Switch Mode

အခန်း (၄၁၃)

လျှပ်စီးကဲ့သို့ မြန်ဆန်သော စစ်ဆင်ရေး

သုံးရက်အကြာတွင် ဝမ်ပေါင်လဲ့မှာ အဆင့်သင့်ဖြစ်နေပြီဖြစ်သည်။ ဆောက်လုပ်ရေးလုပ်ငန်းသုံး ရုပ်သေးရုပ်များနှင့် ကုန်ကြမ်းပစ္စည်းများအလုံအလောက် ရှိနေသောကြောင့် သူသည် ၎င်းတို့အားအသုံးပြု၍ ချပ်ပြားဝိုင်းပုံစံရှိသော ဓမ္မအဆောင် တစ်သောင်းတိတိကို ဖန်တီးလိုက်၏။

ထို ဓမ္မအဆောင်များအားလုံးမှာ အသေးစား မဟာပေါင်လဲ့ မန္တန်အစီအရင်တစ်ခုနှင့် ဆင်တူပေသည်။ ၎င်းတို့၏ တစ်ခုတည်းသော တာဝန်မှာ အသက်ရှည်နည်းပညာရပ်အား ကျင့်ကြံထားသည့် လူများဆီမှ အမှောင်ချီများကို စုပ်ယူရန်ပင်ဖြစ်သည်။

ထို့အပြင် ထိုဓမ္မအဆောင်များမှာ ၎င်းတို့၏ အနီးနားတစ်ဝိုက်ရှိ အမှောင်ချီများ ပိုင်ဆိုင်ထားသော လူများကိုလည်း ရှာဖွေနိုင်စွမ်းရှိပေသည်။ ထိုပညာရပ်အား အချိန်ကြာမြင့်စွာ ကျင့်ကြံထားသည့်လူများမှာ သူတိူ့၏ ခန္ဓာကိုယ်များထဲမှ အမှောင်ချီများ စုပ်ယူခံလိုက်ရသည့်အချိန်တွင် အားအင်ကုန်ခမ်းကာ အသက်အန္တရာယ်နှင့် ကြုံတွေ့ရနိုင်ပေသည်။ သို့သော် အသက်ရှည်နည်းပညာရပ်အား အမြင့်ဆုံးအဆင့်ထိ ကျင့်ကြံထားသောလူများသာ ထိုသို့ သေဆုံးနိုင်ခြေရှိခြင်း ဖြစ်၏။ အခြားသူများမှာ ဒဏ်ရာကြီးကြီးမားမား ရကြမည် မဟုတ်ဘဲ ယာယီခန့် အားအင်နုံးချည့်သွားရုံလောက်သာ ခံစားလိုက်ရမည် ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထို ဓမ္မအဆောင် တစ်သောင်းတိတိကို အသုံးပြုကာ မြို့တော်တစ်ခုလုံးအား ပိုက်စိပ်တိုက်ရှာဖွေပြီး အမှောင်ချီများကို ဖယ်ရှားပစ်မည် ဖြစ်သည်။ သူသည် မဟာပေါင်လဲ့ မန္တန်အစီအရင်ကြီးအစား ဓမ္မအဆောင်များကို အသုံးပြုနေခြင်း ဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် သူသည် လတ်တလောတွင် ထိုမန္တန်အစီအရင်ကြီးအား အလွယ်တကူ အသုံးမပြုသင့်သေးကြောင်း ဆုံးဖြတ်ထားသောကြောင့်ဖြစ်သည်။ အကယ်၍ သူသည် ထိုမန္တန်အစီအရင်ကြီးအား အသုံးမပြုဘဲ ထားထားလိုက်မည်ဆိုပါက ၎င်း၏ အတွင်းပိုင်းထဲရှိ အမှောင်ချီများမှာ လွင့်ပါးပျောက်ကွယ်သွားမည်သာ ဖြစ်သည်။ သို့သော် ၎င်းကိုသာ အသုံးပြုလိုက်မည်ဆိုပါက အမှောင်ချီများ၏ တိုက်စားနှုန်းမှာ ပို၍ မြန်ဆန်သွားမည် ဖြစ်သည်။

ထိုပြဿနာ၏ အဓိကရင်းမြစ်ကို ရှင်းလင်းနိုင်ရန်အတွက် မြို့တော်ကြီးတစ်ခုလုံးထဲတွင် နေထိုင်နေကြသည့် လူများဆီမှ ထုတ်လွှတ်နေကြသော အမှောင်ချီအများစုကို ဖယ်ရှားပြီးသွားသောအခါမှသာ မန္တန်အစီအရင်ကြီးအား အသုံးပြုရမည်ဖြစ်သည်။ မန္တန်အစီအရင်ကြီးထဲသို့ အမှောင်ချီများ စီးဆင်းဝင်ရောက်နေသည့် ရင်းမြစ်ကြီးအား ဖယ်ရှားပြီးသောအခါမှသာ ဝမ်ပေါင်လဲ့မှာ ထိုပြဿနာကြီး တစ်ခုလုံးကို ယုံကြည်မှုအပြည့်နှင့် ဖြေရှင်းနိုင်မည် ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ လိုအပ်သည်များကို ပြင်ဆင်လိုက်ပြီးနောက် မြို့တော်သို့ ပြန်ရောက်လာပြီးနောက်ပိုင်း မြို့တော်သခင် တစ်ယောက်အနေနှင့် ပထမဆုံးအကြိမ်အဖြစ် အမိန့်တစ်ခု ထုတ်ပြန်လိုက်၏။ သူသည် လီဝမ်အာအပါအဝင် အခြားမြို့တော်ဝန်များနှင့် ဆွေးနွေးတိုင်ပင်နေခြင်း မရှိပေ။ ယခုကဲ့သို့ အန္တရာယ်နှင့် ကြုံနေရသည့်အချိန်တွင် သူ၏စိတ်ဆန္ဒအတိုင်း အမိန့်များ ချမှတ်ပိုင်ခွင့်ရှိပေသည်။

” အသက်ရှည်နည်းပညာရပ်က မိစ္ဆာပညာရပ်တစ်ခုပါ။ အဲဒီပညာရပ်ကို ကျင့်ကြံရင် ခန္ဓာကိုယ်ပေါ်မှာ ဆိုးရွားတဲ့ အကျိုးသက်ရောက်မှုတွေ ခံစားရနိုင်ပါတယ်။ ကိုယ့်ရဲ့ အသက်စွမ်းအားတွေကို စုပ်ယူလိုက်သလို ခံစားရမှာပါ။ အဲ့တာမလို့ အဲဒီပညာရပ်က အဆိပ်တစ်ခုလိုပါပဲ။ အဲဒီအဆိပ်ကို ပျောက်ကင်းအောင် မကုသနိုင်သရွေ့ ကိုယ့်ရဲ့ခန္ဓာကိုယ်ကို တစ်သက်လုံး လှိုက်စားနေတော့မှာ ”

” မြို့တော်နယ်မြေ တစ်ခုချင်းစီတိုင်းက အသက်ရှည်နည်းပညာရပ်ရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဖယ်ရှားပေးနိုင်မယ့် ဓမ္မအဆောင်တွေရဲ့ ပထမဆုံးအသုတ်ကို ဖြန့်ဝေပေးပါလိမ့်မယ်။ အဲဒီပညာရပ်ကို ကျင့်ကြံထားတဲ့လူတွေတိုင်း ဆေးကုသမှုကို လာရောက်ခံယူနိုင်မှာ ဖြစ်ပါတယ် ”

” သေချာ ထပ်ပြောပါ့မယ်။ အဲဒီပညာရပ်က မိစ္ဆာပညာရပ်တစ်ခုပါ။ ဆက်ပြီးတော့ လေ့ကျင့်နေတဲ့ လူတွေတိုင်းက ကိုယ့်ရဲ့ခန္ဓာကိုယ်ကို ထိခိုက်အောင်လုပ်နေတာဖြစ်သလို ဥပဒေကိုလည်း ချိုးဖောက်နေတယ်လို့လည်း သတ်မှတ်ခံရမှာပါ။ အဲဒီပညာရပ်ကို သင်ကြားပေးတဲ့လူတွေဆိုရင် ပိုပြီးတော့ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ခံစားရမှာ ဖြစ်ပါတယ် ”

ထိုအမိန့်အား ထုတ်ပြန်လိုက်ပြီးနောက် ထိုပညာရပ်အား ပထမဆုံး ဖြန့်ဝေခဲ့သည့် ကျင့်ကြံသူသုံးယောက်ကိုလည်း ဖမ်းဝရမ်း ထုတ်လိုက်၏။ ထို့ကြောင့် လီဝမ်အာနှင့် အခြားသူများမှာ အံ့သြတုန်လှုပ်သွားကြတော့သည်။ ဝမ်ပေါင်လဲ့မှာမူ သူတို့ဆီသို့ ဒုတိယမြောက် အမိန့်တစ်ခုကို တစ်ပြိုင်နက်တည်း ပေးပို့လိုက်၏။

” ခုန်းတောက်၊ လင်းတျန်ဟောက်၊ ကျင့်သိုမင်၊ ဝမ်ဟွေ့၊ ဖန်ကျင့်၊ ချန်းမု ”

” မင်းတို့ခြောက်ယောက်က ဒီ ဓမ္မအဆောင်တွေကို ချက်ချင်းလာယူရမယ်။ မင်းတို့တွေအကုန်လုံး ကိုယ်ရဲ့မြို့တော်နယ်မြေကို အပြည့်အဝ တာဝန်ယူထားရမှာဖြစ်တယ်။ အသက်ရှည်နည်းပညာရပ် ကျင့်ကြံထားတဲ့ လူတွေအားလုံးကို တွေ့အောင်ရှာပြီးတော့ သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ အဲဒီမိစ္ဆာပညာရပ်ရဲ့ အငွေ့အသက်တွေ အကုန်လုံးကို ဖယ်ရှားပြစ်ကြ။ မင်းတို့ကို အချိန်တစ်ရက်ပေးမယ်။ တစ်ရက်နော်။ ဒီ တာဝန်ကို တစ်ရက်အတွင်း ပြီးစီးအောင် ဆောင်ရွက်ပေးရမယ်။ ဒီပညာရပ်က မိစ္ဆာပညာရပ်တစ်ခုပဲ။ ပြီးတော့ မဟာအင်္ဂါဂြိုဟ် မန္တန်အစီအရင်ကြီးကိုလည်း ဖျက်ဆီးနေသေးတာ။ အဲ့တာမလို့ မင်းတို့တွေ နောက်ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို သိထားပြီးသားဖြစ်မှာပါ ”

” လီဝမ်အာ။ နင်ကတော့ စုံစမ်းစစ်ဆေးမှုအပိုင်းကို တာဝန်ယူရမယ်။ မနက်ဖြန်ကျရင် ဒီ အသက်ရှည်နည်းပညာရပ် မြို့တော်ထဲမှာရှိနေတာကို ငါ လုံးဝ မမြင်ချင်ဘူး။ မထင်မှတ်ထားတဲ့ အရာတစ်ခုခု ဖြစ်လာရင်တော့ ငါ့ကို အဆိုးမဆိုနဲ့ပေါ့။ ဒီကိစ္စက ငါမရှိတုန်း ဖြစ်ပျက်ခဲ့တဲ့ ကိစ္စကြီးတစ်ခုပဲ ”

လင်းတျန်ဟောက်နှင့် အခြားသူများမှာ ထို အသံလွှင့်အကြောင်းကြားစာများကို လက်ခံရရှိလိုက်သောအခါ အထိတ်တလန့် ဖြစ်သွားကြ၏။ ကျင့်သိုမင်ကမူ သူတို့လောက် အမူအရာပျက်သွားခြင်း မရှိပေ။ လီဝမ်အာမှာမူ သူငယ်အိမ်များ ကျဉ်းမြောင်းသွားရ၏။ သူမသည်‌ လေးဖင့်နေခြင်းမရှိဘဲ သူမ၏ နောက်လိုက်များကို ချက်ချင်းပင်စည်းရုံးကာ စုံစမ်းစစ်ဆေးမှုများကို စတင်လိုက်တော့သည်။

မြို့တော်နယ်မြေအသီးသီးမှာလည်း ဝမ်ပေါင်လဲ့ သန့်စင်ထားသည့် ဓမ္မအဆောင်များအားလုံးကို ချက်ချင်းပင် လာယူလိုက်ကြ၏။ ထိုသို့ဖြင့် အမှောင်ချီများကို အင်တိုက်အားတိုက် ရှင်းလင်းဖယ်ရှားနေကြတော့သည်။ ထိုစဉ်တွင် ဝမ်ပေါင်လဲ့မှာ သူ၏အိမ်ရာထဲ၌ တင်ပျဉ်ခွေထိုင်ကာ တရားထိုင်နေ၏။ သူသည် မျက်လုံးများ မှေးထားပြီး အတွေးများထဲ၌ နစ်မျောနေသည်။ ထို့နောက် သူသည် သူသည် တာအိုကျောင်းလေးကျောင်းမှ အမြုတေအဆင့် ကျင့်ကြံသူများဆီသို့ အကြောင်းကြားစာတစ်စောင် တရိုတသေ ပေးပို့လိုက်၏။ သူတို့၏တာဝန်မှာ အုတ်အော်သောင်းနင်း ဖြစ်နေသော မြို့တော်ကြီးထဲ၌ ဖမ်းဝရမ်းထုတ်ထားသည့် ကျင့်ကြံသူသုံးယောက်အား ရှာဖွေရန်ဖြစ်သည်။ တစ်ချိန်ထဲမှာပင်… သူတို့မှာ ဤဖြစ်ရပ်ကြီးတစ်ခုလုံးအား နောက်ကွယ်မှ ကြိုးကိုင်နေသည့် လူကိုလည်း ရှာဖွေရမည်ဖြစ်သည်။

ထိုသို့ဖြင့် မြို့တော်ကြီးတစ်ခုလုံးအား လျှပ်စီးကဲ့သို့သော အမြန်နှုန်းမျိုးဖြင့် ပိုက်စိပ်တိုက် ရှာဖွေလိုက်ကြ၏။ ဝမ်ပေါင်လဲ့၏ ဤကိစ္စကြီးအား ကိုင်တွယ်ဖြေရှင်းပုံမှာ ရက်စက်လွန်းလိုက်၏။ သူသည် အသက်ရှည်နည်းပညာရပ်အား မိစ္ဆာပညာရပ်တစ်ခုအဖြစ် ကြေညာခဲ့သည်မဟုတ်ပါလော။ ထို့ကြောင့် ထိုပညာရပ်အား ကျင့်ကြံထားသည့် လူအများစုမှာ ထိန်လန့်တုန်လှုပ်သွားကြမည်သာ ဖြစ်သည်။ ပြည်ထောင်စုကြီးထဲ၌ မိစ္ဆာပညာရပ်တစ်ခုအား ကျင့်ကြံခြင်းမှာ ကြီးလေးသော ရာဇဝတ်မှု တစ်ခုဖြစ်ကြောင်း သူတို့က သိထားကြ၏။

ထို့အပြင် ဝမ်ပေါင်လဲ့မှာ ထိုပညာရပ်အား ကျင့်ကြံပါက ခန္ဓာကိုယ်ပေါ်၌ ဆိုးရွားသော အကျိုးသက်ရောက်မှုများ ထွက်ပေါ်လာနိုင်သည်ဟု ကြေညာထားသည်လည်း ဖြစ်သည်။ ၎င်းမှာ အသက်စွမ်းအားများကို စုပ်ယူပြီး အဆိပ်တစ်ခုကဲ့သို့ ခန္ဓာကိုယ် အနှံ့အပြားဆီသို့ ပျံ့နှံ့သွားမည်လည်း ဖြစ်သည်။ ထို့အပြင် ၎င်းကို ရှင်းထုတ်နိုင်ရန်မှာလည်း မလွယ်ကူပေ။ ထိုအချက်များကြောင့် ထိုပညာရပ်အား ကျင့်ကြံထားသည့်လူများမှာ ကြောက်ရွံ့နေကြမည်သာဖြစ်သည်။ သူတို့မှာ ထိုပညာရပ်အား ဆက်လက်မကျင့်ကြံတော့ဘဲ ရပ်တန့်လိုက်ရုံသာမက စိုးရိမ်စိတ်များနှင့် ကြောက်စိတ်များကိုပါ ခံစားနေကြရတော့မည်ဖြစ်သည်။

သူတို့ ထိုကဲ့သို့ ကြောက်ရွံ့တုန်လှုပ်ကာ စိုးထိတ်နေရစဉ်တွင် ဝမ်ပေါင်လဲ့မှာ မျှော်လင့်ချက်ရောင်ခြည်လေးတစ်ခုကို ထုတ်ပြလိုက်၏။ ၎င်းမှာ မြို့တော်နယ်မြေ တစ်ခုချင်းစီ၌ ရရှိနိုင်မည့် ထိုရောဂါအား ပျောက်ကင်းအောင် ကုသပေးနိုင်သော ဓမ္မအဆောင်များပင် ဖြစ်သည်။ ယခုကဲ့သို့ အသည်းအသန် ဖြစ်နေကြသည့်အချိန်တွင် ထိုပညာအား အခြားသူများဆီမှတစ်ဆင့် သင်ယူခဲ့ကြသည့် ကျင့်ကြံသူများမှာ ထိုမျှော်လင့်ချက်အား ချက်ချင်းပင် အမိအရ ဆုပ်ကိုင်ကြမည်ဖြစ်သည်။ ထိုအခါ ထိုကျင့်ကြံသူများအား အလွယ်တကူ ရှာဖွေနိုင်သွားမည်မှာ အမှန်ပင်။

ယခုကဲ့သို့ စကားရိပ်များသန်းကာ ရှင်းလင်းပြတ်သားသော အမိန့်များ ချမှတ်ထားသည့်တိုင်အောင် ခေါင်းမာပြီး နားချ၍မရနိုင်သော ကျင့်ကြံသူများ ရှိနေနိုင်သေးသောကြောင့် ဝမ်ပေါင်လဲ့မှာ သူ၏ အမိန့်များထဲ၌ တင်းမာခက်ထန်သော သတိပေးချက်တစ်ခု ထုတ်ပြန်ခဲ့ရ၏။ ထိုပညာရပ်အား စတင်ဖြန့်ဝေခဲ့သည့် ကျင့်ကြံသူသုံးယောက်အား ဖမ်းဝရမ်း ထုတ်လိုက်ခြင်းမှာ ဥပမာတစ်ခုပင် ဖြစ်သည်။

ထိုသို့ဖြင့် လျှပ်စီးတမျှ မြန်ဆန်သော စစ်ဆင်ရေးကြီးမှာ မြို့တော်အသစ်တစ်ခုလုံးထဲ၌ အသက်ဝင်သွား၏။ မြို့တော်နယ်မြေ တစ်ခုချင်းစီတိုင်းတွင် ပိတ်ပင်တားမြစ်မှုများနှင့် ရှာဖွေရေးလုပ်ငန်းများကို စတင်နေကြပြီဖြစ်သည်။ ထို့အပြင် မိမိတို့၏ ဆန္ဒအလျောက် အစိုးရအဖွဲ့များဆီသို့ ရောက်ရှိလာကြသည့် ကျင့်ကြံသူများစွာလည်း ရှိကြပေသည်။

ထိုကဲ့သို့ ရှာဖွေမှုများ ပြုလုပ်နေကြစဉ် တာအိုကျောင်းလေးကျောင်းမှ အမြုတေအဆင့် ကျင့်ကြံသူများမှာလည်း ရှာဖွေတွေ့ရှိခဲ့သမျှ သဲလွန်စများအားလုံးကို သေသေချာချာ မှတ်သားထားကြ၏။ သူတို့မှာ ထိုသဲလွန်စများ၏ နောက်သို့ လိုက်ရင်း ဤကိစ္စကြီးတစ်ခုလုံးအား နောက်ကွယ်မှ ကြိုးကိုင်နေသည့်လူကို အပူတပြင်းရှာဖွေနေကြတော့သည်။

ထိုစစ်ဆင်ရေးကြီးတစ်ခုလုံးထဲ၌ ဝမ်ပေါင်လဲ့မှာ လူမြင်ကွင်းသို့ တစ်ခေါက်လေးပင် ပေါ်မလာခဲ့ပေ။ သူသည် သူ၏အိမ်ရာထဲ၌သာ တင်ပျဉ်ခွေထိုင်ရင်း မန္တန်အစီအရင်ကြီးထဲသို့ ဝင်ရောက်ကာ ပြဿနာ၏ မူလဇာစ်မြစ် ပျောက်ကွယ်သွားမည်အချိန်ကို စောင့်ဆိုင်းနေ၏။ ထိုအချိန်သို့ ရောက်မှသာ သူသည် မန္တန်အစီအရင်ကြီးထဲ၌ ပုန်းကွယ်နေသော အန္တရာယ်များကို ရင်ဆိုင်ဖြေရှင်းရမည် ဖြစ်သည်။

ထို့အပြင် သူသည် အခြားပြင်ဆင်မှုများကိုလည်း ပြုလုပ်ထားသည့်၏။ သူသည် ခုန်းတောက်နှင့် ကျင့်သိုမင်တို့အား ဆက်သွယ်၍ သူတို့၏ ကိုယ်ရံတော်များနှင့် နောက်လိုက်များကို အိမ်ရာပတ်ပတ်လည်တွင် အစောင့်ချခိုင်းထား၏။ ထိုသို့ အစောင့်ချထားရခြင်းမှာ ဤကိစ္စကြီးတစ်ခုလုံးအ နောက်ကွယ်မှ ကြိုးကိုင်နေသည့် ခေါင်းဆောင်ကြီးက သူ့အား လာရောက်တိုက်ခိုက်မည်ကို ကာကွယ်တားဆီးရန်ဖြစ်သည်။

ထိုသို့ဖြင့် အချိန်များ တရွေ့ရွေ့နှင့် ကုန်ဆုံးသွား၏။ ဝမ်ပေါင်လဲ့မှာ ထိုးအမိန့်များကို ပြတ်သားမှုအပြည့်ဖြင့် ထုတ်ပြန်ခဲ့သည်ဖြစ်ရာ လီဝမ်အာမှာလည်း ဤကိစ္စကြီးမှာ အလွန်အင်မတန်မှ အရေးကြီးကြောင်း နားလည်သွား၏။ ထို့ကြောင့် သူမသည် စုံစမ်းစစ်ဆေးရေး လုပ်ငန်းများထဲ၌ ပို၍အားစိုက်ကာ အပူတပြင်း လိုက်လံရှာဖွေနေတော့သည်။ နောက်ဆုံးတွင် သန်းခေါင်ယံအချိန်သို့ ရောက်သွားသောအခါ၌ မြို့တော်ကြီးတစ်ခုလုံးအား ရှာဖွေပြီးသွားပြီဖြစ်သည်။ အမှောင်ပညာရပ်အား ကျင့်ကြံခဲ့သည့် လူများထဲမှ အများစုမှာ သူတို့၏ ခန္ဓာကိုယ်များထဲမှ အမှောင်ချီများကို ဖယ်ရှားပြီးသွားကြပြီဖြစ်သည်။

လီဝမ်အာမှာ သူမ၏အဖွဲ့အား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေများထဲသို့ပင် ဦးဆောင်ခေါ်သွားခဲ့ပြီး သူမကိုယ်တိုင် ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့၏။‌ ရေသာခိုနေခဲ့သော ချန်းမုမှာလည်း သူ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေတစ်ခုလုံးထဲ၌ ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်ပြီးသွားပြီဖြစ်သည်။

ခုန်းတောက်နှင့် လင်းတျန်ဟောက်တို့မှာ ဤစစ်‌ဆင်ရေးထဲ၌ အလုပ်အကြိုးစားဆုံးပင်ဖြစ်သည်။ သူတို့နှစ်ယောက်မှာ သူတို့၏နယ်မြေများကို မြေလှန်ကာ ရှာဖွေခဲ့ကြ၏။ ကျင့်သိုမင်ပင်လျှင် သူတို့နှင့် မယှဉ်နိုင်ပေ။ အထူးသဖြင့် ခုန်းတောက်မှာဆိုလျှင် သန်းခေါင်ယံအချိန်၌ ဝမ်ပေါင်လဲ့ဆီသို့ အကြောင်းကြားစာတစ်စောင် ပေးပို့လိုက်ပြီး သူ၏နယ်မြေထဲတွင် အသက်ရှည်နည်းပညာရပ်အား ဆက်လက်ကျင့်ကြံနေသည့်လူ တစ်ယောက်တလေပင် မရှိတော့ကြောင်း ယုံကြည်မှုအပြည့်ဖြင့် အစီရင်ခံ တင်ပြလိုက်၏။ ယခင်တုန်းက ကျင့်ကြံဖူးခဲ့သည့် လူများမှာလည်း သူတို့၏ ခန္ဓာကိုယ်များထဲမှ အမှောင်ချီများကို ရှင်းထုတ်ပြီသွားကြပြီ ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ခုန်းတောက်၏ အစီရင်ခံစာကို နားထောင်လိုက်ပြီးနောက် လင်းတျန်ဟောက်နှင့် အခြားသူများ၏ အစီရင်ခံစားများမှာလည်း ချက်ချင်းပင် ရောက်ရှိလာကြ၏။ လီဝမ်အာဆီမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေသုံးခုကိုယ်စား ပေးပို့လိုက်သည့် အစီရင်ခံစာကို ရရှိပြီးသွားသောအခါမှသာ ဝမ်ပေါင်လဲ့မှာ စိတ်အေးသွားရပြီး သက်ပြင်းချမိလိုက်တော့သည်။ သို့သော် သူသည် ဤပြဿနာကြီးမှာ မပြီးသေးကြောင်း သိထားသောကြောင့် ဆက်လက်စောင့်ဆိုင်း‌လိုက်၏။

ထိုသို့ဖြင့် နှစ်နာရီတိတိ ကုန်ဆုံးသွားချိန်တွင် သူသည် တာအိုကျောင်းလေးကျောင်း၏ အမြုတေအဆင့် ကျင့်ကြံသူများဆီမှ အသံလွင့်အကြောင်းကြားစာတစ်စောင်ကို ရှိလိုက်တော့သည်။

” ငါတို့တွေ တရားခံသုံးယောက်စလုံးကို ဖမ်းမိထားပြီ။ ဒါပေမဲ့ နောက်ကွယ်က ကြိုးကိုင်နေတဲ့လူကိုတော့ ရှာမတွေ့ခဲ့ဘူး။ စစ်ဆေးမေးမြန်းမှုတွေလုပ်ပြီးမှ ဒီ တရားခံသုံးယောက်က … ရုပ်သေးရုပ်တွေ ဖြစ်နေမှန်း ငါတို့က သိခဲ့ရတာ ”

ဝမ်ပေါင်လဲ့မှာ ထိုစကားကိုကြားလိုက်ရသောအခါ မျက်မှောင်ကြုတ်သွား၏။ သူသည် ဟိတ်ဟန်အပြည့်ဖြင့် သူ့ပြိုင်ဘက်၏ အစီအစဉ်အားလုံးကို တစ်ရက်တည်းနှင့် ဖျက်ဆီးပစ်ခဲ့သည်မဟုတ်ပါလော။ သို့ဖြစ်ရာ နောက်ကွယ်ကကြိုးကိုင်နေသူမှာ တစ်နည်းနည်းဖြင့် ပြန်လည်တုံ့ပြန်သင့်ပေသည်။ သူ့အား လာရောက်တိုက်ခိုက်သည်ဖြစ်စေ၊ သို့မဟုတ် အခြားနည်းလမ်းတစ်ခုခု အသုံးပြုသည်ဖြစ်စေ၊ သူ၏ ခြေရာလက်ရာတစ်ခုခု ထွက်ပေါ်လာရမည်သာဖြစ်သည်။ အမြုတေအဆင့် ကျင့်ကြံသူပေါင်း မြောက်များစွာမှာ အဆက်မပြတ် ရှာဖွေကာ မျက်ခြည်မပြတ် စောင့်ကြည့်နေကြသည် ဖြစ်ရာ ထိုကဲ့သို့သော သဲလွန်စများကို ဖုံးကွယ်နိုင်မည် မဟုတ်ပေ။ သူတို့မှာ ထိုသဲလွန်စများအား ခြေရာခံလိုက်ပြီးလျှင် သူ့အား ဖမ်းမိသွားရမည်သာ ဖြစ်သည်။

သို့သော် ယခုလိုဖြစ်လာလိမ့်မည်ဟု မည်သူကမှ မသိနိုင်ခဲ့ပေ….

” အဲဒီ ကြိုးကိုင်ရှင်က ပြဿနာတွေ စတက်လာတာနဲ့ သူ့ရဲ့ အစီအစဉ်တွေ ပျက်စီးသွားမှာကို ဂရုမစိုက်ဘဲ ဇာတ်မြှုပ်သွားတာများလား…. ဒါမှမဟုတ် သူလိုချင်တာကို ရပြီးသွားတာများလား…. ” ဝမ်ပေါင်လဲ့မှာ မျက်မှောင်ကြုတ်သွားရ၏။ သူသည် တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပါသော်လည်း အဖြေရှာမရဘဲ ဖြစ်နေရသည်။ သို့သော် လက်ရှိအချိန်‌တွင် အတွေးများထဲ၌ နစ်မျောမနေသင့်ကြောင်း သူက နားလည်ထား၏။ ထို့ကြောင့် သူသည် အသက်ပြင်းပြင်းရှူလိုက်ပြီး မြို့တော်ကြီးတစ်ခုလုံးပေါ်ရှိ မန္တန်အစီအရင်ကြီးကို အသုံးပြုလိုက်တော့သည်။ ထိုအခါ ထို မန္တန်အစီအရင်ကြီးမှာ အသက်ဝင်လာပြီး ၎င်း၏ထဲတွင် ကိန်းအောင်းနေသည့် အန္တရာယ်များအားလုံးကို ရှင်းလင်းရန် ကြိုးစားလိုက်တော့သည်။

” ဒါ ကြိုးကိုင်ရှင်ရဲ့ နောက်ဆုံးအခွင့်အရေးပဲ။ သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်းရှိမလားဆိုတာ ကြည့်ကြတာပေါ့ ” မန္တန်အစီအရင်ကြီးထဲမှ အန္တရာယ်အားလုံးကို ရှင်ထုတ်ပြီးသွားသည်နှင့် တစ်ပြိုင်နက် ၎င်းမှာ ဘေးကင်းလုံခြုံမှု အပြည့်ရှိသည့် မူလအနေအထားသို့ ပြန်လည်ရောက်ရှိသွားမည်ဖြစ်ကြောင်း ဝမ်ပေါင်လဲ့က သိထား၏။ ၎င်းမှာ အနည်းငယ်ခန့် ပျက်စီးသွားခဲ့ရသည့်တိုင်အောင် ၎င်း၏ အခြေခံအုတ်မြစ်များမှာ အခိုင်အမာ တည်ရှိနေဆဲပင်။ သို့ဖြစ်ရာ ထိုကြိုးကိုင်ရှင်၏ ကြိုးစားအားထုတ်မှုအားလုံးမှာ အချည်းနှီး ဖြစ်သွားတော့မည်သာ ဖြစ်သည်။

ထို့ကြောင့်လည်း သူသည် ထိုကြိုးကိုင်ရှင်မှာ လက်ရှိအခိုက်အတန့်တွင် လှုပ်ရှားလိမ့်မည်ဖြစ်ကြောင်း ကောက်ချက်ချထားခြင်းဖြစ်သည်။ သူသည် ထိုအခြေအနေမျိုးအတွက် ပြင်ဆင်ထားပြီးသား ဖြစ်၏။ သို့သော် ဝမ်ပေါင်လဲ့၏ ခန့်မှန်းချက်မှာ အနည်းငယ်ခန့် လွဲချော်သွား၏။ ထို အနက်ရောင်ဝတ်ရုံနှင့် လူကြီးမှာ ဝမ်ပေါင်လဲ့တစ်ယောက် မန္တန်အစီအရင်ကြီးအား သန့်စင်ရန် ကြိုးပမ်းနေသည်ကို ဝင်ရောက်နှောင့်ယှက်ခြင်း မရှိပေ။ ထိုအခိုက်အတန့်တွင် သူသည် ဝမ်ပေါင်လဲ့၏ အိမ်ရာအထက်ရှိ လေထဲ၌ တိတ်တိတ်ကလေး ပေါ်လာ၏။

ထို အနက်ရောင်ဝတ်ရုံနှင့် လူကြီးမှာ လေထဲတွင် ထင်းခနဲ ပေါ်လာပြီး မတ်တတ်ရပ်နေပါသော်လည်း မည်သူကမှ သူ့အား မမြင်ရသည့်ပုံပင်။ သူသည် ဤကမ္ဘာကြီးထဲ၌ ရှိမနေသည့်ပုံစံ ပေါက်နေ၏။

အနက်ရောင်ဝတ်ရုံအောက်ရှိ သူ၏မျက်ဝန်းများထဲ၌ လျှို့ဝှက်ဆန်းကြယ်သော အလင်းရောင်တစ်ခု တောက်ပနေ၏။ ထိုမျက်ဝန်းများမှာ နံရံများကိုပင် ဖောက်ထွင်းကာ ဝမ်ပေါင်လဲ့၏ အိမ်ရာထဲရှိ လျှို့ဝှက်အခန်းထဲအထိ ထိုးဖောက်မြင်နိုင်စွမ်းရှိပြီး တရားထိုင်နေသော ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေ၏။

” သူက တကယ်ပဲ အမှောင်ကလေးငယ် တစ်ယောက်လား ” ထိုအနက်ရောင်ဝတ်ရုံနှင့် လူကြီးမှာ တွေဝေတုံ့ဆိုင်းနေသည့် အမူအရာဖြင့် တိုးတိုးလေးရေရွတ်လိုက်၏။ တစ်ခဏမျှ ကြာပြီးသွားသောအခါ သူသည် ဆုံးဖြတ်ချက်ချပြီးသွားသည့်ပုံပင်။ ထို့နောက် သူ၏ညာလက်လက်အား ရုတ်တရက်မြှောက်လိုက်ပြီး ဝမ်ပေါင်လဲ့အား လက်ညှိုးထိုးကာ ဆိုလိုက်၏။

” အဖြေသိအောင် လုပ်ရုံပဲပေါ့ကွာ “

Comment

Leave a Reply

Options

not work with dark mode
Reset