Switch Mode

အခန်း (၁၇၁)

ထိုက်ရွှီးအဆင့် လေးဆင့်

ဆန်းလျန်မှာ ချီးရှိုးနှင့် စုန့်ချင်းယီကို နှုတ်ဆက်လမ်းခွဲ လာခဲ့သည့်တိုင် ဟိုင်သန်းအဆင့် တက်ရောက်ရန်အတွက် မည်သည့်နေရာသို့ သွားရောက်ရမှန်း မသိသေးပါ။ သို့သော် သူက ဝိညာဉ်စွမ်းအား အဆင့်မြင့်သူတစ်ယောက် ဖြစ်သည့်အတွက် သိပ်တော့ စိတ်ပူပန်ခြင်း မရှိပေ။

သူ တကယ်ပဲ ဟိုင်သန်းအဆင့် တက်ရောက်နိုင်တော့မည်ဟု ယုံကြည်နေမိပြီး ကျင့်စဉ်လမ်းကိုလည်း ရှင်းလင်းစွာ မြင်နေရပြီ ဖြစ်လေသည်။

“ဟိုင်သန်းအဆင့် ဆိုသည်မှာ တာအိုကျင့်စဉ်လမ်းသို့ ဝင်ရောက်ရန် အဓိကသော့ချက် ဖြစ်သည်” ဟု ရှေးဆရာသခင်များ ဆိုခဲ့ကြလေသည်။

ဆန်းလျန်အတွက်တော့ တာအိုကျင့်စဉ်လမ်းကို ရရှိရန် မည်သည့် လျှို့ဝှက်ချက်မှ မရှိပါ။ သူ့အနေဖြင့် ပြတင်းတံခါးမှ စက္ကူလေးကို ထိုးဖောက်လိုက်ရ သကဲ့သို့ပင် ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် ထိုက်ရွှီးနည်းဗျူဟာ ကျင့်စဉ်သည် အစပိုင်းမှာပင် မိုး၊ မြေနှင့် ကျင့်စဉ်လမ်းကို ရှင်းလင်းဖော်ပြသည့် အဆင့်မြင့် ကျင့်စဉ်တစ်ခု ဖြစ်သောကြောင့်ပင်။ ထို့ပြင် သူ ရှင်းလင်းစွာ သိရှိထားသည့် ဆရာဘိုးဘိုး ယွမ်ချင်း၏ ဓားဝိညာဉ်ကလည်း ကျင့်စဉ်လမ်းမှ အရံအတားများကို ကျော်လွှားနိုင်ရန် များစွာ ကူညီပေးလေသည်။

အခက်အခဲများကို ကျော်လွန်နိုင်ခြင်းက သူ့ကို လူပီသစေလေသည်။

ဆန်းလျန်က ကျင့်စဉ်လမ်းတွင် လေ့လာသင်ယူရင်း ရှေ့သို့ ဖြည်းဖြည်းမှန်မှန် တက်လှမ်းရခြင်းကို မှန်ကန်သည်ဟု ယုံကြည်လေသည်။

ဆန်းလျန် ဟိုင်သန်းအဆင့် တက်ရောက်ရန်အတွက် ကျင့်ကြံခဲ့ရသည်မှာ အနှစ်နှစ်ဆယ်ပင် ကြာခဲ့ပြီ ဖြစ်လေသည်။ သူက ဟိုင်သန်းအဆင့် တက်ရောက်ရာတွင် လျင်မြန်ခြင်း မရှိသော်လည်း သူကျင့်ကြံခဲ့သည့် ကျင့်စဉ်များက အခြေခံအုတ်မြစ် ခိုင်မာလေသည်။ အခြားသူများ၏ အမြင်တွင်တော့ သူကျင့်စဉ်လမ်း အဆင့်တက်သည်မှာ မြန်ဆန်သည်ဟု ထင်နိုင်ကောင်း ထင်နိုင်သလို သူကိုယ်တိုင်ကလည်း သူရရှိမည့် အောင်မြင်မှုအတွက် များစွာ ဂုဏ်ယူမိခဲ့ပါသည်။

ချမ်းမော့နှင့် ရှောင်ရွှင်မှာ ဆန်းလျန်ဆီသို့ အတောင်များ တဝုန်းဝုန်းခတ်ကာ ပျံသန်း လာကြပြီး အနားတွင် ကျီကျီကြာကြာ အော်မြည်ကြလေတော့သည်။

ဆန်းလျန်က ရယ်မောလိုက်ရင်း …

“ဒီနှစ်ကောင် ကတော့လေ။ ငါ့ကို အေးအေးဆေးဆေး မနေစေချင်ကြဘူး”

ဟု ပြောလိုက်မိလေသည်။

ချမ်းမော့ကာ ခေါင်းကိုမော့ကာ ဆန်းလျန်ဆီသို့ ပျံသန်းလာလေသည်။ မာနကြီးသည့် ငှက်လေး၏ ပုံစံမှာ “ငါ့လောက် မည်သူမျှ မတော်ဘူး” ဆိုသည့် ပုံသဏ္ဌာန်မျိုးနှင့် ဖြစ်လေသည်။

ဆန်းလျန်က ချမ်းမော့ကို ကြည့်လိုက်ရင်း သက်ပြင်းတစ်ချက် ချလိုက်သည်။

“မင်းက ဒီလောက် ပိစိကွေးလေး ဖြစ်နေတာ မင်းကို စီးပြီးပျံဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ချမ်းမော့က လူစကားနားလည်သည့် ငှက်လေးဖြစ်သောကြောင့် ဆန်းလျန်၏ စကားများကို နားလည်လေသည်။ ထို့ကြောင့် သူ၏ အတောင်ပံများကို တဖျတ်ဖျတ်ခတ်ကာ ဆန်းလျန် ပခုံးပေါ်သို့ နားရန် ပြင်လိုက်လေသည်။ ဆန်းလျန်က လျင်မြန်စွာ ရှောင်လိုက်လေသည်။

ဆန်းလျန်က ပေါ့ပေါ့ပါးပါးပင် ရှောင်လိုက်ခြင်း ဖြစ်လေသည်။ သို့သော် ထိုသို့ လှုပ်ရှားလိုက်သည့် အချိန်တွင် ဆန်းလျန်မှာ ကျင့်စဉ်လမ်း အဆင့်တစ်ခု တက်သွားသလို ခံစားလိုက်ရလေသည်။ ချမ်းမော့၏ လျင်မြန်မှုမှာ ရှားမှရှားသည့် လျင်မြန်မှုမျိုး ဖြစ်လေသည်။ သို့သော် ဆန်းလျန်ကတော့ ပေါ့ပေါ့ပါးပါးနှင့်ပင် သူမကို ရှောင်ထွက်လိုက်လေသည်။

ချမ်းမော့မှာ ဆန်းလျန်က သူမကို ရှောင်တိမ်းလိုက်သည့်အတွက် တစ်ချက်တွေဝေ သွားလေသည်။ ဆန်းလျန်မှာ သူမကို ခါတိုင်းလည်း ရှောင်တိမ်းနိုင်လေသည်။ သို့သော် ယခု တစ်ကြိမ်တွင်တော့ သာမန်မျှသာ ရှောင်တိမ်းလိုက်ခြင်း ဖြစ်လေသည်။ ဆန်းလျန်က သူမ၏ လှုပ်ရှားမှုကို ကြိုသိနေသည့်အလား ရှောင်တိမ်းလိုက်ခြင်း ဖြစ်လေသည်။

ချမ်းမော့က စပ်စုလိုစိတ်ဖြင့် ဆန်းလျန်အနားသို့ ကပ်လာပြန်လေသည်။ ဆန်းလျန်က ချမ်းမော့ကို ရှောင်လိုက်ပြန်သည်။ ဆန်းလျန်မှာ နေရောင်အောက်တွင် အရိပ်ပင် မထင်အောင် လျင်မြန်လွန်းလှလေသည်။

နောက်တစ်ကြိမ်တွင်တော့ ဆန်းလျန်က ရှောင်တိမ်းရုံသာမက ချမ်းမော့၏ ငှက်မွေးလေးများကိုပင် လှမ်းဆွဲလိုက်လေသည်။ အကြိမ် အနည်းငယ် ကြိုးစားပြီးသည့်နောက် ချမ်းမော့မှာ စိတ်ပျက်သွားရှာလေသည်။

ဆန်းလျန်က ငှက်ငယ်လေးကို ကြည့်ပြီး ပြုံးလိုက်ရင်း …

“မင်းက ဘယ်လောက်ပဲမြန်မြန် မင်းဆီက ဝိညာဉ်စွမ်းအားကို ငါ့ဆီကနေ ဖုံးကွယ်ထားလို့ မရဘူးလေ။ မင်း မလှုပ်ရှားခင်မှာ မင်းဘာလုပ်မယ်ဆိုတာ ကျုပ်က သိနေပြီးသားပဲ။ မင်း ကျုပ်ကို ထိလို့ရမှာ မဟုတ်ဘူး”

ဟု ပြောလိုက်လေသည်။

ဆန်းလျန်က ချမ်းမော့ လူစကား နားလည်သည်ဖြစ်စေ၊ မလည်သည်ဖြစ်စေ ဂရုမစိုက်ပါ။

သို့သော် ချမ်းမော့က ဆန်းလျန်၏ စကားကို နားလည်သည့်အလား အတောင်ပံများကို တဖျတ်ဖျတ် ခတ်လိုက်လေသည်။ ဆန်းလျန်မှာ အန္တရာယ် အရိပ်အငွေ့ကို ခံစားလိုက်ရပြီး လက်နှစ်ချောင်းဖြင့် ချမ်းမော့ကို တားဆီးလိုက်လေသည်။ ချမ်းမော့၏ နှုတ်သီးမှာ ဆန်းလျန်၏ နားရွက်ဖျားလေးကို ဆိတ်ရန်အတွက် တစ်လက်မခန့်သာ လိုတော့လေသည်။

ငှက်လေးမှာ အလွန်မှ ထူးခြားသည့် စွမ်းရည်များ ရှိလေသည်။ သူက ယင်စွမ်းအားကို ယန်စွမ်းအားသို့ ပြောင်းလဲ နိုင်လေသည်။ ဆန်းလျန်မှာ အငိုက်မိတော့မလိုပင် ဖြစ်သွားရလေသည်။

လောကရှိ အရာအားလုံးကို ယင်နှင့်ယန်က ထိန်းချုပ်ထားလေသည်။ လေ၏ လှုပ်ရှားမှု ကဲ့သို့ပင် ဖြစ်လေသည်။ လေအေးစီးကြောင်းနှင့် လေနွေးစီးကြောင်း ပေါင်းစပ်ပြီး လေထုကို ဖန်တီးထား သကဲ့သို့ပင်။

ထို့ကြောင့် ဝိညာဉ်စွမ်းအား ရွေ့လျားပြီဆိုလျှင် ယင်နှင့်ယန် စွမ်အားနှစ်ခု ပေါင်းစပ်ပြီးမှ ရွေ့လျားနိုင်လေသည်။

ထိုအဆင့်ကို အချို့သော ဟိုင်သန်းအဆင့် ကျင့်ကြံသူများပင် နားမလည်ကြပေ။ သို့သော် ဆန်းလျန်ကတော့ ထိုက်ရွှီးနည်းဗျူဟာ ကျင့်စဉ်ကို ကျင့်ကြံခဲ့သည့်အတွက် ထိုအချက်ကို ကောင်းကောင်း နားလည်လေသည်။

ထိုက်ရွှီးနည်းဗျူဟာ ကျင့်စဉ်တွင် အဆင့်လေးဆင့်ရှိပြီး ထိုအဆင့်များမှာ အနိမ့်အမြင့်မရှိ တန်းတူပင် ဖြစ်လေသည်။ မည်သည့်အဆင့်က နိမ့်ပြီး မည်သည့်အဆင့်က မြင့်သည်ဟူ၍ မရှိပေ။ “ဖန်တီးခြင်း အဆင့်၊ ထိန်းချုပ်ခြင်းအဆင့်၊ ကန့်သတ်ခြင်း အဆင့်နှင့် သဏ္ဌာန်ပြောင်းခြင်းအဆင့်” တို့ ဖြစ်လေသည်။

ကျိလင်နတ်သမီးသည် ထိုက်ရွှီးနည်းဗျူဟာ ကျင့်စဉ်၏ သဏ္ဌာန်ပြောင်းခြင်း အဆင့်ကို အသုံးပြုကာ လှည့်စားမှု တန်ခိုးစွမ်းအားများကို အသုံးချခဲ့ခြင်း ဖြစ်လေသည်။ လောကတွင် လူအနည်းစုပင် ထိုသို့သော တန်ခိုးစွမ်းအားကို အသုံးပြုနိုင်လေသည်။ အားကြီးသည့် တန်ခိုးစွမ်းအား ဖြစ်စေ၊ အားနည်းသည့် တန်ခိုးစွမ်းအားဖြစ်စေ ထိုက်ရွှီးနည်းဗျူဟာ ကျင့်စဉ်ကို ရှုံးနိမ့်ရသည်ချည်းပင် ဖြစ်လေသည်။

လက်ရှိတွင် ဆန်းလျန်က “ကန့်သတ်ခြင်း အဆင့်” ကို ကျင့်ကြံ အောင်မြင်ပြီးပြီ ဖြစ်လေသည်။ ထိုအဆင့်က သဏ္ဌာန်ပြောင်းခြင်း အဆင့်နှင့် မတူညီပေ။ ထိုအဆင့်က စကြဝဠာတွင်းမှ မည်သည့် မိုးမြေစွမ်းအားကို မဆို ကိုယ်ပိုင်တန်ခိုး စွမ်းအားအဖြစ် ပြောင်းလဲ နိုင်လေသည်။ အမှန်တော့ ကန့်သတ်ခြင်း အဆင့်မှာ တကယ်တမ်း ရန်သူနှင့် ရင်ဆိုင်တွေ့ရလျှင် သဏ္ဌာန်ပြောင်းခြင်း အဆင့်လောက် အစွမ်းထက်ခြင်း မရှိပေ။ သို့သော် ကျဉ်းထဲကျပ်ထဲ ရောက်နေသည့် အချိန်တွင်တော့ အလွန်မှ တန်ဖိုးရှိသည့် တန်ခိုးစွမ်းအားကို ပေးလေသည်။ မိုးမြေ စွမ်းအားများကို တစ်ခဏချင်း အတွင်းမှာပင် တစ်ချက်တည်းဖြင့် ဖောက်ခွဲ ပစ်နိုင်လောက်သည့် အစွမ်း ရှိလေသည်။

ဆန်းလျန်အနေဖြင့် ထိုအစွမ်းဖြင့်ပင် ကျင့်ကြံသူ လောကတွင် မည်သည့် အန္တရာယ်ကိုမှ မမှုဘဲ လွတ်လပ်စွာ သွားလာနိုင်လေသည်။

အခြားတစ်နည်းဖြင့် ပြောရမည်ဆိုလျှင် ထိုက်ရွှီးနည်းဗျူဟာ ကျင့်စဉ်သည် ကျင့်ကြံသူကို စောင့်ရှောက် ပေးနိုင်သည့် ကျင့်စဉ်တစ်ခု ဖြစ်လေသည်။ ထိုကျင့်စဉ်ထဲတွင် မည်သည့် ဂါထာမန္တန်မှ မပါဝင်သော်လည်း “ဖန်တီးခြင်းအဆင့်၊ ထိန်းချုပ်ခြင်းအဆင့်၊ ကန့်သတ်ခြင်း အဆင့်နှင့် သဏ္ဌာန်ပြောင်းခြင်းအဆင့်” အဆင့်လေးဆင့်ကိုသာ နားလည်အောင် ကျင့်ကြံနိုင်လျှင် စကြဝဠာ တစ်ခုလုံး ခြေဖဝါးအောက်သို့ ရောက်နိုင်သည်အထိ အစွမ်းထက်မြက် လေသည်။

ရှီးဟွမ်နယ်ဆိုးမှာ ပရမ်းပတာနှင့် မိစ္ဆာများလည်း ပေါများသော နယ်မြေတစ်ခု ဖြစ်လေသည်။ ထို့ကြောင့် ဟိုင်သန်းအဆင့် တက်ရောက်ရန်အတွက် တိတ်ဆိတ်သည့် နေရာတစ်ခု ရှာဖွေရန် ခက်ခဲလွန်းလှသည်။ သို့သော် ဆန်းလျန်က “ကန့်သတ်ခြင်းအဆင့်” ကျင့်ကြံ အောင်မြင်ထားသည့် အတွက် မိုးမြေစွမ်းအား အပြောင်းအလဲများကို နားလည်သူ ဖြစ်သည်။

“ကန့်သတ်ခြင်းအဆင့်” တန်ခိုးစွမ်းအားကြောင့် ဆန်းလျန်၏ တည်ရှိမှုကို သိနိုင်သည် ဆိုလျှင်တောင် ဆန်းလျန်ကို မည်သူမျှ မြင်တွေ့နိုင်ခြင်း မရှိအောင် ကာကွယ်ပေးထား နိုင်လေသည်။

ထို့ပြင် လူအများစုမှာ တစ်လပိုင်း ဆယ့်ငါးရက်နေ့တွင် ကျင်းကွမ်း ဝတ်ကျောင်းတော်တွင်
ပြုလုပ်မည့် ဟွေခဲ့ဆရာတော်နှင့် ပေါင်ယွဲ့ ဆရာတော်ကြီး၏ စကားရည်လုပွဲကို စိတ်ဝင်စား နေကြလေသည်။ ထို့ကြောင့် ဆန်းလျန်အပေါ်တွင် မည်သူမျှ စိတ်အာရုံ မရောက်ကြပေ။

ဆရာတော်ကြီး နှစ်ပါး၏ တရားစကားရည် လုပွဲမှာ ရှားပါးဖြစ်ရပ်တစ်ခု ဖြစ်သောကြောင့် ကျင့်ကြံသူ များစွာက လက်လွတ်မခံနိုင်ဘဲ ကြည့်ရှုချင်ကြလေသည်။ ဆရာတော်ကြီး နှစ်ပါး၏ တရားကို နားထောင်ရန်အတွက် ကျင့်ကြံသူများစွာ ဟိုတစ်စု ဒီတစ်စုဖြင့် ရောက်ရှိနေကြပြီ ဖြစ်လေသည်။ ထိုသူများထဲတွင် ဗုဒ္ဓဘာသာ မဟုတ်သူများလည်း များစွာ ပါဝင်ကြသည်။

မြင့်မြတ်သည့် ဗုဒ္ဓဘာသာကျင့်စဉ် ဂိုဏ်းများ စကားရည်လုသည်မှာ ရှားပါးသည့်ဖြစ်ရပ် ဖြစ်သည့်အတွက် လောက နတ်ဘုရားများပင် လာရောက် နားထောင်ကြလေ့ ရှိသည်။

နတ်ဘုရား ကျောင်းတော်များကတော့ ထိုသို့ စကားရည်လု တရားဟောပြော ပွဲများကို လုပ်လေ့ မရှိကြပေ။

အဘယ်ကြောင့်ဆိုသော် သူတို့က ကျောင်းတော်တွင်း ကျင့်စဉ်ပညာများကို ထိန်းသိမ်းထားပြီး ပြင်ပမှ ကျင့်စဉ်ကိုလည်း မရှာဖွေ ကြသောကြောင့် ဖြစ်သည်။

အမှန်တော့ ဗုဒ္ဓကျင့်စဉ်လမ်းနှင့် တာအိုကျင့်စဉ်လမ်းများမှာ ကွဲပြားမှု သိပ်မရှိလှပေ။

တာအိုကျင့်စဉ်နှင့် ဗုဒ္ဓကျင့်စဉ် နှစ်မျိုးလုံး သင်ပြပေးသည့် နတ်ဘုရား ကျောင်းတော်များပင် ရှိလေသည်။

တစ်လပိုင်း ဆယ့်ငါးရက်နေ့မှာ လပြည့်နေ့ ဖြစ်လေသည်။

ကျင်းကွမ်း ဝတ်ကျောင်းတော်က ရောက်ရှိလာသည့် ကျင့်ကြံသူများနှင့် တရားနာ ပရိတ်သတ်များကို တံခါးဖွင့်ကာ ကြိုဆိုလိုက်သည်။

တောင်တက်လမ်း တစ်လျှောက်တွင်လည်း မီးတိုင်များ လင်းထိန်နေအောင် ထွန်းညှိ ထားလေသည်။

မီးတိုင်များ၏ အလင်းရောင်မှာ ကောင်းကင်တစ်ဝက် တိုင်အောင်တောင် လင်းထိန် နေလေသည်။

ပေါင်ယွဲ့ ဆရာတော်ကြီးမှာ ခမ်းနားမှုများကို နှစ်သက်ခြင်း မရှိသည့် သူတော်စင် ဘုန်းတော်ကြီးတစ်ပါး ဖြစ်လေသည်။ သို့သော် စကားရည်လုပွဲမှာ ဗုဒ္ဓဘာသာ ဂိုဏ်းများအတွက် ထူးခြားသည့် ပွဲတစ်ပွဲ ဖြစ်သည့်အတွက် ဗုဒ္ဓဘာသာကို ဂုဏ်တက်စေရန် သင့်တင့်သည့် အပြင်အဆင်များကိုတော့ ခမ်းနားစွာ ဆောင်ရွက်ထားလေသည်။

ထို မီးအိမ်များမှာ စိတ်စွမ်းအားကို အသုံးပြုပြီး ထွန်းညှိထားခြင်း ဖြစ်သည်။ ဆရာတော်ကြီး၏ ဂုဏ်သတင်းနှင့် တန်ခိုးစွမ်းအား မြင့်မားမှုကို ဖော်ပြထားခြင်းလည်း ဖြစ်လေသည်။ ဆရာတော်ကြီး၏ တန်ခိုးမှာ သမုဒ္ဒရာ တစ်စင်းအလား နက်ရှိုင်းမှုကို ခန့်မှန်းရန် ခက်ခဲလှသည်။

အန္တရာယ် ပြုလိုသည့် ရည်ရွယ်ချက်ဖြင့် တောင်ပေါ်သို့ တက်လာသည့် ကျင့်ကြံသူ သို့မဟုတ် နတ်မိစ္ဆာများသည် စိတ်စွမ်းအား မီးတိုင်များကြောင့် စိတ်များ ရှုပ်ထွေးလာမည်ဖြစ်ပြီး ကြောက်ရွံ့တုန်လှုပ်ကာ တောင်ပေါ်သို့ ရောက်အောင် တက်လာရဲတော့မည် မဟုတ်ပေ။

သို့သော် ထိုမီးအိမ်များမှာ သာမန်အဆင့် ကျင့်ကြံသူများနှင့် သာမန် နတ်မိစ္ဆာများကိုသာ တားဆီးနိုင်မည်ဖြစ်ပြီး တန်ခိုးစွမ်းအား ကြီးမားသည့် သူများကိုတော့ တားဆီးနိုင်မည် မဟုတ်ပေ။

***


Comment

Leave a Reply

Options

not work with dark mode
Reset