Switch Mode

အခန်း (၁၆၀)

ချီးရှိုး

မြူခိုးများက အေးစိမ့်နေပြီး နှင်းများက ကျနေဆဲ ဖြစ်လေသည်။

သီလရှင် မိန်းကလေး၏ လက်များဆီမှ ထွက်ပေါ်နေသည့် အဖြူရောင် အလင်းတန်းများမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီ ဖြစ်သည်။ သူမက ဖြည်းဖြည်းချင်းချင်း လက်ကို ရုပ်သိမ်း လိုက်သည်။ ရှောင်ရွှင်၏ ဒဏ်ရာမှာ သက်သာသွားပြီ ဖြစ်လေသည်။ သူက သွေးများ ပေကျံနေသည့် အတောင်ပံများကို တဖျတ်ဖျတ်ခတ်ကာ ဆန်းလျန်ဆီသို့ ပျံသန်းလာလေသည်။

ချမ်းမော့က ရှောင်ရွှင် သူတို့အနားသို့ ပျံသန်းလာသည်ကို တွေ့သည့်အခါ ကြိုဆိုခြင်း မရှိပါ။ အဝေးတွင် နေဆိုသည့် သဘောဖြင့် အတောင်ပံကိုပင် ခါပြလိုက်သေးသည်။

သီလရှင် မိန်းကလေးငယ်သည် ဆန်းလျန်ကို တွေ့သည်နှင့် သူမ၏ မျက်နှာတွင် စိတ်လှုပ်ရှားသည့် အရိပ်အယောင်များ ပေါ်ထွက်လာလေသည်။

ဆန်းလျန်က အဘယ်ကြောင့် သူမမျက်နှာ အမူအရာ ပြောင်းလဲသွားရသည်ကို သိချင်သော်လည်း မမေးဘဲ နေလိုက်တော့သည်။

မိန်းကလေးငယ်က သူတို့ဆီသို့ လျှောက်လာလေသည်။ သူမမှာ လွန်စွာမှ ငယ်ရွယ်သေးပုံ ရလေသည်။ သူမ၏ မျက်ခုံးလေးများမှာ နွယ်ပင်လေးကဲ့သို့ သေးသွယ်ပြီး မျက်ဝန်းများကတော့ မြစ်တစ်စင်းအလား ဖြစ်လေသည်။ စုန့်ချင်းယီက သူမကို “ချီးရှိုး” ဟု ခေါ်ပြီး “ရှိုး” ဆိုသည့် အမည်မှာ သူမနှင့် လွန်စွာမှ လိုက်ဖက်လေသည်။

(ချီးရှိုး = သတ္တမမြောက် အလှတရားဟု အဓိပ္ပာယ်ရ – ဘာသာပြန်သူ)

“ဂိုဏ်းတူညီမလေး ချီးရှိုး။ ဒါက ကျုပ်ရဲ့ သူငယ်ချင်း ဆန်းလျန်ပါ။ သူက ချင်းရွှမ်နတ်တံခါးက တပည့်တစ်ယောက်ပဲ”

သူက ဆန်းလျန်ကို ညွှန်ပြပြီး ချီးရှိုးနှင့် မိတ်ဆက် ပေးလိုက်လေသည်။

သို့သော် …

ချီးရှိုးက မည်သည့်စကားမှ ပြန်မပြောနိုင်ဘဲ ဆန်းလျန်ကိုသာ ငေးကြည့်နေလေသည်။

စုန့်ချင်းယီကတော့ သူ့အကျင့်အတိုင်း ပြောချင်ရာပြောပြီး ချီးရှိုး၏ မျက်နှာ အမူအရာများကို သတိထားမိခြင်း မရှိပါ။ သို့သော် ဆန်းလျန်ကတော့ သတိထား မိလေသည်။ သို့သော် ထိုသီလရှင် မိန်းကလေးမှာ အဘယ့်ကြောင့် သူ့အား ဤမျှ စူးစိုက် ကြည့်နေသည်လဲ ဆန်းလျန် နားမလည်ပေ။

ဆန်းလျန်က ချောမောလှပသည့် လူငယ်လေးဖြစ်ပြီး မိန်းကလေး အများစု၏ စိတ်ဝင်စားခြင်းကို ခံရသူ ဖြစ်လေသည်။ သို့သော် သူမကဲ့သို့ မျက်တောင်မခတ် စူးစိုက်ကြည့်နေ ရလောက်အောင်တော့ မဟုတ်ပေ။

ထို့ပြင် ချီးရှိုးမှာ သီလရှင်တစ်ပါး ဖြစ်သည့်အတွက် ယောကျ်ားလေး တစ်ယောက်အပေါ်တွင် စိတ်ဝင်စားခြင်းမျိုး မရှိနိုင်ပေ။

“ချင်းယီ၊ ညီမလေးချီးရှိုး အသုံးပြုလိုက်တဲ့ တန်ခိုးစွမ်းအားက အသက်ဓာတ် စွမ်းအားနဲ့ ပြည့်နေပြီး သတ္တဝါတွေကို ဒုက္ခကနေ ကယ်တင်နိုင်တဲ့ စွမ်းအားရှိတယ်။ ဒီညီမလေးက ဘယ်ကများလဲ သိပါရစေ”

ဆန်းလျန်က မေးလိုက်လေသည်။

ဆန်းလျန်က မေးသာ မေးလိုက်သော်လည်း သူ့စိတ်ထဲတွင် ခန့်မှန်းပြီးသား ဖြစ်လေသည်။ သီလရှင် မိန်းကလေး အသုံးပြုသည့် ပညာမှာ “အကြောက်တရားမဲ့ တံဆိပ်တော်” ပညာ ဖြစ်နိုင်လေသည်။ ထိုပညာမှာ ဗုဒ္ဓဘာသာ အခြေခံ ကျင့်စဉ်ပညာ ငါးခုတွင် တစ်ခုအပါအဝင် ဖြစ်ပြီး တာအိုကျင့်စဉ်လမ်းမှ အင်းချပ်ပညာနှင့် ဆင်တူလေသည်။ သို့သော် လက်ဟန်နှင့် ပြုမူပုံများကတော့ အနည်းငယ် ကွာခြားလေသည်။

အကြောက်တရားမဲ့ တံဆိပ်တော် ပညာရပ်ကို လူသားများနှင့် သတ္တဝါများကို ကယ်တင်ရန်အတွက် ရည်ရွယ်ပြီး ဗုဒ္ဓဘာသာ ကျင့်ကြံသူများ ကျင့်ကြံကြလေသည်။ စိတ်တည်ငြိမ်မှု အစွမ်းဖြင့် အကြောက်တရားကို ဖယ်ရှားရသည့် ကျင့်စဉ် ဖြစ်လေသည်။

ကျင့်ကြံသူ အများစုမှာ သူတစ်ပါးကို ကယ်တင်ရန်ထက် မိမိကိုယ်ကိုသာ တရားအလင်း ရအောင် အရင်ကျင့်ကြံ တတ်ကြသူများ ဖြစ်လေသည်။

ထို့ကြောင့် အကြောက်တရားမဲ့ တံဆိပ်တော် ပညာကဲ့သို့ အများအကျိုးကို ဦးစားပေးသည့် ကျင့်စဉ်ကို ကျင့်ကြံသည့် သူမှာ လွန်စွာမှ ရှားပါးလွန်းလေသည်။

ကျင့်စဉ်လမ်းတွင် တာအိုကျင့်စဉ်လမ်းနှင့် ဗုဒ္ဓဘာသာ ကျင့်စဉ်လမ်းမှာ အနည်းငယ် ကွာခြားမှု ရှိလေသည်။ သို့သော် ချီးရှိုး သီလရှင်လေး၏ တန်ခိုးစွမ်းအား အဆင့်မှာ စုန့်ချင်းယီထက်တော့ မညံ့ပေ။ ထို့ကြောင့် ဆန်းလျန်က သူမအကြောင်းကို သိချင်မိခြင်း ဖြစ်လေသည်။

“မင်းမမေးရင်တောင် ကျုပ်က ပြောမလို့ပဲ။ ညီမလေး ချီးရှိုးက ကျိကျိုက် သီလရှင်ကျောင်းက ဆရာသခင် လျို့ချင်းရှင်းထိုက်ရဲ့ တပည့်ရင်းပဲ”

စုန့်ချင်းယီက ပြောလိုက်သည်။

ဆန်းလျန် မအံ့သြဘဲ မနေနိုင် ဖြစ်သွားရသည်။ သူက လျို့ချင်းရှင်းထိုက် အကြောင်းကို ကြားဖူး လေသည်။ သူမ၏ အင်းပညာမှာ မည်မျှ အံ့သြစရာဖြစ်ကြောင်း ရေးသားထားသည့် စာအုပ်တစ်အုပ်ကို ထိုက်ဝေ့ထိုင် ခန်းမဆောင်တွင် ဆန်းလျန် ဖတ်ဖူးလေသည်။ သူမကိုယ်တိုင် တီထွင်ရေးသားခဲ့သည့် ဆန္ဒမဲ့ တုတ်သိုင်းပညာမှာ အလွန် အစွမ်းထက်ပြီး လောကနတ်ဘုရား များနှင့် ကောင်းစွာ ယှဉ်နိုင်လေသည်။

သို့သော် ကျိကျိုက်သီလရှင်ကျောင်း အကြောင်းကို ကြားဖူးသည်မှာတော့ ပထမဆုံးအကြိမ် ဖြစ်လေသည်။ ကျိကျိုက်သီလရှင်ကျောင်းတွင် လေးစားစရာကောင်းသည့် လျို့ချင်းရှင်းထိုက်ကဲ့သို့ ဆရာသခင်နေထိုင်သည့်အတွက် သာမန်သီလရှင်ကျောင်းတစ်ကျောင်းတော့ မဖြစ်နိုင်ပေ။

“ကျိကျိုက်သီလရှင် ကျောင်းက တာအိုကျင့်စဉ်နဲ့ ဗုဒ္ဓဘာသာ ကျင့်စဉ်တွေ နှစ်ခုလုံးကို လက်ခံတဲ့ ကြားနေ ကျောင်းတစ်ကျောင်းပဲ။ သီလရှင်ကျောင်းကို ကျုပ်တို့ ရွှမ်ထျန်းဂိုဏ်းက ဆရာသခင် တစ်ပါးက တည်ထောင်ခဲ့တာ။ သူက ရွှမ်ထျန်းက ထွက်ခွာသွားပြီးတဲ့နောက် ဗုဒ္ဓဘာသာကို လေ့လာခဲ့တယ်။ ကွမ်းယင်မယ်တော်ရဲ့ ရေထဲက လရိပ်ခန္ဓာ ကျင့်စဉ်ကို အောင်မြင်ခဲ့ပြီး ကျိကျိုက်သီလရှင် ကျောင်းကို တည်ထောင်ခဲ့တာ။ လျို့ချင်းရှင်းထိုက်က အဲဒီ ဆရာသခင်နဲ့ အရမ်း ခင်မင်တဲ့ မိတ်ဆွေတွေပဲ။ ဒါကြောင့် ကျုပ်တို့က ပညာသင်ဖက် ဆွေမျိုးတွေ တော်တယ်လေ။ ကျုပ်ရဲ့ ဆရာကလည်း ညီမလေး ချီးရှိုးကို စောင့်ရှောက်ဖို့ ကျုပ်ကို မှာထားတာ။ ဒါပေမဲ့ ညီမလေးချီးရှိုးရဲ့ အဆင့်နဲ့ဆိုရင် မင်းလို မူမှန်တဲ့ လူနဲ့သာ မတွေ့ရင် ဘာပြဿနာမှ မဖြစ်နိုင်ဘူး”

စုန့်ချင်းယီက သူ့ထုံးစံအတိုင်း အသေးစိတ် ရှင်းပြလိုက်လေသည်။

ထို့နောက် စိတ်ရှုပ်ထွေးနေပုံ ရသည့် ဆန်းလျန်ကို ကြည့်ကာ စုန့်ချင်းယီက ရယ်မော လိုက်လေသည်။

အမှန်တော့ ဆန်းလျန်မှာ အတော်လေး ဂုဏ်သတင်း ကြီးနေတာ ဖြစ်လေသည်။ မင်ဝမ် ဝတ်ကျောင်းတော်မှ ဟွေခဲ့ဆရာတော်က ဆန်းလျန်မှာ ဟိုင်သန်းအဆင့်ကို ပုံပြောင်းအဆင့် ရှစ်ခုဖြင့် တက်ရောက် အောင်မြင်နိုင်လိမ့်မည်ဟု ပွင့်ပွင့်လင်းလင်းပင် ထုတ်ဖော်ပြောကြား သွားခဲ့လေသည်။

ထိုစကားမှာ ဆန်းလျန်ကို အလွန်အမင်း ချီးကျူးလိုက်ခြင်းပင် ဖြစ်လေသည်။

အရင်တုန်းက စုန့်ချင်းယီက ဆန်းလျန်ကို သူ့ထက် အဆင့်နိမ့်သည့် ကျင့်ကြံသူ တစ်ယောက်ဟု ထင်မြင်ခဲ့ပြီး သဲကန္တာရထဲတွင် ကယ်တင်ခဲ့ခြင်း ဖြစ်လေသည်။ ဆန်းလျန်မှာ အဆင့်မြင့် ကျင့်ကြံသူတစ်ယောက် ဖြစ်ကြောင်းနှင့် ချင်းရွှမ်နတ်တံခါးမှ တပည့်တစ်ယောက် ဖြစ်ကြောင်း သိရှိသွားပြီးသည့် နောက်တွင်တော့ သူက ဆန်းလျန်ကို ခင်ခင်မင်မင် သိပ်မရှိတော့ဘဲ ခပ်တန်းတန်း ဖြစ်သွားရ လေသည်။

စုန့်ချင်းယီ၏ ကျင့်ကြံမှု အဆင့်မှာ များစွာ တိုးတက်လာသည့် တိုင်အောင် ဆန်းလျန်ကို မည်သို့မျှ မယှဉ်နိုင်သေးပေ။ ထို့ကြောင့် စုန့်ချင်းယီမှာ သူ့ကိုယ်သူ စိတ်ပျက်နေမိလေသည်။

သူ၏ နောက်ဆုံးစကား ဖြစ်သည့် …

“ဒါပေမဲ့ ညီမလေးချီးရှိုးရဲ့ အဆင့်နဲ့ဆိုရင် မင်းလို မူမှန်တဲ့လူနဲ့သာ မတွေ့ရင် ဘာပြဿနာမှ မဖြစ်နိုင်ဘူး”

ဆိုသည့် စကားမှာ နောက်ပြောင်လိုက်ခြင်းမျှသာ ဖြစ်သော်လည်း ထိုစကားတွင် သူခံစား နေရသည့် စိတ်ခံစားချက် များကိုပါ ထည့်သွင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

စုန့်ချင်းယီ ရင်ထဲတွင် ခံစားနေရသည့် ခံစားချက်ကို ဆန်းလျန်လည်း နားလည်ပါသည်။ သို့သော် စုန့်ချင်းယီကို မည်သို့ နှစ်သိမ့်ပေးရမှန်း ဆန်းလျန် မသိပါ။ သူက မိမိကိုယ်ကို နှိမ့်ချတတ်သည့် အဆင့်မြင့် ကျင့်ကြံသူတစ်ယောက် အနေဖြင့် စုန့်ချင်းယီကို နှစ်သိမ့် ပေးရမည်လား။ ဒါမှမဟုတ် မိမိမှာ စုန့်ချင်းယီထက် အဆင့်မြင့်နေသည့် အတွက်ကြောင့် အားမငယ်ဖို့ နှစ်သိမ့် ပေးရမည်လား။ ဆန်းလျန်တစ်ယောက် မည်သို့မျှ စဉ်းစား၍ မရပေ။

ထို့ပြင် စုန့်ချင်းယီမှာလည်း ဆန်းလျန်ထံမှ နှစ်သိမ့်မှု တစ်စုံတစ်ရာကို လိုချင်မည် မဟုတ်ပေ။

“ကျုပ်သိပါပြီ။ ဆရာသခင် လျို့ချင်းရှင်းထိုင်အကြောင်း အများကြီး ကျုပ်ကြားဖူးပါတယ်။ ကျုပ်ရဲ့ ငှက်လေးကို ကယ်တင်ပေးတဲ့ အတွက်လည်း အရမ်း ကျေးဇူးတင်ပါတယ်”

ဆ်းလျန်က ရှိုးချန်ကို ဦးညွှတ်ရင်း ပြောလိုက်လေသည်။

ချီးရှိုးမှာ ဆန်းလျန်က သူမကို စကားပြောလာသည့်အခါ ပိုပြီး စိတ်လှုပ်ရှားလာပုံ ရလေသည်။

“ဂိုဏ်းတူအစ်ကို ဆန်းလျန် ကျွန်မကို ကျေးဇူးတင်ဖို့ မလိုပါဘူး။ ကျွန်မလုပ်သင့်တဲ့ အလုပ်ကို လုပ်တာပါ။ ပြီးတော့ ရှင် တကယ်ပဲ ကျွန်မကို မမှတ်မိဘူးလားဟင်”

ချီးရှိုးက ပြောလိုက်လေသည်။

ယခုတစ်ခါ အံ့သြခြင်းမက အံ့သြသွားရ သူကတော့ စုန့်ချင်းယီ ဖြစ်လေသည်။ ချီးရှိုးမှာ ဆန်းလျန်နှင့် မည်သို့ ပတ်သက်နေပါ သနည်း။

ဆန်းလျန်မှာလည်း ဘာမှ နားမလည်နိုင် ဖြစ်သွားရသည်။ ချီးရှိုးနှင့်သူ မည်သည့်အချိန်၊ မည်သည့် နေရာတွင် ပတ်သက်ခဲ့ဖူး ပါသနည်းဟု အပြင်းအထန် စဉ်းစားလိုက်သည်။ သို့သော် ချီးရှိုး အကြောင်း ရေးရေးမျှပင် သူ့ခေါင်းထဲတွင် ပေါ်မလာပေ။

“လွန်ခဲ့တဲ့ ဆယ့်ခုနစ်နှစ်က ဖေးရှန်းနတ်ဘုရား ကျွန်းစွယ်မှာ ရှင်ကယ်တင်ခဲ့တဲ့ ကလေးမလေး တစ်ယောက်ကို မမှတ်မိတော့ဘူးလား”

စိတ်ရှုပ်နေပုံရသည့် ဆန်းလျန်ကို ကြည့်ကာ ချီးရှိုးက ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်လေသည်။

ထိုအခါမှ ဆန်းလျန် မှတ်မိသွားပြီး လွန်ခဲ့သည့် နှစ်များဆီက အကြောင်းအရာများကို ပြန်လည် စဉ်းစား ကြည့်လိုက်မိလေသည်။ ဖေးရှန်းနတ်ဘုရား ကျွန်းစွယ်မှ ရှောင်းအိမ်တော်နှင့် ရေစက်ကုန်နိုင် ခဲလှသည်ဟု ဆန်းလျန် တွေးလိုက်မိသည်။

သိပ်မကြာသေးမီကပင် သူက ရှောင်းစစ်ယိကို သတ်ခဲ့ပြီး ယခု ဖေးရှန်းနတ်ဘုရား ကျွန်းစွယ်မှ တစ်ဦးတည်းသော အသက်ရှင် ကျန်ရစ်သူ မိန်းကလေးနှင့် ပြန်လည် ဆုံတွေ့ရပြန်ပြီ။

“သွေးဓားကျင့်စဉ်ကို ကျင့်ကြံထားတဲ့ ကျင့်ကြံသူ တစ်ယောက်က မိုးမြေစွမ်းအားနဲ့ သွေးကို ပေါင်းစပ်ပြီး အားလုံးကို သတ်ပစ်ခဲ့တာပဲ။ မိန်းကလေးငယ်လေး တစ်ယောက်ပဲ အသက်ရှင် ကျန်ရစ်ခဲ့တယ်။ အဲဒီ ကလေးမလေးကို ကျုပ်ရဲ့ ဒေါ်လေးက ကယ်တင်ခဲ့တယ်”

ဆိုသည့် ဆရာသခင် ကျန်းရော့ရွှီး၏ စကားကို ဆန်းလျန် ပြန်လည်ကြားယောင် လာမိသည်။

ဆရာသခင် ကျန်းရော့ရွှီး ဒေါ်လေးဟု ခေါ်သည့်သူမှာ ကျိလင်နတ်သမီးပင် ဖြစ်လေသည်။

(ရှင်းရှူး = များသောအားဖြင့် ဆရာဦးလေး (ဆရာဖြစ်သူရဲ့ ညီ/အစ်ကို) ကို ခေါ်ခြင်း ဖြစ်သော်လည်း ဂိုဏ်းတစ်ဂိုဏ်းထဲမှာပဲ ဆရာဖြစ်သူရဲ့ ဂိုဏ်းတူညီမကိုလည်း ရှင်းရှူးလို့ ခေါ်ကြပါတယ်။ ဒါပေမဲ့ ရှူးဆိုတဲ့ အဓိပ္ပာယ်က ဦးလေးဖြစ်တဲ့အတွက် စာရေးသူက အစပိုင်းမှာ ဆရာဦးလေးလို့ ကျိလင်နတ်သမီးကို ဘာသာပြန်မိ သွားပါတယ်။ နောက်ပိုင်းမှာတော့ ဆရာဒေါ်လေးလို့ ပြောင်းပြီး ဘာသာပြန်ပေး ထားပါတယ်။ ဒါပေမဲ့ ဆရာဦးလေးပဲ ဖြစ်ဖြစ် ဆရာဒေါ်လေးပဲ ဖြစ်ဖြစ် ရှင်းရှူးလို့ ခေါ်ကြလို့ အစပိုင်းမှာ ဘာသာပြန်သူလည်း အနည်းငယ် လွဲမှားသွားရ ပါတယ်။ အဆင်မပြေမှု အတွက် တောင်းပန်ပါကြောင်း – ဘာသာပြန်သူ)

ကျိလင်နတ်သမီးက ဖေးရှန်းနတ်ဘုရား ကျွန်းမှ ထိုကလေးမလေးကို ကယ်တင်လာခဲ့ပြီး လျို့ချင်းရှင်းထိုက်ရှိရာ ကျိကျိုက်သီလရှင် ကျောင်းသို့ ပညာသင်ရန် ပို့ဆောင်ထားခဲ့ခြင်း ဖြစ်လေသည်။

ကျိလင် နတ်သမီး၏ အဆင့်အတန်းဖြင့် လျို့ချင်းရှင်းထိုင်ကို သိရှိနေသည်မှာ မထူးဆန်းပါ။

ဆန်းလျန်မှာ အရာအားလုံးကို တစ်ခဏချင်းဖြင့် မှတ်မိသွားလေသည်။

“အိုး မင်းက အဲဒီကလေးမလေးကိုး။ ကြည့်ပါဦး။ မင်းတောင် ဒီလောက် အသက်ကြီးလာပြီ။ ဆရာသခင်ကတော့ မင်းအကြောင်း ပြောပြပါတယ်။ မင်းကို ကျုပ်ရဲ့ ဆရာဘွားဘွားက ကယ်တင် သွားတယ်တဲ့။ ဒါပေမဲ့ လျို့ချင်းရှင်းထိုက်ဆီကို ရောက်နေမယ်လို့တော့ ထင်မထား မိဘူးလေ”

ဆန်းလျန် ပြုံးရင်း ပြောလိုက်လေသည်။

ဆန်းလျန်က သူမကို မှတ်မိနေသည့်အတွက် ချီးရှိုးမှာ အပျော်လွန် သွားလေသည်။ သို့သော် သူမ မသိသည့် အချက်မှာ ဆန်းလျန်ကဲ့သို့သော အဆင့်မြင့် ကျင့်ကြံသူများမှာ မည်မျှပင် အချိန်ကြာမြင့်သည် ဖြစ်စေ သူတို့ ကြုံတွေ့ခဲ့သမျှကို မှတ်မိနိုင်စွမ်း ရှိကြသည် ဆိုသည့် အချက်ပင် ဖြစ်လေသည်။ ထို့ပြင် ဆန်းလျန်၏ ဝိညာဉ်စွမ်းအားမှာ သာမန် ဟိုင်သန်းအဆင့် ကျင့်ကြံသူများ ထက်ပင် စွမ်းအား ကြီးမားလေသည်။

ဆန်းလျန် သူမကို ကယ်တင်ခဲ့သည့် အချိန်က သူမသည် လွန်စွာမှပင် ငယ်ရွယ်သည့် ကလေးမလေး တစ်ယောက် ဖြစ်သော်လည်း သူမက ထိုနေ့ကို အမြဲတမ်း အမှတ်ရ နေခဲ့လေသည်။ ထို့ကြောင့်ပင် ကျိကျိုက်သီလရှင် ကျောင်း၏ ကျင့်စဉ် သုံးဆယ့်သုံးမျိုးထဲမှ တစ်ခုဖြစ်သည့် “တုရန်” ဆေးကျမ်းကို လေ့လာခဲ့ပြီးသည့်နောက် လူ့လောကသို့ ထွက်ခွာလာခဲ့ခြင်း ဖြစ်လေသည်။

လျို့ချင်းရှင်းထိုင်မှာလည်း သူမအကြောင်းကို ကောင်းကောင်း သိနေသည့်အတွက် လူ့လောကသို့ ထွက်ခွာခွင့် ပြုလိုက်လေသည်။

ချီးရှိုးနှင့် ဆန်းလျန်မှာ အနှေးနှင့်အမြန် ပြန်လည် တွေ့ရှိကြမည်ဟု လျို့ချင်းရှင်းထိုက်က ကြိုတင် သိမြင်ပြီးသား ဖြစ်လေသည်။

ဆန်းလျန်မှာ တစ်ချိန်က သူကယ်တင်ခဲ့သည့် ကလေးမလေးမှာ သူ့ရှေ့တွင် ရပ်နေသည့် ဆယ်ကျော်သက် သီလရှင်လေး ဖြစ်နေသည်ကို ကြည့်ရင်း များစွာ အံ့သြနေမိ လေတော့သည်။

“အော် … ဒေါ်လေးကျိလင်က ဂိုဏ်းတူအစ်ကို ဆန်းလျန်ရဲ့ ဆရာဘွားဘွားကိုး။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က ဆရာ့ဆီကို ဒေါ်လေးကျိလင် ရောက်လာသေးတယ်။ သူက ဆရာဆီက ဆန္ဒမဲ့တုတ်ကို လာငှားတာလေ။ ဆရာက မငှားလိုက်ဘူး။ ဘာလို့လဲဆိုတော့ ဒေါ်လေးကျိလင်က အရင်တုန်းက လူတွေအများကြီး သတ်ခဲ့ဖူးတယ်လေ။ သူတို့နှစ်ယောက် တိုက်တောင် တိုက်ခိုက်ကြတော့မလို့။ အဲဒါနဲ့ ဒေါ်လေးကျိလင် ပြန်သွားတော့ ဆရာစိုက်ထားတဲ့ နှစ်သုံးရာဝါးပင်ကို ဆွဲနှုတ်ပြီး ယူသွားတယ်လေ။ အဲဒါကြောင့် ဆရာတောင် ရက်တော်တော်ကြာအောင် စိတ်ဆိုးနေခဲ့သေးတာ”

ချီးရှိုးက ပြောလိုက်လေသည်။

“ဟင် မင်းတို့ကလည်း ချီးရှိုးက ကျိလင်နတ်သမီးကို ဒေါ်လေးကျိလင်တဲ့။ ဆန်းလျန်ကကျတော့ ဆရာဘွားဘွားတဲ့။ ဒီတော့ မင်းတို့နှစ်ယောက်က ဘယ်လိုများ တော်စပ်ကြတာတုန်းဟ”

စုန့်ချင်းယီမှာ သူတို့နှစ်ယောက်၏ စကား အသွားအလာကို ကြည့်ရင်း မရယ်ဘဲ မနေနိုင် ဖြစ်နေရလေသည်။

“မသိဘူး။ ဂိုဏ်းတူအစ်ကို ဆန်းလျန်က ကျွန်မရဲ့ အစ်ကိုပဲ”

ချီးရှိုးမျက်နှာ တစ်ခုလုံး သွေးရောင်လွှမ်းသွားပြီး ပြန်ပြောလိုက်လေသည်။

“မရဘူးလေ မရဘူး။ မင်းက ဆန်းလျန်ကို အစ်ကိုတော်မယ်ဆိုရင် ကျိလင်နတ်သမီးကို ဘယ်လိုလုပ် ဒေါ်လေးလို့ ခေါ်လို့ရမှာလဲ”

စုန့်ချင်းယီက ပြောလိုက်လေသည်။

“ချင်းယီရယ် ကျုပ်တို့အတွက် အခေါ်အဝေါ်တွေက သိပ်အရေး မကြီးပါဘူး။ ဒီလိုပဲ ခေါ်ချင်သလို ခေါ်ကြတာပါပဲ”

ဆန်းလျန်က ခပ်ပေါ့ပေါ့ပင် ပြန်ပြောလိုက်လေသည်။

သူတို့စကား ပြောနေသည်ကို နားထောင်ရသည်မှာ ပျင်းစရာ ကောင်းလွန်းသည့်ပုံဖြင့် ချမ်းမော့က တစ်ချက် သမ်းဝေလိုက်လေသည်။

“ဒီငှက်သူခိုးကတော့ မင်းသခင်ကြောင့်သာ မဟုတ်ရင် မင်းကို အလွတ်ပေးမှာ မဟုတ်ဘူးနော်”

စုန့်ချင်းယီက ချမ်းမော့ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။

စုန့်ချင်းယီ၏ စကားကြောင့် ချမ်းမော့မှာ သူ့အတောင်များကို တဖျတ်ဖျတ် ခတ်လိုက်ပြီး စုန့်ချင်းယီကို လက်သည်းဖြင့် လှမ်းကုတ်လိုက်လေသည်။

သူတို့ ရပ်နေကြသည်မှာ သိပ်ပြီး မဝေးသည့်အပြင် ချမ်းမော့ကလည်း လျင်မြန် လွန်းသည့်အတွက် စုန့်ချင်းယီမှာ ချမ်းမော့၏ လက်သည်းကုတ်ချက်ကို မည်သို့ ရှောင်ရမှန်းမသိ ဖြစ်သွားလေသည်။ သို့သော် ဆန်းလျန်က အလျင်အမြန်ပင် ချမ်းမော့ကို လှမ်းဖမ်း ထားလိုက်လေသည်။ ထို့ကြောင့် ချမ်းမော့မှာ စုန့်ချမ်းယီကို မကုတ်မိခင် လေထဲတွင် ရပ်တန့် သွားရလေသည်။

“ဒီငှက်စုတ်က ဘယ်ကငှက်လဲတော့ မသိဘူး။ ဒါပေမဲ့ ဒီလောက် အကွာအဝေးကို ဒီလောက် မြန်အောင် သွားနိုင်တာ ကျုပ်မပြောနဲ့ ဟိုင်သန်းအဆင့် ကျင့်ကြံသူတောင် ရှောင်နိုင်မှာ မဟုတ်ဘူး”

စုန့်ချင်းယီက ချမ်းမော့၏ အရည်အချင်းကို မှတ်ချက် ပြုလိုက်သည်။

ဆန်းလျန်က ရယ်မောလိုက်ပြီး ချမ်းမော့ကို လေထဲသို့ လွှတ်ပေးလိုက်သည်။ သူက ချမ်းမော့ကို လေထဲတွင် ပျော်ရွှင်စွာဖြင့် လွတ်လွတ်လပ်လပ် ပျံသန်းနေသည်ကိုပဲ မြင်ချင်တာ ဖြစ်လေသည်။ ထို့ပြင် ချမ်းမော့ ပျံသန်းသွားမှသာလျှင် စုန့်ချင်းယီနှင့်လည်း ဆက်ပြီး ရန်ဖြစ်တော့မည် မဟုတ်ပေ။ ရှောင်ရွှင်က ချမ်းမော့နောက်သို့ လိုက်ပျံသွားလေသည်။ ချမ်းမော့က လေထဲတွင် စက်ဝိုင်းပုံသဏ္ဌာန် လှည့်ပတ်ပျံသန်း နေလေသည်။ သူ၏ အတောင်များကို ဖြန့်ကားထားရင်း နှင်းပွင့်များဖြင့် ဆော့ကစား နေလေတော့သည်။

“ကျုပ် ဒီငှက်လေးကို ကောက်ရခဲ့တာ။ သူ့ကို သိပ်ပြီးအပြစ် မတင်ပါနဲ့ဗျာ။ ဒီငှက်လေးက မာနကြီးတယ်။ ဒါပေမဲ့ လူတွေကို ဒုက္ခမပေး တတ်ပါဘူး”

ဆန်းလျန်က ခပ်ဖြည်းဖြည်းပင် ပြောလိုက်လေသည်။

ထိုမျှ ထူးဆန်းပြီး ဝိညာဉ်စွမ်းအားရှိသည့် ငှက်လေးကို ကောက်ရသည်ဆို၍ စုန့်ချင်းယီမှာ အံ့သြ နေလေသည်။ ချမ်းမော့ထံမှ ထူးဆန်းသည့် စွမ်းအား ထွက်ပေါ်လာလေ့ ရှိသည်ကိုသာ သိရလျှင် ပို၍ပင် အံ့သြဦးမည် ဖြစ်လေသည်။ သူတို့သုံးယောက် ဟိုအကြောင်းဒီအကြောင်း စကားများ ပြောကာ ထွက်ခွာလာခဲ့ ကြလေသည်။ စကားပြောရင်း စုန့်ချင်းယီနှင့် ချီးရှိုးတို့မှာလည်း ဟွေခဲ့ ဆရာတော်နှင့် ပေါင်ယွဲ့ ဆရာတော်တို့၏ စကားရည်လုပွဲကို လာကြခြင်း ဖြစ်ကြောင်း ဆန်းလျန် သိရှိလိုက်ရသည်။

ဟွေခဲ့ဆရာတော်၏ ဂုဏ်သတင်းမှာ တစ်နေ့တခြား ကြီးမားလာလေသည်။ ထိုသို့ ဂုဏ်သတင်း ကြီးခြင်းမှာ မင်ဝမ် ဝတ်ကျောင်းတောင်နှင့် သက်ဆိုင်ခြင်း မရှိပါ။

ဟွေခဲ့ဆရာတော်သည် လွန်ခဲ့သည့် လအနည်းငယ်ခန့်က အနီးအနား တိုင်းပြည်အချို့တွင် လှည့်လည်ပြီး တရားများကို ဟောကြားခဲ့လေသည်။

မိုင်တစ်ထောင် ပတ်လည်အတွင်းတွင် ဗုဒ္ဓဘာသာ ကျောင်းတော်များစွာ ရှိပါသည်။ ရှေးဟောင်း ဗုဒ္ဓကျမ်းစာများလည်း ရှိပြီး ကျောင်းတော်များ၏ သက်တမ်းမှာ နှစ်ပေါင်း ရာနှင့်ထောင်နှင့်ချီပြီး ကြာမြင့်ပြီ ဖြစ်လေသည်။

သို့သော် …

ဟွေခဲ့ ဆရာတော်ကတော့ မတူထူးခြားစွာ တရားဟောပြော လေသည်။ သူက အရက်ဆိုင်များ၊ သားသတ်သမား အိမ်များ၊ ဈေးများသို့ သွားရောက်ပြီး တရားတော် ဟောကြားသည့်အလုပ်ကို ပြုလုပ် လေသည်။ အမှန်တော့ ထိုသို့သော အောက်ခြေ လူတန်းစားများအထိ တရားဟောပြောခြင်းကို ပတ်ဝန်းကျင်ရှိ ကျောင်းတော်များက လုပ်လေ့ မရှိကြပေ။

ထို့ပြင် ဟွေခဲ့ဆရာတော်က တရားကျင့်ကြံကြရန်နှင့် စိတ်ကောင်းနှလုံးကောင်း ထားကြရန် ကိုလည်း အဓိကထား ဟောပြောလေသည်။ သို့သော် သူက ခမ်းနားသည့် ဝတ်ကျောင်းတော်ကြီးများနှင့် တရားစခန်းများတွင်တော့ တရားသွားရောက် ဟောကြားခြင်း မရှိပေ။ ထို့ကြောင့် အချို့သော ဘုန်းတော်ကြီးများက သူ့ကို မကျေမနပ် ဖြစ်ကြလေသည်။

ဟွေခဲ့ဆရာတော်မှာ မင်ဝမ် ဝတ်ကျောင်းတော်မှ ဆရာတော်တစ်ပါးဖြ စ်လင့်ကစား သူ၏ အပြုအမူများက အခြားသော ဘုန်းတော်ကြီးများကို များစွာ ထိခိုက်လေသည်။

အဘယ်ကြောင့်ဆိုသော အချို့သော ဘုန်းတော်ကြီများမှာ တရားကျင့်ကြံကြခြင်း မရှိဘဲ တရားကိုသာ ဟောပြောနေသည့်သူများ ဖြစ်ကြသောကြောင့်ပင်။

***

Comment

Leave a Reply

Options

not work with dark mode
Reset