အခန်း (၁၆၇)

လျင်မြန်လွန်းသည့် ဓားဝိညာဉ်

မြူခိုးငွေ့များ ကြားတွင် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်သွားပြီး မြူခိုးများက ပိုပြီး ထူထပ် လာလေသည်။

ထိုအချိန်ခဏလေး အတွင်းမှာပင် ဆန်းလျန်နှင့် ကျောက်ရှောင်ယွီမှာ အကြိမ်ပေါင်းများစွာ တိုက်ခိုက် ပြီးသွားပြီ ဖြစ်သည်။

လေထဲတွင် ထွက်ပေါ်လာသည့် ဓားချင်း ထိခတ်သံမှာ ရေကန်တစ်ခုလုံးတွင် ပဲ့တင်သံ ထပ်သွားသည်။

ဓားချင်းထိခတ်သံ ငြိမ်သက် သွားသည်နှင့် ကျောက်ရှောင်ယွီနှင့် ဆန်းလျန်တို့မှာ လေထဲတွင် ပုံမှန်အတိုင်းပင် ရပ်တန့် နေကြလေသည်။ မြူခိုးများနှင့် အနက်ရောင် တိမ်တိုက်များက သူတို့မျက်ဝန်းဆီမှ အလင်းရောင်များကို ဖုံးကွယ်ခြင်းငှာ မတတ်နိုင်ကြပေ။

သူတို့နှစ်ယောက်လုံး၏ အကြည့်များမှာ ပိုမို တောက်ပလာပြီး မြူခိုးများ ကြားတွင် အကြည့်ချင်း ဆုံမိသည်နှင့် နှစ်ယောက်လုံး တုန်လှုပ် သွားကြရသည်။

သူတို့နှစ်ယောက်လုံး၏ နတ်ဘုရား စွမ်းအားများမှာ သာမန်ဟိုင်သန်းအဆင့် ကျင့်ကြံသူ တစ်ယောက်နှင့် ကောင်းကောင်း ယှဉ်ပြိုင်နိုင်သည့် တန်ခိုးစွမ်းအားများ ဖြစ်လေသည်။ ထို့ကြောင့် သူတို့၏ အကြည့်များ ရိုက်ခတ်ခြင်းသည် ပေါင်ကွမ်း ဆရာတော်နှင့် ချန်ကျန့်မေတို့ အကြည့်ချင်း ရိုက်ခတ်သကဲ့သို့ပင် ဖြစ်သည်။ အကြည့်ချင်း ဆုံလိုက်တိုင်း ကောင်းကင်ထက်တွင် လျှပ်စီးများ တဖျတ်ဖျတ် လက်နေတော့သည်။ မြူခိုးများမှာလည်း ထူထပ်သည်ထက် ထူထပ်လာပြီး ကျောက်ရှောင်ယွီနှင့် ဆန်းလျန်တို့ နှစ်ယောက်မှာ လျှပ်စီးပိုက်ကွန် တစ်ခုကြားတွင် ကျရောက်နေသည့်အလား ဖြစ်နေတော့သည်။

“ဆန်းကျွင်းအရှင်၊ ရှင်နဲ့ကျွန်မ ဒီလောက်ထိ တိုက်ခိုက်ဖို့ လိုလို့လား၊ ခုလောက် ရင်ဆိုင်ပြီးရင် တော်လောက်ပြီလေ၊ ရှင်ဆက်ပြီး တိုက်ခိုက်မယ် ဆိုရင် ကျွန်မတို့ နှစ်ယောက်လုံး ဒုက္ခရောက်လိမ့်မယ်”

ကျောက်ရှောင်ယွီက နူးညံ့သည့် အသံလေးဖြင့် ပြောလိုက်သည်။

သူမက သူမ၏ဘဝကို တန်ဖိုး ထားလေသည်။ ထို့ပြင် ဆန်းလျန်ကို အနိုင်ရအောင် တိုက်ခိုက်နိုင်လျှင်လည်း သူမအတွက် မည်သည့် အကျိုးအမြတ်မျှ မရှိပေ။ သူမ၏အမှားကို ဝန်ခံလိုက်၍ ဆန်းလျန်ဆက်ပြီး တိုက်ခိုက်ခြင်း မပြုတော့လျှင်ပင် သူမက အမှားကို ဝန်ခံလိုက်မည် ဖြစ်လေသည်။

သို့သော် ဆန်းလျန်၏ တိုက်ခိုက်မှုက ပြောင်းလဲသွားခြင်း မရှိပါ။ ရပ်တန့်ခြင်းလည်း မရှိသည့်အပြင် ဟာကွက်လည်း မတွေ့ရပေ။

ဆန်းလျန်၏ တာအိုဝတ်ရုံသည် လေထဲတွင် လွင့်နေလေသည်။ သူ့ခြေထောက်အောက်တွင် မြူခိုးများက စုစည်းရောက်ရှိလာလိုက် အရပ်လေးမျက်နှာသို့ ပြန်လည် ခွဲဖြာထွက်သွားလိုက် ဖြစ်နေလေသည်။ အဘယ်ကြောင့်ဆိုသော် ဆန်းလျန် ခြေထောက် အောက်တွင် လေပွေတစ်ခု တိုက်ခတ်နေပြီး ဆန်းလျန်က ထိုလေပွေထက်တွင် ရပ်တန့် နေသောကြောင့် ဖြစ်လေသည်။

ဆန်းလျန်၏ မျက်နှာအမူအရာကို မြင်ရသူတိုင်းကတော့ စိတ်လှုပ်ရှား သွားကြရမည် ဖြစ်လေသည်။ သူ၏ မျက်နှာထက်တွင် စိတ်ရှုပ်ထွေးသည့် အမူအရာများကို မြင်တွေ့နေရပြီး မျက်မှောင်ကိုလည်း ကြုတ်ထားဆဲ ဖြစ်လေသည်။ ဆန်းတုမြို့တော်တွင် သူ့ကို ကျောက်ရှောင်ယွီက စွဲဆောင်ရန် ကြိုးစား ကတည်းက ဖြစ်တည်နေခဲ့သော မကျေနပ်မှုများနှင့် လက်ရှိ မကျေနပ်မှုများ အားလုံးပေါင်းစုံကာ ဆန်းလျန်က သူမကို ရင်ဆိုင် တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်လေသည်။ သူက တိုက်ပွဲတွင် ဆရာဘိုးဘိုးယွမ်ချင်း၏ ဓားဝိညာဉ်ကိုပါ ပေါင်းစပ် အသုံးပြု ထားလေသည်။

ဆန်းလျန်က ဆရာဘိုးဘိုးယွမ်ချင်း၏ ဓားဝိညာဉ်ကို ကောင်းကောင်း ထိန်းချုပ်နိုင်သည့်အပြင် ထိုဓားဝိညာဉ်ဖြင့် လူတစ်ယောက်၏ အသက်ကို ရယူရန်ပင် အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။

သတ်ဖြတ်ခြင်း ဆိုသည်မှာ နတ်မိစ္ဆာများသာ လုပ်သည့်အလုပ် မဟုတ်ပေ။ ကောင်းကင်နှင့် မြေကြီးကို ဒုက္ခပေးမည့် အဖျက်တရားများကိုလည်း သတ်ဖြတ် ပစ်ရမည် ဖြစ်သည်။ ဘယ်အရာက သူ့နှလုံးသားကို အမှောင်ဆန် စေခဲ့ပါသနည်း။ မကျေနပ်မှုများက အမှောင်ဆန် စေခဲ့သည်လား။

မကျေနပ်မှုများထဲတွင် သွေးနီရောင်ဝတ် လူငယ်လည်း တစ်ယောက် အပါအဝင် ဖြစ်လေသည်။ သူသာ နောက်ထပ်တစ်ကြိမ် ရှောင်းစစ်ယိကို သတ်ခွင့်ရဦးမည် ဆိုလျှင် ထိုသွေးနီရောင်ဝတ် လူငယ် သူ့စိတ်နှလုံးကို ထိန်းချုပ်နိုင်ရန် အခွင့်အရေး ပေးမိတော့မည် မဟုတ်ပေ။

