အခန်း (၁၆၅)

ဆောင်းရာသီတွင်ခြိမ်းသည့်မိုးခြိမ်းသံ

အဘိုးအိုက မီးသွေးဖိုလေး တစ်လုံးလည်း ယူလာပေးလေသည်။ မီးဖိုလေးမှာ မီးအပူရှိန်အား ကောင်းသော်လည်း မီးသွေးကို အပူချိန် ညှိရန်မှာတော့ ခက်ခဲလေသည်။

မီးသွေးများမှာ နက်မှောင်နေလေသည်။ မီးသွေးဖုတ်သည့် မီးဖိုကို ပိတ်ပြီးမှ မီးကိုငြှိမ်းသတ်ကာ သေသေချာချာ ပြုလုပ်ထားသည့် မီးသွေးများ ဖြစ်သည့်အတွက် အရည်အသွေး ကောင်းမွန်လေသည်။ မိန်းကလေးက အရက်အိုး တစ်အိုးကို မီးဖိုပေါ်သို့ တင်လိုက်သည်။ မီးဖိုမှ အပူရှိန်ကြောင့် အရက်များ နွေးလာရလေသည်။

အရက်များ နွေးသွားပြီး အငွေ့များ ထောင်းထောင်းထလာသည့် အချိန်တွင်တော့ မိန်းကလေးက မီးညှပ်လေးဖြင့် အရက်အိုးအဖုံးကို ဖွင့်လိုက်လေသည်။ ထို့နောက် အရက်များက ဆန်းလျန်၏ အရက်ခွက်လေးထဲသို့ စီးဆင်းဝင်ရောက်သွားသည်။ အရက်စီးကြောင်းမှ အငွေ့များက မိန်းကလေး၏ မျက်နှာကို ဖုံးကွယ်သွားလေသည်။

အခိုးအငွေ့များ ကြားတွင် မပီဝိုးတဝါး မြင်နေရသည့် သူမ၏ အလှတရားသည် ကမ္ဘာကြီး တစ်ခုလုံး ရပ်တန့်သွားနိုင်လောက်အောင် လှရက်နိုင်လွန်း လေသည်။

သာမန်မျှသာ ဖြစ်သည့် အရက်မှာ သူမလက်နှင့် ထိလိုက်သည့်အခါ အနံ့အရသာ ပြောင်းလဲ သွားလေသည်။ ချိုမြသည့် ရနံ့လေးတစ်ခု ထွက်ပေါ်လာလေသည်။

ဆန်းလျန်က အရက်ခွက်ကို တစ်ကျိုက်တည်းဖြင့် မော့သောက်လိုက်သည်။ ထောင်နှင့်ချီသည့် ထူးကဲသည့် အရသာ ပေါင်းစုံသည် သူ့လျှာဖျားမှ တစ်ဆင့် လည်ချောင်းထဲသို့ စီးဆင်းသွားလေသည်။ သူ့လျှာပေါ်တွင် အသက်ဓာတ် စွမ်းအားများ ပါဝင်သည့် အနံ့အရသာ တစ်ခုက စွဲထင်ကျန်ရစ် နေလေသည်။ သို့သော် ထိုအရသာက သူ့ကို လန်းဆန်းသွားစေပြီး အိပ်ပျော်ရာမှ နိုးထလာသကဲ့သို့ နိုးထလှုပ်ရှား လာစေသည်။ လောကရှိ မည်သည့်အရာကိုမှ ဂရုမစိုက်တော့လောက်အောင် သူ့စိတ်များ တက်ကြွလာရသည်။

အရက်ကို သောက်ပြီးသည်နှင့် ဆန်းလျန်မျက်ဝန်းများ တောက်ပလာသည်။ သူ့ရှေ့ရှိ မိန်းကလေးကို ပိုပြီး ပီပြင်ကြည်လင်စွာ မြင်လာရသည်။

အမှန်တော့ ထိုမိန်းကလေးမှာ ကျောက်ရှောင်ယွီ ဖြစ်လေသည်။ သို့သော် သူမပုံစံမှာ ယခင်ကနှင့်မတူ တစ်မျိုးထူးခြား နေသည်ဟု ဆန်းလျန် ခံစားနေရသည်။ သူမဆီမှ လူသားဆန်သည့် အငွေ့အသက်များ ရရှိနေလေသည်။ သို့သော် သဘာဝတော့ မကျပေ။ တမင်တကာ လုပ်ယူထား သကဲ့သို့ ဖြစ်နေလေသည်။ သူမ ဘာလို့များ ပြောင်းလဲသွားသလဲဟု မေးကြည့်ပြန်လျှင်လည်း ရိုင်းရာ ကျဦးမည်။ သို့သော် လောလောဆယ်တွင် ဆန်းလျန်ကလည်း သူမအကြောင်း သိချင်စိတ် မရှိသေးပါ။

“မင်းကို ဒီညတွေ့ခွင့် ရလိမ့်မယ်လို့ ထင်မထားမိဘူး။ မင်း တမင် ရည်ရွယ်ချက်ရှိရှိနဲ့ ရောက်လာတာလား။ တိုက်ဆိုင်မှုလား”

ဆန်းလျန်က သူ့အကျင့်အတိုင်း တည့်တည့်ပင် မေးလိုက်လေသည်။

ကျောက်ရှောင်ယွီက ဆန်းလျန်ကို ခပ်တည်တည်ပင် ပြန်ကြည့်လိုက်သည်။ သူမမျက်နှာက ခံစားချက် ကင်းမဲ့နေသည်။

“အဲဒါ အရေးကြီးလို့လား”

သူမက ပြန်မေးလိုက်သည်။

“တမင်ရည်ရွယ်ချက် ရှိရှိနဲ့ ရောက်လာတာ ဆိုရင်တော့ ပြန်လိုက်တော့။ ဘာလို့လဲဆိုတော့ လောလောဆယ် ကျုပ် ဘာအကြောင်းမှ မကြားချင်သေးဘူး”

ဆန်းလျန်က ပြန်ပြောလိုက်လေသည်။

ဆန်းလျန် စကားကြောင့် ကျောက်ရှောင်ယွီ မျက်နှာ ပျက်သွားလေသည်။

သူမ၏ အလုပ်မှန်သမျှသည် ဆန်းလျန်ကြောင့် ပျက်စီးသွားခဲ့ခြင်း ဖြစ်လေသည်။ သို့သော် သူမ နောင်တရခဲ့ခြင်း မရှိပါ။ ဆန်းလျန်မှာ တန်ခိုးစွမ်းအား ကြီးမားသူတစ်ယောက် ဖြစ်သည့်တိုင် ဟိုင်သန်းအဆင့်သို့ တက်ရောက်နိုင်ခြင်း မရှိသေးကြောင်း သူမ တွေးနေမိသည်။

အဘယ်ကြောင့် ကျင့်စဉ်လမ်းတွင် အဆင့် မတက်နိုင်ရပါနည်း။ အဘယ်ကြောင့်ဆိုသော် ဆန်းလျန်မှာ အကြင်နာတရား ကင်းမဲ့သူတစ်ယောက် မဟုတ်သောကြောင့် ဖြစ်လေသည်။

ဆန်းလျန်က သူ့ကိုယ်သူလည်း တန်ဖိုးထားသလို အခြားသူများကိုလည်း ဂရုစိုက်တတ်သူ တစ်ယောက် ဖြစ်သည်။

သို့သော် ကျင့်စဉ်လမ်း အောင်မြင်ရန်အတွက် လူတစ်ယောက်သည် အကြင်နာတရား ကင်းမဲ့ရမည် ဖြစ်သည်။ အရာရာကို တွယ်တာနေ၍ မဖြစ်ပေ။ မဟုတ်ပါက အောင်မြင်ရန် အခွင့်အရေးကို ဆုံးရှုံးရမည် ဖြစ်လေသည်။ အခွင့်အရေး ဆိုသည်က နှစ်ခါ မရနိုင်ပေ။

ဆန်းလျန်လည်း ထိုအကြောင်းကို မသိမဟုတ် သိရှိနေမည်ဟု သူမ ယုံကြည်လေသည်။

ကျောက်ရှောင်ယွီ သက်ပြင်းတစ်ချက် မသိမသာ ချလိုက်မိသည်။ သူမ၏ သက်ပြင်းချသံ လေးသည်ပင်လျှင် သာယာငြိမ့်ညောင်း လွန်းလှသည်။

“ဆန်းကျွင်းအရှင် ကျွန်မတော့ ရှင့်ကို နားမလည်နိုင်ဘူး။ အဲဒီ အသုံးမကျတဲ့ ဆင်းရဲသားတွေကို ရှင်ဘာလို့ ကူညီနေရတာလဲ။ ရှင်က နတ်ဘုရား ကျင့်စဉ်လမ်းကို လျှောက်လှမ်းမယ်ဆိုရင် ဒီအလုပ်တွေကို လုပ်နေစရာအကြောင်း မရှိဘူး။ ဒါတွေလုပ်နေလို့ ဘာအကျိုးအမြတ် ရမှာတဲ့လဲ”

ကျောက်ရှောင်ယွီက ပြောလိုက်သည်။

(ဆန်းကျွင်းအရှင် ဆိုသည်မှာ ဆန်းလျန်မှာ ကျင့်စဉ်လမ်းတွင် အတိုင်းအတာ တစ်ခုထိ အောင်မြင်ပြီးတဲ့သူ ဖြစ်လို့ ကျောက်ရှောင်ယွီက ဆန်းလျန်ကို လေးစားသမှုနဲ့ ခေါ်တာပါ – ဘာသာပြန်သူ)

ဆန်းလျန်က အရက်ခွက်ကို သောက်ပြီး ပြန်ချလိုက်သည်နှင့် ကျောက်ရှောင်ယွီက နောက်တစ်ခွက် ထပ်ဖြည့်ပေးလိုက်သည်။ ဆန်းလျန်က ထပ်မော့ သောက်လိုက်ပြန်သည်။ ယခု တစ်ကြိမ်တွင်တော့ ကျောက်ရှောင်ယွီကလည်း တစ်ခွက် သောက်လိုက်သည်။ သူမ၏ အရက်သောက်ဟန် လေးမှာလည်း လောကတစ်ခွင်ရှိ ယောကျ်ားလေးတိုင်း ငေးမောသွားစေ နိုင်လေသည်။

ကျောက်ရှောင်ယွီ၏ အမေးကို ဆန်းလျန် ပြန်လည် ဖြေကြားလိုခြင်း မရှိပါ။ အကျိုးအမြတ် ဆိုသည့် ကိစ္စများကိုလည်း သူစဉ်းစားလိုစိတ် မရှိ။ သူ့ရှေ့တွင် ထိုင်နေသည့် မိန်းကလေးမှာ ကျောက်ရှောင်ယွီ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သူ ဂရုမစိုက်ပါ။  ကျောက်ရှောင်ယွီ မည်သည့်ကိစ္စဖြင့် သူ့ထံ ရောက်လာသည် ဆိုသည်ကိုလည်း သူ့စိတ်ထဲတွင် သိချင်စိတ် မဖြစ်မိပါ။ ရယ်စရာကောင်းသည့် အချက်မှာ ကျောက်ရှောင်ယွီက သူ့ကို ဂရုစိုက်သည့် စကားများ လာပြောနေခြင်း ဖြစ်လေသည်။

“မင်းက အမြဲတမ်း လူတိုင်းကို မင်းရဲ့ ကျင့်စဉ်လမ်း အောင်မြင်ဖို့အတွက် အသုံးချခဲ့တဲ့ သူပဲ။ မင်း ကျုပ်ကို ဘယ်လိုလုပ် နားလည်နိုင်မှာလဲ။ တကယ်တော့ မင်းက မင်းကိုယ်မင်းတောင် နားလည်တဲ့သူ မဟုတ်ဘူး။ မင်း ကျင့်စဉ်လမ်းကို လျှောက်လှမ်းတဲ့အခါ အမြင်ကျယ်ကျယ်နဲ့ လျှောက်လှမ်းခဲ့တာရော ဟုတ်ရဲ့လား။ ဒါမှမဟုတ် မင်းက အခြားသူတွေထက် သာလွန်ချင်တဲ့ဆန္ဒ တစ်ခုတည်းနဲ့ ကျင့်စဉ်လမ်းကို လျှောက်လှမ်းခဲ့တာလား”

ဆန်းလျန် တည်ငြိမ်စွာဖြင့်ပင် ပြောလိုက်လေသည်။

“ဆန်းကျွင်းအရှင်သာ ကျွန်မရဲ့ချစ်သူ လုပ်မယ်ဆိုရင် ကျွန်မက ဘယ်လောက် တန်ခိုးစွမ်းအား ကြီးမားနေပါစေ ဆန်းကျွင်းအရှင်က ကျွန်မရဲ့ အထက်မှာ အမြဲ ရှိနေမှာပါ”

ကျောက်ရှောင်ယွီက တစ်ချက်ပြုံးလိုက်ရင်း ပြောလိုက်သည်။

ထိုစကားမှာ လွန်စွာမှ စိတ်ကူးယဉ်စရာ ကောင်းသည့် စကားဖြစ်ပြီး ဆွဲဆောင်မှုလည်း အပြည့် ရှိလေသည်။ မည်သည့် ယောကျ်ားလေးမှ ငြင်းပယ်မည့်စကား မဟုတ်ပေ။ အားလုံးက သူမဘက်က စတင် ဖွင့်ဟလာသည့် စကားကို ဝမ်းမြောက်ဝမ်းသာဖြင့် လက်ခံကြမည် ဖြစ်လေသည်။

ဆန်းလျန်မှာလည်း ယောကျ်ားလေးတစ်ယောက် ဖြစ်ပါသည်။ သို့သော် သူ၏ နှလုံးသားက တည်ငြိမ်လေသည်။

သူက အချစ်နှင့် ပတ်သက်လို့ အတွေ့အကြုံလည်း မရှိပါ။ ထို့ကြောင့် သူက ယခုအချိန်ထိ တစ်ယောက်တည်း နေခဲ့ခြင်း ဖြစ်လေသည်။ သို့သော် ထိုအချစ်ဆိုသည့် အရာကိုလည်း သူသိပ်ပြီး ခံစားလိုခြင်း မရှိပါ။

သို့သော် ကျောက်ရှောင်ယွီသည် သူတကယ် ချစ်မြတ်နိုးရသည့် မိန်းကလေးတစ်ယောက် ဆိုပါက သူမကို ဆန်းလျန် လက်မခံနိုင်စရာ အကြောင်း မရှိပေ။

“ရှောင်ယွီ မင်းလို မိန်းကလေးမျိုးကို ကျုပ် မချစ်ရဲသလို ချစ်လည်း မချစ်ပါဘူးဗျာ။ မင်းက မတော်လို့၊ မကောင်းလို့ ပြောတာ မဟုတ်ဘူးနော်။ ဒါပေမဲ့ မင်းမှာရော အချစ်နဲ့ ပတ်သက်တဲ့ ခံစားချက် ရှိလို့လား။ ပြီးတော့ မင်း လူတစ်ယောက်ကို တကယ်ပဲ ချစ်မိပြီဆိုရင် မင်းဘာလုပ်မလဲ”

ဆန်းလျန်က ကျောက်ရှောင်ယွီကို စိုက်ကြည့်ရင်း ပြောလိုက်သည်။

အမှန်တော့ ကျောက်ရှောင်ယွီ ဆန်းလျန်ကို စိတ်ဝင်စားသည် ဆိုသည်မှာ ကျင့်စဉ်လမ်းတွင် လက်တွဲသွားရန်အတွက် လက်တွဲဖော်တစ်ယောက် လိုချင်၍သာ ဖြစ်လေသည်။ ထိုသူနှင့် လက်တွဲပြီး ထိုသူဆီမှာ အကျိုးအမြတ်ကို ရယူလိုခြင်းသာ ဖြစ်သည်။ သူမရင်ထဲတွင် တကယ်ချစ်၍ မဟုတ်ဘဲ အသုံးချ လိုသောကြောင့်သာ ဆန်းလျန်နှင့် လက်တွဲရန် ဆုံးဖြတ်မိခြင်း ဖြစ်လေသည်။

ကျောက်ရှောင်ယွီ၏ မျက်နှာမှာ ပြုံးနေရာမှ ချက်ချင်း တည်သွားလေသည်။

“ကျွန်မသူ့ကို သတ်မှာပေါ့”

ထိုစကားမှာ သူမ၏ တုံ့ပြန်မှုပင် ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် သူမ၏စိတ်ကို အခြားသူတစ်ယောက် လွှမ်းမိုးနေပြီး သူမ၏ ရည်မှန်းချက် ပျက်ပြားမည်ကို မလိုလားသည့် အတွက်ကြောင့်သာ ဖြစ်လေသည်။

“ဒါက မင်းရဲ့ စိတ်ရင်းအမှန်ပဲ မဟုတ်လား။ ကျုပ်လက်ခံပါတယ်။ အရှိကို အရှိအတိုင်း လက်ခံနိုင်တာ အကောင်းဆုံးပါပဲ။ ကိုယ့်ရဲ့ ပင်ကိုယ်သဘာဝနဲ့ ဆန့်ကျင်ပြီး ဘာမှ မလုပ်သင့်ဘူးလေ။ ကျုပ် တောင်ပေါ်က ပန်းလေးတွေကို ကြည့်ချင်ရင် တောင်ပေါ်ကို သွားတာပါပဲ။ အဲဒီမှာ ပွင့်နေတဲ့ ပန်းလေးတွေကို တွေ့ရတာပဲ။ ဒါပေမဲ့ ကျုပ်တစ်ခါမှ ခူးမယူခဲ့ဘူး။ ပန်းလေးတွေရဲ့ အလှကို ငြီးငွေ့သွားတဲ့အထိ ထိုင်ကြည့်နေလိုက်တယ်။ ပြီးရင်တော့ ထားခဲ့မှာပါပဲ”

ဆန်းလျန်က ပြောလိုက်လေသည်။

ဤသည်မှာ ဆန်းလျန်၏အတွေး ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် သူက ဆန်းလျန် ဖြစ်နေသောကြောင့်ပင်။

ကျောက်ရှောင်ယွီက ပဲစေ့လေးများကို တူဖြင့်ညှပ်ကာ ပါးစပ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် ပဲစေ့လေးများကို ဝါးနေရင်း ဆန်းလျန်၏ စကားများကို စဉ်းစားနေလေသည်။ ဆန်းလျန်ကလည်း ဟင်းသီးဟင်းရွက်များကို စားရန် တူဖြင့် ညှပ်လိုက်သည်။

“ဒါက သက်သက် အချိန်ဖြုန်းတာလို့ ရှင်မထင်ဘူးလား။ ဘာမှလည်း မဟုတ်ဘဲနဲ့ တောင်ပေါ်ကို သွားမယ်။ ပန်းတွေကို ကြည့်မယ်။ ပြီးတော့ တောင်ပေါ်က ပန်းတွေနဲ့ တောင်အောက်က ပန်းတွေ ဆိုတာလဲ အတူတူပဲလေ။ ဒီတော့ ဒီလိုလုပ်ရတာ အဓိပ္ပာယ်ရော ရှိလို့လား”

အတန်ကြာမှ ကျောက်ရှောင်ယွီက မေးလိုက်သည်။

သူမ မျက်လုံးများက အေးစက်ခက်ထန်နေပြီး ဓားတစ်လက်အလား ထက်မြက်နေလေသည်။ ထိုဓားဖြင့် သူမကိုယ်တိုင် အပါအဝင် အရာအားလုံးကို ခုတ်ဖြတ်ပစ်တော့မည့် ပုံစံမျိုး ဖြစ်လေသည်။

သူမဘဝတွင် ကျင့်စဉ်လမ်း အောင်မြင်ရန်မှ လွဲပြီး မည်သည့် ရည်ရွယ်ချက်မှ မရှိပေ။ ထိပ်ဆုံး အဆင့်သို့ ရောက်အောင် ကျင့်ကြံနိုင်ခြင်း သည်သာလျှင် သူမဘဝတွင် အလိုအပ်ဆုံး ဖြစ်လေသည်။ ထို့ကြောင့် သူမဘဝကို မည်သည့် အရာကမှ လာရောက်ဖုံးလွှမ်း မခံနိုင်သလို မည်သည့် တစ်ဦးတစ်ယောက် အတွက်မှလည်း စိတ်လှုပ်ရှားခြင်း မဖြစ်လိုပေ။

သူမဘဝတွင် ကျရှုံးခဲ့သည့် အကြိမ်ပေါင်း များစွာလည်း ရှိပါသည်။ သို့သော် သူမက အားလုံးကို ကန်ထုတ်ခဲ့ပြီး ကိုယ့်လမ်းကိုယ်လျှောက်ခဲ့သူ ဖြစ်သည်။

ဆန်းလျန်က ပြုံးလိုက်သည်။

“ဒါကတော့ ကိုယ့်အမြင်နဲ့ ကိုယ်ပဲဆိုတော့ မင်းနဲ့ပြိုင်ပြီး မငြင်းချင်ပါဘူး။ မင်းကိုလည်း ကျုပ်က လေးစားပါတယ်။ ကဲ … အရက်ပဲ သောက်ကြရအောင်။ မင်း ကျုပ်နဲ့အတူ အရက်သောက်ချင်စိတ် ရှိသေးတယ် ဆိုရင်ပေါ့လေ”

သူတို့နှစ်ယောက်မှာ အဆင့်မြင့် ကျင့်ကြံသူများ ဖြစ်ကြသည့်အတွက် အရက်ခွက်တစ်ထောင် သောက်လျှင်လည်း မူးကြမည့်သူများ မဟုတ်ပေ။ သူတို့နှစ်ယောက် အရက် တစ်ခွက်ပြီးတစ်ခွက် ဖြည်းဖြည်းချင်း သောက်နေကြလေသည်။

မီးသွေးမီးဖို လေးများဖြင့် အရက်ကို နွေးနွေးလေး ဖြစ်အောင် နွှေးကာ အရသာခံရင်း ဖြည်းဖြည်း သောက်နေကြခြင်း ဖြစ်သည်။

မိုးပြိုမည် ဆိုလျှင်တောင်မှ နောက်ဆုံး အရက်တစ်ခွက်ကိုတော့ ကုန်အောင်သောက်မှာ ဖြစ်လေသည်။

ဆန်းလျန်က သူ၏ နောက်ဆုံး အရက်တစ်ခွက်ကို လက်စသတ်လိုက်ရင်း စကားစပြော လိုက်သည်။

“မင်းဒီကို ဘာလာလုပ်တာလဲ ပြောလို့ရပြီ”

အရှေ့ဆီမှ နေထွက်လာပြီ ဖြစ်လေသည်။

ဆန်းလျန်မှာလည်း ဆန်းလျန်ပင်ဖြစ်ပြီး ကျောက်ရှောင်ယွီမှာလည်း ကျောက်ရှောင်ယွီပင် ဖြစ်လေသည်။ မည်သည့်အရာမှ ပြောင်းလဲသွားခြင်း မရှိသလို သူတို့နှစ်ယောက်၏ အမြင်များကလည်း မည်သည့်အခါမှ တူညီလာနိုင်မည် မဟုတ်ပါ။

“ကျွန်မက ရှင့်ရဲ့ တန်ခိုးစွမ်းအားရှိတဲ့ ဓားကို ခဏ ငှားချင်လို့ပါ။ မငှားဘူးဆိုရင်လည်း ညီမျှတဲ့တန်ဖိုးပေးပြီး ဝယ်မှာပါ”

ကျောက်ရှောင်ယွီက ပြောလိုက်လေသည်။

ဤသည်မှာ ကျောက်ရှောင်ယွီပင် ဖြစ်လေသည်။ သူမက ရည်ရွယ်ချက် မရှိဘဲ မည်သည့် အလုပ်ကိုမျှ မလုပ်တတ်ပေ။ ဆန်းလျန်၏ ဓားကို သူမက လျှို့ဝှက်ကျင့်စဉ်တစ်ခု ကျင့်ကြံရန်အတွက် လိုအပ်နေခြင်း ဖြစ်လေသည်။ သို့သော် ဆန်းလျန်၏ ဓားမှာ လွန်စွာမှ တန်ဖိုးရှိသည့် ဓားတစ်လက် ဖြစ်လေသည်။ လူအများစုသည် မိမိကိုယ်ပိုင် ဝိညာဉ်စွမ်းအားရှိသည့် လက်နက်များ၊ ပစ္စည်းများကို ကျင့်စဉ်လမ်း တိုးတက်နိုင်ရန်အတွက် အသုံးပြုကြလေ့ ရှိသည်။ ထိုပစ္စည်းများကို မည်သူ့ကိုမှ ပေးလေ့ မရှိကြပေ။ ပေးသည့်သူ ရှိလျှင်လည်း လူနည်းစုသာ ဖြစ်လေသည်။

“မင်း ကျုပ်နဲ့တစ်ညလုံး အရက်သောက် ပေးနေလို့ မင်းလာရတဲ့ ရည်ရွယ်ချက်ကို ပြောခိုင်း လိုက်တာ။ ဒါပေမဲ့ ကျုပ်အခု ဘာလုပ်ချင်နေလဲ မင်းသိလား”

ဆန်းလျန်က ပြန်မေးလိုက်လေသည်။

ကျောက်ရှောင်ယွီ ဆန်းလျန်ထံမှ ထွက်ပေါ်လာသည့် ပြင်းထန်သည့် ဝိညာဉ်စွမ်းအားများကို စတင်ခံစား လိုက်ရလေသည်။ စွမ်းအားများ အားလုံးမှာ သူမဆီသို့သာ ရောက်ရှိလာခြင်း ဖြစ်ပြီး အခြားမည်သည့် နေရာသို့မှ ပျံ့လွင့်သွားခြင်း မရှိပေ။  သူမကလည်း ကြောက်ရွံ့ ထိတ်လန့်သွားခြင်း မရှိပါ။ သို့သော် ဆန်းလျန် တစ်ခုခု လုပ်လိုက်ပြီ ဆိုသည်ကို သူမ သိလိုက်လေသည်။ “ရေကဲ့သို့ စီးဆင်းခြင်း” ဆိုသည့် တာအိုကျမ်းစာ တစ်ခုထဲတွင် ရေးသားဖော်ပြ ထားသကဲ့သို့ ဖြစ်လေသည်။ ဆန်းလျန်မှာ ပုံမှန်အားဖြင့် ဒေါသထွက်ခဲ့လေသည်။ သို့သော် သူ ဒေါသထွက်ပြီ ဆိုလျှင်လည်း မုန်တိုင်း တစ်ခုအလား ဖြစ်လေသည်။ ဤသည်မှာ ဆန်းလျန်ပင် ဖြစ်လေသည်။

ရေကဲ့သို့ စီးဆင်းနေသည့် စွမ်းအားမှာ ကျင့်စဉ်လမ်းပင် ဖြစ်လေသည်။ ဆန်းလျန်မှာ ကိုယ်ပိုင် ကျင့်စဉ်လမ်း မရှိပါ။ သူကျင့်ကြံနေသည့် လမ်းစဉ်သည်သာလျှင် သူ၏ ကျင့်စဉ်လမ်းဖြစ်ပြီး ထိုကျင့်စဉ် လမ်းက ရေကဲ့သို့ စီးဆင်းနေလေသည်။ ထိုကျင့်စဉ်လမ်းသည် ခက်လည်း ခက်ထန်သလို သိမ်လည်း သိမ်မွေ့လေသည်။

ထို့ကြောင့် ဆန်းလျန်မှာ သိမ်မွေ့သည့် သဘောထားရှိသလို တင်းမာသည့် သဘောထားလည်း ရှိလေသည်။ ထို့ကြောင့်ပင် သူက များစွာသော ပြဿနာများကို ရင်ဆိုင်ဖြေရှင်းနိုင်သည့် အစွမ်းကို ပိုင်ဆိုင်ထားသည်။

ရေကို ဓားနှင့် ဖြတ်တောက်၍ မရနိုင်ပါ။ သို့သော် ရေက အက်ကွဲကြောင်း နေရာများရှိရာ ချောင်ကြိုချောင်ကြား နေရာတိုင်းသို့ စီးဆင်းဝင်ရောက် နိုင်သည်။ ရေကာတာများ၊ တာတမံများနှင့် ကာရံထားလျှင်လည်း ကျော်လွှားပြီး စီးဆင်းနိုင်လေသည်။ ရေ၏ စီးဆင်းမှုကို မည်သည့် အရာကမှ တားဆီးနိုင်ခြင်း မရှိပေ။

“ဘာလဲ ကျွန်မပြောလိုက်လို့ ဒီလို ဖြစ်သွားတာလား။ အဲဒါဆိုရင်တော့ ကျွန်မ တောင်းပန်ပါတယ်။ လျော်ကြေးပေးဆိုလည်း ပေးရမှာပေါ့”

ကျောက်ရှောင်ယွီက လေးနက်စွာဖြင့် ပြောလိုက်လေသည်။

ဆန်းလျန်က ကျောက်ရှောင်ယွီကို စူးစိုက် ကြည့်လိုက်သည်။

နံနက်ခင်း နေရောင်ခြည်သည် ကျောက်ရှောင်ယီ၏ ဆံထိုးလေးထက်သို့ ကျရောက် နေသည့်အတွက် ဆံထိုးဆီမှ အလင်းရောင်လေး ထွက်ပေါ်နေလေသည်။ နေရောင်ခြည် အောက်တွင် ပေါ်လွင်နေသည့် လက်မောင်းသားလေးများ၊ ဖြူစင်ဝင်းပနေသည့် နားရွက်ဖျားလေးများ၊ လောကတွင် မြင်သူတိုင်း ငေးရလောက်သည့် ပြည့်စုံလွန်းသည့် အလှတရားဖြင့် ဖန်ဆင်းထုဆစ်ခြင်း ခံထားရသည့် နတ်မိမယ်လေး တစ်ပါးအလားပင် လှပလွန်းလေသည်။

သို့သော် ဆန်းလျန်၏ အကြည့်များထဲတွင် သူမအတွက် အကြင်နာတရား မရှိပါ။

“ဒီနေ့ မင်းရင်ဆိုင်ရမှာ ကျုပ်မဟုတ်ဘူးဆိုရင် မင်းဒီလိုပဲ ညှိနှိုင်းနေမှာလား”

ဆန်းလျန်က မေးလိုက်သည်။

ကျောက်ရှောင်ယွီက အံကို တင်းတင်း ကြိတ်လိုက်သည်။

“ညှိနှိုင်းနေမှာ မဟုတ်ဘူး”

“ဟုတ်ပြီ။ မင်းက မင်းလိုချင်တာကို ပြောတယ်။ ကျုပ်ကလည်း မပေးနိုင်ဘူး။ ဒီတော့ တစ်နေ့လုံး တိုက်ကြမယ်ဆိုရင်လည်း တိုက်ကြတာပေါ့”

ဆန်းလျန်၏ မျက်ဝန်းများမှာ မီးဝင်းဝင်းတောက်နေပြီး သူ့ဘက်ကတော့ လုံးဝ အလျှော့ပေးမည့်ပုံ မပေါ်ပေ။

ကျောက်ရှောင်ယွီက ထိုကဲ့သို့ ဖြစ်လာမည်ဟု ထင်မှတ် မထားမိပေ။ အဘယ်ကြောင့်ဆိုသော် ဆန်းလျန်က ထက်မြက်သူတစ်ယောက် ဖြစ်ပြီး ထိုသို့ စိတ်လိုက်မာန်ပါ လုပ်မည်မဟုတ်ဟု ထင်ထားမိသောကြောင့် ဖြစ်လေသည်။

လက်ရှိအချိန် ယွဲ့ထော်တွင်လည်း ကျင့်ကြံသူများစွာ ရောက်ရှိနေသည် ဖြစ်လေရာ ထိုသူများထဲတွင် သူတို့နှစ်ယောက်လုံးထက် အစွမ်းထက်သူများ များစွာ ပါဝင်လေသည်။ သူတို့ နှစ်ယောက်၏ အဆင့်က သိပ်ပြီး ကွာလှသည် မဟုတ်ပေ။ ထို့ကြောင့် သူတို့နှစ်ယောက် အနေဖြင့် အခြားသော မမြင်နိုင်သည့် ပြဿနာများကို ရင်ဆိုင်ရန် အားမွေးထားသင့် လေသည်။ သူတို့နှစ်ယောက် အနေဖြင့် စကားဖြင့် ညှိနှိုင်း၍ မရလျှင်တောင် တိုက်ခိုက်သည့် အဆင့်ထိတော့ မဖြစ်သင့်ပေ။

ထို့ပြင် သူတို့နှစ်ယောက်မှာ တန်ခိုးစွမ်းအား အဆင့်အတန်း တူညီနေသည့်အတွက် တိုက်ခိုက်ကြသည့် အခါတွင် တိုက်ပွဲမှာ သူသေကိုယ်သေ တိုက်ပွဲတစ်ခု ဖြစ်လာပေလိမ့်မည်။ ထို့ကြောင့် ဆန်းလျန် လုပ်နေသည့် အပြုအမူမှာ အဓိပ္ပာယ်မရှိဟု ကျောက်ရှောင်ယွီ ထင်မိလေသည်။

ဆန်းလျန်ကလည်း ဆန်းလျန်ပင်။ သူက မုန်တိုင်းတစ်ခုအလား စိတ်လိုက်မာန်ပါ လုပ်လိုက်ပြီ။

မြစ်ရေက ရေကာတာကို ချိုးဖျက်ကာ အရှိန်အဟုန် ပြင်းစွာဖြင့် စီးဆင်းလိုက် သကဲ့သို့ပင် ဖြစ်လေသည်။ ဤသည်မှာ ဆန်းလျန်၏ သဘောသဘာဝပင် ဖြစ်လေသည်။

သူက ဒေါသထွက်ခြင်းထက် သူလုပ်သင့်သည် ထင်သည့်အရာကို သဘာဝကျကျ လုပ်လိုက်ခြင်းပင် ဖြစ်သည်။

“ရှင်က တကယ့်အရူးပဲ။ ဒါပေမဲ့ ကျွန်ကတော့ မဟုတ်ဘူး”

ကျောက်ရှောင်ယွီက ပြောလိုက်သည်။

ထို့နောက် သူမသည် အဖြူရောင် အလင်းတန်းလေး တစ်ခုအဖြစ် နံနက်ခင်း နေရောင်ခြည်ဆီသို့ တိုးဝင်ပျောက်ကွယ် သွားလေတော့သည်။

ဆန်းလျန်က အေးစက်စွာ ပြုံးလိုက်သည်။ အရက်ဆိုင်လေး၏ စားပွဲပေါ်တွင် အရက်နှင့် စားသောက်ဖွယ်ရာများ အတွက် ငွေစလေးများ ချန်ထားခဲ့ပြီး လေပွေမုန်တိုင်း တစ်ခုအလား ဆန်းလျန်လည်း ထွက်ခွာပျောက်ကွယ် သွားလေသည်။

ထိုလေပွေမုန်တိုင်းသည် အဖြူရောင် အလင်းတန်းလေး နောက်သို့ လိုက်ပါသွားခြင်း ဖြစ်လေသည်။ ထို့နောက် ကောင်းကင်ထက်တွင် ကျယ်လောင်လွန်းသည့် အသံကြီးတစ်သံ ထွက်ပေါ် လာလေတော့သည်။

ထို့နောက် ကောင်းကင်ထက်တွင် လျှပ်စီးများ အဆက်မပြတ် လက်လာပြီး မိုးခြိမ်းသံများပါ ထွက်ပေါ်လာလေသည်။ လမ်းမထက်မှ လူအများမှာ ခေါင်းကို လက်ဖြင့်အုပ်ပြီး ထိုင်ချ လိုက်မိသည်အထိ ထိတ်လန့်ကုန်ကြလေသည်။ ဆောင်းရာသီကြီးတွင် လျှပ်စီးလက်ပြီး မိုးခြိမ်းနေသည်မှာ မည်သို့မျှ မဖြစ်နိုင်သည့် ကိစ္စပင်။

အချိန်အခါမဟုတ် လျှပ်စီးလက် မိုးခြိမ်းနေခြင်း ဖြစ်လေသည်။ လူအများမှာလည်း များစွာ အံ့သြနေကြရပြီး အဘယ်ကြောင့် ထိုသို့ ဖြစ်သည်ကို သိရှိချင်ကြသောကြောင့် အပြင်သို့ထွက်ကာ ကြည့်ရှုကြသည်။

ကောင်းကင် တစ်လျှောက်တွင် ကြာပွတ်တစ်ခုအလား ရှည်လျားသည့် အဖြူရောင် အလင်းတန်းတစ်ခု ဖြတ်သန်းသွားသည်ကို မြင်တွေ့လိုက်ကြ ရလေသည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset