ဟိုင်သခင်ကြီးမှာ မိုင်တစ်ရာခန့် ပျံသန်းထွက်ပြေး လာခဲ့သည့်တိုင် ဗုဒ္ဓရုပ်ပွားတော်မှ ရွှေရောင် အလင်းတန်းများမှာ သူ့ခန္ဓာကိုယ်တွင် ရစ်ပတ်နေသေးပြီး ဗုဒ္ဓရုပ်ပွားတော်မှ မုဒြာ လက်ဟန်မှာလည်း သူ့ကိုယ်ပေါ်တွင် ထင်ကျန်နေဆဲ ဖြစ်လေသည်။ သူမြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည့်အချိန် ရောက်တော့မှသာ ဗုဒ္ဓရုပ်ပွားတော်မှ မုဒြာလက်ဟန်မှာ သူ့ကိုယ်ပေါ်မှ ပျောက်ကွယ်သွားရလေသည်။ သို့တိုင်အောင် ဗုဒ္ဓရုပ်ပွားတော်မှ မုဒြာလက်ဟန် ပုံသဏ္ဌာန်အပေါက်တစ်ခု သူ၏ရွှေရောင် အင်္ကျီတွင် ထင်ကျန်နေပြီး သူ၏ အသားများကို မြင်နေရလေသည်။ သို့သော် သူ၏ အသားပေါ်တွင်တော့ မုဒြာလက်ရာ ထင်ကျန်ရစ်ခြင်း မရှိပေ။
ဟိုင်သခင်ကြီးက မျက်မှောင်တစ်ချက် ကြုတ်လိုက်ပြီး သူ၏ ကိုယ်ထဲမှ ရွှေရောင်တန်ခိုး စွမ်းအားတစ်ခုကို ထုတ်ယူလိုက်သည်။ ထိုတန်ခိုး စွမ်းအားက သူ၏ ရွှေရောင်ဝတ်ရုံမှ မုဒြာလက်ရာ ပုံသဏ္ဌာန် အပေါက်ကို အကောင်းအတိုင်း ဖြစ်အောင် ပြန်လည် ပြုပြင်ပေးလိုက် လေသည်။
ထိုအချိန်မှာပင် ကျယ်လောင်သည့် ရယ်မောသံကြီး တစ်ခုကို ကြားလိုက်ရလေသည်။
“ဟိုင်သခင်ကြီး ဟိုဘုန်းကြီးနဲ့ တိုက်ခိုက်ဖို့ ကျုပ်ကို စောင့်နေတာလား”
ထိုစကားသံမှာ မလှမ်မကမ်း တစ်နေရာရှိ တောင်ကုန်းပေါ်မှ ထွက်ပေါ်လာခြင်း ဖြစ်လေသည်။
တောင်ကုန်းပေါ်တွင် လူတစ်ယောက် ရပ်နေပြီး ထိုသူ၏ နဖူးထက်တွင် မှဲ့နီရှစ်လုံး ရှိနေလေသည်။ ထိုသူမှာ အခြားသူမဟုတ်။ ခေါင်းကိုးလုံး မင်းကြီးပင် ဖြစ်လေသည်။
“တောက် … ငါဒီလို ကံဆိုးတဲ့ နေ့ကျမှ ဒီအကောင်နဲ့ပါ လာတွေ့နေရတယ်”
ဟု ဟိုင်သခင်ကြီးက တွေးလိုက်မိသည်။
သူက ခေါင်းကိုးလုံးမင်းကြီးကို အကူအညီ တောင်းခဲ့သော်လည်း ထိုလူကို ယခုတော့ မော့ပင် မကြည့်တော့ပေ။ အဘယ်ကြောင့်ဆိုသော် သူ့ပုံစံက အင်မတန်မှ ပုံပျက်ပန်းပျက် ဖြစ်နေသည် မဟုတ်လား။
ဟိုင်သခင်ကြီးက သူ့ကိုယ်သူ အဆင့်အတန်းမြင့်သည့် နတ်မိစ္ဆာတစ်ပါး ပုံစံဖြင့် နေထိုင်သူ ဖြစ်လေသည်။ သို့သော် ခေါင်းကိုးလုံး မင်းကြီးကတော့ အရိုင်းအစိုင်း တစ်ကောင်သာ ဖြစ်လေသည်။ သို့သော် ခေါင်းကိုးလုံးမင်းကြီးမှာ လွယ်လွယ်နှင့် လှည့်စား၍ ရနိုင်သူ မဟုတ်ပေ။ ထို့ကြောင့် ဟိုင်သခင်ကြီးကလည်း သူ့ကို အကူအညီ တောင်းခဲ့ခြင်း ဖြစ်လေသည်။
အကူအညီ တောင်းသည်သာ ဆိုရသည် ထိုနတ်မိစ္ဆာက သူ့ကို ကူညီဖို့အတွက် ဖင်လှည့် ခေါင်းလှည့်နှင့် ဆယ်နှစ်ခန့် ကြာသွားလေသည်။ ထို့နောက် ရှီးဟွမ် နယ်ဆိုးတွင်လည်း အချိန်ဖြုန်း နေသေးသည်။ သို့သော် နတ်မိစ္ဆာများအတွက် ဆယ်နှစ်ဆိုသည့် အချိန်က လူသားများ၏ ဆယ်နှစ်ဆိုသည့် အချိန်ကဲ့သို့ ကြာရှည်ခြင်း မရှိပါ။ ထို့ကြောင့် ဟိုင်သခင်ကြီး သူ့ကို အပြစ်မတင်ဘဲ နေလိုက်ခြင်း ဖြစ်လေသည်။
ဟိုင်သခင်ကြီးက သူတွေးနေသည့် အတွေးများကို ခေါင်းကိုးလုံးမင်းကြီး မမြင်အောင် ဖုံးကွယ် လိုက်ပြီးမှ …
“ဒီကို ဘယ်တုန်းက ရောက်လာတာလဲ ညီတော် ခေါင်းကိုးလုံး။ ရောက်ရောက်ချင်းရော ဘာလို့ ကျုပ်ကို မဆက်သွယ်ရတာလဲ။ ရှီးဟွမ်မှာ ကျုပ်ရဲ့ အိမ်တော်တစ်ခု ရှိတယ်လေ။ မင်းရောက်လာတာသာ သိရင် အလုပ်မလုပ်ခင် မင်းနဲ့အတူ စားပွဲသောက်ပွဲလေး ကျင်းပလို့ ရမှာ”
သူက ခေါင်းကိုးလုံး မင်းကြီးကို ကြည့်ပြီး ပြောလိုက်လေသည်။
ခေါင်းကိုးလုံး မင်းကြီးက တောင်ကုန်းထက်မှ ခုန်ချလိုက်ပြီး ဟိုင်သခင်ကြီးရှေ့သို့ ရောက်လာလေသည်။ သူကလည်း မြေကြောချုံ့ပညာကို ကျင့်ကြံထားသူ ဖြစ်လေသည်။ ကွမ်းချင်း နတ်ဘုရား ကျောင်းတော်မှ တာအိုဆရာလေး ထက်ပင် သူက သာလွန်သေးသည်။ သူခုန်ချ လိုက်သည်နှင့် မြေကြီး တစ်ခုလုံးမှာ တုန်လှုပ်သွားရလေသည်။
ခေါင်းကိုးလုံးမင်းကြီးက ဂုဏ်ယူသည့် အပြုံးတစ်ခု ပြုံးလိုက်ရင်း …
“ကျုပ်က ဒီကို ခုပဲရောက်လာတာ။ ပြီးတော့ ကလေးမ တစ်ယောက်ဆီက ပစ္စည်းကောင်းလေး တစ်ခုလည်း ရလာသေးတယ်”
ဟုပြောလိုက်သည်။
ဟိုင်သခင်ကြီးက မျက်ခုံးကို တစ်ချက်ပင့်လိုက်ရင်း …
“အိုး ဘာပစ္စည်းကောင်းလေးများ ရလာတာလဲ။ ညီတော် ခေါင်းကိုးလုံးကိုတောင် စိတ်ဝင်စားအောင် စွဲဆောင်နိုင်တယ် ဆိုတော့ ဘယ်လိုပစ္စည်းများလဲ”
ဟု မေးလိုက်လေသည်။
“ဟိုင်သခင်ကြီး မင်းက ရှီးဟွမ်က မင်းရဲ့ အိမ်တော်ကို လိုက်ခဲ့ဖို့ ဖိတ်တယ်နော်။ ခုတော့ ကျုပ်အိမ်တော်လေးကို ကြည့်လိုက်ပါဦး”
ခေါင်းကိုးလုံးမင်းကြီးက ပြောရင်း လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။
သူ့လက်ထဲတွင် အိမ်ပုံသဏ္ဌာန် သေးသေးလေးတစ်ခု ပေါ်လာလေသည်။
အိမ်လေးမှာ သေးငယ်သည့်တိုင် အိမ်ထဲရှိ ပရိဘောဂများကအစ အားလုံးမှာ တကယ့်အိမ် အစစ်လေး တစ်ခုအတိုင်း အသက်ဝင်လှ လေသည်။
ခေါင်းကိုးလုံး မင်းကြီးက ပါးစပ်ကို ဟလိုက်ကာ အနက်ရောင် အငွေ့များဖြင့် ပတ်ဝန်းကျင်သို့ တစ်ချက် မှုတ်လိုက်သည်။ ထိုအခါ တောင်ကုန်းလေးများမှာ မြေပြန့်အသွင် ပြောင်းလဲသွားလေသည်။ ခေါင်းကိုးလုံး မင်းကြီးက ထိုမြေပြန့်ပေါ်တွင် အိမ်လေးကို ပစ်ချလိုက်လေသည်။ ထိုအခါ အိမ်လေးမှာ တကယ့်အိမ်ကြီး တစ်လုံးကဲ့သို့ တဖြည်းဖြည်း ကြီးမား လာလေတော့သည်။
အိမ်တံခါးဝတွင် “မြင့်မြတ်သော ခေါင်းကိုးလုံးအိမ်တော်” ဟု ရေးသားထားလေသည်။ ရေးထားသည့် လက်ရေးမှာတော့ ခပ်ကြမ်းကြမ်းပင် ဖြစ်လေသည်။
“ဟိုင်သခင်ကြီး ကျုပ်ရဲ့ အဖိုးတန် ပစ္စည်းလေးကို ဘယ်လိုသဘောရလဲ။ ဘယ်နေရာသွားသွား ယူသွားလို့လည်း ရတယ်။ သုံးရလည်း အဆင်ပြေတယ်လေ”
ခေါင်းကိုးလုံးမင်းကြီးက ဂုဏ်ယူစွာဖြင့် ပြောလိုက်လေသည်။
ထိုသို့သော အသွင်ပြောင်း ပစ္စည်းလေးများမှာ လွန်စွာမှ ရှားပါးလေည်။ ထို့ပြင် လိုအပ်သလို ပြုပြင်ပြောင်းလဲကာ ချုံ့နိုင်ချဲ့နိုင် လုပ်၍ရသည့် အသွင်ပြောင်း ပစ္စည်းများက ပို၍ပင် ရှားပါးသေးသည်။ ယခုတော့ ထိုရှားပါး ပစ္စည်းလေးသည် ခေါင်းကိုးလုံးမင်းကြီး လက်ထဲသို့ ရောက်ရှိ နေပြီ။ မိတ်ဆွေများ ကြားတွင် ပိုပြီး ဂုဏ်ယူစရာ ဖြစ်တော့မည် ဖြစ်သည်။ ဂုဏ်သရေရှိသည့် ဟိုင်သခင်ကြီး ထံတွင်ပင် ထိုကဲ့သို့သော ပစ္စည်း တစ်ခုတလေပင် မရှိပေ။
ဟိုင်သခင်ကြီးက မြင့်မြတ်သည့် ခေါင်းကိုးလုံး အိမ်တော်ကို တစ်ချက်ကြည့်လိုက် ပြီးသည်နှင့် သက်ပြင်းချလိုက် မိလေသည်။
“ညီတော်ခေါင်းကိုးလုံး မင်းတော့ ဒုက္ခရောက်ပြီ”
ဟု ညည်းညူလိုက်မိ လေတော့သည်။
ထိုသူပိုင်ဆိုင်သည့် ပစ္စည်းကို ယူလာရဲသည့် ခေါင်းကိုးလုံး မင်းကြီးမှာ ကြမ်းတမ်းရုံမျှမက အသိဉာဏ်လည်း နည်းလှကြောင်း ဟိုင်သခင်ကြီး သဘောပေါက်လိုက် မိလေတော့သည်။
***
ဆန်းလျန်မှာ ဟိုင်သခင်ကြီး ဘာဖြစ်သွားလဲ မသိခဲ့နိုင်ခဲ့ပေ။ ဟွေခဲ့ ဆရာတော်ကလည်း ဆန်းလျန်ပေးမည့် အကူအညီကို လက်မခံခဲ့ပေ။
ဟွေခဲ့ဆရာတော်သည် လက်တစ်ဖက်တည်းဖြင့်ပင် နတ်အရက် ဗိမာန်ထဲမှ ထွက်ခွာ သွားလေသည်။ လူအများက သူ့ကို ငေးကြည့်နေကြပြီး ဆရာတော်ကတော့ နှင်းတောထဲသို့ တိုးဝင် ပျောက်ကွယ် သွားလေသည်။
အားလုံးမှာ ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကြောင့် တုန်လှုပ်အံ့သြ နေကြပြီး ဟွေခဲ့ဆရာတော် လက်တစ်ဖက် ဆုံးရှုံးခဲ့ရခြင်း အတွက် စိတ်မကောင်း ဖြစ်နေကြလေသည်။ သို့သော် ဟိုင်သခင်ကြီး ဆိုသူမှာ မည်သူဖြစ်ကြောင်းကိုတော့ များစွာစိတ်ဝင်စား နေမိကြလေသည်။
သို့သော် ဟွေခဲ့ဆရာတော်မှာ ကတိုက်ကရိုက်နှင့် ခပ်မြန်မြန် ထွက်ခွာသွားခြင်း ဖြစ်သည့်အတွက် မေးခွင့် မရတော့ပေ။ ထို့ကြောင့် ဟွေခဲ့ဆရာတော်နှင့် ရင်းနှီးပုံရသည့် ဆန်းလျန်၊ စုန့်ချင်းယီနှင့် ချီးရှိုးတို့ကို အာရုံစိုက်လာ ကြလေတော့သည်။ သို့သော် လူအများသူတို့ကို အာရုံစိုက် လာသည်နှင့် ဆန်းလျန်တို့ သုံးယောက်မှာလည်း ချက်ချင်းပင် ခပ်မြန်မြန် ထွက်ခွာခဲ့လေ တော့သည်။
ဟွေခဲ့ဆရာတော်မှာ ဗုဒ္ဓစာပေများကို ဟောကြားရန်အတွက် အစပိုင်း၌ ရည်ရွယ်ချက် မရှိခဲ့ပါ။ သို့သော် သူက အခြားသူများ ဗုဒ္ဓဘာသာ၏ အနှစ်သာရကို နားလည်စေရန် ရှင်းလင်းပြလိုစိတ် ရှိသည့်အတွက် ဟောပြော ရှင်းလင်းပြရင်း တရားဟော ဖြစ်သွားခြင်း ဖြစ်လေသည်။ အမှန်တော့ သူက တရားဟောပြောခြင်းထက် ဘုရားစကား နားထောင်သူ တစ်ယောက်သာ ဖြစ်ချင်ခဲ့သူ ဖြစ်လေသည်။
သူ၏ တရားများမှာ အချို့သော ဘုန်းတော်ကြီးများ အမြင်တွင် အစွန်းရောက် သကဲ့သို့ ဖြစ်သည့်တိုင် အမှားအယွင်းများတော့ မဟုတ်ပေ။ ထို့ပြင် သူကလည်း တရားဟောပြောခြင်းကို မည်သည့်အခါမှ ရပ်တန့်မည် မဟုတ်ပေ။ ထိုအရာကိုပင် “လှုပ်ရှားမှု” ဟု ခေါ်ဆိုရမည် ဖြစ်လေသည်။
ဆန်းလျန်မှာ ဟွေခဲ့ဆရာတော်ကို များစွာအားကျ မိသည်။ အဘယ်ကြောင့်ဆိုသော် သူက သူ့ကိုယ်ပိုင် လမ်းကြောင်းကို ထိုးဖောက် လျှောက်လှမ်းနိုင်သူ တစ်ယောက် ဖြစ်သောကြောင့် ဖြစ်လေသည်။ ထို့ပြင် သူလျှောက်လှမ်းသည့် လမ်းကိုလည်း သံသယမဝင်ဘဲ ယုံကြည်ချက် ခိုင်မာသူ ဖြစ်လေသည်။ စုန့်ချင်းယီကို ကြည့်မည် ဆိုလျှင်လည်း ကိုယ်ပိုင်လမ်းကြောင်း ရှိလေသည်။ သို့သော် သူ၏ လမ်းကြောင်းက သူကိုယ်တိုင် တီထွင်ထားသည့် လမ်းကြောင်း မဟုတ်ပေ။ ရှန်ဆန်းကျန်း ရန်လုကျိုးယွမ် သင်ကြားပြသပေးသည့် အတိုင်း လျှောက်လှမ်းခြင်းသာ ဖြစ်လေသည်။ ထို့ကြောင့် ကိုယ်ပိုင် လမ်းသစ်တစ်ခု လျှောက်လှမ်းရန်လည်း မလိုအပ်ပေ။ ဆရာသခင် သင်ပြသည့်အတိုင်း လိုက်လျှောက်ရန်သာ လိုအပ်လေသည်။
ချီးရှိုးမှာလည်း စုန့်ချင်းယီ ကဲ့သို့ပင် ဖြစ်လေသည်။ သို့သော် အနည်းငယ်တော့ ကွဲပြားမှု ရှိလေသည်။ ကွဲပြားမှုမှာ သူမတွင် ကြင်နာတတ်သည့် နှလုံးသား ရှိခြင်းပင် ဖြစ်သည်။ ချမ်းအေးလွန်းသည့် ဆောင်းရာသီ ကြမ်းကြမ်းတွင် လမ်းပေါ်တွင် ဆာလောင်အေးခဲနေသည့် လူများကို တွေ့သည့် အခါတိုင်း ချီးရှိုးက သူမ တတ်နိုင်သည့်ဘက်မှ ကူညီပေးတတ် လေသည်။
ဆန်းလျန်မှာတော့ သေခြင်းရှင်ခြင်း တရားများနှင့် များစွာ ရင်ဆိုင်ခဲ့ရဖူးပြီ ဖြစ်လေသည်။ သူက မရှိ ဆင်းရဲသားများကို ချီးရှိုး ကူညီနိုင်ရန်အတွက် သူ့တွင်ရှိသည့် ရွှေသစ်ရွက်လေး အချို့ကို သူမကို ပေးလိုက်လေသည်။
ထိုရွှေ သစ်ရွက်လေးများမှာ သယ်ယူရ လွယ်ကူပြီး ဆင်းရဲသားများအတွက် အစားအသောက်များ ထောက်ပံ့ပေးနိုင် လေသည်။
ချီးရှိုးမှာ လူများကို ကူညီရန် လွန်စွာမှ ဆန္ဒပြင်းပြသူ ဖြစ်လေသည်။ စုန့်ချင်းယီကလည်း သူမကို ကူညီပေးသလို ဆန်းလျန်ကလည်း အခါအားလျော်စွာ ကူညီပေးလေသည်။ ချီးရှိုးက လုပ်သည့် အဓိက အလုပ်မှာ သူမ၏ အကြောက်တရားမဲ့ တံဆိပ်တော် ပညာဖြင့် လူအများကို ဆေးကုပေးခြင်းပင် ဖြစ်လေသည်။ ထို့ကြောင့် ဆန်းလျန်က သူမကို ဆေးပညာ အနည်းငယ်နှင့် ဆေးဝါးဖော်စပ်မှု ပညာများကို သင်ကြား ပေးလေသည်။
ထိုသို့ သင်ပြပေးခြင်းဖြင့် သူမ စွမ်းအားများ ကုန်ခမ်းသည်အထိ မဖြစ်တော့ဘဲ မျှမျှတတဖြင့် လူအများကို ကူညီနိုင်မည် ဖြစ်လေသည်။
သို့သော် ချီးရှိုးအနေဖြင့် လူအများကို ကူညီနိုင်သည်မှာ ယာယီမျှသာ ဖြစ်လေသည်။ သူတို့ဘဝ တစ်လျှောက်လုံးကိုတော့ လိုက်ပြီး ကူညီနိုင်မည် မဟုတ်ပေ။ သို့တိုင်အောင် သူမ၏ လေးစားစရာ စိတ်ဓာတ်လေးကို ဆန်းလျန်က အသိအမှတ် ပြုမိလေသည်။ လောကတွင် အကူအညီ လိုအပ်နေသည့် လူပေါင်းများစွာ ရှိသည် မဟုတ်လား။ ထိုသူများ အားလုံးကို ကိုယ်တတ်နိုင်သည့် ဘက်မှာ တတ်နိုင်သလောက် ကူညီပေးသည်မှာ ကောင်းသည့်အလုပ်ပင် ဖြစ်လေသည်။
လူသားများ အားလုံးမှာ သူတော်စင်များ မဟုတ်သလို ကျေးဇူးသိတတ်သည့် သူများလည်း ဖြစ်ချင်မှ ဖြစ်ပေမည်။ သို့သော် သူတို့လုပ်နေသည့် အလုပ်သည် မှားယွင်းသော အလုပ်တော့ မဟုတ်ပေ။
လူတစ်ဖက်သားကို ကူညီသည့်သူကို အနည်းဆုံးတော့ လူကောင်းတစ်ယောက် အဖြစ် သတ်မှတ်နိုင်လေသည်။
ဆန်းလျန်သည် မနီးမဝေး တစ်နေရာတွင် တစ်ယောက်တည်း ရပ်နေလေည်။
နှင်းကျဆင်းခြင်းက ရပ်တန့် သွားသည့်တိုင် ရာသီဥတုကတော့ အေးစိမ့်နေဆဲ ဖြစ်လေသည်။ သို့သော် ထိုအအေးဒဏ်ကို ဆန်းလျန်က ခံနိုင်ရည် ရှိသလို ငှက်ငယ်လေးများ ဖြစ်သည့် ရှောင်ရွှင်နှင့် ချမ်းမော့တို့ကလည်း ခံနိုင်ရည် ရှိကြလေသည်။
အင်္ကျီအဝတ်အစား အပြဲအစုတ်များကို ဝတ်ဆင်ထားသည့် လမ်းပေါ်မှ ဆင်းရဲသားများကတော့ ထိုအအေးဒဏ်ကို ခံနိုင်ရည် မရှိကြပါ။ နွေးထွေးမှု ရရန်အတွက် မီးများ ဖိုထားကြရ လေသည်။
ဆန်းလျန်က အအေးဒဏ်ကို မခံစားရသည့်တိုင် သူတို့နေထိုင်ဖို့ ယာယီတဲလေး သုံးခု ဆောက်လုပ် လိုက်လေသည်။ ချီးရှိုးက ဆန်းလျန်၏ အပြုအမူကို နားမလည်နိုင် ဖြစ်ရတော့ ဆန်းလျန်က ရှင်းပြရသေးသည်။ သူတစ်ပါးကို သနားတတ်သည့် လူတစ်ယောက်သည် ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက်ရန် လိုအပ်သည်ဟု ရှင်းပြရလေသည်။
ဆန်းလျန် တွေးသည်က ကိုယ့်ကိုယ်ကို ဂရုစိုက်တတ်မှသာလျှင် အခြားသူများကိုလည်း ပိုပြီး ဂရုစိုက်နိုင်မည်ဖြစ်လေသည်။ မိမိကိုယ်ကို ဂရုမစိုက်သော သူသည် အခြားသူများ ကိုလည်း အပြည့်အ၀ ဂရုစိုက်နိုင်မည် မဟုတ်ပေ။ သူ၏ အတွေးအခေါ်မှာ လက်တစ်ဖက် အဆုံးရှုံးခံကာ လူအများ၏ အသက်ကို ကယ်တင်ခဲ့သည့် ဟွေခဲ့ ဆရာတော်လောက်တော့ မြင့်မြတ်လိမ့်မည် မဟုတ်ပေ။ သို့သော် လက်တွေ့ကျသည့် အတွေးအခေါ် တစ်ခုတော့ ဖြစ်လေသည်။
သူက ချီးရှိုးကို အကြံပေးရုံမျှသာ သင်ပြပေးလေ့ ရှိသော်လည်း ချီးရှိုးကတော့ သူ့စကားဆိုလျှင် လွန်စွာမှ နားထောင်သူလေး ဖြစ်လေသည်။
ဆန်းလျန်မှာ ဟိုင်သန်းအဆင့် တက်ရောက်နိုင်ရန်အတွက် အလှမ်း ဝေးနေသေးသည်။ ရေထဲတွင် လရိပ်ကို မြင်နေရသည့်တိုင် လမင်းကို ထိကိုင်၍ မရနိုင်သကဲ့သို့ ဟိုင်သန်း အဆင့်ကိုလည်း တက်ရောက်၍ မရနိုင် ဖြစ်နေရလေသည်။
ရေကန်ထဲမှ လရိပ်မှာ ပုံရိပ်ယောင် သက်သက်မျှသာ ဖြစ်ပြီး အစစ်အမှန် မဟုတ်ပေ။
ဟိုင်သန်း အဆင့်သို့ တက်ရောက်နိုင်ရန် အချိန်မည်မျှ ကြာဦးမည်လဲ ဆန်းလျန် မသိနိုင်ပေ။ ချန်ကျန့်မေကဲ့သို့ နှစ်ပေါင်းများစွာ ကျင့်ကြံပြီးမှ တရားအလင်း ပွင့်ကာ တက်ရောက်နိုင်မည်လား။ သို့မဟုတ် တာအိုဆရာ စန်းဝမ့်ကဲ့သို့ ဘဝ အဆုံးသတ် သွားသည့်တိုင် ဟိုင်သန်းအဆင့် တက်ရောက်နိုင်ခြင်း မရှိဘဲ ဖြစ်ရမည်လား။ မည်သည့်အရာမှ မသေချာလှပေ။
မီးဖိုမှ မီးများက တောက်လောင်နေလေသည်။
ကောင်းကင်ထက်တွင် ကြယ်စင်များက တောက်ပနေပြီး လမင်းကလည်း ထိန်ထိန် သာနေသည်။ တရားထိုင်နေသည့် စုန့်ချင်းယီထံမှာ အသက်ရှူသံ မှန်မှန်ကို ကြားနေရပြီး ချီးရှိုးကတော့ ကျမ်းစာအုပ် တစ်အုပ်ကို ဖတ်နေလေသည်။
ဆင်းရဲသားများ၏ တဲစုဆီမှ ဆူဆူညံညံ အသံများကိုလည်း ကြားနေရသည်။
ဆန်းလျန်၏ အာရုံခံစားမှုများမှာ ပို၍ပို၍ ထက်မြက် လာလေသည်။ သူ့ပတ်ဝန်းကျင်တွင် ဖြစ်ပျက် နေသမျှကို အသေးစိတ် သိမြင်နေရ လေသည်။
သူ သိနေ၊ မြင်နေ၊ ကြားနေရသမျှမှာ သူနှင့် သက်ဆိုင်သည့် အရာများ မဟုတ်ပေ။ သူကသာ ဦးတည်ရာမရှိ ရောက်တက်ရာရာ တွေးနေမိသောကြောင့် ခံစားနေမိခြင်းသာ ဖြစ်လေသည်။ ထို့ကြောင့် သူက သူ၏ ကျင့်စဉ်လမ်းနှင့် ပတ်သက်ပြီး တွေးတောနေမှုများကို ရပ်တန့်လိုက်ကာ တစ်ယောက်တည်း ထွက်လာခဲ့ လေသည်။
ညလေအေးအေး အောက်တွင် ဆန်းလျန် ခြေဦးတည့်ရာ သွားနေမိသည်။ လမ်းပေါ်တွင် လူအနည်းငယ်သာ ရှိပြီး အိမ်တံခါးများလည်း ပိတ်ထားကြပြီ ဖြစ်လေသည်။ သူက နတ်အရက်ဗိမာန် အနားမှ ဖြတ်လျှောက် လာခဲ့သည်။ နတ်အရက်ဗိမာန် ထဲတွင်တော့ လူအများ စည်ကားနေလေသည်။ ဆန်းလျန် အရက်သောက်ချင် စိတ်ပင် ဖြစ်လာမိသည်။
ဆန်းလျန် အရက်သောက်လေ့ရှိသူ မဟုတ်ပါ။ နောက်ဆုံးအကြိမ် မူးအောင် သောက်ခဲ့သည်မှာ ကျင့်စဉ်လမ်း လျှောက်လှမ်းရန်အတွက် ထွက်ခွာသွားတော့မည့် ညတွင် ပိုင်ယွိဖေးနှင့်အတူ သောက်ခဲ့ခြင်းပင် ဖြစ်လေသည်။ ထိုညက သူအလွန်မှ ပျော်ရွှင်ခဲ့ရသည်။
“မင်း ဒီလောက် အသောက်ကြမ်းမယ်လို့ ငါထင် မထားဘူး”
ဟု ပိုင်ယွီဖေး ပြောသည့် စကားကိုပင် ဆန်းလျန် မှတ်မိနေသေးသည်။
ဤနှစ်များ အတွင်းတွင် ဆန်းလျန် အများကြီး ပြောင်းလဲသွားခဲ့ လေသည်။ သို့သော် မပြောင်းလဲသည့် အရာများလည်း များစွာ ရှိနေပါသေးသည်။
သူက စိတ်ဓာတ် ခိုင်မာသူတစ်ယောက် ဖြစ်သည့်တိုင် ချန်ကျန့်မေလောက်တော့ စိတ်ဓာတ် ခိုင်မာခြင်း မရှိပေ။ သို့သော် ဟွေခဲ့ဆရာတော်က ပို၍ပင် စိတ်ဓာတ်ခိုင်မာသေးသည်။ သို့သော် မည်သူနှင့်ပဲယှဉ်ယှဉ် သူက ဆန်းလျန်ပင် ဖြစ်လေသည်။
အရင်တုန်းက ဆန်းလျန်မှာလည်း ဆန်းလျန်ပင် ဖြစ်သလို ယခုဆန်းလျန်မှာလည်း ဆန်းလျန်ပင် ဖြစ်လေသည်။
သူ နတ်အရက်ဗိမာန် ရှေ့တွင် ရပ်နေလိုစိတ် မရှိတော့ပါ။ သို့သော် နတ်အရက်ဗိမာန် အတွင်းသို့ ဝင်သွားလိုစိတ်လည်း မရှိပါ။ သူ အရက်သောက်ချင် နေသော်လည်း ထိုနေရာတွင် မသောက်ချင်ပါ။ ထိုနေရာမှာ အလွန်ကြီးမားသည့် နေရာတစ်ခုဖြစ်ပြီး လူပေါင်းစုံဖြင့် ဆူညံလွန်းသည့် နေရာတစ်ခု ဖြစ်လေသည်။
ထိုသို့ စဉ်းစားမိတော့ လူအများ ဆူညံနေလျှင် သဘောကျသည့် တူမလေး ရော့ရှီကို သတိရမိ ပြန်သည်။
ရော့ရှီအကြောင်း စဉ်းစားမိသည့် အခါတွင်တော့ ဆန်းလျန် အရက်ပိုပြီး သောက်ချင် လာရသည်။
ဆိုင်ခုနစ်ဆိုင်လောက် ဖြတ်ကျော်လာပြီးသည့် နောက်တွင်တော့ ဆိုင်သေးသေးလေး တစ်ဆိုင်ကို တွေ့ရလေသည်။ ထိုဆိုင်မှာ လူရှင်းနေသည့်တိုင် ဆိုင်မပိတ်သေးပေ။
ဆန်းလျန်မှာသာ တစ်ဦးတည်းသော ဧည့်သည် ဖြစ်လေသည်။ သို့သော်လည်း မည်သူမျှ သူ့ကို သိပ်ပြီး အရေးတယူ မရှိလှပါ။
ထိုအရက် ဆိုင်လေးကို ပိုင်ဆိုင်သူမှာ အသက် ခြောက်ဆယ်ကျော်ခန့် ရှိပြီဖြစ်သည့် အဘိုးအို တစ်ယောက် ဖြစ်လေသည်။ သူ့မျက်နှာတွင် မှဲ့ခြောက်များစွာ ရှိနေပြီး ဆင်းရဲသားများ ထဲတွင် အင်မတန်မှ အသက်ရှည်သူဟု ပြော၍ ရလေသည်။
သူက ဆန်းလျန် ဝင်လာသည်ကိုပင် အရေးတယူ သိပ်မရှိဘဲ ဖြစ်သလိုပင် ဧည့်ခံ လိုက်လေသည်။ အဘယ်ကြောင့်ဆိုသော် ရောင်းမကောင်းသည့်အတွက် ဖြစ်သလိုပင် ဧည့်ခံခြင်း ဖြစ်ဟန် တူလေသည်။ ဆိုင်ထဲရှိ စားပွဲနှင့် ထိုင်ခုံများမှာလည်း ဟောင်းနွမ်း နေလေသည်။ အဘိုးအိုက စားပွဲကို အဝတ်ဖြင့် သုတ်လိုက်သည်။
ဆန်းလျန်က အရက်တစ်အိုး မှာလိုက်ပြီး ဖြည်းဖြည်းချင်း သောက်နေလိုက်လေသည်။
အရက်အိုး တစ်ဝက်ခန့် ကုန်သွားသည့် အချိန်တွင်တော့ ဆိုင်အတွင်းသို့ လူတစ်ယောက် ဝင်လာလေသည်။
ဝင်လာသူမှာ မိန်းကလေးတစ်ယောက် ဖြစ်လေသည်။ သူမက အဖြူရောင်ဝတ်စုံကို လှပစွာ ဝတ်ဆင်ထားလေသည်။ နတ်သမီးလေး တစ်ပါးအလားလည်း လှပ လွန်းလေသည်။ ဆောင်းညက အေးမြနေသည့်တိုင် သူမ၏ လက်မောင်းသားများကို ဖော်ထားသောကြောင့် သူမ၏ လှပသည့် အသားအရေကို မြင်တွေ့နေရသည်။ သူမ၏ ခန္ဓာကိုယ်မှာလည်း အလွန် လှပသည်ဟု ပြောနိုင်ပေသည်။ သူမ၏ ရှိုက်ဖိုကြီးငယ် အသွယ်သွယ်ကို ကြည့်ကာ ယောကျ်ားလေးတစ်ယောက် စိတ်ထိန်းနိုင်ရန် မနည်း ကြိုးစားရမည့် အလှအပပင် ဖြစ်လေသည်။
ရှာမှရှားသည့် အလှတရားပင် ဖြစ်လေသည်။ ထို့ပြင် ဆန်းလျန်က သူမကို ကောင်းကောင်း သိပါသည်။
သူက ထပြီး နှုတ်ဆက်သင့်သော်လည်း ပျင်းနေသောကြောင့် နှုတ်မဆက်မိပေ။
သူမက ဖြည်းညင်းစွာ ဝင်လာခြင်း ဖြစ်ပြီး ခါးလေးကိုလည်း လှုပ်ယမ်း လာသေးသည်။ သူမထံမှ ဆွဲဆောင်မှု အရိပ်အငွေ့များကို ဆန်းလျန် ခံစားနေရသည်။ သူမက ဆန်းလျန်နှင့် မျက်နှာချင်း ဆိုင်စားပွဲတွင် ဝင်ထိုင် လိုက်လေသည်။ မိန်းကလေးမှာ ပြုံးနေပြီး မျက်လုံးများကလည်း ကြည်လင်လွန်းကာ လွန်စွာမှ ညှို့ယူဖမ်းစားနိုင်စွမ်း ရှိလေသည်။
သူမက လှပသော လက်လေးများဖြင့် လက်ခုပ်တစ်ချက် တီးကာ ဆိုင်ရှင်အဘိုးအိုကို ခေါ်လိုက်သည်။
“အဘိုး အရက်နွေးနွေးလေး သောက်ဖို့ မီးဖိုလေးလည်း လိုချင်တယ်။ ပြီးတော့ အမဲသားတစ်ပွဲ၊ ကြက်သားတစ်ပွဲ၊ ပဲနှပ်တစ်ပွဲ။ ပြီးတော့ အရက်နှစ်အိုးနဲ့ အရက်ခွက်ပါ ပေးပါ”
ဟု မှာကြားလိုက်လေသည်။
သူမ၏ အသံမှာ တောင်ပေါ်စမ်းချောင်းလေး တစ်ခုအလား ကြည်လင်နေလေသည်။ ပုတီးစေ့လေးများ၏ အသံကဲ့သို့လည်း သာယာပြီး ကျောက်စိမ်းပြားလေး ကျိုးပဲ့သွားသည့် အသံ ကဲ့သို့လည်း စွဲဆောင်မှု ရှိလွန်းလေသည်။ အလွန်မှ နားဝင်ချိုသည့် အသံလေးပင် ဖြစ်လေသည်။
မိန်းကလေးမှာသည့် အရက်နှင့် ဟင်းလျာများ ချက်ချင်း ရောက်လာလေသည်။ ဟင်းလျာများမှာ ယခုမှ ချက်ပြုတ်ခြင်း မဟုတ်ဘဲ ဈေးပေါသည့် ဆိုင်များ၏ ထုံးစံအတိုင်း အစကတည်းက ချက်ပြုတ်ထားဟန် ရှိလေသည်။ ထို့ကြောင့်သာ ဤမျှလောက် မြန်နေရခြင်း ဖြစ်လေသည်။
***