Switch Mode

အခန်း (၁၇၀)

ယခုအချိန်ထိ ယုံကြည်ချက်ခိုင်မာစွာ

အဆုံးသတ်တွင်တော့ ဆန်းလျန်က ကျောက်ရှောင်ယွီကို မသတ်ခဲ့သလို သူ၏ စန္ဒကူးဓားကိုလည်း မငှားခဲ့ပါ။ သူတို့နှစ်ယောက်ကြား နောက်ထပ် ပတ်သက်စရာ ရှိလာဦးမည် ဆိုသည်ကတော့ မသေချာပေ။ သို့သော် ကျောက်ရှောင်ယွီကတော့ သူ့ကို ရန်ငြိုးထားချင် ထားပေလိမ့်မည်။

သို့သော် ဆန်းလျန်ကတော့ ကျောက်ရှောင်ယွီနှင့် ထပ်တွေ့စရာအကြောင်း မရှိတော့ပေ။ ရေစက်ရှိလျှင်လည်း ပြတ်တောက်ပါစေတော့။ ဆရာဘိုးဘိုး ယွမ်ချင်း၏ ဓားဝိညာဉ်မှာ ပြိုင်ဘက်မရှိ ထက်မြက်ပြီး သေစေခြင်း အမျက်ဒေါသများ ရှိနေသည့်တိုင် ထိုစွမ်းအားများက ဆန်းလျန်၏ စိတ်ကို မထိန်းချုပ်နိုင်ပေ။ သို့သော် ထိုဓားဝိညာဉ်ကပင် ဆန်းလျန်၏ ကျင့်စဉ်လမ်းကို မီးမောင်းထိုးပြ ခဲ့လေသည်။

လူ့ဘဝဆိုသည်က ရခဲလှသည်ဟု ဆန်းလျန်က ခံယူထားလေသည်။ ထို့ကြောင့် အသက် တစ်ချောင်းကို လွယ်လွယ်နှင့် သတ်မည် မဟုတ်ပေ။

ကျင့်ကြံသူ လောကတွင် ဆန်းလျန်ကို တိတ်တဆိတ် စောင့်ကြည့်နေကြသူ များစွာ ရှိကြလေသည်။ ယခုတော့ သူ့ကို အပုပ်ချရန် စောင့်ကြည့်နေကြ သူများကိုလည်း အမြင်ရှင်းအောင် ပြုလုပ်နိုင်ခဲ့ပြီ။ သူ အပြုံးတစ်ပွင့်ကို သန့်စင်စွာ ပြုံးလိုက်မိသည်။

ဆန်းလျန်၏ရှေ့ သုံးပေအကွာတွင် နတ်ဘုရား တိမ်တိုက်တစ်ခု ပေါ်လာလေသည်။ ဤသို့ ဖြစ်ရသည်မှာ နတ်ဘုရား တစ်ပါးက ဆန်းလျန်ကို လာရောက် ကြည့်ရှုခြင်းကြောင့် ဖြစ်နိုင်လေသည်။

ထိုသို့ နတ်ဘုရား တိမ်တိုက်မျိုးကို အတွေ့အကြုံ မရှိသည့်တိုင် အခြားသော နေရာတစ်ခုမှ နတ်ဘုရားတစ်ပါး ဖြစ်သည်ကိုတော့ ဆန်းလျန် ရိပ်မိလိုက်လေသည်။

သူတစ်ပါးကို အနိုင်ယူလိုက် နိုင်ခြင်းက ဆန်းလျန်အတွက် မည်သည့် အဓိပ္ပာယ်မှ မရှိပါ။ သူက ကျင့်စဉ်လမ်းသို့ လိုက်ခဲ့သည်မှာ မသေလိုဘဲ ထာဝရ အသက်ရှည်လိုသောကြောင့် ဖြစ်ပြီး လောကကို ဖျက်စီးရန် ရည်ရွယ်ချက် မရှိပါ။

အစစ်အမှန် စွမ်းအားကြီးခြင်း ဆိုသည်မှာ အခြားသူများကို ကာကွယ်ပေးခြင်း ဖြစ်ပြီး ဖျက်ဆီးခြင်း မဟုတ်ပေ။

ဆန်းလျန်က လက်နှစ်ဖက်ကို နောက်သို့ ပစ်ထားရင်းနှင့်ပင် လေထဲတွင် ပျံသန်းကာ သူနေထိုင်သည့် နေရာသို့ ပြန်လာခဲ့လေသည်။ ဆင်းရဲသား ဒုက္ခသည်များကို ချီးရှိုးနှင့် စုန့်ချင်းယီတို့က စောင့်ရှောက်ပေးနေသည့် နေရာပင် ဖြစ်လေသည်။ ကျောက်ရှောင်ယွီနှင့် သူ၏ တိုက်ပွဲကြောင့် မြေကြီးများ တုန်လှုပ်ကာ သဘာဝပတ်ဝန်းကျင် အခြေအနေ ပြောင်းလဲ ခဲ့သော်လည်း အချိန်တော့ သိပ်မကြာခဲ့ပါ။ သို့သော် စုန့်ချင်းယီနှင့် ချီးရှိုးကတော့ ပန့်ယွဲ့ရေကန်တွင် တစ်စုံတစ်ခု ဖြစ်နေပြီဖြစ်ကြောင်း ရိပ်မိခဲ့လေသည်။ သို့သော် သူတို့က ထိုနေရာသို့ သွားရောက်ခဲ့ခြင်း မရှိပါ။ အဘယ်ကြောင့်ဆိုသော်  ထိုနေရာတွင် အသက်ဓာတ် စွမ်းအားလှိုင်းများ အပြင်းအထန် ရိုက်ခတ်နေသောကြောင့် သူတို့သွားလျှင်လည်း ဒုက္ခရောက်ရမည်သာ ဖြစ်လေသည်။

လေထဲမှ ပျံသန်းလာသည့် ဆန်းလျန်ကို မြင်တော့ စုန့်ချင်းယီ အံ့သြသွားမိသည်။ ညက ဆန်းလျန် သူတို့နှင့်အတူ မရှိကြောင်း စုန့်ချင်းယီ သတိမထားလိုက်မိပေ။

တစ်ညအတွင်းမှာပင် ဆန်းလျန်သည် များစွာ ပြောင်းလဲသွားလေသည်။ လေထဲတွင် ရပ်တန့်နေသည့် သူ၏ ပုံသဏ္ဌာန်မှာ အရာအရာကို လွှမ်းမိုးနိုင်သည့် မြင့်မြတ်သည့် ဆရာသခင် တစ်ပါးအလား ဖြစ်နေလေသည်။

ယခင်ကတော့ ဆန်းလျန်၏ ပုံစံမှာ ဓားအိမ်ထဲမှ ဓားတစ်လက်ကဲ့သို့ ဖြစ်လေသည်။ အရှိန်အဝါနှင့် တန်ခိုးစွမ်းအား ကြီးမားသည့်တိုင် မည်သူမျှ သူ၏ တန်ခိုးစွမ်းအားကို ခန့်မှန်းနိုင်ခြင်း မရှိကြပေ။

သို့သော် ယခုတော့ ဆန်းလျန်၏ ပုံစံမှာ ဓားအိမ်တွင်းမှ ထုတ်လိုက်သည့် ဓားတစ်လက်အား ဖြစ်လေသည်။ တန်ခိုးစွမ်းအားနှင့် အရှိန်အဝါ ထက်မြက်မှုများကို လူတိုင်း သိမြင်နိုင်ပြီ ဖြစ်လေသည်။ ထက်ရှသည့် ဓားတစ်လက်သည် သံမဏိကိုပင် အပိုင်းပိုင်း ဖြတ်တောက်နိုင်မည် ဖြစ်ကြောင်း လူတိုင်း သိမြင်နိုင်ကြပြီ ဖြစ်လေသည်။

