Switch Mode

အခန်း (၁၅၆)

ဓားဝိညာဉ်

လခြမ်းကွေးလေးသည် ကောင်းကင်ထက်တွင် ထိန်ထိန် သာနေလေသည်။

ထိုလရောင်သည် သေစေခြင်းကျောင်းတော် ခန်းမထဲသို့ ဝင်ရောက် နေလေသည်။ ဆန်းလျန်၏ နဖူးထက်တွင် ချွေးများ စိုရွှဲနေပြီး သူက ကြမ်းပြင်ပေါ်တွင် ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်။ ချမ်းမော့က မျက်လုံးကို မဖွင့်ချင်ဖွင့်ချင်ဖြင့် ဖွင့်ကာ ဆန်းလျန်ကို တစ်ချက် လှမ်းကြည့်ပြီး မျက်လုံးကို ပြန်မှိတ်လိုက်လေသည်။ ငှက်လေးမှာလည်း ပင်ပန်းနေပုံ ရလေသည်။

ငှက်လေး၏ အပြုအမူကြောင့် ပင်ပန်းနေသည့် ကြားမှ ဆန်းလျန်က ပြုံးလိုက်မိသေးသည်။ ထိုငှက်မိစ္ဆာလေးက သူ့ကို ဒီနေ့ ကယ်တင်ခဲ့ခြင်း ဖြစ်လေသည်။ သူက ချမ်းမော့အကြောင်းကို သေသေချာချာ သိရှိခြင်း မရှိပါ။ သို့သော် ထိုငှက်လေးကိုသာ သူကယ်တင်လာခဲ့ခြင်း မရှိလျှင် ယနေ့ သူ့ကို ကူညီမည့်သူ ရှိမည်မဟုတ်ပါ။

ဆန်းလျန် အကောင်းဆုံး ကြိုးစားခဲ့ပါသည်။ သို့သော် သွေးနီရောင်ဝတ် လူငယ်မှာ သူ့အကြောင်း အားလုံးကို သိရှိနေပြီး သူ့ထက်များစွာ အဆင့်မြင့်သည့် လူတစ်ယောက် ဖြစ်လေသည်။

ထိုသွေးနီရောင်ဝတ် လူငယ်မှာ သွေးဓားတွင် တည်ရှိနေသည့် ဝိညာဉ်စွမ်းအား လုံးဝ မဟုတ်ကြောင်း ဆန်းလျန် သိရှိနေသည်။ သူက ဆန်းလျန် မည်မျှ အရည်အချင်းရှိကြောင်း သိရှိနေသည့် အပြင် ကယ်ယွမ်းနှင့် ဟုန်ချင်းယာ နှစ်ယောက် ပေါင်းလျှင်ပင် ဆန်းလျန်ကို မမီနိုင်ဆိုသည့် အချက်ကို ထောက်ပြသွားခဲ့ သေးသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ထိုသူမှာ ချင်းရွှမ်နတ်တံခါး အကြောင်း အတွင်းကျကျ သိနေသည့် လူတစ်ယောက် ဖြစ်ကြောင်း သိသာ နေလေသည်။ သူ၏ ပြောပုံဆိုပုံကို ကြည့်ရသည်မှာလည်း အဆင့်မြင့် ဆရာသခင် တစ်ပါးနှင့်ပင် ဆင်တူနေသည်။

သွေးနီရောင်ဝတ် လူငယ်မှာ ဆန်းလျန်၏ တန်ခိုးစွမ်းအားများကို ယူဆောင်သွားခဲ့ လေသည်။ ထို့ကြောင့် ဆန်းလျန်မှာ စွမ်းအားများစွာကို ဆုံးရှုံးလိုက်ရလေသည်။

ပင်ပန်းနွမ်းနယ်မှုများ ပျောက်သွားစေရန် ဆန်းလျန်က စိတ်အာရုံ စူးစိုက်မှု ကျင့်စဉ်ကို ကျင့်ကြံ လိုက်သည်။ သို့သော် မည်သည့် ထူးခြားမှုမှ ဖြစ်ပေါ် မလာပေ။

ထိုသွေးနီရောင် ဝတ်စုံနှင့် လူမှာ ဆန်းလျန်၏ တန်ခိုးစွမ်းအားများကို ပုံမှန်အားဖြင့် ဆိုလျှင် ခိုးယူနိုင်မည် မဟုတ်ပေ။ ထိုသို့ ခိုးယူနိုင်ရန်အတွက် လမ်းဖွင့်ပေးလိုက်သည့် အကြောင်းတစ်ခုတော့ ရှိရမည် ဖြစ်လေသည်။ ထိုအကြောင်းမှာ ဘာများလဲ။ ဆန်းလျန် သိရှိနိုင်ခြင်း မရှိပါ။ သူရင်ဆိုင်ခဲ့ရသည့် သူမှ အလွန် အဆင့်မြင့်မားသူ တစ်ယောက်ဖြစ်ပြီး ထိုသူ၏ ထူးခြားဆန်းကြယ်သည့် ပညာကို ဆန်းလျန် မည်သို့မျှ အနိုင်ယူနိုင်မည် မဟုတ်ပါ။

ဆန်းလျန်က လက်တစ်ဖက် ဝှေ့ယမ်းလိုက်ပြီး ဝတ်ကျောင်းတော် တံခါးကို ပိတ်လိုက် လေသည်။ ခန်းမထဲတွင် ထွန်းညှိထားသည့် မီးအိမ်မှာလည်း ငြိမ်းသွားပြီ ဖြစ်သည့်အတွက် ခန်းမတစ်ခုလုံး မှောင်မည်းတိတ်ဆိတ် နေလေသည်။ “ယွမ်” ဆိုသည့် စာလုံးမှာ သွေးနီရောင်များ ဖုံးလွမ်းနေဆဲ ဖြစ်လေသည်။ ခန်းမထဲတွင် သွေးရနံ့များက လေထဲတွင် ပျံ့လွင့် နေလေသည်။

ဆန်းလျန် တစ်ညလုံး တရားထိုင်နေခဲ့လေသည်။ သို့သော် သူ၏ တန်ခိုးစွမ်းအားများကို အပြည့်အဝ ပြန်ရနိုင်ခြင်း မရှိသေးပါ။ သို့သော် သူ၏ ခန္ဓာကိုယ်တွင် ထူးခြားမှု တစ်ခုကို ခံစားလိုက်ရ လေသည်။ လုံး၀ စိတ်သစ်လူသစ် ဖြစ်သွားသလို ခံစားလိုက်ရခြင်း ဖြစ်လေသည်။ သူ၏ ဝိညာဉ် စွမ်းအားများကတော့ ယခင်ကလောက် သန့်စင်ခြင်း မရှိတော့ပါ။ သူ၏ စိတ်နှလုံး ကြေးမုံပြင်တွင် ဖုန်များ ကပ်ညိသကဲ့သို့ အညစ်အကြေးများ ကပ်ညိနေသလို ခံစားနေရ လေသည်။

သွေးရောင် တောက်ပနေသည့် “ယွမ်” ဆိုသည့် စာလုံးမှာ ပိုပြီး အဓိပ္ပာယ် နက်နဲနေသလို ခံစား ရလေသည်။ ထို့ပြင် ပိုပြီး အသက် ဝင်လာသလိုလည်း ရှိလေသည်။ ထိုစာလုံးမှာ ရေးသားထားသည့် နေရာမှ အပြင်သို့ ခုန်ထွက် လာတော့မည့်အလား ရုန်းကြွ နေလေသည်။

ဆန်းလျန်က မြူခိုးငွေ့များကဲ့သို့ လျင်မြန်သည့် အရှိန်ဖြင့် “ယွမ်” ဆိုသည့် စာလုံးအနားသို့ တိုးကပ် သွားလိုက်သည်။ ထို့နောက် ထိုစာလုံးပေါ်မှ စုတ်ချက်များကို လက်ဖြင့် ထိကြည့် လိုက်လေသည်။ ထိုသို့ ထိကြည့်လိုက်မိ သည်နှင့် သူ့တစ်ကိုယ်လုံး ရေခဲရေဖြင့် အလောင်းခံရ သကဲ့သို့ အေးစက်သွားရ လေသည်။ သူ့တစ်ကိုယ်လုံး ကြက်သီးတဖြန်းဖြန်း ထသွားရသည်။

ထူးဆန်းသည့် နေရာတစ်ခုသို့ ဆန်းလျန် ရောက်ရှိသွားလေသည်။

မှောင်မည်းအေးစက်နေသည့် သီးခြားနေရာ တစ်ခုသို့ ရောက်ရှိသွားခြင်း ဖြစ်လေသည်။ ထိုနေရာတွင် သွေးပင်လယ် တစ်ခုကို ရှိလေသည်။ ထိုသွေးပင်လယ်က ဒေါသတကြီးဖြင့် လှိုင်းများ ပြင်းထန် နေလေသည်။ ထိုသွေးပင်လယ်ထဲတွင် ဓားရှည်တစ်ချောင်း ရှိနေပြီး ရှေးကျသည့် ဓားတစ်လက်ဖြစ်မှန်း မြင်သည်နှင့် သိနိုင်လေသည်။ ထိုဓား ပတ်ဝန်းကျင်တွင် သွေးပင်လယ် လှိုင်းများက တဝုန်းဝုန်း ရိုက်ခတ်နေလေသည်။

ဆန်းလျန်ရှေ့မှ သွေးပင်လယ် မြင်ကွင်းမှာ လျှပ်တစ်ပြက် အတွင်းမှာပင် ပျောက်ကွယ် သွားလေသည်။ ဆန်းလျန်မှာ ဘာဖြစ်လို့ ဖြစ်သွားမှန်းပင် မသိလိုက်ရပေ။

ရုတ်တရက် ကလေးငယ်တစ်ယောက် အော်ငိုသည့် အသံကို ကြားလိုက်ရပြန်သည်။ ဆန်းလန်မှာ တိရစ္ဆာန် အရေခွံများ ဝတ်ဆင်ထားသည့် လူများ နေထိုင်သည့် ရွာတစ်ရွာသို့ ရောက်ရှိ နေပြန်လေသည်။ ထိုရွာတွင် ထိုကလေးငယ်လေးက ကြီးပြင်းလာလေသည်။ ထို့နောက် ရွာတွင် လူကြီးများက အသက်အရွယ် ကြီးရင့်လာပြီး ကျား၊ ကျားသစ်များဖြင့် တိုက်ခိုက်နိုင်ခြင်း မရှိ ကြတော့ပေ။

ထိုအခါကြီး ကြီးပြင်းလာသည့် ကလေးငယ်လေးက အမဲလိုက်သည့် လုပ်ငန်းကို စတင် လုပ်ကိုင်လေသည်။ သူတို့စတင် အမဲလိုက်သည့် အချိန်တွင် အလွန် အစွမ်းထက်သည့် ဝက်ဝံနက်ကြီး တစ်ကောင်ကို ဖမ်းမိလေသည်။ ထိုဝက်ဝံနက်ကြီးမှာ မုဆိုးများစွာကို ဒုက္ခပေးနေသည့် သတ္တဝါဆိုးကြီး ဖြစ်လေသည်။ ကြီးပြင်းလာသည့် ကလေးငယ်နှင့်အတူ အမဲလိုက်ကြသည့် သူငယ်ချင်း နှစ်ယောက်မှာ ဝက်ဝံနက်ကြီး၏ လက်သည်းဖြင့် ခြစ်ခြင်းကို ခံရပြီး သေဆုံးသွားကြရ လေသည်။

ကြီးပြင်းလာသည့်ကလေးငယ်လေးသည် သူ့ဘဝတွင် သေခြင်းတရား၏ အဓိပ္ပာယ်ကို ပထမဆုံး နားလည်လိုက်ရလေသည်။

သူ မသေချင်ပါ။ သေရမည် ဆိုသည့် ခံစားချက်ကို သူအလွန် မုန်းတီးမိလေသည်။ ရွာထဲမှ အသက်အကြီးဆုံး အဘိုးအိုက လောကတွင် မသေနိုင်သည့်သူ သုံးမျိုးရှိကြောင်း သူ့ကို ပြောပြလေသည်။ ထိုမသေနိုင်သည့်သူ သုံးမျိုးမှာ နတ်ဘုရား၊ ဗောဓိဿကျနှင့် သူတော်စင် ဟူ၍ ဖြစ်လေသည်။ သူတို့က ဘဝသံသရာ စက်ဝန်းမှ ကင်းလွတ်ကြသောသူများ ဖြစ်လေသည်။ သို့သော် ထို မသေနိုင်သည့် သူသုံးမျိုးကို တွေ့ရန် ခက်ခဲလွန်းလှ လေသည်။ အဘယ်ကြောင့်ဆိုသော် ထိုလူသုံးမျိုးမှာ လူ့လောကနှင့် ဝေးကွာရာ တောတောင်ရေမြေ များတွင်သာ နေထိုင်ကြသောကြောင့် ဖြစ်လေသည်။

ထိုလူငယ်လေးမှာ ထိုလူ သုံးမျိုးကဲ့သို့ မသေနိုင်သည့် လူသားမျိုး ဖြစ်ချင်သည့် ဆန္ဒ ပြင်းပြလျက် ရှိလေသည်။ ထို့ကြောင့်ပင် မသေနိုင်သောသူ သုံးမျိုးကို ရှာဖွေရန် သူမွေးဖွားရာ ဇာတိ ရွာငယ်လေးမှ ထွက်ခွာ လာခဲ့လေတော့သည်။

မြင်ကွင်းများမှာ လျှပ်စီး လက်သကဲ့သို့ ဆန်းလျန်ရှေ့မှ ပျောက်ကွယ်သွားပြန် လေသည်။

ထို့နောက် ဆန်းလျန်၏ မြင်ကွင်းရှေ့တွင် ချင်းရွှမ်တောင်ကို မြင်ရလေသည်။ ချင်းရွှမ်တောင်မှာ ဆန်းလျန်သိသည့် ချင်းရွှမ်တောင်ကဲ့သို့ မည်သည့်အရာမျှ ပြောင်းလဲခြင်း မရှိပေ။

ဦးခေါင်းထက်တွင် ကြယ်စင်သရဖူကို ဆောင်းထားသည့် တာအိုဆရာသခင် တစ်ပါးသည် လေကတွင် မည်သည့်အရာကိုမှ အလေးမထားသည့် ဟန်ဖြင့် လမ်းလျှောက်နေလေသည်။ သူက လေထဲသို့ လက်ညှိုးနှင့် လက်ခလယ်ကို အသုံးပြုကာ တစ်ချက် ညွှန်ပြလိုက်လေသည်။ ထိုအခါ ထိုက်ယီ တောင်ထိပ်တွင် အစိမ်းရောင် အလင်းတန်းများ လင်းလက်သွားပြီး နန်းတော်ကြီးတစ်ခု ဖြစ်ပေါ်လာလေသည်။ ထိုနန်းတော်ကြီးမှာ ဆရာသခင် ကျန်းရော့ရီး ယခုနှစ်များတွင် နေထိုင်ခဲ့သည့် ချင်းရွှမ် ခန်းမဆောင်ပင် ဖြစ်လေသည်။

ထို တာအိုဆရာ သခင်မှာ ဆရာဘိုးဘိုး ယွမ်ချင်းဖြစ်ကြောင်း ဆန်းလျန် သိလိုက်လေသည်။ သွေးပင်လယ်ထဲမှ နှစ်မြုပ်နေသည့် ဓားနှင့် ဆရာဘိုးဘိုး ယွမ်ချင်းမှာ မည်သို့ ပတ်သက်နေပါသနည်း။

ထိုအချိန်မှာပင် “ယွမ်” ဆိုသည့် စာလုံးက စာရွက်ထဲမှ ခုန်ထွက်လာပြီး ဆန်းလျန်၏ ဘယ်ဘက်လက်ဖျံဆီသို့ ကျရောက်လာကာ ရေးထွင်းပြီသား ဖြစ်သွားလေသည်။ သွေးရောင် လွှမ်းနေသော “ယွမ်” ဆိုသည့် စာလုံးမှာ တဖြည်းဖြည်း မှေးမှိန် ပျောက်ကွယ်သွားပြီး အဓိပ္ပာယ် ဖော်ဆောင်ရန် ခက်ခဲသည့် ဓားဝိညာဉ် တစ်ခုအဖြစ် ပြောင်းလဲ သွားလေတော့သည်။

ထိုဓားဝိညာဉ်မှာ အသက်ဓာတ် စွမ်းအားများဖြင့် ပြည့်နေပြီး လောကရှိ မည်သည့် အရာကိုမဆို ဖျက်ဆီးနိုင်သည့် စွမ်းအားများ ရှိနေလေသည်။ ရုတ်တရက်ပင် ဆန်းလျန် ဘေးနားတွင် အမျက်ဒေါသ ကြီးထွားနေသည့် ဝိညာဉ်စွမ်းအား တစ်ခု ထွက်ပေါ်လာလေသည်။ ထိုဝိညာဉ် စွမ်းအားကို ဓားဝိညာဉ်က သုတ်သင်ရှင်းလင်း ပစ်လိုက်လေသည်။ ထိုအမျက်ဒေါသ ကြီးထွားနေသည့် ဝိညာဉ်စွမ်းအားမှာ ရှောင်းစစ်ယိ၏ ဝိညာဉ်စွမ်းအား ဖြစ်လေသည်။ ဆန်းလျန် နောက်ဆုံးတော့ နားလည်သွားရပြီ။ သွေးနီရောင်ဝတ် လူက သူ၏ ခန္ဓာကိုယ်ထဲမှ စွမ်းအားများကို ခိုးယူသွားနိုင်အောင် လမ်းကြောင်း ဖွင့်ပေးသူမှာ ရှောင်းစစ်ယိ၏ အမျက်ဒေါသ ပြင်းထန်နေသည့် ဝိညာဉ်စွမ်းအားပင် ဖြစ်လေသည်။

လူတစ်ယောက်ကို သတ်ဖြတ်မိသည်ဆိုလျှင် ဝဋ်လည်တတ်သည့် သဘော ရှိလေသည်။ လူသတ်သမား တစ်ယောက်သည် သူသတ်ခဲ့သည့် အကြောင်းအရာကို ပြန်လည် စဉ်းစားမိပြီး စိတ်ဝိညာဉ် မလွတ်ကင်းနိုင် ဖြစ်ကာ စွဲလန်းမှု ဒေါသများ ဖြစ်ပေါ်လာတတ် လေသည်။ မိမိ သတ်ခဲ့သူများ၏ ဝိညာဉ်စွမ်းအားများကို ပြန်လည် အသုံးချပြီး မိစ္ဆာလမ်းစဉ်ကို လျှောက်ကာ တန်ခိုးစွမ်းအားများ ရလာနိုင်သည့်တိုင် နောက်ဆုံး အချိန်တွင် ကိုယ်ပြုခဲ့သည့် မကောင်းမှုက အကျိုးပေးကာ ကျင့်စဉ်လမ်းကို ပျက်စီးရသည်ပင် ဖြစ်လေသည်။

အချို့သော တာအိုဆရာ များမှာလည်း သတ်ဖြတ်ခြင်းများကို ပြုလုပ်ကြသည့်တိုင် အကုသိုလ် တရား နည်းပါးစွာ သတ်ခဲ့ကြခြင်း ဖြစ်သည့်အတွက် အပြစ်တရားက လွင့်ပြယ် သွားတတ်လေသည်။ ကုသိုလ်တရား ကြီးမားပြီး ထူးခြားသည့် ကျင့်ကြံသူများ ကျင့်ကြံထားသူ၊ သို့မဟုတ် အများကောင်းကျိုး အတွက် သတ်ဖြတ်ခဲ့ကြ သူများမှာတော့ ကျင့်စဉ်လမ်းတွင် အနှောင့်အယှက် ဖြစ်မည် မဟုတ်ပေ။

ထို့ကြောင့်ပင် ချန်ကျန့်မေမှာလည်း နတ်မိစ္ဆာနှင့် မကောင်းဆိုးဝါး များစွာကို သတ်ဖြတ်ခဲ့သည့်တိုင် သူ့အပေါ်တွင် အကျိုးတရား သက်ရောက်မှု မရှိခဲ့ခြင်း ဖြစ်လေသည်။ သူကျင့်ကြံခဲ့သည့် သဏ္ဌာန်မဲ့ ဓားဝိညာဉ်က သူ့ကို အပြစ်တရားမှ တားဆီးထားခြင်း ဖြစ်သလို သူကိုယ်တိုင်ကလည်း အများအကျိုးအတွက် နတ်မိစ္ဆာများကို နှိမ်နင်းပေးခဲ့ခြင်း ဖြစ်လေသည်။

ရှောင်းစစ်ယိ၏ အမျက်ဒေါသ ပြင်းထန်နေသည့် ဝိညာဉ်စွမ်းအား ပျောက်ဆုံးသွားသည်နှင့် ဆန်းလျန် ရင်ထဲတွင် ချက်ချင်းပင် ပေါ့ပါးသွားသလို ခံစားလိုက်ရလေသည်။ ထို့ပြင် သွေးနီရောင်ဝတ် လူငယ်က သူ၏ စွမ်းအားများကို ခိုးယူသွားသည့် လျှို့ဝှက်ချက်ကိုလည်း ဆန်းလျန် သိရှိသွားရ လေသည်။ အမျက်ဒေါသ ပြင်းထန်နေသည့် ရှောင်းစစ်ယိ၏ ဝိညာဉ်စွမ်းအားကို အသုံးပြုပြီး ထိုသူက ဆန်းလျန်၏ ခန္ဓာအတွင်းသို့ ဝင်ရောက်ခွင့် ရသွားကာ တန်ခိုးစွမ်းအားများကို ခိုးယူသွားနိုင်ခြင်း ဖြစ်လေသည်။

သွေးနီရောင်ဝတ် လူငယ်မှာ ရှောင်းစစ်ယိ၏ ခန္ဓာကိုယ်ပေါ်တွင် မန္တန်တန်ခိုး စွမ်းအားတစ်ခုကို အသုံးပြုထားပြီး ဆန်းလျန်က ရှောင်းစစ်ယိကို သတ်လိုက်သည့်အခါ ထိုမန္တန်တန်ခိုး စွမ်းအားက ရှောင်းစစ်ယိ၏ အမျက်ဒေါသ ထွက်နေသည့် ဝိညာဉ်စွမ်းအားကို ထိန်းချုပ်ပြီး ဆန်းလျန်၏ ခန္ဓာအတွင်းသို့ လျှို့ဝှက် ဝင်ရောက်ခဲ့ခြင်း ဖြစ်လေသည်။

အဖြစ်အပျက် အားလုံးက သူ့အကြောင်းနှင့်သူ ရှိမည် ဖြစ်လေသည်။ သို့သော် ထို သွေးနီရောင်ဝတ် လူငယ်က အဘယ်ကြောင့် ထိုသို့ လုပ်ရသည်ကို ဆန်းလျန် နားမလည်နိုင်သေးပါ။ ထို့ပြင် ရှောင်းစစ်ယိ၏ သွေးဓားမှာလည်း ဆရာဘိုးဘိုး ယွမ်ချင်းနှင့် တစ်ခုခု ဆက်စပ်နေနိုင် လေသည်။

ဆန်းလျန်မှာ အကြောင်းအရာများကို ဆက်စပ်၍ မရတော့ဘဲ စိတ်များ ရှုပ်ထွေးလာမိ လေသည်။

ဆရာဘိုးဘိုး ယွမ်ချင်း၏ တရားအဓိပ္ပာယ်မှာ သွေးဓားနှင့် ဆက်စပ်ပြီးမှ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်လေသည်။ ထို့နောက် ထိုတရား အဓိပ္ပာယ်က ဓားဝိညာဉ် တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး ဆန်းလျန်ကို ကယ်တင်ခဲ့ပြန် လေသည်။

ချန်ကျန့်မေက ဆရာဘိုးဘိုး ယွမ်ချင်း၏ တရား အဓိပ္ပာယ်ကို ဆန်းလျန်အတွက် သို့မဟုတ် ချင်းရွှမ်မှ ရောက်လာမည့် တပည့် တစ်ယောက်ယောက်အတွက် ချန်ထားခဲ့သည်မှာ သေချာလေသည်။ ယနေ့ ဖြစ်ပျက်လာမည့် အရာအားလုံးကို ချန်ကျန့်မေ အတိအကျပင် ခန့်မှန်း နိုင်ခဲ့သည်လား။ သို့မဟုတ် ဒီအတိုင်းပင် သဘောတရား တစ်ခုကို ချန်ထားရစ် ခဲ့သည်လား ဆိုသည်ကိုတော့ ဆန်းလျန် မသိနိုင်ပါ။

ဝတ်ကျောင်းတော် တံခါးက ဖြည်းဖြည်းချင်း ပွင့်သွားလေသည်။ ချမ်းမော့က သူ၏ အတောင်ပံကို ဖြန့်ကားကာ လေစီးကြောင်းတစ်ခု ဖန်တီးပြီး တံခါးကို ဖွင့်လိုက်ခြင်း ဖြစ်လေသည်။

အပြင်ဘက်တွင် နှင်းများက ထူထပ်စွာ ကျနေဆဲ …

တောင်တစ်ခွင်မှာလည်း တိတ်ဆိတ် ငြိမ်သက်နေဆဲ …

ငှက်ငယ်လေး ရှောင်ရွှင်သည် အစာရှာ ထွက်ရန်အတွက် ဝတ်ကျောင်းတော် တံခါးဆီမှ အပြင်သို့ ပျံသန်းထွက်ခွာ သွားလေသည်။ စောစောထသည့် ငှက်လေးများက အစာများများ စားရသည်ဟု အဆိုရှိသည် မဟုတ်ပါလား။ သို့သော် ရှောင်ရွှင်ကတော့ ချမ်းမော့အတွက် အစာများများ ရှာပေးရန် ထွက်ခွာသွားခြင်း ဖြစ်လေသည်။

မနေ့ညက အဖြစ်အပျက်များကြောင့် ချမ်းမော့မှာ အလွန်ပင်ပန်းသွားပုံ ရလေသည်။ ယနေ့ နံနက်တွင် ချမ်းမော့မှာ နေမကောင်းဖြစ်နေပုံ ရလေသည်။ သူက တံခါးနားတွင် ဝိညာဉ်စွမ်းအား လျော့နည်းစွာဖြင့် ငြိမ်သက်နေလေသည်။

ဆန်းလျန်မှာလည်း အားပြန် ပြည့်လာခြင်း မရှိသေးပါ။ သို့သော် သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ပြီး ချမ်းမော့ထံသို့ ထိုက်ရွှီးတန်ခိုး စွမ်းအားများကို ပို့လွှတ် ပေးလိုက်လေသည်။ ချမ်းမော့က စိတ်လှုပ်ရှားစွာဖြင့် သူ၏ ထိုက်ရွှီးစွမ်းအားများကို ချက်ချင်းပင် စုပ်ယူလိုက်လေသည်။ သူမကို ကြည့်ရသည်မှာ ပြန်လည် လန်းဆန်းလာပြီး ပျော်ပျော်ရွှင်ရွှင် ဖြစ်လာလေတော့သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset