“အရှေ့ဘက်၊ အနောက်ဘက်၊ တောင်ဘက်နဲ့ မြောက်ဘက်ကနေပြီးပင်လယ်ထဲကိုမြစ်လေးစင်းစီးဝင်တဲ့နေရာကို အထက်ပိုင်းအဆင့်လို့ခေါ်တယ်။ အဲဒီနေရာမှာပဲ ဟိုးလွန်ခဲ့တဲ့နှစ်ထောင်သောင်းကျော်ကတည်းက တည်ရှိနေခဲ့တဲ့ ရှေးကျပြီးစွမ်းအားကြီးတဲ့ဂိုဏ်းလေးဂိုဏ်းရှိနေတယ်။ ဒီဂိုဏ်းလေးဂိုဏ်းဟာ ကမ္ဘာကြီးလောက်သက်တမ်းရှိရင်ရှိနေလောက်ပြီ။ သူတို့ဟာ ကမ္ဘာပေါ်မှာစွမ်းအားအကြီးဆုံးဂိုဏ်းကြီးလေးဂိုဏ်းပဲဖြစ်တယ်။”
“ဒီရှေးကျတဲ့ဂိုဏ်းလေးဂိုဏ်းကနေပြီး အဓိကမြစ်ကြီးလေးစင်းနဲ့ သူတို့ရဲ့နောက်ဆက်တွဲမြစ်တွေကနေ မြစ်ဝကျွန်းပေါ်ဒေသအထိပါထိန်းချုပ်ထားတယ်။”
“အရှေ့ဘက်ကျင့်ကြံခြင်းကမ္ဘာကိုထိန်းချုပ်ထားတဲ့ရှေးကျတဲ့ဂိုဏ်းကို ရှင်းကုံကျစ်တာအိုဂိုဏ်းလို့ခေါ်တယ်။”
“ဂိုဏ်းရဲ့ဌာနချုပ်ဟာ ဟိုးအဝေးကြီးမှာတည်ရှိတယ်။ အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ဟာ သူ့တစ်သက်လုံးဌာနချုပ်ဆီကိုပျံသန်းသွားရင်တောင်မှ သေတဲ့အထိမရောက်နိုင်ဘူး။”
“ရှင်းကုံကျစ်တာအိုဂိုဏ်းရဲ့လက်အောက်မှာ မြစ်လက်တက်လေးခုကိုထိန်းချုပ်ထားတဲ့ အရှိန်အဝါကြီးမားတဲ့ ဂိုဏ်းခွဲလေးခုရှိတယ်။ အဲဒါတွေက ရှင်းမြစ်ဂိုဏ်းခွဲ၊ ကုံမြစ်ဂိုဏ်းခွဲ၊ တာအိုမြစ်ဂိုဏ်းခွဲနဲ့ ကျစ် မြစ်ဂိုဏ်းခွဲ တို့ဖြစ်ကြတယ်။”
“ဒီအရှိန်အဝါကြီးမားတဲ့ ဂိုဏ်းခွဲလေးခုက မြစ်ကြီးတွေကနေခွဲထွက်လာတဲ့ မြစ်လက်တက်လေးခုစီကိုထိန်းချုပ်ထားကြတယ်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းဟာ ကုံမြစ်ဂိုဏ်းခွဲကနေထိန်းချုပ်ထားတဲ့ ဒုတိယမြောက်စမ်းချောင်းပေါ်မှာတည်ရှိနေတယ်။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းဟာ ပထမစမ်းချောင်းပေါ်မှာတည်ရှိတယ်။ ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းဟာ တတိယစမ်းချောင်းပေါ်မှာတည်ရှိတယ်။ ဆန်းကြယ်နတ်ရေစင်ဂိုဏ်းဟာ စတုတ္ထစမ်းချောင်းပေါ်မှာတည်ရှိတယ်။ ကုံမြစ်ဂိုဏ်းခွဲဟာ ငါတို့ဂိုဏ်းလေးဂိုဏ်းလုံးရဲ့ပင်မဂိုဏ်းကြီးပဲဖြစ်တယ်။ သူ့အထက်မှာက ရှင်းကုံကျစ်တာအိုဂိုဏ်းရှိတယ်။” ကျိန်းယွမ်သုန်၏စကားများသည် ပိုင်ရှောင်ချန်းနားထဲသို့ မိုးကြိုးပစ်သလိုဝင်လာကြသည်။ သူ၏ဘေးပတ်ပတ်လည်ရှိကမ္ဘာကြီး၏အကြောင်းကိုသိလိုက်ရသည်မှာ ထိတ်လန့်မှင်တက်သွားစေသည်။
“ရှင်းကုံကျစ်တာအိုဂိုဏ်း…” အနည်းငယ်မူးနောက်နေသလိုခံစားရလျက်သူကရေရွတ်လိုက်သည်။
“တတိယမေးခွန်းအနေနဲ့က ကမ္ဘာပေါ်မှာရှိတဲ့ဂိုဏ်းတွေအကုန်လုံးက ဘာလို့ကောင်းကင်တံတားမြစ်ပေါ်မှာတည်ရှိနေတာလဲသိလား…။ မြစ်ဝကျွန်းပေါ်ဒေသမှာတောင်မှ ဂိုဏ်းတွေဟာမြစ်နဲ့တတ်နိုင်သမျှနီးနီးမှာ တည်ထောင်ထားကြတယ်။” တတိယမေးခွန်းသည် ပိုင်ရှောင်ချန်းကိုတတိယမြောက်မိုးကြိုးလျှပ်စီးတစ်ခု ပစ်လိုက်သည့်အလား ခံစားလိုက်ရသည်။
“ကောင်းကင်တံတားနယ်မြေဟာကြီးမားကျယ်ပြန့်လှတယ်။ အတော့်ကိုကြီးတယ်။ အဆုံးမရှိကျယ်ပြန့်တာမျိုးမဟုတ်ပေမယ့် လူအနည်းငယ်လောက်ပဲ ငါတို့ကမ္ဘာရဲ့အဝေးဆုံးနယ်နိမိတ်ဒေသတွေအထိရောက်ဖူးကြတယ်။ ငါတို့ရဲ့ကမ္ဘာကြီးမှာထူးဆန်းတာတစ်ခုက စိတ်စွမ်းအင်တွေမရှိတာပဲကွ။”
“စိတ်စွမ်းအင်မရှိဘူးဟုတ်လား… ဒါမဖြစ်နိုင်တာပဲ။” ပိုင်ရှောင်ချန်းသည် လုံးလုံးလျားလျားထပ်မံတုန်လှုပ်သွားပြန်လေ၏။
“ကမ္ဘာကြီးတစ်ခုလုံးမှာ စွမ်းအင်တစ်စက်မှမရှိဘူးကွ။ အင်း… ကောင်းကင်နဲ့မြေကြီးမှာပ င်ကိုစိတ်စွမ်းအင်မရှိဘူးလို့ပြောရင်တော့ ပိုမှန်တာပေါ့ကွာ။ ကမ္ဘာကြီးကထုတ်ပေးနေတာက ကျင့်ကြံသူတွေအတွက်အဆိပ်ဖြစ်စေပြီး သားရဲတွေအတွက်အာဟာရဖြစ်စေတဲ့ ပရမ်းပတာစွမ်းအားတစ်ခုပဲ။”
“ငါတို့ကမ္ဘာကြီးမှာ ရေးထိုးထားတဲ့သမိုင်းကြောင်းတစ်ခုရှိခဲ့မယ်ဆိုရင်လဲ ဒီနည်းအတိုင်းပဲဖြစ်မယ်။ ကျင့်ကြံသူတွေ ကျင့်ကြံနေနိုင်တာဟာ ကောင်းကင်တံတားပင်လယ်ကြောင့်ပဲဖြစ်တယ်။”
“ကောင်းကင်တံတားပင်လယ်ထဲမှာ စိတ်စွမ်းအင်တွေမရေမတွက်နိုင်အောင်အများအပြားတည်ရှိနေတယ်။ ပင်လယ်ရေတစ်စက်ချင်းစီတိုင်းမှာစိတ်စွမ်းအင်အများအပြားပါဝင်နေတယ်။ ပြီးတော့ ရေဟာ မြစ်လေးစင်းတစ်လျှောက်ကနေပြီးတော့ မြစ်လက်တက်တွေ၊ စမ်းချောင်းတွေ၊ နောက်ဆုံးမြစ်ဝကျွန်းပေါ်ဒေသတွေအထိ စီးဆင်းသွားတဲ့အခါမှာ စိတ်စွမ်းအင်အများအပြားကို ယူဆောင်လာတယ်။”
“စိတ်စွမ်းအင်ဟာ ကောင်းကင်တံတားပင်လယ်အနီးမှာဆိုရင် ပိုပြီးသန်မာအားကောင်းတယ်။ မြစ်ဘက်ကိုပိုပြီးနီးကပ်လာလေလေ စိတ်စွမ်းအင်ဟာပိုပြီးအားကောင်းလေလေဖြစ်တယ်။ အထက်ပိုင်းဒေသတွေမှာ စိတ်စွမ်းအင်ဟာ အားအကောင်းဆုံးဖြစ်ပြီး အလယ်ပိုင်းဒေသတွေမှာ အနည်းငယ်အားလျော့လာတယ်။ အောက်ပိုင်းဒေသတွေမှာ အဲ့ထက်ပိုပြီးအားလျော့လာတယ်။ မြစ်ဝကျွန်းပေါ်ဒေသတွေမှာတော့ အားအလျော့ဆုံးပဲပေါ့။”
“ကောင်းကင်တံတားမြစ်ကနေဝေးဝေးကိုရောက်လေလေ စိတ်စွမ်းအင်ဟာအားလျော့လာလေလေပဲ။ နောက်ဆုံးမှာ စိတ်စွမ်းအင်လုံးဝမရှိတဲ့နေရာကိုရောက်လာလိမ့်မယ်။ ငါတို့နေထိုင်တဲ့ကမ္ဘာကြီးရဲ့တစ်ဝက်လောက်ဟာ အဲ့လိုနေရာမျိုးတွေပဲ။ တကယ်တော့ မြစ်တွေကြားထဲကနေရာတွေအကုန်လုံးဟာ အဲ့လိုမျိုးစိတ်စွမ်းအင်လုံးဝမရှိတဲ့နေရာတွေဖြစ်တယ်။”
“ဒီလိုမျိုးဖြစ်နေရတာက အကာအကွယ်သဘောမျိုးဖြစ်တယ်။ အကယ်၍သာ ရှေးဟောင်းဂိုဏ်းနှစ်ခုက စစ်ပွဲဖြစ်ကြတယ်ဆိုရင် အတော်လေးခက်ခက်ခဲခဲဖြစ်ရလိမ့်မယ်။ ဒါကြောင့်မို့လို့ စစ်ပွဲအများစုဟာ ဂိုဏ်းကြီးတွေကြားမှာမဖြစ်ပဲ မြစ်လက်တက်တွေတစ်လျှောက်မှာပဲဖြစ်လေ့ရှိကြတယ်။”
ကျိန်းယွမ်သုန်သည် ဇဝေဇဝါဖြစ်နေသောပိုင်ရှောင်ချန်းကိုတစ်ချက်ကြည့်လိုက်ကာ ဆက်ပြောသည်။ “လေးခုမြောက်မေးခွန်းက… လောချိန်မျိုးနွယ်စုတွေ ဘာကြောင့်သစ္စာဖောက်သွားရတာလဲ။”
“သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၊ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၊ ဆန်းကြယ်နတ်ရေစင်ဂိုဏ်းနဲ့ ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတွေအကုန်လုံးဟာ ကုံမြစ်ဂိုဏ်းခွဲရဲ့လက်အောက်ခံတွေပဲဖြစ်တယ်။ ငါတို့ဂိုဏ်းတွေအားလုံးဟာ ဂိုဏ်းရဲ့အဆင့်အတန်းကိုမြှင့်တင်ပြီး ဒီမြစ်လက်တက်ကိုထိန်းချုပ်မယ့်အဓိကဂိုဏ်းတစ်ခုဖြစ်ချင်ကြတာပဲ။”
“ အဲ့ဒါဟာ ငါတို့ခေါင်းဆောင်ကြီးရဲ့အိပ်မက်ဖြစ်သလို လွန်ခဲ့တဲ့နှစ်ပေါင်းတစ်သောင်းလောက်ကတည်းက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ဦးတည်ချက်လည်းဖြစ်တယ်။ အမွေဆက်ခံသူအဆင့်ရဲ့အဓိကရည်ရွယ်ချက်လည်းဖြစ်တယ်။”
“လွန်ခဲ့တဲ့နှစ်အနည်းငယ်က အလွန်ရှားပါးတဲ့အခွင့်အရေးတစ်ခု အလိုလိုပေါ်ပေါက်လာခဲ့တယ်။”
” ကုံမြစ်ဂိုဏ်းခွဲဟာ ရှေးကျတဲ့ရှင်းကုံကျစ်တာအိုဂိုဏ်းကို အမျက်ဒေါသထွက်အောင်လုပ်လိုက်မိတယ်။ အပြစ်ဒဏ်ချမှတ်လိုက်ပြီး ဂိုဏ်းခွဲတစ်ခုလုံးနီးပါး သုတ်သင်ရှင်းလင်းခံလိုက်ရတယ်။ ခေါင်းဆောင်ဟာအသတ်ခံလိုက်ရပြီး သူတို့ရဲ့ အဖွဲ့အစည်းကြီးတစ်ခုလုံးအဖျက်ဆီးခံလိုက်ရတယ်။ သူတို့ဟာ အရင်ကတစ်ခါမှမဖြစ်ဘူးလောက်အောင်အားနည်းနေကြပြီး အခုဆိုရင်သူတို့ရဲ့နေရာကိုလုယူလို့ရနေပြီဖြစ်တယ်။”
“မြစ်ရဲ့တစ်ခြားလက်တက်တွေကိုထိန်းချုပ်နိုင်မယ့်ဂိုဏ်းအဖြစ်နေရာတစ်နေရာလွတ်နေပြီးတော့ ရှင်းကုံကျစ်တာအိုဂိုဏ်းကလည်း ဘယ်ဂိုဏ်းကအဲ့နေရာကိုရသွားသည်ဖြစ်စေ ဂရုမစိုက်ဘူး။ သွေးစွမ်းအင်၊ စိတ်စွမ်းအင်၊ ဆန်းကြယ်နဲ့ ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတွေအားလုံးမှာ အခွင့်အရေးရှိတယ်။ ထုံးစံအတိုင်းပဲ ဂိုဏ်းလေးဂိုဏ်းစလုံးဟာ အဲ့နေရာအတွက်တိုက်ခိုက်နေကြတယ်။ တခြားဂိုဏ်းသုံးဂိုဏ်းကိုအနိုင်ရတဲ့သူဟာ မြစ်တစ်လျှောက်အရာအားလုံးကိုအမိန့်ပေးနိုင်တဲ့အာဏာရလာမှာပဲ။”
“ဒီအချိန်မှာ လောချိန်မျိုးနွယ်စုတွေကို ဘယ်သူတွေကထောက်ပံ့ပေးနေလဲဆိုတာ အရေးမကြီးဘူး။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းဖြစ်ရင်ဖြစ်မယ်၊ ဆန်းကြယ်နတ်ရေစင်ဂိုဏ်းဖြစ်ရင်ဖြစ်မယ်၊ ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းလဲဖြစ်နိုင်တာပဲ။ အဲ့တာကအရေးမကြီးဘူး။ သူတို့တွေအကုန်လုံးဟာ ငါတို့ရဲ့ပြိုင်ဘက်တွေကြီးပဲ၊ တချိန်တည်းမှာလဲ မဟာမိတ်တွေလဲဖြစ်ရင်ဖြစ်လာနိုင်တယ်။”
“တခြားဂိုဏ်းတွေက အကျိုးအမြတ်တစ်ခုခုရဖို့ရည်ရွယ်ချက်နဲ့ သူတို့ရဲ့ငါးမျှားကြိုးတွေကိုငါတို့နယ်မြေထဲချထားပြီးပြီ။ ငါတို့ဂိုဏ်းကလည်း အာ့လိုမျိုးလုပ်ထားပြီးသားပဲ။” ကျိန်းယွမ်သုန်ကပြုံးပြလိုက်သည်။ ထိုအပြုံးသည် သာမန်အပြုံးထက် အေးစက်ပြီးရက်စက်ဟန်ပေါက်နေလေသည်။ တစ်ဂိုဏ်းတည်းသားများအတွက်မူ ကျိန်းယွမ်သုန်သည်ဉာဏ်အမြော်အမြင်ရှိသောအဘိုးအိုတစ်ယောက်ဖြစ်ပြီး ဆောင်းလေညှင်းကဲ့သို့နူးညံ့သိမ်မွေ့လွန်းလှလေသည်။ သို့ရာတွင် ဂိုဏ်းပြင်ပမှလူများနှင့်တိုက်ခိုက်ရမည့်အခါတွင်မူ ကျိန်းယွမ်သုန်သည် တာအိုရောင်းရင်းခွေးအထက်ပင် သွေးအေးကာရက်စက်ကြမ်းကြုတ်လေသည်။
သူ့ဘာသူမေးပြီး သူ့ဘာသူပင်ဖြေသွားသောမေးခွန်းလေးခုကြောင့် ပိုင်ရှောင်ချန်း၏ရင်ထဲတွင် ထိတ်လန့်တုန်လှုပ်မှုကြောင့်ကမ္ဘာပျက်နေလေပြီ။
ပိုင်ရှောင်ချန်းကို အကဲခတ်လျက် ကျိန်းယွမ်သုန်ကဆက်၍ “ပိုင်ရှောင်ချန်း… ကောင်းကင်ဆီကိုဆက်သွယ်ထားတဲ့လမ်းကိုညွှန်ပြနေတဲ့ ကောင်းကင်တံတားပင်လယ်ထဲက အဲဒီကျွန်းဟာ ဘာကြောင့်မို့ကြီးကျယ်မြင့်မြတ်သူအများအပြားရဲ့ရည်မှန်းချက်ပန်းတိုင်ဖြစ်နေလဲ မင်းသိချင်လား။” တုလင်ဖေးကိစ္စဖြစ်ပြီးနောက်ပိုင်း နိုးကြားတက်ကြွနေသောပိုင်ရှောင်ချန်းကို ယခုမှသာမြင်တွေ့ရခြင်းဖြစ်သည်။ ကျိန်းယွမ်သုန်သည် စွမ်းအားအပြင်းဆုံးစကားလုံးများကိုနောက်ဆုံးမှပြောရန်ချန်ထားလေသည်။
“ဒဏ္ဍာရီတွေကပြောကြတာတော့ ကောင်းကင်ဆီကိုဆက်သွယ်ထားတဲ့လမ်းပေါ်ကိုလျှောက်လှမ်းလိုက်ရင် အဆုံးအစကင်းမဲ့ခြင်းကို မင်းရရှိလိမ့်မယ်တဲ့ကွ။ တနည်းပြောရရင် ထာဝရအသက်ရှင်နေနိုင်မယ်ပေါ့ကွာ။”
နောက်ဆုံးစကားလုံးများကိုပိုင်ရှောင်ချန်းကြားလိုက်သောအခါ သူ၏ဦးခေါင်းတစ်ခုလုံးကျဥ်ထုံလာပြီး ပေါက်ကွဲထွက်လာတော့မလိုခံစားလိုက်ရသည်။ သူသည် သိသိသာသာတုန်လှုပ်နေပြီး မှင်တက်မိနေသည်။ သူ့ဘဝတစ်လျှောက်လုံး ယခုလောက်တစ်ခါမှမတုန်လှုပ်ခဲ့ဖူးပေ။ သူ့ခေါင်းထဲတွင် ထာဝရအသက်ရှင်နေနိုင်မည်ဟူသောစိတ်က ကြီးစိုးသွားလေသည်။
“အကယ်၍ မင်းဟာထာဝရအသက်ရှင်နေချင်တယ်ဆိုရင် ကောင်းကင်ဆီကိုလျှောက်လှမ်းနိုင်ဖို့အတွက်စွမ်းအားရှိမှရလိမ့်မယ်။ ဒီလမ်းဟာရှည်လျားလွန်းပြီး လမ်းတစ်လျှောက်မှာရှိတဲ့မြင်ကွင်းတွေကမင်းကိုအနှောက်ယှက်ခံလို့မဖြစ်ဘူး။ မင်းက လမ်းကိုဆက်လျှောက်နေပြီး မင်းဘဝကိုနောင်တတွေမရပဲဆက်နေထိုင်သွားရမှာ။”
“ရော့… ဒီမယ်… ကျောက်စိမ်းပေလွှာလေးခု။ ပထမတစ်ခုက မင်းကိုဂိုဏ်းရဲ့အကြီးအကဲတစ်ယောက်အဖြစ်သိစေဖို့ အမိန့်ပေးလည်ဆွဲပဲ။ ဒုတိယတစ်ခုက တာအိုသစ်စေ့တောင်ပေါ်မှာရှိတဲ့မင်းရဲ့အင်မော်တယ်ဂူအသစ်ကိုဖွင့်ဖို့ပဲ။ တတိယတစ်ခုက မင်းကို ဘိုးဘေးအမှောင်ဥမင် ထဲကိုဝင်ခွင့်ပေးပြီး မင်းရဲ့အခြေခိုင်မာခြင်းအဆင့်အထိမ်းအမှတ် အမွေကို ယူခွင့်ပေးလိမ့်မယ်။ နောက်ဆုံးတစ်ခုကတော့ လက်ရွေးစင်တိုက်ပွဲတွေမှာပထမရခဲ့တဲ့အတွက်ဆုအဖြစ်ရထားတဲ့ လျှို့ဝှက်နယ်မြေထဲကိုဝင်ဖို့သော့ပဲ။” ကျိန်းယွမ်သုန်က ကျောက်စိမ်းပေလွှာလေးခုကို မြေပေါ်သို့ချထားလိုက်သည်။ ပိုင်ရှောင်ချန်းစိတ်လှုပ်ရှားနေသည်ကိုမြင်သောအခါမှ အနည်းငယ်စိတ်အေးနိုင်တော့လေသည်။ ခဏအကြာတွင် ပိုင်ရှောင်ချန်း၏အင်မော်တယ်ဂူထဲမှထွက်လာခဲ့ပြီး ခပ်လှမ်းလှမ်းမှစောင့်နေသောလီချင်းဟောက်ကိုတွေ့လိုက်ရသောအခါ လျှောက်လှမ်းသွားပြီးခေါင်းကိုအသာအယာငြိမ့်ပြလိုက်လေသည်။
လီချင်းဟောက်၏မျက်နှာပေါ်တွင်အပြုံးရိပ်တစ်ခုပေါ်လာပြီး သက်ပြင်းချလိုက်လေသည်။ “ကျေးဇူးကြီးမားလှပါတယ် ဂိုဏ်းခေါင်းဆောင်ခင်ဗျား…။ အခုမှပဲ ကျုပ်စိတ်အေးအေးထားပြီး တစ်ကိုယ်တည်းတရားကျင့်နိုင်တော့မယ်။”
“သိပ်ပြီးလည်းမစိုးရိမ်ပါနဲ့ ချင်းဟောက်ရေ…။ သူကကျုပ်ရဲ့ဂိုဏ်းတူညီလေးပဲ… ကျုပ်သူ့ကိုကြည့်ရှုစောင့်ရှောက်မှာပါ။ ခင်ဗျားတစ်ကိုယ်တည်းတရားကျင့်ရာကပြန်လာရင် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ အမွေဆက်ခံသူအဆင့်ကျင့်ကြံသူနောက်တစ်ယောက်ပေါ်ထွက်နေဖို့ ကျုပ်မျှော်လင့်ပါတယ်။” ကျိန်းယွမ်သုန်သည် အနည်းငယ်ပင်မနာလိုဖြစ်နေလေသည်။ သို့ရာတွင် သူသည်အမွေဆက်ခံသူအဆင့်ကိုရောက်ရန်လမ်းလုံးဝမရှိပေ။ အများဆုံးအနေဖြင့် ဂိုဏ်းစောင့်အကြီးအကဲအဖြစ်သာရောက်နိုင်လေသည်။
လီချင်းဟောက်သည် လက်နှစ်ဘက်ယှက်ကာ ဦးညွှတ်အရိုအသေပေးလိုက်သည်။ ပိုင်ရှောင်ချန်း၏အင်မော်တယ်ဂူကိုတစ်ချက်လှည့်ကြည့်လိုက်ပြီး ကျိန်းယွမ်သုန်နှင့်အတူထွက်ခွာလာခဲ့လေ၏။
အင်မော်တယ်ဂူထဲတွင် ပိုင်ရှောင်ချန်းသည် စိတ်လှုပ်ရှားကာအသက်ပင်မနည်းရှူနေရသည်။ ကျိန်းယွမ်သုန်ထွက်ခွာသွားသည်ကိုပင် သူသတိမပြုမိချေ။ ညရောက်သည်အထိ စိတ်လှုပ်ရှားမှုကြောင့် တွေဝေမှင်တက်မိနေသည်။ နောက်ဆုံးတွင် သူသည်ခေါင်းကိုမော့ကြည့်ကာ သူ၏မျက်လုံးများသည် ဝင်းလက်တောက်ပနေသည်။
“ငါထာဝရအသက်ရှင်နေနိုင်တော့မယ်…” သူသည် တုလင်ဖေးအကြောင်းကိုရင်ထဲ၌သိမ်းဆည်းလိုက်ပြီး အင်မော်တယ်ဂူအပြင်သို့လမ်းလျှောက်ထွက်လာခဲ့လေ၏။ သူသည် သူနေထိုင်ရာကမ္ဘာကြီးအကြောင်းတွေးနေပြီး ထာဝရအသက်ရှင်နေထိုင်လိုခြင်းဟူသောသူ၏ဆန္ဒကိုလည်းတွေးနေမိသည်။
သူ၏လက်ထဲတွင်ကိုင်ထားသော ကျောက်စိမ်းပေလွှာလေးခုကိုကြည့်ရှုပြီးနောက် သူ၏မျက်လုံးများသည်မျှော်လင့်ချက်အပြည့်ဖြင့်ဝင်းလက်သွားသည်။
သခင်္ျိင်းစောင့်ပေးခဲ့သော ထာဝရအပိုင်း၏ဒုတိယတွဲကိုပြန်လည်တွေးမိပြီး သူကရေရွတ်လိုက်သည်။ “အခုဆိုရင် ငါက ထာဝရအပိုင်းရဲ့ဒုတိယတွဲဖြစ်တဲ့ ထာဝရကောင်းကင်ဘုရင်ကိုကျင့်ကြံနိုင်ပြီ။”
သူသည် ဒုတိယတွဲကိုယခင်ကလည်းကြည့်ခဲ့ဖူးပြီး ထာဝရအရေပြားထက်ပိုပြီးအစွမ်းထက်သော အဆင့်လေးဆင့်အဖြစ်ပိုင်းခြားထားကြောင်းသိလေသည်။ ထို့အပြင် ပထမအဆင့်ကိုကျင့်ကြံခြင်းကပင် သူ့အားလည်မျိုဖမ်းဆုပ်ကွက်ထက်ပင်ပို၍သာလွန်ကောင်းမွန်သည့် လျှို့ဝှက်ပညာရပ်တစ်မျိုးကိုတတ်မြောက်စေမည်ဖြစ်ကြောင်း သူသိလေသည်။
” တောင်ဖြိုသိုင်း ”
ညသည် လျင်မြန်စွာကုန်ဆုံးသွားသည်။ မနက်အာရုဏ်တက်အချိန်တွင် သူသည်ဂူအပြင်သို့ထပ်မံထွက်ကာ ထွက်ပေါ်လာသောနေလုံးကြီးကိုကြည့်ရှုနေသည်။ ယခုအချိန်တွင်မူ သူသည် တုလင်ဖေးပျောက်ဆုံးသွားသည့်ကိစ္စကို စိတ်ထဲမှရှင်းရှင်းလင်းလင်းထုတ်ပယ်ထားလေသည်။
“ပိုင်ရှောင်ချန်းပြန်ရောက်လာပြီကွ…” သူ၏အင်္ကျီလက်ကိုပင့်တင်ကာ ခေါင်းကိုမော့လျက် အလင်းတန်းတစ်ခုအသွင်ဖြင့် တာအိုသစ်စေ့တောင်ဆီသို့ဦးတည်ပျံသန်းသွားလေတော့သည်။