ဆန်းလျန်မှာ လူအများကို တရားအလင်းပေးမည့် ဆရာသခင် တစ်ပါးအလား လူအများ အလယ်တွင် မားမားမတ်မတ် ရပ်တည်နေသူ တစ်ယောက်ကဲ့သို့ ဖြစ်နေလေသည်။ လူအများသည် သူ့ကို လေးစားကိုးကွယ် ကြတော့မည့် ပုံစံမျိုးပင် ဖြစ်လေသည်။

ဆန်းလျန် မြေပြင်ထက်သို့ ဆင်းသက်လိုက်သည်နှင့် စုန့်ချင်းယီက ဆန်းလျန်ဆီသို့ လျှောက်သွားလိုက်သည်။

“ဆန်းလျန် မင်း ဟိုင်သန်းအဆင့် အောင်မြင်သွားပြီလား”

“ဟိုင်သန်းအဆင့် တက်ရောက်ဖို့ လမ်းကိုတော့ မြင်နေပါပြီ။ ဒါပေမဲ့ ဟိုင်သန်း အဆင့်ကိုတော့ မတက်ရောက် နိုင်သေးပါဘူးဗျာ”

ဆန်းလျန်က ရယ်မောလိုက်ရင်း ပြောလိုက်လေသည်။

ဆန်းလျန်က ဆရာဘိုးဘိုး ယွမ်ချင်း၏ ဓားဝိညာဉ်ကို ရရှိထားပြီး ထိုဓားဝိညာဉ်၏ အကောင်းအဆိုးများကို လက်ခံထားလေသည်။ ထိုဓားဝိညာဉ်ကြောင့် အရှိန်အဝါလည်း ကြီးမားခဲ့ရသလို ဟိုင်သန်းအဆင့် မအောင်မြင်သေးသည့်တိုင် ဟိုင်သန်းအဆင့် တက်ရောက်ရန် လမ်းကြောင်းပေါ်သို့ ရောက်ရှိခဲ့ရ လေသည်။

ဟိုင်သန်းအဆင့် တက်ရောက်ရန်အတွက် ကိုယ်တွင်းမှ “ယင်” ဝိညာဉ် စွမ်းအားကို ရွှေပြဒါး အမြုတေနှင့် ဟန်ချက်ညီအောင် ပေါင်းစပ်ရမည် ဖြစ်လေသည်။ ထိုသို့ ပေါင်းစပ်နိုင်မှ မိုးမြေ စွမ်းအားများက မုန်တိုင်းသဖွယ် စီးဝင်လာပြီး ဟိုင်သန်းအဆင့် အောင်မြင်နိုင်မည် ဖြစ်လေသည်။ ထိုအဆင့်မှာ နတ်ဘုရားတစ်ပါး ဖြစ်လာရန် စတင်သည့် အခြေခံအဆင့် ဖြစ်သည့်အတွက် အလွန်မှ ခက်ခဲသည့်အဆင့် ဖြစ်လေသည်။

ထို့ကြောင့်ပင် ဟိုင်သန်းအဆင့် ကျင့်ကြံအောင်မြင်သွားလျှင် ဟိုင်သန်းကျန်းရန်ဟု ခေါ်ဆိုနိုင်ပြီး လောကနတ်ဘုရား ဆိုသည့် ဂုဏ်ပုဒ်ကို ရယူနိုင်ခြင်း ဖြစ်လေသည်။ သို့သော် လောက နတ်ဘုရားဟု ခေါ်ဆိုသည့်တိုင် ထာဝရ အသက်ရှင်နိုင်သည့် တရားဝင် လောကနတ်ဘုရား တစ်ပါးတော့ မဟုတ်သေးပေ။

ဟိုင်သန်းအဆင့် အောင်မြင်သည်ကို သက်သေပြသည့် အနေဖြင့် လောကနတ်ဘုရားဟု ယေဘုယျ ခေါ်ဆိုကြခြင်းပင် ဖြစ်လေသည်။ ဟိုင်သန်းအဆင့် အောင်မြင်ပြီးပါက နှစ်ပေါင်းရှစ်ရာ အသက်ရှည်နိုင်ပြီ ဖြစ်လေသည်။

