“ဟွေခဲ့ဆရာတော် လုပ်နေတာ အဓိပ္ပာယ်မရှိဘူး။ သာမန်လူတွေဟာ ဘယ်လိုလုပ် ဗုဒ္ဓဘာသာရဲ့ အနှစ်သာရကို နားလည်နိုင်မှာလဲ။ လူတိုင်းသာ နားလည်နိုင်မယ်ဆိုရင် သံသရာ ဝဋ်ဆင်းရဲမှာ ကျင်လည်ကြတဲ့သူ ရှိမှာတောင် မဟုတ်တော့ဘူး”
ဟိုင်သခင်ကြီးက ပြောလိုက်လေသည်။
ဟိုင်သခင်ကြီးက ထိုစကားကို အဓိပ္ပာယ်မဲ့ ပြောလိုက်ခြင်း မဟုတ်ကြောင်း ဆန်းလျန် သိလိုက်သည်။ ထိုစကားမှာ တွေးခေါ်ပညာရှင် တစ်ယောက်၏ စကားနှင့် ခပ်ဆင်ဆင် တူလေသည်။
“ဒါပေမယ့် လူ့ဘဝဆိုတာ ဒုက္ခပင်လယ် ကြီးပဲလို့ သိသွားရင်တော့ လူတစ်ယောက်က လွတ်မြောက်ဖို့ ကြိုးစားမှာပဲ မဟုတ်ဘူးလား။ သူက လွတ်မြောက်ဖို့ နည်းလမ်းလည်း ရှာမှာပဲ။ မအောင်မြင်ဘူး ဆိုရင်တောင်မှ အနည်းဆုံးတော့ ကြိုးစားကြည့်သင့်တယ်။ ဒါမှ အဆုံးသတ်မှာ ငြိမ်းချမ်းရာကို ရောက်နိုင်မှာပေါ့”
စုန့်ချင်းယီက ပြောလိုက်လေသည်။
“ဘယ်ဖြစ်နိုင်မှာလဲကွာ။ ငတုံးတွေက ငတုံးတွေပါပဲ။ သိသည်ဖြစ်စေ မသိသည်ဖြစ်စေ ဘယ်သူမှ ကျင့်ကြံကြမှာ မဟုတ်ဘူး။ အဲဒီတော့ အဆုံးသတ်ကလည်း ဘာမှ ထူးခြားမှာ မဟုတ်ပါဘူး”
ဟိုင်သခင်ကြီးက ခပ်အေးအေးပင် ပြန်ပြောလိုက်လေသည်။
“ဟိုင်သခင်ကြီး ခင်ဗျားပြောတဲ့ လူတွေထဲမှာ ခင်ဗျားလည်း ပါနေမယ်နော်။ ဗုဒ္ဓဘုရား ကိုယ်တိုင်က လွဲရင် ဘယ်သူမှ သံသရာ ဝဋ်ဆင်းရဲကနေ အပြီးအပိုင် လွတ်မြောက်သွားသူ ဆိုတာ မရှိနိုင်ဘူး။ ဒီလိုပဲ ကြိုးစားကျင့်ကြံ ကြရတာပဲ”
စုန့်ချင်းယီက နှာခေါင်းတစ်ချက် မသိမသာရှုံ့ရင်း ပြောလိုက်လေသည်။
စုန့်ချင်းယီ၏ စကားကြောင့် ဟိုင်သခင်ကြီးက စိတ်ဆိုးသွားခြင်း မရှိပါ။
“ကျုပ်က ဗောဓိဿကျတစ်ပါး ဖြစ်လာအောင် ကျင့်ကြံနိုင်ပါသေးတယ်။ ဒါပေမယ့် ဒီငတုံးတွေကတော့ အလားအလာ မရှိပါဘူးကွာ”
ဟိုင်သခင်ကြီးက ပြုံး၍ပင် ပြန်ပြောလိုက်လေသည်။
ဟိုင်သခင်ကြီးက စကားကို ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်ခြင်း ဖြစ်သည်။ သူက အစွန်းရောက်သူ တစ်ယောက် မဟုတ်ပါ။ သူ့တွင် တန်ခိုးစွမ်းအားများစွာ ပိုင်ဆိုင် ထားလေသည်။ သို့သော် ဆန်းလျန်ကသာ သူ၏ တန်ခိုးစွမ်းအားများကို မသိမြင်နိုင် ဖြစ်နေရခြင်း ဖြစ်လေသည်။
ဆန်းလျန်မှာ နေရာတိုင်းတွင် အစွမ်းထက်သည့် ကျင့်ကြံသူများ ရှိနေလိမ့်မည်ဟု ထင်မထား ခဲ့မိပေ။ ယခုလည်း သူ့စိတ်ထဲတွင် မရေမရာ ဖြစ်ရလေသည်။ ဟိုင်သခင်ကြီးက သူ၏ တန်ခိုးစွမ်းအားများကို အခြားသူများ မသိအောင် ဖုံးကွယ် ထားသည်လား။ တန်ခိုးစွမ်းအားများကို အခြားသူများ မသိနိုင်အောင် ဖုံးကွယ်ထားနိုင်သည့် ပုဂ္ဂိုလ်ဆိုသည်မှာ လောကနတ်ဘုရား တစ်ပါး ဖြစ်ရန် အလွန်နီးစပ် နေသူများသာ ပြုလုပ်နိုင်သည့် တန်ခိုးစွမ်းအား ဖြစ်လေသည်။
ထိုသူများက လျှို့ဝှက်ကျင့်စဉ်များဖြင့် သူတို့၏ တန်ခိုးစွမ်းအားများကို ဖုံးကွယ်ထားတတ် ကြသည်။ မသိလျှင် သာမန် လူတစ်ယောက်ဟုသာ ထင်ရမည် ဖြစ်လေသည်။ သို့သော် သူတို့၏ ပုံသဏ္ဌာန်များမှာ များသောအားဖြင့် သာမန်လူများနှင့် မတူကြပေ။ ဥပမာအားဖြင့် ရှင်းစစ်စစ်နျန်ကဲ့သို့ သာမန်လူနှင့်မတူ လွန်စွာမှ ပြစ်မျိုးမှဲ့မထင် လှပနေခြင်းမျိုး ဖြစ်လေသည်။
သို့သော် ဟိုင်သခင်ကြီးကတော့ သာမန်လူတစ်ယောက် ပုံစံမျိုးမျှသာ ဖြစ်လေသည်။ သို့သော် စိတ်သဘောထား ကောင်းပုံတော့ ရသည်။
စုန့်ချင်းယီနှင့် ဟိုင်သခင်ကြီးတို့ ငြင်းခုန် နေကြသည်ကို နားထောင်ရင်း ဆန်းလျန် ပြုံးလိုက်မိလေသည်။ သို့သော် သူက ဝင်ပြောခြင်းတော့ မရှိပါ။
“ညီငယ်ဆန်းလျန်က ဘာတွေ ပြုံးနေတာလဲ”
ဟိုင်သခင်ကြီးက ရုတ်တရက် ထမေးလိုက်လေသည်။ ဝင်မပြောချင်၍ ဝေးဝေးနေပါသည် ဆိုမှ ပြုံးမိသည့်အတွက် အမေးခံရပြီ။
အမှန်တော့ ဆန်းလျန်က ဟိုင်သခင်ကြီး အကြောင်းကို ခန့်မှန်းကြည့်နေခြင်း ဖြစ်လေသည်။ သို့သော် ထိုသို့ ပေါ်တင်ကြီး သွားပြော၍လည်း မဖြစ်နိုင်ပေ။
“ကျုပ်က ဗုဒ္ဓကျမ်းစာတွေ အကြောင်း နည်းနည်း စဉ်းစားနေတာပါ”
ဟုသာ ပြောလိုက်ရလေတော့သည်။
“ကျုပ်တို့တွေ အားနေကြတာပဲ။ နည်းနည်းပါးပါး ပြောပြပါလား”
ဟိုင်သခင်ကြီးက မေးလိုက်လေသည်။
ဆန်းလျန်လည်း မတတ်သာတော့ပြီ။ ဗုဒ္ဓကျမ်းစာများကို အကိုးအကားဖြင့် ရှင်းရတော့သည်။
“ကျုပ်ကြားဖူးတာတော့ ဗုဒ္ဓဘုရားက လင်စန်းတောင်မှာ သီတင်းသုံး နေတုန်း မိုးနတ်မင်းက သူ့မိသားစုနဲ့အတူ ရောက်လာတယ်တဲ့။ ရွှေရောင်ကြာပန်းတွေနဲ့ ဗုဒ္ဓဘုရားကို ပူဇော်ပြီး တရားဓမ္မ ဟောကြားပေးဖို့ တောင်းပန်တယ်တဲ့။ ဒါပေမယ့် ဗုဒ္ဓဘုရားက စကားတစ်လုံးတောင် မပြောခဲ့ဘူး။ ရွှေရောင်ကြာပန်း တစ်ပွင့်ကို ရိုးတံကနေ ကိုင်လိုက်ပြီး သူ့တပည့် သာဝကတွေကို ပြလိုက်တယ်။ ဗုဒ္ဓဘုရားရဲ့ မျက်နှာတော်က အရမ်းတည်ငြိမ် အေးချမ်းနေတယ်။ အဲဒီအချိန်မှာ တောင်ပေါ်မှာ ရှိနေတဲ့ အခြားတပည့်တွေက ဗုဒ္ဓဘုရား ဆိုလိုတဲ့ အဓိပ္ပာယ်ကို ဘယ်သူမှ နားမလည်ကြဘူး။ ဗုဒ္ဓဘုရားရဲ့ ပထမဆုံး တပည့်ကြီးဖြစ်တဲ့ မဟာကျားရဲ့ ကိုယ်တော်ကြီးကပဲ အဓိပ္ပာယ်ကို နားလည်လို့ မတ်တတ် ရပ်လိုက်ပြီး ပြုံးလိုက်တယ်။ ဗုဒ္ဓဘုရားက ပြောတယ်။ “သံသရာလည်ရခြင်း အကြောင်းကို ငါကိုယ်တော် သိမြင်ခဲ့ပြီ။ ခံစားချက်တွေကြောင့် ဒုက္ခတွေ ဖြစ်ကြရတယ်။ အခု ဒီရွှေရောင် ကြာပန်းကို မင်းကိုပေးမယ်လို့ ပြောလိုက်တယ်။ အဲဒီကျမ်းစာကို ကြားဖူးပါသလား သခင်ကြီး”
“ကြားဖူးပါတယ်။ “ဗုဒ္ဓအမေးအဖြေများ” ဆိုတဲ့ ကျမ်းစာထဲမှာ ပါတယ်၊ ကျုပ်အရင်က ဖတ်ဖူးပါတယ်”
ဟိုင်သခင်ကြီးက ပြောလိုက်လေသည်။
ဆန်းလျန်မှာ ဟိုင်သခင်ကြီးအပေါ်တွင် အမြင် ပြောင်းသွားရသည်။ ဗုဒ္ဓကျမ်းစာများမှာ များပြားလွန်းပြီး ဗုဒ္ဓဘာသာမှာလည်း ကျယ်ပြန့်လှလေသည်။ ယခုကဲ့သို့ ကျမ်းစာနာမည် အတိအကျကို ပြောဆိုနိုင်ခြင်းမှာ အလွန်မှတ်ဉာဏ် ကောင်းမှပင် ဖြစ်နိုင်ပေမည်။ သာမန် လူများအတွက် မည်သို့မျှ မဖြစ်နိုင်ပေ။
ဆန်းလျန်က ပြုံးလိုက်ရင်း …
“ဒါဖြင့် ဗုဒ္ဓဘုရားက ရွှေကြာပန်းကို ယူလိုက်တဲ့အခါ မဟာကျားရဲ့ ကိုယ်တော်ကြီးက ဘာလို့ ပြုံးရတာလဲ သိလား”
ဆန်းလျန်၏ အမေးကို ဟိုက်သခင်ကြီးက ပြန်မဖြေပါ။ ပြုံးရုံသာ ပြုံးနေလေသည်။ သူက ပြန်ဖြေရန်အတွက် ပါးစပ်ကို ဟလိုက်ပြီးမှ မဖြေတော့ဘဲ နေလိုက်ခြင်း ဖြစ်လေသည်။
ဤသည်မှာ ဆန်းလျန် ရည်ရွယ်ချက်ပင် ဖြစ်လေသည်။ စကား ပြောပြီးသွားပြီ ဖြစ်သောကြောင့် ငြင်းခုန်စရာလည်း အကြောင်း မရှိတော့ပေ။
ဟိုင်သခင်ကြီး၏ အမေးကို ဆန်းလျန်လည်း ဖြေပြီးသွားပြီ။ စုန့်ချင်းယီက ဆန်းလျန်ကို အားကျမိသော်လည်း ဆန်းလျန်ပြောနေသည့် အကြောင်းအရာများကို တစ်လုံးမှ နားမလည်ပေ။ ချီးရှိုးကတော့ ဆန်းလျန်ကို လေးစားသည့် အကြည့်များဖြင့် တစ်ချက် ခိုးကြည့်လိုက်ပြီး အစားအသောက်များကို ဆက်လက်စားသောက် နေလိုက်လေသည်။
ဟွေခဲ့ ဆရာတော်မှာလည်း စကားရည်လုပွဲ ပြီးဆုံးသွားပြီ ဖြစ်သည်။ သူ၏ တရားစကားများက စကားလုံး လှလှများဖြင့် လူကြားကောင်းအောင် ဟောသည့် တရားစကားများ မဟုတ်ပေ။ လူအများ၏ နှလုံးသားထဲတွင် တစ်ခါတည်း စွဲမြဲသွားစေမည့် တရားစကားများ ဖြစ်လေသည်။ ထို့ကြောင့် အခြားသော ဘုန်းတော်ကြီးများမှာ ဟွေခဲ့ဆရာတော်၏ စကားများကို ချေပနိုင်ခြင်းငှာ မစွမ်းသာတော့ပေ။
ဟွေခဲ့ဆရာတော်က ထိုဘုန်းတော်ကြီးများကို သူဟောသည့် တရား မှန်ကန်သည်ဟု အတင်း လက်ခံခိုင်းနေခြင်း မဟုတ်ပါ။ သူက အမှန်တရားများကို လူသားတိုင်း၏ စိတ်နှလုံးအတွင်းသို့ ရှင်းလင်းစွာ ရောက်ရှိသွားရန် ရည်ရွယ်ပြီး ဟောပြောခြင်း ဖြစ်လေသည်။
ဟွေခဲ့ဆရာတော်က ထပြီး ထွက်ခွာ သွားလေသည်။ သို့သော် တံခါးမှ ထွက်ခွာသွားခြင်း မဟုတ်ပါ။ ဆန်းလျန်တို့ရှိရာ စားပွဲနားသို့ ထွက်ခွာသွားခြင်း ဖြစ်လေသည်။
ဟွေခဲ့ဆရာတော်၏ နှလုံးသားမှ တရားအလင်း စွမ်းအားများမှာ နေရောင် လရောင်ကဲ့သို့ တောက်ပနေပြီး ဆန်းလျန်ဆီသို့ ဖြာကျနေလေသည်။ ဆန်းလျန်ဆီသို့ ဖြာကျနေသည်က မဆန်းပါ။ သို့သော် ဟိုင်သခင်ကြီး ဆီသို့လည်း ဖြာကျနေလေသည်။ ထိုအချက်က ထူးဆန်းလွန်းလေသည်။
ဆန်းလျန်နှင့် အခြားသူများ၏ စိတ်ထဲတွင် ဟိုင်သခင်ကြီးနှင့် ဟွေခဲ့ဆရာတော်မှာ လူများအကြားတွင် ရှိနေသည့်တိုင် အခြားလောကမှ လာသော လူသားများ ကဲ့သို့ ခံစားလိုက်ကြ ရလေသည်။
ဟွေခဲ့ဆရာတော်နှင့် ဟိုင်သခင်ကြီးမှာ ပန်းချီကား တစ်ခုထဲတွင် သီးခြား တည်ရှိနေပြီး အခြား သူများက ထိုပန်းချီကားကို ကြည့်နေရ သကဲ့သို့ပင် ဖြစ်လေသည်။
ဟိုင်သခင်ကြီးက သက်ပြင်းတစ်ချက် ချလိုက်ရင်း …
“ခင်ဗျားကို ပထမဆုံးအကြိမ် တွေ့တုန်းက ခင်ဗျားနာမည်က စန့်ကွမ်း မဟုတ်လား”
ဟုပြောလိုက်သည်။
ဟွေခဲ့ဆရာတော်က ခပ်ပါးပါးလေး တစ်ချက် ပြုံးလိုက်သည်။
“အတိတ်က အတိတ်ပါပဲ။ မြူခိုးတွေလို လွင့်ပြယ် သွားရတာပါပဲ။ သခင်ကြီး ဘဝမှာလည်း မြူခိုးတွေလို လွင့်ပျံသွားတဲ့ အရာတွေ အများကြီးပဲ မဟုတ်လား။ ဘာလို့စိတ်ထဲ သိမ်းဆည်းထားနေ မလဲ။ ခုချိန်မှာ ကျုပ်က ဟွေခဲ့ပါပဲ”
“ကျုပ် ဘာလို့ ဒီကိုရောက်နေရလဲ ခင်ဗျား မသိချင်ဘူးလား”
ဟိုင်သခင်ကြီးက မေးလိုက်လေသည်။
“ဒီဆယ်စုနှစ်တွေ အတွင်းမှာ သခင်ကြီးက ကြီးမြတ်တဲ့ ပေါင်ယွဲ့ဆရာတော်ကြီးနဲ့ ဆယ်ကြိမ်မက ရင်ဆိုင်ယှဉ်ပြိုင် ခဲ့ကြတာပဲ။ ဒီတစ်ခေါက် ရောက်လာတာလည်း အခြား တစ်ခေါက်တွေလိုပဲ မဟုတ်ဘူလား”
ဟွေခဲ့ဆရာတော်က အေးအေးပင် ပြန်ပြောလိုက်သည်။
“တကယ်တော့ ကျုပ်က သူ့ဆီက ပစ္စည်းလေးတစ်ခု ခဏငှားချင်တာ။ သူက မငှားဘူးလေ။ အဲဒီတော့ ကျုပ်က ကျုပ်နည်းကျုပ်ဟန်နဲ့ ယူဖို့ ရောက်လာရတာပေါ့”
ဟိုင်သခင်ကြီးက ဟွေခဲ့ဆရာတော်ကို စူးစိုက်ကြည့်နေ လိုက်လေသည်။ ဤမင်ဝမ် ဝတ်ကျောင်းတော်မှ ဘုန်းတော်ကြီးကိုလည်း လျှော့တွက်၍ မရပေ။
ဟိုသခင်ကြီး အနေဖြင့် ဗောဓိဿကျ အမွေအနှစ်များကို ရယူလိုခြင်းမှာ ကျင့်စဉ်လမ်း အဆင့်တက်ချင်၍ ဖြစ်သည့်အပြင် ကျရောက်မည့် ဘေးအန္တရာယ်များမှ ကျော်လွန် ချင်သောကြောင့်လည်း ဖြစ်လေသည်။
ထို့ကြောင့် သူ့အတွက် အတားအဆီးများ အားလုံးကို ကာကွယ်ထားရမည် ဖြစ်လေသည်။
လောကဒုက္ခ တရားများထဲတွင် သံသရာလည်ရင်း မိုးကောင်းကင်ကို ဆန့်ကျင့်သည့် ကျင့်စဉ်လမ်းကို လျှောက်လှမ်းမည်ဆိုလျှင် သဘာဝတရား ဖောက်ပြန်ပျက်စီးပြီး ဘေးအန္တရာယ်များ ကျရောက် တတ်လေသည်။ ထို ဘေးအန္တရာယ်များမှာ အန္တရာယ် ကြီးလေသည်။ သို့သော် ကျင့်စဉ်ပြီးဆုံး အောင်မြင်သည်နှင့် အရာအားလုံးကို ကျော်ဖြတ်နိုင်မည် ဖြစ်လေသည်။ မည်သည့် အရာမျှ ကျန်ရစ်ခဲ့မည် မဟုတ်ပေ။
ကျရောက်မည့် ဘေးအန္တရယ်များမှာ လွန်စွာမှ ပြောရ ခက်လေသည်။ သူကိုယ်တိုင်သာမက သူနှင့် ပတ်သက်နေသည့် အရာများတွင်ပင် ဘေးအန္တရာယ် ကျရောက်မှာ ဖြစ်လေသည်။
အဆင့်မြင့် တန်ခိုးစွမ်းအား ရှိသူများနှင့် နတ်ဘုရားတစ်ပါး နီးပါး တန်ခိုးစွမ်းအား ရှိသူများသာ သူတို့ကိုယ် သူတို့ ကာကွယ်နိုင်ကြမည် ဖြစ်လေသည်။
“သခင်ကြီး ကျုပ်တို့ရဲ့ ရူပနတ်ဘုရား မင်းကြီးနဲ့ မင်းတွေ့ခဲ့တုန်းက နတ်ဘုရား မင်းကြီးက မင်းကို ပြောလိုက်တဲ့ စကားကို မှတ်မိသေးလား”
ဟွေခဲ့ဆရာတာ်က တည်ငြိမ်စွာပင် ပြန်ပြောလိုက်သည်။
ထိုစကားကို ကြားသည့်အခါ ဟိုင်သခင်ကြီးက ဟွန့်ခနဲ အသံတစ်ချက် ပြုလိုက်ရင်း …
“သူပြောတဲ့ စကားတွေက အလကား ဟာတွေပါပဲ”
ဟု ပြန်ပြောလိုက်လေသည်။
ဟိုင်သခင်ကြီး စကားကြောင့် ဟွေခဲ့ဆရာတော်က ရယ်မောလိုက်လေသည်။
“မင်းလည်း ဗုဒ္ဓလမ်းစဉ်ကို သိရှိတဲ့သူပဲ။ ရူပနတ်ဘုရား မင်းကြီးရဲ့ စကားက မမှားနိုင်ပါဘူး။ မင်းသာ တကယ်တမ်း ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ် ချင်တယ်ဆိုရင် ဗုဒ္ဓရဲ့ တပည့် ဖြစ်လာနိုင်တာပဲ။ ပေါင်ယွဲ့ ဆရာတော်ကြီးကလည်း မင်းကို ဗောဓိဿကျ အမွေအနှစ်တွေကို ငှားလိုက် မှာပါပဲ”
ပြီးခဲ့သည့် မျိုးဆက် ရူပနတ်ဘုရား မင်းကြီး မင်ဝမ် ကျောင်းတော်ကို အုပ်ချုပ်စဉ် အချိန်တွင် ဟိုင်သခင်ကြီးမှာ ကျင့်စဉ်လမ်းတွင် အောင်မြင် ပြီးကာစအချိန် ဖြစ်လေသည်။ ထို့ကြောင့် သူက သူ၏ တန်ခိုးစွမ်းအားများကို စမ်းသပ်ရန်အတွက် ဆန္ဒ စောနေခဲ့သည်။ သူက မင်ဝမ် ဝတ်ကျောင်းတော်သို့ ရောက်လာ ခဲ့လေသည်။ မင်ဝမ် ဝတ်ကျောင်းတော်မှ မည်သည့် ဘုန်းတော်ကြီးမှ သူ့ကို မယှဉ်နိုင်သည့် အတွက် ရူပနတ်ဘုရား မင်းကြီးကို စိန်ခေါ်ခဲ့သည်။
ထိုအချိန်တုန်းက ဟွေခဲ့ဆရာတော်မှာ ရူပနတ်ဘုရား မင်းကြီးဘေးတွင် ထိုင်နေခဲ့သည့် ကိုရင်ပေါက်စလေး တစ်ပါးသာ ဖြစ်ပြီး သူ့ကို စန့်ကွမ်းဟု ခေါ်ကြလေသည်။ ဟိုင်သခင်ကြီးသည် သူသိသမျှသော ကျင့်စဉ်များ ဂါထာမန္တန်များကို အသုံးပြုကာ ရူပနတ်ဘုရား မင်းကြီးကို တိုက်ခိုက် ခဲ့လေသည်။ တိုက်ခိုက်ပုံ နည်းလမ်း တစ်ခုမှ မထပ်ဘဲ အမျိုးမျိုးသော နည်းလမ်းများဖြင့် တိုက်ခိုက်သည့်တိုင် ရူပနတ်ဘုရား မင်းကြီးက ထိုင်ရာမှပင် မထဘဲ ဟိုင်သခင်ကြီး၏ တန်ခိုးစွမ်းအားများ အားလုံးကို ခုခံချေဖျက် ခဲ့လေသည်။
ထိုနေ့က ဟိုင်သခင်ကြီး၏ ထိတ်လန့် တုန်လှုပ်နေသည့် မျက်နှာကို ဘဝရှစ်ဘဝ ခြားခဲ့သည့်တိုင် ဟွေခဲ့ဆရာတော်က မှတ်မိ နေခဲ့ပါသေးသည်။ ယခုတော့ ဟွေခဲ့ဆရာတော်က ဘဝ ကိုးဘဝမြောက်သို့ ရောက်ခဲ့ပြီဖြစ်ပြီး ရူပနတ်ဘုရား မင်းကြီး ဖြစ်ရန်အတွက်ပင် ရွေးချယ်ခံရသည့် အဆင့်တွင်ပင် ပါဝင် နေခဲ့ပြီ။
ထိုနေ့က ရူပနတ်ဘုရား မင်းကြီးက ထိတ်လန့်နေသည့် ဟိုင်သခင်ကြီးကို ပြောခဲ့သည့် စကားမှာ ထိုလူငယ်မှာ ဗောဓိဿကျနှင့် ရေစက်ပါသူ ဖြစ်သည့်အတွက် မင်ဝမ် ဝတ်ကျောင်းတော်ကို ဖျက်ဆီးခဲ့သူ ဖြစ်သည့်တိုင် လွှတ်ပေးလိုက်မည် ဆိုသည့် စကားပင် ဖြစ်လေသည်။
***