သူ့ရင်ထဲတွင် ခံပြင်းမှုများ ပြည့်နေပြီး ကျောက်ရှောင်ယွီနှင့် သူသေကိုယ်သေ တိုက်ခိုက်ပြီးမှသာ ဆန်းလျန် အနေဖြင့် စိတ်ထဲ ပေါ့သွားနိုင်မည် ဖြစ်လေသည်။

လက်ရှိအချိန်တွင် သေခြင်း ရှင်ခြင်းကို ဆန်းလျန် လုံး၀ ဂရုမစိုက်တော့ပါ။ သူက သူ့စိတ်ထဲ ဖြစ်ပေါ်နေသည့် မကျေနပ်ချက်များ အားလုံးကို တိုက်ပွဲတစ်ခု တိုက်ခိုက်ပြီး ဖွင့်ထုတ်လိုက်ချင်ခြင်းသာ ဖြစ်လေသည်။ ထိုသို့ ဆန္ဒပြင်းပြ နေသောကြောင့် သူ၏ ပြိုင်ဘက်မှာ မိန်းကလေးတစ်ယောက် ဖြစ်နေသည့်တိုင် သူဂရုမစိုက်တော့ပါ။

“ဘာမှ လျှောက်တွေးနေစရာ မလိုတော့ဘူး၊ မင်းဒီဘဝမှ ဘယ်လောက် ကြိုးစားခဲ့ ကြိုးစားခဲ့ နောက်ဆုံးတော့ အရာအားလုံးက ဗလာနတ္ထိပဲ မဟုတ်ဘူးလား”

ဆန်းလျန်က ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်သည်။

ကျောက်ရှောင်ယွီ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ နောက်ထပ်ဘာမှ တောင်းပန်နေစရာ မလိုတော့ပေ။ သူမသည် အားလုံး၏ အထက်တွင် ရှိသည့် နတ်ဘုရား တစ်ပါးသာ ဖြစ်လေသည်။

သူမက ကျောက်ရှောင်ယွီ မဟုတ်။ လူပေါင်းများစွာ၏ ကိုးကွယ်ခြင်းကို ခံရသည့် နတ်ဘုရားတစ်ပါး ဖြစ်လေသည်။ အစဦး ကတည်းကပင် သူမက ထာဝရ တည်မြဲမှုဖြင့် တည်ဆောက်ထားသည့် နတ်ဘုရားတစ်ပါး ဖြစ်ပြီး သူမကို မည်သူမျှ ဖျက်ဆီး၍ မရနိုင်ပေ။

ကျောက်ရှောင်ယွီက သူမလက်ထဲမှ ကြာပန်းဖြူဓားကို တစ်ချက် ဝေ့ယမ်းလိုက်သည်။ သူမ၏ ခန္ဓာကိုယ်မှ အဖြူရောင် အလင်းတန်းများ ဖြာထွက်လာပြီး သူမ၏ပုံစံမှာ ဆန်းလျန်ကို အပြစ်ပေးတော့မည့် နတ်မိမယ် တစ်ပါးအလား ဖြစ်လေသည်။ ကြာပန်းဖြူဓားက လေကို ထိုးခွင်းလိုက်ပြီး လေထဲတွင် လှည့်ပတ် နေလေသည်။ ဓားဆီမှ ဗုဒ္ဓတရား စာပေရွတ်ဖတ်သံ ကဲ့သို့ အသံများ ထွက်ပေါ် နေလေသည်။ ထိုတရားသံများ၏ အစနှင့် အဆုံးကို သိမြင်နိုင်ခြင်း မရှိပေ။

အဆုံးသတ် တိုက်ခိုက်ရတော့မည် ဆိုလျှင် သူမ၏ ကြာပန်းဖြူဓားက သာလျှင် ဆန်းလျန်၏ အသက်ကို ခြွေမည် ဖြစ်လေသည်။

မိုးမြေစွမ်းအားများနှင့် ဝိညာဉ်စွမ်းအားများသည် ကြာပန်းဖြူဓားထဲသို့ စီးဝင်သွားသည်။ ကြောက်မက်ဖွယ်ရာ ဓားသွားသည် ဆန်းလျန်ဆီသို့ ဖြောင့်ဖြောင့်တန်းတန်း တိုးဝင်သွားပြီး ပတ်ဝန်းကျင်ရှိ လေထုကို လှုပ်ခတ်စေကာ ဆန်းလျန်ကို ဖိအားများဖြင့် ထိန်းချုပ် ထားလေသည်။ ဆန်းလျန်၏ ခန္ဓာကိုယ်က ဖိအားကို ခံစားရသည့်အခါ သူ၏စိတ်နှင့် ဝိညာဉ်မှာ တုန်ခါ လာလေသည်။

ဆန်းလျန် လက်ထဲတွင် မည်သည့်ဓားမျှ ရှိမနေပါ။ သူ၏ ရွှမ်တယ်ဓားကိုလည်း အသုံးပြုခြင်း မရှိပါ။

သူ၏ အော်ဟစ်လိုက်သံသည် မိုးကုတ်စက်ဝိုင်း တစ်ခုလုံးတွင် ပဲ့တင်ထပ် သွားလေသည်။

“မြောက်ပိုင်းကနေ ချန်းဝူကို နေထွက်ကနေ နေဝင် လျှောက်သွားနေတာ၊ ကျုပ်အင်္ကျီလက်ထဲက မြွေစိမ်းက ကျုပ်ကို သတ္တိတွေ ပေးမှာပါ”

ဆန်းလျန် ရေရွတ်လိုက်သည်။

သူ၏အင်္ကျီလက်သည် မြွေတစ်ကောင်အလား လူးလွန့် သွားလေသည်။ သူ့မျက်နှာက တည်ငြိမ်နေပြီး သူ့ပုံစံက ဆုံးဖြတ်ချက် ချထားပြီးသည့်အလား ယုံကြည်ချက်ဖြင့် ပြည့်နေလေသည်။

သူ၏အင်္ကျီလက်ထဲမှ ဓားဝိညာဉ်များ ဖြာဆင်း လာလေသည်။ အနီရောင်၊ ရွှေရောင်၊ အဝါရောင်၊ အဖြူရောင်၊ အပြာရောင်၊ ခရမ်းရောင်၊ အစိမ်းရောင်နှင့် အနက်ရောင် ဓားဝိညာဉ်များ ဖြစ်လေသည်။ ထိုဓားဝိညာဉ်များ အားလုံးမှာ လေထဲတွင် ရပ်တန့် နေကြလေသည်။ ကျောက်ရှောင်ယွီ၏ ဓားမှာ လေကို ထိုးခွင်းပြီး ဆန်းလျန်၏ ဘဝကို အဆုံးသတ်ပေးရန် ဝင်ရာက်လာသည်။ သို့သော် မျက်စိတစ်မှတ်အတွင်းမှာပင် ဆန်းလျန်၏ ဓားဝိညာဉ်များက ထွက်ပေါ်လာပြီး သူမ၏ဓားကို အပိုင်းပိုင်း ဖြတ်တော့မည့်အလား ဝင်ရောက် သွားလေသည်။

ထိုဓားဝိညာဉ်များမှာ လှုပ်ရှားလိုက်တိုင်း ဓားရိပ်များ ဖြာထွက်နေပြီး ထူးဆန်းသည့် ပုံသဏ္ဌာန် ရှိလေသည်။ သဏ္ဌာန်ရှိသော်လည်း သဏ္ဌာန်မဲ့ နေပြန်သည်။ ပြောင်းလဲမှုများကလည်း ခန့်မှန်း၍ မရနိုင်ပေ။ ထိုဓားဝိညာဉ်များ၏ သဘောတရားကို နားလည်ရန်မှာ လွန်စွာမှ ခက်ခဲလေသည်။

ဒြပ်စင်စွမ်းအား ရှစ်မျိုးသည် အတူတကွ ရွေ့လျားသွားကြပြီး ပတ်ဝန်းကျင် တစ်ခုလုံးတွင် စွမ်းအား ပြောင်းလဲမှုများ ဖြစ်ပေါ်သွားလေသည်။ ဓားဝိညာဉ်တိုင်းသည် မိုးနှင့်မြေကဲ့သို့ ယင်နှင့်ယန် စွမ်းအားများကို ထိန်းသိမ်း ထားလေသည်။ မိုးကောင်းကင်ကဲ့သို့ အကန့်အသတ် မရှိသလို မြေပြင်ကဲ့သို့လည်း နက်နဲ လေးလံသည်။ မိုးနှင့်မြေက ရှေ့မှ ဦးဆောင်ပြီး လေ၊ လျှပ်စီး၊ ရေ၊ မီး၊ တောင်နှင့် ရွှံ့နွံတို့က နောက်မှ လိုက်လေသည်။ ထိုစွမ်းအားများမှာ မရှိမှုထဲမှ ဖြစ်တည်လာခြင်း ဖြစ်လေသည်။

ကျောက်ရှောင်ယွီ ဆန်းလျန်၏ တန်ခိုးစွမ်းအားများကို မလေးစားဘဲ မနေနိုင်။ ထိုသို့ စွမ်းအားများကို ရောမွှေပြီး ပေါင်းစပ် အသုံးချနိုင်သည့် အရည်အချင်းကို ရရန်အတွက် မည်သည့် ကျင့်စဉ်ကို ကျင့်ကြံ ထားပါသနည်း။ ထိုသို့သော တာအိုကျင့်စဉ်မျိုး ဆိုသည်က မရှိမှုမှ အဓိပ္ပာယ် ကောက်ယူကာ စကြဝဠာကြီး တစ်ခုလုံးကို ဆင့်ကဲ ပြောင်းလဲနိုင်သည့် ကျင့်စဉ်မျိုး ဖြစ်ပေလိမ့်မည်။

သူမက ဆန်းလျန်ကို လေးစား အားကျမိ သွားသည့်တိုင် သူမတိုက်ခိုက်မှု ကတော့ လျော့ကျသွားခြင်း မရှိပါ။ ကောင်းကင်က သူမကို တားဆီးလျှင် သူမက ကောင်းကင်ကို ထိုးခွဲမည်။ မြေပြင်က သူမကို တားဆီးလျှင် သူမက မြေပြင်ကို ထိုးဖောက်မည်။

လောကတွင် သူမကို တားဆီးမည့်အရာ မှန်သမျှကို ကြာပန်းဖြူဓားနှင့် အတူ ထိုးခွဲပစ်မည်သာ ဖြစ်လေသည်။ လေထုထဲမှ တုန်ခါနေမှုက ရပ်တန့်မသွားပါ။ ကြာပန်းဖြူဓားမှ ထွက်ပေါ်လာသည့် အဖြူရောင် အလင်းတန်းသည် ကောင်းကင် တစ်ခုလုံးကို လင်းလက် သွားစေလေသည်။ ထို့နောက် ဓားရောင်သည် ဆန်းလျန်၏ မျက်နှာရှေ့တွင် ပေါ်လာပြီး ဆန်းလျန်၏ မျက်ခုံးနှစ်ခု ကြားတွင် ဓားအရိပ်က လင်းလက် နေလေသည်။

ဆန်းလျန်မှာ မည်မျှပင် တည်ငြိမ်သူ ဖြစ်ပါစေ ယခုတစ်ကြိမ်တွင်တော့ အမူအရာ ပျက်သွားရသည်။ ကောင်းကင်ထက်မှ ကြာပန်းဖြူဓား၏ အလင်းရောင်သည် အရပ်ဆယ်မျက်နှာမှ ဖြာထွက်နေလေသည်။

ကျောက်ရှောင်ယွီမှာ ထိုဓားအလင်းရောင်၏ ဗဟိုတွင် ရှိနေပြီး ဓားအလင်းရောင်များက ကြောက်မက်ဖွယ်ရာ ပေါက်ကွဲ သွားလေသည်။ မရေမတွက်နိုင်အောင် များပြားသော ဓားဝိညာဉ်များ ထွက်ပေါ်လာလေသည်။ ထိုဓားဝိညာဉ်များမှာ ဆန်းလျန်၏ ရှိခြင်း မရှိခြင်း ဓားဝိညာဉ်များနှင့် ဆင်တူလေသည်။ ဓားဝိညာဉ်များမှာ အစစ်အမှန် ဖြစ်သော်လည်း အစစ်အမှန် မဟုတ်၊ သဏ္ဌာန်ရှိသော်လည်း သဏ္ဌာန်မဲ့ နေလေသည်။ ထိုဓားဝိညာဉ်များသည် လေကို ထိုးခွင်းကာ ဆန်းလျန်ဆီသို့ ဝင်ရောက် သွားလေသည်။

ကျောက်ရှောင်ယွီက ဝိညာဉ်စွမ်းအားကို အသုံးပြုကာ သူမ၏ဓားကို ထိန်းချုပ်ပြီး မရေမတွက် နိုင်သည့် ဓားဝိညာဉ်များကို ခွဲဖြာထုတ်လိုက်ခြင်း ဖြစ်လေသည်။ ဆန်းလျန် မျက်မှောင်တစ်ချက် ကြုတ်လိုက်သည်။ သူ၏ တာအိုဝတ်ရုံမှာ လေထဲတွင် လွင့်ပျံနေပြီး သူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလေသည်။

ကြာပန်းဖြူဓား၏ ဓားဝိညာဉ်များမှာ တစ်စုတစ်စည်းတည်း ပြန်လည် ပေါင်းစည်းသွားပြီး နဂါးတစ်ကောင် အော်သံကဲ့သို့ အသံနက်ကြီး ထွက်ပေါ် လာလေသည်။ ထိုဓားဝိညာဉ်သည် ဆန်းလျန်ရှေ့တွင် နဂါးကြီး တစ်ကောင်အလား ပေါ်ထွက် လာလေသည်။

ထိုဓားက လေထဲတွင် ရပ်တန့်နေပြီး ဆန်းလျန်၏ မျက်ခုံးနှစ်ခု ကြားသို့ တည့်မတ်စွာ ချိန်ရွယ် ထားလေသည်။ သူ့ရှေ့တွင် ကျောက်ရှောင်ယွီ ရပ်တန့် နေလေသည်။

သူတို့နှစ်ယောက် အကြည့်ချင်း ဆုံလိုက်ကြသည်။ သို့သော် အကြည့်များက အရင်ကလောက် စူးရှ တောက်ပခြင်း မရှိတော့။ သို့သော် ဆန်းလျန်၏ မျက်နှာထက်မှ စိတ်လှုပ်ရှားမှုကိုတော့ မြင်တွေ့နေရဆဲ ဖြစ်လေသည်။

ဆန်းလျန်၏ မျက်ဝန်းများက ကြည်လင် တောက်ပနေပြီး မျက်ဝန်းအိမ်က ဘဲဥပုံသဏ္ဌာန်တစ်ချက် လှည့်ပတ်လိုက်ကာ ဓားထက်ထက် တစ်လက်ကို မွေးဖွား ပေးလိုက်လေသည်။ ထိုဓားမှ ဝိညာဉ်စွမ်းအားက ကျောက်ရှောင်ယွီ၏ စိတ်ဝိညာဉ်ကို ထိုးစိုက် လိုက်လေသည်။

ထိုဓားမှာ ဆန်းလျန် အသုံးမပြုသည်မှာ ကြာပြီဖြစ်သည့် နတ်သက်ခြွေ ဓားသိုင်းပင် ဖြစ်လေသည်။ ယခုတော့ ဆန်းလျန်၏ ကျင့်စဉ် တိုးတက် လာသည်နှင့်အမျှ ထိုဓားသိုင်းပါ တိုးတက် လာလေသည်။

ဆန်းလျန်က ကျောက်ရှောင်ယွီကို အနိုင်ယူနိုင်ရန်အတွက် နတ်သက်ခြွေ ဓားသိုင်းကို သဏ္ဌာန်ပြောင်းလဲကာ အသုံးချလိုက်ခြင်း ဖြစ်လေသည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset