးရှရှအကြည့်များကိုလည်း ခံစားမိလေသည်။ ထိုအခါ သူက စိတ်နှလုံးတုန်ခါသွားပြီး ဤဂိုဏ်းသားငယ်လေးများကို အေးစက်စက် မဆက်ဆံသင့်ကြောင်း ဆုံးဖြတ်လိုက်သည်။ ထို့အပြင်သူ့ကို သူတို့၏ဦးခေါင်းပေါ်တွင် ပျံဝဲနေသည့် တိမ်တိုက်တစ်ခုကဲ့သို့ မမြင်စေလိုပေ။

သူက ပေါ့ပါးစွာ ချောင်းဟန့်လိုက်ပြီး ဦးတည်ချက်ပြောင်းကာ ထိုအပြင်စည်းဂိုဏ်းသားအုပ်စုဆီသို့ ထိုးဆင်းသွားတော့သည်။

မြစိမ်းတောင်မှအကြီးအကဲကမူ အလျင်အမြန်ထလာပြီး လက်ဆုပ်ကာ နှုတ်ဆက်လိုက်သည်။ ဘေးနားရှိ အပြင်စည်းဂိုဏ်းသားများကလည်း ထိုနည်းတူပင် စိတ်လှုပ်ရှားစွာ နှုတ်ဆက်လိုက်ကြလေသည်။

” မင်္ဂလာပါ ဂိုဏ်းတူဦးလေးပိုင်။”

” ဂိုဏ်းတူဦးလေးပိုင်ရေ။ ဦးလေးက ကျွန်တော့်ရဲ့ နံပါတ်တစ် စံပြပုဂ္ဂိုလ်ပါပဲဗျာ။”

” ဂိုဏ်းတူဦးလေးပိုင်ကို သမီးချစ်တယ်။” အမျိုးသမီးဂိုဏ်းဝင်များကမူ အလွန်စိတ်လှုပ်ရှားနေကြပြီး ပါးများမှာရှက်သွေးဖြန်းကာ နီရဲနေကြပြီး စိတ်လှုပ်ရှားမှုများ တောက်ပနေသည့် မျက်လုံးများဖြင့် သူ့ကိုကြည့်နေကြသည်။

ပိုင်ရှောင်ချန်းမှာ အလွန်ပင် စိတ်နှလုံးဝမ်းမြောက်သွားပြီး သူဂိုဏ်းအတွက်ပေးဆပ်ခဲ့သည်များမှာ ထိုက်တန်ကြောင်း တွေးနေတော့သည်။ ထို ကလေးငယ်များ၏ လေးစားအားကျနေသော အကြည့်များမှာ သူ့အတွက်ခွန်အားဖြစ်စေပြီး သူက နွေးထွေးစွာပြန်ပြုံးပြလိုက်ကာ အားပေးစကားများ ပြောလိုက်လေသည်။

” မင်းတို့ရဲ့ ကျင့်ကြံခြင်းတွေအပေါ် အာရုံစိုက်နော်။ ”

” ကြိုးစားထား ငါ့ကောင်တွေရေး။ မင်းတို့တွေက တော်ပါတယ်။”

” မင်းတို့ရဲ့ ဦးလေးပိုင်ကို ချစ်တယ်မလား။ အဟမ်း။ အဲ့တာဆို ကျင့်ကြံမှုမှာ ကြိုးစားနော်။ ပြီးတော့မှတ်ထား။ ဘာမဆိုဖြစ်နိုင်တယ်။”

ပိုင်ရှောင်ချန်းမှာ စိတ်ရှည်ရှည်ဖြင့် ရှိသမျှ ဂိုဏ်းသားအားလုံးနှင့် စကားများ အပြန်အလှန်ပြောဆိုနေတော့သည်။ သူတို့မှာ အလွန်အမင်းစိတ်လှုပ်ရှားနေသဖြင့် သူက ကိစ္စအဝဝနှင့်ပတ်သတ်သည့် အကြံများကို ထပ်ခါ တလဲလဲ ပေးနေတော့သည်။

အကြိမ်ကြိမ် အကြံပေးပြီးနောက်တွင်မူ အပြင်စည်းဂိုဏ်းသားများ၏ မျက်လုံးများမှာ အသက်မဲ့နေပြီဖြစ်သည်။ သူတို့အားလုံးမှာ ပိုင်ရှောင်ချန်းကို ဂိုဏ်းတူဦးလေးပိုင်ဟု အကြိမ်ပေါင်း ဒါဇင်အနည်းငယ်မျှ ခေါ်ပြီးပြီဖြစ်ရာ ဘာဖြစ်နေမှန်းမသိလောက်အောင်ပင် ဖြစ်နေကြသည်။

အကြီးအကဲကြီးကမူ ငိုရမလို ရယ်ရမလိုဖြစ်နေပြီး ပိုင်ရှောင်ချန်းက အတွင်းစည်းဂိုဏ်းသို့ ဝင်စဥ်က လူတိုင်းကို သူ့အား ဂိုဏ်းတူဦးလေးပိုင်ဟု အတင်းမရမက လိုက်ခေါ်ခိုင်းခဲ့သည်ကို ပြန်တွေးမိနေတော့သည်။

နေ့လယ်လောက်ရောက်သောအခါမှ ပိုင်ရှောင်ချန်းက ကျေနပ်အားရသွားတော့သည်။ သို့သော်လည်း သူက တာအိုသစ်စေ့တောင်သို့ မသွားပဲ ခရမ်းဒယ်အိုးတောင်နှင့် မွှေးရနံ့တိမ်တောင်သို့ သွားကာ စိတ်ဓာတ်တက်ကြွနေသည့် ဂိုဏ်းသားများ၏ ကြိုဆိုခြင်းကို ထပ်မံ ခံယူနေပြန်တော့သည်။ သူက အလွန်စိတ်လှုပ်ရှားနေသဖြင့် မြောက်ခြမ်းရှိ တောင်လေးတောင်သို့ပါ ဆက်သွားလေတော့သည်။

အဆုံးတွင် ညဥ့်နက်ချိန်ရောက်သွားသောအခါ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ အပြင်စည်းဂိုဏ်းသားများမှာ ပိုင်ရှောင်ချန်းကို အထူးအဆန်းတစ်ခုအဖြစ် ထင်လာကြတော့သည်။ ထိုအချိန်မှ သူက အရေးကြီးသည့်အရာတစ်ခုကို အမှတ်ရသွားတော့သည်။ ထို့နောက် ချောင်းဟန့်ရင်း သူက တာအိုသစ်စေ့တောင်သို့ ဦးတည်သွားလိုက်လေသည်။

တာအိုသစ်စေ့တောင်ပေါ်ရှိ သူ၏အင်မော်တယ်ဂူမှာ အလွန်ကြီးမားသည်။ မန္တန်အစီအရင်နှင့် အဆင်အယင်များကမူ သူချီစုစည်းမှုအဆင့်ရှိခဲ့တုံးက ရခဲ့သည့် အင်မော်တယ်ဂူထက် များစွာသာလွန်ပေသည်။ အတွင်းရှိ စိတ်စွမ်းအင်ကမူ ကြောက်မက်ဖွယ်ကောင်းလောက်အောင်ပင် အားကြီးလေသည်။

ရေပူစမ်းတော့မရှိပေ။ သို့သော်လည်း အတွင်းပိုင်းရှိရေကန်က မြူခိုးများထွက်နေသဖြင့် ထိုနေရာတစ်ခုလုံးမှာ ကောင်းကင်နတ်နန်း တစ်ခုအလားဖြစ်နေတော့သည်။

အင်မော်တယ်ဂူအပြင်ဘက်ရှိ နေရာမှာ နိုးနိုးကြားကြားရှိပြီး ငှက်ကလေးများ၏ တွန်ကြူးသံများ ပန်းရနံ့များဖြင့် သာယာလှသည်။ သူသာအလိုရှိပါက အပြင်စည်းဂိုဏ်းသားများကို ခေါ်ကာ ဂူကိုကြည့်ရှုစောင့်ရှောက်ခိုင်း၍ ရပေသည်။ အတွင်းရော အပြင်ပါ သူ၏အပိုင်၊ သူ၏ကိုယ်ပိုင်နေရာ ဖြစ်သည်။ ယခုတွင်မူ သူက ရေကန်၏အစွန်းတွင်ထိုင်ကာ ဘေးဘီဝဲယာကို ကျေနပ်မှုအပြည့်ဖြင့် ကြည့်ရှုနေသည်။

” နောက်တုံးတော့ ငါတကယ် အခြေခိုင်မာခြင်းအဆင့်ကို ရောက်သွားပြီပဲ။” သူက ထိုသို့ရေရွတ်လိုက်ရင်း ကျောက်စိမ်းပေလွှာတစ်ခုမှရသည့် အချက်အလက်ကို တွေးတောနေသည်။ သူ၏လက်ရှိ အဆင့်အတန်းအရဆိုလျှင် တပည့်တစ်ယောက်ကို လက်ခံသင်ကြားပေးနိုင်ပြီဖြစ်သဖြင့် တပည့်တစ်ယောက်ထားရန် တွေးနေခြင်းဖြစ်သည်။ ထိုအခါ ပျော်စရာအလွန်ကောင်းမည်တော့ အမှန်ပင်။

မကြာမီတွင် သူ တာအိုသစ်စေ့တောင်ပေါ်သို့ ရောက်သွားကြောင်း သတင်းကပျံ့သွားသဖြင့် သူ၏အင်မော်တယ်ဂူမှာ နှုတ်ခွန်းလာဆက်သပြီး ကောင်းကင်တာအို အခြေခိုင်မာခြင်းအဆင့်၏ ပုံစံကို သိရန် လာစပ်စုကြသည့် အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူများနှင့် ပြည့်နှက်နေတော့သည်။

နှုတ်ခွန်းလာဆက်သသည့်လူတိုင်း လက်ဆောင်မဖြစ်မနေ ပါကြလေသည်။ ပိုင်ရှောင်ချန်းမှာ ဆက်တိုက်ဆိုသလိုပင် အံ့အားသင့်နေပြီး လက်ဆောင်များစွာ လက်ခံယူရသဖြင့် သူ၏လက်များပင် ထုံကျဥ်ကိုက်ခဲလာတော့သည်။ သို့သော်လည်း သူက မည်သည့်အခါမှ အပြုံးမပျက်ပဲ ဧည့်သည်များကို အချိန်ပေး၍ စကားစမြည်ပြောနေတော့သည်။

မြေခဓားချောက်ထဲတွင် သူ၏အကူအညီကြောင့် အခြေခိုင်မာခြင်းအဆင့်သို့ရောက်ရှိသွားခဲ့သည့် ကျင့်ကြံသူများကမူ အထူးတလည်ပင် ကျေးဇူးတင်နေကြတော့သည်။

လတစ်ဝက်ကြာသောအခါ အခြေအနေများမှာ ငြိမ်သက်သွားတော့သည်။ ဧည့်သည်များထပ်၍ မလာတော့သောအခါ ပိုင်ရှောင်ချန်းက ရူးကြောင်ကြောင် ဆက်၍လုပ်မနေသင့်တော့ကြောင်း ဆုံးဖြတ်လိုက်သည်။ သူ၏ ဂိုဏ်းတူအစ်ကို ဂိုဏ်းခေါင်းဆောင် ကျိန်းယွမ်သုန် သူ့ကိုပြောခဲ့သည့် ကောင်းကင်တံတားပင်လယ်၏အလယ်ရှိ ကျွန်းအကြောင်းကို သူက အတွေးထဲမှ မထုတ်နိုင်ဖြစ်တော့သည်။ ထိုကျွန်းမှနေ၍ ကောင်းကင်ဘုံသို့ရောက်အောင် တက်လှမ်းနိုင်ပြီး ထာဝရ အသက်ရှင်နေထိုင်နိုင်မည် မဟုတ်ပါလော။

” ငါ ကောင်းကင်တံတားပင်လယ်ဆီ သွားချင်ရင် စွမ်းအားကြီးတဲ့ ကျင့်ကြံခြင်းအခြေခံတစ်ခုရှိကိုရှိမှ ရမယ်။ အဲ့တာဆို ငါကျင့်ကြံခြင်းကို အားစိုက်လေ့ကျင့်ရမယ်ဆိုတဲ့ သဘောပဲ။”

နောက်နေ့နံနက်တွင် သူကစောစောထလိုက်သည်။ ပြတ်သားမှုများဖြင့်တောက်ပနေသည့် မျက်လုံးများဖြင့် သူက အသက်ပြင်းပြင်းရှူရင်း ဘိုးေဘးအမှောင်ဥမင် ဆီသို့ သွားလိုက်လေသည်။ ထိုနေရာတွင် အခြေခိုင်မာခြင်းအဆင့်အတွက် ကျင့်ကြံရမည့် ပညာရပ်ကို ရွေးချယ်ရမည်ဖြစ်သည်။

ရှေးဟောင်း အမှောင်ဥမင် ဆိုသည်မှာ တာအိုသစ်စေ့တောင်အလယ်ရှိ ရှည်လျားသော လှိုဏ်ခေါင်းကြီးတစ်ခုဖြစ်သည်။ ထိုလှိုဏ်ခေါင်းထဲသို့ဝင်လိုက်ပါက အရပ်မျက်နှာပေါင်းစုံသို့ရောက်သွားနိုင်သည့် အပေါက်ပေါင်း တစ်ရာကျော်ကို မြင်ရမည်ဖြစ်ပြီး ထိုအပေါက်တစ်ပေါက်ချင်းစီက အမွေ တစ်ခုချင်းစီကို ကိုယ်စားပြုနေသည်။

ပုံမှန်ဆိုလျှင် လူတစ်ယောက်က သက်သေအထောက်အထားပစ္စည်းတစ်ခုကို လှိုဏ်ခေါင်းထဲယူလာပြီး ဖွင့်လိုက်ပါက အချို့သော အမွေ တံခါးပေါက်များမှာ အလင်းရောင်ထွက်လာမည်ဖြစ်သည်။

ထိုအရာမှာ အလွန်မှော်ဆန်သော အရာတစ်ခုဖြစ်သည်။ ယခင်က စကားများအရဆိုလျှင် ဤနေရာသို့ ကျင့်ကြံသူများလာသည်မှာ အမွေကိုရွေးချယ်ရန် ဖြစ်ပါသော်လည်း တစ်ခါတရံဆိုလျှင် အမွေပညာရပ်တစ်ခုက ကျင့်ကြံသူကို ရွေးချယ်သွားနိုင်ကြောင်း သိရလေသည်။

ထိုကဲ့သို့ ဖြစ်ရပ်များကမူ ရှားပါးသည်တော့ အမှန်ပင်။ ရွှီပေါက်ချိုင် သူ့ကိုပြောခဲ့သည့် ဝိညာဥ်စွယ် ပညာရပ်လာရွေးချယ်စဥ်က အမွေတံခါးပေါက် အပေါက်နှစ်ဆယ်ကျော်က သူ့အတွက် လင်းလက်ခဲ့သည်ဟူသော စကားကို ပိုင်ရှောင်ချန်းက မှတ်မိသေးသည်။

ပိုင်ရှောင်ချန်းကမူ ထိုအချင်းအရာကို သိပ်အထင်မကြီးပေ။
” အဲ့တာဘာဆန်းလို့လဲ။ အမွေတံခါးပေါက်နှစ်ဆယ်ကျော်က သူ့ကို ရွေးတာ ဘာအံ့သြစရာရှိလို့တုံး။ ငါက ကောင်းကင်တာအို အခြေခိုင်မာခြင်းအဆင့်ထိ ရောက်ထားတာနော်။”

ဂိုဏ်းစည်းမျဥ်းအရ အထောက်အထားပစ္စည်းတစ်ခုပါသည့် လူသာ ဘိုးေဘးအမှောင်ဥမင်ထဲသို့ ဝင်နိုင်သည်။ ထိုပစ္စည်းမရှိသောသူများက ဝင်ရန်ကြိုးစားပါက အတွင်းတွင်ရှိသော မန္တန်အစီအရင်၏ သတ်ဖြတ်ခြင်းကို ချက်ချင်းခံလိုက်ရမည်ဖြစ်သည်။

ထို့ကြောင့်လည်း ဤနေရာတွင် အစောင့်တာဝန်ပေးခံထားရသူ မရှိခြင်းဖြစ်သည်။ ပိုင်ရှောင်ချန်းထိုသို့ ရောက်သောအခါ မည်သူမှမရှိပေ။ ဘေးဘီသို့ တွန့်ဆုတ်တွန့်ဆုတ်လုပ်နှင့် ခဏကြည့်လိုက်ပြီးနောက် သူက ဂူပေါက်နှင့်တူသော ဝင်ပေါက်ထဲသို့ ဝင်လိုက်လေသည်။ အနည်းငယ်ကြာသောအခါ လှပသည့် လှိုဏ်ခေါင်းဝင်ပေါက်ထဲသို့ရောက်သွားပြီး အပေါက်ပေါင်း တစ်ရာကျော်ကို တွေ့လိုက်ရတော့သည်။

ထိုအပေါက်များမှာ မထူးဆန်းပါသော်လည်း သူသာ အထောက်အထားပစ္စည်းကို ဖွင့်လိုက်ပါက အနည်းဆုံးအပေါက်တစ်ပေါက်မှ အလင်းရောင်ထွက်လာပြီး သူဝင်ရောက်၍ရသည်ကို ဖော်ပြမည်ဖြစ်ကြောင်း ပိုင်ရှောင်ချန်းက သိလေသည်။

သူက ဘေးဘီဝဲယာကို ခဏမျှကြည့်လိုက်ပြီး ပစ္စည်းကို ဖွင့်ရန်ပြင်လိုက်စဥ်တွင် ရှေ့ရှိအပေါက်တစ်ပေါက်မှ မိန်းမပျိုတစ်ဦး ရုတ်တရက်ထွက်လာသည်။

ထိုမိန်းမပျိုမှာ အခြေခိုင်မာခြင်းအဆင့်ပညာရပ်ကို ရယူရန် ရောက်လာသည့် ကျိုးရှင်းချီပင်ဖြစ်သည်။ သူမကထွက်ပေါ်လာလာချင်းတွင်ပင် ပိုင်ရှောင်ချန်းကို မြင်လိုက်လေသည်။

” အဲ…. ဂိုဏ်းတူ တူမလေး ရှင်းချီပါလား။”ပိုင်ရှောင်ချန်းက မျက်တောင် ခတ်ရင်း နှုတ်ဆက်လိုက်သည်။

ကျိုးရှင်းချီ မျက်မှောင်ကြုတ်သွားပြီး အသက်ပြင်းပြင်းရှူလိုက်လေသည်။ ထို့နောက်သူမက ပိုင်ရှောင်ချန်းကို တည့်တည့်ကြည့်လိုက်လေသည်။

” မင်္ဂလာပါ ဂိုဏ်းတူအစ်ကိုပိုင်။ ဒီနေရာမှာတော့ သရုပ်ပျက်တွေ မလုပ်ပါနဲ့နော်။”

” ဟင်…” ပိုင်ရှောင်ချန်းက အံ့အားသင့်စွာ သူမကိုကြည့်ရင်း ရေရွတ်လိုက်သည်။ အနည်းငယ်ကြာမှ သူတို့နှစ်ယောက်စလုံးမှာ အခြေခိုင်မာခြင်းအဆင့်သို့ရောက်နေပြီဖြစ်သဖြင့် သူတို့နှစ်ယောက်၏ ဝါမှာ တူသွားပြီဖြစ်ကြောင်း သူက သိလိုက်လေသည်။ သူကမူ အရေးပါသောအရာတစ်ခုကို ဆုံးရှုံးသွားသည့်အလား ခံစားလိုက်ရသည်။ နှစ်ပေါင်းများစွာကုန်သွားသည့်တိုင်အောင် သူမကို သူ့အား ဂိုဏ်းတူဦးလေးဟု ခေါ်အောင် သူက မလုပ်နိုင်ခဲ့သည်မဟုတ်ပါလော။…

စိတ်ပျက်လက်ပျက်ဖြင့် သူက အထောက်အထားပစ္စည်းကို လက်ချောင်းဖြင့်နှိပ်ချလိုက်သောအခါ သူ့ရှေ့ရှိ အပေါက်များက အလင်းရောင်များ လက်လာတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset