ဆန်းလျန်သည် သွေးဓားကို သေစေခြင်း ကျောင်းတော်၏ ခန်းမတွင်းသို့ သယ်ဆောင် လာခဲ့လေသည်။
ဆန်းလျန် မျက်မှောင် ကြုတ်လိုက်မိလေသည်။ ခန်းမထဲမှ မီးအိမ်မှာ ပုံမှန်အတိုင်း လင်းလက်နေဆဲ ဖြစ်လေသည်။ ချမ်းမော့နှင့် ရှောင်ရွှင်မှာ မျက်လုံးလေးများ မှိတ်ကာ အနားယူနေ ကြသည်။ အရာအားလုံးက သူ့ဟာနှင့်သူ အစီအစဉ်တကျ ရှိနေလေသည်။
သို့သော် … တစ်ခုခုလွဲနေသလို ဆန်းလျန်ခံစားလိုက်ရသည်။ သွေးဓားထံမှ ထွက်ပေါ်လာသည့် လူသတ်လိုသည့် စွမ်းအားများက သူ၏နှလုံးသားကို ချုပ်ကိုင်ထားလေသည်။ သူ၏နှလုံးသားမှ ကျင့်စဉ်လမ်းမှာ ပိတ်ဆို့သွားသလို ခံစားလိုက်ရသည်။
“ယွမ်” ဆိုသည့် စာလုံးမှာ သူ့နေရာနှင့်သူ ပုံမှန်အတိုင်းပင် ရှိနေလေသည်။ အရာအားလုံးက အဆင်ပြေနေလေသည်။
မည်သည့်အရာက လွဲချော်နေပါ သနည်း။
နောက်ဆုံးတော့ ဆန်းလျန် သဘောပေါက်သွားလေသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ ထိုက်ရွှီးတန်ခိုး စွမ်းအားများမှာ လျင်မြန်သည့် အရှိန်ဖြင့် ပျောက်ကွယ်နေကြခြင်းပင် ဖြစ်လေသည်။ ထို့ပြင် မိုးမြေစွမ်းအား များမှာလည်း ပျောက်ကွယ်သွားပြီ ဖြစ်သည်။ သူ၏ ပတ်ဝန်းကျင် တစ်ခုလုံးမှ အသက်ဓာတ် စွမ်းအားများမှာလည်း ခန်းခြောက်သွားပြီး ဗလာနယ် တစ်ခုအလား ခြောက်သွေ့ နေလေသည်။
ထိုအချိန်မှာပင် ဆန်းလျန်လက်ထဲမှ သွေးဓားသည် အရောင်းများ တစ်လက်လက် တောက်ပလာပြီး အပေါ်သို့ ပျံတက်သွားလေသည်။ ထို့နောက် လေထဲတွင် မြွေတစ်ကောင်အလား တွန့်လိမ်ပြေးလွှား နေလေသည်။ ထိုဓားသွားက “ယွမ်” ဆိုသည့် စာလုံးကို ရေးသားနေလေသည်။ ဓားချက်တိုင်းသည် ယွမ်ဆိုသည့် စာလုံးကို ခံစားမိစေလေသည်။ “ယွမ်” စာလုံးမှာ သွေးများဖြင့် ပြည့်နေသည့်အတွက် မိစ္ဆာစွမ်းအား တစ်ခုကို ထုတ်လွှတ်နေသည့်အလား ခံစားနေရလေသည်။
“ဆရာဘိုးဘိုးယွမ်ချင်း ဆရာပြောတဲ့ တရားအဓိပ္ပာယ်ကို ကျုပ်သိမြင်မိပြီ ထင်ပါတယ်”
မည်သည့်နေရာမှန်း မသိသည့် နေရာမှ တီးတိုးစကားသံ တစ်ခု ထွက်ပေါ်လာလေသည်။
သို့သော် သွေးဓား၏ သွေးရောင်များကြားထဲမှ “ယွမ်” ဆိုသည့် စာလုံးကတော့ မည်သည့် တုန့်ပြန်မှု မရှိပေ။
သို့သော် ဆန်းလျန်နှင့် သုံးပေအကွာတွင် မတ်တတ်ရပ်နေသည့် လူငယ်လေးတစ်ယောက် ရှိနေလေသည်။ ထိုသူငယ်လေးမှာ အခြားသူ မဟုတ်ပေ။ ဆန်းလျန်ကိုယ်တိုင်ပင် ဖြစ်လေသည်။ သို့သော် သူ၏ပုံစံက ဖျော့တော့နေပြီး သွေးနီရောင် ဝတ်ရုံကို ဝတ်ဆင်ထားလေသည်။
ဆန်းလျန်က ထိုလူငယ်လေးကို သူ၏ အမြွှာညီအစ်ကိုကို တွေ့မြင်ရသည့်အလား ငေးကြည့် နေမိလေသည်။ လူငယ်လေးကလည်း ဆန်းလျန်ကို ပြန်လည် ငေးကြည့်နေလေသည်။ ထိုလူငယ်လေး၏ အကြည့်ထဲတွင် သူ၏ပုံရိပ်ကို သူပြန် မြင်နေရလေသည်။
ဆန်းလျန်က စိတ်လှုပ်ရှားသည့်ပုံ မပြဘဲ တည်ငြိမ်နေဆဲ ဖြစ်လေသည်။ သူ့ရင်ထဲတွင် စိတ်လှုပ်ရှား နေမိလျှင်တောင်မှ အခြားသူ မသိမြင်နိုင်အောင် သူက ထိန်းသိမ်းထားမည် ဖြစ်လေသည်။
“ငယ်ရွယ်မှုဆိုတာ တန်ဖိုးရှိတယ်နော်။ အဆုံးမသတ်နိုင်တဲ့ အလားအလာ ကောင်းတွေနဲ့ ပြည့်နေတဲ့ မင်းရဲ့ဘဝကတော့ ကြည်နူးစရာ ကောင်းလိုက်တာ”
သွေးနီရောင်ဝတ်စုံနှင့် လူငယ်က ဆန်းလျန်ကို ပြုံးပြရင်း ပြောလိုက်သည်။
ထိုသွေးနီရောင် ဝတ်စုံနှင့် လူငယ်က ဆန်းလျန်ကို သူ့အကြိုက်ဆုံး အရုပ်လေး တစ်ရုပ်ကို ကြည့်နေသည့် ပုံမျိုးဖြင့် ကြည့်နေခြင်း ဖြစ်လေသည်။ သူ၏နှုတ်ခမ်းကို တွန့်ကွေးကာ ပြုံးနေသည့် အပြုံးတွင် အဓိပ္ပာယ်တစ်ခု သက်ရောက်နေလေသည်။ ထိုအပြုံးက အကြောင်းအရာ များစွာကို သတိပေးနေ သကဲ့သို့ပင် ဖြစ်လေသည်။
ကျင့်ကြံသူများမှာ များသောအားဖြင့် တည်ငြိမ်ကြလေသည်။ သူတို့၏ အတွင်းစိတ်ကို မျက်နှာတွင် ထုတ်ဖော်ပြလေ့ မရှိကြပေ။ ထိုသို့ တည်ငြိမ်အောင်လည်း သူတို့၏ စွမ်းအားများကို ထိန်းချုပ်ထားနိုင် ကြလေသည်။ သူတို့က ပြင်ပလောက၏ အနှောင့်အယှက် များမှလည်း ကင်းလွတ် ကြလေသည်။
“စာအုပ်တွေထဲမှာ ရေးထားတာတော့ ခွင့်ပြုချက် မရှိဘဲ ယူတယ်ဆိုရင် ခိုးတာနဲ့ အတူတူပဲတဲ့။ မင်းက ကျုပ်ရဲ့ တန်ခိုးစွမ်းအားတွေကို တိတ်တိတ်ကလေး ယူသွားတဲ့သူပဲ။ အဲဒါ ခိုးမှုမြောက်တယ်နော်”
ဆန်းလျန်က ဒေါသမထွက်ဘဲ တည်ငြိမ်စွာ ပြောလိုက်လေသည်။
သူက ထိုသူလုပ်သည့် လုပ်ရပ်ကို သူသိသည် ဆိုသည့်အကြောင်း သတိပေးရုံမျှသာ ပြောလိုက်ခြင်း ဖြစ်သည်။
“အမှန်ပါပဲ။ အဲဒီတော့ မင်းဘာဆက်လုပ်မလဲ”
သွေးနီရောင်ဝတ်စုံနှင့် လူငယ်က လက်ခုပ်တစ်ချက် တီးလိုက်ရင်း ပြန်မေးလိုက်လေသည်။
“ကျုပ်က ဆရာဘိုးဘိုး ယွမ်ချင်းဆီက တရားဓမ္မ အဓိပ္ပာယ်ကို ယူဆောင်သွားတော့မယ်”
ထိုလူငယ်က သွေးနီရောင် လွှမ်းနေသည့် “ယွမ်” ဆိုသည့် စာလုံးကို လက်ညှိုးညွှန်ပြရင်း ပြောလိုက်လေသည်။
သွေးနီရောင်ဝတ်စုံနှင့် လူငယ်ကို ဆန်းလျန် စိုက်ကြည့်နေလိုက်သည်။ ထိုလူငယ်က ဖြူဖျော့နေပြီး အိပ်မက် ဆန်လွန်းလေသည်။ သူလှုပ်ရှားလိုက်သည့် အခါတိုင်း အရိပ်လေးများက ခွဲဖြာကျန်ရစ် ခဲ့လေသည်။ အသက်ဓာတ် စွမ်းအားများနှင့် မိုးမြေစွမ်းအားများမှာ မရှိတော့သည့်တိုင် ဆန်းလျန်တွင် ဝိညာဉ်စွမ်းအား များကတော့ ကျန်ရှိနေသေးသည်။ စွမ်းအားကို အသုံးပြုမည် ဆိုလျှင် ဝိညာဉ်စွမ်းအားကတော့ မရှိမဖြစ် လိုအပ်သည့်အရာ ဖြစ်လေသည်။
ထိုလူငယ်သည် သူ၏ ထိုက်ရွှီးတန်ခိုး စွမ်းအားများကို မည်သို့ ခိုးယူသွားသည်လည်း ဆန်းလျန်မသိပါ။ သို့သော် သူ့အနေဖြင့် ထိုလူငယ်၏ ထောင်ချောက်အတွင်းသို့ မဆင်းသက်မိစေရန် သတိထား နေလိုက်လေသည်။
ကြည့်ရသည်မှာ “သွေးဓား” က အဓိကသော့ချက် ဖြစ်ပုံရလေသည်။ ထို့ပြင် ထိုလူငယ်၏ ပြောစကားအရ “ယွမ်” ဆိုသည့် စာလုံးမှာ ဆရာဘိုးဘိုး ယွမ်ချင်းထံမှ တရားအဓိပ္ပာယ် ပါဝင်နေသည် ဆိုသည့် အချက်မှာလည်း ထင်ရှားနေပြီ။
ဆန်းလျန် တစ်စုံတစ်ခုကို တွေးလိုက်မိလေသည်။
ဆရာဘိုးဘိုး ယွမ်ချင်း၏ တရားအဓိပ္ပာယ်ကို ချန်ကျန့်မေက သိမြင်နားလည် ခဲ့သောကြောင့်သာ ထို “ယွမ်” ဆိုသည့် စကားလုံးကို ချန်ထားခဲ့ခြင်း ဖြစ်လေသည်။ “တရားကို နားလည် သဘောပေါက်ပြီးနောက် အခြားသူများအတွက် တရားကို ချန်ထားခဲ့ခြင်း” ဟု ပြော၍ ရနိုင်လေသည်။ ထိုစကားလုံးမှာ ချန်ကျန့်မေက အကိုးအကားတစ်ခု အနေဖြင့်သာ ဖော်ပြထားခဲ့ခြင်း ဖြစ်လေသည်။ သို့သော် ကိုယ်လျှောက်မည့် ကျင့်စဉ်လမ်းကတော့ ကိုယ်တိုင်ပင် ရွေးချယ်ကြရမည် ဖြစ်လေသည်။ ဆန်းလျန် အထင်မမှားဘူး ဆိုလျှင် ချန်ကျန့်မေ၏ အဆင့်မှာ ဆန်းလျန် တွေးထင်ထားသည်ထက် ပိုပြီး မြင့်မားနေခဲ့သည်မှာ အသေအချာပင် ဖြစ်လေသည်။
ဆန်းလျန်သည် သူလက်ရှိ ကြုံတွေ့နေရသည့် အန္တရာယ်နှင့် လားလားမျှ မသက်ဆိုင်သည့် ကိစ္စများကို တွေးနေချိန်တွင် သွေးနီရောင်ဝတ်စုံနှင့် ဆန်းလျန်ကလည်း လုံးဝ မလှုပ်ရှားဘဲ ငြိမ်သက် နေလေသည်။
ဆန်းလျန်မှာ အနည်းငယ် စိတ်ပျက်သွားရသည်။ အဘယ်ကြောင့်ဆိုသော် သူက ထိုသို့ ငြိမ်သက်နေခြင်းမှာ သွေးနီရောင်ဝတ်စုံနှင့် လူငယ်က သူ့ကို စတင်တိုက်ခိုက် လာစေရန် အခွင့်အရေး ပေးနေခြင်းပင် ဖြစ်လေသည်။ ထိုလူငယ်က စတင်တိုက်ခိုက် လာပါက သူက တည်ငြိမ်မှုကို အသုံးပြုပြီး သူ၏ စွမ်းအားများကို ပြန်လည်ရယူ နိုင်မည်လားဟု မျှော်လင့်မိသောကြောင့် ဖြစ်လေသည်။
“မင်းက သိပ်တော်တဲ့သူပဲ။ ကယ်ယွမ်းနဲ့ ဟုန်ချင်းယာ နှစ်ယောက် ပေါင်းရင်တောင် မင်းကို မမီနိုင်ဘူး။ ကျင်းကန်းနဲ့ ပေါ်ရဲ့ အဆင့်နှစ်ခုလုံးက အရေးကြီးပုံခြင်း အတူတူပဲ။ ဒါပေမဲ့ လူတွေက သူတို့ဘဝ တစ်လျှောက်လုံး အဲဒါကို နားမလည်ကြဘူး။ ဒါကြောင့်ပဲ လောကကြီးထဲမှာ ပိတ်မိနေကြ တာပေါ့”
သွေးနီရောင်ဝတ်စုံနှင့် လူငယ်က ပြုံးရင်း ပြောလိုက်လေသည်။
ကျင်းကန်းနှင့် ပေါ်ရဲ့ ဆိုသည်မှာ ဗုဒ္ဓဘာသာ အသုံးအနှုန်းများ ဖြစ်လေသည်။ သွေးနီရောင် ဝတ်စုံနှင့် လူငယ် ဆိုလိုသည့် အကြောင်းအရာကို ဆန်းလျန် နားလည်ပါသည်။ ကျင်းကန်း ဆိုသည်မှာ ရွှေခန္ဓာကို ဆိုလိုခြင်းဖြစ်ပြီး ပေါ်ရဲ့မှာ တရားအလင်း ပွင့်ခြင်းကို ဆိုလိုခြင်း ဖြစ်လေသည်။ ရွှေခန္ဓာနှင့် တရားအလင်းပွင့်ခြင်း နှစ်ခုစလုံးသာ အောင်မြင်အောင် ကျင့်ကြံနိုင်လျှင် ကျင့်စဉ်လမ်းတွင် ကြုံလာသမျှ အခက်အခဲတိုင်းကို ကျော်လွှားနိုင်မည် ဖြစ်လေသည်။ ထိုအခါမှ လူတစ်ယောက်သည် ဒုက္ခပင်လယ်မှ လွတ်မြောက်ကာ အမြင့်ဆုံးတာအို ကျင့်စဉ်လမ်းသို့ တက်လှမ်းနိုင်မည် ဖြစ်လေသည်။
ဗုဒ္ဓဘာသာတွင်ရော တာအိုဝါဒတွင်ပါ ယေဘုယျအားဖြင့် ထိုသို့ယူဆကြသည်။ ထို့ပြင် အဆင့်အမြင့်ဆုံး တာအိုဆရာ သခင်ကြီးပင် ဖြစ်စေ၊ ဗောဓိဿကျပင် ဖြစ်စေ လူအများ မလုပ်နိုင်သည့် အလုပ်ကို လုပ်နိုင်ကြသည့် မဟာတန်ခိုး စွမ်းအားရှင်များ ဖြစ်ကြလေသည်။
ထိုသွေးနီရောင် ဝတ်ဆင်ထားသည့် လူငယ်၏ အတွေးအခေါ်ကို ဆန်းလျန် လေးစားမိခြင်း မရှိပါ။ သို့သော် ထိုလူငယ်မှာ လွန်စွာမှ ကြောက်စရာကောင်းသည်ကိုတော့ ဆန်းလျန် ရိပ်မိလေသည်။ ထိုသူက သူ၏ အတွေးများကို သိနေရုံသာမက သူ၏ စိတ်ထဲမှ အတွင်းကျကျ လျှို့ဝှက်ထားသည့် အရာများကိုပင် သိနေလေသည်။ ထို့ကြောင့်ပင် ထိုသူက သူ၏ ထိုက်ရွှီးတန်ခိုး စွမ်းအားများကို သူ မသိလိုက်မီမှာပင် ခိုးယူသွားနိုင်ခြင်း ဖြစ်လေသည်။
ထို့ပြင် ထိုသူအနေဖြင့် ဆန်းလျန်၏ ရည်မှန်းချက်ကို သိစရာအကြောင်း မရှိပေ။ သို့သော် ထိုသူက ဆန်းလျန်၏ ရည်မှန်းချက်များကိုလည်း သိနေလေသ်။ ဆန်းလျန်၏ ရင်ထဲတွင် ထိုသူကို ထိတ်လန့်ကြောက်ရွံ့ လာမိလေသည်။ ထို့ကြောင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် အသင့်အနေအထား ပြင်လိုက်သည်။
“ကျုပ်ကြားဖူးတဲ့ စကားတစ်ခု ရှိတယ်။ လက်နဲ့ ဖြေရှင်းလို့ရတဲ့ ကိစ္စဆိုရင် ခေါင်းသုံးနေစရာ မလိုဘူးတဲ့။ မင်းက တော်တော်တော့ ထူးဆန်းတဲ့သူပဲ။ ဒါပေမဲ့ မင်း ကျုပ်ကို နိုင်မယ်များ ထင်နေလား။ မင်းသတ္တိရှိရင် မင်းဘက်က ကျုပ်ကိုစပြီး ဘာလို့ မတိုက်ခိုက်ရတာလဲ”
ဆန်းလျန် စိတ်ကိုလျှော့ပြီး ပြောလိုက်လေသည်။
ပြောလို့ပြီးသည်နှင့် ဆန်းလျန် လက်သီးကိုမြှောက်ကာ တိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်။
သွေးနီရောင်များကြားမှ “ယွမ်” စာလုံးမှာ မျက်လုံးတစ်စုံ ရှိနေသည့်အလား တစ်ယောက်နှင့် တစ်ယောက် အကဲစမ်းနေကြသည့် လူငယ်နှစ်ယောက်၏ အခြေအနေကို လေ့လာ နေလေသည်။
အပြာရောင် တာအိုဝတ်ရုံလေးက လေထဲတွင် အပြာရောင် အရိပ်လေး တစ်ခုအလား လွင့်ပျံ သွားလေသည်။ တစ်ပြိုင်နက်တည်းမှာပင် အခြားတစ်ယောက်၏ သွေးနီရောင် ဝတ်ရုံမှာလည်း သွေးရောင် အရိပ်တစ်ခုအလား လေထဲတွင် လွင့်ပျံသွားလေသည်။
သွေးနီရောင်ဝတ် လူငယ်က စတင် တိုက်ခိုက်ခြင်းကို မပြုလုပ်ပါ။ သို့သော် သူက ဆန်းလျန်ကို ရှောင်ပြေး နေလေသည်။
ထိုလူငယ်၏ အရိပ်မှာ အသွေးအသားနှင့် တည်ဆောက်ထားသည့် ရုပ်ခန္ဓာ မဟုတ်ပါ။ ပုံရိပ်ယောင် တစ်ခုမျှသာ ဖြစ်လေသည်။ ထို့ကြောင့် သူကလွန်စွာမှ လျင်မြန်လေသည်။
သာမန်ကျင့်ကြံသူ တစ်ယောက်က ထိုသူကဲ့သို့ လျင်မြန်နိုင်မည် မဟုတ်ပါ။ အဘယ်ကြောင့် ဆိုသော် လျင်မြန်မှု အရှိန်ကို ရုပ်ခန္ဓာက မလိုက်နိုင်သည့်အတွက် အခက်အခဲ ဖြစ်တတ်သောကြောင့် ဖြစ်လေသည်။
သို့သော် ဆန်းလျန်ကတော့ သူ့တန်ခိုး စွမ်းအားများကို ကောင်းကောင်း ထိန်းချုပ်နိုင်သူ ဖြစ်သည့် အပြင် သူ၏ ခန္ဓာကိုယ်မှာလည်း ဝိညာဉ်မြစ်ရေထဲတွင် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သည့်အတွက် အခြားသူများထက် အဆပေါင်းများစွာ ခံနိုင်ရည်စွမ်းအား ရှိလေသည်။ ထို့ကြောင့် လျင်မြန်မှု အရှိန်ကို ကြိုက်သလို အသုံးပြုသည့်တိုင် သူ၏ ရုပ်ခန္ဓာက မည်သည့် အခက်အခဲမျှ ကြုံတွေ့ရခြင်း မရှိပေ။
သေစေခြင်း ကျောင်းတော်၏ ခန်းမမှာ သေးငယ်သည့် ခန်းမတစ်ခု မဟုတ်ပါ။ တန်ခိုးစွမ်းအား မြင့်မားသည့် ကျင့်ကြံသူ နှစ်ယောက်အတွက် ကောင်းကောင်း တိုက်ခိုက်နိုင်သည့် အကျယ်အဝန်း ရှိလေသည်။
ဆန်းလျန်၏ အပြာရောင် အရိပ်သည် သွေးနီရောင် အရိပ်နောက်သို့ လိုက်နေလေသည်။ သို့သော် လိုက်မီခြင်း မရှိသေးပေ။ သို့သော် အပြာရောင် အရိပ်က မရပ်မနားပင် ဆက်လိုက် နေလေသည်။ ဆန်းလျန်က သူ၏ လျင်မြန်မှု အရှိန်ကြောင့် သူ၏ ရုပ်ခန္ဓာ ထိခိုက်မည်ကို စိုးရိမ်ခြင်း မဖြစ်မိပါ။
သူ၏ တန်ခိုးစွမ်းအားက သူ၏ ကျောရိုးတစ်လျှောက်နှင့် သွေးကြောဆုံချက်များ အားလုံးတွင် စီးဆင်း နေလေသည်။ မိုးကောင်းကင်ရှိ ထျန်းဟယ်မြစ်ရေ စီးဆင်းနေသကဲ့သို့ မရပ်မနား စီးဆင်းနေခြင်း ဖြစ်လေသည်။ သူ၏ လျင်မြန်သည့် အရှိန်ကြောင့် သူ၏ ခန္ဓာကိုယ်မှ အနက်ရောင် သွေးများ စိမ့်ထွက်လာလေသည်။ ထိုအနက်ရောင် သွေးများက လောင်ကျွမ်းသွားပြီး မြူခိုးများ အသွင်သို့ ပြောင်းလဲသွားလေသည်။
ဆန်းလျန်က မြန်မြန်ရွေ့လျားလေ သူ၏ ခန္ဓာကိုယ်က ပိုပြီး ဖြူဖျော့လာလေ ဖြစ်ရလေသည်။ သူ၏ ထိုက်ရွှီးတန်ခိုး စွမ်းအားများမှာလည်း အပြည့်အဝ မရှိတော့ပေ။
သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် မြူခိုးများမှာလည်း ရပ်တန့်သွားခြင်း မရှိပါ။ သို့တိုင်အောင် သွေးနီရောင် ဝတ်စုံဖြင့် လူငယ်နောက်သို့ လိုက်မမီနိုင်အောင် ဖြစ်နေရသည်။ သို့သော် သွေးနီရောင်ဝတ် လူငယ်က အရှိန်ကို ရုတ်တရက် လျှော့ချလိုက်သည်။
ရုတ်တရက်ပင် ထိုသူက ရပ်တန့်လိုက်လေသည်။ သူ့ပတ်ဝန်းကျင်တွင် မြူခိုးများမှာ ဝဲကတော့ ပုံသဏ္ဌာန် ဖြစ်လာပြီး ထိုသူက ဝဲကတော့ အလယ်တွင် ရပ်နေလေသည်။ ထိုအဖြစ်အပျက်များ အားလုံးမှာ မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခြင်း ဖြစ်လေသည်။ ဆန်းလျန်က သူ့ကိုယ်ထဲမှ ထိုက်ရွှီးတန်ခိုးစွမ်းအား ရှိသမျှကို ထုတ်လွှတ်လိုက်သည်။ ထိုအခါ ဒြပ်စင်စွမ်းအား ရှစ်မျိုး ထွက်ပေါ်လာပြီး ရောင်စဉ်ရှစ်မျိုးမှာ ရေဘဝဲလက်တံများ ကဲ့သို့ ဆန်းလျန် ပတ်ပတ်လည်တွင် ဝှေ့ယမ်းနေလေသည်။
သွေးနီရောင်ဝတ်စုံနှင့် လူငယ်မှာ ဆန်းလျန်ထက် ပိုပြီး တန်ခိုးစွမ်းအားများ ထက်မြက် နေလေသည်။ သို့သော် သူ၏ပုံစံက တည်ငြိမ်ခြင်း မရှိပေ။ သူက ဆန်းလျန်ကို တစ်ချက် ကြည့်လိုက်ပြီး …
“ဘာလဲ ထိုက်ရွှီးတန်ခိုး စွမ်းအားတွေလား။ ကျုပ်လည်း အဲဒီ စွမ်းအားတွေအကြောင်း သိသားပဲ”
သူက မထီမဲ့မြင်ဟန်ဖြင့် ပြောလိုက်လေသည်။
သူ၏ သွေးနီရောင် ဝတ်စုံမှာလည်း တုန်ခါလာပြီး ရောင်စဉ်ရှစ်မျိုး ဓားသွားများ ပေါ်ထွက် လာလေသည်။
ထိုရောင်စဉ်များတွင် ကောင်းကင်၊ မြေကြီး၊ လေနှင့် လျှပ်စီးစွမ်းအားများ အဓိက ပါဝင် လေသည်။ သူ၏ စွမ်းအားများမှာ ဆန်းလျန်ထက် ကြီးမားလေသည်။
ထိုလူငယ်၏ ရောင်စဉ်ရှစ်မျိုး ဓားဝိညာဉ်များမှာ ဆန်းလျန်ဆီသို့ လျင်မြန်သည့် အရှိန်ဖြင့် ဝင်ရောက်လာပြီး ဆန်းလျန်ကို ပိုင်းဖြတ်ထိုးခုတ် လိုက်ကြလေသည်။ သူတို့နှစ်ယောက်လုံးဆီမှ ထွက်ပေါ်နေသည့် ရောင်စဉ်ရှစ်မျိုးမှာ လျှပ်စီး လက်သကဲ့သို့ အလွန် လျင်မြန်လေသည်။ ဆန်းလျန်မှာ သွေးများဖြင့် တစ်ကိုယ်လုံး ညစ်ပေနေသည့်တိုင် ထိုသူ၏ စွမ်းအားများကိုတော့ ကောင်းကောင်းခုခံ ကာကွယ်နိုင်လေသည်။ သို့သော် သွေးနီရောင်ဝတ်စုံနှင့် လူထံမှ သူ၏ အစွမ်းများကို ပြန်လည်ခံစား နေရသည်ကတော့ မခံချင်စရာ ကောင်းပေသည်။
သို့သော် သွေးနီရောင်ဝတ်စုံနှင့် လူငယ် ထုတ်လွှတ်လိုက်သည့် ထိုက်ရွှီးဒြပ်စင် စွမ်းအား ရှစ်မျိုးမှာ ဆန်းလျန်ထက် သာလွန်နေသည့် အတွက်ကြောင့် ဆန်းလျန်မှာ ခုခံရန် တဖြည်းဖြည်း ခက်ခဲလာသည်။
တိုက်ခိုက်ရင်း တိုက်ခိုက်ရင်းဖြင့် ဆန်းလျန်၏ တန်ခိုးစွမ်းအားများက တဖြည်းဖြည်း အားနည်းလာပြီး သွေးနီရောင်ဝတ်စုံနှင့် လူငယ်၏ တန်ခိုးစွမ်းအားများက တဖြည်းဖြည်း ကြီးမား လာလေသည်။
ဆန်းလျန်မှာ သူ၏ ပြိုင်ဘက်ကို အနိုင်ယူနိုင်စွမ်း မရှိတော့။
သွေးနီရောင်ဝတ်စုံနှင့် လူငယ်သည် ဆန်းလျန်ကို စိုက်ကြည့်နေလေသည်။ နောက်ဆုံးတော့ ချစ်စရာကောင်းသည့် သူ၏ အရုပ်လေးကို ရယူပိုင်ဆိုင်ရပြီ ဆိုသည့် အကြည့်မျိုး။ ဆန်းလျန်၏ ပုံစံမှာတော့ အသတ်ခံရတော့မည့် သိုးငယ်လေး တစ်ကောင်ပမာပင်။
သွေးနီရောင်ဝတ် လူငယ်က ဆန်းလျန်အနားသို့ ခြေလှမ်း တစ်လှမ်းချင်း လျှောက်လာ လေသည်။
ထိုသူမှာ ဆန်းလျန်နှင့် ခြေလှမ်းငါးလှမ်း အကွာသို့ ရောက်ရှိလာပြီ ဖြစ်သည်။
ဆန်းလျန်က သူ့ကို တစ်ချက် ပြုံးပြလိုက်သည်။
ရုတ်တရက်ပင် …
စန္ဒကူးသစ်သားဓား ထွက်ပေါ်လာကာ သွေးနီရောင်ဝတ် လူငယ်ကို ထိုးစိုက်ချလိုက် လေတော့သည်။ သွေးနီရောင်ဝတ် လူငယ်က မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး စန္ဒကူးဓားကို သူ၏ လက်နှစ်ချောင်းဖြင့် လှမ်းတားလိုက်သည်။ သူ၏ လက်ချောင်းထိပ်မှ သွေးနီရောင် အလင်းတန်းတစ်ခု ပေါ်ထွက်လာပြီး စန္ဒကူးဓားကို တားဆီးထားလိုက်လေသည်။
ထိုခဏလေးမှာပင် …
စန္ဒကူးဓား ထိပ်ဖျားဆီမှ မီးတောက်တစ်ခု ထွက်ပေါ်လာလေသည်။ စိမ့်ဖန့်ဖန့် ဝါတာတာရှိသည့် စန္ဒကူးဓားမှ မီးတောက်သည် ရန်သူဆီသို့ တိုးဝင်သွားသည့် တစ်ခဏ … သွေးနီရောင်ဝတ် လူငယ်၏ လက်မှ ထွက်ပေါ်နေသည့် အနီရောင် အလင်းတန်းမှာ အစိတ်စိတ် အမြွှာမြွှာ ကွဲကြေသွားရလေသည်။
မီးတောက်များက သွေးနီရောင်ဝတ် လူငယ်ကို လောင်ကျွမ်းသွားလေသည်။
“ကောင်းမြတ်ခြင်း မီးတောက်”
သွေးနီရောင်ဝတ် လူငယ်က ရေရွတ်လိုက်သည်။
ထို့နောက် မီးတောက်များက ထိုလူကို ဝါးမျိုလောင်ကျွမ်း သွားလေသည်။ သွေးနီရောင်ဝတ် လူငယ်မှာ သွေးနီရောင် လူရိပ်တစ်ခု အဖြစ်သို့ ကူးပြောင်းသွားကာ ဆန်းလျန်ကို စိုက်ကြည့် နေလေသည်။
စန္ဒကူးဓားမှ မီးတောက်မှာ မကောင်းမိစ္ဆာများကို အောင်နိုင်ကြောင်း ဆန်းလျန် သိလေသည်။ အဘယ်ကြောင့်ဆိုသော် ဇာမဏီငှက် ပြန်လည်မွေးဖွားရာ ကောင်းကင်မီးတောက် ဖြစ်သောကြောင့် ဖြစ်သည်။ ထိုမီးတောက်က သွေးနီရောင်ဝတ် လူငယ်လေးကို အောင်နိုင်ခဲ့လေပြီ။ ထိုလူငယ်လေးမှာ အမည်မသိ နတ်မိစ္ဆာတစ်ပါး ဖြစ်ပုံရလေသည်။ သို့သော် ဆန်းလျန်နှင့် တစ်ထေရာတည်း တူနေသည့်အပြင် ဆန်းလျန်၏ တန်ခိုးစွမ်းအားများ အားလုံးကိုလည်း ခိုးယူသွားသည်ကတော့ ထူးဆန်း လွန်းလေသည်။
ထိုလူငယ်မှာ ဆန်းလျန်၏ စန္ဒကူးဓားဖြင့် တိုက်ခိုက်ခြင်း ခံရသည့်တိုင် အပြီးသတ် ပျောက်ကွယ်သွားခြင်း မရှိသေးပေ။ သွေးနီရောင် လူရိပ်တစ်ခုအဖြစ် ထင်ကျန်ရစ် နေသေးကာ ဆန်းလျန်ကို စိုက်ကြည့်နေလေသည်။
ရုတ်တရက် …
ချမ်းမော့၏ အော်သံကို ကြားလိုက်ရလေသည်။
ချမ်းမော့ဆီမှ ထူးဆန်းသည့် စွမ်းအားတစ်ခုက သွေးနီရောင် လူရိပ်ကို လှည့်ပတ်သွားပြီး ထိုလူငယ်မှာ သွေးနီရောင် အငွေ့တန်းလေး တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ချက်ချင်းပင် ပျောက်ကွယ် သွားလေ တော့သည်။
***