အခန်း (၁၆၈)

ဝူရှန်သိုင်းကွက်

လွန်ခဲ့သည့် နှစ်ပေါင်းများစွာက နတ်သက်ခြွေဓားသိုင်း ဆိုသည်မှာ ဆန်းလျန်အား အထားရဆုံး ဓားသိုင်းတစ်ခု ဖြစ်လေသည်။ လူတစ်ယောက်၏ စိတ်ဝိညာဉ်ကို တိုက်ခိုက်သည့် ဓားသိုင်း ဖြစ်သည့်အတွက် မည်သူမျှ ခုခံကာကွယ်နိုင်ခြင်း မရှိကြပေ။ သို့သော် နတ်သက်ခြွေ ဓားသိုင်းက အသုံးပြုသူ၏ စိတ်ဝိညာဉ်ကိုလည်း ဒဏ်ရာရ စေလေသည်။

ကမ္ဘာပေါ်တွင် အလျင်မြန်ဆုံးသော အရာမှာ “အလင်း” မဟုတ်၊ လူသားတစ်ယောက်၏ အတွေးဟု အချို့သူများက ပြောလေ့ ရှိကြသည်။ အတွေးတစ်ချက် လှုပ်ရှားရုံဖြင့်ပင် အချိန်နှင့်နေရာ အတားအဆီးများက ပြိုကျပျက်စီး သွားရလေသည်။

ဆန်းလျန်က စိတ်အာရုံစူးစိုက်မှုဖြင့် ဓားတစ်လက်ကို ဖန်ဆင်းလိုက်သည်။ ထိုဓားရောင်စဉ်သည် အစဦးကတည်းက တည်ရှိသည့် ဓားတစ်လက်အလား ဖြစ်လေသည်။ ထိုဓားဖြင့် ကျောက်ရှောင်ယွီ၏ စိတ်ဝိညာဉ်ကို ထိုးစိုက် လိုက်လေသည်။

အတွေး တစ်ခုဖြင့် ဖန်ဆင်းထားသည့် ဓားဖြစ်သည့် အတွက် ကျောက်ရှောင်ယွီမှာ လုံး၀ ခုခံကာကွယ်နိုင်ခြင်း ရှိမည် မဟုတ်ပါ။ ကျောက်ရှောင်ယွီမှာ နတ်ဘုရားတစ်ပါး ဖြစ်လေသည်။ ထို့ကြောင့် ဆန်းလျန်က သူမကို နတ်သက်ခြွေ ဓားသိုင်းဖြင့် တိုက်ခိုက်လိုက်ခြင်း ဖြစ်လေသည်။

“နတ်သက်ခြွေဓားသိုင်း” ဆိုသည်မှာ နတ်ဘုရားတစ်ပါး၏ အသက်ကို ခြွေရန်အတွက် မွေးဖွားလာသည့် ဓားသိုင်းပင်ဖြစ်လေသည်။

ဆန်းလျန်မှာ ယခင်က နတ်သက်ခြွေ ဓားသိုင်း အသုံးပြုလျှင် သူ၏ရုပ်ခန္ဓာမှ ဝိညာဉ်လွှင့်ပြီး အသုံးပြုရ လေသည်။ သို့သော် ယခုတော့ ထိုသို့ ဝိညာဉ်လွှင့်ရန် မလိုအပ်တော့ပြီ။ ဤသည်မှာ သူ၏ကျင့်စဉ်လမ်း အဆင့်မြင့် လာသည်နှင့်အမျှ “ယင်” ဝိညာဉ်စွမ်းအားမှာ ရုပ်ခန္ဓာနှင့် တစ်သားတည်းကျပြီး အစွမ်းထက်မြက် လာခြင်းကြောင့် ဖြစ်လေသည်။ သူ၏ “စိတ်အာရုံ စူးစိုက်မှု ကျင့်စဉ်” နှင့် နတ်သက်ခြွေ ဓားသိုင်းမှာ ပေါင်းစပ်မိ သွားသည့်အတွက် ဝိညာဉ်လွှင့်စရာ မလိုတော့ဘဲ ထိုဓားသိုင်းကို အသုံးပြု နိုင်ပြီဖြစ်သည်။

ဆန်းလျန် စိတ်ထဲတွင် နတ်သက်ခြွေ ဓားသိုင်း၏ နားမလည်သေးသည့် အချက်များကိုပင် ချက်ချင်း နားလည် သဘောပေါက် သွားလေသည်။ သူက စိတ်အာရုံစူးစိုက်မှုနှင့် နတ်သေခြွေ ဓားပေါင်းစပ်ခြင်းကြောင့် ထွက်ပေါ်လာသည့် ဓားသွားကို “စိတ်အာရုံဓားသွား” ဟု အမည် ပေးလိုက်သည်။ ဓားမှာ ဆရာဘိုးဘိုးယွမ်ချင်း၏ ဓားဝိညာဉ်ဖြစ်ပြီး စိတ်အာရုံစူးစိုက်မှု ကတော့ သူကိုယ်တိုင်၏ စိတ်အာရုံ ဖြစ်လေသည်။ ခြားနားချက်မှာ စိတ်အာရုံစူးစိုက်မှုကို အသုံးပြုနိုင်သည့်အတွက် သူ၏ဝိညာဉ်မှာ ရုပ်ခန္ဓာမှ ထွက်ခွာသွားစရာ မလိုတော့ပေ။ ဝိညာဉ်ခန္ဓာမှာ စစ်မှန်ပြီး သိပ်သည်းမှု အားကောင်းလေသည်။ သို့သော် လူသားခန္ဓာနှင့် ယှဉ်လျှင်တော့ ပျက်စီးလွယ်နိုင် လေသည်။ စိတ်အာရုံစူးစိုက်မှု ကတော့ ဝိညာဉ်၏ အခြေခံစွမ်းအား ဖြစ်လေသည်။ ထိုစွမ်းအားက ဝိညာဉ်ဖြစ်တည်မှုကို ပိုပြီး သိပ်သည်းအောင် ဖန်တီး ပေးနိုင်လေသည်။ ကျောက်မီးသွေးများမှ နှစ်ကာလ အချိန်ကြာလာသည်နှင့် အမျှ စိန်အဖြစ် ပြောင်းလဲ သွားသကဲ့သို့ ဖြစ်လေသည်။

ကျောက်မီးသွေးနှင့် စိန်တွင် ပါဝင်သည့် အခြေခံ ဒြပ်စင်များမှာ တူညီသည့်တိုင် ဖြစ်စဉ် ပြောင်းလဲပုံခြင်းနှင့် ဖွဲ့စည်းပုံ မတူညီသည့်အတွက် တန်ဖိုးနှင့် အရည်အသွေးချင်းလည်း မတူညီကြပေ။ ဆင့်ကဲဖြစ်စဉ် ပြောင်းလဲလာပြီး မျောက်ဝံမှ လူသားဖြစ်တည် လာသကဲ့သို့ပင် ဖြစ်လေသည်။

“စိတ်အာရုံဓားသွား” မှာ အတွေးတစ်ခုမျှသာ ဖြစ်လေသည်။ သို့သော် အတွေး တစ်ချက်တည်းဖြင့် များစွာပြောင်းလည်း သွားနိုင်လေသည်။ ယခု ဆန်းလျန်က ထို “စိတ်အာရုံဓားသွား” ကို မျက်ဝန်းများထဲမှာ စိတ်အာရုံ စူးစိုက်မှုဖြင့် အသုံးပြုလိုက်ခြင်း ဖြစ်သည်။ ထိုဓားသွားဖြင့် သူက စကြဝဠာတစ်ခု အတွင်းသို့ ဝင်ရောက်လိုက်သည်။ ထိုစကြဝဠာမှာ ပတ်ပတ်လည်တွင် ကြာပန်းများဖြင့် ဝန်းရံထားသည့် ကြာပလ္လင်တစ်ခုဖြစ်လေသည်။ ထိုကြာပလ္လင်တွင် ကြာပန်းပွင့်ချပ်ကိုးခု ပါရှိလေသည်။ ကိုးဆိုသည်မှာ စကြဝဠာ၏ အခြေခံ ကိန်းဂဏန်းတစ်ခု ဖြစ်သည်။ ထို့ကြောင့် တာအိုကျင့်စဉ်လမ်းတွင်ပင် ကျင့်ကြံခြင်း အဆင့်ကိုးဆင့် ရှိနေသည် မဟုတ်လား။

စကြဝဠာ၏ နက်နဲမှုများကို နားလည်လျှင် စကြဝဠာနှင့် ဆက်သွယ်နိုင်ပြီ ဖြစ်လေသည်။

လူသားများက စကြဝဠာထဲတွင် မွေးဖွားပြီး သေဆုံးခဲ့ ကြရသည်။ လှောင်အိမ်တစ်ခု လိုပါပဲ။ နှစ်ပေါင်းများစွာ လူသားများဟာ လွတ်မြောက်ရန် မကြိုးစားနိုင်ခဲ့ ကြပေ။ ကျင့်စဉ်လမ်းသို့ လျှောက်လှမ်းကြ သူများသာ ထိုလှောင်အိမ်ထဲမှ လွတ်မြောက်နိုင်ရန် ကြိုးစားသူများ ဖြစ်ကြလေသည်။ လှောင်အိမ်ထဲမှ ငှက်လေးတစ်ကောင်ပမာ ဖြစ်လေသည်။ လှောင်အိမ်ထဲတွင် နေ့စဉ်အတွင်းတော့ စိတ်ပူစရာ မရှိပေ။ သို့သော် ပြင်ပလောကသို့ ထွက်တော့မည် ဆိုပါက စိတ်ပူစရာများ ရှိလာပြီ ဖြစ်သည်။

ကျောက်ရှောင်ယွီမှာ ကြာပလ္လင်ထက်တွင် တင်ပျဉ်ခွေ ထိုင်နေလေသည်။ သူမ၏ပုံစံမှာ လွန်စွာမှ ကျက်သရေ ရှိလှသည်။ ဆန်းလျန်မှာ လူသားတစ်ယောက် မဟုတ်တော့ပါ။ ဓားတစ်လက်အဖြစ် ပြောင်းလဲသွားပြီ ဖြစ်သည်။

အစဦးပိုင်း အချိန်မှ ယခုအချိန်ထိ ဓားသွားမှာ အဆက်မပြတ် တုန်လှုပ် နေလေသည်။ ထိုဓားသွားမှာ မိုးကုတ်စက်ဝန်းကို ကျော်လွန်နိုင်သလို လွန်စွာမှလည်း နီးကပ်သည့် နေရာသို့လည်း ရောက်ရှိ နိုင်လေသည်။

ကျောက်ရှောင်ယွီ၏ စိတ်ထဲတွင်လည်း အကွာအဝေးမှာ မပြောပလောက်ပါ။ ဝေးကွာမည် ဆိုလျှင်လည်း မြေပြင်နှင့် ကောင်းကင်ပမာ ဝေးကွာနိုင်ပြီး နီးကပ်မည် ဆိုလျှင်လည်း ချစ်သူနှစ်ဦးပမာ နီးကပ်နိုင်မည် ဖြစ်လေသည်။ ကျောက်ရှောင်ယွီ၏ စိတ်ထဲတွင် စူးရှသည့် နာကျင်မှု တစ်ခုကို ခံစားလိုက်ရသည်။ ထိုခံစားမှုက သူမကို မသက်မသာ ဖြစ်စေလေသည်။

သူမ၏ စိတ်ဝိညာဉ် ကမ္ဘာတွင် သူမသည် နတ်ဘုရားတစ်ပါး ဖြစ်လေသည်။ သူမသည် ဂရုဏာတရား၏ နတ်သမီး၊ သူမသည် ကြာပန်းကိုးပွင့်၏ တရားစစ် တရားမှန် ဖြစ်လေသည်။ ထိုတရားစစ် တရားမှန်မှာ အခြားသော နာမည်မရှိ။ ကျောက်ရှောင်ယွီ ဟူ၍သာ ရှိလေသည်။ ထိုတရားစစ် တရားမှန်က သူမကို နတ်ဘုရားတစ်ပါး အဖြစ် ဖန်တီး ပေးလေသည်။ ထိုနတ်ဘုရားဆန်မှုက နတ်ဘုရား မီးတောက်ကို ဖြစ်စေပြီး နတ်ဘုရား အင်ပါယာကို တည်ဆောက်လေသည်။

စကြဝဠာထဲမှ သူမဆီသို့ ရုတ်တရက် ဝင်ရောက်လာသည့် ဓားရောင်စဉ်ကို တွေ့မြင်သည့်တိုင် ကျောက်ရှောင်ယွီ၏ မျက်နှာက ခံစားချက် ကင်းမဲ့ နေလေသည်။ ထိုဓားမှာ သက်ရှိ သတ္တဝါများ အားလုံး၏ ဇီဝိန်ကို ချွေနိုင်သည့် ဓားမျိုးဖြ စ်လေသည်။ သူမက ထိုဓားကို တားဆီးရန် လက်ညှိုးနှင့် လက်ခလယ် နှစ်ချောင်းကို မြှောက်လိုက်သည်။

သူမ၏ လက်ချောင်းများဆီမှ အလင်းရောင်သည် မိုးမြေတစ်ခွင် အဆုံးမရှိ ဖုံးလွှမ်း သွားလေသည်။ ထိုအလင်းရောင်သည် လူအားလုံး၏ စိတ်အာရုံကို ဆုံးရှုံး သွားစေနိုင်လောက်အောင် စွမ်းအား ထက်မြက်လေသည်။ ထိုသိုင်းကွက်ကို “ဝူရှန်” သိုင်းပညာဟု ခေါ်လေသည်။ ထိုသိုင်းကွက်မှာ ကြာပန်းကိုးပွင့် ကျင့်စဉ်ကျမ်းမှ အခက်ခဲဆုံး ပညာတစ်ခု ဖြစ်လေသည်။ လုန်ဟွားပင် အောက်တွင် တရားအလင်း ရခဲ့သည့် ဗောဓိဿကျ ကိုယ်တိုင် တီထွင်ထားသည့် သိုင်းပညာဟု ပြောစမှတ် ရှိကြလေသည်။

ဗောဓိဿကျ တရားအလင်းရသည့် အချိန်တွင် မိုးကောင်းကင် မိစ္ဆာများစွာ တားဆီးရန် ရောက်ရှိ လာကြသည်။ ထိုအခါ ဗောဓိဿကျက သူ၏ စိတ်ကို လှည့်ပတ်လိုက်ပြီး လက်ချောင်းနှစ်ခုကို မြှောက်ပင့် လိုက်ရုံမျှဖြင့် မရေတွက်နိုင်သော မိုးကောင်းကင် မိစ္ဆာများမှာ သူတို့၏ ရင်းမြစ်သို့ ပြန်လည်ရောက်ရှိ သွားကြပြီး ပြန်လည် အစပြုနိုင်ခြင်း မရှိကြတော့ပေ။

ကျောက်ရှောင်ယွီသည် တကယ့် ပြင်ပလောကတွင် ထိုသိုင်းကွက်ကို အသုံးပြုနိုင်ခြင်း မရှိပါ။ သို့သော် စိတ်ဝိညာဉ် နယ်ပယ်တွင်တော့ သူမသည် နတ်ဘုရားတစ်ပါးအလား ဖြစ်နေသည့် အတွက် ထိုသိုင်းကွက်ကို အသုံးပြုနိုင်လေသည်။

သူမ၏ ဝိညာဉ်စွမ်းအား မကျဆုံး သေးသရွေ့ သူမလည်း ကျဆုံးမည် မဟုတ်သလို သေဆုံးနိုင်မည်လည်း မဟုတ်ပေ။ သူမသည် အရာအားလုံးကို အောင်နိုင်သည့် နတ်သမီးတစ်ပါး အဖြစ် ထာဝရ တည်ရှိနေမည် ဖြစ်လေသည်။

ဆန်းလျန် မည်မျှပင် တန်ခိုးစွမ်းအား ကြီးမားပါစေ ဝိညာဉ်စွမ်းအားတွင်တော့ သူမကို ယှဉ်နိုင်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဝိညာဉ်နယ်ပယ်မှာ သူမ၏ အိမ်ကဲ့သို့ ဖြစ်ပြီး သူမကျွမ်းကျင်ရာ နယ်ပယ်တစ်ခု ဖြစ်လေသည်။ သူမ၏ ဝူရှန်သိုင်းကွက်သည် စကြဝဠာ အလွှာပါးလေးကို တစ်ချက်တည်း ချိုးဖျက်ကာ ဝင်ရောက် လာသကဲ့သို့ ဆန်းလျန်၏ ဓားဝိညာဉ်ဆီသို့ ဝင်ရောက် သွားလေတော့သည်။

သို့သော် ဆန်းလျန်၏ စိတ်အာရုံဓားသွားမှာ ရုတ်တရက် ပျောက်ကွယ် သွားလေသည်။ ထိုဓားသည် ကျောက်ရှောင်ယွီ၏ ဝိညာဉ်နယ်ပယ်ထဲတွင် ပျောက်ကွယ်သွားခြင်း ဖြစ်လေသည်။ ပြင်ပ လောကတွင်တော့ ဆန်းလျန်၏ နတ်သက်ခြွေဓားမှာ ရှိခြင်းမရှိခြင်း ဓားဝိညာဉ် အဖြစ်သို့ ကူးပြောင်း သွားလေသည်။

ကျောက်ရှောင်ယွီမှာ ကျင့်ကြံသူ လောကတွင် ထိုကဲ့သို့ ခြေရာဖျောက်နိုင်သည့် ကျင့်စဉ်များစွာကို သိရှိထားသည့်အတွက် ထူးဆန်းသည်ဟု မခံစားမိပါ။ ထိုသို့သော ပညာမျိုး ဆယ်မျိုးခန့်ကို သူမသိ ရှိလေသည်။

သို့သော် ဆန်းလျန် လုပ်သကဲ့သို့ ဝိညာဉ်နယ်ပယ်ထဲမှ ဓားကို ဖျောက်ပြနိုင်ရန် မှာတော့ မယုံကြည်နိုင်စရာ ကောင်းလှလေသည်။ ထိုဓားစွမ်းအားဖြင့် ကောင်းကင်နှင့် ပင်လယ်ကိုပင် လှည့်စားနိုင်မည် ဖြစ်လေသည်။

ကျောက်ရှောင်ယွီ မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။ သူမ၏ ဝူရှန်သိုင်းကွက်မှာ ရပ်တန့်သွားပြီး လေထဲတွင် မရေတွက်နိုင်အောင် များပြားသည့် ကြာပန်းဖြူများ ပွင့်လန်း လာလေသည်။ လေထုတစ်ခုလုံး ကြာပန်းဖြူများဖြင့် ပြည့်နက် သွားလေသည်။ ဆိုရိုးစကားတစ်ခု ရှိလေသည်။

“လောကတစ်ခွင် ကြာပန်းများဖြင့် ပြည့်နက်သွားလျင် ဗောဓိဿကျ၏ တရားရောက်ရှိ လာမည်”

ဟူ၍ ဖြစ်လေသည်။

ဆန်းလျန်၏ စိတ်အာရုံဓားသွားကို ထိုကြာပန်းများဆီတွင် ပုန်းတစ်ဝက် ကွယ်တစ်ဝက်ဖြင့် မြင်တွေ့နိုင်လေသည်။ ဓား၏ တည်ရှိမှုက မရေရာလှပေ။ ထိုဓား၏ အရိပ်က နတ်နဂါးတစ်ကောင်အလား ခြေရာ ထင်ကျန်ခြင်းမရှိ။ သို့သော် ကြာပန်းများကြောင့်သာ သူ၏တည်ရှိမှုက ထွက်ပေါ်လာရခြင်း ဖြစ်လေသည်။ ကြာပန်းဖြူများမှာ တိမ်ပင်လယ်ကြီးသဖွယ် ဖြစ်နေလေသည်။ ဆန်းလျန်၏ ဓားဝိညာဉ်မှာ တိမ်တိုက်ထဲတွင် ဟိုမှ ဒီမှ ကူးခတ် သွားလာနေသည့် နတ်နဂါး တစ်ကောင်အလား ဖြစ်နေလေသည်။

ကြာပန်း တိမ်တိုက်များက နတ်နဂါးကို တိုက်ခိုက်နိုင်ခြင်း မရှိသော်လည်း နတ်နဂါး၏ တည်နေရာကို ပြသ ပေးနိုင်လေသည်။ ကျောက်ရှောင်ယွီ၏ ခံစားချက် ကင်းမဲ့သည့် မျက်နှာထက်တွင် ခပ်ပါးပါး အပြုံးတစ်ပွင့် ပေါ်လာလေသည်။ သူမက လက်ချောင်းများကို အသုံးမပြုတော့ဘဲ လက်ဝါးရိုက်ချက် တစ်ခုကို အသုံးပြုလိုက်သည်။ သူမ၏ လက်ဝါး ရိုက်ချက်သည် တိမ်ဖြူများ အလယ်တွင် အနက်ရောင် တိမ်တိုက်တစ်စ ထွက်ပေါ်လာသည့် အလားပင် ဖြစ်လေသည်။

ထိုအနက်ရောင် တိမ်တိုက်နောက်မှ မီးခိုးရောင်အငွေ့များ လိုက်ပါလာပြီး ကျောက်ရှောင်ယွီ၏ လက်မှာ ရွှေတောင်ပံရှိသည့် ဂဠုန်ငှက်ကြီး၏ လက်သည်းများအလား ဆန်းလျန်၏ နတ်နဂါးဓား ဝိညာဉ်ကို လိုက်လံ ဖမ်းဆီးလေသည်။

ဂဠုန်မှာ နဂါးကို အောင်နိုင်သူ ဖြစ်လေသည်။ ဒဏ္ဍာရီထဲမှ ရွှေရောင် အတောင်ပံများနှင့် ဂဠုန်ငှက်ကြီးများမှာ အတောင်ပံ တစ်ချက်ခတ်ရုံဖြင့် မိုင်ပေါင်း ကိုးသောင်းသို့ ရောက်ရှိ နိုင်လေသည်။ ကျောက်ရှောင်ယွီ၏ လက်မှာ ပတ်ဝန်းကျင် တစ်ခုလုံးကို မှောင်မိုက် သွားစေပြီး ကျောက်ရှောင်ယွီ၏ ပုံသဏ္ဌာန်မှာလည်း ပျောက်ကွယ်လုနီးပါး ဖြစ်သွားလေသည်။

ကြာပန်းဖြူများ အားလုံးမှာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ် သွားလေသည်။ ထိုသို့ဖြစ်ရခြင်းမှာ ဆန်းလျန်၏ စိတ်အာရုံဓားသွားကို နှိမ်နင်းနိုင်ရန်အတွက် ဝိညာဉ်စွမ်းအားနှင့် စိတ်စွမ်းအားကို ခွဲဖြာ ထုတ်လိုက်ခြင်းကြောင့် ဖြစ်လေသည်။

ဆန်းလျန်၏ပုံစံမှာ သူတစ်ပါး၏ တိုင်းပြည်အတွင်းသို့ ဝင်ရောက်ကာ ထိုတိုင်းပြည်၏ ဘုရင်ကို လုပ်ကြံရမည့် လူသတ်သမား တစ်ယောက်ကဲ့သို့ ဖြစ်နေလေသည်။ သတ္တိမည်မျှပင် ရှိပါစေ လွန်စွာမှ အန္တရာယ်များသည့် အနေအထားမျိုး ဖြစ်လေသည်။

ဆန်းလျန်၏ ဓားဝိညာဉ်မှာ မလွတ်မြောက် နိုင်တော့သဖြင့် ဂဠုန်လက်သည်းကို ရင်ဆိုင်လိုက်ရ လေတော့သည်။ ဓားဝိညာဉ်မှာ ပင်လယ်လှိုင်းများ ဒေါသတကြီး ပြင်းထန် လာသကဲ့သို့ ဓားငြိမ်းသံများ ထွက်ပေါ်လာပြီး ထိုဓားသံများက ကျောက်ရှောင်ယွီ၏ စိတ်ကို ဖြတ်သန်းကာ ပဲ့တင်ထပ် သွားလေသည်။

ထိုဓားခြိမ်းသံကြီးနှင့် အတူ ဓားဝိညာဉ်မှာ ကြီးမားသည့် ဓားကြီး တစ်လက်အဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ကိုပင် ထိုးခွဲတော့မည့် ဟန်ပြင် နေလေသည်။ ထိုဓားဝိညာဉ်က ကျောက်ရှောင်ယွီ၏ ဂဠုန်လက်သည်းကြီးကို ရင်ဆိုင်ရန် အသင့် ပြင်လိုက်လေသည်။ ဓားဝိညာဉ်မှ လူသတ်လိုသည့် အရိပ်အယောင်များ ထွက်ပေါ်နေပြီး တောင်များကို အပိုင်းပိုင်း ဖြတ်ကာ ပင်လယ်ကို သွေးယောင် လွှမ်းစေမည့်အလား ဝင့်ကြွား နေတော့သည်။ ဓားဝိညာဉ်သည် တုန်ခါလာပြီး နဂါးငွေ့တန်းတစ်ခု စီးဆင်းလာသည့်အလား အဆက်မပြတ် တိုးဝင်တိုက်ခိုက် လိုက်လေတော့သည်။ အဆုံးမရှိသော ဓားဝိညာဉ်သည် သမုဒ္ဒရာ ရေလှိုင်းတစ်ခုအလား ကျောက်ရှောင်ယွီ၏ လက်ဖြစ်သည့် ဂဠုန်လက်သည်း သဏ္ဌာန်ကို ထိုးစိုက်ချ လိုက်လေတော့သည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset