Switch Mode

အခန်း (၁၅၈)

"ကျီးရှင်" ရှေးဟောင်းပစ္စည်းဆိုင်

ဗောဓိဿကျ ချန်ထားခဲ့သည့် တရားအမွေအနှစ် များမှာ လောကတွင် ရှားပါးသည့် ရတနာများပင် ဖြစ်လေသည်။ ကျင့်ကြံသူများအတွက် ဆိုလျှင်တော့ တန်ဖိုး မဖြတ်နိုင်သည့် အမွေအနှစ် များပင်။ အဘယ်ကြောင့်ဆိုသော် ဗောဓိဿကျ ဆိုသည်မှာ သံသရာမှ လွတ်ကင်းသည်အထိ ကျင့်ကြံအောင်မြင်သွားသူ ဖြစ်သောကြောင့် ဖြစ်လေသည်။

လောကတွင် ကျင့်စဉ် နည်းလမ်းပေါင်း ထောင်နှင့်ချီ၍ ရှိလေသည်။ သို့သော် မည်သည့် ကျင့်စဉ်လမ်းကိုပဲ ကျင့်ကြံသည်ဖြစ်စေ အထွတ်ထိပ် ဦးတည်ရာကတော့ အတူတူပင် ဖြစ်လေသည်။

တာအိုကျင့်စဉ်လမ်း ဖြစ်စေ၊ ဗုဒ္ဓကျင့်စဉ်လမ်း ဖြစ်စေ ကျင့်စဉ်ခရီးလမ်းမှာ ရှည်လျားပါသည်။ သို့သော် ထိုကျင့်စဉ်များ အားလုံးသည် လောကဓမ္မကိုတော့ အရာအားလုံး သိမြင်အောင် လှစ်ဟပြနိုင်စွမ်း မရှိပါချေ။

ရှန်ဆန်းကျန်းရန်လုကျိုးယွမ် ပြောသကဲ့သို့ …

“ထောင်နှင့်ချီသည့် ကျမ်းစာများက ကျွန်ုပ်ကို ရေးသားသလို ကျွန်ုပ်ကလည်း ထောင်နှင့်ချီသည့် ကျမ်းစာများကို ရေးသားမည်”

ပင် ဖြစ်လေသည်။

ရှန်းဆန်းကျန်းရန်လုကျိုးယွမ်မှာ မာနကြီးသူတစ်ယောက် မဟုတ်ပေ။ သို့သော် ကျင့်ကြံသူ တစ်ယောက်သည် အထွတ်ထိပ် အဆင့်သို့ ရောက်အောင် ကျင့်ကြံနိုင်သည် ဆိုလျှင် တောင်ထိပ် တစ်ခုသို့ ရောက်သွားသည်နှင့် တူလေသည်။ တောင်ပေါ်မှ ကြည့်လျှင် ကောင်းကင်၊ မြေကြီး၊ တောတောင်နှင့် မြစ်ချောင်းများကို အပေါ်စီးမှ မြင်နိုင်သကဲ့သို့ အတိတ်နှင့် အနာဂတ်ကို သိမြင်နိုင်ပြီ ဖြစ်လေသည်။

ဟုန်ကျန်း ဆရာတော်ရော မြူခိုးငွေ့များထဲမှ အသံပိုင်ရှင်ပါ ခေတ္တမျှ တိတ်ဆိတ် သွားကြသည်။

ရုတ်တရက် သွေးနီရောင် မြူခိုးငွေ့များ တစ်ချက် လှုပ်ရှားသွားပြီး ပျောက်ကွယ်လုနီးပါး ဖြစ်သွားလေသည်။

“သွားတော့။ သူမ ရောက်လာပြန်ပြီ”

အသံပိုင်ရှင်က ပြောလိုက်လေသည်။

တိမ်တိုက်အတွင်းမှ လမ်းတစ်ခု ပေါ်လာပြီး ဟုန်ကျန်း ဆရာတော်က ပျံသန်းနေသည့် လှေဆီသို့ လျှောက်သွား လိုက်လေသည်။ ဟုန်ကျန်းဆရာတော် လှေပေါ်သို့ ရောက်သည်နှင့် လှေက ချက်ချင်းပင် ပျံသန်းထွက်ခွာ သွားလေတော့သည်။

ခေါင်းလောင်းသံများ ထွက်ပေါ်လာပြီး သွေးနီရောင် မြူခိုးငွေ့များမှာလည်း တစ်စစီ ပြိုကွဲကာ ပျောက်ကွယ် သွားလေတော့သည်။ သိပ်မကြာမီမှာပင် ရှောင်ကျူးကျင့်စဉ် တိမ်တိုက်များမှာလည်း မီးခိုးငွေ့များအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားပြီး ထိုနေရာတွင် မည်သည့်အရာမျှ မဖြစ်ပျက် သကဲ့သို့ အရာရာက ကြည်လင်သွားလေသည်။

သိပ်မကြာမီပင် ထိုရှောင်ကျူးတိမ်တိုက် ပျောက်ကွယ်သွားသည့် နေရာတွင် ခရမ်းရောင် ခေါင်းလောင်းလေးများ ပေါ်လာပြီး ခရမ်းရောင် မြူခိုးများလည်း ထွက်ပေါ်လာလေသည်။

ထိုခရမ်းရောင် ခေါင်းလောင်းလေးများမှာ ပတ်ဝန်းကျင်တွင် လှည့်လည်နေပြီး ခရမ်းရောင် သက်တံတစ်ခု ကောင်းကင်တွင် ပေါ်ထွက်လာလေသည်။

***

ဆန်းလျန်မှာ တောင်ပေါ်မှ ဆင်းလာပြီး ဟန့်ဟိုင် ပင်လယ်သေဆီသို့ ထွက်လာခဲ့လေသည်။ ပတ်ဝန်းကျင် တစ်ခုလုံးက အေးခဲနေလေသည်။ ဟန့်ဟိုင် ပင်လယ်မှာလည်း အေးစက်နေသည့်တိုင် ရေခဲနေခြင်းတော့ မရှိပါ။ ဟန့်ဟိုင် ပင်လယ်ရေထဲတွင် ဆားပါဝင်မှု များသောကြောင့် အေးခဲမှုမရှိခြင်း ဖြစ်လေသည်။

ဟန့်ဟိုင် ပင်လယ်သေ၏ ရေမှာ အပြာရင့်ရောင် ဖြစ်လေသည်။ ရေပြင်မှာ ငြိမ်သက်နေပြီး ငါးများလည်း ပင်လယ်ထဲတွင် မရှိပါ။ သို့သော် ကောင်းကင်ထက်မှ တိမ်စလေးများ အရိပ်ထင် ကူးခပ်နေသည်ကိုတော့ တွေ့မြင် နေရလေသည်။

ပင်လယ်ထဲတွင် သွားလာနေသည့် လှေများကိုလည်း တွေ့မြင်နိုင်လေသည်။

ဟန့်ဟိုင်ပင်လယ် တစ်ဖက်ကမ်းတွင် ယွဲ့ထော်တိုင်းပြည် ရှိလေသည်။ ပင်လယ်တစ်ခုတည်းသာ ခြားနားထားသည့်တိုင် ဟန့်ဟိုင်တိုင်းပြည်နှင့် ယွဲ့ထော်တိုင်းပြည်၏ လူနေမှု အဆင့်အတန်းမှာ များစွာ ကွာခြားလေသည်။

ဆန်းလျန် လှိုင်းစီးပြီး ပင်လယ်ကို ဖြတ်ကူးကာ ထွက်ခွာသွားလေသည်။ ဟန့်ဟိုင်ပင်လယ်သည် မည်သည့် အရာကိုမဆို နစ်မြုပ်စေနိုင်စွမ်း ရှိလေသည်။ ဟန့်ဟိုင် ပင်လယ်သေထဲတွင် လှေများပင်လျှင် ကုန်စည်အများကြီး တင်ဆောင်ကာ မသွားရဲပေ။ အဘယ်ကြောင့်ဆိုသော် နစ်မြုပ် လွယ်သောကြောင့် ဖြစ်လေသည်။ သို့သော် ဆန်းလျန်ကတော့ ဟန့်ဟိုင် ပင်လယ်ပြင်ထဲတွင် ကိုယ်ကိုဖော့ပြီး လှိုင်းစီး နေလေသည်။

ဆန်းလျန်က မည်သည့် တန်ခိုးစွမ်းအားကိုမှ အသုံးပြုခြင်း မရှိသလို မိုးမြေစွမ်းအား များကိုလည်း အသုံးပြုထားခြင်း မရှိပါ။ သူက လှိုင်းများထဲတွင် ခြေလှမ်းလှမ်းသကဲ့သို့ ခြေဖဝါးများမှ တုန်ခါအား ထုတ်လွှတ်ကာ အတွင်းအားကို အသုံးပြုပြီး သွားနေခြင်း ဖြစ်လေသည်။ သူ့အတွက်တော့ ဟန့်ဟိုင် ပင်လယ်ပြင်မှာ မြေပြင်နှင့် မခြားလှပေ။

သူ၏ ငှက်ငယ်လေး နှစ်ကောင်ဖြစ်သည့် ချမ်းမော့နှင့် ရှောင်ရွှင်မှာ ကောင်းကင်ထက်တွင် ပျံသန်းပြီး သူ့နောက်သို့ လိုက်လာကြလေသည်။ ယခုတော့ အတောင်ညောင်းသည့် အတွက်ကြောင့် ဆန်းလျန်၏ ပခုံးထက်တွင် နားနေကြပြီ။

ပင်လယ်ထဲမှ လှေသမားများမှာ ဆန်းလျန် ရေပေါ်တွင် လမ်းလျှောက်နေသည်ကို ကြည့်ပြီး သူတို့များ မျက်စိမှားလေသလားဟု ထင်မှတ် မှားနေကြလေသည်။ သို့သော် ချမ်းမော့ကို မြင်ရသည့် အခါတွင်တော့ သူတို့စိတ်ထဲတွင် ထူးဆန်းနေကြလေသည်။ ထိုကဲ့သို့ လှပသည့် အစိမ်းရောင်ရှိသည့် ငှက်လေးမျိုးကို သူတို့ဘဝတွင် တစ်ခါမှ မြင်တွေ့ခဲ့ဖူးခြင်း မရှိပေ။ အချို့ လှေသမားများမှာ ထိုကဲ့သို့ လှပသည့် ငှက်မျိုးကို မင်းမျိုးမင်းနွယ်များ ဆီတွင် ရောင်းချနိုင်လျှင် ဈေးကောင်းကောင်း ရနိုင်သည်ဟု တွေးနေ ကြလေသည်။

ရေကူးကောင်းသည့် လူငယ်များမှာ ဆန်းလျန် လုပ်သကဲ့သို့ လုပ်ကြည့်ရန် ရေထဲသို့ ဆင်းကြည့်ကြလေသည်။ သို့သော် သူတို့မှာ ပင်လယ်ထဲ ပြုတ်ကျကာ ရေနစ်ကြရ လေသည်။ သူတို့ ပင်လယ်ပေါ်တွင် ခဏတာမျှ ရပ်နိုင်ကြသည့်တိုင် လှိုင်းများ ရိုက်ခတ်လာလျှင် နစ်မြုပ်ကြရသည်ပင် ဖြစ်လေသည်။

သာမန် လူတစ်ယောက်သည် ဆန်းလျန် သွားသကဲ့သို့ ရေပေါ်တွင် သွားလာနိုင်ရန် မည်သို့မျှ တတ်နိုင်မည် မဟုတ်ပါ။

ဆန်းလျန်၏ ပုံစံကတော့ ပေါ့ပေါ့ပါးပါးပင် ဖြစ်လေသည်။ ထို့ပြင်သူက လှေများ၊ သင်္ဘောများထက်ပင် လျင်မြန် နေသေးသည်။ သူက ပတ်ဝန်းကျင်ကိုလည်း သိပ်ဂရုစိုက်ခြင်း မရှိပါ။

ပင်လယ်လှိုင်းများနှင့် သူ၏ ကိုယ်ခန္ဓာကို ဟန်ချက်ညီအောင် ထိန်းထားပြီး ထိုသို့ ပြုလုပ်နိုင်ရန်မှာ လွယ်ကူသည်တော့ မဟုတ်ပေ။

လူတစ်ယောက်၏ ခန္ဓာကိုယ်ကို ထိုသို့ ဟန်ချက်ညီအောင် အချိန်ကြာကြာ ထိန်းထားနိုင်ရန်မှာ မဖြစ်နိုင်ပေ။ ထို့ပြင် လှိုင်းများမှာလည်း တက်လိုက်ကျလိုက် အပြောင်းအလဲ ဖြစ်နေသည့်အတွက် ပိုပြီး ခက်ခဲလေသည်။ ကျင့်ကြံသူများမှာ သူတို့ခန္ဓာကိုယ်ကို ဟန်ချက်ညီအောင် ထိန်းနိုင်စွမ်း ရှိကြလေသည်။ ထို့ပြင် သူတို့ ရုပ်ခန္ဓာကို အိုမင်းခြင်းမှလည်း ထိန်းသိမ်းထားပြီး အမြဲတမ်း ငယ်ရွယ်နုပျိုသော သဏ္ဌာန်ဖြင့် နေမည်ဆိုလျှင် နေနိုင်ကြလေသည်။ သို့သော် အထွတ်ထိပ် အဆင့်ဖြစ်သည့် “မူလဝိညာဉ် ခန္ဓာ” ရရှိသည့် အချိန်တွင်တော့ ရုပ်ခန္ဓာမှာ အရေးပါခြင်း မရှိတော့ပေ။

ဆန်းလျန်မှာ အတွင်းအား ပြည့်ဝသူတစ်ယောက် ဖြစ်သည့်အပြင် သူ၏ ရုပ်ခန္ဓာမှာလည်း ခံနိုင်ရည်ရှိမှု ပြည့်ဝသူတစ်ယောက် ဖြစ်လေသည်။ သို့သော် သူဟိုင်သန်းအဆင့် တက်ရောက်နိုင်ရန် အတွက် တစ်ခုခု လိုအပ်နေသကဲ့သို့ ခံစားနေရလေသည်။ သူ၏ “ယင်” ဝိညာဉ်စွမ်းအားမှာ သူ၏ ကိုယ်တွင်းမှ အတွင်းအားဖြင့် ပေါင်းစပ်နိုင်ခြင်း မရှိသေးပေ။

ဆန်းလျန်က ဟိုင်သန်းအဆင့်ကို အလွန် အောင်မြင်နေချင်ပြီ ဖြစ်လေသည်။ သို့သော် မည်သို့မည်ပုံ အစပြုရမည် မသိ ဖြစ်နေရသည်။

ဆန်းလျန် ပင်လယ်ကိုဖြတ်ကာ ယွဲ့ထော်တိုင်းပြည်သို့ ရောက်ရှိ လာခဲ့လေသည်။

ယွဲ့ထော်တိုင်းပြည်မှာ လူနေထူထပ်လေသည်။ ဟန့်ဟိုင်တိုင်းပြည်နှင့် ယှဉ်လျှင် ပိုပြီး ကြွယ်ဝချမ်းသာသည့် တိုင်းပြည်တစ်ခု ဖြစ်လေသည်။ ဆန်းလျန်က ယွဲ့ထော်တိုင်းပြည် အတွင်းသို့ အရှေ့ဘက် တံခါးမှ ဝင်ရောက် လာခဲ့လေသည်။ ကျင်းကွမ်း ဝတ်ကျောင်းတော်မှာ ယွဲ့ထော်တိုင်းပြည်၏ တောင်ဘက်တွင် ရှိသည့် တာ့ရွှယ်စန်းတောင်ပေါ်တွင် တည်ရှိလေသည်။ ကျင်းကွမ်း ဝတ်ကျောင်းတော်ကို ယွဲ့ထော်မြို့တော်မှပင် လှမ်းမြင်နိုင်လေသည်။ ဝတ်ကျောင်းတော်ကြီးမှာ ခမ်းနားစွာဖြင့် မားမားမတ်မတ် တည်ရှိနေလေသည်။

ဟွေခဲ့ဆရာတော်နှင့် ပေါင်ယွဲ့ဆရာတော်တို့၏ စကားရည်လုပွဲ အကြောင်းကို လမ်းမများ ထက်တွင် လူအများက ပြောဆိုနေကြ လေသည်။ ဆန်းလျန်လည်း မသိမသာ သတင်းစုံစမ်း နေမိသည်။

ကြည့်ရသည်မှာ ဟုန်ကျန်း ဆရာတော်က ဆန်းလျန်ကို လိမ်ပြောသည့်ပုံတော့ မပေါ်ပေ။ ဆန်းလျန်မှာလည်း တရားအလင်း ရထားပြီး ဖြစ်သည့် ဆရာတော်နှစ်ပါးကို ဖူးတွေ့လိုစိတ် ရှိနေခဲ့သည်။

ချန်ကျန့်မေနှင့် ပေါင်ကွမ်းဆရာတော်၏ ယှဉ်ပြိုင်ပွဲကြောင့် ကျင်းကွမ်း ဝတ်ကျောင်းတော်ကို ဆန်းလျန်က ရန်သူအဖြစ် မယူဆမိပါ။ သို့သော် သူက ချန်ကျန့်မေ၏ ဂိုဏ်းတူညီ ဖြစ်သည့်အတွက် ကျင်းကွမ်း ဝတ်ကျောင်းတော်မှ လူများကတော့ သူ့ကို မုန်းချင် မုန်းနေကြပေလိမ့်မည်။ ထိုကိစ္စကိုလည်း ဆန်းလျန် ဂရုစိုက်ခြင်း မရှိပါ။

ပေါင်ယွဲ့ဆရာတော်ကြီးမှာ လောကနတ်ဘုရား တစ်ပါးနှင့် တန်ခိုးစွမ်းအား အဆင့်အတန်း တူညီသူ ဖြစ်လေသည်။ ဆရာတော်ကြီးကဲ့သို့ တရားအလင်း ရထားပြီးဖြစ်သည့် ဘုန်းတော်ကြီး တစ်ပါးမှာ ပြီးခဲ့သည့် ကိစ္စများအတွက် ဆန်းလျန်ကို ရန်ငြိုးရန်စ ထားလိမ့်မည် မဟုတ်ဟု ယူဆ ရလေသည်။

လောကတွင် ဆန်းလျန်ထက် တန်ခိုးစွမ်းအား ကြီးမားသူများလည်း များစွာရှိပါသည်။ သို့သော် ဆန်းလျန်က သူ့ထက် တန်ခိုးစွမ်းအား ကြီးသူများကို ကြောက်ရွံ့တတ်လေ့ ရှိသူတစ်ယောက် မဟုတ်ပါ။ ဤသည်မှာ ကျင့်ကြံသူ တစ်ယောက်၏ စိတ်ဓာတ်ပင် ဖြစ်လေသည်။ အန္တရာယ်တွင်းသို့ တိုးဝင်သည်မှာ မိုက်မဲရာ ကျသည်ဟု ပြော၍ ရသော်လည်း အကြောက်တရား ကင်းမဲ့ခြင်းနှင့် စိတ်ဓာတ် ခိုင်မာခြင်းကို ပြသခြင်း ဟူ၍လည်း ပြော၍ ရလေသည်။

ချမ်းမော့နှင့် ရှောင်ရွှင်ကို မြို့ထဲသို့ ခေါ်လာရသည်မှာ အင်မတန်မှ ကိုးလို့ကန့်လန့် ဖြစ်ရသည့်ကိစ္စ ဖြစ်လေသည်။ ထို့ကြောင့် သူတို့ဟာသူတို့ ပျော်သလို တစ်နေရာတွင် နေခဲ့ရန် ဆန်းလျန်က မှာကြားလိုက်သည်။ ဆန်းလျန်က ချမ်းမော့ကို ထိုက်ရွှီးတန်ခိုး စွမ်းအားများ သွင်းပေးလေ့ ရှိသလို ရှောင်ရွှင်ကိုလည်း ဝိညာဉ်စွမ်းအားများ သွင်းပေးလေ့ ရှိလေသည်။ ထို့ကြောင့် ထိုငှက်လေး နှစ်ကောင်မှာ ဆန်းလျန်နှင့် စိတ်စွမ်းအားချင်း ဆက်သွယ်နိုင်ကြလေသည်။ မည်မျှပင် ဝေးကွာပါစေ သူတို့နှစ်ကောင်သည် ဆန်းလျန်နှင့် အဆက်အသွယ် ပြတ်သွားသည်ဟူ၍ မရှိပေ။

ယွဲ့ထော်တိုင်းပြည်မှာ ဟန့်ဟိုင်တိုင်းပြည်နှင့် လုံးဝကွဲပြား ခြားနားလေသည်။ မြို့တော် တစ်ခုလုံးမှာ စည်ကားသိုက်မြိုက်နေပြီး လူများမှာလည်း သဘောကောင်းပြီး နှစ်လိုဖွယ်သဏ္ဌာန် ရှိကြ လေသည်။ နှစ်ပေါင်းများစွာ ကြာအောင် ဗုဒ္ဓဘာသာကို နှစ်နှစ်သက်သက် ယုံကြည်ကိုးကွယ် ခဲ့ကြသည့် တိုင်းပြည်တစ်ခု ဖြစ်လေသည်။

သို့သော် တိုင်းပြည်ရှိ လူအများစုမှာတော့ ဆင်းရဲသားများ ဖြစ်ပုံရကြသည်။ လူအများစုမှာ အဝတ်အထည် နွမ်းနွမ်းပါးပါးများသာ ဝတ်ဆင်ထားကြပြီး မင်းညီမင်းသားများနှင့် သူဌေးသူကြွယ် များသာ ထည်ထည်ဝါဝါ ရှိကြလေသည်။ မင်းညီမင်းသားများနှင့် သူဌေးသူကြွယ်များမှာ နောက်ပါ အခြွေအရံများနှင့် အပြင်သို့ ထွက်လေ့ ရှိကြသော်လည်း ရိုင်းစိုင်းကြမ်းတမ်းခြင်း မရှိကြပေ။ မရှိဆင်းရဲသားများ မှာလည်း သူတို့အပေါ်တွင် မနာလိုဖြစ်သည့် အကြည့်မျိုးဖြင့် ကြည့်သည်ကိုပင် မတွေ့ရပေ။ အချို့သူများကတော့ တလေးတစားဖြင့်ပင် ဂါရဝပြု သွားကြသေးသည်။ ဆင်းရဲသားများမှာ သူတို့ ဆင်းရဲရသည့်အတွက် မည်သူ့ကိုမှ အပြစ်တင်ကြဟန် မရှိပေ။

အချို့သူများကတော့ လူချမ်းသာများကို ကြည့်ကာ နောင်ဘဝတွင်ပင် လူချမ်းသာ ဖြစ်ရန် ဆုတောင်း လိုက်ကြသေးသည်။

ဆန်းလျန်က လမ်းများပေါ်တွင် လျှောက်သွားနေလေသည်။ သူက ရှုပ်ထွေးလွန်းသည့် လူ့လောကထဲတွင် ရောက်နေသည့်တိုင် တိတ်ဆိတ်စွာဖြင့်ပင် သွားလာနေမိသည်။

တိတ်ဆိတ်ပြီး ရှေးဟောင်းပစ္စည်းများ ရောင်းသည့် လမ်းလေးတစ်လမ်းသို့ ဆန်းလျန် ရောက်ရှိလာလေသည်။ ရောင်းချသူများမှာ အသက်အရွယ် ကြီးရင့်သူများ ဖြစ်ကြပြီး သပ်သပ်ရပ်ရပ်ပင် ဝတ်စားဆင်ယင် ထားကြလေသည်။ အားလုံးမှာ အသင့်အတင့် ကြွယ်ဝချမ်းသာ သူများတော့ ဖြစ်ပုံရသည်။ အဘယ်ကြောင့်ဆိုသော် ဆင်းရဲသူများမှာ ယခုကဲ့သို့ ဝါသနာပါသည့် အလုပ်လုပ်ရန်အတွက် အချိန်ရော ငွေရော ရှိကြမည် မဟုတ်ပေ။

ရောင်းချသည့် ပစ္စည်းများမှာ ရှေးဟောင်း ဗုဒ္ဓစာပေ ကျမ်းစာများ၊ သစ်သားငါးရုပ် တုံးများနှင့် အခြားဘုန်းကြီးသုံး ပစ္စည်းများ ဖြစ်လေသည်။ ဆန်းလျန်က လက်ရေးမူစာများနှင့် စာရေးသားသည့် ပစ္စည်းများကို ကြည့်ရှုနေလေသည်။

ရှေးဟောင်းပစ္စည်းဟု ဆိုသော်လည်း အချို့ပစ္စည်းများမှာ သိပ်ပြီး ရှေးမကျပေ။ တချို့တလေ သာလျှင် ရှည်လျားသည့် သမိုင်းကြောင်းရှိပြီး ရှေးကျသည့် ပစ္စည်းများ ဖြစ်ကြောင်း ဆန်းလျန် ခံစားသိရှိ မိလေသည်။

သို့သော် ရှေးဟောင်းပစ္စည်း တိုင်းမှာလည်း တန်ဖိုးကြီးသည့် ပစ္စည်းကောင်းများ မဖြစ်နိုင်ပေ။

ဆိုင်အမှတ် ဆယ့်သုံးမှာလည်း ရှေးဟောင်းပစ္စည်းဆိုင် တစ်ဆိုင် ဖြစ်လေသည်။ ဆိုင်အတွင်းရှိ ပစ္စည်းများမှာ သစ်လွင်နေပြီး သပ်သပ်ရပ်ရပ် စီထားလေသည်။ ပစ္စည်းများနှင့် စာအုပ်များမှာ သန့်စင်နေပြီး ဖုန်တစ်စက်ပင် ပေကျံခြင်း မရှိပေ။ ဆိုင်ထဲတွင်လည်း ဈေးဝယ်သူ မရှိပေ။

စာအုပ်ဆိုင်၏ နာမည်မှာ ထူးဆန်းလေသည်။

“ကျီးရှင်” ဆိုင်

ဆန်းလျန်မှာ ဟိုဟိုဒီဒီ လျှောက်ကြည့်ရင်း ထိုရှေးဟောင်းပစ္စည်း ဆိုင်ရှေ့သို့ ရောက်လာခြင်း ဖြစ်လေသည်။ သို့သော် လမ်းထဲရှိ အခြားဆိုင်များထက် စာလျှင် ဤစာအုပ်ဆိုင်မှ အငွေ့အသက်က ဆန်းလျန်၏ စိတ်ကို သင်သောင့်သက်သာ ဖြစ်စေသည်။

ထိုအငွေ့အသက် ကောင်းကို အခြားသူများက သတိထားမိခြင်း မရှိပေ။ ဆန်းလျန်သာလျှင် သတိထားမိခြင်း ဖြစ်သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ကျီးရှင် ရှေးဟောင်းပစ္စည်းဆိုင်မှာ စွမ်းအားဗဟိုချက် နေရာတွင် တည်ရှိနေလေသည်။ ထိုနေရာတွင် စွမ်းအား ဖြစ်တည်မှုမှာ တည်ငြိမ် နေသောကြောင့် သန့်စင်သည့် စွမ်းအား အငွေ့အသက်များကို ခံစားနေရခြင်း ဖြစ်နိုင်လေသည်။

လူတစ်ယောက်သည် ထိုကဲ့သို့သော နေရာတွင် အချိန်ကြာရှည်စွာ နေထိုင်မည် ဆိုလျှင် စိတ်တည်ငြိမ်မှု စွမ်းအားကောင်းမည် ဖြစ်လေသည်။

ဆန်းလျန် စာအုပ်ဆိုင်ထဲသို့ ဝင်ပြီး ပစ္စည်းများကို လေ့လာနေလိုက် လေသည်။ ထိုအခါ သူ အံ့သြခြင်းမက အံ့သြသွားရ လေသည်။ အဘယ်ကြောင့်ဆိုသော် ထိုပစ္စည်များ အားလုံးမှာ လုံးဝ ရှေးကျသည့် ရှေးဟောင်းပစ္စည်းများ ဖြစ်နေသောကြောင့်ပင်။ ပစ္စည်းများမှာ အမှန်ပင် ရှေးကျပြီး မတူညီသည့် ခံစားချက်များကိုလည်း ပေးစွမ်း နိုင်လေသည်။ ထိုပစ္စည်းများတွင် ရှေးခေတ် အချိန်ကာလများဆီမှ အနှစ်သာရများကို တွေ့မြင်နိုင်ပြီး ညအမှောင်တွင် မီးတောက်တစ်ခုကို မြင်ရသကဲ့သို့ ဝိညာဉ်အလင်းကို ပေးစွမ်းနိုင်လေသည်။

ဆန်းလျန်မှာ ရှေးဟောင်းပစ္စည်းနှင့် စာအုပ်များကို လွန်စွာမှ စိတ်ဝင်စား နေမိလေသည်။

ဆန်းလျန်က ပစ္စည်းတစ်ခုကို လှမ်းယူလိုက်သည့်အတွက် ပစ္စည်းများ တင်ထားသည့်စင်မှာ တစ်ဖက်သို့ တိမ်းစောင်း သွားရလေသည်။

ပစ္စည်းတင်သည့် စင်များမှာ လေထဲတွင် ချိတ်ဆွဲထားသည့် စင်များဖြစ်ပြီး သံတိုင်ကွေး နှစ်ခုဖြင့် ထိန်းထားလေသည်။ ရေထမ်းပိုးနှင့်ပင် တူလေသည်။ ထို့ကြောင့် ဆန်းလျန်က ပစ္စည်းတစ်ခုကို လှမ်းယူလိုက်သည့်အခါ ဘက်ညီမှု ပျက်စီးပြီး ပစ္စည်းတင်ထားသည့် စင်မှာ တစ်ခြမ်း စောင်းသွားရခြင်း ဖြစ်လေသည်။

“ဘယ်လိုလဲ ညီငယ်လေး။ မင်းဒီပစ္စည်းကို သိနေလို့လား”

သိမ်မွေ့သည့် အသံတစ်သံ ထွက်ပေါ်လာလေသည်။

ဆန်းလျန်က နောက်သို့လှည့်ပြီး အသံလာရာသို့ ကြည့်လိုက်သည်။

ထိုသူကို ဆန်းလျန် ဆိုင်အတွင်းသို့ ဝင်လာကတည်းက အာရုံခံမိနေခြင်း ဖြစ်လေသည်။ ယခုတော့ မျက်နှာချင်းဆိုင် တွေ့ဆုံခွင့်ရပြီ။ ထိုသူမှာ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် ဖြစ်လေသည်။ မုတ်ဆိတ်မွေးများက မီးခိုးရောင် သန်းနေပြီး စာပေသမား တစ်ယောက်ကဲ့သို့ ဝတ်ဆင် ထားလေသည်။

ထိုသူ၏ ပုံစံမှာ ထူးထူးခြားခြားတော့ မရှိပါ။ သို့သော် ဆန်းလျန်က ထိုသူကို စိတ်ဝင်စား မိလေသည်။

ထိုသူက သူ့ကိုယ်သူ သပ်သပ်ရပ်ရပ်ဖြစ်အောင် ဂရုစိုက်တတ်ပုံ ရပြီး သူ၏ လက်သည်းများမှာပင် ညီညီညာညာဖြင့် သပ်ရပ်နေလေသည်။ သူ၏ မျက်ဝန်းထောင့်တွင် အရေးအကြောင်း လေးများကို မြင်နိုင်ပြီး သဘောကောင်း ရည်မွန်သည့်ပုံ ရလေသည်။

“ခင်ဗျားက ဒီဆိုင်ပိုင်ရှင်လား”

ဆန်းလျန်က မေးလိုက်လေသည်။

“ဒါ ကျုပ်ရဲ့ ဆိုင်ပါပဲ။ ဒါပေမယ့် တစ်လမှာ တစ်ခါပဲ ဆိုင်ဖွင့်တာပါ။ ဝယ်သူတွေလည်း သိပ်လာလေ့ မရှိကြပါဘူး။ အခု မင်းရောက်လာတာကတော့ ကံတရား အတိုင်းပဲ ဖြစ်ရမယ်”

စာပေသမားက ပြုံးပြီး ပြောလိုက်လေသည်။

“တစ်လမှ တစ်ကြိမ်ပဲ ဆိုင်ဖွင့်တယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ခင်ဗျားရဲ့ စာအုပ်တွေက သန့်ရှင်းသပ်ရပ် နေတာပဲ”

ဆန်းလျန်က ပြန်ပြောလိုက်လေသည်။

“ဆိုင်ကို သန့်ရှင်းရေးလုပ်ဖို့ လူတွေတော့ ပုံမှန် လွှတ်ပေးရတာပေါ့။ တကယ်တော့ ကျုပ်က ဒီအလုပ်နဲ့ အသက်မွေးတာ မဟုတ်ဘူးလေ။ ဆိုင်ကို ရောက်လာတဲ့ လူတွေထဲမှာ ဒီအချက်ကို သတိထားမိတာ မင်းက ပထမဆုံးပဲဟေ့”

ဆိုင်ပိုင်ရှင်က ဆန်းလျန်ကို စိတ်ဝင်စားသည့် ပုံစံဖြင့် အကဲခတ် နေလေသည်။

“ဒီပစ္စည်းကို ကျုပ် ရင်းနှီးနေသလိုပဲ။ ကြည့်ရတာ တစ်နေရာရာမှာ ရေးထားတာ ဖတ်ဖူးတယ် ထင်တယ်”

ဆန်းလျန်က ပြောလိုက်လေသည်။

ယွဲ့ထော်တိုင်းပြည်မှာ ဗုဒ္ဓဘာသာ တိုင်းပြည်တစ်ခု ဖြစ်လေသည်။ သို့သော် စာပေသမား ဆိုင်ရှင်မှာတော့ ကွန်ဖြူးရှပ် ဝါဒသမားတစ်ယောက် ဖြစ်ရမည်ဟု ဆန်းလျန် တွေးလိုက်မိလေသည်။ သူ့ပုံစံက ပေါ့ပေါ့ပါးပါး ရှိလေသည်။

စာပေသမားက ပြုံးပြီး ခေါင်းတစ်ချက် ညိတ်လိုက်ရင်း …

“အမှန်ပဲ။ ရှေးဟောင်းစာအုပ် တစ်အုပ်ထဲမှာ အဲဒီပစ္စည်းအကြောင်း ရေးထားဖူးတယ်။ မင်းလိုမျိုး မှတ်မိနေတဲ့ လူမျိုး သိပ်ပြီး မရှိလှဘူး။ မင်းသာ အဲဒီပစ္စည်းအကြောင်း ရေးထားတဲ့ စာအုပ်ကို တိတိကျကျ ပြောပြနိုင်မယ်ဆိုရင် အဲဒီစာအုပ်ကို မင်းကို လက်ဆောင်အဖြစ် ပေးလိုက်မယ်။ ဘယ်လိုလဲ”

“ကြည့်ရတာ ကျုပ်တော့ ဒီပစ္စည်း လက်ဆောင်ရတော့မယ် ထင်တယ်”

ဆန်းလျန်က ပြုံးရင်း ပြောလိုက်လေသည်။

စာပေသမား ဆိုင်ရှင်မှာ အလွန်မှ စိတ်ဝင်စားစရာ ကောင်းသူတစ်ယောက် ဖြစ်သည်ဟု ဆန်းလျန် မှတ်ချက်ပြုလိုက် မိလေတော့သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset