Switch Mode

အခန်း (၄၁၄)

ဖြီးလုံးများနှင့် မမလေး 

လူတစ်ယောက်အား အမှောင်ကလေးငယ်တစ်ယောက် ဟုတ်မဟုတ် အကဲဖြတ်ရန်မှာ ဝမ်းတွင်းအသိစိတ် တစ်ခုတည်းနှင့် တိတိကျကျ ဆုံးဖြတ်၍မရသော အရာတစ်ခုဖြစ်သည်။ မိမိ၏ အမြုတေထဲမှ သက်စောင့်စွမ်းအား၏ တစ်စိတ်တစ်ပိုင်းကို စတေးပြီး အခြားသူတစ်‌ယောက်၏ စစ်မှန်သော အမြုတေကို စမ်းသပ်ကြည့်ရန် လိုအပ်ပေသည်။ ထိုသို့စမ်းသပ်ကြည့်ပြီးနောက် တုံ့ပြန်မှုတစ်ခု ပြန်မရသောအချိန်မှ ထိုသူမှာ အမှောင်ကလေးငယ်တစ်ယောက် မဟုတ်ကြောင်း ကောက်ချက်ချနိုင်မည်ဖြစ်သည်။

ထို အနက်ရောင်ဝတ်ရုံနှင့် လူကြီးမှာ ဝမ်ပေါင်လဲ့သည် အမှောင်ကလေးငယ်တစ်ယောက် ဖြစ်နိုင်မည်မဟုတ်ဟု တွေးထားသောကြောင့် သူ၏ သက်စောင့်စွမ်းအားများကို အသုံးပြုရန် အစီအစဉ်မရှိပေ။ အမှောင်ဂိုဏ်းမှာ ရှေးယခင်တုန်းကတည်းက ပျက်သုဉ်းသွားခဲ့ပြီဖြစ်ပြီး ဒဏ္ဍာရီတစ်ခုအနေနှင့်သာ ကျန်ရှိတော့သည်ဖြစ်သည်။ ဤ ကမ္ဘာကြီးထဲတွင် ထိုဂိုဏ်း၏ ဖြစ်တည်မှုအား သက်သေပြ‌နိုင်သည့် အထောက်အထားများပင်လျှင် မရှိသလောက် နည်းပါးနေပြီးဖြစ်သည်။

ထို့ကြောင့် အမှောင်ကလေးငယ်တစ်ယောက် ဖြစ်နေနိုင်သည့် လူတစ်ယောက်၏ ရုတ်ခြည်းဆိုသလို ပေါ်ပေါက်လာမှုကြောင့် အနက်ရောင်ဝတ်ရုံနှင့် လူကြီးမှာ မယုံကြည်နိုင်လောက်အောင်ဖြစ်သွားရ၏။ အမှောက်ဂိုဏ်းကြီး ဘုန်းမီးနေလ တောက်ပခဲ့သည့် အချိန်တုန်းကပင်လျှင် အမှောင်ကလေးငယ်တစ်ယောက် ဖြစ်လာနိုင်ခဲ့သည့် လူအရေအတွက်မှာ မရှိသလောက် နည်းပါနေခဲ့သည် မဟုတ်ပါလော။

သူ၏ ရာထူးအဆင့်အတန်းကြောင့် အနက်ရောင်ဝတ်ရုံနှင့် လူကြီးမှာ အမှောင်ကလေးငယ်တစ်ယောက် ဖြစ်လာရန် လိုအပ်သည့် သတ်မှတ်ချက်များကို မသိထားပေ။ သို့သော် သူ၏ မှတ်ဉာဏ်ထဲတွင်မူ ရှေးယခင်တုန်းက အမှောင်ဂိုဏ်းကြီးကြောင့် ကြုံတွေ့ခံစားခဲ့ရသည့် အကြောက်တရားများ စိုးမိုးနေဆဲပင်။ သူသည် အမှောင်ဂိုဏ်း၏ သာမန်အဖွဲ့ဝင်တစ်ယောက်၏ ရှေ့တွင်ပင် ကြောက်ဒူးတုန်ခဲ့ရလောက်သည့်အထိ ဖြစ်ခဲ့ဖူသည်။

ယခုတွင် နှစ်ပေါင်းများစွာ ကုန်ဆုံးသွားပြီဖြစ်ပြီး သူသည်လည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ပြီးနောက် ပြန်လည်နိုးထလာပြီဖြစ်သည်။ သူသည် ထိုကဲ့သို့ ထပ်ခဲတလဲလဲ အိပ်လိုက် ပြန်ထလာလိုက် လုပ်နေခဲ့ရသောကြောင့် သူ၏ မှတ်ဉာဏ်များမှာ ဝေဝါးစပြုနေပြီ ဖြစ်၏။ သို့သော် အချိန်မည်မျှအထိ ကုန်ဆုံးသွားသည့်တိုင်အောင် သူ၏ အမှောင်ဂိုဏ်းအပေါ် ထားရှိသော ထိတ်လန့်ကြောက်ရွံ့မှုများမှာမူ ပျောက်ကွယ်သွားမည် မဟုတ်ပေ။

အမှောင်ဂိုဏ်းမှာ သူ၏ အကျဉ်းထောင်ကြီး ဖြစ်ခဲ့ပြီး အမှောင်ကလေးငယ်မှာ သူ၏ သခင်ဖြစ်ခဲ့သည်ဟုပင် သတ်မှတ်နိုင်ပေသည်။

မည်သည့် အမှောင်ကလေးငယ်မဆို ၎င်းအား အလွယ်တကူ ထိန်းချုပ်နိုင်စွမ်းရှိသဖြင့် သူသည် မည်သည့်နည်းနှင့်မှ ပြန်လည်ခုခံနိုင်စွမ်းမရှိပေ။ ထို့အပြင် သူသည် သူ၏ သခင်အား ပြန်လည်တွန်းလှန်နိုင်စွမ်းလည်း မရှိချေ။ ၎င်းမှာ အတိတ်မှ အမာရွတ်များကဲ့သို့ ဖြစ်နေကြပြီး သူ၏ အသွေးအသားထဲ၌ စွဲထင်ကျန်ရစ်နေသည့် ဥပဒေများကဲ့သို့ ဖြစ်နေတော့သည်။

သူသည် ခုခံတွန်းလှန်နိုင်စွမ်းမရှိသလို အာဏာဖီဆန်နိုင်စွမ်းလည်း မရှိပေ။ ၎င်းမှာ သူ၏ကံကြမ္မာပင်ဖြစ်သည်။

ထို့ကြောင့်လည်း သူသည် ဤကမ္ဘာကြီးထဲ၌ အမှောင်ကလေးငယ်တစ်ယောက် ရှိနေဆဲဖြစ်သည်ဆိုသည့် အချက်ကို မယုံကြည်နိုင်လောက်အောင် ဖြစ်နေရခြင်းဖြစ်သည်။

သို့သော် သူ၏ မန္တန်အစီအရင်အား တိုက်စားရန် ကြံစည်နေသော အစီအစဉ်များမှာ မျက်စိတစ်မှိတ်အတွင်း ဖျက်ဆီးခံလိုက်ရပြီးဖြစ်သည်။ ထို့အပြင် သူသည် ထိုဓမ္မအဆောင်များအား ဖန်တီးခဲ့သည်ကိုလည်း အာရုံခံမိခဲ့၏။ သူ၏ စိတ်ထဲတွင် လုံးဝဖြစ်နိုင်မည်မဟုတ်ဟု မှတ်ယူထားသည်တိုင်အောင် သူသည် မသေချာ မရေရာ ဖြစ်နေရဆဲပင်။ အမှောင်ကလေးငယ်တစ်ယောက် အမှန်တကယ် ပေါ်ထွက်လာခြင်း၏ အဓိပ္ပါယ်ကို သူက ကောင်းကောင်းကြီး နားလည်ထား၏။ ထို့ကြောင့်လည်း သူသည် လက်မခံနိုင်လောက်အောင် ဖြစ်နေရခြင်းဖြစ်သည်။ ထို့ကြောင့်လည်း သူသည် ဤနေရာသို့ ရောက်ရှိလာရခြင်းဖြစ်သည်။ ထို့ကြောင့်လည်း သူသည် အမှန်တရားကို ဖော်ထုတ်ပြီး သံသယများ ပျောက်ကင်းသွားစေရန်အတွက် သူ၏ သက်စောင့်စွမ်းအားကို စတေးနေခြင်း ဖြစ်သည်။

ထို့ကြောင့်လည်း သူသည် ဝမ်ပေါင်လဲ့အား လက်ညှိုးထိုးလိုက်ရခြင်းပင် ဖြစ်သည်။

၎င်းမှာ သာမန် အပြုအမူတစ်ခုဟုသာ ထင်ရပြီး မည်သည့် အမြုတေအဆင့်ကျင့်ကြံသူကမှ ၎င်းအား အာရုံမခံမိကြပေ။ သို့သော် ထိုလုပ်ရပ်မှာ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ကို ချိတ်ဆက်ပေးလိုက်သကဲ့သို့ပင်။ ၎င်းမှာ ကြယ်များနှင့် ဆက်သွယ်လိုက်ပြီး စကားလုံးများနှင့် ဖော်ပြ၍မရနိုင်လောက်အောင် ထူးဆန်းသည့် စွမ်းအင်လှိုင်းတစ်လှိုင်းကို ဖန်တီးပေးလိုက်၏။ အနက်ရောင်ဝတ်ရုံနှင့် လူကြီး၏ လက်ညှိုးမှာ ဟင်းလင်းပြင်များနှင့် နံရံများကို ဖောက်ထွင်းကာ လမ်း‌တစ်လျှောက်ရှိ မည်သည့်အရာကိုမဆို လျစ်လျူရှု၍ ဝမ်ပေါင်လဲ့ရှိနေသော လျှို့ဝှက်အခန်းဆီသို့ ဦးတည်သွား၏။

ထို့နောက် ထိုစွမ်းအင်လှိုင်းမှာ လျှို့ဝှက်အခန်းထဲ၌ ရုတ်တရက်ဆိုသလို ပြည့်နှက်သွားတော့သည်။ ထိုလှိုင်းထဲတွင် အမှောင်ချီများ ထူထဲသိပ်သည်းစွာ ပါဝင်နေ၏။ ၎င်းမှာ အနက်ရောင်ဝတ်ရုံနှင့် လူကြီး၏ သက်စောင့်စွမ်းအားများသာမက သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ကိန်းအောင်းနေသကဲ့သို့ပင်။ ၎င်းမှာ ဝမ်ပေါင်လဲ့၏ရှေ့၌ ပေါ်လာပြီး အခြားမည်သူမှ မမြင်နိုင်သော ပါးစပ်ပေါက်ကြီးတစ်ခုအသွင် ပြောင်းလဲသွား၏။ ထို ပါးစပ်ပေါက်ကြီးမှာ ပုံရိပ်ယောင်တစ်ခုမျှသာ ဖြစ်သည်။ ၎င်းမှာ တရားထိုင်ရင်း မန္တန်အစီအရင်ကြီးအား သန့်စင်နေသော ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဝါးမျိုတော့မည် ဖြစ်သည်။

ထို ပါးစပ်ပေါက်ကြီး သူ့အား ဝါးမျိုရန်ပြင်နေစဉ်မှာပင် ဝမ်ပေါင်လဲ့မှာ တစ်ခုခု လွဲနေပြီဖြစ်ကြောင်း အာရုံခံမိလိုက်၏။ ထို့ကြောင့် သူသည် ရုတ်တရက်ဆိုသလို မျက်လုံးများပွင့်လာတော့သည်။ အခြားသူများမှာ ထိုပါးစပ်ပေါက်ကြီးအား မမြင်နိုင်ပါသော်လည်း သူသည် မျက်လုံးများ ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် ၎င်းအား ရှင်းလင်းပြတ်သားစွာ မြင်လိုက်ရ၏။ ထို့ကြောင့် သူသည် ချက်ချင်းဆိုသလိုပင် သူငယ်အိမ်များ ကျဉ်းမြောင်းသွားရပြီး ရင်ခုန်နှုန်းများ ရပ်တန့်သွားရတော့သည်။ သို့သော် ဝမ်ပေါင်လဲ့ မတုံ့ပြန်နိုင်ခင်မှာပင် သူ၏ ခန္ဓာကိုယ်ထဲမှ အမှောင်မီးတောက်မှာ သူ၏ထိန်းချုပ်မှုအောက်မှ လွတ်ထွက်သွားပြီး သူ၏ ခန္ဓာကိုယ်ထဲ၌ ပေါ်ထွက်လာတော့သည်။

ထိုအမှောင်မီးတောက်မှာ လက်အောက်ငယ်သားတစ်ယောက်၏ စည်းကမ်းဖောက်မှုကို အာရုံခံမိသွားသည့် သခင်တစ်ယောက်ကဲ့သို့ ၎င်း၏ လုပ်ပိုင်ခွင့်အာဏာနှင့် ဩဇာအရှိန်ဝါများကို ချက်ချင်းပင် ထုတ်ပြလိုက်၏။

ထိုအချိန်တွင် ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲ၌ လျှို့ဝှက်ဆန်းကြယ် အလင်းရောင်တစ်ခု ပေါ်ပေါက်လာပြီး သူ၏ သူငယ်အိမ်များ၏ နေရာတွင် အမှောင်မီးတောက် ပေါ်ပေါက်လာတော့သည်။ ထိုအခိုက်အတန့်တွင် စကားလုံးများနှင့် ဖော်ပြ၍မရနိုင်သော အအေးဓာတ်တစ်မျိုး ထွက်ပေါ်လာ၏။ ထိုအအေးဓာတ်ကြောင့် လျှို့ဝှက်အခန်း တစ်ခန်းလုံးမှာ ရေခဲတမျှ အေးစက်သွားရတော့သည်။ ထိုအအေးဓာတ်များနှင့်အတူ ယခုလေးတင်မှာ ထွက်ပေါ်လာသော အမှောင်မီးတောက်မှာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲမှနေ၍ အပြင်ဘက်သို့ ပြန့်ထွက်လာ၏။

အခြားသူများ မမြင်နိုင်သော လျှို့ဝှက်အခန်းထဲတွင် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ မိုးထိုးလုမတတ် မြင့်မားနေသည့် အမှောင်မီးတောက်ကြီးတစ်ခု၏ ဖုံးလွှမ်းခြင်းကို ခံထားရ၏။ ဖိနှိပ်အားကောင်းသည့် အရှိန်အဝါတစ်မျိုးမှာ သူ၏ ခန္ဓာကိုယ်ထဲမှ အဆက်မပြတ် ထွက်ပေါ်နေ၏။ သူသည် ပြိုင်ဘက်ကင်းကာ ထာဝရ တည်မြဲနေမည့်ပုံစံ ပေါက်နေသည်။ ထိုအချိန်တွင် အမှောင်မီးတောက်အား ကိုက်မိလိုက်သည့် ပါးစက်ပေါက်ကြီးမှာ ဝေဒနာပြင်းပြစွာ အော်ဟစ်မြည်တမ်းလိုက်ရ၏။

သာမန်လူတစ်ယောက် မီးတောက်တစ်ခုအား မျိုချမိလိုက်သကဲ့သို့ပင်။ ထို အော်ဟစ်မြည်တမ်းနေသော ပါးစပ်ပေါက်ကြီးမှာ ချက်ချင်းပင် အရည်ပျော်ကျသွားရ၏။ ထိုအဖြစ်အပျက်အားလုံးမှာ မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်းဖြစ်၏။ အနက်ရောင်ဝတ်ရုံနှင့် လူကြီး၏ သက်စောင့်စွမ်းအားဖြင့် ဖန်တီးထားသော ပါးစပ်ပေါက်ကြီးမှာ လောင်ကျွမ်းသွားရပြီ ဖြစ်သည်။ ၎င်းမှာ နောက်သို့ပြန်လည်ဆုတ်ခွာရန် ကြိုးစားလိုက်ပါသော်လည်း အမှောင်မီးတောက်မှာ ၎င်း၏ ဖီဆန်မှုကြောင့် အပြစ်ပေးလို့သည့် ပုံစံဖြင့် ၎င်း၏နောက်သို့ ပြေးလိုက်လာ၏။

ထို အခိုက်အတန့်တွင် ထွက်ပြေးလွတ်မြောက်နိုင်ရန် အသည်းအသန် ကြိုးပမ်းနေသည့် ပါးစပ်ပေါက်ကြီးမှာ ထိတ်လန့်တုန်လှုပ်နေရင်း အသံအကျယ်ကြီးမြည်အောင် ပေါက်ကွဲသွားတော့သည်။ ထို့ကြောင့် ၎င်းမှာ အမှောင်မီးတောက်၏ လိုက်လံဖမ်းဆီးမှုထံမှ လွတ်မြောက်သွားခဲ့ပြီး ဘေးကင်းသွားရတော့သည်။

ထိုသို့ လွတ်မြောက်သွားနိုင်ခဲ့သည်မှာ အနက်ရောင်ဝတ်ရုံနှင့် လူကြီးမှာ အလွန်အင်မတန်မှ အစွမ်းထက်နေပြီး ဝမ်ပေါင်လဲ့၏ အမှောင်မီးတောက်မှာ ကနဦးအဆင့်တွင်သာ ရှိနေသေးသောကြောင့်ဖြစ်သည်။ ထိုသို့သာ မဟုတ်ပါက ထိုအနက်ရောင်ဝတ်ရုံနှင့် လူကြီးမှာ သူ၏ သက်စောင့်စွမ်းအားကို လွင့်ပါးပျောက်ကွယ်သွားအောင် လုပ်ခဲ့လျှင်တောင် အမှောင်မီးတောက်၏ တိုက်ကွက်ထံမှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။

အရာအားလုံးမှာ အလွန်အင်မတန်မှ လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့၏။ အနက်ရောင်ဝတ်ရုံနှင့် လူကြီး ပေါ်ပေါက်လာပြီး သူ၏ စမ်းသပ်မှုကို စတင်လိုက်သည့်အချိန်နှင့် အမှောင်မီးတောက် တန်ပြန်တိုက်ခိုက်လိုက်သည့် အချိန်ကြားတွင် မျက်တောင်တစ်ချက် ခပ်စာလောက်သာ ကြာမြင့်သွားခဲ့သည် ဖြစ်သည်။ အပြင်ဘက်ရှိ ကောင်းကင်ယံကြီးထဲတွင်မူ ထို အနက်ရောင်ဝတ်ရုံနှင့်လူကြီးအား မည်သူကမှ မမြင်နိုင်သလို သူ၏ သက်စောင့်စွမ်းအား၏ တစ်စိတ်တစ်ပိုင်းအား ဖျက်ဆီးလိုက်ရသည်ကိုလည်း မည်သူကမှ သတိမထားမိခဲ့ကြပေ။ သူ၏ မျက်နှာပေါ်တွင်မူ စိုးထိတ်နေသည့် အရိပ်အယောင်များကို အထင်းသား မြင်နိုင်ပေသည်။ သူသည် နောက်သို့ ပေရာဂဏန်းအနည်းငယ်ထိ အလောတကြီးနှင့် ဆုတ်ခွာသွားရ၏။ ဝတ်ရုံ၏ အောက်၌ ရှိနေသော သူ၏ မျက်ဝန်းများထဲတွင်မူ စကားလုံးများနှင့် ဖော်ပြ၍မရနိုင်သည့် ထိတ်လန့်ကြောက်ရွံ့မှုများနှင့် မယုံကြည်နိုင်လောက်အောင် ဖြစ်နေသည့် အံ့ဩတုန်လှုပ်မှုများဖြင့် ပြည့်နှက်နေပြီဖြစ်သည်။

” ဒီ အမှောင်မီးတောက်က…. ဒါ… ဒါ လုံးဝ မဖြစ်နိုင်ဘူး ” အနက်ရောင်ဝတ်ရုံနှင့် လူကြီးမှာ အော်ဟစ်မြည်တမ်းလိုက်ရ၏။ ဝမ်ပေါင်လဲ့၏ အိမ်ရာထဲမှနေ၍ ကောင်းကင်ယံထဲအထိ မြင့်တက်လာပြီး မည်သူမှ မမြင်နိုင်သော မီးတောက်များကို သူ၏ မျက်ဝန်းများထဲ၌ အထင်းသားမြင်နေရပြီဖြစ်သည်။ ထိုမီးတောက်များမှာ အပူဓာတ်များ မဟုတ်ဘဲ အတုမဲ့ အအေးဓာတ်များကို ထုတ်လွှတ်နေ၏။ ၎င်းမှာ ဝိညာဉ်များကို လှုပ်ခါပစ်နိုင်စွမ်းရှိပြီး ပြန်လည်မွေးဖွားခြင်း ဘီးလုံးများကိုပင် လည်ပတ်သွားအောင် လုပ်နိုင်စွမ်း ရှိပေသည်။ ထိုမီးတောက်မှာ အနက်ရောင်ဝတ်ရုံနှင့် လူကြီးအတွက် အလွန်အင်မတန်မှ အဓိပ္ပါယ်လေးနက်၏။ ၎င်းမှာ သူ ခုခံတွန်းလှန်နိုင်ခြင်းမရှိသော ထိန်းချုပ်မှုတစ်မျိုးကို ကိုယ်စားပြုနေခြင်းဖြစ်သည်။

ထို မီးတောက်အား မြင်လိုက်ရသောအခါ အစကတည်းက ကြောက်ရွံ့တုန်လှုပ်နေပြီးသားဖြစ်သော အနက်ရောင်ဝတ်ရုံနှင့် လူကြီးမှာ နောက်ထပ်တစ်ကြိမ်ထပ်၍ တုန်လှုပ်ချောက်ချားသွားရပြန်သည်။ သူ၏ အသက်ရှူနှုန်းများမှာလည်း သိသိသာသာ မြန်ဆန်လာပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း ယိမ်းထိုးနေပြီဖြစ်သည်။ သူ၏ နှလုံးသားထဲတွင်မူ သူ၏ ကမ္ဘာကြီးတစ်ခုလုံး တစ်စစီ ဆုတ်ဖြဲခံလိုက်ရသလို ခံစားနေရတော့သည်။

” အမှောင်မီးတောက်။ ဒီကမ္ဘာကြီးထဲမှ ဘယ်လိုလုပ်ပြီးတော့ အမှောင်မီးတောက်က ရှိနေရသေးတာလဲ။ သူ… သူက တကယ့်ကို အမှောင်ကလေးငယ် တစ်ယောက်ပဲ ” အနက်ရောင်ဝတ်ရုံနှင့် လူကြီးမှာ အသားများ တုန်ရီနေရပြီး လုံးဝမယုံကြည်နိုင်လောက်အောင် ဖြစ်နေတော့သည်။

” အမှောင်ဂိုဏ်းက ပျက်သုဉ်းသွားပြီလေ။ ဘယ်လိုလုပ်ပြီးတော့ အမှောင်ကလေးငယ်တစ်ယောက် ရှိနေရသေးတာလဲကွာ ”

” တောက် ” အနက်ရောင်ဝတ်ရုံနှင့် လူကြီးမှာ ဒေါသတကြီး တောက်ခေါက်လိုက်၏။ သူသည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးအား ဖုံးလွှမ်းနေသည့် ကြောက်စိတ်ကြီးကို မထိန်းချုပ်နိုင်တော့ပေ။ သူသည် လွတ်လပ်မှုကို ရရှိပိုင်ဆိုင်နိုင်ခဲ့သည်မှာ သိပ်မကြာသေးသောကြောင့် သခင်တစ်ယောက် ပြန်ပေါ်လာသည်ကို လက်မခံနိုင်လောက်အောင် ဖြစ်နေတော့သည်။ ထို့ကြောင့် သူ၏မျက်ဝန်းများထဲ၌ ရူးသွပ်မှု အရိပ်အယောင်များနှင့် သတ်ဖြတ်လိုသောစိတ်များ တဖြည်းဖြည်း ပေါ်ပေါက်လာတော့သည်။

သို့သော် ထိုမျက်ဝန်းများထဲ၌ ကြောက်စိတ်များလည်း ကိန်းအောင်နေသေးသည်။ အချိန်အတော်အတန် ကြာပြီးသွားသောအခါမှ သူသည် တဖြည်းဖြည်းနှင့် ပြန်လည်တည်ငြိမ်သွား၏။ သူသည် ဝမ်ပေါင်လဲ့၏ အိမ်ရာအား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေပြီး အချိန်အကြာကြီး စကားတစ်ခွန်းမှ မပြောဘဲ နှုတ်ဆိတ်နေလိုက်၏။ ထို့နောက် သူသည် ပျောက်ကွယ်သွားတော့သည်။

” သူက အမှောင်ကလေးငယ်ဆိုတော့ရော ဘာဖြစ်လဲ… ငါက သူ့ရဲ့ တုံ့ပြန်မှုကို မခံနိုင်လို့ သူ့နားကို ကပ်လို့မရသလို သူ့ကို တိုက်ရိုက် တိုက်ခိုက်လို့မရပေမယ့် သွယ်ဝိုက်တဲ့နည်းတွေ သုံးပြီးတော့ သူ့ကို သတ်လို့ရပါသေးတယ် ”

အနက်ရောင်ဝတ်ရုံနှင့်လူကြီး ထွက်ခွာသွားသောအခါ ဝမ်ပေါင်လဲ့၏ အိမ်ရာထဲရှိ လျှို့ဝှက်အခန်းထဲတွင်မူ သူ၏ ခန္ဓာကိုယ်ထဲ၌ ထိန်းမနိုင်သိမ်းမရဖြစ်နေခဲ့သော အမှောင်မီးတောက်မှာ တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားပြီး သူ၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည်ဝင်ရောက်သွားပြီဖြစ်သည်။ ဝမ်ပေါင်လဲ့မှာမူ ပင့်သက်များ ရှိုက်နေရပြီး မျက်စိမျက်နှာ ပျက်နေရ၏။ အသက်ရှည်နည်းပညာရပ်၏ နောက်ကွယ်မှ ကြိုးကိုင်ရှင်ကြီးမှာ သူ့အား တိုက်ခိုက်ရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်ရမည်ဖြစ်ကြောင်း သူက သိလိုက်၏။

ဝမ်ပေါင်လဲ့မှာ အချိန်အတော်အတန်ကြာအောင် စဉ်းစားတွေးတောနေလိုက်ပြီးမှ မန္တန်အစီအရင်ကြီးအား ဆက်လက်သန့်စင်နေလိုက်တော့သည်။ ညဉ့်နက်ချိန်သို့ရောက်မှသာ ထို မန္တန်အစီအရင်ကြီးအား အပြီးအထိ သန့်စင်နိုင်သွား၏။ သူသည် နဂိုအခြေအနေသို့ ပြန်ရောက်သွားသော မန္တန်အစီအရင်ကြီးအား စိုက်ကြည့်ရင်း စိတ်အေးသွားရတော့သည်။

” ငါ့ရဲ့ အမှောင်မီးတောက်က သူ့အလိုလို တိုက်ခိုက်ခဲ့တာဆိုတော့ ငါ့ကို တိုက်ခိုက်ခဲ့တဲ့လူကို တုံ့ပြန်နိုင်စွမ်း ရှိနေတဲ့ပုံပဲ… ” ဝမ်ပေါင်လဲ့မှာ အတွေးများထဲ၌ နစ်မျောသွားပြီး ခေါင်းငုံ့ကာ မြေပြင်ကြီးအား ငုံ့ကြည့်လိုက်၏။ ထိုမြေပြင်ကြီး၏ အောက်တွင် နတ်ဘုရားလက်နက် လှိုဏ်ခေါင်းကြီး ရှိနေသည်ဖြစ်သည်။

” အမှောင်ဂိုဏ်းနဲ့ အမှောင်အဆောင်ပစ္စည်း… ” သူသည် အချိန်အတော်အတန်ကြာအောင် စဉ်းစားတွေးတောနေလိုက်ပြီးမှ အနက်ရောင်မျက်နှာဖုံးကို ထုတ်ယူကာ ပုံရိပ်ယောင်နယ်မြေထဲသို့ ဝင်သွားလိုက်ပြီး မမလေးအား ရှာဖွေလိုက်တော့သည်။

ယခုအကြိမ်တွင်မူ မမလေးမှာ ပေါ်ပေါက်လာခဲ့၏။ သူမသည် အရင်အတိုင်း ချောမောလှပနေဆဲပင်။ သူမသည် ဝမ်ပေါင်လဲ့အား ကျောပေးထားပြီး အဝေးတစ်နေရာသို့ လှမ်းကြည့်ကာ စဉ်းစားတွေးတောနေသည့်ပုံ ပေါက်နေ၏။

ဝမ်ပေါင်လဲ့ စကားမပြောနိုင်ခင်မှာပင် မမလေး၏ အေး‌တိအေးစက်နှင့် ရှင်းလင်းပြတ်သားသော စကားသံကြီး ထွက်ပေါ်လာ၏။

” နင် သွားလည်ခဲ့တဲ့ လေ့လာရေးစက်ရုံထဲမှာ…. ဒီမျက်နှာဖုံးကနေ ကွဲထွက်သွားခဲ့တဲ့ အစိတ်အပိုင်းတစ်ခု ရှိနေတာ။ အဲဒီ အပိုင်းအစထဲမှာ ငါ့ အမြုတေရဲ့ တစ်ပိုင်းတစ်စ ပါတယ်… ”

” အဲ ” ဝမ်ပေါင်လဲ့မှာ သူမ၏စကားကို ကြားလိုက်ရသည်နှင့် ချက်ချင်းပင်နားလည်သွား၏။ သူသည် ထိုဖြစ်ရပ်နှစ်ခုကို နှိုင်းယှဉ်ကြည့်ခဲ့ပြီးနောက် ထိုကဲ့သို့ပင် ကောက်ချက်ချထားပြီးသားဖြစ်သည်။ သို့သော် သူ ယခုအကြိမ် ရောက်လာခဲ့ရသည်မှာ ထိုကိစ္စကြောင့်မဟုတ်ပေ။ ထို့ကြောင့် သူသည် ချက်ချင်းပင် မေးမြန်းလိုက်၏။

” မမလေး။ စောစောနတုန်းက ကျနော့်ကို တိုက်ခိုက်ဖို့ ကြိုးစားခဲ့တဲ့သူကရော အမှောင်ပညာရပ်ကို ကျင့်ကြံထားတဲ့ လူတစ်ယောက်ပဲလား။ ပြီးတော့ ဒီနေရာမှာရှိနေတဲ့ နတ်ဘုရားလက်နက်ကြီးက အမှောင်အဆောင်ပစ္စည်းတစ်ခုဆိုပြီးတော့ ဆရာကျောက်က ပြောခဲ့သေးတာ… ပြီးတော့ အခုလေးတင်ပဲ ကျနော့်ရဲ့ အမှောင်မီးတောက်က သူ့အလိုလို ပေါ်ထွက်လာခဲ့တာ။ မမလေးပဲ ကျနော်တို့ရဲ့ အမှောင်မီးတောက်ကို လွယ်လွယ်နဲ့ ထုတ်မပြသင့်ဘူးလို့ ပြောခဲ့တာမလား။ ဒါပေမဲ့ အခု သူက သူ့ဘာသာသူ ထွက်လာခဲ့တာလေ။ အဲ့တာ ဘာဖြစ်သွားတာလဲဗျ ”

” …. ” ဝမ်ပေါင်လဲ့အား ကျောပေးထားသော မမလေးမှာ ဆွံ့အမှင်တက်နေရပြီ ဖြစ်သည်။ သူမ၏ မျက်ဝန်းများထဲ၌ သံသယများကို အထင်းသား မြင်နေရ၏။ သူမသည် မည်သည့်တိုက်ခိုက်မှုကိုမှ သတိမထားမိခဲ့သလို အာရုံလည်း မခံမိခဲ့ပေ။ ထို့အပြင် သူမသည် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲရှိ အမှောင်မီးတောက်ကြီး သူ့အလိုလို ပေါ်ပေါက်လာခဲ့သည်ကိုလည်း အာရုံမခံမိခဲ့ပေ။ သူမသည် အမှောင်ဂိုဏ်းမှ လူတစ်ယောက် မဟုတ်သောကြောင့်ပင်။

သို့သော် သူမမှာ အလျင်အမြန်ပင် တုံ့ပြန်လိုက်၏။ ဝမ်ပေါင်လဲ့၏ ပြောစကားများကြောင့် သူမသည် အခြေအနေကို ရိပ်စားမိသွားပြီ ဖြစ်သည်။ သို့သော် သူမသည် မနာလိုဖြစ်နေရသလို ဇဝေဇဝါလည်း ဖြစ်နေရဆဲပင်။ ထို့ကြောင့် သူမသည် စိတ်ထဲ၌ ကျိတ်၍ ရေရွတ်မိလိုက်၏ ” နင်က ငါ့ဆီလာမေးတော့ ငါက ဘယ်သူ့ဆီ ပြန်သွားမေးရမှာလဲဟ… ”

သို့သော် သူမသည် ဆက်လက်ဟန်ဆောင်နေရန် လိုအပ်ပေသည်။ ထို့ကြောင့် သူမမှာ တစ်ခဏမျှ နှုတ်ဆိတ်သွားပြီးမှ ဝမ်ပေါင်လဲ့အား ဤ အမှောင်ဂိုဏ်းကြီးအကြောင်း ထပ်မပြောနိုင်လောက်အောင် ပါးစပ်ပိတ်သွားစေမည့် တာဝန်တစ်ခုပေးရန် ဆုံးဖြတ်လိုက်တော့သည်။ ထိုသို့သာမဟုတ်ဘဲ ယခုလိုသာ ဆက်ဖြစ်နေမည်ဆိုပါက သူမသည် တစ်ရက်ရက်တွင် အလိမ်ပေါ်သွားတော့မည်သာဖြစ်သည်။

ထို့ကြောင့် သူမမှာ မေးငေါ့လိုက်ပြီး တော်ရုံတန်ရုံလူ နားမလည်နိုင်လောက်အောင် အဓိပ္ပါယ်လေးနက်သည့် လေသံဖြင့် တည်ကြည်စွာ ဆိုလိုက်တော့သည်။

” ကောင်းပြီလေ။ နင် သိသွားပြီဆိုမှတော့ ငါလည်း ဖုံးကွယ်မနေတော့ပါဘူး။ ဒီနေရာမှာ တကယ်ပဲ အမှောင်အဆောင်ပစ္စည်းတစ်ခု ရှိနေတာ။ လွန်ခဲ့တဲ့ နှစ်တွေအများကြီးတုန်းက ငါ ချန်ထားခဲ့တာလေ။ ဘာမှတော့ ထူးခြားဆန်းပြားမနေပါဘူး။ ဒါပေမဲ့ နင်ကတော့ အဲ့အဆောင်ပစ္စည်းကို သုံးလို့ရမှာ မဟုတ်လောက်ဘူး။ ကံအကြောင်းဖန်လာရင်တော့ အဲဒီအဆောင်ကို နင် ယူရင်ယူလို့ရမှာပါ ”

” စောစောတုန်းက နင့်ကို တိုက်ခိုက်ဖို့ကြိုးစားခဲ့တဲ့ တစ်ယောက်အတွက်နဲ့တော့ ငါ အာရုံအစားမခံနိုင်ဘူး။ သူက အဆင့်နိမ့် အမှောင်အစေခံတစ်ယောက်သာသာလောက်ပဲ ရှိတာ ”

” နောက်တစ်ခါဆိုရင် ဘာမှ ပုံကြီးချဲ့မနေနဲ့။ သေချာမှတ်ထား။ ငါတို့လို အမှောင်ဂိုဏ်းက ကျင့်ကြံသူတွေက ကြယ်စင်စုတွေထဲမှာ လှည့်လည်သွားလာရတာ။ ကြယ်တွေ တစ်လုံးပြီးတစ်လုံး ပျက်ဆီးပြိုကွဲသွားနိုင်ပေမယ့် အာကာသကြီးက မပြောင်းလဲဘဲ ရှိနေဦးမှာပဲ။ နင်လည်း ဘာလုပ်လုပ် စိတ်ကို တည်တည်ငြိမ်ငြိမ်ထားနိုင်ဖို့ လိုတယ် ”

” ကဲကဲ။ ငါလည်း ပင်ပန်းနေပြီ။ နင် ပြန်လိုက်တော့ “

Comment

Leave a Reply

Options

not work with dark mode
Reset