Switch Mode

အခန်း (၁၅၂)

အစိမ်းရောင်ငှက်ငယ်

တောင်တစ်ခုလုံး ဆီးနှင်းများ ဖုံးလွှမ်းနေသည့်အတွက် ငှက်များနှင့် တိရစ္ဆာန်များအတွက် အစာရေစာ ရှားပါးသည့် ကာလဖြစ်လေသည်။

သေစေခြင်းကျေင်းတော် အပြင်ဘက်တွင် ရပ်နေသည့် စာကလေး ငှက်လေးကို ဆန်းလျန်က ကယ်တင်လာခဲ့သည်။ ဆန်းလျန်က သူ၏ ဝိညာဉ်စွမ်းအားများကို ငှက်လေးဆီသို့ ပို့လွှတ် ပေးလိုက်သည်။ ငှက်လေး နေပြန် ကောင်းလာသည့်အခါ မမျှော်လင့်သည့် အဖြစ်အပျက် တစ်ခုကို ဆန်းလျန် ကြုံတွေ့လိုက်ရလေသည်။ ထိုငှက်လေးဆီမှ ဝိညာဉ်စွမ်းအားများ ထွက်ပေါ်နေခြင်းပင် ဖြစ်လေသည်။

ထိုငှက်လေးက တောင်ပတ်ဝန်းကျင်မှ အရသာရှိသည့် သစ်သီးများကို ဆန်းလျန် စားရန်အတွက် သေစေခြင်း ကျောင်းတော်သို့ သယ်ဆောင်လာလေ့ ရှိသည်။

သဘာဝတရားကြီးမှာ အံ့သြစရာ ကောင်းလေသည်။ တောင်တစ်ခုလုံး နှင်းများ ဖုံးလွှမ်းနေသည့်တိုင် ပန်းများ ပွင့်လန်းနေပြီး နွေးထွေးနေသည့် နေရာများလည်း ရှိနေသေးသည်။ ထိုသို့ ဖြစ်နေရခြင်းမှာ မြေပြင်မှ ယင်စွမ်းအားများစွာ ထုတ်လွှတ်ပေးထားပြီး အနွေးဓာတ် ရနေခြင်းကြောင့် ဖြစ်လေသည်။ ထိုသို့သော နေရာမှ သစ်သီးများကိုစားမိပါက ရုပ်ခန္ဓာကိုအားပြည့်စေပြီး အသက်ရှည်စေသည်။

ယနေ့တွင်တော့ ဝိညာဉ်စွမ်းအား ကောင်းသည့် ငှက်ငယ်လေးမှာ မည်သည့်သစ်သီးမှ သယ်ဆောင်လာခြင်း မရှိပါ။ သို့သော် ထိုငှက်လေးက ဆန်းလျန်ရှေ့တွင် လူးလာခေါက်တုံ့ ပျံသန်းနေလေသည်။ ထို့နောက် မြေပြင်ပေါ်သို့ ပြုတ်ကျကာ လှိမ့်နေပြီး နောက်ဆုံးတွင် သေဆုံးသွားသကဲ့သို့ ငြိမ်သက်သွားသည့်သဏ္ဌာန် လုပ်ပြလေသည်။

ဆန်းလျန်မှာ သတ္တဝါများ၏ စကားကို နားလည်နိုင်စွမ်း မရှိပါ။ သို့သော် ငှက်ငယ်လေးက မည်သည့်အကြောင်းကို ပြောပြရန် ကြိုးစားနေသည်လဲဟု ဆန်းလျန် စဉ်းစားနေမိသည်။ ထိုငှက်ငယ်လေး ပြောပြချင်နေသည်မှာ သူနှင့်မျိုးနွယ်တူ ငှက်တစ်ကောင်မှာ ဒဏ်ရာရနေပြီး နှင်းထဲတွင် သတိလစ် မေ့မျောနေသည်ဟု ဆိုလိုခြင်း ဖြစ်ဟန်တူလေသည်။ ငှက်ကလေးမှာ သူ၏ သူငယ်ချင်းကို ဆန်းလျန်က ကယ်တင်နိုင်မည်ဟု မျှော်လင့်နေပုံ ရသည်။

ဆန်းလျန်လည်း အားနေသည့်အတူတူ ငှက်ငယ်လေးကို ကူညီရန် ဆုံးဖြတ်လိုက်သည်။ သူက ထိုငှက်ငယ်လေးမှာ အလွန်မှ စိတ်ကောင်းနှလုံးကောင်း ရှိသည်ဟု တွေးလိုက်မိပြီး ထိုငှက်လေးမှာ နောင်တစ်ချိန်တွင် ကျင့်စဉ်လမ်းကို လျှောက်လှမ်းနိုင်လျှင် ကောင်းမည်ဟု တွေးနေမိလေသည်။

ငှက်ငယ်လေးမှာ ပျံသန်းနိုင်သော်လည်း အလွန်မြင့်မားသည့် နေရာများကိုတော့ ပျံသန်းနိုင်ခြင်း မရှိပေ။ ဆန်းလျန်က သူ့နောက် ပျံသန်းလိုက်ပါ သွားလေသည်။ သူတို့သွားရသည့် ခရီးမှာ ကျောက်ဆောင်နှင့် တောင်ကမ်းပါးများကို ဖြတ်ကျော်ရပြီး ရေခဲများ ဖုံးလွှမ်းနေသည့် တောင်ကြော တစ်လျှောက် ပျံသန်းသွားရခြင်း ဖြစ်လေသည်။ ခြေလျင်ခရီးသာ သွားမည်ဆိုပါက ကျိန်းသေ ချော်လဲမည် ဖြစ်လေသည်။

ဆန်းလျန်က ရေခဲနေသည့် တောင်ကြောတစ်လျှောက် ပျံသန်းသွားလေသည်။

ဆန်းလျန်က ထို့ထက်ပိုပြီး မြန်အောင်လည်း ပျံသန်းနိုင်လေသည်။ သို့သော် သူက ငှက်ငယ်လေး ခေါ်ဆောင်သည့်နောက်သို့ လိုက်ပါပျံသန်း နေရသည့်အတွက် ခပ်နှေးနှေးပင် ပျံသန်းနေရ လေသည်။

ရေခဲတမျှ အေးစက်သည့် လေက သူ၏ တာအိုဝတ်ရုံကို တိုက်ခတ် နေလေသည်။

ထို့နောက် ဆန်းလျန်က မြင့်မားသည့် တောင်ကမ်းပါးကြီး တစ်ခုအောက်သို့ ဆင်းသက်လိုက်ပြီး နှင်းတောထဲတွင် ရပ်တန့်လိုက်လေသည်။ ထိုနေရာတွင် ခြောက်သွေ့သည့် သစ်ရွက်များ၊ သစ်ကိုင်းများကို မွေ့ယာသဖွယ် ပြုလုပ်ထားသည့် နူးညံ့သည့် နေရာလေးတစ်ခု ရှိနေလေသည်။ ထိုနေရာလေးပေါ်တွင် အစိမ်းရောင် ငှက်လေးတစ်ကောင်ကို တွေ့ရလေသည်။

ဆန်းလျန်က ထိုနေရာကို ငေးစိုက် ကြည့်နေမိသည်။ ဆန်းလျန် ထင်ခဲ့မိသည်က စာငှက်ငယ်လေးသည် သူနှင့် မျိုးနွယ်တူ ငှက်လေးတစ်ကောင်ကို ကယ်တင်ခိုင်းခြင်း ဖြစ်သည်ဟု ထင်ခဲ့ မိလေသည်။ သို့သော် သူမြင်တွေ့ လိုက်ရသည်က လှပသည့် အစိမ်းရောင် ငှက်လေးတစ်ကောင် ဖြစ်ပြီး ဥဒေါင်းငှက်လေး တစ်ကောင်နှင့်ပင် ဆင်တူလေသည်။ ထိုငှက်လေး၏ အမွေးက ထူးခြားသည့် ပုံသဏ္ဌာန်ရှိပြီး ဆန်းလျန် မျက်စိထဲတွင် ရင်းနှီးနေသလို ဖြစ်နေလေသည်။

ဆန်းလျန် သေသေချာချာ စဉ်းစားကြည့်မိမှ ထိုငှက်မွေးလေးများ ပေါ်မှ ပုံသဏ္ဌာန်လေးများမှာ ချွေ့ဖိန်တောင်မှ အစိမ်းရောင်ဝတ် နတ်မိစ္ဆာဘုရင် မိန်းကလေး၏ ဝတ်ရုံနှင့် ဆင်တူနေလေသည်။

သို့သော် ယခု ငြိမ်သက်နေသည့် အစိမ်းရောင် ငှက်လေးမှာ လွန်စွာမှ အားနည်းနေပြီး ဝိညာဉ်စွမ်းအား များမှာလည်း လျော့နည်း နေလေသည်။ သို့တိုင်အောင် သူ၏စွမ်းအားက သူ့နားသို့ အခြားသော သားရဲများ မလာနိုင်အောင် ကာကွယ်ထားနိုင်သေးသည်။

စာကလေးငှက်လေးက ထိုအစိမ်းရောင် ငှက်လေးနားသို့ ပျံသန်းသွားလေသည်။ ထို့နောက် တကျီကျီဖြင့် အော်ဟစ် နေလေတော့သည်။ စာငှက်ငယ်လေး၏ အော်သံကြောင့် ငြိမ်သက်နေသည့် အစိမ်းရောင် ငှက်လေးက ခေါင်းထောင် ကြည့်လိုက်လေသည်။ ထိုငှက်လေးသည် ဆန်းလျန်ကို တွေ့သည်နှင့် ဗလာကျင်းသည့် အကြည့်တစ်စုံဖြင့် ငေးကြည့်နေလေသည်။ သူ၏ အကြည့်မှာ ဝိညာဉ်ကင်းမဲ့ နေသကဲ့သို့ပင်။

ဆန်းလျန်က ထိုငှက်လေး အနားသို့ တိုးကပ် သွားလိုက်သည်နှင့် ထိုငှက်လေး၏ အကြည့်များက ပြန်လည် အသက်ဝင်လာလေသည်။ ငှက်လေး၏ မျက်ဝန်းထဲတွင် မတူညီသည့် ရောင်စဉ်ငါးခုကို တွေ့မြင် နိုင်လေသည်။ ထိုမျက်ဝန်းများကို ဆုံတွေ့လိုက်သည်နှင့် ထူးဆန်းသည့် ခံစားချက် တစ်ခုကို ဆန်းလျန် ခံစားလိုက်ရသည်။ သူ့ထံမှ ထိုက်ရွှီးတန်ခိုး စွမ်းအားများသည် အလိုလို စီးဆင်း ထွက်ပေါ်လာလေသည်။ စွမ်းအားပမာဏမှာ နည်းပါးသည့်အတွက် မြစ်တစ်စင်းဆီမှ ခွဲဖြာ စီးဆင်းသွားသည့် စမ်းချောင်းလေး တစ်ခုအလား ဖြစ်လေသည်။

ထိုမျှလောက်သော စွမ်းအားလေးများ စီးထွက်သွားခြင်းမှာ ဆန်းလျန်အတွက် အရေး မကြီးလှပါ။ သို့သော် အစိမ်းရောင်ငှက်လေးမှာတော့ ပြန်လည် တောက်ပလာလေသည်။

သူ၏ ထိုက်ရွှီးစွမ်းအားများကို ဤမျှလောက် လွယ်လွယ်ကူကူ စုပ်ယူနိုင်သည့် သက်ရှိ သတ္တဝါမျိုးကို ဆန်းလျန် ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ ထိုက်ရွှီးစွမ်းအား ထိခိုက်မိသူ အများစုမှာ ထိုစွမ်းအား၏ ဒဏ်ကို ခံနိုင်ရည်ရှိသူ မရှိသလောက်ပင်။ ထိုက်ရွှီးတန်ခိုး စွမ်းအားများ၏ ဘက်မညီမှုများကို မည်သူမျှ မခံနိုင်ကြပေ။

ထိုထိုက်ရွှီး တန်ခိုးစွမ်းအားများ ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်သွားသည်နှင့် အတွင်းအားနှင့်အတူ ပေါင်းစပ်သွားကာ ခန္ဓာကိုယ်ထဲတွင် အမြစ်တွယ်နေမည် ဖြစ်လေသည်။ ထိုသို့ ဖြစ်ပါက သေသည်ထက် ဆိုးသည့် ဒုက္ခကို ခံစားရမည် ဖြစ်လေသည်။ ဆန်းလျန်ပင်လျှင် ထိုက်ရွှီးနည်းဗျူဟာ ပထမအဆင့် မအောင်မြင်သေးသည့် ကာလတွင် ထိုကဲ့သို့ နာကျင်ခံစားခဲ့ရ ဖူးလေသည်။

သို့သော် ငှက်ငယ်လေးကိုတော့ ထိုစွမ်းအားများက ကယ်တင် လိုက်နိုင်လေသည်။

ငှက်ငယ်လေးသည် ဆန်းလျန်၏ ထိုက်ရွှီးတန်ခိုး စွမ်းအားများကို စုပ်ယူပြီး ပြန်လည်သန်စွမ်း လာပြီး ဆန်းလျန်၏ လက်ပေါ်သို့ ခုန်တက်လိုက်ကာ ဆန်းလျန်ကို ချစ်ခင် နှစ်သက်စွာဖြင့် ကြည့်နေ လေသည်။ ကလေးငယ်များက သူတို့၏ မိဘများကို တွယ်တွယ်တာတာနှင့် ကြည့်နေသည့် အကြည့်မျိုး ဖြစ်လေသည်။

ဆန်းလျန်၏ ထိုက်ရွှီးတန်ခိုး စွမ်းအားများမှာ ထိုငှက်လေးကို ကောင်းကောင်းအကျိုး ပြုနေသည်မှာ ထင်ရှားလေသည်။

ထို့ကြောင့် ဆန်းလျန်မှာ ငှက်လေးကို မစွန့်ပစ် ထားရက်တော့ပေ။ ထို့ပြင် သူက တိရစ္ဆာန်များ၏ ကျင့်စဉ်လမ်းများကိုလည်း စိတ်ဝင်စား လာမိလေသည်။ ဆန်းလျန်နှင့် ရင်းနှီးပြီးသား စာကလေး ငှက်လေးမှာ ဝိညာဉ်စွမ်းအား ရှိနေသည့်တိုင် ကျင့်စဉ်လမ်းနှင့်တော့ အလှမ်းဝေးသေးသည်။ သို့သော် ယခု အစိမ်းရောင် ငှက်လေးကတော့ နတ်မိစ္ဆာတစ်ပါး ဖြစ်လာနိုင်သည်အထိ ဝိညာဉ်စွမ်းအား ကြီးမားပြီး သူ၏ ကိုယ်တွင်းမှ စွမ်းအားမှာလည်း ဆန်းလျန်၏ ထိုက်ရွှီးတန်ခိုး စွမ်းအားနှင့် ဆင်တူ လေသည်။ ကြည့်ရသည်မှာ ငှက်ငယ်လေး၏ မွေးရာပါ စွမ်းအားတစ်ခု ဖြစ်ပုံရလေသည်။

ဆန်းလျန်က အတွေးများကို ဖြတ်တောက်လိုက်ပြီး ထိုအစိမ်းရောင် ငှက်လေးဆီသို့ စိတ်အာရုံ စူးစိုက်လိုက်သည်။ သို့သော် သူ၏ စိတ်အာရုံစွမ်းအားမှာ အလွှာပါးလေး တစ်ခုဖြင့် တားဆီး ခံထားရသလို ဖြစ်နေပြီး ငှက်ငယ်လေးဆီသို့ ထိုးဖောက်မရ ဖြစ်နေလေသည်။ ထို့ပြင် ထိုငှက်ငယ်လေးဆီသို့ စီးဆင်းနေစေသည့် ထိုက်ရွှီးတန်ခိုး စွမ်းအားများမှာလည်း တုံ့ပြန်မှု မရှိတော့ပေ။

ထို့ကြောင့် သူက ချက်ချင်းပင် စီးဆင်းနေသည့် ထိုက်ရွှီးတန်ခိုး စွမ်းအားများကို ရပ်တန့် လိုက်လေသည်။ ထိုအခါ နတ်မိစ္ဆာ ငှက်ငယ်လေးက ခေါင်းမော့ပြီး သနားစရာ မျက်နှာလေးဖြင့် ဆန်းလျန်ကို ငေးနေလေသည်။ ထိုကဲ့သို့သော ငှက်မိစ္ဆာလေးကို မည်သူမျှ သနားမည် မဟုတ်ပါ။ သို့သော် ဆန်းလျန်ကတော့ သနားနေမိ လေသည်။

“ငှက်လေး မင်းရဲ့ဇာစ်မြစ်က ဘာများလဲ”

ဆန်းလျန်က မေးလိုက်လေသည်။

ငှက်မိစ္ဆာလေး၏ မျက်ဝန်းထဲတွင် စိတ်ရှုပ်ထွေးမှုများကို ဆန်းလျန် တွေ့မြင်နေရလေသည်။

“မင်းလို ဝိညာဉ်စွမ်းအားရှိတဲ့ သတ္တဝါလေးတွေက ကျုပ်ပြောတဲ့စကားကို နားလည်နိုင်တယ် ဆိုတာ ကျုပ်သိပါတယ်။ မင်းက လူစကား နားမလည်နိုင်ဘူး ဆိုရင်လည်း ကျုပ်က စိတ်အာရုံနဲ့ စကားပြောမလို့ပဲ။ ဒါပေမယ့် မင်းက တားဆီးထားတာကိုး”

ဆန်းလျန်က ဆက်ပြောလိုက်လေသည်။

ဆန်းလျန် စကားကြောင့် ငှက်မိစ္ဆာလေးက မကျေမနပ်ဖြင့် အော်ဟစ်လိုက်လေသည်။ ဆန်းလျန်က ထိုက်ရွှီးတန်ခိုး စွမ်းအားများထဲတွင် စိတ်အာရုံ စူးစိုက်မှုကိုပါ ပေါင်းစပ်ပြီး ငှက်မိစ္ဆာလေးဆီသို့ ပို့လွှတ်လိုက်လေသည်။ သို့သော် … တန်ခိုးစွမ်းအားများမှာ မတည်မငြိမ်နှင့် ပရမ်းပတာ ဖြစ်သွားရလေသည်။ ဆန်းလျန်အနေဖြင့် ထိုငှက်မိစ္ဆာလေးကို စိတ်အာရုံ ပို့လွှတ်၍ မည်သို့မျှ မရနိုင်ပေ။

ဆန်းလျန်ကို ခေါ်ဆောင်လာသည့် စာငှက်ငယ်လေးမှာ မည်သည့်အရာတွေ ဖြစ်ပျက်နေသည်ကို နားမလည်နိုင် ဖြစ်နေရလေသည်။ အစိမ်းရောင် ငှက်မိစ္ဆာလေး၏ အော်သံကြောင့် သူက သူတို့အနားသို့ ပျံသန်း သွားလိုသော်လည်း မသွားရဲဘဲ ဖြစ်နေလေသည်။ အဘယ်ကြောင့်ဆိုသော် အစိမ်းရောင် ငှက်လေးက ဒေါသထွက်နေသည် မဟုတ်လား။

အစိမ်းရောင် ငှက်လေး၏ ခန္ဓာကိုယ်ထဲမှ မီးတောက်တစ်ခု ထွက်ပေါ်လာလေသည်။ ထိုမီးတောက်ကို ဆန်းလျန်က သူ၏တန်ခိုးဖြင့် ချေဖျက် ပေးလိုက်သည်။ ထို့နောက် ဆန်းလျန်က သူ၏ လက်ပေါ်မှ ငှက်မိစ္ဆာငယ်လေးကို နှင်းများပေါ်သို့ ပြန်ချပေးလိုက်ကာ အဝေးသို့ ထွက်ခွာရန် ခြေလှမ်း ပြင်လိုက်လေသည်။ ထိုအခါ ကျတော့လည်း ငှက်မိစ္ဆာလေးက သူ့ရှေ့သို့ အမြန်ရောက်လာကာ သနားစရာ မျက်ဝန်းများဖြင့် ကြည့်နေပြန်လေသည်။

ဆန်းလျန်မှာ ငှက်ငယ်လေး၏ ကလေးဆန်သော အပြုအမူလေးကြောင့် ပြုံးလိုက်မိသည်။

သူက ငှက်မိစ္ဆာလေးကို ဒီတိုင်း မထားခဲ့ရက်တော့ပေ။ ဤကဲ့သို့ ထူးခြားသည့် ငှက်လေးသည် ထူးခြားသည့် နေရာတစ်ခုမှ ရောက်လာခြင်း ဖြစ်နိုင်လေသည်။ ငှက်လေး၏ မိဘများမှာ တန်ခိုးစွမ်းအား ကြီးမားသည့် နတ်မိစ္ဆာဘုရင်များ ဖြစ်ချင် ဖြစ်နေနိုင်သည်။ သို့သော် … ငှက်မိစ္ဆာလေးကတော့ ဘာမှ သိသည့်ပုံ မပေါ်ပါ။

ဆန်းလျန်က ငှက်မိစ္ဆာလေးဆီသို့ သူ၏ ဝိညာဉ်စွမ်းအားကို ပို့လွှတ်လိုက်သည်။ သို့သော် အံ့သြစရာကောင်းစွာ ထိုစွမ်းအားက ငှက်မိစ္ဆာလေး အပေါ်တွင် သက်ရောက်ခြင်း မရှိပေ။

ငှက်မိစ္ဆာလေးက ထူးဆန်းသည့် စွမ်းအားတစ်ခုကို ဆန်းလျန်ဆီသို့ ပြန်လည် ပို့လွှတ် လိုက်သည်။ ဆန်းလျန်က ပထမတော့ ထိုစွမ်းအားကို ရပ်တန့်ရန် စဉ်းစားလိုက်မိသည်။ နောက်မှ ဆုံးဖြတ်ချက် ပြောင်းလိုက်ပြီး သူ၏ ထိုက်ရွှီးတန်ခိုး စွမ်းအားများဖြင့် ထိုထူးဆန်းသည့် စွမ်းအားကို ရစ်ပတ် လိုက်လေသည်။ စွမ်းအားနှစ်ခုမှာ ထူးဆန်းစွာပင် ပေါင်းစည်းသွားပြီး ဆန်းလျန်၏ ထိုက်ရွှီး စွမ်းအားများမှာ မှန်တစ်ချပ်အလား ပိုမိုကြည်လင်ပြီး သန့်စင်သွားလေသည်။

သန့်စင်သွားသည့် ထိုက်ရွှီးတန်ခိုး စွမ်းအားများက ခရုပတ် နွယ်လိမ်သဖွယ် ဆန်းလျန် ကိုယ်ထဲသို့ ပြန်လည်ဝင်ရောက် လာလေသည်။ စွမ်းအားများက ပို၍ခိုင်မာစွာဖြင့် ဆန်းလျန်ကိုယ်ထဲသို့ တဖြည်းဖြည်း စိမ့်ဝင်သွားလေသည်။

လူတစ်ယောက်၏ တန်ခိုးစွမ်းအားကို သန့်စင်ပေးသည့် ဂမ္ဘီရပညာ များစွာရှိကြောင်း ဆန်းလျန် သိထားပါသည်။ ထိုဂမ္ဘီရ စွမ်းအားများက ဟိုင်သန်းအဆင့် တက်ရောက်သည့် အချိန်တွင် ပုံပြောင်းအဆင့် အရည်အသွေးကို များစွာ အထောက်အကူ ပေးနိုင်လေသည်။

ကျင့်ကြံသူ တစ်ယောက်သည် ဟိုင်သန်းအဆင့်ကို ပုံပြောင်းအဆင့် ခုနစ်ခု သို့မဟုတ် ရှစ်ခု ကြားတွင် ရှိနေလျှင် တန်ခိုးစွမ်းအား သန့်စင်ပါက ပုံပြောင်းအဆင့် ရှစ်ခုဖြင့် တက်ရောက်နိုင်မည် ဖြစ်လေသည်။

အထူးသဖြင့် ဟိုင်သန်းအဆင့်ကို “ပြင်ပပြဒါးရှင် စွမ်းအား” သို့မဟုတ် “နတ်ဒေဝါ အမြုတေ” တို့၏ အစွမ်းဖြင့် တက်ရောက်မည့် သူများသည် တန်ခိုးစွမ်းအား သန့်စင်ပါက ပုံပြောင်းအဆင့် သုံးဆင့်ဖြင့် တက်ရောက်နိုင်မည် ဖြစ်လေသည်။ နတ်ဒေဝါ အမြုတေ အလွန် အရည်အသွေး ကောင်းလွန်းပါက ကံကောင်းလျှင် ပုံပြောင်းအဆင့် ခြောက်ခုမှ ခုနစ်ခုအထိ ရရှိနိုင်မည် ဖြစ်လေသည်။ ကိုယ်ပိုင်စွမ်းအားဖြစ်သည့် ဝိညာဉ်နှင့် ရွှေပြဒါး အမြုတေကို ပေါင်းစပ်ပြီး ဟိုင်သန်းအဆင့် တက်ရောက်မည့် သူများ အနေဖြင့်လည်း တန်ခိုးစွမ်းအား သန့်စင်ခြင်းကြောင့် အကျိုး မယုတ်နိုင်ပေ။ သို့သော် တန်ခိုးစွမ်းအား သန့်စင်အောင် ကျင့်ကြံရန်မှာ အချိန်ရော စွမ်းအားရော များစွာ စိုက်ထုတ် ရလေသည်။

လူတစ်ယောက်သည် တန်ခိုးစွမ်းအား သန့်စင်ရန် အားထုတ်လျှင် အသက်အရွယ် အိုမင်းသည့်ပုံ ပေါက်သွားတတ်လေသည်။

ချင်းရွှမ်နတ်တံခါးတွင် တန်ခိုးစွမ်းအား သန့်စင်သည့် ကျင့်စဉ်တစ်ခု ရှိသည်ကို ဆန်းလျန် မှတ်မိလေသည်။ တစ်ကြိမ်ကျင့်ကြံတိုင်း ကျင့်ကြံသူ၏ တန်ခိုးစွမ်းအား တစ်ကြိမ် သန့်စင် သွားလေသည်။ အထွတ်ထိပ် အဆင့်သို့ ရောက်ရန်အတွက် သုံးကြိမ် လေ့ကျင့်ရလေသည်။ သို့သော် နှစ်ကြိမ်မျှ ကျင့်ကြံပြီးသည့် အချိန်တွင်ပင် ကြောက်စရာ ကောင်းလောက်အောင် အသက်အရွယ် အိုမင်းသွားမည် ဖြစ်လေသည်။

လောကတွင် ချန်ကျန့်မေကဲ့သို့ ပါရမီရှင်က များစွာမရှိပါ။ မည်သူမျှ ချူးစန်းအဆင့်ကို သုံးနှစ်နှင့် အောင်မြင်ပြီး ရုဟွအဆင့်ကို ဆယ်နှစ်နှင့် မအောင်မြင်နိုင်ပေ။

အလားအလာရှိသည့် ကျင့်ကြံသူများစွာ ရှိသည့်တိုင် ချန်ကျန့်မေကဲ့သို့ လျင်မြန်ခြင်းမျိုးတော့ ရရှိနိုင်မည် မဟုတ်ပေ။

ငှက်မိစ္ဆာငယ်လေးမှာ သူ့ကို ခေါ်ဆောင်သွားမည့် ဆန်းလျန်၏ အကြံအစည်ကို မရိပ်မိပါ။ သူက အရဲစွန့်ပြီး စွမ်းအားအရင်းအမြစ်ကို ထုတ်လွှတ်လိုက်ခြင်းက ဆန်းလျန်အတွက် အံ့သြဖွယ်ရာ စူးစမ်းချင်စရာ ဖြစ်နေတော့သည်။

ဆန်းလျန်က သူ၏ တန်ခိုးစွမ်းအားများ သန့်စင်အောင် ပြုလုပ်သည့်အတွက် မည်သည့် အကျိုးရလဒ်များ ဖြစ်လာပါစေ စိတ်ပူပန်ခြင်း မရှိပါ။ အဘယ်ကြောင့်ဆိုသော် သူ၏ ထိုက်ရွှီးတန်ခိုး စွမ်းအားများမှာ သန့်စင်ပြီးသား စွမ်းအားများ ဖြစ်လေသည်။ ထို့ကြောင့် ပိုပြီးသန့်စင်အောင် ပြုလုပ်မည် ဆိုလျှင်လည်း ပြဿနာ မရှိနိုင်ပေ။

“ကောင်းပြီလေ။ မင်းကို ကျုပ်နဲ့အတူ ခေါ်သွားမယ်။ မင်းမှာ မိဘတွေရှိလို့ သူတို့ ပြန်လာခေါ်ကြရင်လည်း ပြန်ထည့် ပေးလိုက်ရုံပေါ့။ လာမခေါ်ကြဘူး ဆိုလည်း ဟိုမြွေမိစ္ဆာ ကျင်းချင်း အဖော်ရအောင် ချင်းရွှမ်ထိ မင်းကို ခေါ်သွားပေးမယ်”

ဟု ပြောလိုက်လေသည်။

ဆန်းလျန်က ဆုံးဖြတ်ချက် ချပြီးလျှင် မပြင်တတ်ပေ။ ငှက်မိစ္ဆာငယ်လေးမှာ ဆန်းလျန်က သူ့ကို လက်ခံလိုက်ပြီဟု ခံစားသိရှိ လိုက်သည်နှင့် သူ၏ ပခုံးထက်သို့ ပျံသန်းလာကာ နားနေလေတော့သည်။

ဆန်းလျန်ကို ခေါ်လာသည့် စာငှက်ငယ်လေးက ရှေ့မှ ပျံသန်းရန် ပြင်လိုက်သည်။ ဆန်းလျန်က ထိုငှက်လေးနောက်မှ ခပ်ဖြည်းဖြည်း ပျံသန်းရန် စိတ်မရှည်တော့ပေ။ ထို့ကြောင့် ထိုငှက်လေးကိုပါ ဖမ်းလိုက်ပြီး လေအသွင် ပြောင်းလဲကာ လျင်မြန်သည့် အရှိန်ဖြင့် သေစေခြင်းကျောင်းတော် တံခါးဝသို့ ရောက်ရှိ လာလေတော့သည်။

ဆန်းလျန်က လေအသွင် ပြောင်းလဲပြီး ခရီးသွားနိုင်သည့် တန်ခိုးစွမ်းအားကို ပိုင်ဆိုင် ထားသည်မှာ မကြာသေးပေ။ ထို့ကြောင့် ဒဏ္ဍာရီထဲမှ တန်ခိုးရှင်များ ကဲ့သို့တော့ လျင်မြန်လွန်းခြင်း မရှိပေ။ သို့သော် သူနှင့်အဆင့်တူ ကျင့်ကြံသူများ ကြားတွင်တော့ အံ့သြလောက်စရာ ဖြစ်နေ ပေလိမ့်မည်။

ဆန်းလျန်က ကျောင်းတော်တံခါးကို ချက်ချင်း မဖွင့်သေးပါ။ သူက ဘေးဘက်ရှိ တံခါးထောင့်တစ်ခုကို စိုက်ကြည့်နေလိုက်သည်။ ထိုနေရာတွင် အနီရောင် ဓားခြစ်ရာတစ်ခုကို မြင်ရလေသည်။ ထိုဓားခြစ်ရာ အမှတ်အသားကို ကြည့်လိုက်မိသည်နှင့် လူသတ်လိုသည့် စိတ်များ တဖွားဖွား ပေါ်ပေါက်လာရလေသည်။ ဆန်းလျန်က သူ့အတွေးများကို ချက်ချင်း သန့်စင်ပစ်လိုက်ပြီး သူ့နှလုံးသားကို ကျောက်ဆောင်ပမာ ခိုင်မာအောင် ပြုလုပ်လိုက်လေသည်။ ထိုဓားခြစ်ရာက သူ့ကို မည်သည့် သက်ရောက်မှုမှ မရှိတော့ပေ။

လူသတ်လိုသည့် အတွေးများ ပျောက်ကွယ်သွားသည်နှင့် စကားသံတစ်ခုကို သူ့စိတ်ထဲတွင် ကြားလိုက်ရလေသည်။

“နောက်သုံးရက် လထွက်တဲ့အချိန် မင်းရဲ့အသက်ကို ငါလာယူမယ်”

ဆန်းလျန် သက်ပြင်း ချလိုက်မိလေသည်။

“ငါကဖြင့် မင်းကိုစောင့်နေတာ ကြာလှပြီ”

ဟု ရေရွတ်လိုက်လေသည်။

ထိုစကားမှာ နှင်းတောထဲတွင် ဆန်းလျန် မြင်တွေ့နေကျ လူထူးလူဆန်းမှ ချန်ထားခဲ့သည့် စကား ဖြစ်လေသည်။

သူမွေးထားသည့် စာငှက်ငယ်လေးနှင့် အစိမ်းရောင် ငှက်မိစ္ဆာလေး အိပ်စက်သွားပြီ ဖြစ်လေသည်။

ထိုအချိန်ကျမှ ဆန်းလျန် ခန်းမထဲသို့ ထွက်လာလိုက်သည်။ ထို့နောက် ခန်းမထဲတွင် ချိတ်ဆွဲထားသည့် “ယွမ်” ဆိုသည့်စာလုံးကို ကြည့်နေမိလေသည်။ ထုံးစံအတိုင်း မျက်တောင်ပင် မခတ်ဘဲ စိုက်ကြည့်နေခြင်း ဖြစ်လေသည်။

“ခန်းမထဲမှာရှိတဲ့ နတ်ဘုရားရုပ်တုလိုပဲ မင်းကိုလည်း ပူဇော်သက္ကာယတွေနဲ့ ပူဇော်ဖို့ လိုနေတာလား။ ဂိုဏ်းတူအစ်ကို ချန်ကျန့်မေက မင်းကို ဒီမှာ ရေးထားခဲ့တာ အကြောင်းတော့ ရှိမှာပဲ။ မင်းကို ဒီနေရာမှာ ပူဇော်ကိုးကွယ်ဖို့အတွက် ထားခဲ့တာ ဆိုရင်တော့ ဟို လူထူးလူဆန်းကို သတ်ပြီး မင်းကို ပူဇော်ပါ့မယ်ကွာ”

“ယွမ်” ဆိုသည့် စာလုံးကို အချိန်အကြာကြီး စိုက်ကြည့်နေပြီးမှ ဆန်းလျန် ရေရွတ်လိုက်မိခြင်း ဖြစ်လေသည်။

ထိုလူထူးလူဆန်းတွင် ဆန်းလျန်၏ အတွေးများကိုသာ သိနိုင်သည့်အစွမ်း ရှိနေလျှင် ဒေါသ ထွက်နေမည်လား မပြောတတ်ပေ။ သို့သော် ဆန်းလျန်ကတော့ သိလည်းမသိချင် ဂရုလည်း မစိုက်ပေ။

***

Comment

Leave a Reply

Options

not work with dark mode
Reset