Switch Mode

အခန်း (၁၅၃)

ညအမှောင်တွင်မွှေနှောက်နေသည့်ဓားသွား

ဆန်းလျန် “ယွမ်” ဆိုသည့် စာလုံးကို စူးစိုက် ကြည့်နေလေသည်။ စုတ်ချက်တိုင်းက တိကျ ပြတ်သားသော ဓားဝိညာဉ်အဖြစ် အသွင်ပြောင်းလဲ သွားသည်။ မရှိမှု လောကထဲတွင် “ယွမ်” ဆိုသည့် စာလုံးနှင့် ဆန်းလျန် နှစ်ယောက်တည်းသာ ရှိလေသည်။ အံ့သြစရာ ဓားဝိညာဉ်သည် နေ၊ လနှင့် ကြယ်များကို အပိုင်းပိုင်း ဖြတ်တောက်ပစ်လိုက် လေသည်။ ဓားချက်များမှ ဓားသွားရာ လမ်းကြောင်းများကို တွေ့မြင်နိုင်လေသည်။

ထိုခံစားချက်က သူ့ရင်ကို ထိရှစေသည်။ သူသာ ဓားဝိညာဉ်၏ သခင်ဖြစ်လျှင် လောကတွင် မည်သည့် အရာကိုမှ ကြောက်စရာ မလိုတော့ပေ။ သူ့ကို တားဆီးနိုင်မည့် သူလည်း ရှိနိုင်မည် မဟုတ်တော့ပေ။

သို့သော် ထိုဓားဝိညာဉ်များမှာ ပုံရိပ်ယောင် သက်သက်မျှသာ ဖြစ်လေသည်။ ဆန်းလျန်က သူ့အတွေးများကို အာရုံစိုက်လိုက်ပြီး ခံစားချက်များကို မေ့ဖျောက် ပစ်လိုက်သည်။

ညက မှောင်မိုက်နေပြီး နှင်းများက ထူထပ်စွာ ကျနေလေသည်။ အစိမ်းရောင် ငှက်မိစ္ဆာလေးမှာ အခန်းထောင့် တစ်ထောင့်တွင် အော်ဟစ်နေသည်။ သူ၏နောက်တွင် အစာထည့်ထားသည့် ဗန်းလေးတစ်ခု ရှိလေသည်။ ထိုငှက်လေးဘေးတွင် စာငှက်ငယ်လေးက သက်တော်စောင့်ပမာ ဟိုကြည့် ဒီကြည့်ဖြင့် စောင့်ရှောက် ပေးနေလေသည်။

ဆန်းလျန် အခန်းထဲသို့ ဝင်လာသည့် အခါတွင်တော့ ငှက်မိစ္ဆာလေးက ခင်မင်သည့် အမူအရာဖြင့် ပွတ်သီးပွတ်သပ် လာလုပ်လေသည်။

ဆန်းလျန်က ခေါင်းကို တစ်ချက် ခါယမ်းလိုက်ရင်း …

“မင်းကို နေ့တိုင်း အစာကျွေးနေတာပဲလေ။ ဘယ်လိုကြောင့် လောဘတကြီးနဲ့ စားချင်သောက်ချင် ဖြစ်နေရတာလဲ”

ဆန်းလျန် စကားကြောင့် ငှက်မိစ္ဆာလေးက စိတ်ပျက်လက်ပျက် အော်ဟစ်လိုက်လေသည်။

သို့သော် ဆန်းလျန်က သူ့လက်ချောင်း လေးများဖြင့် ငှက်မိစ္ဆာလေးကို အသာထိတွေ့ကာ ဆော့ကစား နေလိုက်လေသည်။ ဆန်းလျန်၏ အပြုအမူကို ငှက်မိစ္ဆာလေးမှာ အတော်ပင် မကျေမနပ် ဖြစ်နေတော့သည်။ ထို့ကြောင့် ထူးခြားသည့် စွမ်းအားတစ်ခုကို ထုတ်လွှတ်လိုက်ပြီး သူ့အတောင်များကို တဖျတ်ဖျတ်ခတ်ကာ မျက်စိတစ်မှိတ်အတွင်းမှာပင် ဆန့်ကျင်ဘက် အရပ်ရှိ ခေါင်မိုးပေါ်သို့ ပျံသန်း သွားလေတော့သည်။

ငှက်လေး ပျံသန်းသွားသည်မှာ လျင်မြန် လွန်းသောကြောင့် ဆန်းလျန် အံ့သြသွားရလေသည်။

ထိုငှက်ကလေးမှာ ယခုအချိန်တွင် အလွန်မှ သေးငယ်ပြီး အားနည်းနေသေးသည်။ ထိုငှက်လေး ကြီးထွားလာပြီး အသွင်ပြောင်းမိုးကြိုး အပစ်ခံကာ လူသားအသွင် ဖန်ဆင်းနိုင်ပါက လောကနတ်ဘုရား တစ်ပါးပင် လိုက်မမီ နိုင်လောက်အောင် လျင်မြန်သည့် စွမ်းအားကို ပိုင်ဆိုင်နိုင်မည် ဖြစ်လေသည်။

အမှန်တော့ ထိုငှက်ကလေးမှာ လောကနတ်ဘုရား တစ်ပါးကဲ့သို့ အစွမ်းထက်လှသည့် ခေါင်းကိုးလုံးမင်းကြီး၏ လက်မှ ထွက်ပြေးလွတ်မြောက် လာသည့် အစိမ်းရောင် မိန်းကလေး ဖြစ်ကြောင်း ဆန်းလျန်က သိရှိခြင်း မရှိပါ။

ကျင့်စဉ်လမ်း အဆင့်ကိုးဆင့်လုံး အောင်မြင်ပြီးမှသာ အကြောင်းအရာများ အားလုံးကို သိမြင်နိုင်သည့် အသိဉာဏ်ကို ပိုင်ဆိုင်နိုင်မည် ဖြစ်လေသည်။

ဆန်းလျန်က ငှက်ငယ်လေးဖြင့် ကစားနေရသည်ကို ပျော်ရွှင်နေပြီး သိပ်မကြာခင် သူ့ကို လာသတ်တော့မည့် ရန်သူကိုပင် မေ့လျော့နေမိသည်။

သူက နတ်မိစ္ဆာ ငှက်ငယ်လေးကို ချန်းမော့ဟု နာမည်ပေးထားပြီး စာငှက်ငယ်လေးကိုတော့ ရှောင်ရွှင်ဟု နာမည် ပေးထားလေသည်။

ချမ်းမော့၏အဓိပ္ပာယ်မှာ “လမ်းငယ်လေး” အဓိပ္ပာယ်ရပြီး တောင်ကြောလမ်းများ ဘေးမှ ရခဲ့သည့် ငှက်လေး ဖြစ်သည့်အတွက် ထိုသို့ အမည်ပေးထားခြင်း ဖြစ်လေသည်။ ရှေးဟောင်း ကျမ်းစာများတွင် “ချမ်း” ၏ အဓိပ္ပာယ်မှာ “နေရာ” ဟု အဓိပ္ပာယ်ရပြီး “လျှောက်လှမ်းခြင်း” ဟူ၍လည်း အဓိပ္ပာယ်ရလေသည်။ “ပိုင်” ဆိုသည့် စာလုံးမှ ခွဲထွက်လာသည့် “မော့” ဆိုသည့် စာလုံး၏ အဓိပ္ပာယ်မှာ “အချိန်” ဟု အဓိပ္ပာယ်ရလေသည်။ နေထွက်သည့် အချိန်မှ နေဝင်သည့် အချိန်ထိ တစ်နေ့တာ အချိန်ဆိုသည့် သဘောမျိုး ဖြစ်လေသည်။

ထို့ကြောင့် ချမ်းနှင့်ပိုင် ဆိုသည့် စာလုံးကို ပေါင်းစည်းမိပါက စကြဝဠာထဲမှ “အချိန်နှင့်နေရာ” ဆိုသည့် အဓိပ္ပာယ်မျိုးလည်း သက်ရောက်လေသည်။ ထို့ကြောင့် “ချမ်းမော့” ဆိုသည့် အမည်လေးမှာ များစွာအဓိပ္ပာယ် ပြည့်ဝသည့် အမည်လေး ဖြစ်လေသည်။

ထိုက်ရွှီးတန်ခိုး စွမ်းအားများမှာ စကြဝဠာ ဖြစ်တည်မှုနှင့် ခွဲခြား၍ မရပေ။ ထို့ပြင် ချမ်းမော့က ထိုထိုက်ရွှီးတန်ခိုး စွမ်းအားများကို စုပ်ယူနိုင်စွမ်း ရှိလေသည်။ ထို့ကြောင့် ချမ်းမော့နှင့် စကြဝဠာကြီး ကြားတွင် ဆန်းလျန် မသိနိုင်သည့် ဆက်သွယ်မှု တစ်ခုခု ရှိနေနိုင်လေသည်။

စာငှက်ငယ်လေး၏ နာမည်ဖြစ်သည့် ရှောင်ရွှင်ကတော့ သာမန် နာမည်လေး တစ်ခုမျှသာ ဖြစ်သည်။ သူ၏ အဓိပ္ပာယ်မှာ “ချမ်းမော့ကို ရှာတွေ့သူ” ဟု အဓိပ္ပာယ်ရလေသည်။

ရှောင်ရွှင်မှာ သာမန် ငှက်ငယ်လေး တစ်ကောင်မျှသာ ဖြစ်လေသည်။ သူက ဆန်းလျန်ကြောင့် ဝိညာဉ်စွမ်းအားများ ရရှိလာပြီး ချမ်းမော့ကြောင့်သာ ဘဝ၏ အဓိပ္ပာယ်ကို ရှာတွေ့ခဲ့သူ ဖြစ်လေသည်။

ဆန်းလျန် တစ်ယောက်သာလျှင် ထိုငှက်လေး နှစ်ကောင်ကို အသွင်ပြောင်းရန် စိတ်ရှည်လက်ရှည်ဖြင့် ကူညီပေးနိုင် လေသည်။ ထိုငှက်လေးများကို ကြမ်းကြုတ်သည့် မိစ္ဆာများ ဖြစ်လာရန်တော့ ဆန်းလျန် မျှော်လင့်ထားခြင်း မရှိပေ။

အချိန်က အကုန်မြန်လွန်းလေသည်။

ဟိုလှည့် ဒီလှည့်နှင့်ပင် သုံးရက်ဆိုသည့် အချိန်က ကုန်ဆုံးသွားလေသည်။

ယနေ့ည …

လခြမ်းကွေးလေးက ကောင်းကင်ထက်တွင် ဓားကွေးလေး ပမာသာ နေလေသည်။ သေစေခြင်း ကျောင်းတော် တံခါးဝမှာ ဖွင့်ထားလေသည်။

လရောင်သည် နှင်းများပေါ်သို့ ဖြာကျနေသည်။ သို့သော် ချန်ကျန့်မေနှင့် ပေါင်ကွမ်းဆရာတော် ယှဉ်ပြိုင် တိုက်ခိုက်ခဲ့သည့် နေ့က သာနေသည့် လရောင်ပုံစံမျိုးတော့ မဟုတ်ပါ။ အဘယ်ကြောင့် ဆိုသော် ထိုနေ့က လပြည့်ည ဖြစ်ပြီး ယနေ့ညကတော့ လခြမ်းကွေးလေးသာ သာသည့်ည ဖြစ်လေသည်။

ထို့ပြင် ချန်ကျန့်မေမှာ ဟိုင်သန်းအဆင့် အောင်မြင်ပြီးသည့် ဆရာသခင်တစ်ပါး ဖြစ်ပြီး ဆန်းလျန်မှာတော့ ဟိုင်သန်းအဆင့် တက်ရောက်နိုင်ခြင်း မရှိသေးပေ။

တိုက်ပွဲနှစ်ခု၏ အခြေအနေက တူညီခြင်း မရှိပါ။

အမှန်တော့ ထိုလူထူးလူဆန်းက သူ့ကို တိုက်ခိုက်ချင်ရသည့် အကြောင်းအရင်းကိုပင် ဆန်းလျန် မသိပါ။ အတိတ်က ရန်ကြွေးများကြောင့် လက်စားချေလိုခြင်း ဖြစ်နိုင်လေသည်။

လရောင်မှာ ပြတင်းတံခါးမှ တစ်ဆင့် ကျောင်းတော်အတွင်းသို့ ဝင်ရောက်နေလေသည်။

ချမ်းမော့နှင့် ရှောင်ရွှင်တို့ နှစ်ကောင်မှာ ခန်းမထဲတွင် အသိုက်တစ်ခု ဆောက်ထားကြလေသည်။ သို့သော် သူတို့က ဝိညာဉ်စွမ်းအားရှိသည့် သတ္တဝါလေးများ ဖြစ်သည့်အတွက် နေရာတစ်ခုလုံး ရှုပ်ပွနေအောင် မည်သည့်အခါမှ မလုပ်ပေ။ ထို့ကြောင့် ခန်းမမှာ ပုံမှန်အတိုင်း သန့်ရှင်းသပ်ရပ်နေမြဲ ဖြစ်လေသည်။

“ယွမ်” ဆိုသည့် စာလုံးမှာလည်း ပုံမှန်အတိုင်းပင် ချိတ်ဆွဲထားမြဲ ဖြစ်လေသည်။

တာအို ကျောင်းတော်ထဲတွင် မီးအိမ်တစ်ခု ထွန်းညှိ ထားလေသည်။ ခန်းမတွင်းသို့ ဝင်ရောက်နေသည့် လရောင်မှာ ထိုမီးအိမ်လောက် ထွန်းလင်းခြင်း မရှိပေ။ လေကလည်း ငြိမ်သက် နေလေသည်။ ထို့ကြောင့် မီးအိမ်ကလည်း ငြိမ်သက်နေလေသည်။

ရုတ်တရက် …

လရောင်မှာ မှောင်မိုက် သွားလေသည်။ အဘယ်ကြောင့်ဆိုသော် အနီရောင် တိမ်တိုက်တစ်ခု ဖြတ်သန်း သွားသောကြောင့် ဖြစ်လေသည်။ ထိုတိမ်တိုက်ဆီမှ မိစ္ဆာစိတ်ရိုင်း စွမ်းအားများ စိမ့်ထွက် နေလေသည်။ ထိုတိမ်တိုက်က ကောင်းကင်ထက်တွင် ဝေ့၀ဲနေပြီး အောက်သို့ ဆင်းသက်လာခြင်း မရှိပါ။ ထိုတိမ်တိုက်ဆီမှ အလွန်ကြီးမားသော ဝိညာဉ်စွမ်းအားများက ခန်းမအတွင်းရှိ မီးတောက်ဆီသို့ လာရောက်ရိုက်ခတ် နေလေသည်။

ရှောင်ရွှင်မှာ ကြောက်ရွံ့တုန်လှုပ် နေလေသည်။ ချမ်းမော့ကတော့ ဟိုကြည့်ဒီကြည့်ဖြင့် စူးစမ်း နေလေသည်။

ထိုလူထူးလူဆန်းမှာ သေစေခြင်း ကျောင်းတော်ထဲသို့ ဝင်လာမည်လား။ သို့မဟုတ် ကောင်းကင်ပေါ်တွင်သာ တိုက်ခိုက်တော့မည်လား။

သို့သော် …

ဆန်းလျန်က လေကဲ့သို့ လွင့်မျောသွားပြီး ကောင်းကင်ထက်သို့ ပျံတက်သွားပြီ ဖြစ်လေသည်။ သူ့ခြေထောက် အောက်တွင် မြူများ ဆိုင်းနေလေသည်။ ထိုက်ရွှီးတန်ခိုး စွမ်းအားမှ ကောင်းကင်နှင့် ရေကို အသုံးပြုထားခြင်း ဖြစ်လေသည်။ ထို့ကြောင့် သူက ကောင်းကင်ထက်တွင် လေကိုစီးပြီး ရပ်တည် နေနိုင်ခြင်း ဖြစ်လေသည်။

ဆန်းလျန်မှာ သန့်ရှင်းသည့် တာအိုဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့ပုံစံမှာ ရှင်းသန့်နေသည့် ဆယ်ကျော်သက် လူငယ်လေး တစ်ယောက်နှင့်ပင် တူလေသည်။ ကျော်ကြားသည့် ပန်းချီဆရာ တစ်ယောက်ကသာ နတ်ဘုရားများ အကြောင်း ပန်းချီရေးဆွဲမည် ဆိုလျှင် ဆန်းလျန်၏ ခမ်းနားမှုကို ရေးဆွဲလိမ့်မည် ဖြစ်လေသည်။

ဆန်းလျန်၏ ပြိုင်ဘက်မှာ အနီရောင် တိမ်တိုက်တစ်ခုပေါ်တွင် ထိုင်နေပြီး သူ့ပုံစံက သာမန်ပင် ဖြစ်လေသည်။ သူ၏ အသားအရေက အဝါရောင် ကျောက်စိမ်းကဲ့သို့ ကြည်လင်နေပြီး သွေးနီရောင် ဝတ်ရုံကို ဝတ်ဆင်ထားလေသည်။

ဆန်းလျန်က ထို လူထူးလူဆန်းကို စိုက်ကြည့်လိုက်ရင်း …

“မင်းကို သိနေတာတော့ ကြာပါပြီ။ ဒါပေမယ့် မင်းရဲ့ နာမည်ကိုတော့ ကျုပ် မသိရသေးဘူး”

ဆန်းလျန်က ပြောလိုက်လေသည်။

“ရှောင်းစစ်ယိ”

လူထူးလူဆန်းက ပြန်ဖြေလိုက်လေသည်။ သူ၏ အသံတွင် မုန်းတီးမှုများဖြင့် ပြည့်နှက် နေလေသည်။

“ရှောင်း” ဆိုသည့် မျိုးရိုးနာမည်ကို ကြားလိုက်ရသည်နှင့် ဆန်းလျန် အတွေးများ လေးနက် သွားရသည်။ သူက လူထူးလူဆန်း၏ မျက်နှာကို သေချာ စိုက်ကြည့်လိုက်လေသည်။ ထိုသူ၏ နှုတ်ခမ်းနှင့် နှာခေါင်းပုံစံက လူတစ်ယောက်ကို သတိရမိစေသည်။

“ရှောင်းကျူ”

လွန်ခဲ့သည့် နှစ်ပေါင်းများစွာက မရည်ရွယ်ပါဘဲ သူ့လက်ဖြင့် သတ်ခဲ့မိသူ “ရှောင်းကျူ” ….

ဆန်းလျန် သူ့ခေါင်းထဲမှ မေ့ပျောက်နေသည့် အကြောင်းအရာများကို ပြန်စဉ်းစား ကြည့်နေမိလေသည်။ နောက်ဆုံးတော့ ချင်းရွှမ်တွင် သူနှင့် ဆုံတွေ့ခဲ့သည့် လူတစ်ယောက်ကို သတိရလိုက် မိသည်။ ချင်းရွှမ်နတ်တံခါး မဖွင့်မီ တောင်ပင်လယ် ဖေးရှန်းနတ်ဘုရား ကျွန်းစွယ်ရှိ ရှောင်းအိမ်တော်မှ လူတစ်ယောက်ကို သိုင်းပညာ ဖျက်ဆီးပစ်ခဲ့ ဖူးလေသည်။ သို့သော် တောင်ပင်လယ် ဖေးရှန်းနတ်ဘုရား ကျွန်းစွယ်မှ လူအားလုံး အသတ် ခံလိုက်ရပြီဟု သူက သိထားခြင်း ဖြစ်သည်။

ထို့ကြောင့် သူ့ရှေ့မှ လူမှာလည်း အစကတည်းကပင် သေဆုံးသွားခဲ့ပြီဟု ဆန်းလျန် တွေးထားခဲ့မိလေသည်။ ထိုသူကို ယနေ့ပြန်လည် ဆုံတွေ့ရလိမ့်မည်ဟု ဆန်းလျန် ထင်မထားမိပေ။ ထိုသူမှာ အရင်ကနှင့် လုံးဝ မတူတော့ဘဲ ပြောင်းလဲ သွားခဲ့လေပြီ။ ဆန်းလျန်က ထိုသူ၏ လက်ထဲမှ အနက်ရောင်ဓားကို သေသေချာချာ ကြည့်လိုက်သည်။ ထိုဓားတွင် မိစ္ဆာစိတ်ရိုင်း စွမ်းအားများ ဖုံးလွှမ်း နေလေသည်။

တောင်ပင်လယ် ဖေးရှန်းနတ်ဘုရား ကျွန်းမှ ပြန်လာပြီး နောက်ပိုင်း ဆရာသခင် ကျန်းရော့ရွှီးနှင့် ပြောခဲ့သည့် စကားများကို ဆန်းလျန် သေသေချာချာ ပြန်စဉ်းစား ကြည့်နေမိသည်။ ဖေးရှန်းနတ်ဘုရား ကျွန်းစွယ်မှ လူများအားလုံးကို “သွေးဓားကျင့်စဉ်” ကျင့်ကြံထားသည့် ကျင့်ကြံသူ တစ်ယောက်က သတ်ပစ်ခဲ့ခြင်းပင် ဖြစ်လေသည်။ အဖြစ်အပျက်များ အားလုံး သူ့ခေါင်းထဲတွင် အစီအစဉ်တကျ ပေါ်လာသည်။

“လက်စသတ်တော့ သွေးဓားကျင့်စဉ်ကို ကျင့်ကြံခဲ့တဲ့သူ ဆိုတာ မင်းပဲကိုး။ ကျုပ်က ရှောင်းအိမ်တော်ကလူ ဖြစ်လိမ့်မယ်လို့ ထင်မထားမိဘူး။ အခု မင်း ကျုပ်ကို လာရှာတာ မင်းအတွက် လက်စားချေဖို့လား။ ဖေးရှန်းနတ်ဘုရား ကျွန်းစွယ်က လူတွေအတွက် လက်စားချေဖို့လား”

ဆန်းလျန်က မေးလိုက်လေသည်။

“ကျုပ်အတွက် လက်စားချေဖို့ လာတာပါ။ ကျန်တဲ့ကိစ္စတွေ အတွက်တော့ ကျုပ်လည်း စိတ်မကောင်းပါဘူး”

ရှောင်းစစ်ယိက ပွင့်ပွင့်လင်းလင်းပင် ဖြေလိုက်လေသည်။

ထိုအဖြေ စကားကြောင့်ပင် ထိုသူမှာ ပုံမှန် မဟုတ်တော့မှန်း ဆန်းလျန် ရိပ်မိလိုက်သည်။ ယနေ့ညတော့ ထိုသူကို အသက်ရှင်ခွင့် မပေးနိုင်တော့ပေ။

ဆန်းလျန်က လူသတ်လိုစိတ် မရှိပါ။ လက်စား ချေရသည်ကိုလည်း သဘောကျသည့်သူ မဟုတ်ပါ။ သို့သော် ယခု သူ့ရှေ့တွင် ရင်ဆိုင်နေရသည့် လူမှာ လူတစ်ယောက်ဟု ပြောရန် မသင့်တော်သည့် လူတစ်ယောက် ဖြစ်နေလေသည်။

ထိုသူက ခံစားချက် ကင်းမဲ့စွာဖြင့် မိမိ၏မျိုးနွယ် တစ်ခုလုံးကိုပင် လူမဆန်စွာ သတ်ဖြတ် ပစ်ခဲ့သည့် လူတစ်ယောက် ဖြစ်လေသည်။ ထိုသို့သော လူမျိုးများက လူ့ကျင့်ဝတ်ကို စောင့်ထိန်းခြင်း မရှိသလို လောကတွင် သူတို့ သတ်ချင်သည် ဆိုလျှင် စိတ်တိုင်းကျ သတ်ဖြတ်မည့် လူများဖြစ်သည်။

ဆန်းလျန်က ထိုသို့သော လူများကို မဝေဖန်လိုပါ။ သို့သော် … ထိုသို့သော လူမျိုးများ သူ့ရှေ့သို့ ရောက်လာပါကလည်း အလွတ်ပေးမည် မဟုတ်ပါ။ ထိုသို့သော လူမဆန်သည့် လူမျိုးကို သုတ်သင်ရန်အတွက် အကြောင်းပြချက် ပေးနေဖို့ပင် မလိုပေ။

ထိုသူကို သုတ်သင်ရှင်းလင်း နိုင်မှသာ လောကအတွက် စိတ်အေးရမည် ဖြစ်လေသည်။

ထိုက်ရွှီးတန်ခိုး စွမ်းအားများက ဆန်းလျန်၏ ကိုယ်ထဲတွင် ငြိမ်သက်နေပြီး သူ၏ မျက်ဝန်းများက ကြယ်စင်များအလား တောက်ပနေလေသည်။ သူ့ပုံစံက ထူးဆန်းနေသလို စွဲဆောင်မှုလည်း ရှိနေလေသည်။

ရှောင်းစစ်ယိက တိုက်ခိုက်မှုကို စတင် ပြုလုပ်လိုက်သည်။

သူ့လက်ထဲတွင် ကိုင်ထားသည့် အနက်ရောင်ဓားမှ အေးစိမ့်သည့် အငွေ့အသက်များ ထွက်ပေါ်နေလေသည်။

သူ့ခြေထောက်အောက်မှ အနီရောင် တိမ်တိုက်က ရွေ့လျားလာပြီး ဆန်းလျန်ကို စတင်တိုက်ခိုက် လိုက်သည်။ သူ၏ အနက်ရောင် ဓားသွားမှ နာကျင်ခံစားရသည့် အော်ညည်းသံများ ထွက်ပေါ်လာပြီး ထိုအော်သံများမှာ သူသတ်ဖြတ်ခဲ့သည့် ဝိညာဉ်များ၏ ဒေါသတကြီး အော်ဟစ်သံများ ဖြစ်လေသည်။ ထိုဝိညာဉ်များမှာ သေဆုံးသွားသည့် တိုင်အောင် စွန့်ပစ်ခံဝိညာဉ်များ ဖြစ်သည့်အတွက် ထာဝရ ဒုက္ခဝေဒနာများ ကြားထဲတွင် ပိတ်မိ နေကြလေသည်။

ဆန်းလျန်၏ ခြေထောက်အောက်မှ မြူခိုးများမှာ ဓားသွား တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ထိုမြူခိုး ဓားသွားက အနီရောင်တိမ်တိုက်ကို တစ်စစီ ထိုးခွဲ ပစ်လိုက်သည်။ အနီရောင်တိမ်တိုက် အပိုင်းအစများမှာ ဆန်းလျန်၏ သန့်စင်သည့် တာအို ဝတ်ရုံဆီသို့ အရှိန်ဖြင့် ဝင်ရောက် လာလေသည်။

ထိုတိမ်တိုက် အပိုင်းအစများနှင့် ထိခိုက်မိသည်နှင့် ဆန်းလျန် ခန္ဓာကိုယ်မှ မီးတောက်များ ထွက်ပေါ် လာလေသည်။ ရှေးဟောင်း မီးနတ်ဘုရား တစ်ပါးကဲ့သို့ ဆန်းလျန်၏ ခန္ဓာကိုယ်မှာ လောင်ကျွမ်း နေလေသည်။

ဆန်းလျန်က ထိုက်ရွှီးတန်ခိုး စွမ်းအားများကို စိတ်စွမ်းအားဖြင့် ထိန်းချုပ်နိုင်လေသည်။

သူ၏ ဝိညာဉ်စွမ်းအားမှာလည်း ဝိညာဉ်မြစ်ရေ ထဲတွင် အကြိမ်ပေါင်းများစွာ လေ့ကျင့် ထားသည့်အတွက် အလွန် စွမ်းအားကြီးသည့် ဝိညာဉ်စွမ်းအား ဖြစ်လေသည်။

ဆန်းလျန်ကိုယ်မှ ထွက်ပေါ်နေသည့် မီးတောက်မှာ သာမန် မီးတောက်တစ်ခု မဟုတ်ပါ။ ထိုက်ရွှီးတန်ခိုး စွမ်းအားများကို ဝိညာဉ်စွမ်းအားဖြင့် ထိန်းချုပ်ထားသည့် မီးတောက် ဖြစ်လေသည်။

နာကျင်ဒေါသ ထွက်နေသည့် ဝိညာဉ်များ၏ စွမ်းအားပေါင်းစည်းမှုက မည်မျှ ကြီးမားပါစေ ဆန်းလျန်၏ ဝိညာဉ်စွမ်းအားကို မယှဉ်နိုင်ပေ။

ရန်သူ၏ ဝိညာဉ်စွမ်းအားမှာ ဆန်းလျန်ကို ဒုက္ခရောက်အောင် တိုက်ခိုက်နိုင်ခြင်း မရှိပေ။

ဆန်းလျန် ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် မီးတောက်များက အနီရောင်တိမ်တိုက် အပိုင်းအစ များကို လောင်ကျွမ်းသွားပြီး ကောင်းကင်တစ်ခုလုံး ကြည်လင်သွားလေသည်။

ဓားတစ်လက်က ဆန်းလျန်ဆီသို့ တိုးဝင်လာသည်။

ည၏ အရောင်ကဲ့သို့ အနက်ရောင်ရှိသည့် ဓားတစ်လက် …

နက်ရှိုင်းလွန်းသည့် အနက်ရောင်ဓားသွား …

ဆန်းလျန်က မဲ့ပြုံးတစ်ချက် ပြုံးလိုက်သည်။

သူ၏ ခန္ဓာကိုယ်မှာ အဝါရောင် အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ထိုဓားချက်ကို လျင်မြန်စွာ ရှောင်တိမ်းလိုက်လေသည်။

သို့သော် အနက်ရောင်ဓားက အဝါရောင် အလင်းတန်းနောက်သို့ ထပ်ကြပ်မကွာ လိုက်ပါ တိုက်ခိုက်လေသည်။ သို့သော် ထိုဓားချက်များက အဝါရောင် အလင်းတန်းကို ထိခိုက်နိုင်ခြင်း မရှိပါ။

ဆန်းလျန်က မြေပြင်ထက်သို့ ဆင်းသက်လိုက်သည်။

ဆန်းလျန် မြေပြင်ပေါ်သို့ ခြေချမိသည်နှင့် တောင်တစ်ခုလုံး တုန်လှုပ်သွားသကဲ့သို့ ခံစားလိုက်ရ လေသည်။ သူ၏ပုံစံက တန်ခိုးစွမ်းအားများဖြင့် ပြည့်ဝနေဆဲဖြစ်ပြီး မျက်ဝန်းများက ကြယ်စင်အလား တလက်လက် တောက်ပနေဆဲပင်။ သူက ညအမှောင်တွင် မွှေနှောက်နေသည့် သွေးဓားကို အေးစက်စွာဖြင့် စိုက်ကြည့်နေလေသည်။

ရှောင်းစစ်ယိ၏ သွေးဓားမှာ ဆန်းလျန်၏ မျက်ခုံးနှစ်ခုကြား နေရာတည့်တည့်သို့ ဝင်ရောက် လာလေသည်။ ဆန်းလျန်ကို ထိမိရန် တစ်ပေခန့် အကွာသာ လိုတော့သည်။

ဆန်းလျန် အနည်းငယ် စိတ်လှုပ်ရှား သွားမိသည်။ အမြဲအေးဆေး တည်ငြိမ်ခဲ့သည့် ဆန်းလျန်မှာ ထိုသို့ စိတ်မလှုပ်ရှားသည်မှာ ကြာခဲ့ပြီ။

သူ့ဘဝအတွက် သေခြင်းနှင့် ယှဉ်ခြင်းကြား ရောက်ရှိသွားသည့် အချိန်တစ်ခဏ …

ဆန်းလျန် သူ့စိတ်ကို ငြိမ်အောင် ကြိုးစားလိုက်ပြီး လက်ညှိုးနှင့် လက်ခလယ်ကို အသုံးပြုပြီး တန်ခိုးစွမ်းအား တစ်ခုကို ဖော်ထုတ်လိုက်သည်။ သူ၏ လက်ချောင်းထိပ်မှ ရောင်စဉ်ရှစ်မျိုး ထွက်ပေါ်လာပြီး ထိုရောင်စဉ် ရှစ်မျိုးမှာ ဓားဝိညာဉ် ရှစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။ ဓားဝိညာဉ် ရောင်စဉ်ရှစ်မျိုးမှာ သန့်စင်နေပြီး ဝင်ရောက်လာသည့် သွေးဓားကို တားဆီး လိုက်လေတော့သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset