Switch Mode

အခန်း (၁၆၉)

ဝိညာဉ်စွမ်းအားဖြင့်

ထိုအချိန်ခဏလေး အတွင်းမှာပင် တောက်ပ ထိန်လင်းနေသည့် ဓားဝိညာဉ်၏ တန်ခိုးစွမ်းအားကို ဖော်ပြခြင်းငှာ မစွမ်းသာနိုင်ပေ။ ဓားဝိညာဉ်သည် ငြိမ်သက် တိတ်ဆိတ်သည့် အနုပညာစွမ်းအား တစ်ခုအလား မျှော်လင့်ချက်များဖြင့် စိမ့်ဝင်ပျံ့နှံ့ နေလေသည်။ တစ်ချိန်တည်းမှာပင် ခက်ထန်ဒေါသနှင့် ကြမ်းတမ်းသည့် သတ်ဖြတ်လိုခြင်း များကလည်း ထွက်ပေါ်နေလေသည်။ သို့သော် ထိုဓားဝိညာဉ်တွင် မိစ္ဆာစွမ်းအား လွှမ်းမိုးမှုတော့ မရှိပေ။

ဂဠုန်လက်သည်းမှာ ကျောက်ရှောင်ယွီ၏ အဓိပက ဝိညာဉ်စွမ်းအား ဖြစ်လေသည်။ ထိုလက်သည်းမှာ ကျောက်ရှောင်ယွီ၏ စိတ်ဝိညာဉ် အတွင်းတွင် တည်ရှိခြင်းဖြစ်ပြီး ထိုကဲ့သို့သော ဝိညာဉ်စွမ်းအား မျိုးကို ဖော့ဝမ့်အဆင့် ကျင့်ကြံသူသာ ခုခံနိုင်မည် ဖြစ်လေသည်။ အခြားသူများ မည်သူမျှ ခုခံနိုင်မည် မဟုတ်ပေ။ ထိတ်လန့်ဖွယ်ရာ စွမ်းအားကြီးမားသည့် ဝိညာဉ်စွမ်းအား ဖြစ်လေသည်။

ကျောက်ရှောင်ယွီမှာ ကြာပလ္လင်ထက်တွင် တည်ငြိမ်စွာ ထိုင်နေဆဲ ဖြစ်လေသည်။ ကရုဏာ တရား၏ နတ်သမီးသည် သူမထံသို့ ဝင်ရောက်လာသည့် ဓားဝိညာဉ်ကို ကြည့်နေလေသည်။ သူမ၏ ခံစားချက် ကင်းမဲ့သော မျက်နှာထက်တွင် သူမသာလျှင် အနိုင်ရမည်ဟု ယုံကြည်ထားပုံ ရလေသည်။

သူမ၏ စိတ်ဝိညာဉ် ဂဠုန်လက်သည်းကို ခုခံနိုင်သည့်သူ မည်သူမှ မရှိပေ။ ဆန်းလျန်သာ သူမ၏ လက်ကို ရင်ဆိုင်တိုးမည်ဆိုလျှင် ကြီးမားသည့် ဝိညာဉ်စွမ်းအား၏ ရိုက်ခတ်ခြင်းဒဏ်ကို ခံရမည် ဖြစ်လေသည်။

သို့သော် … သူမ နောက်ထပ် ရင်ဆိုင်လိုက်ရသည့် အဖြစ်အပျက်ကြောင့် ကြက်သေသေ သွားရလေသည်။

အေးစက်ငြိမ်သက်နေသည့် ဓားဝိညာဉ်၏ အမျက်ဒေါသတရား ထွက်ပေါ်လာလေသည်။ ထိုဓားဖြင့် လောကရှိ သေသင့်သေထိုက်သည့် သက်ရှိများ အားလုံးကို ထိုးခုတ်သတ်ဖြတ်တော့မည် ကဲ့သို့ ဖြစ်လေသည်။ ထို ဓားဝိညာဉ်၏ အမျက်ဒေါသ အောက်တွင် ကျောက်ရှောင်ယွီ၏ “ဝူရှန်” သိုင်းကွက်သည် အသက်မဲ့သွားရ လေသည်။ မွေးဖွားပြီးသည့် နောက်ပိုင်း သူမ ဖြစ်တည်ခဲ့သည်။ ဖြစ်တည်ပြီးလျှင် ပျက်စီးရမည်ကတော့ သဘာဝအတိုင်းပင် ဖြစ်လေသည်။ “ဝူရှန်” ၏ အဓိပ္ပာယ်မှာ မွေးဖွားခြင်း၊ တည်ရှိခြင်းမရှိ၊ မရှိမှု သဘောတရားသာ ဖြစ်လေသည်။

ကျောက်ရှောင်ယွီမှာ ဝူရှန်သိုင်းကွက်ကို လေ့ကျင့်ခဲ့သည့်တိုင် ဝူရှန်၏ အနှစ်သာရ အဓိပ္ပာယ်ကို တကယ်တမ်း နားလည်ခဲ့ခြင်း မရှိပေ။ ထို့ကြောင့် သူမက ထိုပညာကို အသုံးပြုနေသည့် တိုင်အောင် နားမလည်ဘဲ အသုံးပြုနေခြင်း ဖြစ်လေသည်။

လောကတွင် သိမြင်သည့် အရာများစွာ ရှိသည့်တိုင် နက်နက်ရှိုင်းရှိုင်း နားလည်ရန်တော့ ခက်ခဲလေသည်။ တစ်ခါတစ်ရံတွင် မှားယွင်းစွာ နားလည်သွားသည်များပင် ရှိနိုင်လေသည်။

မီးခိုးရောင် အငွေ့များက ဂဠုန်လက်သည်းကို အဆုံးမရှိ ဝန်းရံထားပြီး လွန်စွာမှ တန်ခိုးစွမ်းအား မြင့်မားလေသည်။ သို့သော် ထိုဂဠုန် လက်သည်းကြီးသည် အေးစက် ငြိမ်သက်နေသည့် ဒေါသတရားများဖြင့် ပြည့်နေသည့် ဓားဝိညာဉ်ကို ထိပ်တိုက်ရင်ဆိုင် လိုက်ရသည့် အခါ ပြန်လည် တိုက်ခိုက်နိုင်ခြင်းငှာ မတတ်နိုင်တော့ပေ။ နေရောင်နှင့် တွေ့သည့်အခါတွင် နှင်းများ ချက်ချင်းပင် အရည်ပျော်ကျရ သကဲ့သို့ ဖြစ်လေသည်။ ခုခံစွမ်းအားများ ပျောက်ဆုံးသွားရ လေသည်။

မီးခိုးရောင် အခိုးအငွေ့များ ပျောက်ကွယ်သွားပြီး ဂဠုန်လက်သည်းကြီးမှာ ကျိုးပျက်သွားရ လေသည်။

တိတ်ဆိတ်မှုကို ဓားဝိညာဉ်က ဖြိုခွင်းလိုက်လေသည်။

ရုတ်တရက် …

အချိန်ကာလ တစ်ခုလုံး ရပ်တန့်သွားသလို ခံစားလိုက်ရ လေသည်။

ဝူရှန်သိုင်းကွက်၏ မူလအဓိပ္ပာယ် ပျောက်ဆုံး သွားသောကြောင့် ထိုသို့ ဖြစ်ရခြင်း ဖြစ်လေသည်။

ဂဠုန်လက်သည်းကို ဓားဝိညာဉ်ဖြင့် ထိုးခွင်းလိုက်သည့်အတွက် ဖန်ဆင်းမှု တန်ခိုးစွမ်းအားများ အားလုံး ပျောက်ကွယ်သွားလေသည်။ သို့သော် ဓားဝိညာဉ်က ရပ်တန့်သွားခြင်း မရှိဘဲ ကျောက်ရှောင်ယွီထံသို့ တိုးဝင်သွားလေသည်။

ဓားသွားမှာ ထက်ရှ အေးစက်နေပြီး ဓားတန်ခိုး စွမ်းအားက အတိုင်းအဆ မဲ့လေသည်။ ဓားဝိညာဉ်သည် ကျောက်ရှောင်ယွီ၏ စိတ်ဝိညာဉ် တစ်ခုလုံးကို အေးစက်စွာဖြင့် ဖြတ်တောက် ပစ်တော့မည့် အလားပင်။

ကျောက်ရှောင်ယွီ၏ ကျောရိုးတစ်လျှောက်ရှိ ရွှေပြဒါးအမြုတေ စွမ်းအားများ လှုပ်ခတ် သွားလေသည်။ သို့သော် သူမက သတ္တိရှိစွာဖြင့် ဆက်လက် တိုက်ခိုက်နေဆဲ ဖြစ်လေသည်။

သူမထိုင်နေသည့် ကြာပလ္လင်မှ ကြာပန်းပွင့်လွှာ ကိုးခုမှာ လေထဲသို့ ပျံသန်းထွက်ခွာ သွားလေသည်။ ပွင့်ချပ် တစ်ခုပြီးတစ်ခု ဓားဝိညာဉ်ကို တိုက်ခိုက်လိုက်သည်။ သို့သော် ဓားဝိညာဉ်ကို အနည်းငယ် နှေးသွားအောင်သာ လုပ်နိုင်ပြီး လုံးဝ တားဆီးနိုင်ခြင်းတော့ မရှိပါ။ ကြပန်းပွင့်လွှာ ကိုးခု ပျက်စီးမသွားခင် အထိတော့ ဓားဝိညာဉ်ကို တားဆီးထားနိုင် ခဲ့လေသည်။

ကြာပန်းပွင့်လွှာ ကိုးလွှာမှာ ဓားဝိညာဉ်၏ ထက်ရှသည့် ဓားသွားအောက်တွင် အစိတ်စိတ် အမြွှာမြွှာ ပျက်စီးသွားရသည်။ ထို့နောက် လျင်မြန်သော ဓားဝိညာဉ်သည် ကျောက်ရှောင်ယွီ၏ ခန္ဓာကိုယ် အတွင်းသို့ စိုက်ဝင်သွားလေ တော့သည်။

ကျောက်ရှောင်ယွီ၏ အမြင်များ ၀ေဝါးသွားပြီး သူမ၏ စိတ်အာရုံ စူးစိုက်မှုမှာ တဖြည်းဖြည်း အားနည်းသွားလေသည်။

ရှည်လျားသည့် ဓားသွားသည် သူမ၏ နှလုံးသားထဲတွင် စိုက်ဝင်နေပြီး ကြာပန်းကိုးပွင့် ကျောင်းတော် တည်ရှိရာ တောင်ပေါ်ရှိ ရေတံခွန်အောက်တွင် ရောက်နေသည့်အလား ခံစားလိုက်ရ လေသည်။ ထိုရေတံခွန်မှာ ပေတစ်ထောင်ခန့် အမြင့်မှ စီးဆင်းလားခြင်း ဖြစ်ပြီး နဂါးငွေ့တန်း စီးဆင်းသကဲ့သို့ အရှိန်ပြင်းလွန်း လေသည်။

ရေတံခွန်မှ ရေကျသံကဲ့သို့ မဆုံးနိုင်သည့် ဓားခြိမ်းသံကိုလည်း သူမစိတ်ထဲတွင် ကြားနေရ လေသည်။

ထိုအသံသည် ဂီတသံ တစ်ခုအလား ဖြစ်ပြီး သူမဘဝတွင် မည်သည့်အခါမှ မေ့ပျောက် နိုင်တော့မည် မဟုတ်ပေ။

ရုတ်တရက် ဓားဝိညာဉ်က ပျောက်ကွယ်သွားပြီး နာကျင်မှုများလည်း သက်သာ သွားလေသည်။

ပြင်ပ လောကတွင်တော့ ကျောက်ရှောင်ယွီ၏ နှုတ်ခမ်းထောင့်မှ သွေးများစီးကျ နေလေသည်။ ဆန်းလျန်၏ မျက်ခုံးနှစ်ခုကြားသို့ ချိန်ရွယ်ထားသည့် ကြာပန်းဖြူဓားမှာ ပျောက်ကွယ် သွားတော့မည့်အလား တဖြည်းဖြည်း မှေးမှိန်သွားလေသည်။

ဆန်းလျန်၏ ဝတ်ရုံမှာ လေထဲတွင် လွင့်နေပြီး သူဖန်ဆင်းထားသည့် ဓားဝိညာဉ်မှာလည်း ပျောက်ကွယ်သွားပြီ ဖြစ်လေသည်။ ဆန်းလျန်က တည်ငြိမ် အေးဆေးစွာဖြင့် ကျောက်ရှောင်ယွီကို ကြည့်နေလိုက်လေသည်။ သူ၏ မျက်ဝန်းများက နူးညံ့ သိမ်မွေ့နေပြီး ကျောက်စိမ်းရောင်ကဲ့သို့ တောက်ပနေလေသည်။

ဆန်းလျန်မှာ ယခုအခါ မိုးသည်းထန်စွာ ရွာပြီးစအချိန် စိမ်းလန်းနေသည့် တောင်တန်းလေးနှင့် အလားတူလေသည်။ ဖုန်မှုန့်များဖြင့် ညစ်ပေခြင်း မရှိ၊ သန့်စင်နေလေသည်။

“လူက ရေကို ညစ်ပတ်အောင် လုပ်တယ်။ ရေကတော့ လူကို ဘယ်တော့မှ ညစ်ပေအောင် မလုပ်ဘူး။ ရေက ဒီအတိုင်း စီးဆင်းသွားတာပဲ။ ကြည်လင်တဲ့ ရေထဲမှာ ဖုန်မှုန့်လေး တစ်စတောင် မထင်ကျန်ရစ်ဘူး”

ကျောက်ရှောင်ယွီ တွေးနေမိလေသည်။

အမျက်တရား ပြင်းထန်နေသည့် ဓားဝိညာဉ်သည် ဆန်းလျန်၏ စိတ်ဝိညာဉ်ကို ရေကဲ့သို့ ကြည်လင်အောင် ဆေးကြောပေးလိုက်ပြီ ဖြစ်လေသည်။

ဆန်းလျန် လျှောက်လှမ်းသည့် လမ်းသည် ချန်ကျန့်မေနှင့် မတူညီ ကွဲပြားခဲ့ပြီ ဖြစ်လေသည်။ ချန်ကျန့်မေက ဆရာဘိုးဘိုး ယွမ်ချင်း၏ တရားဓမ္မကို တွေ့မြင်ကာ လေးစားကိုးကွယ်ခဲ့သည်။ သူက တရားကို တွေ့သော်လည်း တရားကို မေ့လျောနေခဲ့သည်။ ဗုဒ္ဓက ရွှေရောင်ကြာပန်းကို ယူဆောင်လိုက်သည့်အခါ မဟာကျားရဲ့ ကိုယ်တော်ကြီးက ပြုံးလိုက်ခြင်းနှင့် အလားသဏ္ဌာန် တူလေသည်။ ဟောကြားလိုက်သည့် တရားက တစ်ပုဒ်တည်း ဖြစ်သည့်တိုင် ထိုတရားကို ရင်ထဲတွင် မည်မျှ နက်နက်ရှိုင်းရှိုင်း နားလည်လက်ခံ နိုင်သည်လဲ ဆိုသည့်အချက်မှာ နာယူသူ အပေါ်တွင်သာ မူတည်လေသည်။ ဗုဒ္ဓဘုရားက ကြာပန်းလေးကို ယူလိုက်သည့် အဓိပ္ပာယ်ကို မဟာကျားရဲ့ ကိုယ်တော်ကြီးက နားလည်သင့်သည့် အတိုင်းအတာထိ နားလည်မည် ဖြစ်သည့်တိုင် အလုံးစုံတော့ နားမလည်နိုင်ပေ။

ထိုသို့ အလုံးစုံ နားမလည်သည့် အတွက်လည်း နားမလည်ဘူးဟု အတတ်ပြော၍ မရပြန်ပေ။ နားလည်ခြင်း ဆိုသည်က စိတ်၏ ပြဋ္ဌာန်းချက် တစ်ခုပင် ဖြစ်လေသည်။

ချန်ကျန့်မေကလည်း ဆရာဘိုးဘိုး ယွမ်ချင်း၏ တရား အဓိပ္ပာယ်ကို သူနားလည်သလောက် ကိုယ်ပိုင်ဉာဏ်ဖြင့် တွေးခေါ်ပြီး ကိုယ်ပိုင် လမ်းကြောင်းတစ်ခု ဖော်ထုတ်ခဲ့လေသည်။ သို့သော် ချန်ကျန့်မေ ဖော်ထုတ်ခဲ့သည့် ကိုယ်ပိုင်လမ်းကြောင်းဖြင့် ဆရာဘိုးဘိုး ယွမ်ချင်း၏ သွန်သင်မှု လမ်းကို ကန့်သတ်ထား၍ မရပါ။

ဆန်းလျန်မှာ ချန်ကျန့်မေလောက် မတော်ပါ။ သို့သော် သူက ဆရာဘိုးဘိုး ယွမ်ချင်း၏ ဓားဝိညာဉ်ကို သူ၏ ကိုယ်ပိုင်ဖြစ်တည်မှုနှင့် ပေါင်းစပ်နိုင်ခဲ့ လေသည်။ အမှန်တကယ်ဆိုလျှင် ထိုသို့ ပေါင်းစပ်နိုင်မည် မဟုတ်ပါ။ သို့သော် သူက ဓားဝိညာဉ်၏ အဓိပ္ပာယ်ကို နားလည်သွားပြီး သူ၏ မခံချင်စိတ်ဖြင့် ပေါင်းစပ်လိုက်သည့်အတွက် ထိုသို့သော စွမ်းအားမျိုးကို ရရှိခဲ့ခြင်း ဖြစ်လေသည်။

ရေသည် ပုံသဏ္ဌာန် ပြောင်းလဲနိုင်သကဲ့သို့ ရေကြီးရေလျှံ ခြင်းများလည်း ဖြစ်ပွားနိုင်သလို ငြိမ်းချမ်းစွာလည်း စီးဆင်းနိုင်လေသည်။ ထို့ကြောင့် ဓားဝိညာဉ်က ဆန်းလျန်ကို မူလတာအို ကျင့်စဉ်လမ်းကို ပြသပေးနိုင် ခဲ့လေသည်။

ဆန်းလျန် ကျောက်ရှောင်ယွီကို မသတ်ခဲ့ပါ။ သူက ဓားဝိညာဉ်၏ အမျက်ဒေါသကို ပြန်လည်ထိန်းချုပ် လိုက်လေသည်။ ကျင့်ကြံသူ တစ်ယောက်၏ လွတ်လပ်ခြင်း ဆိုသည်မှာ စည်းမဲ့ကမ်းမဲ့ လုပ်ခြင်းကို မဆိုလိုပါ။ သူတစ်ပါးကို ထိခိုက်စေမည့် စိတ်ခံစားချက်များနှင့် အပြုအမူ များကို ထိန်းချုပ်သင့်လျှင် ထိန်းချုပ်ရမည် ဖြစ်လေသည်။

ဆန်းလျန် နောက်ဆုံးတော့ ဟိုင်သန်းအဆင့် တက်ရောက်နိုင်ရန်အတွက် လိုအပ်နေသည့် အဓိက အချက်ကို နားလည်သွားခဲ့ပြီ ဖြစ်လေသည်။

ရှေးဟောင်းတရုတ် ရေဇလားကဲ့သို့ ဖြစ်လေသည်။ လူက ထိန်းမထားလျှင် ရေများက အပြင်သို့ စီးထွက်ကုန်မည် ဖြစ်သည်။ လူက ညီမျှအောင် ထိန်းထားနိုင်မှသာ ရေများက ရေဇလားထဲတွင် ပြည့်နေမည် ဖြစ်လေသည်။ တစ်ဖက်သို့ စောင်းသွားသည်နှင့် ရေများက စီးထွက်ကုန်ပြီး အောင်မြင်ရန် ခက်ခဲပေလိမ့်မည်။

ဆန်းလျန်က လက်နှစ်ဖက်ကို နောက်သို့ ပစ်ထားရင်း အပြုံး ပါးပါးလေးဖြင့် ကျောက်ရှောင်ယွီကို လှမ်းကြည့်လိုက်သည်။ ထို့နောက် သူမအနားသို့ ပျံသန်းသွားလိုက်ပြီး ကြာပန်းဖြူဓားကို သူမဘေးတွင် ထားလိုက်လေသည်။ ထို့နောက် သူမအနားမှ ထွက်ခွာသွားလေ တော့သည်။

အဝေးသို့ ထွက်ခွာသွားသည့် ဆန်းလျန်ကို ကျောက်ရှောင်ယွီ ငေးကြည့်နေမိ လေသည်။ ယခုတိုက်ပွဲသည် သူ့ဘဝ တစ်ခုလုံးတွင် အကြီးအကျယ် ရှုံးနိမ့်ခဲ့သည့် တိုက်ပွဲ ဖြစ်လေသည်။ သူတို့ နှစ်ယောက်၏ တန်ခိုးစွမ်းအားမှာ များစွာ ကွာခြားမှု မရှိပါ။ သို့သော် သူမ လျှောက်လှမ်းခဲ့သည့် ကျင့်စဉ်လမ်းကို မှန်းဆရ ခက်နေခဲ့ပြီ။

သူမဘဝ တစ်လျှောက်လုံး ကျင့်စဉ်ကျင့်ကြံခဲ့ပြီး အဆင့်တက်မှုမှာလည်း လွန်စွာမှ မြန်ခဲ့လေသည်။ သို့သော် … သူမ အဘယ့်ကြောင့် ဆန်းလျန်ကို အနိုင်မရခဲ့ရ ပါသနည်း။

ပထမအကြိမ် သူတို့ ဆုံတွေ့ခဲ့စဉ်က သူမအနေဖြင့် ဆန်းလျန်ကို အနိုင်ယူနိုင်ရန် ခုနစ်ဆယ် ရာခိုင်နှုန်း သေချာသလောက် ရှိလေသည်။ ဆန်းတုမြို့တော် တိုက်ပွဲတွင် ဆန်းလျန်က ကျင့်အဆင့်တစ်ခု အောင်မြင်ခဲ့ပြီး သူမကတော့ ပြင်းထန်စွာ ဒဏ်ရာရခဲ့ လေသည်။ ထိုအချိန် ကတည်းက သူမက ဆန်းလျန်ကို ရန်သူတစ်ယောက်ဟု သဘောထားခဲ့လေသည်။ ထို့ပြင် ယနေ့ သူတို့နှစ်ယောက် တိုက်ခိုက်မှုမှာလည်း အမှန်တကယ် သူသေကိုယ်သေ တိုက်ခိုက်ကြခြင်း မဟုတ်သဖြင့် သူတို့နှစ်ယောက်၏ သဘောထား ကွဲလွဲမှု ပြီးဆုံးပြီဟု ပြော၍မရပေ။

အမှန်တော့ သူမက ဆန်းလျန်၏ ဓားကို ငှားယမ်းခဲ့ခြင်းမှာ ဆန်းလျန်ကို ရန်စခဲ့ခြင်း ဖြစ်လေသည်။

သို့သော် …

အဆုံးသတ်တွင်တော့ ဆန်းလျန်ကပဲ ကျင့်စဉ်လမ်း အဆင့်တက်သွားပြီး သူမကတော့ ဒဏ်ရာရရှိ ခဲ့လေသည်။

ယခုအကြိမ်တွင်တော့ သူမ၏ အခြေအနေကို ပြန်လည်သုံးသပ်ရန် လိုအပ်ခဲ့ပြီ။ သူတို့နှစ်ယောက် သူသေကိုယ်သေ တိုက်ခိုက်ကြသည့်တိုင် ဆန်းလျန်က သူမကို တကယ်တမ်း အသေအကြေ တိုက်ခိုက်ခဲ့ခြင်း မရှိဘဲ သေခြင်းရှင်ခြင်းကြားတွင် သူကိုယ်တိုင်သာ အရည်အချင်း တိုးတက်လာအောင် ရုန်းကန်သွားခဲ့လေသည်။ တစ်ချိန်တည်းမှာပင် ဆန်းလျန်က သူမကို လက်စားချေလိုစိတ် မရှိဘဲ လက်ရည်သွေးသည့် သဘောဖြင့်သာ ပညာပြိုင်ခဲ့ခြင်း ဖြစ်ကြောင်း သူမ သဘောပေါက် သွားရလေသည်။

ထို့ပြင် ဆန်းလျန်က ကျောက်ရှောင်ယွီကို သတ်မည်ဆိုလျှင် အေးအေးဆေးဆေး သတ်သွား၍ ရလေသည်။ သို့သော် သူက သူမကို အန္တရာယ်မပေးဘဲ အေးအေးဆေးဆေးပင် ထွက်ခွာသွားခဲ့လေသည်။ သူ၏ အပြုအမူများမှာ အခြားသူများနှင့် မတူ ၊ တစ်မူထူးခြားနေသည့် အတွက်ကြောင့် ကျောက်ရှောင်ယွီမှာ ဆန်းကျွင်းအရှင်ကို ပိုပြီး နားလည်ရ ခက်နေမိလေ တော့သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset