ရုတ်တရက်ပင် နတ်မိစ္ဆာ စစ်သည်တော်များ ပြေးထွက်လာကြလေသည်။ သူတို့ နောက်တွင်တော့ နတ်မိစ္ဆာ ရှစ်ယောက်က ဝေါယာဉ်တစ်ခုကို ထမ်းလာကြလေသည်။ ထို ဝေါယာဉ်ထက်တွင် အစိမ်းရောင် ဝတ်ရုံဖြင့် မိန်းကလေး ထိုင်နေလေသည်။
ခေါင်းကိုးလုံးမင်းကြီးမှာ အစိမ်းရောင်ကို မုန်းသည့်အတွက် သူမ၏ ဝတ်ရုံကို သဘောကျခြင်း မရှိပါ။ သို့သော် သူမမှာ လွန်စွာမှ ချောမောလှပသည့် မိန်းမပျိုလေး ဖြစ်နေသည့်အတွက် ကျေနပ် သွားရလေသည်။ သူကလည်း သူ၏ ဂုဏ်အဆင့်အတန်းနှင့် ကိုက်ညီသည့် လှပသည့် ဇနီးလောင်းကို ရှာဖွေနေသူ ဖြစ်သည့်အတွက် မိန်းမပျိုကို စိတ်ဝင်စားမိပြီ ဖြစ်လေသည်။ ဟိုင်သခင်ကြီးက သူ၏ ကိုယ်လုပ်တော်များကို တန်ဖိုးမထားသလို သူကလည်း ကိုယ်လုပ်တော်များထဲမှ မည်သူ့ကိုမျှ ဇနီးလောင်းအဖြစ် မရွေးချယ်ချင်ပါ။
ယခုတွေ့နေရသည့် နတ်မိစ္ဆာ မိန်းမပျိုကတော့ သူနှင့် အလွန်သင့်တော်သည့် နတ်မိစ္ဆာမလေး ဖြစ်လေသည်။ ဤသည်မှာ လူသားများ ပြောလေ့ရှိကြသည့် ဖူးစာဆိုသည့် အရာများလေလား။
အသွင်ပြောင်း ပစ္စည်းမှာ သူမပိုင်ဆိုင်သည့် ပစ္စည်းဖြစ်ပုံ ရလေသည်။ တစ်ချက်ခုတ် နှစ်ချက်ပြတ် ဖြစ်ရတော့မည့်အတွက် ကောင်းပင် ကောင်းသေးသည်ဟု ခေါင်းကိုးလုံးမင်းကြီး စဉ်းစား နေမိလေသည်။
ခေါင်းကိုးလုံးမင်းကြီးမှာ သူ၏နတ်မိစ္ဆာ မိဖုရားလောင်းကို ကြိုက်မရှက် ငိုက်မရှက် ဆိုသည့်အတိုင်း ငမ်းနေလေသည်။ သူ၏ အကြည့်မှာ စူးရှနေပြီး သူ၏ ခေါင်းကိုးလုံးဖြင့် ပုံစံမှာ လွန်စွာမှ ကြောက်မက်ဖွယ်ရာ ဖြစ်နေလေသည်။
သူ့ဆီမှ နတ်မိစ္ဆာ ဘုရင်တစ်ပါး၏ အရိပ်အငွေ့များ ထွက်ပေါ်နေသည့် အတွက် နတ်မိစ္ဆာငယ်များမှာ လွန်စွာမှ ကြောက်လန့်သွားကြပြီး သူတို့၏ မူလရုပ်သဏ္ဌာန်များ ဖြစ်သည့် တိရစ္ဆာန် သဏ္ဌာန်များပင် ပေါ်လာကြလေသည်။
အစိမ်းရောင် မိန်းကလေး၏ ဝေါယာဉ်ကို ထမ်းလာသည့် နတ်မိစ္ဆာ ငယ်များမှာလည်း မူလပုံ သဏ္ဌာန်များ ပြောင်းကုန်ကြသည့်အတွက် ဝေါယာဉ်မှာ မြေပြင်ပေါ်သို့ ပြုတ်ကျ သွားရလေသည်။
အစိမ်းရောင် မိန်းကလေးက မတ်တတ် ရပ်လိုက်ရင်း …
“ကျုပ်ရဲ့ ပိုင်နက်ဖြစ်တဲ့ ချွေ့ဖိန်တောင်ကို သင်က ဘာလာလုပ်တာလဲ မင်းကြီး”
ဟု မေးလိုက်လေသည်။
အစိမ်းရောင်ဝတ် မိန်းကလေးမှာ လွန်စွာမှ စွဲဆောင်မှု ရှိနေသည်ဟု ခေါင်းကိုးလုံးမင်းကြီး ခံစားလိုက်ရသည်။ ယခင်က သူတွေ့မြင်ဖူးသမျှ မိန်းကလေးတိုင်းထက် သူမက ရုပ်ရည်ရော၊ ပညာပါ အဆပေါင်းများစွာ သာလွန်လေသည်။
စိတ်ပျက်ရသည်မှာတော့ သူမ၏ အစိမ်းရောင်ဝတ်ရုံပင် ဖြစ်သည်။ နောက်မှ ထိုအစိမ်းရောင် ဝတ်ရုံကို အနီရောင်ဝတ်ရုံ ပြောင်းဝတ် ခိုင်းတော့မည်ဟု တွေးလိုက်မိသည်။ အနီရောင်နှင့်ဆိုလျှင် သူမကပိုပြီး စွဲမက်စရာ ကောင်းမည် ဖြစ်လေသည်။
“မိန်းကလေးငယ်လေး မင်းနာမည် ဘယ်လိုခေါ်ပါသလဲ။ ကျုပ်က ဒုက္ခပေးဖို့လာတာ မဟုတ်ပါဘူး”
သူက စကား ပြောလိုက်သည့်အတွက် သူ့ပါးစပ်ထဲမှ ငှက်မွေးများ ထွက်လာလေသည်။
ခေါင်းကိုးလုံးမင်းကြီးမှာ သူ့ကိုယ်သူ သဘောပေါက်သွားပြီး သူ၏ ခေါင်းရှစ်လုံးကို ချက်ချင်း ဖျောက်လိုက်ကာ ခန့်ညားသည့် လူရွယ်တစ်ယောက်အသွင် ချက်ချင်း ဖန်ဆင်းလိုက်လေသည်။ သို့တိုင်အောင် သူ၏ နဖူးထက်တွင် တောက်ပနေသည့် မှဲ့နီရှစ်လုံးက ထွက်ပေါ်လျက် ရှိလေသည်။
အစိမ်းရောင်ဝတ် မိန်းကလေးမှာ ဤနတ်မိစ္ဆာ ဘုရင်ကို သိရှိခြင်း မရှိပါ။ သို့သော် နတ်မိစ္ဆာ ဘုရင်ထံမှ ကြီးမားသည့် တန်ခိုးစွမ်းအားကို ခံစားမိလေသည်။ ရှီးဟွမ်ရှိ တန်ခိုးစွမ်းအား အကြီးမားဆုံး နတ်မိစ္ဆာ ဘုရင်ပင်လျှင် ဤနတ်မိစ္ဆာ ဘုရင်လောက် တန်ခိုးစွမ်းအား ကြီးမည်မဟုတ်ပေ။ ထို့ပြင် နတ်မိစ္ဆာဘုရင်များ အားလုံးမှာ အကြောက်အလန့် ရှိကြသူများ မဟုတ်ပေ။ ထို့ကြောင့် အလိုက်အထိုက်ပင် ဆက်ဆံရန် အစိမ်းရောင် မိန်းကလေးက ဆုံးဖြတ်လိုက်လေသည်။
“ကျုပ်နာမည်ကက ကွေလိပဲ။ သင်က ဘယ်နတ်ဘုရား တောင်ကလဲ။ ပြီးတော့ ဒီကို ဘာလာ လုပ်တာလဲ”
သူမက လေသံကို အတတ်နိုင်ဆုံး နူးညံ့အောင်လုပ်ပြီး မေးလိုက်လေသည်။
ခေါင်းကိုးလုံးမင်းကြီးက ရယ်မောလိုက်လေသည်။ သူ၏ ရယ်သံကြောင့် ပတ်ဝန်းကျင်ရှိ မိုးမြေ စွမ်းအားများ လှုပ်ရှားသွားပြီး ချွေ့ဖိန်တောင် တစ်ခုလုံး လှုပ်ခတ် နေသကဲ့သို့ပင် ခံစားရလေသည်။
“ကွေလိတဲ့လား။ အတော်လှတဲ့ နာမည်ပဲ။ မိန်းကလေးငယ်လေး မင်းက အရမ်းလည်း ချောမောလှပတယ်။ ကျုပ်ရဲ့ ရေအောက်နန်းတော်ကို လိုက်လာပြီး ကျုပ်ရဲ့မိဖုရား လုပ်ပါလား။ မင်းဘဝ တစ်လျှောက်လုံး ကျုပ်က ကာကွယ်ပေးမယ်။ ဒီတောင်တွေ မြစ်တွေကြားထဲ မင်းဒုက္ခခံစရာ မလိုတော့ဘူးပေါ့”
ဟု ပြောလိုက်လေသည်။
ခေါင်းကိုးလုံးမင်းကြီး၏ စကားကြောင့် ကွေလိက ဒေါသထွက်သွားခြင်း မရှိပါ။
“မင်းကြီး သင့်ရဲ့ ကြင်နာမှုအတွက် ကျေးဇူးပါပဲ။ ဒါပေမယ့် ကျုပ်က ဒါမျိုးတွေ မလိုအပ်ဘူး။ ဒီတော့ ပြောစရာစကား မရှိတော့ဘူးဆိုရင် သွားပါတော့”
သူမက ပြန်ပြောလိုက်လေသည်။
“မင်းဒီလိုပြောလို့ မရဘူးလေ”
ခေါင်းကိုးလုံးမင်းကြီးက ဒေါသတကြီး ပြောလိုက်လေသည်။ သူ၏ မျက်နှာနားတွင် အနက်ရောင် တိမ်တိုက်များ ရစ်သိုင်းလာလေသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ မျက်နှာထဲမှာ အနက်ရောင် အငွေ့များ ထွက်လာသောကြောင့် ဖြစ်လေသည်။
ထိုသို့ ဖြစ်ရသည်မှာ မဟာနတ်မိစ္ဆာ တန်ခိုးကြောင့် ဖြစ်သည်ကို ကွေလိ ရိပ်မိလိုက်သည်။ ထိုအနက်ရောင်အငွေ့ စီးကြောင်းမှာ အစိမ်းရောင်ဝတ် မိန်းကလေးကို လာရောက် ထိခတ်လေသည်။ တစ်ချိန်တည်းမှာပင် မြေပြင်မှာလည်း ပေအနည်းငယ်မျှ ကျွံဝင်သွားလေသည်။ အနက်ရောင်အငွေ့ စီးကြောင်းထဲတွင် ကျောက်တုံးများနှင့် သဲများ ပြည့်နေလေသည်။
ထိုနတ်မိစ္ဆာဘုရင်မှာ မည်သူမှန်း အစိမ်းရောင်မိန်းကလေး မသိပါ။ သို့သော် ထိုမျှလောက် တန်ခိုးစွမ်းအား ကြီးလိမ့်မည်ဟု မျှော်လင့် မထားခဲ့မိပေ။ သူက ထိုမျှ ကြောက်မက်ဖွယ်ရာ စွမ်းအားကို ပေါ့ပေါ့ပါးပါးပင် အသုံးပြုကာ တိုက်ခိုက်နေခြင်း ဖြစ်လေသည်။ အနက်ရောင် အငွေ့များမှာ ကြမ်းတမ်းပြီး ပြောင်းလဲမှု မရှိပေ။ ထိုအနက်ရောင် တန်ခိုးစွမ်းအားများသာ သူမကို ထိခိုက်မိလျှင် သူမ၏ တန်ခိုးစွမ်းအားများစွာ ကုန်ဆုံး သွားနိုင်လေသည်။
အဖြူရောင်နှင့် အနက်ရောင် စွမ်းအားနှစ်ခုက အစိမ်းရောင် မိန်းကလေးကို လှည့်ပတ်ကာကွယ် ထားလိုက်ပြီး သူမက ကောင်းကင်ထက်သို့ ခုန်တက်သွားလေသည်။ အနက်ရောင်အငွေ့ စီးကြောင်းမှာ နတ်မိစ္ဆာငယ်များကို ထိခိုက်မိသွားပြီး အလောင်းပါမကျန်အောင် လောင်ကျွမ်းသွားလေသည်။ အနက်ရောင်အငွေ့ စီးကြောင်းမှာ ပြင်းထန်လွန်းပြီး ရပ်တန့်သွားခြင်းလည်း မရှိပေ။ ထို့နောက် ခေါင်းကိုးလုံးမင်းကြီးက သူ၏တန်ခိုးကို ရုပ်သိမ်းလိုက်ပြီး ကွေလိကိုတော့ လုံးဝ ထိခိုက်စေခြင်း မရှိပါ။
ခြောက်လက်မခန့်သာ ရှိသည့် အသွင်ပြောင်း ပစ္စည်းလေးမှာ ခေါင်းကိုးလုံး မင်းကြီး၏ လက်ဖဝါးထက်သို့ ကျရောက်လာလေသည်။ ခေါင်းကိုးလုံး မင်းကြီးက အနက်ရောင်အငွေ့ စီးကြောင်း တစ်ခုဖြင့် ထိုပစ္စည်းလေးကို ထိန်းထားလိုက်ပြီး ကျေနပ်စွာဖြင့် ရယ်မောလိုက်လေသည်။ ထို့နောက် ထိုပစ္စည်းလေးကို သူ၏ခါးတွင် ချိတ်ထားလိုက်သည်။
ကွေလိက လေပေါ်တွင် ရပ်တန့်နေပြီး အနက်ရောင်အငွေ့ စီးကြောင်းကို ကြည့်နေလေသည်။ ခေါင်းကိုးလုံးမင်းကြီး၏ မဟာနတ်မိစ္ဆာ တန်ခိုးစွမ်းအားမှာ ခန့်မှန်း၍ မရနိုင်ပေ။ သူမပတ်လည်တွင် ဝန်းရံနေသည့် အဖြူရောင်နှင့် အနက်ရောင် စွမ်းအားများမှာ မြူမှုန်လေးများကဲ့သို့ ဖြစ်နေပြီး အစိမ်းရောင် ဝတ်ရုံကိုပင် ဖုံးကွယ်လုနီးပါး ဖြစ်နေလေသည်။ သူမကို ကြည့်ရသည်မှာ မြူခိုးများကြား ပွင့်လန်းနေသည့် အစိမ်းရောင် ကြာပန်းလေး အလားပင်။
သူမက ခေါင်းကိုးလုံးမင်းကြီးကို မထီမဲ့မြင် အထင်သေးသည့် အကြည့်ဖြင့် ငုံ့ကြည့်လိုက်သည်။
သူမဆီမှ ကျုံးဝါးသံတစ်ချက် ထွက်ပေါ်လာပြီး သူမက ထူးဆန်းသော လက်ဟန်တစ်ခု ပြုလုပ်လိုက်လေသည်။ ထူးဆန်းသော စွမ်းအားတစ်ခု စတင်ဖြစ်ပေါ်လာပြီး ထိုတန်ခိုး စွမ်းအားက လေထဲတွင် လွင့်မျောလာလေသည်။ ရုတ်တရက်မှာပင် ကောင်းကင် တစ်ခုလုံးတွင် အစိမ်းရောင် အပ်လေးများ ဖြစ်ပေါ်လာပြီး ထိုအပ်လေးများက ခေါင်းကိုးလုံး မင်းကြီးထံသို့ တိုးဝင် သွားလေတော့သည်။
အစိမ်းရောင် အပ်လေးများမှာ အစိမ်းရောင် အလင်းတန်းများ တောက်ပနေလေသည်။ လေထဲတွင်လည်း ဝှစ်ခနဲ ဝှစ်ခနဲ လေတိုးသံများ ထွက်ပေါ်နေပြီး တန်ခိုးစွမ်းအား မည်မျှ ကြီးမားကြောင်း သံသယ ဝင်စရာမလိုပေ။ ထိုအပ်လေးများသည် ခေါင်းကိုးလုံးမင်းကြီးကို အပေါက်ငယ်ပေါင်းများစွာ ထိုးဖောက် ပစ်နိုင်လေသည်။
သို့သော် ခေါင်းကိုးလုံး မင်းကြီးကလည်း ကြောက်လန့်သွားခြင်း မရှိပါ။ သူက အင်္ကျီလက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ပြီး အနက်ရောင်အငွေ့ စီးကြောင်းတစ်ခု ထုတ်လွှတ်လိုက်သည်။ ထိုအနက်ရောင်အငွေ့ စီးကြောင်းမှာ ရုတ်တရက်ပင် အေးခဲသွားပြီး အနက်ရောင် ဒိုင်းတစ်ခုအလား အစိမ်းရောင် အပ်လေးများကို ကာကွယ်ထားလိုက်လေသည်။
အစိမ်းရောင် အပ်လေးများမှာ အနက်ရောင်တံတိုင်းဖြင့် ထိခတ်သွားပြီး အဝေး တစ်နေရာရှိ ကျောက်ဆောင်များဆီသို့ လွင့်စဉ်ထွက်သွားလေသည်။ အပ်လေးများနှင့် ထိမိသည့် ကျောက်ဆောင် များမှာ အစိတ်စိတ် အမြွှာမြွှာ ကွဲကြေပျက်စီး ကုန်ကြတော့သည်။
“မင်းက တန်ခိုးတော့ ကြီးပုံရပါတယ်။ ဒါပေမယ့် ဒီလောက်ပဲလား”
ခေါင်းကိုးလုံးမင်းကြီးက ကြမ်းတမ်းစွာ ရယ်မောရင်း ပြောလိုက်လေသည်။
ထို့နောက်သူက လက်ကို ဝှေ့ယမ်းလိုက်ပြီး အနက်ရောင်အငွေ့ စီးကြောင်းတစ်ခုကို ကောင်းကင်ထက်သို့ ပစ်လွှတ်လိုက်လေသည်။ သူပစ်လွှတ်လိုက်သည့် နေရာမှာ ကွေလိ ရပ်တန့်နေသည့်နေရာ တည့်တည့်သို့ပင် ဖြစ်လေသည်။ ထိုအနက်ရောင်အငွေ့ စီးကြောင်းမှာ လျှပ်စီး လက်သကဲ့သို့ လျင်မြန်လွန်းလှသည်။
ကွေလိ၏ အကြည့်များက အေးစက်နေလေသည်။ သူမ၏ အဖြူရောင်နှင့် အနက်ရောင် စွမ်းအားများ ပေါင်းစည်းသွားပြီး အနက်ရောင် စွမ်းအားမှာ အဖြူရောင် စွမ်းအားအဖြစ်သို့ ပြောင်းလဲ သွားလေသည်။ ထိုသို့စွမ်းအား ပေါင်းစည်းခြင်းမှ အဖြူရောင် မီးတောက်တစ်ခု ထွက်ပေါ် လာလေသည်။ ထိုအဖြူရောင် မီးတောက်မှာ လင်းလက်တောက်ပနေပြီး ခေါင်းကိုးလုံး မင်းကြီး၏ အနက်ရောင်အငွေ့ စီးကြောင်းကို ကြမ်းတမ်းစွာဖြင့် လောင်ကျွမ်းသွားလေသည်။
သူမ အသုံးပြုလိုက်သည့် ပညာမှာ “ယင်” စွမ်းအားကို “ယန်” စွမ်းအားအဖြစ် ကူးပြောင်းသည့် ဂမ္ဘီရ ပညာတစ်မျိုး ဖြစ်လေသည်။ ထိုပညာမှာ လွန်စွာမှ အဆင့်မြင့်သည်။
ထိုအဖြူရောင် မီးတောက်မှာ အနက်ရောင်အငွေ့ စီးကြောင်းကို လောင်ကျွမ်းသွားပြီး ဆီအပြည့် ထည့်ထားသည့် ဒယ်အိုးထဲတွင် မီးစွဲလောင်သကဲ့သို့ အနက်ရောင်အငွေ့ စီးကြောင်းတစ်လျှောက် ပြင်းထန်စွာ လောင်ကျွမ်းနေလေတော့သည်။ ပြင်းထန်သော အပူချိန်သည် ခေါင်းကိုးလုံး မင်းကြီးကိုပါ ရိုက်ခတ်သွားလေသည်။
ထိုမီးတောက်မှာ ခေါင်းကိုးလုံးမင်းကြီး၏ ခန္ဓာကိုယ်ဆီသို့ ရောက်ရှိသွားသည့်အတွက် ခေါင်းကိုးလုံးမင်းကြီးက ပါးစပ်ကိုဟပြီး မြူခိုးများကို ထုတ်လွှတ်ကာ မီးတောက်ကို ငြှိမ်းသတ် လိုက်လေသည်။
“သိပ်ကောင်းတယ်”
ခေါင်းကိုးလုံးမင်းကြီးက အော်ဟစ်လိုက်သည်။ သို့သော် သူ၏ပုံစံမှာ ပုံမှန်အတိုင်းပင် ရှိနေပြီး မူလပုံသဏ္ဌာန်သို့ ပြောင်းလဲသွားခြင်းတော့ မရှိသေးပေ။
ခေါင်းကိုးလုံးမင်းကြီးက ပါးစပ်ကို ဖွင့်လိုက်ပြီး မီးတောက်လက်ကျန်များကို မြူခိုးများဖြင့် မှုတ်ထုတ်ကာ ငြှိမ်းသတ်လိုက်သည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်မှ သွေးကြောဆုံချက်များကို ပိတ်ဆို့လိုက်သည့်အတွက် သူ၏နှာခေါင်းမှာ အဆမတန် ကြီးမားလာကာ နှာခေါင်းထဲမှ မြူခိုးငွေ့များ ထွက်လာလေသည်။ ထိုမြူခိုးငွေ့များမှာ ကတ်ကြေးတစ်လက်အလား တစ်ခုနှင့်တစ်ခု ဖြတ်သန်းသွားပြီး ကွေလိကို တိုက်ခိုက် လိုက်လေတော့သည်။
ကွေလိ၏ ခြေဖဝါးအောက်တွင် တိမ်တိုက်တစ်ခု ဖြစ်ပေါ်လာပြီး ဘေးသို့ အသာအယာရွှေ့ကာ ထိုမြူခိုးငွေ့များကို ရှောင်တိမ်းလိုက်သည်။ သို့သော် လူက ရှောင်တိမ်း လိုက်နိုင်သော်လည်း လေထဲတွင် လွင့်နေသည့် သူမ၏ ဆံပင်အချို့ကတော့ ထိုမြူခိုးငွေ့များနှင့် ထိမိသွားပြီး လောင်ကျွမ်းပျက်စီး သွားရလေသည်။
“ယင်စွမ်းအားကနေ ယန်စွမ်းအားကို ပြောင်းပြီး စွမ်းအားတစ်ခုတည်း ဖြစ်သွားအောင် ပေါင်းစည်းလိုက်တာပဲ။ မင်းရဲ့ပညာ ဒါ အကုန်ပဲလား”
ခေါင်းကိုးလုံးမင်းကြီးက ကွေလိကို မေးလိုက်လေသည်။
ခေါင်းကိုးလုံးမင်းကြီးမှာ လွန်စွာမှ ဗဟုသုတ ကြွယ်ဝသူ ဖြစ်လေသည်။ ကွေလိ အသုံးပြုသည့် ဂမ္ဘီရပညာကို သူက သိရှိနေလေသည်။ ထိုပညာကို “ချန်ခွင်းယိချီ” ပညာဟု ခေါ်လေသည်။ ကျင့်ကြံသူ လောကမှ တာအိုဆရာများပင်လျှင် ထိုပညာကို အသုံးပြုနိုင်စွမ်း မရှိကြပေ။
သို့သော် ယခုအချိန်ထိ ခေါင်းကိုးလုံးမင်းကြီး၏ စိတ်ထားက မပြောင်းလဲသေးပါ။ အစိမ်းရောင် မိန်းကလေးက အစွမ်းထက်လေလေ ခေါင်းကိုးလုံးမင်းကြီးက သဘောကျလေလေ ဖြစ်နေလေသည်။ သူမကိုသာ မိဖုရား တင်မြှောက်ခွင့် ရမည်ဆိုလျှင် လွန်စွာမှပင် ဂုဏ်ယူစရာ ဖြစ်ပေတော့မည်။
ကွေလိ မချိပြုံး ပြုံးလိုက်လေသည်။
ယခုအချိန်ထိ နတ်မိစ္ဆာဘုရင်မှာ မည်သည့်ပညာမှ ထုတ်သုံးခြင်း မရှိသေးပေ။ သူ၏ မဟာနတ်မိစ္ဆာ တန်ခိုးစွမ်းအားဖြစ်သည့် အနက်ရောင်အငွေ့ စီးကြောင်းကိုသာ အသုံးပြုပြီး တိုက်ခိုက်နေခြင်း ဖြစ်လေသည်။ သို့သော် ချန်ခွင်းယိချီပညာဖြင့် ဖန်ဆင်းထားသည့် သန့်စင်သည့် ရွှမ်ယန်မီးတောက်က ထိုနတ်မိစ္ဆာဘုရင်ကို မထိခိုက်နိုင်ခြင်းကတော့ လွန်စွာမှ ကြောက်စရာ ကောင်းသည့် အချက်ဖြစ်သည်။
ထိုနတ်မိစ္ဆာ ဘုရင်ကို အနိုင်ရရန် မဖြစ်နိုင်တော့ပြီ။ ထို့ကြောင့်သူမ လွတ်မြောက်အောင် ထွက်ပြေးပြီးမှ ယင်စွမ်းအားနှင့် ယန်စွမ်းအား အပြင် ဒြပ်စင်ငါးမျိုး စွမ်းအားကိုပါ ကျင့်ကြံအောင်မြင်မှ ပြန်လည် ရင်ဆိုင်သင့်သည်ဟု စဉ်းစားလိုက်မိသည်။ ထို့ပြင် ယခုအချိန်တွင်လည်း သူမ၏ တန်ခိုးစွမ်းအား များစွာကို သုံးလိုက်ရသည့်အတွက် လွန်စွာမှ အားအင်ကုန်ခန်းနေပြီ ဖြစ်လေသည်။
ကွေလိက ဆက်လက် မတိုက်ခိုက်တော့ဘဲ ဆုတ်ခွာရန် စဉ်းစားလိုက်သည်။ ရောင်စဉ်ငါးမျိုး အလင်းတန်း တစ်ခုသည် ကောင်းကင်ထက်တွင် လင်းလက်သွားပြီး ကွေလိမှာ အမည်မသိ အစိမ်းရောင် ငှက်တစ်ကောင် ပုံသဏ္ဌာန်အဖြစ် ပြောင်းလဲသွားလေသည်။ ထိုငှက်က သူမ၏ အတောင်ပံများကို ဖြန့်ကားထားလေသည်။
ခေါင်းကိုးလုံးမင်းကြီးမှာ သူမကို ထိုသို့လွယ်လွယ်ဖြင့် လွှတ်မပေး လိုက်နိုင်ပါ။ သူက အမြဲတမ်း နောက်ကြောင်းရှင်းအောင် လုပ်တတ်သည့် အလေ့အထ ရှိလေသည်။ ထို့ပြင် ဤမိန်းကလေး၏ ဇာစ်မြစ်မှာ ထူးဆန်းလေသည်။ သူမက အကူအညီများ ခေါ်လာပြီး သူ့ကိုပြန်လည် တိုက်ခိုက်မည်ကို သူ မလိုလားပေ။ သူသာ သူမကို ယခုတစ်ခါတည်း ဖမ်းဆီး ခေါ်ဆောင်သွားနိုင်လျှင် သူ့အတွက် စိတ်အေးလက်အေး ဖြစ်ရမည် ဖြစ်လေသည်။
ခေါင်းကိုးလုံးမင်းကြီးက အနက်ရောင် အလင်းတန်း တစ်ခုကို ထုတ်လွှတ်လိုက်လေသည်။ ထိုအနက်ရောင် အလင်းတန်းမှာ ထူးဆန်းသည့် နဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားပြီး ထိုနဂါးက ကွေလိ၏ မူလပုံသဏ္ဌာန် ဖြစ်သည့် အစိမ်းရောင်ငှက်ထံမှ ထွက်ပေါ်နေသည့် ရောင်စဉ်တန်း ငါးခုဆီသို့ တိုးဝင် သွားလေသည်။ မဟာနတ်မိစ္ဆာ တန်ခိုးမှ ဖန်ဆင်းထားသည့် အနက်ရောင်နဂါးမှာ အန္တရာယ် အလွန်ကြီးကြောင်း ကွေလိ ရိပ်မိလေသည်။
သူမက လေထဲတွင် စောင်းပြီး ပျံသန်းရင်း ထိုအနက်ရောင် နဂါးကို ရှောင်တိမ်းလိုက်လေသည်။ သို့သော် ထူးဆန်းသည့်နဂါးမှာ ပြောင်းလဲပြင်လွယ်ဖြစ်သည့် သဘောရှိပြီး အမြီးကို ဝှေ့ယမ်းပြီး သူမနောက်မှ ထပ်ကြပ်မကွာ လိုက်လာလေသည်။
ခေါင်းကိုးလုံးမင်းကြီးက နောက်ထပ် အနက်ရောင် အလင်းတန်း ရှစ်ခုကို ထုတ်လွှတ်လိုက်ပြီး နဂါးရှစ်ကောင်အဖြစ် ပြောင်းလဲသွားကာ ကွေလိကို လေးဘက်လေးတန်မှ ပိတ်ဆို့ထားလိုက်လေသည်။
ကွေလိ၏ မူလပုံသဏ္ဌာန် ဖြစ်သည့် အမည်မသိ အစိမ်းရောင်ငှက်မှာ နဂါးများ ကြားထဲမှ ထိုးဖောက်ထွက်ရန် ကြိုးစားလိုက်သည်။ သို့သော် အသုံးမဝင်ပေ။
ခေါင်းကိုးလုံးမင်းကြီးက အလျင်လိုခြင်း မရှိပါ။ သူက ကွေလိ ခြေကုန်လက်ပန်း ကျလာသည်အထိ တန်ခိုးစွမ်းအားကို ဖြည်းဖြည်းချင်း ထုတ်လွှတ်ပြီး တိုက်ခိုက်ရန် ဆုံးဖြတ် ထားလေသည်။
ကွေလိကလည်း ခေါင်းကိုးလုံးမင်းကြီး၏ အကြံကို ရိပ်မိလေသည်။ ထို့ကြောင့် သူမက ဝမ်းနည်းစွာဖြင့် အော်ဟစ်လိုက်လေသည်။ သူမ၏ အသံကို ကြားရသူတိုင်း သူမနှင့်ထပ်တူ ဝမ်းနည်း ကြေကွဲခြင်းကို ခံစားရမည် ဖြစ်လေသည်။
ခေါင်းကိုးလုံးမင်းကြီးမှာ ကွေလိ၏ အော်သံမှ ဝိညာဉ်စွမ်းအား တစ်ခုကို ခံစားလိုက်ရသည့် အတွက် မျက်မှောင်တစ်ချက်ကြုတ် လိုက်မိလေသည်။ တစ်ချိန်တည်းမှာပင် ကွေလိကလည်း သူမ၏ အတောင်ပံများကို လှပစွာ ဖြန့်လိုက်ပြီး အလင်းလုံး တစ်လုံးကို ထုတ်လွှတ်လိုက်လေသည်။ ထိုအလင်းလုံးလေးမှ အလင်းလုံးလေးများစွာ ဖြာကျလာပြီး သန့်စင်သည့် ရွှမ်ယန်မီးတောက်များ အဖြစ် ပြောင်းလဲသွားလေသည်။ ပထမအကြိမ် ကွေလိ ထုတ်လွှတ်ခဲ့သည့် မီးတောက်ထက် အဆပေါင်းများစွာ လင်းလက်နေလေသည်။ ထိုမီးတောက်များနှင့် ထိခိုက်မိသည်နှင့် အနက်ရောင် နဂါးကိုးကောင်မှာ ပြာဘဝသို့ ကူးပြောင်းသွားရ လေတော့သည်။ ထို့နောက် ရောင်စဉ်ငါးမျိုး ဖြာလဲ့သွားပြီး ကွေလိသည် တောင်များကြားသို့ တိုးဝင်ပျောက်ကွယ် သွားလေတော့သည်။ ခေါင်းကိုးလုံးမင်းကြီးမှာ ဒြပ်စင်ငါးမျိုး ဝိညာဉ်စွမ်းအားကို လှိုင်းလုံးကြီး လိမ့်လာသည့်သဖွယ် ခံစား လိုက်ရသည့်အတွက် ထိတ်လန့်သွားရ လေသည်။
ကွေလိမှာ သူမ၏ ရွှေပြဒါး အမြုတေ စွမ်းအားကို အသုံးပြုကာ ဝေးနိုင်သမျှ ဝေးဝေးသို့ ပျံသန်း လာခဲ့လေသည်။ သူမသုံးခဲ့သည့် ပညာမှာ “ဂမ္ဘီရလွတ်လမ်းပညာ” ဖြစ်လေသည်။ ထို့နောက် သူမက တောင်များကြားသို့ ပျံသန်းသွားပြီး မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။
သူမသုံးခဲ့သည့် ပညာက ခေါင်းကိုးလုံးမင်းကြီးကို ဒုက္ခရောက်အောင်တော့ လုပ်နိုင်ခဲ့သလို ခေါင်းကိုးလုံး မင်းကြီးမှာလည်း သူမ၏ ဆုံးဖြတ်ချက်ကြောင့် များစွာအံ့သြ နေရလေသည်။ ထိုပညာကို အသုံးပြုလိုက်သည့် အတွက် အစိမ်းရောင်ဝတ် မိန်းကလေးမှာ လူယောင် ဖန်ဆင်းနိုင်ခြင်း စွမ်းအားကို ဆုံးရှုံးရမည် ဖြစ်သည့်အပြင် အသက်လည်း တိုသွားမည် ဖြစ်လေသည်။ ထိုအခြေအနေမှ ပြန်ကောင်းလာရန်မှာ လွန်စွာမှ ခက်ခဲပေလိမ့်မည်။ လူအသွင် ပြန်ပြောင်းရန်အတွက် ဆိုလျှင်လည်း နောက်ထပ် မိုးကြိုးပစ်ခြင်းကို ထပ်မံ ခံစားပြီးမှသာလျှင် လူအသွင် ပြောင်းနိုင်တော့မည် ဖြစ်လေသည်။
အစိမ်းရောင် မိန်းကလေး နှစ်ပေါင်းများစွာ အပင်ပန်းခံပြီး ကျင့်ကြံခဲ့သမျှ အရာအားလုံး ပျက်စီးသွားခဲ့ပြီ။ ထိုသို့ဖြစ်ရသည်ထက် အသက်သေသည်ကမှ တော်ဦးမည် ဖြစ်လေသည်။
နောက်တစ်နေ့ နံနက်ခင်း …
ဆန်းလျန်က တာအိုကျောင်းတော် တံခါးကို အသာ ဖွင့်လိုက်လေသည်။
တောင်တစ်ခုလုံး ဆီးနှင်းများ ဖုံးလွှမ်းနေလေသည်။ ပတ်ဝန်းကျင် တစ်ခုလုံးက ငြိမ်းချမ်းစွာဖြင့် တိတ်ဆိတ် ငြိမ်သက်နေလေသည်။ အဖြူရောင်နှင်းများကို မြင်ရခြင်းက သူ၏စိတ်ကို လန်းဆန်း သွားစေသည်။
ထိုစဉ် …
စာငှက်ငယ်လေး တစ်ကောင် ပျံသန်းလာပြီး သူ့ရှေ့တွင် လာရောက်ရပ်နား နေသည်ကို တွေ့လိုက်ရလေသည်။
***