တာအိုကျမ်းစာ တစ်ခုတွင် ရေးသားထားသည်မှာ –

“အသက်ကို မှန်မှန်ရှူပါ၊ ရှူသွင်း ရှူထုတ် အသက်ရှူ ကျင့်စဉ်ကို လေ့ကျင့်ပါ …

သည်းခံခြင်း တရားကို အတုယူပါ၊ ငှက်လေးများပုံကို ရေးဆွဲခံစားပါ၊

ကိုယ်ပိုင် ကျင့်ကြံမှုအတွက် လမ်းညွှန်ဖြစ်ပြီး အသက်ရှည်ရှည် နေထိုင်ပါ

ဆရာသခင် ဖုန်းကျူပြောသည့် နည်းလမ်းကို လိုက်နာပါ”

ဟူ၍ ဖြစ်လေသည်။

ထို့ကြောင့် ဟိုင်သန်းအဆင့် ကျင့်ကြံသူများမှာ ကျင့်စဉ်လမ်းတွင် နေရာတစ်ခု စတင်ရရှိ လာသည့်တိုင် နတ်ဘုရားတစ်ပါးတော့ မဖြစ်သေးပါ။ သူတို့က အသက်ရှည်ရှည် နေရသည့်တိုင် ထာဝရ ရှင်သန်နိုင်ခြင်း မရှိသေးပေ။ နှစ်ပေါင်းရှစ်ရာ ဆိုသည်မှာ ခန့်မှန်းတွက်ချက်မှု တစ်ခုသာ ဖြစ်လေသည်။ “ဆရာသခင် ဖုန်းကျူပြောသည့် နည်းလမ်းကို လိုက်နာပါ” ဆိုသည့် စကားကဲ့သို့ ဖြစ်လေသည်။ ဆရာသခင် ဖုန်းကျူမှာ ဒဏ္ဍာရီထဲမှ လူသားတစ်ဦး ဖြစ်ပြီး နတ်ဘုရားတစ်ပါး မဟုတ်ခဲ့ပါ။ ဆန်းလျန်က ဆရာသခင် ဖုန်းကျူအကြောင်းကို ယခင် ခေတ်ပေါ်ကမ္ဘာတွင် နေထိုင်ခဲ့သည့် ဘဝကပင် စာအုပ်ထဲတွင် ဖတ်ဖူးလေသည်။ ဆရာသခင် ဖုန်းကျူမှာ နှစ်ပေါင်း ရှစ်ရာတိုင်တိုင် အသက်ရှည်ခဲ့သည့် လူသားတစ်ဦး ဖြစ်လေသည်။

များသောအားဖြင့် ဟိုင်သန်း ကျင့်ကြံသူများမှာ နှစ်ပေါင်းရှစ်ရာအတွင်း ဖော့ဝမ့်အဆင့်သို့ ရောက်ရှိအောင် ကျင့်ကြံကြလေသည်။ သို့သော် ဖော့ဝမ့်အဆင့်သို့ တက်ရောက်ရန် နည်းလမ်း ရှာမတွေ့ပါက နတ်ဘုရား အသက်ဓာတ်ကို ဆုံးရှုံးကာ နှစ်ပေါင်းရှစ်ရာ ပြည့်လျှင် သေဆုံးကြရမည် ဖြစ်လေသည်။

ထိုအခါ သာမန် လူသားများနှင့် မည်သို့မျှ မခြားနားတော့ပေ။

ဆန်းလျန်၏ အရှိန်အဝါများကို မြင်နေရသည့် စုန့်ချင်းယီအဖို့ အမှန်တကယ်ပင် လေးစားအားကျ နေမိလေသည်။ သူက ဆရာသခင် လုကျိုးယွမ်၏ တပည့်တစ်ယောက် ဖြစ်သည့်တိုင် ဟိုင်သန်းအဆင့်ကို ဆန်းလျန်ကဲ့သို့ အရှိန်အဝါများဖြင့် ခမ်းနားစွာ တက်ရောက် နိုင်ပါမည်လား မသေချာပေ။

သာမန်အားဖြင့်ဆိုလျှင် ဟိုင်သန်းအဆင့် တက်ရောက်နိုင်ရန်အတွက် တိတ်ဆိတ် ငြိမ်သက်သည့် နေရာတစ်ခု လိုအပ်လေသည်။

ဆန်းလျန်အနေဖြင့် သူ၏ ပိတ်ဆို့နေသည့် သွေးကြောဆုံချက် နေရာများ အားလုံး ပွင့်နေခဲ့ပြီ ဖြစ်သဖြင့် မည်သည့် အတားအဆီး အနှောင့်အယှက်မှ ရှိနိုင်တော့မည် မဟုတ်ပေ။

ဆန်းလျန်မှာ အစကတည်းကပင် ဟိုင်သန်းအဆင့်သို့ ခြေတစ်ဖက်က လှမ်းထားပြီးသည့် အခြေအနေ ဖြစ်လေသည်။ ထို့ကြောင့် သူ၏ပုံစံက အဆုံးစွန်ထိ တည်ငြိမ်နေခြင်း ဖြစ်လေသည်။ ဟိုင်သန်းအဆင့်သာ တက်ရောက်နိုင်ပြီဆိုလျှင် အမှန်ပင် ကြောက်စရာကောင်းမည့် ကျင့်ကြံသူတစ်ယောက် ကျိန်းသေ ဖြစ်လာမည် ဖြစ်လေသည်။

သူက စုန့်ချင်းယီ၏ မျက်နှာ အမူအရာကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် စုန့်ချင်းယီ၏ ဘေးနားမှ အေးအေးသက်သာ ပုံစံဖြင့်ပင် ဖြတ်လျှောက်သွားရင်း စုန့်ချင်းယီ၏ ပခုံးကို အသာ ပုတ်လိုက်လေသည်။

“စိတ်ပူမနေပါနဲ့။ မင်းလည်းတစ်နေ့ ဒီအဆင့်ကို ရောက်လာမှာပါ”

ဆန်းလျန်စကားကြောင့် စုန့်ချင်းယီ သက်ပြင်းချလိုက်သည်။

“မျှော်လင့်ရတာပါပဲ။ ဒါပေမဲ့ ဒီနေ့ မင်းကိုတွေ့တော့ စိတ်မလှုပ်ရှားဘဲ မနေနိုင်ဘူးလေ”

ဆန်းလျန်က ရယ်မောလိုက်ရင်း …

“မဖြစ်ပါနဲ့ကွာ။ ငါဆိုလည်း ဟိုင်သန်းအဆင့် အရမ်း အောင်မြင်ချင်ခဲ့တာ။ ဒါနဲ့ ခုတော့ ငါ မင်းတို့ကို နှုတ်ဆက်ရတော့မယ်”

ဟု ပြောလိုက်လေသည်။

ဆန်းလျန် စကားကြောင့် စုန့်ချင်းယီ နားမလည်နိုင် ဖြစ်သွားရသည်။

“မင်းက ဟိုင်သန်းအဆင့်ရောက်ဖို့ လမ်းတစ်ဝက် ရောက်နေပြီပဲ။ ဘာလို့ ချင်းရွှမ် နတ်တံခါးကို မပြန်ရတာလဲ။ အဲဒီမှာဆိုရင် ဘာအနှောင့်အယှက်မှ မရှိဘဲ ဟိုင်သန်းအဆင့်ကို တက်ရောက်နိုင်မှာပဲ”

စုန့်ချင်းယီက ပြောလိုက်လေသည်။

“ကျုပ် နတ်တံခါးကို ပြန်ချင်ပါတယ်။ ဒါပေမဲ့ ခုတော့ ပြန်ဖြစ်ဦးမယ် မထင်ဘူး။ ပြီးတော့ ကျုပ် ဟိုင်သန်းအဆင့် တက်ရောက်မယ်ဆိုရင် မိုးမြေစွမ်းအားတွေ ရှုပ်ထွေးကုန်ပြီး ဆူညံမှုတွေ ဖြစ်လာရင် သဘာဝတရားရဲ ဒြပ်စင်ငါးမျိုးနဲ့ ယင်နဲ့ယန် စွမ်းအားတွေလည်း ရှုပ်ထွေးကုန်လိမ့်မယ်။ ဒါကြောင့် ကျုပ် တစ်နေရာကို သွားမှဖြစ်မယ်”

ဆန်းလျန်ပြောသည်မှာ အကျိုးအကြောင်း ညီညွတ်သည်ဟု စုန့်ချင်းယီ တွေးလိုက် မိလေသည်။ ဟိုင်သန်းအဆင့်ကို တက်ရောက်သည်မှာ တာအိုလမ်းစဉ်သို့ စတင်ဝင်ရောက်ခြင်း ဖြစ်လေသည်။ ထိုအဆင့်မှာ နတ်မိစ္ဆာများ မိုးကြိုးပစ်ခံပြီး လူသားအသွင် ရယူခြင်းနှင့် တူညီမှု လုံးဝမရှိပေ။  ဟိုင်သန်းအဆင့် တက်ရောက်ရာတွင် ဖြစ်ပေါ်လာသည့် ဆူညံမှုများကြောင့် မိုးမြေ စွမ်းအားများ ရှုပ်ထွေးကုန်မည် ဖြစ်လေသည်။ ထိုခဏလေး အတွင်းမှာပင် ကျင့်ကြံသူနှင့် မိုးကောင်းကင်မှာလည်း တဒင်္ဂမျှ ပေါင်းစပ်သွားမည် ဖြစ်လေသည်။ မိုးမြေ စွမ်းအားများ မည်မျှ ရှုပ်ထွေးကုန်မည် ဆိုသည်ကလည်း ဟိုင်သန်းအဆင့် တက်ရောက်မည့် ကျင့်ကြံသူ၏ တန်ခိုးစွမ်းအား အပေါ်တွင် မူတည်လေသည်။

ထို့ပြင် ပြင်ပပြဒါးရှင် နည်းလမ်းနှင့် ဟိုင်သန်းအဆင့် တက်ရောက်သူများ၊ နတ်ဒေဝါ အမြုတေဖြင့် ဟိုင်သန်းအဆင့် တက်ရောက်သူများမှာ သူတို့၏ ကိုယ်ပိုင် ကျင့်စဉ်လမ်းကြောင်းကို တီထွင် လျှောက်လှမ်းနိုင်ကြမည် မဟုတ်ပေ။ ထို့ကြောင့် သူတို့အတွက်တော့ မိုးမြေစွမ်းအား ရှုပ်ထွေးမှုမှာ သိပ်ပြီး မပြောပလောက်ပေ။ သူတို့၏ သိမြင်မှုမှာလည်း နည်းပါးသည့်အတွက် ဟိုင်သန်းအဆင့် တက်ရောက်သည့်တိုင် မည်သည့် ပြဿနာမှ မရှိနိုင်ပေ။ သူတို့ရရှိသည့် အမြင့်ဆုံး အဆင့်မှာလည်း ပုံပြောင်းအဆင့် ငါးခုလောက်သာ ရှိလေသည်။

သို့သော် အလွန် စွမ်းအားကောင်းသည့် နတ်ဒေဝါ အမြုတေ ရရှိသူမှာတော့ ဟိုင်သန်း အဆင့်ကို ပုံပြောင်းအဆင့် ခုနစ်ဆင့်၊ ရှစ်ဆင့်၊ ကိုးဆင့်ဖြင့် တက်ရောက်နိုင်ရန် အလားအလာ ရှိလေသည်။ သို့သော် ကိုယ်ပိုင် ကျင့်စဉ်လမ်းဖြင့် ဟိုင်သန်းအဆင့် တက်ရောက်ကြသည့် ကျင့်ကြံ သူများကတော့ သူတို့ကိုယ်ပိုင် ကျင့်စဉ်လမ်းကြောင်းဖြင့် ဟိုင်သန်းအဆင့်သို့ တက်ရောက်နိုင်ခြင်း ဖြစ်သဖြင့် ပိုပြီး တန်ခိုးစွမ်းအား ကြီးမားမည် ဖြစ်လေသည်။

ထိုအချိန်မှာပင် ချီးရှိုးအနားသို့ ရောက်လာလေသည်။ သူမက ဆန်းလျန်မှာ ကျင့်စဉ်လမ်း အဆင့်တက်လှမ်း နိုင်ရန်အတွက် ထွက်ခွာသွားတော့မည်ဟု ပြောသည့် နှုတ်ဆက်စကားကို ကြားလိုက်ရလေသည်။ သူမ ဆန်းလျန်အတွက် လွန်စွာ ပျော်ရွှင်မိလေသည်။ သို့သော် တစ်ချိန်တည်းမှာပင် ဆန်းလျန်နှင့် မခွဲနိုင်မခွာနိုင် ဖြစ်ရပြန်သည်။ သူမအတွက် စုန့်ချင်းယီက အစ်ကိုတစ်ယောက်နှင့် တူပြီး ဆန်းလျန်ကတော့ ဆရာတစ်ယောက်နှင့် တူလေသည်။ သူမအတွက် ဆန်းလျန်ဆီမှ သင်ယူစရာ များစွာ ရှိနေသေးသည်။ ထို့ပြင် သူမကို ဆန်းလျန် ကယ်တင်ခဲ့သည့် အချိန်ကိုလည်း သတိရ မှတ်မိနေဆဲ ဖြစ်လေသည်။

သို့သော် ကျင့်ကြံသူတိုင်းသည် စိတ်ခံစားမှုနောက်သို့ လိုက်ကြသည့်သူများ မဟုတ်ပါ။ ထို့ပြင် ဆန်းလျန် အဆင်ပြေပြေဖြင့် ဟိုင်သန်းအဆင့် တက်ရောက်ပြီးသွားလျှင် သူမတို့ နောက်တစ်ကြိမ် ပြန်ဆုံခွင့် ရလျှင်လည်း ရနိုင်ဦးမည် ဖြစ်လေသည်။

သို့သော် …

ဆန်းလျန် စုန့်ချင်းယီနှင့် ချီးရှိုးကို သံယောဇဉ်ဖြတ်ကာ နှုတ်ဆက်သွားသည့် အခါတွင်တော့ အဆုံးမရှိသည့် လွမ်းတေး တစ်ပုဒ်အလား လွမ်းဆွေး ရလေတော့သည်။

“နှစ်ပေါင်း နှစ်ဆယ်ကြာအောင် …

ရတနာဓားကို ရှာဖွေရန် ထွက်ခွာသွားသည့် ဓားသမားတစ်ယောက် …

သစ်ရွက်တွေ ကြွေခဲ့သလို …

ရွက်နုတွေလည်း ဝေခဲ့ပြီ …

မက်မွန်ပန်းတွေကို အမှတ်မထင် သူငေး ကြည့်မိတဲ့အခါ …

ထိုခဏလေးမှာ …

ယခုအချိန်ထိ နှစ်ပေါင်းများစွာ …

သူ့အတွက် နောင်တရစရာ မရှိခဲ့ပါ …”

ဆန်းလျန်လည်း ဟိုင်သန်းအဆင့် တက်ရောက်ရန် စောင့်ဆိုင်းခဲ့ရသည်မှာ နှစ်ပေါင်းနှစ်ဆယ် ကြာခဲ့ပြီ ဖြစ်လေသည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset