Switch Mode

အခန်း(၁၅၇)

ရွှေခန္ဓာကျင့်စဉ်

ချမ်းမော့၏ အမွေးလေးများမှာ တောက်ပလာလေသည်။ သူ့ကို ကြည့်ရသည်မှာ ပျော်ရွှင်နေပုံ ရလေသည်။ ထို့နောက် အစိမ်းရောင် ငှက်ငယ်လေးသည် အတောင်များကို ဖြန့်ကာ နှင်းတောထဲသို့ ပျံသန်း သွားလေတော့သည်။ သူက နှင်းတောထဲတွင် အတောင်များကို တဖျတ်ဖျတ် ခတ်ရင်း ပျော်ရွှင်စွာ ဆော့ကစား နေလေသည်။

ဆန်းလျန်မှာ ချမ်းမော့ကို မနာလို ဖြစ်နေမိသည်။ သူက ဆန်းလျန်၏ အရိပ်တွင် လွတ်လွတ် လပ်လပ်ဖြင့် ပျော်ရွှင်စွာ နေခွင့်ရနေသည် မဟုတ်လား။

ဆန်းလျန်မှာလည်း တစ်လောကလုံးတွင် မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ လွတ်လပ်ပေါ့ပါးစွာ နေခဲ့သည့် လူတစ်ယောက်ပင် ဖြစ်လေသည်။

သို့သော် …

ယခုတော့ သူ့ဘဝမှာ ထိုသို့ မဟုတ်တော့ပေ။ သူရင်ဆိုင်ရမည့် အန္တရာယ်များလည်း ရှိလာပြီ ဖြစ်သလို တူမလေးဖြစ်သူ ရော့ရှီကိုလည်း ရှာရဦးမည် ဖြစ်လေသည်။ ထို့ကြောင့်ပင် သူလည်း ဟိုင်သန်းအဆင့်သို့ အမြန်တက်ရောက် ချင်လှပြီ။

သွေးနီရောင် ဝတ်စုံနှင့် လူငယ်မှာ အနှေးနှင့်အမြန် သူ့ဆီသို့ ပြန်လာဦးမည် ဖြစ်လေသည်။ သူ၏ အကြည့်က ဆန်းလျန်ကို ကစားစရာ အရုပ်တစ်ရုပ်လို သဘောထားနေသည်မှာ သေချာလေသည်။ ဆန်းလျန် အဆင့်မည်မျှ မြင့်မြင့်ထိ ကျင့်ကြံနိုင်မည်လဲ ဆိုသည်ကို ထိုသူက စိတ်ဝင်တစား စောင့်ကြည့်ပြီး ကြောင်ကကြွက်ကို ကစားသလို ကစားနေမည် ဖြစ်လေသည်။

တောင်တစ်ခုလုံးမှာ နှင်းများ ဖုံးလွှမ်းနေပြီး မည်သူမျှ သေစေခြင်း ကျောင်းတော်သို့ ရောက်မလာတော့ပါ။

သို့သော် လူတစ်ယောက်ကတော့ ရောက်လာခဲ့ပြန် လေပြီ။

တောင်ပေါ်သို့ တက်သည့်လမ်းမှာ သွားရလာရ လွယ်ကူသည့် လမ်းတစ်ခုတော့ မဟုတ်ပါ။ သို့သော် ထိုသူကတော့ လာနေခဲ့လေသည်။

ဆန်လျန်က ထိုသူကို တစ်ချက် ကြည့်လိုက်သည်။ ထိုသူမှ နှင်းတောထဲတွင် ဖိနပ်မပါဘဲ လမ်းလျှောက်လာခြင်း ဖြစ်လေသည်။ သူက သင်္ကန်း ပါးပါးလေးကိုသာ ဝတ်ဆင်ထားသည့် ဘုန်းတော်ကြီးတစ်ပါး ဖြစ်လေသည်။ ထိုဘုန်းတော်ကြီးမှာ ခြိုးခြံသည့် အကျင့်ကို ကျင့်ကြံနေသည့် ဘုန်းတော်ကြီးတစ်ပါး ဖြစ်ပုံရလေသည်။

ဤလောကတွင် ခြိုးခြံသည့်အကျင့်ကို တန်ခိုးစွမ်းအား ရသည်အထိ ကျင့်ကြံနေသည့် ကျင့်ကြံသူများစွာ ရှိလေသည်။ ထိုသို့ ကျင့်ကြံသူများသည် ရွှေခန္ဓာ ရရှိသည်အထိ ကျင့်ကြံ နိုင်လေသည်။

ရွှေခန္ဓာကျင့်စဉ်ကို ကျင့်ကြံကြသည့် ဆရာတော်များမှာ တန်ခိုးစွမ်းအား ကြီးမားသူများ ဖြစ်ကြသည်။

သို့သော် ယခု ဆန်းလျန်ရှေ့သို့ ရောက်လာသည့် ချိုးခြံသည့် အကျင့်ကို ကျင့်ကြံနေသည့် ဆရာတော်မှာတော့ တန်ခိုးစွမ်းအား ရှိပုံမပေါ်ပါ။

အဘယ်ကြောင့်ဆိုသော် တိမ်စီး၍ မလာဘဲ ဖိနပ်မပါသော ခြေထောက်ဖြင့်သာ လမ်းလျှောက် လာသောကြောင့် ဖြစ်လေသည်။ သို့သော် သူ၏ ကိုယ်ခန္ဓာ ကြံ့ခိုင်မှုကတော့ ထင်ရှားပေါ်လွင် နေလေသည်။

ထိုဘုန်းတော်ကြီးက ဆန်းလျန်ကို တွေ့သည်နှင့် ချက်ချင်းပင် မေးလိုက်သည်။

“မင်းက ဆန်းလျန်လား”

အဘယ်ကြောင့် ထိုသို့မေးလည်း ဆန်းလျန် မသိပါ။

ဆန်းလျန်ဆိုသည်မှာ ဆယ်ကျော်သက် လူငယ်လေးတစ်ယောက်နှင့် တူနေသည့်အတွက် သံသယဝင်ပြီး မေးခြင်း ဖြစ်နိုင်လေသည်။

“ဟုတ်ပါတယ်ဗျာ။ ဆရာတော်ကရော ဘယ်သူများလဲ။ ဘာ့ကြောင့် ကျုပ်ကို လာရှာရတာပါလဲ”

ဆန်းလျန်ကလည်း ပြန်မေးလိုက်သည်။

ဘုန်းတော်ကြီးမှာ ငယ်ရွယ်ပြီး ကြံ့ခိုင်သန်စွမ်းပုံ ရလေသည်။ ချမ်းမော့မှာ နှင်းများကြားတွင် ဆော့ကစားပြီး ကောင်းကင်ထက်သို့ ပျံသန်းကာ နှင်းများကို ခါချလိုက်သည့်အတွက် ဘုန်းတော်ကြီး၏ မျက်ခုံးထက်တွင် နှင်းများ ပေကျံကုန်လေသည်။

ဘုန်းတော်ကြီး၏ ခန္ဓာကိုယ်ထဲမှ စီးထွက်နေသည့် စွမ်းအားအချို့ကို ဆန်းလျန် ခံစားနေရသည်။ ထိုစွမ်းအားများမှာ တန်ခိုးစွမ်းအား မဟုတ်သလို မိုးမြေစွမ်းအားလည်း မဟုတ်ပေ။ သို့သော် ပြင်းထန် လွန်းလေသည်။

“ကျုပ်နာမည်က ဟုန်ကျန်းပါ။ ဟွေခဲ့ဆရာတော်က မင်းကို အမှာစကား ပါးလိုက်လို့ပါ”

ဆရာတော်က ဆန်းလျန်၏ အမေးကို ယဉ်ကျေးစွာပင် ပြန်ဖြေလိုက်သည်။

ဆန်းလျန်က ဟုန်ကျန်းဆရာတော်ကို တစ်ချက် အကဲခတ်လိုက်သည်။ သက်တော်ငယ်ရွယ်ပုံ ရသေးသည့် ဆရာတော်လေးမှာ နက်မှောင်သည့် မျက်ခုံးများကို ပိုင်ဆိုင်ထားပြီး ရိုးသားပုံ ရလေသည်။ သင်္ကန်း ပါးပါးလေးသာ ဝတ်ဆင်ထားပြီး ဖိနပ်လည်း မပါသည့်တိုင် ဘုန်းတော်ကြီးက အအေးဒဏ်ကို ဂရုစိုက်သည့်ပုံ မပေါ်ပါ။ သူ့ကိုကြည့်ရသည်မှာ ကြမ်းတမ်းသည့် ရာသီဥတုတွင် နေသားကျနေသည့်ပုံ ရလေသည်။

“ဆရာတော်က ဟွေခဲ့ဆရာတော်ရဲ့ တပည့်လား”

ဆန်းလျန်က မေးလိုက်သည်။

“မဟုတ်ပါဘူး။ ကျုပ်က ကျင်းကွမ်း ဝတ်ကျောင်းတော်က ဆရာတော်ပါ။ ဟွေခဲ့ဆရာတော်က ကျုပ်တို့ကျောင်းတော်ကို လာလည်ရင်း ကျောင်းထိုင်ဆရာတော်ကြီးနဲ့ စကားပြောပါတယ်။ အဲဒီနောက်တော့ ဟွေခဲ့ဆရာတော်က ကျင်းကွမ်း ဝတ်ကျောင်းတော်ကနေ မပြန်ခင် ကျုပ်ကို ခေါ်သွားချင်တယ်လို့ ပြောတာနဲ့ ကျောင်းထိုင် ဆရာတော်ကလည်း သဘောတူတာနဲ့ ကျုပ်က ဟွေခဲ့ဆရာတော် နောက်ကို လိုက်လာတာပါ”

ဟုန်ကျန်းဆရာတော်က ခေါင်းတစ်ချက်ညိတ်ရင်း ပြောပြလိုက်လေသည်။

ဆန်းလျန်က ဟွေခဲ့ဆရာတော်က သူ့ကို မျက်စိကျနေသည်ကို သတိထားမိလေသည်။ အမှန်တော့ ဟွေခဲ့ဆရာတော်က ဆန်းလျန်ကို အထင်ကြီး လေးစားနေခြင်း ဖြစ်လေသည်။ ထို့ကြောင့် သိပ်ပြီး မထူးဆန်းပါ။ သို့သော် ကျင်းကွမ်း ဝတ်ကျောင်းတော်ဆိုသည့် အမည်ကို ကြားလိုက်ရသည့် အခါတွင်တော့ ဆန်းလျန် စိတ်ဝင်စားသွားမိလေသည်။

ကျင်းကွမ်း ဝတ်ကျောင်းတော် ဆိုသည်မှာ တာ့ရွှယ်စန်းတောင်တွင် တည်ရှိသည့် ဝတ်ကျောင်းတော်ကြီး ဖြစ်လေသည်။ ရှည်လျားသည့် သမိုင်းကြောင်း ဒဏ္ဍာရီများလည်း ရှိခဲ့ပြီး ထိုကျောင်းတော်မှ ဆရာတော်များမှာ ခြိုးခြံသည့် အကျင့်ကို ကျင့်ကြံကြသည့် ဆရာတော်များ ဖြစ်ကြလေသည်။ ထိုကျောင်းတော်မှ ဆရာတော်များမှာ “ရွှေခန္ဓာကျင့်စဉ်” ကို ကျင့်ကြံကြသည့် ဆရာတော်များ ဖြစ်သည်ဟူ၍လည်း ပြောစမှတ် ရှိကြသည်။ ရွှေခန္ဓာကျင့်စဉ် အမြင့်ဆုံးအဆင့် ကျင့်ကြံမှု အောင်မြင်ပါက သူတို့၏ ခန္ဓာကိုယ်ကို မည်သည့်အရာကမှ ဖျက်ဆီး၍ မရတော့သလို မည်သည့် တိုက်ခိုက်မှုမျိုးမှလည်း အရာထင်တော့မည် မဟုတ်ပေ။ သူတို့၏ ခန္ဓာကိုယ်သည် မူလ အရှိတရားအတိုင်း လောကတွင် တည်ရှိနေမည် ဖြစ်လေသည်။ ထိုအဆင့်ကို “ရွှေခန္ဓာ” ရရှိသည့် အဆင့်ဟု ခေါ်ဆိုကြလေသည်။

သို့သော် နှစ်တစ်ထောင် ကြာအောင် ကျင့်ကြံသည့် တိုင်အောင် မည်သူမျှ ရွှေခန္ဓာ ရရှိအောင် ကျင့်ကြံနိုင်ခြင်း မရှိကြပေ။ ထို့ကြောင့် ကျင်းကွမ်း ဝတ်ကျောင်းတော်မှာ တဖြည်းဖြည်း အမည်ဂုဏ်သတင်း မှေးမှိန် လာခဲ့ရသည်။ ထိုအချက်မှာ စိတ်မကောင်းစရာပင် ဖြစ်သည်။ နိမိတ် လက္ခဏာများ ရှိခဲ့သော်လည်း ပထမဆုံး ရွှေခန္ဓာရအောင် ကျင့်ကြံ အောင်မြင်ခဲ့သည့် ဆရာတော် ထွက်ခွာသွားပြီးသည့် နောက်ပိုင်း ကျင်းကွမ်း ဝတ်ကျောင်းတော်အတွက် အာမခံချက် လျော့နည်း ခဲ့ရသည်။

ကျင်းကွမ်း ဝတ်ကျောင်းတော်၏ အဖြစ်မှာ ချင်းရွှမ်နတ်တံခါး၏ အဖြစ်နှင့် ဆင်တူလေသည်။ ချင်းရွှမ် နတ်တံခါးမှာလည်း လွန်ခဲ့သည့် နှစ်ပေါင်းတစ်သောင်း အတွင်းတွင် နှစ်တစ်ရာလျှင် နတ်ဘုရားတစ်ပါး ထွက်ပေါ်လာနိုင် ခဲ့သော်လည်း ယခုတော့ တဖြည်းဖြည်း အားနည်းလာခဲ့ပြီ ဖြစ်လေသည်။ သို့သော် နတ်တံခါးကို ကျားကန်ပြီး ထောက်ပံ့ပေးထားသည့် ဆရာသခင်အချို့ ရှိသောကြောင့်သာ ရပ်တည် နေနိုင်သေးခြင်း ဖြစ်လေသည်။

သို့သော် ဤသို့ ရပ်တည်နေနိုင်နေသည့် အဓိက အကြောင်းရင်း တစ်ခုမှာ စစ်မှန်သည့် တာအိုကျင့်စဉ် ဝါဒကြောင့် ဖြစ်သည်ကို အခြားသော ကျောင်းတော်များ သိရှိခြင်း မရှိနိုင်ပေ။

ဟုန်ကျန်းဆရာတော်မှာ ကျင်းကွမ်း ဝတ်ကျောင်းတော်မှ ဖြစ်သော်လည်း မင်ဝမ် ဝတ်ကျောင်းတော်မှ ဟွေခဲ့ဆရာတော်က သူ့ကို သတိပြုမိ ခဲ့လေသည်။ ထို့ကြောင့် သူ့တွင် ကိုယ်ပိုင်စွမ်းအားတစ်ခု ရှိလေသည်။ ဟုန်ကျန်းဆရာတော်မှာ ရိုးသားပြီး မျက်ဝန်းများက အလွန် ကြည်လင်ကြောင်း ဆန်းလျန် သတိထားမိသည်။ သို့သော် သူ၏ ကိုယ်တွင်းမှ စွမ်းအားများကတော့ ဆန်းလျန်အတွက် ထူးဆန်းနေလေသည်။

“ဒါဖြင့်လည်း ဘာသတင်းများ ယူဆောင်လာတာလဲ။ သိပါရစေ ဆရာတော်”

ဆန်းလျန်က ပြုံးရင်းဖြင့်ပင် မေးလိုက်သည်။

“တစ်လပိုင်း ဆယ့်ငါးရက်နေ့မှာ ဟွေခဲ့ဆရာတော်နဲ့ ပေါင်ယွဲ့ဆရာတော်တို့ ကျင်းကွမ်း ဝတ်ကျောင်းတော်မှာ စကားရည်လုပွဲ လုပ်ဖို့ရှိပါတယ်။ သူက တန်ခိုးစွမ်းအား ကြီးမားတဲ့ သူတွေကို အဲဒီပွဲကို တက်စေချင်တယ်။ အဲဒါ မင်းကိုလည်း အကြောင်းကြားခိုင်း လိုက်လို့ပါ။ မင်းကို ဖိတ်ကြားပြီးရင် ပေါင်လင်တိုင်းပြည်က ပိုင်ရှီ ဆရာသခင်ကိုလည်း ကျုပ်သွားပြီး ဖိတ်ကြား ပေးရဦးမယ်”

ဟုန်ကျန်း ဆရာတော်က ပြန်ဖြေလိုက်လေသည်။

ဗုဒ္ဓဘာသာတွင် ဂိုဏ်းကွဲများစွာ ရှိသည်ကို ဆန်းလျန် သိထားပါသည်။ ထိုဂိုဏ်းကွဲများ အားလုံးတွင် မတူညီသည့် ကျင့်စဉ်လမ်းများ ရှိကြသည်။ ထို့ကြောင့် တစ်ယောက်နှင့်တစ်ယောက် တန်ခိုးစွမ်းအားကို စစ်ဆေးရန်အတွက် စကားရည်လုပွဲ ပြုလုပ်ကြရခြင်း ဖြစ်လေသည်။ အမှန်တော့ တရားဖလှယ်ပွဲ ကျင်းပခြင်းပင် ဖြစ်လေသည်။ တစ်ယောက်တည်း တရားဟောနေသည်ထက် နှစ်ယောက် ဆွေးနွေးသည်မှာ ပိုပြီး စိတ်ဝင်စားဖွယ် ကောင်းလေသည်။

သို့သော် တရားစကား ဖလှယ်ကြသည်မှာ သာမန်မျှသာ ဖြစ်သည့်အတွက် ကျင့်စဉ်လမ်း အတွက် မည်သို့မျှ အထောက်အကူ မပြုပေ။ တရားစကား ပြောဆိုဆွေးနွေးခြင်းသာ ဖြစ်သည့်အတွက် ကျင့်စဉ်လမ်းသို့ လိုက်လျှောက်ခြင်း မရှိသည့် သာမန် ဘုန်းတော်ကြီး တစ်ပါးပင်လျှင် ပြောဆိုနိုင်စွမ်း ရှိလေသည်။ တရားစကားများက တန်ဖိုးရှိသည့်တိုင် ကျင့်စဉ်လမ်းတွင် တရားအလင်း ရပြီးသူ ဆရာတော်များ အတွက်တော့ သာမန်မျှသာ ဖြစ်လေသည်။

တာအိုကျင့်ကြံသူ လောကတွင်တော့ ထိုသို့ တရားပြောဆို ဆွေးနွေးခြင်းများ သိပ်မရှိကြပါ။ ကောင်းမွန်သည့် နေရာလေးတစ်ခုတွင် တစ်ယောက်တည်း ကျင့်ကြံလေ့ ရှိကြလေသည်။

“တာအိုဆရာတစ်ပါး ရှိသည့်နေရာသည် မည်သူမျှ မရှိသည့်နေရာ ဖြစ်ပြီး ထိုနေရာကို မည်သူမျှလည်း မသိနိုင်”

ဟူသည့် ဆိုရိုးစကားပင် ရှိကြလေသည်။

တာအိုကျင့်ကြံသူ အများစုက လူ့လောကကို ဒုက္ခများစွာဖြင့် ပြည့်နေသည့် နေရာတစ်ခုဟု ခံယူထားကြပြီး ဝေးဝေး ရှောင်ရှားကြလေသည်။ ထို့ပြင် လူတစ်ယောက်က လူပေါင်းတစ်ထောင်ကို ကူညီနိုင်သည် ဆိုဦးတော့ နတ်ဘုရားတစ်ပါးသာ ဖြစ်မလာခဲ့လျှင် လူအများ လှောင်ပြောင်ဖွယ်ရာ ဖြစ်မည်ဟု ခံယူထားကြလေသည်။ ထို့ကြောင့် လူ့လောကတွင် တာအိုဝါဒထက် ဗုဒ္ဓဘာသာက ပိုပြီး ကိုးကွယ်ဆည်းကပ်သူ များပြားခြင်း ဖြစ်လေသည်။

သို့သော် တာအိုဝါဒတွင် ဖြစ်စေ၊ ဗုဒ္ဓဘာသာတွင် ဖြစ်စေ အထွတ်ထိပ် ရောက်သည်အထိ ကျင့်ကြံနိုင်သူမှာတော့ လက်တစ်ဆုပ်စာမျှပင် ရှိလေသည်။ ထို့ပြင် တာအိုလမ်းစဉ်ဖြင့် ကျင့်ကြံ အောင်မြင်သူများက ဗုဒ္ဓဘာသာထက်ပိုပြီး များပြားလေသည်။ ရှန်ဆန်းကျန်းရန်လုကျိုးယွမ် ကဲ့သို့သော ပုဂ္ဂိုလ်မျိုးမှာတော့ နမူနာ ယူဖွယ်ရာ ဖြစ်လေသည်။ လောကရှိ ကျင့်ကြံသူများက သူ့ကိုလွန်စွာမှ လေးစားကြသည်။

“သိပါပြီ။ ကျုပ်လာခဲ့ပါ့မယ်”

ခဏမျှ စဉ်းစားပြီးတော့ ဆန်းလျန် အဖြေပေးလိုက်လေသည်။

ဟုန်ကျန်းဆရာတော်မှာ သူ့အလုပ် ပြီးသွားပြီ ဖြစ်သည့်အတွက် ဆက်နေစရာအကြောင်း မရှိတော့ပေ။ သူက ဆန်းလျန်ကို ယဉ်ကျေးစွာဖြင့်ပင် နှုတ်ဆက်ပြီး ထွက်ခွာရန် ပြင်လိုက်သည်။

ရုတ်တရက် …

ဆန်းလျန်က ဆရာတော်၏ ပခုံးကို လှမ်းကိုင်လိုက်လေသည်။ ထိုအခါ ဆရာတော်၏ ကိုယ်ထဲမှ ထူးဆန်းသန့်စင်သည့် စွမ်းအားတစ်ခုက စီးထွက်လာပြီး ဆန်းလျန်ကိုယ်ထဲသို့ စီးဝင်သွားလေသည်။ ဆန်းလျန်၏ တာအိုဝတ်ရုံမှာ ထိုစွမ်းအားအရှိန်ကြောင့် လေများ ဖောင်းပွလာရသည်။ ဟုန်ကျန်း ဆရာတော်သည် နောက်သို့ ခြေလှမ်းငါးလှမ်းခန့် ဆုတ်လိုက်ပြီး မြဲမြံစွာ ရပ်တန့် နေလိုက်လေသည်။ နှင်းများပေါ်တွင် နက်ရှိုင်းသည့် ခြေရာငါးခုကို တွေ့မြင်နိုင်ပြီး ပတ်ဝန်းကျင်ရှိ နှင်းထုနှင့် မြေပြင်မှာတော့ ကြီးမားသည့် အက်ကွဲကြောင်းကြီးများ ဖြစ်ပေါ်သွားရလေသည်။

“ဆရာတော်က ရွှေခန္ဓာကျင့်စဉ် အဆင့်တော်တော် မြင့်နေပြီပဲ။ လေးစားစရာပါပဲ”

ဆန်းလျန်က ပြုံးရင်းပြောလိုက်လေသည်။

“အမှန်ပါပဲ။ ဒါ ရွှေခန္ဓာကျင့်စဉ် စွမ်းအားပါပဲ။ ကျုပ်ကြောင့် မြေကြီးတွေ အက်ကွဲကုန်တာ တောင်းပန်ပါတယ်။ ကျုပ်ရဲ့ စွမ်းအားကို သေချာမထိန်းချုပ် လိုက်နိုင်ဘူး”

ဟုန်ကျန်း ဆရာတော်က တောင်းပန်လိုက်လေသည်။

ဆန်းလျန်က လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ပြီး အဝါရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ မြေကြီး အက်ကွဲကြောင်းများမှာ ချက်ချင်းပြန်ပြီး အကောင်းတိုင်း ပြန်ဖြစ် သွားလေသည်။

“အံ့သြစရာ တာအိုကျင့်စဉ် ပါပဲလား။ ဒါပေမယ့် ကျုပ်က အလုပ်ရှိသေးတော့ သွားရတော့မယ်။ တခြား ပြောစရာကိစ္စများ ရှိပါသေးလား”

ဟုန်ကျန်းဆရာတော်က မေးလိုက်သည်။

“သွားနိုင်ပါပြီ ဆရာတော်။ ကျုပ်က ဆရာတော်ကို စမ်းသပ်ကြည့်မိတာပါ။ စိတ်အနှောင့်အယှက် ဖြစ်သွားရင် တောင်းပန်ပါတယ်”

ဆန်းလျန်က ပြန်ပြော လိုက်လေသည်။

ဟုန်ကျန်းဆရာတော် ထွက်ခွာသွားသည်ကို ကြည့်ရင်း ဆန်းလျန် ခေါင်းတစ်ချက် ခါယမ်းလိုက်မိသည်။ သူက မလိုအပ်ဘဲ သံသယ များခဲ့ခြင်းသာ ဖြစ်နိုင်လေသည်။ ဟုန်ကျန်း ဆရာတော်ထံမှ ထွက်ပေါ်နေသည့် စွမ်းအားသည် ရွှေခန္ဓာ ကျင့်စဉ်စွမ်းအား ဟုတ်၊ မဟုတ်  သေချာအောင် သူက စမ်းသပ် ကြည့်လိုက်မိခြင်း ဖြစ်လေသည်။  ထိုစွမ်းအားများမှာ ကြီးမား လွန်းသော်လည်း မိစ္ဆာစွမ်းအား အရိပ်အငွေ့ကိုပင် မတွေ့ရပေ။

မိစ္ဆာစွမ်းအား အရိပ်အငွေ့ကို ဖုံးကွယ်ထားမည် ဆိုလျှင်လည်း လွယ်ကူသည့် ကိစ္စတော့ မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ ဆန်းလျန် တောင်အောက်ဆင်းပြီး စကားရည်လုပွဲ သွားသည့်နေ့တွင် အမှန်ကို သိရမည်ပင် ဖြစ်လေသည်။

ဟုန်ကျန်းဆရာတော်မှာ တောင်ပေါ်မှ ဆင်းသက်လာပြီး တောအုပ်လေး တစ်ခုရှေ့သို့ ရောက်ရှိ လာလေသည်။ သူက တောအုပ်လေးအတွင်းသို့ ဝင်ရောက်သွားခြင်း မရှိပါ။ သူက လက်ဟန်တစ်ခု ပြုလုပ်လိုက်သည့် အခါတွင်တော့ သူ၏လက်မှ အစိမ်းရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ထိုအလင်းတန်းက တောအုပ်အတွင်းသို့ ဝင်ရောက်သွားလေသည်။ တောအုပ်အတွင်းမှာ ခေါင်းလောင်းသံများ ထွက်ပေါ်လာလေသည်။ မိနစ်သုံးဆယ်ခန့် ကြာသည့် အခါတွင်တော့ ကောင်းကင်ထက်တွင် လှေတစ်စင်း ပျံသန်းလာသည်ကို တွေ့ရပြီး ထိုလှေက ဟုန်ကျန်း ဆရာတော်ရှေ့ရှိ မြေပြင်ထက်သို့ ဆင်းသက်လာလေသည်။ ဟုန်ကျန်းက ထိုလှေပေါ်သို့ တက်လိုက်လေသည်။ ထို့နောက် လှေသည် ချက်ချင်းပင် မိုးပေါ်သို့ ပျံတက် သွားလေတော့သည်။

မနီးမဝေး တစ်နေရာတွင် တိမ်များ ထူထပ်နေသည့် နေရာတစ်ခုကို တွေ့မြင်နိုင်လေသည်။ ပျံသန်းနေသည့် လှေမှာ ဟုန်ကျန်း ဆရာတော်ကို ထိုနေရာသို့ ခေါ်ဆောင်သွားလေသည်။ ဟုန်ကျန်းက လှေပေါ်မှဆင်းကာ ထို တိမ်တိုက်ပေါ်သို့ တက်လိုက်သည်။ သူ၏ပုံစံမှာ ပေါ့ပေါ့ပါးပါးပင် ဖြစ်လေသည်။

“မင်းကိုကြည့်ရတာ တားမြစ်ထားတဲ့ ရှောင်ကျူး တိမ်ကျင့်စဉ်ကို အေင်မြင်ထားတဲ့ပုံပဲ။ ကျုပ်လို လူသားတစ်ယောက်တောင် အန္တရာယ်မရှိဘဲ တိမ်ပေါ် တက်နိုင်တယ်”

ဟုန်ကျန်းက ပြောလိုက်လေသည်။

တိမ်တိုက်များဆီမှ ထူးဆန်းသည့် မြူခိုးများ ထွက်ပေါ်လာလေသည်။ ဟုန်ကျန်း ဆရာတော်က တိမ်တိုက်ပေါ်တွင် ရပ်နေပြီး သူ၏ဝတ်ရုံမှာ လေထဲတွင် တလွင့်လွင့် ဖြစ်နေလေသည်။ သူ၏ပုံစံမှာ ခမ်းနား လွန်းလှသည်။

သူ၏ သဏ္ဌာန်ကို တွေ့မြင်ရသူ လူအပေါင်းတို့သည် မကိုးကွယ် မဆည်းကပ်ဘဲ နေနိုင်မည် မဟုတ်ပေ။

ဟုန်ကျန်းဆရာတော်က ထူးဆန်းသည့် မြူခိုးများကို စကားပြောနေခြင်း ဖြစ်ပြီး ထိုမြူခိုးများ ထဲတွင် သွေးများ စီးဆင်းနေသည်ကို သွေးနီရောင်များကို တွေ့မြင်နိုင်လေသည်။

“လောကမှာ တားမြစ်ထားတဲ့ ကျင့်စဉ်ကို ကျင့်တော့လည်း ဘာဖြစ်သေးလဲ။ ဆရာဒေါ်လေး ကျိလင်ရဲ့ ရန်ကနေ ဝရုန်းသုန်းကားနဲ့ ပြေးနေစရာ မလိုတော့ဘူးပေါ့။ ငါ့ရဲ့ “ပကတိ ဖန်ဆင်းခြင်းပညာ” နဲ့ ဆန်းလျန်ကို လှည့်စား လိုက်နိုင်တာပဲ တော်သေးတယ်။ ပြီးတော့ သူ့ရဲ့ ထိုက်ရွှီးတန်ခိုး စွမ်းအားတွေကိုတောင် မြင်တွေ့ခဲ့ရသေးတယ်။ အနည်းဆုံးတော့ ဆရာဒေါ်လေး ကျိလင် လိုက်သတ်မှာ စိတ်မပူရ တော့ဘူးပေါ့”

ထိုစကားသံမှာ မြူခိုးငွေ့များထဲမှ ထွက်ပေါ်လာခြင်း ဖြစ်ပြီး ထိုအသံမှာ ဆန်းလျန်ဆီမှ ထိုက်ရွှီးတန်ခိုး စွမ်းအားများကို ခိုးယူသွားသည့် သွေးနီရောင် ဝတ်စုံနှင့် လူငယ်၏ အသံပင် ဖြစ်လေသည်။ သူ၏အသံမှာ တည်ငြိမ်နေပြီး လွန်စွာမှ စိတ်အေးလက်အေး ဖြစ်နေပုံ ရလေသည်။

ထိုမြူခိုးငွေ့များမှာ မိုင်ထောင်ပေါင်းများစွာ ဝေးကွာသော နေရာတစ်ခုမှ လူတစ်ယောက် ထုတ်လွှတ်လိုက်သည့် ဝိညာဉ်စွမ်းအား အစိတ်အပိုင်း တစ်ခုမျှသာ ဖြစ်သည်ဟု ဟုန်ကျန်းဆရာတော် သိရှိလေသည်။ ထိုသို့ ဝိညာဉ်စွမ်းအား ထုတ်လွှတ်နိုင်ရန်အတွက် စိတ်အာရုံ စူးစိုက်မှုက အရေးကြီး လေသည်။

ဟုန်ကျန်း ဆရာတော်သည် မြူခိုးငွေ့များထဲမှ အသံပိုင်ရှင်ကို တစ်ခါမှ တွေ့မြင်ဖူးခြင်း မရှိပေ။ ထိုသူသည် လမ်းပေါ်တွင် ပန်းချီဆွဲသည့် လူတစ်ယောက်လား၊ ဘုရင့်နန်းတွင်း စာမေးပွဲ အောင်မြင်ထားသည့် စာပေးသမား တစ်ယောက်လား၊ တိုင်းပြည်ကြီး တစ်ခုမှ မင်းညီမင်းသား တစ်ယောက်လား မည်သို့သော လူတစ်ယောက် ဆိုသည်ကိုလည်း ဟုန်ကျန်းဆရာတော် သိရှိခြင်း မရှိပါ။

ထိုသူက “ပကတိ ဖန်ဆင်းခြင်းပညာ” ဖြင့် သဏ္ဌာန်များစွာကို ဖန်ဆင်းနိုင်သူ ဖြစ်လေသည်။ သူ့တွင် မူလရုပ်ခန္ဓာ ရှိသည့်တိုင် စိတ်အာရုံ စူးစိုက်မှုဖြင့် ဖန်ဆင်းထားသည့် ဖန်ဆင်းမှုသဏ္ဌာန် တစ်ခုချင်းစီမှာ အတုနှင့်အစစ် ခွဲခြား၍ မရနိုင်လောက်အောင် လွန်စွာမှ ဆင်တူလေသည်။ ထိုဖန်ဆင်းမှု ထဲတွင် ထိုသူ၏ မူလသဏ္ဌာန် အစစ်အမှန်ကို ရှာဖွေရန်မှာလည်း ခက်ခဲလွန်းလှလေသည်။

“ကျိလင်ရဲ့ ထိုက်ရွှီးနည်းဗျူဟာ ကျင့်စဉ်က ခန့်မှန်းရခက်တယ်။ ပြီးတော့ သူမက မူလဝိညာဉ် ခန္ဓာကို ပိုင်ဆိုင်ထားတဲ့ ထိပ်တန်းနတ်ဘုရား တစ်ပါးပဲ။ လုကျိုးယွမ်တောင်မှ သူ့ကို ယှဉ်ပြိုင်နိုင်ပါ့မလား မသေချာဘူး။ ဒါကြောင့် မင်းလည်း ကျိလင်ကို နိုင်မှာမဟုတ်ဘူး။ ကျိလင် နတ်သမီးသာ တကယ် ရောက်လာခဲ့ရင် မင်းအတွက် လွတ်လမ်း မရှိနိုင်ဘူး”

ဟုန်ကျန်းဆရာတော်က ပြန်ပြောလိုက်လေသည်။

“မင်းက အရင်ဘဝက ထက်တောင် စကားပြောတတ် လာသေးတယ်။ ဆန်းလျန်က ဆရာဘိုးဘိုး ယွမ်ချင်းရဲ့ တရားအဓိပ္ပာယ်ကို အသုံးပြုပြီး ကျုပ်ရဲ့ ပကတိဖန်ဆင်းခြင်း အတတ်ကို ချိုးဖျက် ပစ်လိုက်တယ်။ အဲဒီတော့ ဘာမှလုပ်လို့ မရတော့ဘူးလေ။ ဒါပေမယ့် သူ့ကို ကျင်းကွမ်း ဝတ်ကျောင်းတော်ကို ရောက်လာအောင် မျှားခေါ် ရတော့မှာပဲ။ ပြီးရင် ကျင်းကွမ်း ဝတ်ကျောင်းတော်က တရား အမွေအနှစ်တွေကို ခိုးယူရမယ်။ ဒါမှ မင်းလည်း ရွှေခန္ဓာကျင့်စဉ်ကို ကျင့်ကြံ အောင်မြင်နိုင်မှာ”

မြူခိုးငွေ့များထဲမှ အသံက ပြောလိုက်လေသည်။

ဟုန်ကျန်းဆရာတော်မှာ ကျင်းကွမ်း ဝတ်ကျောင်းတော်မှ ဆရာတော်တစ်ပါး အမှန်ပင် ဖြစ်ပါသည်။ သို့သော် သူက ဆန်းလျန်ကို ကျင်းကွမ်း ဝတ်ကျောင်းတော်သို့ လာရောက်ရန် ဖိတ်ကြား ခဲ့ခြင်းမှာ ဟွေခဲ့ဆရာတော် ဖိတ်ကြားခိုင်းသောကြေင့် မဟုတ်ပါ။

သွေးနီရောင် မြူခိုးငွေ့များ၏ စေခိုင်းမှုကြောင့်သာ ဖိတ်ကြားခဲ့ခြင်း ဖြစ်လေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset