Switch Mode

အခန်း (၁၆၁)

ဟိုင်သခင်ကြီး

ကျင့်ကြံသူများအတွက် ဝိညာဉ်အလင်းတရား ရခြင်းနှင့် ပင်ကိုယ် အရည်အချင်း ရှိခြင်းမှာ အတူတူပင် အရေးပါလေသည်။

လူအများစုက ဝိညာဉ်အလင်းတရား ရခြင်းမှာ ပါရမီရှိမှ ရနိုင်သည်ဟု ထင်နေကြသည်။ လူတစ်ယောက်သည် တော်သည့်သူက တော်ပြီး၊ တုံးသည့်သူက တုံးမည်သာ ဖြစ်သည်။ ကံတရား အတိုင်းသာ ဖြစ်သည်ဟု ထင်ကြလေသည်။

အမှန်တော့ ထိုသို့မဟုတ်ပါ။ ဗောဓိဿကျ ဘုရားကလည်း တရားစာပေများ ချန်ထား ခဲ့လေသည်။ တာအိုဆရာ သခင်ကြီးများကလည်း ကျမ်းစာပေါင်းများစွာ ချန်ထား ခဲ့လေသည်။ သူတော်စင် အယောက်တစ်ရာကလည်း သူတို့၏ အတွေးအခေါ် အယူအဆများကို မှတ်တမ်းများ ရေးသားပြုစု ခဲ့ကြလေသည်။ လူတစ်ယောက်သည် ထိုစာပေများကို ဖတ်ရှုပြီး နားလည်သဘောပေါက် နိုင်ခဲ့လျှင် မည်သို့ပင် တုံးအသည့် သူတစ်ယောက် ဖြစ်ပါစေ ဝိညာဉ်အလင်းတရား ရရှိမည်သာ ဖြစ်လေသည်။

အရည်အချင်း ဆိုသည်က ပျက်စီးတတ်သည့် သဘောရှိပြီး ဝိညာဉ်အလင်းတရား ရခြင်းကတော့ မည်သည့်အခါမှ ဆုံးရှုံးခြင်းသို့ ရောက်ရှိနိုင်မည် မဟုတ်ပေ။

သို့သော် ကျမ်းစာများကို ဖတ်ရှုသည့်သူက လူနည်းစုမျှသာ ဖြစ်လေသည်။ ကျမ်းစာများကို ဖတ်ရှုပြီး တရားအလင်း ရကြသူမှာလည်း အနည်းငယ်မျှသာ ရှိလေသည်။

ဟွေခဲ့ ဆရာတော်ကတော့ ထိုသို့ ကျမ်းစာများကို ဖတ်ရှုခြင်း မရှိသည့် လူအများ တရားသဘောကို နားလည်လာအောင် လွယ်ကူသည့် တရားများကို ဟောပြောလေသည်။ ရိုးရှင်းသော်လည်း လွန်စွာမှ ထူးခြားသည့် နည်းလမ်း ဖြစ်သည်။

အကျင့်တရားနှင့် ပြည့်စုံသည့် ပုဂ္ဂိုလ်တစ်ယောက် တရားဟောမည် ဆိုပါက ကျောက်တုံးကပင် ခေါင်းညိတ်မည် ဖြစ်လေသည်။ သို့သော် အကျင့်တရား မရှိဘဲ ဟောပြောနေမည် ဆိုပါက ဟောပြောနေသူ ကိုယ်တိုင်အတွက်ပင် အကျိုး မရှိနိုင်ပေ။

ပေါင်ယွဲ့ဆရာတော်ကြီး အနေဖြင့် ဟွေခဲ့ဆရာတော်ကို အခက်တွေ့စေလိုခြင်း အလျင်း မရှိပါ။ သို့သော် ဟွေခဲ့ဆရာတော်၏ အပြုအမူကြောင့် ဒေသတွင်းရှိ အခြားသော ဆရာတော်များမှာ အခက် တွေ့နေရသည့် အတွက် ထိုပြဿနာကို ဖြေရှင်းရန် ဟွေခဲ့ဆရာတော်နှင့် စကားရည်လုပွဲ ကျင်းပဖို့ ဆုံဖြတ်ခဲ့ရခြင်း ဖြစ်လေသည်။

ထိုသတင်းစကားကို ကြားရသည့် အခါတွင်တော့ ဆန်းလျန်မှာ ဟွေခဲ့ဆရာတော် အပေါ်တွင် လေးစားသွားကာ အမြင်လည်း ပြောင်းသွားမိလေသည်။ သူ ဟန့်ဟိုင်ပင်လယ် ယှဉ်ပြိုင်ပွဲတွင် ဟွေခဲ့ ဆရာတော်ကို တွေ့စဉ်က သိပ်ပြီး မလေးစားခဲ့ မိသည်များမှာ ပျောက်ကွယ် သွားခဲ့လေသည်။

အမှန်တော့ လူတစ်ယောက်ကို အမြင်နှင့် ဆုံးဖြတ်၍ မရနိုင်ပေ။ လူဆိုသည်မှာ မိမိကိုယ်ကိုသာ အသိဆုံး ဖြစ်လေသည်။

ဆန်းလျန်က မေးလိုက်သည်။

“ချင်းယီ အခု ဟွေခဲ့ဆရာတော် ဘယ်မှာလဲ မင်းသိလား”

“မသိပါဘူးကွာ။ ဒါပေမယ့် သိချင်ရင် နည်းလမ်းတော့ ရှိတယ်”

စုန့်ချင်းယီက ပြန်ဖြေလိုက်လေသည်။

ထို့နောက် သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ပြီး သူ့လက်ထဲတွင် အမွှေးတိုင်တစ်တိုင် ပေါ်လာလေသည်။

“အစ်ကိုဆန်း ကျုပ်ကို တစ်ခုလောက် ကူညီပါလား”

ဟု ပြောလိုက်လေသည်။

စုန့်ချင်းယီက ဆန်းလျန်၏ ထိုက်ရွှီးတန်ခိုး စွမ်းအားရှစ်မျိုး အကြောင်းကို သိထားသူ ဖြစ်လေသည်။ ထို့ကြောင့် ဆန်းလျန်အတွက် အမွှေးတိုင် ထွန်းရန် မီးတောက်လေး တစ်ခု ဖန်ဆင်းပေးရုံဖြင့် အပန်းမကြီး လှပေ။

စုန့်ချင်းယီက အမွှေးတိုင်ထွန်းပြီး ဘာလုပ်မည်မှန်း မသိသည့်တိုင် ဆန်းလျန်ကလည်း အပန်းမကြီးသောကြောင့် ကူညီလိုက်လေသည်။ သူက လက်ဖျောက်တစ်ချက် တီးလိုက်ပြီး သူ့လက်ဖျားတွင် တောက်ပသည့် မီးတောက်လေးတစ်ခု ဖန်ဆင်းလိုက်လေသည်။ ထိုမီးတောက် လေးဖြင့် အမွှေးတိုင်လေးကို ထွန်းညှိ ပေးလိုက်သည်။ အမွှေးတိုင်လေးမှာ အလွန် ထူးခြားသည့် အမွှေးတိုင်လေး တစ်ခု ဖြစ်လေသည်။ အချိန်ခဏ ကြာပြီးသည့်နောက် အမွှေးတိုင်နားတွင် နှင်းပွင့်လေးများ ဝန်းရံလာလေသည်။ စုန့်ချင်းယီက အမွှေးတိုင်လေးကို နှင်းတောထဲတွင် ထိုးစိုက်လိုက်သည်။ အမွှေးတိုင်မှ ထွက်ပေါ်လာသည့် အငွေ့များက မိုးပေါ်သို့ တည့်တည့်မတ်မတ်ပင် တက်သွားလေသည်။ လေတိုက်နေသည့်တိုင် ထိုအမွှေးတိုင် ငွေ့များက လေနှင်ရာ ယိမ်းနွဲ့သွားခြင်း မရှိပေ။

စုန့်ချင်းယီက အမွှေးတိုင်လေး ရှေ့တွင် လေးစားသမှုဖြင့် လက်အုပ် ချီလိုက်သည်။

“ဆရာ … ဆရာ အခုလောလောဆယ် အားနေတယ်ဆိုရင် မင်ဝမ် ဝတ်ကျောင်းတော်က ဟွေခဲ့ဆရာတော် ဘယ်မှာရှိတယ်ဆိုတာ ပြောပြ ပေးနိုင်မလား”

ဟု မေးလိုက်လေသည်။

ဆန်းလျန်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ သူက စုန့်ချင်းယီ ထိုသို့ ပြုလုပ်လိမ့်မည်ဟု ထင်မထားမိပေ။

ခဏအကြာတွင်တော့ အမွှေးတိုင်လေးမှာ မီးလောင်ကျွမ်းသွားပြီး ပြာဖြစ် သွားလေသည်။ ထိုအမွှေးတိုင် ပြာများတွင် စာလုံးများ ပေါ်နေလေသည်။

“နတ်အရက်ဗိမာန်”

ဆိုသည် စာလုံးများပင် ဖြစ်လေသည်။

စုန့်ချင်းယီက လက်ခုပ်တစ်ချက် တီးလိုက်ရင်း …

“ကံကောင်းတာပဲ။ ဆရာက အဖြေပြန်ပေးတယ်။ ဒါပေမယ့် “နတ်အရက်ဗိမာန်” ဆိုတာ ဘယ်နေရာမှာ ရှိတာလဲ”

ဟုပြောလိုက်လေသည်။

“ကျွန်မသိတယ်”

ဟု ချီးရှိုးက ပြန်ဖြေလိုက်သည်။

သူမစကားကြောင့် စုန့်ချင်းယီက တအံ့တသြဖြင့် …

“မင်းက ဘယ်လိုလုပ် သိရတာလဲ ချီးရှိုး။ အဲဒီနေရာကို ရောက်ဖူးလို့လား။ မင်းက သီလရှင် တစ်ပါးပဲ။ ဘယ်လိုလုပ် အရက်သောက်လို့ ရမှာလဲ”

စုန့်ချင်းယီ၏စကားကြောင့် ချီးရှိုး၏ မျက်နှာလေးမှာ နီရဲသွားရသည်။

“ကျွန်မလည်း ဖြတ်သွားရင်းနဲ့ ရောက်ဖူးတာပေါ့ အစ်ကိုစုန့်”

ဟုပြန်ပြောလိုက်လေသည်။

“အင်းလေ မင်းက သိတယ်ဆိုလည်း ကောင်းတာပေါ့။ ကျုပ်တို့ကို လမ်းပြပေးပါလား”

ဟု စုန့်ချင်းယီက ပြန်ပြောလိုက်လေသည်။

ဆန်းလျန်၏ စိတ်ထဲတွင် ရှန်ဆန်းကျန်းရန်လုကျိုးယွမ်ကို လွန်စွာမှ လေးစားသွားမိ လေသည်။ တစ်ချိန်တည်းမှာပင် ရှန်ဆန်းကျန်းရန်လုကျိုးယွမ်၏ တန်ခိုးစွမ်းအားမှာ မည်မျှ ကြီးမားကြောင်းလည်း သဘောပေါက်သွား ရသည်။ စုန့်ချင်းယီ၏ စိတ်ထဲမှ မေးခွန်းကို သိမြင်နိုင်သည် အထိ စွမ်းအားကြီးမား လေသည်။

ဒဏ္ဍာရီများထဲတွင် ဗောဓိဿကျနှင့် တာအိုဆရာ သခင်ကြီးများမှာ လူတစ်ယောက်၏ စိတ်နှလုံးကို သိမြင်နိုင်စွမ်း ရှိကြသည်ဟု အဆိုရှိလေသည်။ ရှန်ဆန်းကျန်းရန် လုကျိုးယွမ်က စုန့်ချင်းယီ သိချင်နေသည့် အဖြေကို အမွှေးတိုင်မှ ပြာလေးတစ်ခုဖြင့် အဖြေပေးသည်မှာတော့ လွန်စွာမှ အံ့သြစရာ ကောင်းလေသည်။ လောကပထမဟု နာမည် ကျော်ကြားလောက်သည့် ပုဂ္ဂိုလ်ထူးပင် ဖြစ်လေသည်။

ထိုသို့သော တန်ခိုးစွမ်းအားများ ရရှိနိုင်ရန်အတွက် မည်မျှ အချိန်ကြာမြင့်စွာ လေ့ကျင့်ရမည်ကို ဆန်းလျန် မသိပါ။

ဆန်းလျန်က တစ်ချိန်တွင်တော့ ထိုကဲ့သို့သော စွမ်းအားများ ရရှိအောင် ကျင့်ကြံမည်ဟု ဆုံးဖြတ်ချက် ချလိုက်မိသည်။ ဆန်းလျန်ကသာ အံ့သြထူးဆန်း နေသော်လည်း ဆရာဖြစ်သူနှင့် အမြဲ ရင်းရင်းနှီးနှီး ရှိနေသည့် စုန့်ချင်းယီကတော့ ဆရာဖြစ်သူ၏ တန်ခိုးစွမ်းအားများကို ထူးဆန်းသည်ဟု မခံစား မိတော့ပေ။

နတ်အရက်ဗိမာန်က ဧည့်သည် သုံးယောက်ကို ကြိုဆိုလိုက်သည်။ တာအိုဆရာလေး နှစ်ယောက်နှင့် သီလရှင်လေး တစ်ပါး ဖြစ်လေသည်။

သို့သော် ယနေ့ နတ်အရက်ဗိမာန်တွင် လူများစည်ကားလျက် ရှိလေသည်။ ထို့ကြောင့် သူတို့သုံးယောက်ကို မည်သူမျှ စိတ်ဝင်စားခြင်း မရှိကြပါ။ နတ်အရက် ဗိမာန်တွင် ကုန်သည်များ၊ စစ်သည်တော်များ အပြင် မင်းမှုထမ်း အရာရှိကြီးများ၊ မင်းမျိုးမင်းနွယ်များပါ ရောက်ရှိ နေကြလေသည်။ အားလုံးမှာ သူတို့နေရာတွင် သူတို့ ထိုင်နေကြခြင်း ဖြစ်လေသည်။ နေရာမှာ ပြည့်နေပြီ ဖြစ်သောကြောင့် ဆန်းလျန်တို့ သုံးယောက်မှာ ထိုင်စရာနေရာ မရကြတော့ပေ။

ဆန်းလျန်က ဟွေခဲ့ဆရာတော်ကို လှမ်းမြင် နေရလေသည်။ ဆရာတော်၏ ပုံစံမှာ အရင်ကအတိုင်း ရိုးရိုးရှင်းရှင်းပဲ ဖြစ်လေသည်။ သို့သော် ဆရာတော်၏ ဖိနပ်များမှာတော့ စုတ်ပြဲနေခြင်း မရှိတော့ပေ။

ပတ်ဝန်းကျင် တစ်ခုလုံးတွင် တရားသံများ ဖုံးလွှမ်းနေပြီး ဟွေခဲ့ ဆရာတော်သည် ဘုန်းတော်ကြီး တစ်စုနှင့် စကားရည် လုနေလေသည်။

ဟွေခဲ့ဆရာတော်က အေးအေးဆေးဆေးပင် ဖြစ်သော်လည်း ငြင်းခုန်နေကြသည့် ဘုန်းတော်ကြီးများမှာ ဟွေခဲ့ဆရာတော်ကို များစွာ မကျေမနပ် ဖြစ်နေကြပုံ ရလေသည်။

ထိုသို့ အငြင်းပွား နေကြသည်မှာ နေဝင်သည်အထိ ပြီးဆုံးမည် မဟုတ်ကြောင်း ဆန်းလျန် ရိပ်မိလိုက်သည်။ ထို့ကြောင့် အချိန်ကြာဦးမည် ဖြစ်လေသည်။

ဆန်းလျန်က ထိုမျှ အချိန်အကြာကြီး မတ်တတ်ရပ်နေလိုခြင်း မရှိပါ။ သို့သော် ထိုင်စရာ နေရာလည်း မရှိတော့သည့် အတွက် မတတ်သာဘဲ မတ်တတ် ရပ်နေလိုက်ရ တော့သည်။

အခြားသော ဧည့်သည်များကိုလည်း သွားနှင်ထုတ်၍ မရပေ။ အဘယ်ကြောင့်ဆိုသော် နတ်အရက် ဗိမာန်မှာ ဂုဏ်သရေရှိ လူများသာ လာကြသည့် နေရာတစ်နေရာ ဖြစ်လေသည်။ ဆန်းလျန်တွင် ရွှေသစ်ရွက်လေးများ ပါသည့်တိုင် ထိုရွှေ သစ်ရွက်လေးများဖြင့် နေရာ တစ်နေရာကိုပင် ရှာ၍မရ ဖြစ်နေရလေသည်။

ထိုအချိန်မှာပင် စားပွဲထိုးလေး တစ်ယောက်က ဆိုင်ပိုင်ရှင် အနားသို့ သွားကာ တီးတိုးပြောကြား လိုက်လေသည်။ ဆိုင်ပိုင်ရှင်၏ မျက်နှာမှာ ချက်ချင်းပင် ပြုံးရွှင်သွားပြီး …

“ဧည့်သည်တော်တို့ စားပွဲအလွတ် တစ်ခုတော့ ရှိပါတယ်။ အဲဒီမှာ လူတစ်ယောက်တော့ ထိုင်နေတယ်။ ဒါပေမယ့် အဲဒီလူက ဧည့်သည်တော်တို့ကို ထိုင်ခွင့် ပြုမယ်တဲ့”

ဟုပြောလိုက်လေသည်။

ထို့နောက် ဆိုင်ရှင်က ဆန်းလျန်ပေးသည့် ရွှေသစ်ရွက်လေးကို ယူရန် လက်လှမ်း လိုက်လေသည်။

သို့သော် ဆန်းလျန်က ရွှေသစ်ရွက်လေးကို ပြန်သိမ်းလိုက်လေသည်။

“ဒါ ဘာအဓိပ္ပာယ်လဲ”

ဆိုင်ရှင်က မေးလိုက်လေသည်။

“အဲဒီလူက ကျုပ်တို့နဲ့အတူ ထိုင်ချင်တယ်လို့ ပြောတာမလား။ အဲဒီတော့ ပေးစရာ မလိုတော့ဘူးလေ”

ဟု ဆန်းလျန်က ပြောလိုက်လေသည်။

ဆိုင်ရှင်မှာ စိတ်အညစ်ကြီး ညစ်သွားရ လေသည်။ ဆန်းလျန် အဖြစ်မှန်ကို မည်သို့ သိသွားသည်လည်း သူစဉ်းစား၍ မရပါ။ သူနှင့် စားပွဲထိုးလေး တီးတိုးပြောဆို နေသည်ကို ကြားသွားခြင်း ဖြစ်နိုင်သည်ဟုသာ တွေးလိုက်မိလေသည်။

ဆန်းလျန်ကလည်း စိတ်ထားကောင်းသည့်တိုင် တစ်ခါတရံတွင်တော့ ထိုသို့ ညစ်ကျယ်ကျယ် အပြုအမူလေးများ ပြုလုပ် တတ်လေသည်။

ဆန်းလျန်က တစ်ယောက်တည်း ထိုင်နေသည့် လူရှိရာ စားပွဲဆီသို့ လှမ်းကြည့်လိုက်သည်။ ထိုသူမှာ အသက် နှစ်ဆယ်ကျော်ခန့်သာ ရှိဦးမည် ဖြစ်ပြီး ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားလေသည်။ သူဝတ်ဆင်ထားသည့် ရတနာ ပစ္စည်းများမှာလည်း တန်ဖိုးဖြတ်၍ မရနိုင်ပေ။ ချမ်းသာကြွယ်ဝသည့် လူတစ်ဦး ဖြစ်ပုံရလေသည်။

ထိုသူက ဆန်းလျန်ကို ပြုံး၍ ကြည့်နေပြီး သူနှင့်အတူ လာထိုင်ရန် ဖိတ်ခေါ်လိုက်လေသည်။

သူတို့ သုံးယောက်လုံး ထိုစားပွဲဆီသို့ အလျင်အမြန် သွားလိုက်ကြလေသည်။ ပထမဆုံး ရောက်သွားပြီး ထိုင်လိုက်သည့် သူမှာ စုန့်ချင်းယီ ဖြစ်လေသည်။ ဆန်းလျန်က စုန့်ချင်းယီနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်ပြီး ဆန်းလျန်ဘေးတွင်တော့ ချီးရှိုးက ထိုင်လိုက်လေသည်။

“ထိုင်ခွင့်ပြုတာ ကျေးဇူးတင်ပါတယ်ဗျာ။ ဒီက မိတ်ဆွေရဲ့ နာမည်လေးများ မသိရဘူးလား”

“ကျုပ်ကို ဟိုင်သခင်ကြီးလို့ ခေါ်နိုင်ပါတယ်”

လူရွယ်က ခပ်ဖြည်းဖြည်းပင် ပြန်ပြောလိုက်လေသည်။

“ကျုပ်နာမည်ကတော့ စုန့်ချင်းယီပါ။ သူကတော့ ဆန်းလျန်၊ ဒီသီလရှင် ဆရာလေးကတော့ ချီးရှိုးလို့ ခေါ်ပါတယ်”

ဟိုင်သခင်ကြီးက ခေါင်းတစ်ချက် ညိတ်ပြလိုက်ပြီး သူ၏ အကြည့်က ဆန်းလျန်ဆီတွင် ရပ်တန့် သွားသည်။ ဆန်းလျန်၏ ဦးခေါင်းထက်တွင် ကျောက်စိမ်း ဆံထိုးတစ်ခု ထိုးစိုက်ထားပြီး ရှည်လျားသည့် ဆံနွယ်များက ပခုံးထက်တွင် ကျနေလေသည်။ သူ၏ပုံစံမှာ အလွန်မှ ချောမောလှပပြီး ကျက်သရေ ရှိလှလေသည်။

ဘုရင့်နန်းတော်မှ မင်းညီမင်းသား တစ်ပါးသည်ပင် သူ့လောက် ကျက်သရေ ရှိနိုင်လိမ့်မည် မဟုတ်ပေ။

ဆန်းလျန်မှာတော့ ဟိုင်သခင်ကြီးဆိုသည့် အမည်ကို ကြားလိုက်ရသည့် အတွက် စိတ်လှုပ်ရှား သွားမိလေသည်။ လွန်ခဲ့သည့် နှစ်များစွာက သူနှင့် မတော်တဆတွေ့ပြီး သတ်ခဲ့မိသည့် မြွေမိစ္ဆာမ တစ်ကောင်ကို သတိရသွားမိသည်။ ထိုမြွေမိစ္ဆာမက သူမကိုယ်သူမ ဟိုင်သခင်ကြီး၏ ကိုယ်လုပ်တော်ဟု ပြောခဲ့ဖူးလေသည်။

သို့သော် လူတူမရှား နာမည်တူမရှားလည်း ရှိသည်ဖြစ်ရာ ထိုမြွေမိစ္ဆာမ ပြောသည့် ဟိုင်သခင်ကြီးနှင့် ယခု သူ့ရှေ့တွင် ရောက်နေသည့် ဟိုင်သခင်ကြီးမှာ တစ်ယောက်တည်းလား၊ နာမည်တူခြင်းလား ဆိုသည်ကိုတော့ ဆန်းလျန် ခွဲခြား၍ မသိနိုင်ပေ။

ထို့ပြင် သူ့ရှေ့ရှိ လူရွယ်ထံမှ မည်သည့် တန်ခိုးစွမ်းအားများကိုမှ ခံစားရခြင်း မရှိပါ။

ဟိုင်သခင်ကြီးကလည်း ဆန်းလျန်ကို အတန်ကြာ လေ့လာနေပြီးမှ သူ၏အာရုံကို တရားဆွေးနွေး ငြင်းခုန်နေကြသည့် ဆရာတော်များထံသို့ ရွှေ့ပြောင်း လိုက်လေသည်။

ဟွေခဲ့ဆရာတော်မှာ အခြားသော ဆရာတော်တစ်ပါးနှင့် စကားရည် လုနေပြီး ထိုဆရာတော်မှာ ဟွေခဲ့ဆရာတော်ကို နိုင်အောင် မပြောနိုင်တော့ပေ။

***

Comment

Leave a Reply

Options

not work with dark mode
Reset