“ဒီကဆရာက သူတော်စင် အပါးတစ်ရာထဲက ရွှင်ကျီသူတော်စင်ကို သိတယ် မဟုတ်လား”
ဆန်းလျန်က ပုံမှန် လေသံဖြင့်ပင် ပြောလိုက်သည်။
“မင်းက တကယ့်ကို ဗဟုသုတ ကြွယ်ဝတာပဲကိုး။ ဆက်ပြောပါဦး”
စာပေသမား ဆိုင်ရှင်က ပြုံးပြီး ပြန်ပြောလိုက်သည်။
“ရွှင်ကျီ သူတော်စင်က ကွန်ဖြူးရှပ် ဝါဒကို တည်ထောင်သူဖြစ်တဲ့ ဖူကျီရဲ့ ဆက်ခံသူပဲ။ သူ့ရဲ့ မှတ်တမ်းထဲမှာ ရေးထားတာက ဆရာဖူကျီဟာ ထိုက်မြောက် ဝတ်ကျောင်းတော်ကို သွားရောက် လည်ပတ်တဲ့အခါ ထူးထူးဆန်းဆန်း စောင်းနေတဲ့ ဖန်ခွက်လေးတစ်ခုကို တွေ့တယ်တဲ့။ အဲဒါနဲ့သူက “အဲဒါ ဘာပစ္စည်းလဲ” လို့ မေးခဲ့တယ်။ အဲဒီမှာ ကျောင်းတော်အစောင့်က “ဒီဖန်ခွက်လေးက ကိုယ့်ကိုယ်ကိုယ် သတိပေးဖို့ လိုတဲ့သူတွေ အသုံးပြုတဲ့ ပစ္စည်းလေးပါ။ ဘာမှမရှိရင် စောင်းနေပြီး ရေတစ်ဝက် ပြည့်နေရင် တည့်မတ်နေတယ်။ ရေအပြည့် ဖြည့်လိုက်ရင်တော့ ပြောင်းပြန် ဖြစ်သွားပြီး အကုန် ပြန်မှောက်ကုန်ရော” လို့ ပြန်ဖြေတယ်။ ဒါနဲ့ ဆရာဖူကျီက “ဒါဆို ရေဖြည့်လိုက်ပါလား” လို့ ကျောင်းတော်အစောင့်ကို ပြောလိုက်တယ်။ ကျောင်းတော်အစောင့်က ရေဖြည့်တယ်။ ဖန်ခွက်လေးက ရေတစ်ဝက်ပြည့်တော့ တကယ်ပဲ တည့်မတ်သွားတယ်။ ရေအပြည့်လည်း ဖြည့်လိုက်ရော ပြောင်းပြန် ဖြစ်သွားပြီး ရေတွေအကုန် မှောက်သွားတယ်။ နောက်ဆုံး ရေမရှိတော့တဲ့အတွက် မူလပုံစံအတိုင်း စောင်းစောင်းလေး ပြန်ဖြစ်သွားတယ်။ “အော် ဒီဖန်ခွက်လေး ရေသာ ပြည့်မနေရင် မှောက်သွားမှာ မဟုတ်ဘူး” လို့ ဆရာဖူကျီက သက်ပြင်းချရင်း ပြောလိုက်တယ်တဲ့”
စကားဆုံး သွားသည်နှင့် ဆန်းလျန်လည်း သက်ပြင်းချလိုက်လေသည်။ ရေပြည့်နေမှသာ ရေမှောက် သွားနိုင်မည်ဖြစ်ပြီး ရေမပြည့်နေလျှင် မည်သို့မျှ မှောက်သွားနိုင်မည် မဟုတ်ပေ။ ဤသည်မှာ လောကနိယာမပင် ဖြစ်လေသည်။ အားနည်းရာမှ အားအကြီးဆုံး ဖြစ်လာနိုင်ပြီး ပြန်လည် အားလျော့ သွားနိုင်လေသည်။ လပြည့်ပြီးသည်နှင့် လမိုက်ညလည်း ရှိလာမည် ဖြစ်လေသည်။ တာအို ကျင့်ကြံသူသည် ပြီးပြည့်စုံမှုကို ရှာဖွေသူ ဖြစ်လေသည်။ သို့သော် ပြီးပြည့်စုံခြင်း ဆိုသည်မှာ သဘာဝကို လွန်ဆန်သည့်နည်းလမ်း ဖြစ်သည့်အတွက် ကျင့်ကြံအောင်မြင်ရန်မှာ ခက်ခဲလွန်းလေစွ။
“သိပ်ပြီး တိကျပါတယ်။ သူတော်စင်ဆရာက ပုံပြင်တိုတိုလေးနဲ့ ကြီးမြတ်တဲ့ သဘောတရားကို ပြောပြသွားတယ်။ ပုံပြင်တိုင်းမှာ သင်ခန်းစာ ယူစရာတွေ ရှိတာပါပဲ။ လူတွေက တကယ် တုံးကြတာပဲ။ အမှန်ကို နားမလည်ဘဲ နတ်တွေကို ပူဇော်ရှိခိုး နေဖို့ပဲ သိကြတယ်။ တကယ်တော့ အမှန်တရားကို စိတ်နှလုံးထဲမှာပဲ ရှာဖွေတွေ့ရှိ နိုင်တယ်”
စာပေသမားက ပြုံးရင်း ပြောလိုက်လေသည်။
ဆန်းလျန်က တိတ်ဆိတ်ငြိမ်သက် နေလေသည်။ သူက စာပေသမား ဆိုင်ရှင်၏ စကားကို ထောက်လည်း မထောက်ခံ၊ ကန့်လည်း မကန့်ကွက်ပေ။
“တကယ်လို့ ကျုပ်လည်း ခပ်တုံးတုံး လူတွေထဲက တစ်ယောက်ဆိုရင် နတ်တွေကိုပဲ ဆုတောင်းပူဇော် နေမှာပဲပေါ့”
အချိန် အကြာကြီးနေမှ ဆန်းလျန်က ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။
ဆန်းလျန်၏ စကားကြောင့် စာပေသမားမှာ အံ့သြကာ တိတ်ဆိတ်သွားလေသည်။ လူအများစုမှာ ခပ်တုံးတုံးများ ဖြစ်ကြလေသည်။ ထို့ကြောင့်ပင် နတ်များကို ပူဇော်ပသကာ ကိုးကွယ်ဆုတောင်း နေကြခြင်း ဖြစ်လေသည်။ လူ့လောကတွင် သစ္စာတရားကို အမှန်တကယ် ရှာဖွေတွေ့ရှိ နိုင်သူက ရှားပါး လွန်းလှသည်။
“ဒီပစ္စည်းလေးကို မင်းယူသွားလို့ ရပါပြီ”
နောက်ဆုံးတော့ စာပေသမားက ပြောလိုက်လေသည်။
ပစ္စည်းလေးကို ရရှိပြီးသည့်နောက် ဆန်းလျန်အနေဖြင့် ပြောစရာစကားလည်း မရှိတော့သလို ဆိုင်ထဲတွင် ဆက်နေစရာ အကြောင်းလည်း မရှိတော့ပါ။ ထို့ပြင် အပြင်ဘက်ဆီမှ ချမ်းမော့၏ အော်သံကို ကြားရလေသည်။ တစ်ခုခုကို ပြဿနာ တက်သည့်အတွက် သူ့ကို အော်ခေါ်သည့် အသံမျိုး ဖြစ်လေသည်။
ထူးဆန်းသည့် ငှက်မိစ္ဆာလေး ဘာများဖြစ်သလဲဟု ဆန်းလျန် စိတ်ပူသွားမိလေသည်။ သက်လတ်ပိုင်းအရွယ် စာပေသမားမှာ တန်ခိုးစွမ်းအား ရှိလား၊ မရှိလားကိုပင် ဆန်းလျန် အာရုံမစိုက် အားတော့ပေ။ နှုတ်ဆက်စကား အနည်းငယ် ပြောကြားပြီးသည်နှင့် ဆန်းလျန် ဆိုင်ထဲမှ ထွက်ခွာ လာခဲ့လေသည်။ သူတို့မှာ သူစိမ်းများသာ ဖြစ်လေသည်။ ကံကြမ္မာပေးသည့် အတွက်သာ ခဏတာ ဆုံတွေ့ခွင့် ရခဲ့ခြင်း ဖြစ်သည့်အတွက် ထိုသူကို ဆန်းလျန် အနှောင့်အယှက် မပေးလိုတော့ပါ။
ဆန်းလျန် မြင်ကွင်းမှ ပျောက်ကွယ်သွားသည့် အခါတွင်တော့ စာပေသမားက စာအုပ်စင်တစ်ခု ထောင့်တွင် ရှိသည့် စားပွဲလေးတွင် ထိုင်လိုက်လေသည်။ စားပွဲပေါ်တွင် ရေနွေးအိုးလေး တစ်လုံး ရှိနေလေသည်။ ထိုရေနွေးအိုးလေး၏ ဘေးပတ်လည်တွင် အစိမ်းရောင် မီးတောက်လေးများ ထွက်ပေါ် နေလေသည်။ သို့သော် ထိုမီးတောက်များက သစ်သားစားပွဲငယ်ကို လောင်ကျွမ်းသွားခြင်း မရှိပါ။ ခဏကြာသည့် အခါတွင်တော့ ရေနွေးအိုးလေး ဆူလာလေသည်။
စာပေသမားက ရေနွေးအိုးထဲမှ ရေနွေးများကို ရေနွေးခွက်လေးထဲသို့ ငှဲ့ထည့်လိုက်သည်။ ရေနွေးများမှာ ပွက်ပွက်ဆူနေသည့် တိုင်အောင် ရေခဲကဲ့သို့ အေးစက်နေလေသည်။ စာပေသမားက ရေနွေးကို သောက်လိုက်ပြီးသည်နှင့် ကျေနပ်သွားပုံ ရလေသည်။
“မှော်မီးတောက်ကသာ နှင်းလက်ဖက်ရည်ရဲ့ မူလအရသာကို ထိန်းသိမ်းပေးနိုင်တာပဲ”
ဟု သက်ပြင်းတစ်ချက် ချရင်း ပြောလိုက်လေသည်။
ထိုအချိန် …
မီးတောက်က ကြမ်းပြင်ထက်သို့ ကျသွားပြီး အခန်းထဲတွင် လူတစ်ယောက် ပေါ်လာလေသည်။
ထိုသူက အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ မျက်ဝန်းများက အစိမ်းရောင် မီးတောက်များ တောက်နေလေသည်။ သူ၏ မျက်နှာမှာလည်း အစိမ်းရောင် ဖြစ်နေပြီး ကြောက်မက်ဖွယ်ရာ မျက်နှာတစ်ခု ဖြစ်လေသည်။
ထိုသူမှာ ချွေ့ဖိန်တောင်တွင် ဆန်းလျန်နှင့် ဆုံတွေ့ခဲ့ဖူးသည့် အစိမ်းရောင် မျက်နှာနှင့်လူ ဖြစ်လေသည်။ သူက ဆန်းလျန်ကို မှော်မီးတောက်နှင့် တိုက်ခိုက်ခဲ့သော်လည်း မှော်မီးတောက်က ဆန်းလျန်အပေါ်တွင် သက်ရောက်ခဲ့ခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် ဆန်းလျန်က ဝိညာဉ်မြစ်ရေထဲတွင် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သောကြောင့် ဖြစ်လေသည်။
“ဆရာ ဘာလို့သူ့ကို ဒီအတိုင်း လွှတ်ပေးလိုက်တာလဲ”
အစိမ်းရောင်မျက်နှာနှင့် လူက စာပေသမားကို လေးလေးစားစားပင် မေးလိုက်လေသည်။
စာပေသမားက ရေနွေး ပန်းကန်လေးကို အသာအယာ ပြန်ချလိုက်ပြီး နှင်းလက်ဖက်ရည် အရသာကို ခံစားနေလိုက်သည်။
ပြီးမှ …
“သူ့ကို ဆရာဘိုးဘိုး ယွမ်ချင်းရဲ့ ဓားဝိညာဉ်က အသိအမှတ် ပြုထားတယ်။ အင်းပေါ့လေ သူတို့က တစ်ဂိုဏ်းတည်းပဲ မဟုတ်လား။ အခုချိန် တစ်ခုခု လှုပ်ရှားလိုက်မယ်ဆိုရင် အကုန်ရှုပ်ကုန်ပြီး ကျိလင်နတ်သမီးက ကျုပ်တို့ကို အာရုံစိုက်လာ လိမ့်မယ်”
ဟု ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။
“ဆရာ့အစွမ်းနဲ့ ဆိုရင် ဆန်းလျန်ကို ထိန်းချုပ်နိုင်ဖို့ တစ်ခုခု လုပ်နိုင်မှာပါ။ ကျိလင်နတ်သမီး ကလည်း ဆရာ့နောက် လိုက်နေတာ။ ဆရာကလည်း ကျိလင်နတ်သမီးရဲ့ ထိုက်ရွှီးနည်းဗျူဟာ ကျင့်စဉ်ကို အနိုင်ယူဖို့ နည်းလမ်း ရှာမတွေ့သေးဘူး မဟုတ်လား။ ဆရာက ပကတိ ဖန်ဆင်းခြင်းပညာ နောက်ဆုံးအဆင့် ကျင့်ကြံနေတာဆိုတာ ကျိလင် နတ်သမီးသာသိရင် အကုန်ပျက်စီး ကုန်တော့မှာပဲ”
အစိမ်းရောင်မျက်နှာနှင့် လူက ပြောလိုက်လေသည်။
“ရှောင်ချင်းအော် မင်း ကျုပ်နဲ့အတူ နေလာတာပဲ။ နှစ်ပေါင်းနှစ်ရာလောက် ရှိနေပြီ။ ဘယ်တုန်းက ဒီလောက်စကားတွေ အများကြီး ပြောတတ်သွားတာလဲ။ မင်း ကျုပ်နဲ့ နှစ်ပေါင်း ဒီလောက်ကြာအောင် အတူတူ နေခွင့်ရတာ မင်းက စကားမများတတ်ဘဲ ကိုယ့်ဟာကိုယ် နေတတ်လို့ပဲ”
စာပေသမားက ပြုံးရင်း ပြောလိုက်လေသည်။
စာပေသမား၏ အပြုံးမှာ အစိမ်းရောင်မျက်နှာနှင့် လူ၏ မျက်ဝန်းထဲတွင် ကြောက်စရာ ကောင်းနေလေသည်။ စာပေသမားမှာ ပကတိဖန်ဆင်းခြင်း ပညာကို ကျင့်ကြံနေသည့် လူတစ်ယောက် ဖြစ်လေသည်။ ထိုကျင့်စဉ်ကို ကျင့်ကြံသည့်အတွက် မိစ္ဆာစိတ်ရိုင်း စွမ်းအားများ ဖြစ်ပေါ်လာရ လေသည်။ ထိုမိစ္ဆာစိတ်ရိုင်း စွမ်းအားများကို ကျော်လွှားနိုင်ရန်အတွက် သန့်စင်သည့် စွမ်းအားများကို ပြန်ဖြည့်တင်းရလေ့ ရှိလေသည်။ ထို့ကြောင့် စာပေသမား၏စိတ် အပြောင်းအလဲကို ခန့်မှန်း၍ မရနိုင်ပေ။
အစိမ်းရောင် မျက်နှာနှင့် လူမှာ သူ့စကား မှားသွားသည်ကို သိလိုက်သည့်အတွက် ချက်ချင်း ဒူးထောက်လိုက်လေသည်။
စာပေသမား ကျင့်ကြံနေသည့် ပကတိ ဖန်ဆင်းခြင်းပညာ ဆိုသည်မှာ ထိပ်တန်း မိစ္ဆာကျင့်စဉ် တစ်ခု ဖြစ်လေသည်။ မိစ္ဆာကျင့်စဉ်ဟု သတ်မှတ်ရသည့် အကြောင်းရင်းမှာ အစစ်အမှန် တာအိုကျင့်စဉ် လမ်းနှင့် လုံးဝ ဆန့်ကျင်နေသောကြောင့် ဖြစ်လေသည်။
မိစ္ဆာကျင့်စဉ် ဆိုသည်မှာ လူတစ်ယောက်၏ နှလုံးသားကို မိစ္ဆာအဖြစ် ပြောင်းလဲပစ်သည့် ကျင့်စဉ်ပင် ဖြစ်လေသည်။ ပကတိဖန်ဆင်းခြင်း ပညာကို ကျင့်ကြံလျှင် လူတစ်ယောက်သည် ကြားခံတစ်ခုကို အသုံးပြုကာ အခြားသူ တစ်ယောက်၏ စိတ်ထဲသို့ အတွင်းကျကျ ဝင်ရောက် နိုင်လေသည်။ ထိုသို့ ဝင်ရောက်သည်ကို ကာယကံရှင် ကိုယ်တိုင်ပင် သိလိုက်မည် မဟုတ်ပေ။ ထို့နောက် ထိုသူ၏ စိတ်ကိုချုပ်ကိုင်ပြီး ခန္ဓာကိုယ်ကို လုံးဝအပိုင် သိမ်းယူလိုက်ကာ သူ၏ ကိုယ်ခွဲအဖြစ် အသုံးပြု နိုင်လေသည်။
တာအိုကျင့်စဉ်လမ်းမှာ လူတစ်ယောက်၏ နှလုံးသားကို သန့်စင်အောင် ကျင့်ကြံရသည့်လမ်းစဉ် ဖြစ်လေသည်။ အတွေးများ ရှုပ်ထွေးကုန်သည်နှင့် အထွတ်ထိပ် အဆင့်သို့ ရောက်ရန် ခက်ခဲမည် ဖြစ်လေသည်။ ပကတိဖန်ဆင်းခြင်း ပညာမှာ စိတ်ပေါင်းများစွာကို ချုပ်ကိုင်ရသည့်အတွက် နှလုံးသားကို သန့်စင်ခြင်းကို ဆုံးရှုံးရလေသည်။ ထို့ကြောင့် ပကတိဖန်ဆင်းခြင်း ပညာမှာ ထူးခြားဆန်းကြယ်သော်လည်း ထိုကျင့်စဉ်ကို လေ့ကျင့်လျှင် အစစ်အမှန် တာအိုကျင့်စဉ် လမ်းတွင် အထွတ်ထိပ်အဆင့်သို့ ရောက်ရန် မဖြစ်နိုင်တော့ပေ။
ပကတိဖန်ဆင်းခြင်း ပညာဖြင့် ပုံရိပ်ယောင်များကို ဖန်ဆင်းရလေသည်။ သို့သော် ဖန်ဆင်းခြင်းကို ရပ်တန့်လိုက်သည်နှင့် ကိုယ့်ကိုယ်ကိုယ် သတ်သေသကဲ့သို့ ဖြစ်သွားနိုင်လေသည်။
ထို့ပြင် အတွေးများက ရှုပ်ထွေးလေ အစစ်အမှန်ကို ဖော်ထုတ်နိုင်ရန် ခက်ခဲလေ ဖြစ်လေသည်။ ထို့ကြောင့် အစစ်အမှန်တာအို ကျင့်စဉ်လမ်းတွင် အထွတ်ထိပ် အဆင့်သို့ ရောက်လိုသည့် ကျင့်ကြံသူ တစ်ယောက်သည် ထိုမိစ္ဆာကျင့်စဉ်ကို ကျင့်ကြံထားပါက ကျင့်စဉ်လမ်း အစနှင့် အဆုံးမှာ ပျောက်ကွယ်နေပြီး မိမိကိုယ်တိုင်ပင် ရှာဖွေ မတွေ့နိုင်အောင် ၀ေဝါးနေမည် ဖြစ်လေသည်။ ထိုသို့ ဖြစ်ပါက စိတ်နှလုံး ကြည်လင်သန့်စင်ခြင်း မဖြစ်နိုင်တော့ပေ။
ထို့ကြောင့် ပကတိဖန်ဆင်းခြင်း ပညာကို ကျင့်ကြံသူသည် သေလျှင်သေ၊ မသေလျှင်လည်း ဖန်ဆင်းမှု ပုံရိပ်ယောင်များစွာ ပြုလုပ်ထားသည့် အရှိန်ကြောင့် ရူးသွပ်သွားရကာ အခြားသူများကို ပြင်းထန်ထိခိုက်အောင် လုပ်တတ်လေသည်။
ထို့ကြောင့် ထိုကျင့်စဉ်ကို ကျင့်ကြံသူ၏ စိတ်နေစိတ်ထားမှာ ခန့်မှန်းရ ခက်လေသည်။ မမျှော်လင့်သည့် အရာများကို မထင်လျှင် မထင်သလို လုပ်တတ်လေသည်။
စာပေသမားက ထို “ပကတိ ဖန်ဆင်းခြင်းပညာ” ကို ကျင့်ကြံရခြင်းမှာ ချင်းရွှမ်နတ်တံခါးကို ဒုက္ခ ပေးချင်သောကြောင့် ဖြစ်လေသည်။
စာပေသမားသည် အရည်အချင်းရှိသည့် ကျင့်ကြံသူ တစ်ယောက်ဖြစ်ပြီး သူ၏ ဂိုဏ်းတူ ညီအစ်ကိုများ မရိပ်မိခင်မှာပင် ထိုကျင့်စဉ်ကို အဆင့်မြင့်မြင့် အောင်မြင်ခဲ့လေသည်။ ထို့နောက် သူ၏ ဂိုဏ်းတူ ညီအစ်ကိုများနှင့် ဆရာများကိုပင် သူ၏ ကိုယ်ခွဲများအဖြစ် ပြောင်းလဲ ပစ်ခဲ့လေသည်။ အကျိုးရလဒ်မှာ ဂိုဏ်းထဲတွင် အချင်းချင်း သတ်ဖြတ်သည့် လူသတ်ပွဲကြီး ဖြစ်ပေါ်လာရ လေတော့သည်။ ထိုသို့ သွေးချောင်းစီး လူသတ်ပွဲကြီးသာ မဖြစ်ခဲ့လျှင် ချင်းရွှမ်နတ်တံခါးသည် အထွတ်ထိပ်မှာပင် ဆက်လက် ရပ်တည်နေမည် ဖြစ်လေသည်။
ထိုအချိန်က ချင်းရွှမ်နတ်တံခါးတွင် လောကနတ်ဘုရား သုံးပါး ပေါ်ထွက်ခဲ့လေသည်။ တစ်ပါးက မည်သည့်နေရာသို့ ထွက်ခွာသွားမှန်း မသိပေ။ နောက်တစ်ပါးကတော့ တောတောင်ရေမြေ များဆီသို့ ခရီးလှည့်လည် နေလေသည်။ နောက်ဆုံးတစ်ပါးမှာတော့ ချင်းရွှမ်နတ်တံခါး၏ သွေးချောင်းစီး တိုက်ပွဲကြီးတွင် ပါဝင်ခဲ့လေသည်။ ထိုနတ်ဘုရားမှာ ကျိလင်နတ်သမီး ဖြစ်လေသည်။ သူမက တိုက်ပွဲထဲတွင် ရုပ်ခန္ဓာဒဏ်ရာ ပြင်းထန်စွာရပြီး နတ်သက်ကြွေကာ လူပြန်ဝင် စားခဲ့ရလေသည်။
လက်ရှိအချိန်တွင် ဆရာသခင် ကျန်းရော့ရွှီးသာ ဉာဏ်ပညာ ပြည့်စုံစွာဖြင့် ချင်းရွှမ်နတ်တံခါးကို ထိန်းသိမ်း မထားနိုင်လျှင် ထိုစာပေသမားရန်မှ ကာကွယ်နိုင်မည် မဟုတ်ပေ။ ဂိုဏ်းသားများ အားလုံးကို သူ၏ ကိုယ်ခွဲများအဖြစ် ဖန်ဆင်းပြီး အချင်းချင်း သတ်ဖြတ်မှုများ ဖြစ်စေကာ ချင်းရွှမ်နတ်တံခါးမှာ တစ်ခါတည်း အဆုံးသတ် ပျောက်ကွယ်သွားရမည် ဖြစ်လေသည်။
ထိုတိုက်ပွဲတွင်ပင် ဆရာသခင် ကျန်းရော့ရွှီးမှာလည်း ဒဏ်ရာ အပြင်းအထန်ရကာ ချင်းရွှမ် ခန်းမဆောင်တွင် နေရသည့်ဘဝသို့ ရောက်ရှိ သွားခဲ့လေသည်။ သူ၏ဒဏ်ရာကို ထိန်းသိမ်း ထားရန်အတွက် ထိုက်ယီတောင်မှ မိုးမြေ စွမ်းအားများကို အသုံးပြု နေခဲ့ရလေသည်။
“ထတော့ …”
စာပေသမားက ဒူးထောက်နေသည့် အစိမ်းရောင်မျက်နှာနှင့် လူကို နူးညံ့စွာဖြင့် ပြောလိုက် လေသည်။ သူ၏အသံက နူးညံ့ညင်သာ နေလေသည်။ ဒေါသသံ လုံးဝ ပါဝင်ခြင်း မရှိပေ။
အစိမ်းရောင်မျက်နှာနှင့် လူမှာ ကြောက်ရွံ့နေသည့်တိုင် ဆရာဖြစ်သူ၏ စကားကိုတော့ မလိုက်နာဘဲ မနေရဲပေ။
ဆရာဖြစ်သူမှာ လွန်ခဲ့သည့် နှစ်အနည်းငယ်က မည်သည့် လှုပ်ရှားမှုမှ မပြုလုပ်ဘဲ ငြိမ်သက် နေခဲ့သော်လည်း သူ၏ တန်ခိုးစွမ်းအားများမှာ တစ်နေ့တခြား ကြီးမားလာကာ ခန့်မှန်း၍ပင် မရနိုင်ပေ။ ထို့ပြင် သူ၏ကိုယ်တွင်းမှ မိစ္ဆာစိတ်ရိုင်းများကို ထိန်းချုပ်နိုင်ရန်အတွက် သန့်စင်သည့် စွမ်းအားများကို ဖြည့်တင်းသည့် နည်းလမ်းကိုလည်း ရှာဖွေတွေ့ရှိ ခဲ့လေသည်။ ထို့ကြောင့် ပကတိဖန်ဆင်းခြင်း ပညာကို ကျင့်ကြံသည့်အတွက် ရရှိလာမည့် ဆိုးကျိုးကို တားဆီးနိုင်ခဲ့ပြီ ဖြစ်လေသည်။ နောက်တစ်ဆင့် အောင်မြင်လျှင် စာပေသမားမှာ မိုးကောင်းကင် မိစ္ဆာတစ်ပါး ဖြစ်လာတော့မည် ဖြစ်လေသည်။ မိုးကောင်းကင်မိစ္ဆာ ဆိုသည်မှာ နတ်ဘုရားတစ်ပါးပင် ဖြစ်လေသည်။ သို့သော် ကျင့်စဉ်လမ်း အစစ်အမှန်ဖြင့် မသွားဘဲ မိစ္ဆာကျင့်စဉ်ဖြင့် သွားပြီး နတ်ဘုရား ဖြစ်လာသူကို မိုးကောင်းကင်မိစ္ဆာဟု ခေါ်ဆိုခြင်း ဖြစ်လေသည်။
“ပြဿနာတွေကို ရှောင်ရှားနိုင်ဖို့ ဒီနှစ်တွေ အတွင်းမှာ ကျုပ်ဘေးနားမှာ လူတွေ အများကြီး ထားခဲ့ရတယ်။ ဒါကြောင့် မင်းကို ကျုပ်ဘာမှ မလုပ်ပါဘူး။ ပြီးတော့ မင်းက ကျုပ်ရဲ့ လျှို့ဝှက်ချက်တွေကို သိနေတဲ့ သူလေ။ မင်းလောက် ယုံကြည်ရတဲ့သူ ဒီလောကမှာ မရှိပါဘူး။ မင်းကို ကျုပ်ဘာမှ မလုပ်ပါဘူးကွယ်”
စာပေသမားက ပြောလိုက်လေသည်။
ထိုစကားကို ကြားသည့် အခါတွင်တော့ အစိမ်းရောင်မျက်နှာနှင့် လူမှာ ချက်ချင်းပင် ဒူးထောက်ကာ ဆရာဖြစ်သူကို ဂါရဝ ပြုလိုက်လေသည်။
ရည်ရည်မွန်မွန်နှင့် သဘောကောင်းပုံရသည့် စာပေသမားမှာ လောကတွင် ကြောက်စရာ အကောင်းဆုံး မိစ္ဆာတစ်ယောက် ဖြစ်နေသည်ကို ဆန်းလျန် သိရှိခဲ့ခြင်း မရှိပါ။ ထိုသူက သွေးနီရောင် ဝတ်စုံနှင့် လူငယ်အဖြစ် ဆန်းလျန်ကို လှည့်စားကာ သူ၏ ကိုယ်ခွဲအဖြစ် အသုံးပြုနိုင်ရန် ကြိုးစားခဲ့သူ ဖြစ်လေသည်။
နှင်းများက ကျဆင်းလာပြန်သည်။ နှင်းပွင့်လေးများသည် ရေကန်အတွင်းသို့ ကျဆင်း သွားလေသည်။
ရေကန်မှာလည်း ရေခဲအလွှာ ပါးလေးဖြင့် ကာထားသကဲ့သို့ ဖြစ်နေလေသည်။
ကောင်းကင်တွင် ပျံသန်းနေသည့် အရိပ်လေးမှာ ချမ်းမော့ ဖြစ်လေသည်။ သူမက အောက်သို့ ဆင်းသက်လာသည့်အခါ အစိမ်းရောင် အရိပ်လေးများ ထင်ကျန်ခဲ့လေသည်။ ထို့နောက် ချမ်းမော့က ကောင်းကင်ထက်သို့ ပျံတက်သွားပြန်သည်။ ရှောင်ရွှင်မှာ ရေကန်ထက်ရှိ ရေခဲအလွှာ ပါးပေါ်တွင် ငြိမ်သက်နေလေသည်။ သူ့ဘေးတွင် သွေးစအချို့ကို မြင်ရလေသည်။ မိန်းကလေးငယ်လေး တစ်ယောက်က ထိုရေကန်နားတွင် ရပ်နေလေသည်။
မိန်းကလေး ငယ်လေးမှာ ဆံပင်များ ရှိမနေပါ။ ဆံပင် မရှိသည့်အတွက် အလှတရား မပေါ်လွင်သည့်တိုင် မိန်းကလေးမှာ လွန်စွာမှ ချောမောလှပသူ တစ်ယောက်ဖြစ်ကြောင်း ငြင်း၍ မရနိုင်ပေ။
မိန်းကလေးတွင် အဘယ်ကြောင့် ဆံပင်များ ရှိမနေပါသနည်း။
သူမမှာ သီလရှင်တစ်ပါး ဖြစ်နေသောကြောင့် ဖြစ်လေသည်။
သူမက သူမလက်မှ ကျင့်စဉ်စွမ်းများ ထုတ်ပေးပြီး ရှောင်ရွှင်ကို စိတ်ရှည်လက်ရှည် ကုသပေးနေ လေသည်။ သူမလက်မှ သန့်စင်သည့် အဖြူရောင် အလင်းတန်းများ ထွက်ပေါ်နေသည်။ ထိုအဖြူရောင် အလင်းတန်းမှာ နှင်းထက်ပင် ဖြူစင်သေးသည်။
ထိုအဖြူရောင် အလင်းတန်းနှင့်အတူ အစိမ်းရောင် အလင်းတန်း တစ်ခုကိုလည်း တွေ့မြင် နိုင်လေသည်။ ထိုအစိမ်းရောင် အလင်းတန်းကို ဆန်းလျန် ကောင်းကောင်း မှတ်မိနေသည်။
အစိမ်းရောင် အလင်းတန်းမှာ ပျံသန်းနေသည့် ဓားတစ်လက်ဆီမှ ထွက်ပေါ်နေခြင်း ဖြစ်လေသည်။ ထိုဓားထက်တွင် ဝိညာဉ်စွမ်းအား ပြည့်ဝသည့် မီးတောက်များ တောက်လောင်နေပြီး စွမ်းအားက အဆုံးမသတ် စီးဆင်းနေလေသည်။ ထိုဓားအနီးမှ ကျဆင်းသွားသည့် နှင်းပွင့်လေးများမှာ မြူခိုးများ အဖြစ်သို့ ပြောင်းလဲသွားလေသည်။
ထိုအစိမ်းရောင် ဓားဝိညာဉ်မှာ ချမ်းမော့နှင့် တိုက်ခိုက်နေခြင်း ဖြစ်လေသည်။
မြူခိုးများကြားတွင် ချမ်းမော့က ဟိုဟိုဒီဒီ ပျံသန်းရင်း အစိမ်းရောင် ဓားဝိညာဉ်ကို ရှောင်တိမ်း နေလေသည်။
ထိုပျံသန်းနေသည့် ဓားကို ထိန်းချုပ်နေသူမှာ အစိမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် တာအိုဆရာလေး တစ်ပါး ဖြစ်လေသည်။ သူ၏ ဓားဝိညာဉ်က အစိမ်းရောင်ဖြစ်ပြီး သူ၏ အမည်မှာ စုန့်ချင်းယီပင် ဖြစ်လေတော့သည်။
ဆန်းလျန်က ချမ်းမော့၏ အော်သံကြားရာ နေရာသို့ အမြန် ရောက်လာခဲ့သည်။ ချမ်းမော့ကလည်း ဆန်းလျန်ကို တွေ့သည်နှင့် သခင်ဖြစ်သူ၏ ပခုံးထက်သို့ ဆင်းသက်ကာ နားနေ လိုက်တော့သည်။
စုန့်ချင်းယီက ဆန်းလျန်ကို တွေ့သည်နှင့် ဝမ်းသာအားရ နှုတ်ဆက်လိုက်သည်။
“အား … ဆန်းလျန်ပါလား။ မင်းဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ”
ဆန်းလျန်က ချမ်းမော့လေးကို စိတ်စွမ်းအားဖြင့် ဆက်သွယ်ပြီး စိတ်မပူဖို့ နှစ်သိမ့်လိုက်သည်။
“ချင်းယီ မင်းကရော ဘယ်လိုဖြစ်လို့ ယွဲ့ထော်ကို ရောက်နေရတာလဲ။ ဘာလို့ ကျုပ်ရဲ့ ဝိညာဉ်သားရဲလေးကို တိုက်ခိုက် နေရတာလဲ”
ဆန်းလျန်က နားမလည်နိုင်စွာဖြင့် မေးလိုက်လေသည်။
“အာ … ဒီငှက်က မင်းမွေးထားတဲ့ ဝိညာဉ်သားရဲလေးလား။ ခုန သူရယ် အခြား ငှက်တစ်ကောင်ရယ် ဂိုဏ်းတူညီမလေး ချီးရှိုးရဲ့ ချင်းလင် ဆေးအမြုတေကို ခိုးဖို့ လုပ်နေတာ။ ကျုပ်သူတို့ကို ဖမ်းမိလို့ တော်သေးတယ်။ ဟို ငှက်မိစ္ဆာလေးကတော့ မြန်သလား မမေးနဲ့။ ဒီငှက်လေးကတော့ နှေးတော့ ကျုပ်ရဲ့ ဓားဝိညာဉ်နဲ့ ထိသွားတာ။ ဂိုဏ်းတူညီမလေး ချီးရှိုးက သနားတတ်တော့ ငှက်လေးကို မသေစေချင်တာနဲ့ ကုသပေးနေတာ။ အဲဒါကို ဒီငှက်စုတ်က လာလာ တိုက်ခိုက်နေတာနဲ့ ကျုပ်လည်း ပြန်တိုက်လိုက်တာ။ ဒီငှက်မိစ္ဆာလေးက ဝိညာဉ်စွမ်းအား သိပ်မရှိပေမဲ့ မြန်တာကတော့ စံတင်လောက်တယ်။ ကျုပ်မှာ တိုက်သာတိုက်ရတယ် သူ့အမွေးတောင် ထိအောင် မတိုက်နိုင်ဘူး”
စုန့်ချင်းယီက ဆန်းလျန် ပခုံးထက်တွင် နားနေသည့် ချမ်းမော့ကို ညွှန်ပြရင်း ပြောလိုက် လေသည်။
စုန့်ချင်းယီ ပြောသည့် စကားများကို ချမ်းမော့က နားလည်နေသောကြောင့် မကျေမနပ်ဖြင့် အော်ဟစ် လိုက်လေသည်။
စုန့်ချင်းယီကလည်း သူမကို မကျေမနပ်ဖြင့် ကြည့်လိုက်လေသည်။ သူတို့နှစ်ယောက်မှာ ထပ်ပြီး တိုက်ခိုက် ကြဦးမည့်ပုံပင် ပေါက်နေလေသည်။
ဆန်းလျန်က စုန့်ချင်းယီ၏ တန်ခိုးစွမ်းအားများ အရင်ကထက်ပိုပြီး တိုးတက်လာသည်ကို သတိထား လိုက်မိလေသည်။ ထိုမျှလောက် မြန်မြန်ဆန်ဆန် တိုးတက် လာသည့်အတွက် ရွှမ်ထျန်းဂိုဏ်း၏ တာအိုကျင့်စဉ် ပညာများကို မအံ့သြဘဲ မနေနိုင် ဖြစ်ရလေသည်။
***