Switch Mode

အခန်း (၁၆၆)

ကြာပန်းဖြူဓား

ပန့်ယွဲ့ရေကန်မှာ ယွဲ့ထော်မြို့တော် အတွင်းမှအပြင်သို့ ဖြတ်သန်းစီးဆင်းနေသည့် ရေကန်တစ်ခု ဖြစ်လေသည်။ ထိုရေကန်၏ ပုံသဏ္ဌာန်မှာ လခြမ်းပုံသဏ္ဌာန် ရှိသည့်အတွက် ပန့်ယွဲ့ရေကန်ဟု အမည်ပေးထားခြင်း ဖြစ်သည်။

ကောင်းကင်ထက်မှ အဖြူရောင် အလင်းတန်းမှာ ပန့်ယွဲ့ရေကန်ထဲသို့ ဆင်းသက်သွားလေသည်။ ထို့နောက် ရေကန်ထဲတွင် အလွန် ချောမောလှပသည့် အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် မိန်းမပျိုတစ်ယောက် ပေါ်လာလေသည်။ ထိုမိန်းကလေးမှာ ကျွမ်းကျိ၏ “ရှောင်းယောင်ယို” ကဗျာထဲတွင် ပါဝင်သည့် နတ်သမီးတောင်မှ နတ်သမီးလေးတစ်ပါး ကဲ့သို့ပင် လှပလေသည်။ အသားအရေမှာ နှင်းပွင့်ကဲ့သို့ ဖြူစင်ပြီး အပျိုစင် တစ်ယောက်ကဲ့သို့ ကျက်သရေ မင်္ဂလာဖြင့် ပြည့်စုံနေလေသည်။

ထို နတ်သမီးတောင်မှ နတ်သမီးလေးတစ်ပါး ကဲ့သို့ လှပသူမှ ကျောက်ရှောင်ယွီမှ လွဲပြီး မည်သူမျှ မဖြစ်နိုင်ပေ။ သူမ ခြေဖဝါးများ အောက်တွင် ကြာပန်းတစ်ပွင့် ရှိနေလေသည်။ ပန့်ယွဲ့ရေကန် မျက်နှာပြင်တွင် ရေခဲအလွှာပါးလေးက ဖုံးအုပ်ထားလေသည်။ ထိုရေခဲ အလွှာပါးလေး ပေါ်တွင် ကြာပန်းဖြူတစ်ပွင့် ပေါ်လာခြင်းဖြစ်ပြီး ကျောက်ရှောင်ယွီက ထိုကြာပန်းဖြူပေါ်တွင် မတ်တတ် ရပ်နေခြင်း ဖြစ်လေသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် ရေခဲအလွှာပါးလေး ထက်တွင် အပေါက်တစ်ခု ဖြစ်ပေါ်၍ လာလေသည်။ ထိုအပေါက်မှာ နက်ရှိုင်းလွန်းသည့်အတွက် ရေကန် အောက်ခြေသို့ပင် မမြင်နိုင်ပေ။ ထိုအပေါက်၏ အချင်းမှာ သုံးပေခန့် ကျယ်ဝန်းလေသည်။ ထိုအပေါက်မှာ ကျောက်ရှောင်ယွီ ခြေဖဝါးအောက်မှ ကြာဖြူပွင့်ထက်ပင် ကြီးမားလေသည်။ ထို့နောက် ထိုအပေါက်ထဲမှ အစိမ်းရောင် ငါးကြင်းကြီးတစ်ကောင် ခုန်ထွက်လာလေသည်။ ထိုငါးကြီးမှာ ရေအောက်မှ ခုန်ထွက်လာပြီး ရေကန်ထက်ရှိ ရေခဲအလွှာပါး ပေါ်သို့ ကျရောက်သွားလေသည်။

ငါးကြင်းကြီးမှာ ရေကန် မျက်နှာပြင်ပေါ်သို့ ကျရောက်လာပြီး တဖျတ်ဖျတ် ခုန်နေလေသည်။ သို့သော် သူထွက်လာသည့် အပေါက်ဆီသို့ ပြန်မရောက်တော့ပေ။ သူ အသက်ရှင်ရန်အတွက် ရေကန်ထဲမှ ရေဆီသို့ ပြန်ရောက်နိုင်ရန် လိုအပ်လေသည်။

ကျောက်ရှောင်ယွီက ထိုငါးကြင်းစိမ်းကြီးကို တစ်ချက် လှမ်းကြည့်လိုက်သည်။ သူမ၏ မျက်နှာတွင် ထိုငါးကြီးကို သနားသည့် အရိပ်အယောင် လုံးဝမရှိပေ။ လောကတွင် သတ္တဝါပေါင်းများစွာ နေ့တိုင်း မွေးဖွားနေကြပြီး နေ့တိုင်း သေဆုံးနေကြသည်ပဲ မဟုတ်လား။ သေခြင်းနှင့်ရှင်ခြင်း ဆိုသည်က စည်းပါးပါးလေး တစ်ခုမျှသာ ဖြစ်လေသည်။

ယခုပင် ကျောက်ရှောင်ယွီကိုယ်တိုင် ထိုသေခြင်းနှင့် ရှင်ခြင်းကြားမှ စည်းပါးပါးလေးကို ရင်ဆိုင်ခဲ့ရပြီ ဖြစ်သည်။ သို့သော် သူမက ထိုငါးကြင်းစိမ်းကြီး လိုမျိုး မဟုတ်ပါ။ သူမက အသက်ရှင်ရန်အတွက် ရုန်းကန် တိုက်ခိုက်နိုင်စွမ်း ရှိလေသည်။

သူမက ဆန်းလျန်လက်မှ ထွက်ပြေးရန် မကြိုးစားတော့ပါ။ အဘယ်ကြောင့်ဆိုသော် မလိုအပ်တော့ သောကြောင့် ဖြစ်လေသည်။ ဆန်းလျန်သည် သူမနှင့် ဆန်းတုမြို့တော်တွင် တွေ့ဆုံခဲ့သည့် ဆန်းလျန် မဟုတ်တော့ပါ။ သူ၏ စိတ်နေစိတ်ထားက ပြောင်းလဲ မသွားသည့်တိုင် သူ၏ တန်ခိုးစွမ်းအား များကတော့ နှိုင်းဆမရလောက်အောင် တိုးတက်လာလေသည်။

ဆန်းလျန်သာ သူမကို အလွတ်မပေးဘူး ဆိုလျှင် ကမ္ဘာအဆုံးထိ ထွက်ပြေးသည့်တိုင် သူမအတွက် ပြေး၍လွတ်မည် မဟုတ်ပေ။ ထို ဆန်းလျန်ဆိုသည့် ဆန်းကျွင်းအရှင်သည် လုပ်မည်ဟု ဆုံးဖြတ်ချက် ချပြီးသည့် ကိစ္စကို မဖြစ်မနေ လုပ်တတ်သူ ဖြစ်လေသည်။

သို့သော် ကျောက်ရှောင်ယွီသည် ဆန်းလျန်ကို သူမဘက်သို့ ပါလာရန် ဆွဲဆောင်မိသည့်အတွက် နောင်တမရပါ။ အဘယ်ကြောင့်ဆိုသော် ဆန်းလျန်သာ သူမနှင့် ပူးပေါင်းမည်ဆိုလျှင် ကြာပန်းကိုးပွင့် ကျောင်းတော် တစ်ခုလုံးမှ လူများအားလုံး ပေါင်းစည်းခြင်းထက်ပင် သာလွန်မည် ဖြစ်လေသည်။ ထို ကြာပန်းကိုးပွင့် ကျောင်းတော်မှ လူများမှာ သူမကို ယုံကြည်သည့်သူများ ဖြစ်သော်လည်း အမြဲတမ်း ပြန်လည်သင်ပြ ပေးနေရလေသည်။

ကွင်းပြင်ထဲမှ မြက်ပင်များကဲ့သို့ပင် ဖြစ်လေသည်။ ခြောက်သွေ့သွားလိုက်၊ ပြန်လည် ပြုပြင်ပေးလိုက်လျှင် ပြန်ပေါက်လာလိုက်နှင့် နှစ်ပေါင်းများစွာ သံသရာ လည်နေသူများ ဖြစ်လေသည်။

အဝေး တစ်နေရာမှ လေပွေမုန်တိုင်းတစ်ခု ရောက်လာပြီး ထိုမုန်တိုင်းက ကျောက်ရှောင်ယွီ နံဘေး ပေတစ်ရာခန့် အကွာတွင် ဆင်းသက်လိုက်လေသည်။ ထိုသူမှ ဆန်းလျန်ပင် ဖြစ်လေသည်။

ဆန်းလျန်က သူ၏ တန်ခိုးစွမ်းအားများကို ဖုံးကွယ်ထားခြင်း မရှိပါ။ ထိုက်ရွှီးတန်ခိုး စွမ်းအားများ အပါအဝင် အခြားသော စွမ်းအားများစွာ သူ့ထံမှ ထွက်ပေါ်နေလေသည်။ သို့သော် ထိုစွမ်းအားများ ထဲတွင် အသက်ဓာတ် စွမ်းအားများတော့ ပါဝင်ခြင်း မရှိပေ။ ပန့်ယွဲ့ရေကန်ထက်မှ ရေခဲအလွှာပါးမှာ အပိုင်းပိုင်းအစစ ကွဲအက်သွားလေတော့သည်။

ဆန်းလျန်၏ ခန္ဓာကိုယ်မှ မိုးမြေစွမ်းအားများက စမ်းချောင်း တစ်ခုအလား မှန်မှန်စီးထွက် နေလေသည်။ ကျောက်ရှောင်ယွီ၏ ဝတ်ရုံမှာ ဆန်းလျန်ရှိလာသို့ လွင့်ပျံနေလေသည်။ အဘယ်ကြောင့်ဆိုသော် ဆန်းလျန်သည် ဗဟိုချက် တစ်ခုကဲ့သို့ ဖြစ်နေပြီး ပတ်ဝန်းကျင် တစ်ခုလုံးရှိ စွမ်းအားများမှာ သူ့ထံသို့ လာရောက် ပေါင်းစုံနေသောကြောင့် ဖြစ်လေသည်။ မိုးမြေ စွမ်းအားများသည် သူတို့ကို ဆန်းလျန်က ဖိတ်ခေါ်နေသည့်အလား ဆန်းလျန်ထံသို့ စီးဝင်ပေါင်းစပ် နေကြလေသည်။

ထို့နောက်တွင်တော့ စွမ်းအားများ ပြည့်ဝသွားသည့်အလား မိုးမြေစွမ်းအားများ ပေါင်းစည်းခြင်းမှာ ရပ်တန့်သွားလေသည်။ ရုတ်တရက် ဆန်းလျန်က စတင်လှုပ်ရှားလိုက်ပြီး ကန်ရေပြင် တစ်ခုလုံးတွင် လှိုင်းများ ရိုက်ခတ်သွားလေသည်။ နေ့အလင်းရောင်က ကန်ရေပြင်ထက်သို့ ဖြာကျနေလေသည်။ ထိုအလင်းရောင်ကြောင့် ကန်ရေပြင်ထဲရှိ ရေခဲ အပိုင်းအစ လေးများမှာ ကြယ်စင်များကဲ့သို့ တစ်လက်လက် တောက်ပနေပြီး နဂါးငွေ့တန်းနှင့် အလားသဏ္ဌာန် တူလွန်းလှသည်။

ကျောက်ရှောင်ယွီ၏ ခြေထောက်အောက်မှ ကြာပန်းဖြူမှာ လေထဲသို့ မြင့်တက်သွားပြီး ထူးဆန်းသည့် တန်ခိုးစွမ်းအားများ ဖြာထွက်လာလေသည်။

ဆန်းလျန်၏ စွမ်းအားများကတော့ အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားလေသည်။ မျက်မှောင် ကြုတ်ထားသည့်အတွက် ဆန်းလျန်၏ မျက်ခုံးနှစ်ဖက်မှာ ဓားသွားအလား ဖြောင့်တန်းနေလေသည်။ သူ၏ နူးညံ့သည့် နဖူးထက်တွင် အရေးအကြောင်းများပင် ပေါ်သည်အထိ မျက်မှောင်ကြုတ်ထားခြင်း ဖြစ်လေသည်။ ဓားဝိညာဉ်က သူ့ထံမှ ပျံသန်းထွက်ခွာသွားပြီး ကောင်းကင်ထက်ဆီသို့ ဦးတည် လေသည်။ ထိုဓားဝိညာဉ်၏ စွမ်းအားကြောင့် တောင်တန်းများပင် တုန်လှုပ်သွား သကဲ့သို့ပင်။

ဆန်းလျန်၏ တန်ခိုးစွမ်းအားများနှင့် စိတ်ဓာတ်ခိုင်မာမှု ပေါင်းစည်းကာ တကယ့် ဓားသမား တစ်ယောက်၏ အသွင်သဏ္ဌာန် ပေါ်ထွက်၍ လာလေသည်။

သို့သော် ဆန်းလျန်မှာ ချန်ကျန့်မေကဲ့သို့ မဟုတ်ပါ။ ချန်ကျန့်မေမှာ ဓားနှင့်လူ တစ်သားတည်း ကျနေသည့် ဓားသိုင်းအတွက်သာ အသက်ရှင်သည့် လူတစ်ယောက် (သို့မဟုတ်) ဓားတစ်လက် ဖြစ်လေသည်။

ဆန်းလျန်က ဓားကို ထိန်းချုပ်မောင်းနှင်သည့် လူတစ်ယောက် ဖြစ်လေသည်။ သူက ဓားဝိညာဉ်ကို ကောင်းစွာအသုံးပြု နိုင်လေသည်။ သူက ဓားကို စိတ်ဖြင့်လည်း ထိန်းချုပ်နိုင်သည်။ ဝိညာဉ်စွမ်းအားဖြင့်လည်း ထိန်းချုပ်နိုင်သည်။ မိုးမြေစွမ်းအားများ ဖြင့်လည်း ထိန်းချုပ်နိုင်လေသည်။

သူက ကျောက်ရှောင်ယွီနှင့် ပေတစ်ရာခန့် အကွာတွင် လက်နှစ်ဖက်ကို နောက်သို့ပစ်ကာ အေးအေးဆေးဆေး ရပ်တန့်နေလသည်။ ကောင်းကင်ထက်တွင် ဓားဝိညာဉ် ရှိနေပြီး ထိုဓားဝိညာဉ်သည် ထိုးခုတ်ရန် ဦးတည်ရာ မရှိဘဲ မြေပြင်ထက်သို့ ဆင်းသက်မည် မဟုတ်ပေ။ ဆန်းလျန် ဝတ်ဆင်ထားသည့် အပြာနုရောင် တာအိုဝတ်ရုံမှာ အပြာရောင် ကောင်းကင်နှင့် တစ်သားတည်း ကျနေလေသည်။ မသေနိုင်သော နတ်ဘုရားတစ်ပါး လူ့လောကသို့ ဆင်းသက်လာသည့်အလား သူ၏ ပုံသဏ္ဌာန်က ခမ်းနားလှလေသည်။

လူ့လောကသို့ ဆင်းသက်လာသည့် နတ်ဘုရားသည် သူလုပ်ချင်ရာကို အတားအဆီးမရှိ လုပ်ဆောင်နိုင်သကဲ့သို့ ဆန်းလျန်ကိုလည်း မည်သူကမှ မတားဆီးနိုင်ပေ။

ကျောက်ရှောင်ယွီမှာ ဆန်းလျန်၏ ပုံသဏ္ဌာန်ကြောင့် စိတ်များပင် မတည်မငြိမ် ဖြစ်သွားရသည်။ ထိုမျှ ပြောင်းလဲသွားရလောက်အောင် တန်ခိုးစွမ်းအားများ မည်သို့ရရှိ လာပါသနည်းဟု ကျောက်ရှောင်ယွီ စဉ်းစားနေမိလေသည်။

သူမက ဆန်းလျန်ကို နားမလည်နိုင် ဖြစ်နေရသည့်အပြင် ခန့်မှန်း၍လည်း မရနိုင် ဖြစ်နေရလေသည်။

ဆန်းလျန်၏ မျက်ဝန်းများက နက်ရှိုင်းငြိမ်သက် နေလေသည်။ များစွာသော မွေးဖွားခြင်းနှင့် သေဆုံးခြင်း တရားများကို နားလည် လက်ခံစားသည့် အလားပင်။ မွေးဖွားခြင်းနှင့် သေဆုံးခြင်း တရားများမှာ လောကနိယာမ တရားများပင် ဖြစ်လေသည်။ ဆန်းလျန်သာ ကျောက်ရှောင်ယွီကို သတ်ပစ်ချင်သည်ဆိုလျှင် မိုးကောင်းကင်၏ ဆန္ဒအတိုင်း သတ်ဖြတ်ခြင်းသာ ဖြစ်လေသည်။ သဘာဝ ဘေးအန္တရာယ်များကြောင့် လူပေါင်းများစွာ သေဆုံးကြရသည်ကို မည်သူ့ကိုမှ အပြစ်တင်၍ မရသကဲ့သို့ ကျောက်ရှောင်ယွီ သေဆုံးခဲ့လျှင်လည်း ဆန်းလျန်ကို အပြစ်တင်၍ မရပေ။

ဆန်းလျန်မှာ ထိုမျှ တန်ခိုးစွမ်းအား မြင့်မားနေသည့်တိုင် ကျောက်ရှောင်ယွီကတော့ ကြောက်ရွံ့ခြင်း မရှိပါ။ သူမက ဆန်းလျန်၏ မျက်လုံးတည့်တည့်ကို စိုက်ကြည့်နေလေသည်။

ဆန်းလျန်ကို စိုက်ကြည့်နေသည့် ကျောက်ရှောင်ယွီ၏ မျက်ဝန်းများတွင် ရောင်ခြည်များ လင်းလက်နေလေသည်။ သူမ၏ ဝိညာဉ်စွမ်းအား ထိပ်ဆုံးအဆင့်သို့ ပို့လွှတ်ထားခြင်း ဖြစ်သည့်အတွက် သူမ မျက်ဝန်းများမှာ တောက်ပနေခြင်း ဖြစ်လေသည်။ ထိုမျက်လုံးများသည် ကြယ်စင်များနှင့် မီးတောက်များထက်ပင် တောက်ပနေလေသည်။

ကြာပန်းကိုးပွင့် ကျင့်စဉ်ကျမ်းမှ “ဝိညာဉ်စွမ်းအား သိပ်သည်းစေခြင်း” ကျင့်စဉ်ဖြစ်ပြီး ထိုကျင့်စဉ်က သူမ၏ ဝိညာဉ်စွမ်းအားကို အထွတ်အထိပ်သို့ ပို့ဆောင်ပေးလေသည်။

“အစဦး၌ ကျင့်စဉ်လမ်း ရှိ၏။ ကျင့်စဉ်လမ်းသည် နတ်ဘုရား များနှင့်အတူ ရှိ၏”

“ရှန်” ဝါဒမှာ ပုံမှန်မဟုတ်သည့် ဝါဒတစ်ခု ဖြစ်လေသည်။ သို့သော် ဆန်းလျန် ကိုယ်တိုင်ကတော့ “တာအိုလမ်းစဉ်” ဖြစ်လေသည်။

လောကတစ်ခုလုံးရှိ သက်ရှိများ အားလုံးကို အုပ်ချုပ်နိုင်စွမ်းကို ကျောက်ရှောင်ယွီ၏ မျက်ဝန်းထဲတွင် တွေ့မြင်နိုင်လေသည်။ ထိုမျက်ဝန်းများထဲတွင် အကြင်နာတရား လုံးဝမရှိပေ။

ကျောက်ရှောင်ယွီ၏ ခြေဖဝါးအောက်မှ ကြာပန်းဖြူမှာ ပျောက်ကွယ်သွားလေပြီ။ သို့သော် ထိုကြာပန်းဖြူ နေရာတွင် ပွင့်လွှာကိုးလွှာရှိသည့် ကြာပလ္လင်တစ်ခု ပေါ်လာလေသည်။ သူမသည် လေထဲရှိ ကြာပလ္လင်ထက်တွင် ရပ်တန့်နေလေသည်။

ထို ကြာပလ္လင်မှာ သူမ၏ စိတ်နှင့် ဝိညာဉ်စွမ်းအား ပေါင်းစပ်ပြီး ဖန်ဆင်းထားခြင်း ဖြစ်လေသည်။ ထို့ကြောင့် သူမ၏ အသွေးအသားများနှင့် တစ်သားတည်း ကျလေသည်။

လေထဲတွင် ကြာပန်းလေးတစ်ပွင့် ပေါ်လာပြီး ကျောက်ရှောင်ယွီ၏ ကျောက်စိမ်းသားကဲ့သို့ နူးညံ့လွန်းသည့် လက်ထဲသို့ ကျရောက်သွားလေသည်။

ထိုကြာပန်းလေးသည် ကျောက်ရှောင်ယွီ၏ လက်ထဲတွင် ဓားတစ်လက်အသွင် ပြောင်းလဲ သွားလေသည်။ ထိုးဓားဆီမှ နဂါးငွေ့တန်းကဲ့သို့ အလင်းတန်းများ ဖြာထွက်နေလေသည်။ ကျောက်ရှောင်ယွီနှင့် ဆန်းလျန်၏ တန်ခိုးစွမ်းအား နှစ်ခုမှာ အကြိမ်ပေါင်းများစွာ ရိုက်ခတ်နေလေသည်။ ကောင်းကင်တစ်ခွင်တွင် အနက်ရောင်တိမ်တိုက်များ ဖုံးလွှမ်းလာပြီး မှောင်မိုက်လာလေပြီ။ ထို အနက်ရောင် တိမ်တိုက်များသည် နေ့အလင်းရောင်ကို ဖုံးကွယ်သွားလေသည်။

ထိုအနက်ရောင် တိမ်တိုက်များမှာ အကြောင်းမဲ့သက်သက် ပေါ်ပေါက်လာရခြင်း မဟုတ်ပါ။ တန်ခိုးစွမ်းအား မြင့်မားသည့် ကျင့်ကြံသူနှစ်ယောက် စတင်တိုက်ခိုက်မည့် အရှိန်ကို စောင့်ဆိုင်း နေကြသည့်အတွက် မိုးမြေစွမ်းအားများ ရှုပ်ထွေးကုန်ရာမှ ဖြစ်ပေါ်လာသော် အနက်ရောင် တိမ်တိုက်များ ဖြစ်လေသည်။

ထိုသို့ဖြစ်ခြင်းကို တာအိုဝါဒတွင် “လူနှင့်နတ်ဒေဝါ ကရုဏာတရား” ဟုခေါ်လေသည်။ ကျင့်ကြံသူ၏ အဆင့်အတန်းသည် စကြဝဠာနှင့် တစ်သားတည်း ကျသွားသည့်အတွက် ထိုသို့ ဖြစ်ပေါ်လာရခြင်း ဖြစ်လေသည်။

နတ်မိစ္ဆာဘုရင် တစ်ပါးထံမှ အလွန်ကြောက်စရာ ကောင်းသည့် ဝိညာဉ်စွမ်းအားများ ထွက်ပေါ် လာလျှင်လည်း အနက်ရောင် တိမ်တိုက်များ ဖြစ်ပေါ်လာတတ် လေသသည်။ ထိုအနက်ရောင် တိမ်တိုက်များက နေ၊ ကောင်းကင်နှင့် အရာအားလုံးကို မှောင်မိုက်အောင် ဖုံးလွှမ်းသွားနိုင်သည်။ သို့သော် ယခု ဆန်းလျန်နှင့် ကျောက်ရှောင်ယွီတို့ ယှဉ်ပြိုင်မည့် တိုက်ပွဲအတွက် အနက်ရောင် တိမ်တိုက်များ တဖြည်းဖြည်း ဖြစ်ပေါ်လာခြင်းကတော့ နတ်မိစ္ဆာ စွမ်းအားကြောင့် ဖြစ်ပေါ်လာသည့် အနက်ရောင် တိမ်တိုက်များဖြင့် တူညီခြင်း မရှိပေ။

ကြာပန်းဖြူ ဓားဆီမှ ထူးဆန်းသည့် အသံများ ထွက်ပေါ်လာနေပြီး ပတ်ဝန်းကျင် တစ်ခုလုံးတွင် အသက်ဓာတ် စွမ်းအားများ တုန်ခါသွားရလေသည်။ ရေကန်ထဲတွင်လည်း လှိုင်းများ ထလာပြီး တစ်ချိန်တည်းမှာပင် ဆန်းလျန်နှင့် ကျောက်ရှောင်ယွီ နှစ်ယောက်လုံး ပျောက်ကွယ်သွားကြလေသည်။

အမှန်တော့ ပျောက်ကွယ်သွားခြင်း မဟုတ်ပါ။ လျင်မြန်လွန်းသည့်အတွက် သာမန်လူသား တစ်ယောက်၏ မျက်ဝန်းဖြင့်ကြည့်လျှင် ပျောက်ကွယ်သွား သကဲ့သို့ ဖြစ်သွားရခြင်း ဖြစ်လေသည်။

ကန်ရေပြင်ထက်တွင် လှိုင်းလေးများ လှုပ်ခတ်သွားလေသည်။ ရေခဲ အပိုင်းအစများ ကြားမှ တိုင်လုံးတစ်ခုကဲ့သို့ ရေလှိုင်းလုံးကြီးတစ်ခု မြင့်တက်လာသည်။ ထို့နောက် ထိုရေများမှာ အရပ် လေးမျက်နှာသို့ ပျံ့နှံ့လွင့်စဉ် သွားလေသည်။ ထို ပျံ့နှံ့သွားသည့် ရေမှုန်ရေမွှားလေး များမှာ ကန်ရေထဲသို့ ပြန်လည်ကျဆင်း မသွားတော့ဘဲ မြူခိုးများ အဖြစ်သို့ ပြောင်းလဲသွားလေသည်။ ပတ်ဝန်းကျင် တစ်ခုလုံး မြူခိုးများ ဖုံးလွှမ်းသွားပြီး ကန်ရေပြင် တစ်ခုလုံးမှာလည်း ရေခဲပြင်အလား အေးခဲ သွားလေသည်။

အဖြူရောင် မြူခိုးများမှာ ရေကန်တစ်ခုလုံးသို့ ဖုံးလွှမ်းသွားသည့်အပြင် ရေကန် အနားစပ်ရှိ နွယ်ပင်လေးများ ဆီသို့ပါ ဖုံးလွှမ်းသွားလေသည်။

အနက်ရောင် တိမ်တိုက်များထဲမှ နေရာင်ခြည် အလင်းတန်း တစ်ခုက ထိုးဖောက်ကျဆင်း နေလေသည်။ ထို့ကြောင့် ပန့်ယွဲ့ရေကန် တစ်ခုလုံး မှောင်မိုက်သွားခြင်း မရှိသေးပါ။

သို့သော် ထိုမျှလောက်သော အလင်းရောင်လေးသည် ထူထပ်လွန်းသည့် မြူခိုးများကို ထိုးဖောက်နိုင်ခြင်း မရှိရှာပေ။

***


Comment

Leave a Reply

Options

not work with dark mode
Reset