ညအမှောင်တွင် အနက်ရောင်ဓားသွား တစ်လက်က မွှေနှောက် နေလေသည်။ အနက်ရောင် အလင်းတန်းက သေခြင်းတရားကို ကိုယ်စားပြုနေသည့် ပမာပင်။
ဆန်းလျန်၏ ရောင်စဉ်ရှစ်မျိုး ဓားဝိညာဉ်များမှာလည်း လရောင်ထက်ပင် တောက်ပ နေလေသည်။ သူတို့က အနက်ရောင် သွေးဓားကို လှည့်ပတ်ဝန်းရံ ထားကြသည်။ ရောင်စဉ် ရှစ်မျိုးမှာလည်း တစ်မျိုးနှင့်တစ်မျိုး အပြန်အလှန် ထိုးဖောက်ထွက်ပေါ် နေကြလေသည်။ ရေ၊ မီး၊ လေနှင့် လျှပ်စီးတို့က အရင် ထွက်ပေါ်လာပြီး ကောင်းကင်၊ မြေကြီး၊ တောင်နှင့် ရွှံနွံစွမ်းအားတို့က အနောက်မှ လိုက်ပါလာလေသည်။
အနက်ရောင် သွေးဓားမှာ ဆန်းလျန်၏ မျက်ခုံးနှစ်ခုကြား သုံးလက်မခန့် အကွာတွင် ရပ်တန့် သွားလေသည်။
အဘယ်ကြောင့်ဆိုသော် ရောင်စဉ်ရှစ်မျိုးဓား ဝိညာဉ်များက ဆန်းလျန်ကို ဒိုင်းသဖွယ် ကာကွယ် ပေးထားသောကြောင့် ဖြစ်လေသည်။
အနက်ရောင် သွေးဓားမှာ တုန်ခါနေလေသည်။ ထိုဓားသွားမှာ ဆန်းလျန်၏ ရောင်စဉ်ရှစ်မျိုး ဓားဝိညာဉ်များကို ထိုးဖောက်နိုင်စွမ်း မရှိတော့ပေ။ ထို့ကြောင့် လှောင်အိမ်ထဲမှ သားရဲကဲ့သို့ ဒေါသတကြီး တုန်ခါနေရခြင်း ဖြစ်လေသည်။
ယခုတိုက်ပွဲမှာ သိုင်းပညာပြိုင်ပွဲထက် တန်ခိုးစွမ်းအား ပြိုင်ပွဲတစ်ခု ဖြစ်ပြီး သေခြင်းနှင့် ရှင်ခြင်းကြား လက်တစ်လုံး ခြားမျှသော အနေအထား ဖြစ်လေသည်။
ရှောင်းစစ်ယိမှာ ဆန်းလျန်ကို မယှဉ်နိုင်မှန်း သဘောပေါက်သွားပြီ ဖြစ်သည်။ သို့သော် သူ၏ အဆင့်မှာ ဆန်းလျန်ကို ကောင်းကောင်း ယှဉ်ပြိုင်နိုင်ပြီဟု လူတစ်ယောက်က သူ့ကိုပြောခဲ့ခြင်း ဖြစ်လေသည်။ ထိုသူက အဘယ်ကြောင့် ထိုသို့ ပြောရပါသနည်း။
ထိုသူသည် မည်သည့်အခါမျှ သူ့ကို လိမ်ပြောခဲ့ဖူးခြင်း မရှိပေ။ ဆန်းလျန်မှာ သူ၏ ကျင့်စဉ်လမ်းတွင် ခလုတ်တစ်ခု ဖြစ်လေသည်။ ထို့ကြောင့် တုံ့ဆိုင်းခြင်း မရှိဘဲ ဆန်းလျန်ကို ချေမှုန်း ပစ်ချင်နေမိသည်။
အနက်ရောင် သွေးဓားသည် လေထဲတွင် ရပ်တန့်နေလေသည်။ အေးစက်သည့် ညက တိတ်ဆိတ် ငြိမ်သက်နေလေသည်။ မြေပြင် တစ်ခုလုံးနှင့် တောင်ကမ်းပါးယံ တစ်ခွင် အဖြူရောင် နှင်းများက ဖုံးလွှမ်းနေလေသည်။ နှင်းများပေါ်သို့ လရောင်နှင့် ကြယ်ရောင်က ဖြာကျနေသောကြောင့် နှင်းများမှာ ငွေရောင်တောက်ပ နေလေသည်။
ဆန်းလျန် ဘေးနားတွင် ဖြာကျနေသည့် လရောင်နှင့် ငွေရောင် နှင်းပွင့်များမှာ ဆန်းလျန်၏ တန်ခိုးစွမ်းအားများ ကဲ့သို့ပင် တုန်ခါ နေကြလေသည်။ ထိုတုန်ခါမှုမှာ တဖြည်းဖြည်းနှင့် ပိုပြီး သိပ်သည်းလာသည်။
ဆန်းလျန်က ပတ်ဝန်းကျင်မှ မိုးမြေစွမ်းအားများကို စုပ်ယူလိုက်ခြင်းကြောင့် ထိုသို့ ဖြစ်ရခြင်း ဖြစ်လေသည်။ သူ့ကိုယ်ထဲတွင် ခရုပတ်နွယ် လိမ်သဖွယ် လှည့်ပတ်နေသည့် ထိုက်ရွှီး စွမ်းအားများမှာလည်း ယခင်ကထက် ဆယ်ဆမက အဆတစ်ရာခန့် အထိ ပိုပြီးမြန်ဆန်စွာ လှည့်ပတ် နေလေသည်။ သူ့ဘဝတွင် ယခုကဲ့သို့ အခြေအနေမျိုး တစ်ခါမှ မကြုံခဲ့ဖူးပေ။
လွန်ခဲ့သည့် ဆယ်နှစ်အတွင်း ရှောင်းစစ်ယိမှာ အကြောက်အလန့် ရှိသူတစ်ယောက် မဟုတ်ပါ။ အကြောက်တရား ဆိုသည်မှာ ချိုနှင့်လားဟု မေးယူရလောက်အောင်ပင် သူက အကြောက်တရားနှင့် အလှမ်းဝေး ခဲ့လေသည်။ ထို့ပြင် သူ့ဘဝတွင်လည်း မည်သည့် အရာကိုမှ ကြောက်စရာအကြောင်း မရှိတာ့ဟု တွေးထား ခဲ့မိလေသည်။
ထိုအတွေးများသည် မည်မျှ မိုက်မဲရာ ကျပါသနည်း။
ယခုတော့ … သူ ကြောက်နေခဲ့ပြီ။ သူ၏ အကြောက်တရားသည် အနက်ရောင် သွေးဓားမှ စိမ့်ထွက် လာလေသည်။ ဆန်းလျန်နှင့် ယှဉ်လျှင် သူ၏ တန်ခိုးစွမ်းအားသည် ဘာမှ မဟုတ်တော့ပါလား။
တန်ခိုးစွမ်းအား …
ဓား …
ထိုအရာများ အားလုံးမှာ ပိုင်ဆိုင်မှုမျှသာ ဖြစ်လေသည်။
လူတစ်ယောက်၏ စိတ်ဓာတ်သာလျှင် တာအိုလမ်းစဉ် လျှောက်လှမ်းရာတွင် အရေးအကြီး ဆုံးဖြတ်လေသည်။ ထိုစိတ်ဓာတ်ကို မည်သူမျှ မရိုက်ချိုးနိုင်သရွေ့ ကျင့်စဉ်လမ်း အစနှင့်အဆုံးသည် ခိုင်မာစွာ တည်ရှိနေမည် ဖြစ်လေသည်။
ထိုသဘောတရားကို ဆန်းလျန်က နားလည်ထားလေသည်။
သို့သော် ရှောင်းစစ်ယိက နားမလည်ခဲ့ပါ။
ဆန်းလျန်၏ ဝိညာဉ်စွမ်းအားတွင် ရှောင်းစစ်ယိထံမှ ထွက်ပေါ်လာသည့် အကြောက်တရားကို ခံစားမိနေ ရလေသည်။ ရှောင်းစစ်ယိမှာ အကြောက်တရား ဖုံးလွှမ်းလာပြီး သူ၏ အနက်ရောင် သွေးဓားအပေါ်တွင် ယုံကြည်ချက် ကင်းမဲ့လာလေသည်။ ထိုသို့ ယုံကြည်ချက် ကင်းမဲ့လာသည့် အတွက် ရှေင်းစစ်ယိ၏ ဓားကွက်တွင် ဟာကွက်တစ်ခု ဖြစ်ပေါ်လာလေသည်။ ဆန်းလျန် အနေဖြင့် ရှောင်းစစ်ယိကို အနိုင် ယူနိုင်ရန်အတွက် ဟာကွက်ရှာစရာ မလိုပါ။ တန်ခိုးစွမ်းအားဖြင့်ပင် အနိုင်ယူနိုင် လေသည်။
သို့သော် ဆန်းလျန်မှာလည်း သူ့ပြဿနာနှင့်သူ ရှိလေသည်။
ဆန်းလျန် စုစည်းထားသည့် မိုးမြေစွမ်းအားများမှာ စွမ်းအား ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ရန်အတွက် ဦးတည်နေလေသည်။ ထိုမိုးမြေ စွမ်းအားများမှာ သူ၏ ထိုက်ရွှီးတန်ခိုး စွမ်းအားများဖြင့် ပေါင်းစပ်သွားတိုင်း ထိုကဲ့သို့ စွမ်းအား ပေါက်ကွဲမှုကြီး ဖြစ်မြဲပင် ဖြစ်လေသည်။ ထိုသို့ဖြစ်တိုင်း သူ၏ ဝိညာဉ် စွမ်းအားများက မိုးမြေစွမ်းအားများ နောက်သို့ ပဲ့တင် လိုက်သွားလေ့ ရှိလေသည်။ ထိုသို့စွမ်းအား ပေါင်းစပ်ပုံကို သူကိုယ်တိုင်ပင် အံ့သြရလေသည်။
သူ၏ တန်ခိုး စွမ်းအားများမှာ လိုသည်ထက် ပိုနေသကဲ့သို့ ခံစားနေရ လေသည်။
အဆမတန် ကြီးမားသည့် သင်္ဘောကြီး တစ်စင်း မြစ်ထဲတွင် သွားနေသကဲ့သို့ ဖြစ်လေသည်။ မြစ်မှာ ကျယ်ပြန့်သည့်တိုင် သင်္ဘောကြီးက ကြီးမားသည့်အတွက် မြစ်ကြောင်းကျပ်ပြီး လွတ်လွတ် လပ်လပ် ရွက်မလွှင့်နိုင်သည့် အဖြစ်မျိုးနှင့် ရင်ဆိုင်နေရ သကဲ့သို့ ဖြစ်လေသည်။
ထိုသဘော ကဲ့သို့ပင် ပေါက်ကွဲထွက်မည့် ဆန်းလျန်၏ စွမ်းအားများမှာ ပေါက်ကွဲ မထွက်နိုင်ဘဲ တုံ့ဆိုင်း နေလေသည်။
ဆန်းလျန် တုံ့ဆိုင်းသွားသည့် အချိန် တစ်ခဏလေးမှာပင် ရှောင်းစစ်ယိက သူ့ကိုယ်သူ ပြန်လည် အားတင်းကာ ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်လေသည်။ သူ၏ မျက်နှာမှာ ထိတ်လန့် စက်ဆုပ်စရာ ကောင်းလောက်အောင် ရှုံ့မဲ့သွားလေသည်။ အဘယ်ကြောင့်ဆိုသော် သူ၏လက်ကို စွန်ကုတ် လက်သည်း ပုံသဏ္ဌာန် ပြုလုပ်ကာ သူ၏ နှလုံးသား နေရာသို့ ထိုးသွင်းလိုက်ပြီး သူ၏ နှလုံးကို ဆွဲထုတ် လိုက်သောကြောင့် ဖြစ်လေသည်။ အပြင်သို့ ထွက်လာသည့် နှလုံးသားနှင့်အတူ သွေးများက မြင်မကောင်းအောင် ပန်းထွက်လာလေသည်။
သူ၏လက်ထဲမှ သွေးစိမ်းရှင်ရှင်နှင့် တဖျတ်ဖျတ် ခုန်နေသေးသည့် နှလုံးသားအား အနက်ရောင် သွေးဓားဆီသို့ ပစ်လွှတ် ပို့ဆောင်လိုက်သည်။ အနက်ရောင် သွေးဓားမှာ ရှောင်းစစ်ယိ၏ နှလုံးသားကို အကြင်နာ ကင်းမဲ့စွာဖြင့် ဝါးမျိုလိုက်ပြီး ဓားတစ်ခုလုံးမှာ သွေးနီရောင် လွှမ်းသွားလေသည်။ ကောင်းကင်ထက်ရှိ လခြမ်းကွေးလေးမှာလည်း သွေးနီရောင် ပြောင်းလဲသွားလေသည်။
သွေးနီရောင် ဓားသွားမှာ အလွန်စွမ်းအား ပြင်းထန်သည့်အတွက် ဆန်းလျန်၏ ရောင်စဉ်ရှစ်မျိုး ဓားဝိညာဉ်များကို ထိုးဖောက်ဖျက်ဆီး ပစ်လိုက်လေသည်။ ထို့နောက် ဆန်းလျန်ဆီသို့ ပြည့်ဝသည့် စွမ်းအားများဖြင့် တိုးဝင်သွားတော့သည်။
သွေးဓားသည် ဆန်းလျန်၏ မျက်ခုံးနှစ်ခုကြားသို့ တိုးဝင်သွားလေသည်။
သို့သော် ထူးဆန်းသည့် အဖြစ်အပျက်တစ်ခု ရုတ်တရက် ဖြစ်ပျက်သွားလေသည်။ မိုးမြေ စွမ်းအားများသည် အသက်ဓာတ် စွမ်းအားများဖြင့် ပေါင်းစည်းသွားပြီး ဗလာနယ်တစ်ခုကို ဖြစ်ပေါ် လာလေသည်။ ထိုဗလာနယ် စွမ်းအားက ဆန်းလျန်ဆီသို့ တိုးဝင်သွားသည့် သွေးဓားကို ဒေါသတကြီးဖြင့် အရှိန်အဟုန်ပြင်းစွာ ရိုက်ချ လိုက်လေတော့သည်။ ထိုသို့ တန်ခိုးစွမ်းအား ပေါင်းစပ်သွားမှုမှာ ယုံကြည်နိုင်စရာပင် မရှိပေ။ ထိုစွမ်းအားကို လောကရှိ မည်သည့်အင်းပညာ၊ ဂါထာမန္တန် ပညာမှ ခုခံ ကာကွယ်နိုင်မည် မဟုတ်ပေ။
စွမ်းအားရိုက်ခတ်မှု အရှိန်ကြောင့် ရှောင်းစစ်ယိ၏ ခန္ဓာကိုယ်မှာ လေထဲသို့ မြောက်တက် သွားလေသည်။ သူ၏ သွေးဓားမှာလည်း သူ၏ခန္ဓာကိုယ် နောက်သို့ လိုက်ပါသွားလေသည်။ လူသားတစ်ဦး၏ နှလုံးသားဖြင့် ယဇ်ပူဇော်ခြင်း ခံထားရသည့် ဓားသွားမှာ ပုံမှန် ဓားသွားတစ်ခု မဟုတ်တော့ပါ။
စွမ်းအားများ ပေါက်ကွဲထွက်သွားပြီး ထိုက်ရွှီး တန်ခိုးစွမ်းအား၏ ရောင်စဉ်ရှစ်မျိုးမှာ နတ်ဘုရား ရောင်စဉ်များအလား လင်းလက်တောက်ပ နေလေတော့သည်။
ထိုစွမ်းအားများမှာ ရောင်စုံကြာပန်းတစ်ပွင့် ပွင့်လန်းလာသည့် ပုံသဏ္ဌာန်အလား ဖြစ်ပေါ်လာပြီး ဆန်းလျန်ကို ဗဟိုပြုကာ စကြာကဲ့သို့ လှည့်ပတ် နေလေတော့သည်။
ဆန်းလျန်၏ တစ်ကိုယ်လုံးမှာ စွမ်းအားများ၏ အရှိန်အဟုန်ကြောင့် မခံမရပ်နိုင် တုန်လှုပ် နေရလေသည်။ သို့သော် သူ၏ ခန္ဓာကိုယ်က ထိုစွမ်းအားများ အားလုံးကို ထိန်းထား နိုင်နေသေးသည်။
ဆန်းလျန်မှာ ရှောင်းစစ်ယိကို ဂရုမစိုက် အားတော့ပါ။ ရှောင်းစစ်ယိ ဒုတိယအကြိမ် ပြန်လည် တိုက်ခိုက်ဦးမည် ဆိုလျှင်လည်း ဆန်းလျန်အနေဖြင့် သူ့ကို ကောင်းကောင်း အနိုင်ယူနိုင်မည် ဖြစ်လေသည်။
သူက သူ၏ ကိုယ်တွင်းမှ ထိုက်ရွှီးတန်ခိုး စွမ်းအားများနှင့် မိုးမြေ စွမ်းအားများကို အကန့်အသတ်မရှိ ဖောက်ခွဲထုတ်လိုက် လေသည်။ ထိုသို့စွမ်းအားများ ပေါက်ကွဲ ထွက်နေသည်မှာ အချိန် အတော်ကြာလေသည်။ ဆန်းလျန်မှာ နေရာမှ ရွေ့လျားမရ ဖြစ်နေပြီး စိတ်အာရုံများ စုစည်းရန်လည်း ခက်ခဲလျက် ရှိနေလေတော့သည်။
နှင်းများ ဖုံးလွှမ်းနေသည့် မြေပြင်ပေါ်တွင် ရှောင်းစစ်ယိ ရပ်တန့်နေလေသည်။ သူ၏ဘေးတွင် သွေးဓား ရှိနေလေသည်။ သွေးဓားမှာ ညကဲ့သို့ နက်မှောင်နေပြီး ဓားသွားထက်တွင် အနီရောင်လေးများ ပြေးလွှားနေလေသည်။
ရှောင်းစစ်ယိ၏ ဘယ်ဘက် ရင်ဘတ်တွင် အပေါက်ကြီးတစ်ခု ဖြစ်ပေါ်နေပြီး အသက်လည်း မရှိ၊ အသက်ရှူသံလည်း မရှိဘဲ ရပ်တန့်နေသည်မှာ ထူးဆန်းဖွယ်ရာပင် ဖြစ်လေသည်။ သို့သော် ရှောင်းစစ်ယိမှာ အသက် မရှိတော့ပါ။
ဆန်းလျန်က ရှောင်းစစ်ယိကို တစ်စက်လေးမျှ မသနားမိပါ။
သူက သွေးဓားကို ခံစားချက် ကင်းမဲ့စွာဖြင့် လှမ်းယူလိုက်သည်။ သွေးဓားမှ စွမ်းအားများသည် ဒီရေအလား စီးဆင်းနေလေသည်။ ထိုသွေးဓားကိုသာ ထိန်းချုပ်နိုင်လျှင် လူအများက သူ့ကို နတ်ဘုရား တစ်ပါးဟုပင် ပြောဆိုကြပေလိမ့်မည်။
ဆန်းလျန်သည် သွေးဓားကို မြဲမြံစွာ ဆုပ်ကိုင်ထားပြီး ရှောင်းစစ်ယိ၏ ခန္ဓာကိုယ်ကို ခုတ်ပိုင်း ပစ်လိုက်လေတော့သည်။ ရှောင်းစစ်ယိ၏ ခန္ဓာကိုယ်မှာ နှစ်ပိုင်းပြတ်သွားခြင်း မရှိပါ။ သွေးအိုင်ကြီး တစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။ ထိုသွေးများကို သွေးဓားက စုပ်ယူသွားလေသည်။ နောက်ဆုံး ရှောင်းစစ်ယိ၏ သွေးစွန်းနေသည့် ဝတ်ရုံစသာ နှင်းများပေါ်တွင် ကျန်ရစ်ခဲ့လေသည်။
ထိုဝတ်ရုံစတွင် စွန်းနေသည့် သွေးများမှာ ရှောင်းအိမ်တော် တစ်ခုလုံးမှ သွေးများ ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် ရှောင်းစစ်ယိ၏ လက်တွင် ရှောင်းအိမ်တော် တစ်ခုလုံး၏ သွေးများ စွန်းထင်း ခဲ့ခြင်းကြောင့် ဖြစ်လေသည်။ ဆန်းလျန်က သူ၏လက်မှ မီးတောက်တစ်ခု ထုတ်လွှတ်လိုက်ပြီး ထိုဝတ်ရုံကို မီးရှို့ ပစ်လိုက်လေသည်။ ထိုသို့ ပြုလုပ်ပြီးသည်နှင့် လောကတွင် ရှိသည့် အပြစ်တရားများ အားလုံး ပျောက်ကွယ်သွားစေရန် ဆန္ဒ ပြုလိုက်မိလေသည်။
မီးတောက် နောက်ဆုံးတောက်ပသွားသည့် အချိန်တွင် သွေးမျှင်လေး တစ်စသည် တိတ်ဆိတ်စွာဖြင့် ဆန်းလျန်ဆီသို့ ကျရောက် လာလေသည်။ ထိုသွေးမျှင်စလေးမှာ ရှောင်းစစ်ယိ သတ်ဖြတ်မှုကို ခံရသည့် လူသားအားလုံး၏ ဒေါသတရားများ ပေါင်းစည်းထားသည့် သွေးမျှင်စလေး ဖြစ်လေသည်။ ရုတ်တရက် ဆန်းလျန် နှလုံးသားထဲတွင် တင်းကြပ်မှု တစ်ခုကို ခံစားလိုက်ရလေသည်။ သို့သော် အဘယ်ကြောင့် ထိုသို့ ဖြစ်ရသည်ကို ဆန်းလျန် နားမလည်ပါ။
သူ့လက်ထဲတွင် ကိုင်ထားသည့် သွေးဓားကို ဆန်းလျန် စိုက်ကြည့်နေမိသည်။ ထိုဓားသည် မရေမတွက်နိုင်သည့် ကျင့်ကြံသူများ၊ နတ်မိစ္ဆာများ၏ သွေးများကို သောက်သုံးထားသည့် ဓားတစ်လက် ဖြစ်လေသည်။ ထိုဓားမှ ထွက်ပေါ်လာသည့် ဝိညာဉ်စွမ်းအား အရှိန်အဟုန်များကို ဆန်းလျန် ခံစားနေရလေသည်။
ထိုဓားက ဆန်းလျန်ကို ရင်းနှီးနေသည့် အလားပင်။
အချို့သော သူများက ကျင့်စဉ်လမ်းကို လျှောက်လှမ်းရာတွင် ကောင်းခြင်းဆိုးခြင်း ဟူ၍မရှိ။ ကောင်းခြင်းဆိုးခြင်း ဆိုသည်မှာ လူအပေါ်တွင်သာ မူတည်သည်ဟု ဆိုကြလေသည်။ သို့သော် ကျင့်ကြံသူ တစ်ယောက်သည် “သွေးဓား” ကဲ့သို့သော ဓားမျိုးကို အသုံးပြုရန် မသင့်ပေ။
သို့သော် ဆန်းလျန်ကတော့ မကောင်းသူများ၏ လက်ထဲသို့ သွေးဓား ကျရောက်သွားမည်ကို စိုးရိမ်နေမိသည်။ ထိုဓားအတွက် သူ အစီအစဉ်တစ်ခု ပြုလုပ်ရမည် ဖြစ်လေသည်။
သွေးဓားထဲတွင် ရှောင်းစစ်ယိ၏ စွမ်းအားများနှင့် သွေးများ ပါဝင်နေသည့်အတွက် ထိုဓားကို တာအိုကျောင်းတော် အတွင်းမှ “ယွမ်” ဆိုသည့် စာလုံးကို ဆက်ကပ်ပူဇော်ရန် ဆန်းလျန် ဆုံးဖြတ်ချက် ချလိုက်လေတော့သည်။
***