သို့သော် သူ နားမလည်နိုင်သည့် အရာများကို မတွေးတော့ရန် ဆန်းလျန် ဆုံးဖြတ် လိုက်လေသည်။
လောကတွင် နားမလည်နိုင်သည့် ကိစ္စများမှာ လွန်စွာမှ များပြားရကား နောက်ထပ် နားမလည်နိုင်စရာ တစ်ခုကို ထပ်လောင်းပြီး တွေးမနေ လိုတော့ပေ။
ဆန်းလျန် သေစေခြင်းကျောင်းတော် တည်ရှိရာ တောင်ပေါ်သို့ ရောက်သည့် အချိန်တွင်တော့ အရုဏ်တက်ခဲ့ပြီ ဖြစ်လေသည်။ မြက်ပင်လေးများပေါ်တွင် နှင်းစက်လေးများက စိုဆွတ်နေလေသည်။ နှင်းစက်လေးများကြောင့် မြက်ပင်လေးများမှာ ယိမ်းနွဲ့ပြီး လဲကျတော့မလို ဟိုယိမ်းဒီယိမ်း ဖြစ်နေရသည်။ နှင်းစက်လေးများမှာ အရုဏ်ဦး နေရောင်ခြည်အောက်တွင် ကြယ်စင်လေးများအလား မှော်ဆန်စွာဖြင့် ကြည်လင်တောက်ပ နေလေသည်။
ထိုရှုခင်းလေးကို ငေးရင်း ဆန်းလျန်တစ်ယောက် သေစေခြင်း ကျောင်းတော်သို့ ရောက်ရှိ လာခဲ့သည်။ သေစေခြင်း ကျောင်းတော်မှာ ကြီးမားသော ကျောက်တုံးကြီးများဖြင့် ဆောက်လုပ် ထားသည့် မြင့်မားသည့် ကျောင်းတော်ကြီးတစ်ခု ဖြစ်လေသည်။ ကျောင်းတော်ဝင်ပေါက် တံခါးနှင့် မနီးမဝေးတွင် လမ်းလေးတစ်ခု ရှိပြီး ထိုလမ်းလေးမှ လှမ်းကြည့်လျှင် တောင်ခြေကို မြင်ရလေသည်။
သေစေခြင်း ကျောင်းတော်မှာ လွန်စွာမှ ရိုးရှင်းသည့် တာအိုဝတ်ကျောင်းတော် တစ်ခု ဖြစ်လေသည်။ တာအိုကျင့်စဉ် လမ်းအပေါ် ချန်ကျန့်မေ ထားရှိသည့် သဘောထားကို ထို ကျောင်းတော်ကြီးကို ကြည့်ခြင်းဖြင့် သိမြင်နိုင်သည်။ ချန်ကျန့်မေ ဆိုသည်က ဓားသိုင်းပညာမှ လွဲပြီး မည်သည့် အရာကိုမျှ သိပ်ပြီး ဂရုမစိုက်လှသည့် လူတစ်ယောက်ပင်။
ကျောင်းတော်၏ ခန်းမဆောင်ထဲတွင် နတ်ဘုရားရုပ်တု တစ်ခုကို ကိုးကွယ်ထားလေသည်။ နံရံထက်တွင် လက်ရေးမူ စာလုံးတစ်ခုကို ရေးသား ချိတ်ဆွဲထားသည်။ “ယွမ်” ဟူသည့် စာလုံး တစ်လုံးတည်းကိုသာ ရေးသားထားခြင်း ဖြစ်လေသည်။
“ယွမ်”
ဆရာဘိုးဘိုး ယွမ်ချင်းကို ကိုယ်စားပြုသည့် “ယွမ်” လား …
အသစ်သော အစပြုခြင်းဟု အဓိပ္ပာယ်ရသည့် “ယွမ်” လား …
သို့မဟုတ် အခြားသော အဓိပ္ပာယ် တစ်ခုခုလား …
ထို “ယွမ်” ဆိုသည့် စာလုံးကို ရေးထားသည့် လက်ရေးမှာ ချန်ကျန့်မေ၏ လက်ရေးပင် ဖြစ်လေသည်။ ထိုစာလုံး၏ နောက်ကွယ်တွင် မည်သို့သော နက်နဲသည့် အဓိပ္ပာယ် ရှိနေသည်လဲ ဆန်းလျန် မသိပါ။
ချန်ကျန့်မေ အသုံးပြုသွားသည့် နောက်ဆုံး ဓားကွက်ကို ဆန်းလျန် ပြန်စဉ်းစားလိုက်သည်။
သွေးနီရောင်ဓားသွား …
ထို့နောက် ချန်ကျန့်မေ ရေးသားထားသည့် စာလုံးကို ထပ်ကြည့်လိုက်သည်။
ထိုနှစ်ခုမှာ ထူးခြားစွာ ဆက်စပ်နေသည်ဟု ဆန်းလျန် တွေးလိုက်မိလေသည်။ စာလုံးတွင် ရေးသားထားသည့် စုတ်ချက်တိုင်းသည် ဓားသွားတစ်ခုအလား ထက်ရှနေပြီး စာလုံး၏ စုတ်ချက် အဆုံးသတ်တိုင်းသည် အရားအားလုံးကို ထိုးခွဲ ဖျက်ဆီးတော့မည့်ဟန် ဖြစ်နေလေသည်။ ထိုစုတ်ချက် အဆုံးသတ်များသည် မရဏ သွေးနီရောင် ဓားသွား၏ ထိပ်ဖျားနှင့် ဆင်တူနေလေသည်။
ထို “ယွမ်” စာလုံးနှင့် သွေးနီရောင် ဓားသွားကို ဆန်းလျန် ဆက်စပ် ကြည့်လိုက်သည့်အခါ သူ၏ ဝိညာဉ်တွင် စူးရှသည့် နာကျင်မှု တစ်ခုကို ခံစားလိုက်ရလေသည်။ ထိုနာကျင်မှုမှာ သူ၏ နှလုံးသားကို အပ်တစ်ချောင်းနှင့် စွနေသကဲ့သို့ပင် ဖြစ်လေသည်။
ထို့ပြင် ထိုလက်ရေး စာလုံးမှလွဲပြီး အခြားမည်သည့် ပစ္စည်းမှ ကျေင်းတော်ထဲတွင် မရှိပါ။
ထိုလက်ရေး စာလုံးမှာ ချန်ကျန့်မေက ဆန်းလျန်အတွက် ရည်ရွယ်ချက် ရှိရှိဖြင့် တမင် ချန်ထားခဲ့ခြင်း ဖြစ်ဟန် တူလေသည်။ မဟုတ်လျှင် သူ၏ စရိုက်သဘာဝအရ ချန်ကျန့်မေမှာ မည်သည့် အရာကိုမျှ ချန်ထားရစ်ခဲ့မည့် လူမျိုး မဟုတ်ပေ။
ဆန်းလျန်အတွက်မှ မဟုတ်ပါ။ ချင်းရွှမ် နတ်တံခါးမှ ရောက်လာမည့် မည်သူ့ အတွက်မဆို ထိုစာလုံးကို ချန်ထားခဲ့ခြင်း ဖြစ်ဟန်ရှိလေသည်။ ထိုသူမှာ ချန်ကျန့်မေ၏ ရည်ရွယ်ချက်အတိုင်း လုပ်ဆောင်မည့်သူ ဖြစ်ပေလိမ့်မည်။
တာအိုဆရာရှီမှာ စွမ်းအားကြီးသူ တစ်ယောက် ဖြစ်ပါသည်။ သို့သော် တာအိုဆရာရှီထက် စွမ်းအား ကြီးမားသူများ ချင်းရွှမ် နတ်တံခါးတွင် ရှိပါသေးသည်။
ဆရာသခင် ကျန်းရော့ရွှီးမှာ ဆန်းလျန်ထက် ချန်ကျန့်မေကို ပိုပြီး ချစ်ခင်အားကိုးသူ ဖြစ်လေသည်။ ချန်ကျန့်မေမှာလည်း ဆရာသခင်ထံမှ အခြားသူများ မသိနိုင်သည့် ပညာရပ်များကို သင်ယူခဲ့ရသူ ဖြစ်လေသည်။ ထို့ကြောင့် ချန်ကျန့်မေသည် ဆရာသခင် ကျန်းရော့ရွှီး၏ ကျေးဇူးကို မသိတတ်သည့် သူတစ်ယောက် မဟုတ်ခဲ့ပါ။ ဤဖြစ်ရပ် တစ်ခုလုံးတွင် ဆရာသခင် ကျန်းရော့ရွှီး ပါဝင် ပတ်သက်နေမည် ဆိုပါက ဖြစ်ရပ်တစ်ခုလုံးမှာ တစ်မျိုး ပြောင်းလဲသွားနိုင်ပေသည်။
မည်သို့ပင်ဖြစ်စေ သေစေခြင်း ကျောင်းတော်ကို ဆန်းလျန် သဘောကျလေသည်။ ယခုတလော စိတ်ရှုပ်ထွေးစရာ များဖြင့် ကြုံတွေ့ ခဲ့ရသည့်အတွက် တိတ်ဆိတ်ငြိမ်သက်သည့် နေရာတစ်ခုတွင် ဆန်းလျန် နေချင်မိလေသည်။ သူ မည်သည့် အကြောင်းအရာ များကိုမှ စဉ်းစားလိုခြင်း မရှိတော့ပါ။ အဆုံးထိ ပြောရလျှင် အတွင်းအား ကျင့်စဉ်ကိုပင် ကျင့်ချင်စိတ် မရှိတော့ပါ။ မည်သည့် အရာကိုမှ လုပ်ချင်ကိုင်ချင်စိတ် မရှိ ဖြစ်နေရ လေသည်။
လူ့စိတ်ဆိုသည်က ဒီရေကဲ့သို့ တက်လိုက်ကျလိုက် အမြဲဖြစ်နေသည့် သဘော ရှိလေသည်။ သို့သော် … စိတ်တည်ငြိမ် အေးချမ်းနေသည်ကတော့ လူတစ်ယောက်အတွက် အကောင်းဆုံး ဖြစ်လေသည်။
လူဆိုသည်က အတွေ့အကြုံ များလာလေလေ တစ်ယောက်တည်းနေသည့် အချိန်တစ်ခုရှိရန် လိုအပ်လေလေ ဖြစ်လေသည်။ မည်သည့်အရာကိုမျှ မတွေးတော့ဘဲ စိတ်ကို အနားပေးရန် လိုအပ်လေသည်။ ထိုအခါမှသာ စိတ်သစ်လူသစ်ဖြင့် ဘဝ၏ အခက်အခဲများကို ပြန်လည် ရင်ဆိုင်နိုင်မည် ဖြစ်လေသည်။
ဆန်းလျန် ရင်ဆိုင်နေရသည့် ဘဝ၏ အခက်အခဲမှာတော့ ကျင့်စဉ်လမ်းပင် ဖြစ်လေသည်။ သူ့အတွက် ဟိုင်သန်းအဆင့်သို့ တက်ရောက်နိုင်ရန် အလှမ်း ဝေးနေသေးသည်။ ထိုသို့ အလှမ်းဝေး နေသည်မှာ သဘာဝတရား၏ စည်းပါးပါးလေးဖြင့် ခြားထားသလို ဖြစ်နေလေသည်။ ထိုစည်းကို ကျော်နိုင်လျှင်တော့ သူ့အတွက် ဟိုင်သန်းအဆင့်ကို တက်ရောက်နိုင်တော့မည်။ သို့သော် ထိုစည်းကို ကျော်ရန်အတွက် ခြားနားမှုက မည်မျှ ကြီးမားဦးမည်လဲ သူကိုယ်တိုင်လည်း မသိနိုင်ပေ။
သို့သော် ထိုစည်းကို ချိုးဖျက်ရမည့်သူမှာ သူကိုယ်တိုင်ပင် ဖြစ်ပြီး မည်သူမျှ သူ့ကို ကူညီပေးနိုင်မည် မဟုတ်ပေ။
ဆယ်လပိုင်း၊ ဆယ့်ငါးရက်နေ့ နောက်ပိုင်းတွင် ရာသီဥတုက ပိုပြီး အေးလာလေသည်။
အချိန်လဝက်ခန့် ကြာသွားပြီးသည့်နောက် နှင်းများ ထူထပ်စွာ ကျဆင်းလာတော့သည်။ ဟန့်ဟိုင်တိုင်းပြည်မှ လူများကတော့ နှင်းများ ကျလာမည့် အချိန်ကို စောင့်ဆိုင်းနေကြလေသည်။
အဘယ်ကြောင့် နှင်းကို စောင့်ဆိုင်းရပါသနည်း။
နှင်းများက ရေအဖြစ် အရည်ပျော်သွားသည့် အချိန်တွင် နောက်နှစ်အတွက် ရေကြည်ရေသန့်ကို စုဆောင်းထားနိုင်မည် ဖြစ်သောကြောင့် ဖြစ်လေသည်။ ဟန့်ဟိုင်မှာ ရေရှားပါးသည့် အရပ် မဟုတ်ပါလား။
တောင်ပေါ်တွင် နေရသည့် ကာလတွင် ဆန်းလျန်မှာ နှင်းများကို အလွန် ချစ်မိလေသည်။ အဖြူရောင်နှင်းများ ဖုံးလွှမ်းနေသည့် ရှုမျှော်ခင်းက သူ၏စိတ်ကို အေးချမ်းစေသည်။
ဆန်းလျန်သည် ခါတိုင်းလိုပင် တာအိုဝတ်ရုံ ပါးလေးကို ဝတ်ဆင်ထားပြီး ကျောင်းတော် ဘေးတွင် ရပ်နေလေသည်။ သူက တောင်ကမ်းပါးကို မျက်နှာမူထားပြီး ကျဆင်းနေသည့် နှင်းများကို ကြည့်နေလေသည်။ နှင်းပွင့်လေးများသည် မြေပြင်ပေါ်သို့ ကျဆင်းလာရင်း လေအဝေ့တွင် လွင့်ပျံ သွားရလေသည်။ ထို့နောက် လေထဲတွင် လှည့်လည်ကာ မြေပြင်ထက်သို့ ပြန်လည်ကျရောက် သွားကြလေသည်။
ဤသည်မှာ နှင်းပွင့်လေးများ၏ ကံတရားပင် ဖြစ်လေသသည်။ ထိုကံတရားကို မည်သူမျှ မပြောင်းလဲနိုင်။
လောကကြီးက လှောင်အိမ်တစ်ခုနှင့် တူလေသည်။ မွေးဖွားလာမည်၊ ကြီးပြင်းလာမည်။ ထို့နောက်တွင်တော့ သေဆုံးသွားရမည်။
ကျင့်ကြံသူများကတော့ အိုခြင်းကို တားမြစ်ထားပြီး သေခြင်းကို ငြင်းဆို ကြလေသည်။ အိုခြင်းနှင့်သေခြင်း နိယာမ သဘောတရားများကို လောကထဲသို့ ပြန်လည်တွန်းလွှတ် နေကြသည်။
ဆန်းလျန်မှာလည်း ကျင့်ကြံသူတစ်ယောက် ဖြစ်ပါသည်။ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြောရမည် ဆိုလျှင် ကျင့်ကြံသူ အားလုံးမှာ ဖြောင့်မတ်သူများ ဖြစ်ကြပါသည်။ အဘယ်ကြောင့် ဖြောင့်မတ် ကြရပါသနည်း ဆိုသော် ရွေးချယ်စရာ မရှိသောကြောင့် ဖြစ်လေသည်။ မဖြောင့်မတ်ဘဲ နေလို့ မရသောကြောင့် ဖြစ်လေသည်။
တောင်ခြေတွင် လူတစ်ယောက် လမ်းလျှောက်လာသည်ကို တွေ့မြင်ရလေသည်။ နှင်းများထဲတွင် ထိုသူကို အစက်အပြောက်လေး တစ်ခုအဖြစ်သာ တွေ့မြင်နိုင်သည်။
အခြားသူ မဟုတ်ပေ။
ဆန်းလျန် ဟန့်ဟိုင်သို့ စတင် ရောက်ရှိလာသည့်နေ့တွင် စားသောက်ဆိုင်ထဲတွင် ကျင့်ကြံသူများကို သတ်ဖြတ်ခဲ့သည့် လူထူးလူဆန်းပင် ဖြစ်လေသည်။ ထိုသူကို ဆန်းလျန် တွေ့ရသည်မှာ နှစ်ကြိမ်ခန့်ရှိပြီ။ ထိုသူက နှင်းများကို လေ့လာ မှတ်သားနေခြင်း ဖြစ်လေသည်။ သူက ကျောက်ဆောင်များပေါ်တွင် ဖုံးလွှမ်းနေသည့် နှင်းများကို ဓားဖြင့်ထိုးခွဲပြီး လေ့လာနေတတ် လေသည်။
ထိုသို့ ပြုလုပ်ရသည်ကို သူက ပျော်ရွှင်နေပုံ ရလေသည်။ ထို့ပြင် ထိုသို့ပြုလုပ်ခြင်းက သူ့ကို စိတ်တည်ငြိမ်စေသည်။ သို့သော် ဆန်းလျန်က သူ့အနားသို့သွားရန် ကြိုးစားတိုင်း ထိုသူက ထွက်ခွာသွားမြဲ ဖြစ်လေသည်။
ထိုသူ၏ လျင်မြန်မှုကို ဆန်းလျန်မယှဉ်နိုင်။ သူ ထွက်ခွာသွားသည့်အခါ အနီရောင် မျဉ်းကြောင်းလေး တစ်ခုသာ ကျန်ရစ်ခဲ့လေသည်။ လျှပ်စီး လက်သကဲ့သို့ပင် လျင်မြန်လွန်းသူ ဖြစ်လေသည်။ ထို့ကြောင့်ပင် ဆန်းလျန် သူ့ကို မည်သို့မျှ မမိနိုင် ဖြစ်နေရသည်။
ထိုလူထူးလူဆန်း ရောက်လာသည့် အခါတိုင်း သွေးမိစ္ဆာ စွမ်းအားနှင့် မိစ္ဆာစိတ်ရိုင်း စွမ်းအားများကို ခံစားရလေသည်။ ထိုသူထံမှ မိစ္ဆာစိတ်ရိုင်း စွမ်းအားမှာ ကျင့်ကြံသူများနှင့် နတ်မိစ္ဆာများထံမှ မိစ္ဆာစိတ်ရိုင်း စွမ်းအားများနှင့် တူညီမှု မရှိပေ။ လွန်စွာမှ စွမ်းအားကြီးသလို ခံစား ရလေသည်။
သူက နှင်းများကိုကြည့်ပြီး စိတ်တည်ငြိမ်အောင် ကြိုးစားနေသည်မှာ သူ့ကိုယ်ထဲမှ သွေးမိစ္ဆာ စွမ်းအားကြောင့် ဖြစ်ပေါ်လာသည့် စိတ်ရှုပ်ထွေးမှုများကို ငြိမ်သက် သွားစေရန်အတွက် ဖြစ်လေသည်။ စိတ်ရှုပ်ထွေးနေလျှင် စိတ်တည်ငြိမ်အောင်လုပ်ဖို့ လိုအပ်လေသည်။ ထိုအခါမှသာ လုံးဝ ပျောက်ဆုံးသွားခြင်းမှ ကာကွယ်နိုင်မည် ဖြစ်လေသည်။
တစ်ကြိမ်ထက်တစ်ကြိမ် ထိုသူထံမှ စွမ်းအားများက ကြီးမားသည်ထက် ကြီးမား လာလေသည်။ ဆန်းလျန်လည်း သူ့အကြောင်းကို သိပ်ပြီး တွေးမနေတော့ပါ။ ထိုသူက ပုန်းကွယ်နေသည့် ရန်သူတစ်ယောက်မျှသာ ဖြစ်လေသည်။ ထို့ကြောင့် အချိန်တန်လျှင် ဆန်းလျန်က လိုက်ဖမ်းဖို့ မလိုဘဲ သူ့အလိုလို ဆန်းလျန်အနားသို့ ရောက်လာမည် ဖြစ်လေသည်။
ထိုသူကို သူကောင်းကောင်း ရင်ဆိုင်နိုင်မည်ဟု ဆန်းလျန် ယုံကြည်ထားသည်။
ထို့ပြင် သေစေခြင်း ကျောင်းတော်နားသို့ ယောင်လည်လည် လာလုပ်ကြသည့် ကျင့်ကြံသူများ၊ နတ်မိစ္ဆာများနှင့် မကောင်းဆိုးဝါးများမှာ ထိုလူထူးလူဆန်း၏ လက်ချက်မိပြီး အသက် ပျောက်သည်ချည်းပင် ဖြစ်လေသည်။ မသိလျှင် သူကပင် ဆန်းလျန်ကို ကူညီနေသည့်ပုံမျိုး ဖြစ်လေသည်။
ထိုလူထူးလူဆန်း ထွက်ခွာသွားသည်နှင့် ကျင့်စဉ်ကျင့်ကြံရန် ဆန်းလျန် စတင်လိုက်သည်။ သူ၏ လက်ချောင်းလေးများကို လှုပ်ရှားလိုက်သည်နှင့် အနီရောင်ဓားသွား ရောင်စဉ်တစ်ခုက ပတ်ဝန်းကျင်တွင် ဖုံးလွှမ်း သွားလေသည်။ သူ၏ လက်ချောင်းများကို ပုံသဏ္ဌာန်မျိုးစုံ ဆက်တိုက် ပြောင်းလဲလိုက်သည်နှင့် အခြားသော ရောင်စဉ်များအဖြစ် ပြောင်းလဲပြီး လေထဲတွင် ဖုံးလွှမ်း သွားလေသည်။ အနီ၊ ရွှေရောင်၊ အဝါ၊ အဖြူ၊ အစိမ်း၊ အပြာ၊ ခရမ်းနှင့် အနက်ရောင်များ ဖြစ်လေသည်။ ထိုရောင်စဉ်များမှာ ဆန်းလျန်ဘေးတွင် လှည့်လည် နေကြလေသည်။ ထိုရောင်စဉ်များသည် နှင်းပွင့်လေးများကြား ဖြတ်သန်းကာ လှည့်ပတ်သွားလာ နေကြလေသည်။ သို့သော် တကယ်တမ်းတွင် နှင်းပွင့်လေးများကို ထိခိုက်မိခြင်း မရှိပေ။
ထိုဓားသွားရောင်စဉ် ရှစ်မျိုးကို ဆန်းလျန်က စိတ်စွမ်းအားဖြင့် ထိန်းချုပ်ထားခြင်း ဖြစ်လေသည်။ အကူးအပြောင်းများ အားလုံးသည် လွယ်ကူပြီး ချောမွေ့လေသည်။ လေထဲတွင် ငါးလေးများ ပျံသန်း နေသည်နှင့်ပင် တူလေသည်။
ထိုဓားသွား ရောင်စဉ်ရှစ်မျိုးသည် သူ့စရိုက် သဘာဝနှင့်သူ ရှိလေသည်။ ကောင်းကင်၊ မြေကြီး၊ တောင်၊ ရွှံ့နွံ၊ ရေ၊ မီး၊ လေနှင့် လျှပ်စီးဆိုသည့် ဒြပ်စင်စွမ်းအား ရှစ်မျိုးနှင့် သဘောသဘာဝ အတူတူပင် ဖြစ်လေသည်။ ဆန်းလျန်က တစ်ကြိမ်တည်းဖြင့် စွမ်းအားများအားလုံး ထုတ်လွှတ်နေခြင်း မဟုတ်ပါ။ မတူညီသည့် စွမ်းအားတစ်ခုစီကို မတူညီသည့် စိတ်စွမ်းတစ်မျိုးစီဖြင့် ထိန်းချုပ်ကာ တစ်ပြိုင်နက် ထုတ်လွှတ်နေခြင်းသာ ဖြစ်လေသည်။ ထိုသို့ ပြုလုပ်နိုင်ရန်မှာ လွန်စွာမှ ခက်ခဲလေသည်။
ဆယ့်နှစ်ကြိမ်၊ ဆယ့်သုံးကြိမ်ခန့် အသက် ရှူသွင်းရှူထုတ် လုပ်ပြီးချိန်တွင် ဆန်းလျန်၏ နဖူးထက်တွင် ချွေးများ ထွက်လာလေသည်။ နဖူးပေါ်မှ ချွေးစက်များသည် ချက်ချင်းပင် ရေခဲအဖြစ် ကူးပြောင်းသွားလေသည်။
ဆန်းလျန်က သူ၏ စိတ်အာရုံ စူးစိုက်မှုကို ပြန်လည် ရုတ်သိမ်းလိုက်သည်နှင့် ထိုဓားသွားရောင်စဉ် ရှစ်မျိုးမှာ ချက်ချင်းပင် ပျောက်ကွယ်သွားလေသည်။
ထိုက်ရွှီးတန်ခိုး စွမ်းအားရှစ်မျိုးမှာ မတူညီသည့် တန်ခိုးစွမ်းအား ရှစ်မျိုးအဖြစ် ကွဲပြား လေသည်။ ထိုတန်ခိုး စွမ်းအားများသည် ဝိညာဉ်စွမ်းအားမှ ဒြပ်စင်ငါးမျိုး သို့မဟုတ် ယင်နှင့်ယန် စွမ်းအားနှစ်မျိုးနှင့် ပေါင်းစပ်မှသာ ထွက်ပေါ်လာခြင်း ဖြစ်လေသည်။ သူ၏ ဆရာဖြစ်သော ခရမ်းရောင်ဝတ် နတ်မိမယ် “ကျိလင်” မှာ ထိုဒြပ်စင်စွမ်းအား ရှစ်မျိုးကို ယင်နှင့်ယန် စွမ်းအားနှစ်မျိုးဖြင့် ပေါင်းစပ် ကျင့်ကြံခဲ့ခြင်း ဖြစ်လေသည်။ ထို့ကြောင့် သဘောသဘာဝ နှစ်မျိုး ကွဲပြားနေသည့် စိတ်ထားနှစ်မျိုး ဖြစ်နေရခြင်း ဖြစ်လေသည်။
မခက်ခဲသည့် ကျင့်စဉ်ဟူ၍ လောကတွင် မရှိပါ။ ဤသည်မှာ မပြောင်းလဲသည့် လောက နိယာမပင် ဖြစ်လေသည်။ ကြီးမြတ်သည့် လူတစ်ယောက် ဖြစ်လာရန်အတွက် အခက်အခဲ အားလုံးမှာ အတူတူပင် ဖြစ်လေသည်။ အဆုံးသတ်တွင်တော့ အလားအလာကောင်းသည့် လူများ အားလုံးထဲမှ အကြီးမြတ်ဆုံး မဟာလူသားအဖြစ် တစ်ယောက်သာ ရွေးချယ်ခံရမည် ဖြစ်လေသည်။
အရည်အချင်း တူသူများထဲတွင် ထူးခြား သာလွန်စွာဖြင့် အခြေခံတာအို အရင်းအမြစ်ကို သိမြင်သည့် လူတစ်ယောက်သာ အောင်မြင်မှု လမ်းကြောင်းဆီ တက်လှမ်းနိုင်မည် ဖြစ်လေသည်။
ဟိုင်သန်းအဆင့် တက်ရောက်နိုင်ခြင်း ဆိုသည်မှာ တာအိုကျင့်စဉ်လမ်း၏ အစမျှပင် ရှိသေးသည်။
ထို့ကြောင့် ဆန်းလျန်အနေဖြင့် မည်သည့်လမ်းကို လိုက်မည်လဲဟု ရွေးချယ်ရသည့် အချိန်တွင် သူ့အတွက် ယခုလျှောက်နေသည့် တစ်လမ်းကိုသာ တွေ့မြင်မိလေသည်။
ဆန်းလျန်က အများကြီး စဉ်းစားခဲ့ခြင်းတော့ မရှိပါ။
တာအိုဆရာရှီနှင့် တိုက်ခိုက်သည့် အချိန်တွင် သူ၏ ထိုက်ရွှီးတန်ခိုး စွမ်းအားရှစ်မျိုးမှာ ရှိခြင်းမရှိခြင်း ဓားဝိညာဉ်နှင့် အမှတ်မထင် ပေါင်းစပ်သွားခဲ့ခြင်း ဖြစ်လေသည်။ ထိုသို့ ပေါင်းစပ်သွားသည်ကို အခြေခံပြီး သူက မတူညီသည့် ဓားသွားရောင်စဉ်များကို ဖန်တီးကြည့်နေခြင်း ဖြစ်လေသည်။
ထိုအဆင့် ပြီးသွားလျှင်တော့ နောက်တစ်ဆင့်တက်ရန် ကြံစည်ထားလေသည်။ နောက်တစ်ဆင့် မှာ “မတူညီဘဲ ယှဉ်တွဲမှု” ဖြစ်လေသည်။ ထိုအဆင့်မှာ ဆရာစူး သင်ပေးထားသည့် ရှိခြင်းမရှိခြင်း ဓားဝိညာဉ်၏ ဒုတိယအဆင့် ဖြစ်လေသည်။
ရှိခြင်းမရှိခြင်း ဓားဝိညာဉ်သည် ပြီးပြည့်စုံသည့် သစ္စာတရားတစ်ခု ဖြစ်လေသည်။ သူသာ ဟိုင်သန်းအဆင့်သို့ တက်ရောက်နိုင်လျှင် ပြီးပြည့်စုံသည့် အဆင့်ကိုပါ တစ်ခါတည်း ရောက်ရှိပြီး လောက နတ်ဘုရားတစ်ပါး ဖြစ်လာနိုင်မည်ဟု ဆန်းလျန် ခံစားနေရသည်။ သို့သော် အဘယ်ကြောင့် ထိုသို့ခံစား နေရသည်ကို ပြည့်ပြည့်၀၀ နားလည်ခြင်းတော့ မရှိပါ။
ဆရာစူး၏ ဇာစ်မြစ်ကို သူသိချင် နေမိသည်။ သို့သော် ကံမကောင်းစွာဖြင့်ပင် ဆရာစူး၏ သတင်းကို လုံးဝ မကြားရတော့ပေ။ ရေငန်းသီးပင်လေး ပင်လျှင် ဆရာစူးအကြောင်းကို ပြောပြနိုင်ခြင်း မရှိပေ။
ဆန်းလျန် စဉ်းစားနေစဉ်မှာပင် ရှီးဟွမ်နယ်ဆိုး အတွင်းသို့ လူတစ်ယောက် ဝင်ရောက် လာလေသည်။
ပိုပြီး တိတိကျကျပြောရလျှင် နတ်မိစ္ဆာတစ်ပါးဝင်ရောက်လာခြင်းဖြစ်လေသည်။ ရှီးဟွမ်တွင် ကျက်စားနေကျ နတ်မိစ္ဆာမဟုတ်ပေ။ ပင်လယ်ဆီမှလာသည့် နတ်မိစ္ဆာဖြစ်လေသည်။
ကုန်းပေါ်မှ နတ်မိစ္ဆာများမှာ ပင်လယ်ဆီသို့ သွားလေ့ မရှိကြသလို ပင်လယ်ဆီမှ နတ်မိစ္ဆာ များမှာလည်း ကုန်းပေါ်သို့ လာလေ့မရှိကြပေ။ ထို့ပြင် ပင်လယ်ဘက်မှ နတ်မိစ္ဆာများသည် မြောက်ပိုင်း ကုန်းမြေဆီမှ နတ်မိစ္ဆာများကို အထင်အမြင် သေးကြလေသည်။ မြောက်ပိုင်းမှ နတ်မိစ္ဆာများမှာ ရိုင်းစိုင်းကြပြီး တန်ခိုးစွမ်းအားလည်း နည်းပါးသည်ဟု သူတို့က တွေးထားကြသောကြောင့် ဖြစ်လေသည်။
ဤသည်မှာ ခေါင်းကိုးလုံးမင်းကြီး၏ အတွေး ဖြစ်လေသည်။ သူက ခေါင်းကိုးလုံးရှိသူ ဖြစ်သည့်အတွက် အတွေးကိုးမျိုး တွေးမြင်နိုင်သလို အကြောက်အလန့်လည်း ရှိသူမဟုတ်ပေ။
ခေါင်းကိုးလုံးမင်းကြီး၏ ပါးစပ်ထဲတွင် ငှက်မွေးအချို့ ရှိနေပြီး ခေါင်းထက်တွင်လည်း ငှက်မွေးတစ်မျှင် ကပ်နေလေသည်။ လူသားအသွင်တစ်ဝက် ပြောင်းနိုင်နေသည့် သိမ်းငှက်မိစ္ဆာ၏ အသားမှာ အရသာ ဆိုးလှလေသည်။ သူ့မှာ မြစ်အထပ်ထပ် တောင်အသွယ်သွယ်ကို ဖြတ်သန်း လာခဲ့ရခြင်းဖြစ်သည့် အတွက်ကြောင့်သာ ယခုကဲ့သို့ ကြုံရာကို စားသောက်နေရခြင်း ဖြစ်လေသည်။ ထိုသိမ်းငှက်မိစ္ဆာ၏ အသားမှာ ညှီစော်နံသလို ကြမ်းတမ်းလွန်းလှလေသည်။ ပင်လယ်တွင်ဆိုလျှင် အမြဲတမ်း နူးညံ့လတ်ဆတ်သည့် အသားကိုသာ သူက စားခဲ့သူ ဖြစ်လေသည်။
သူရောက်ရှိနေသည့် နေရာမှာ ချွေ့ဖိန်တောင် ဖြစ်လေသည်။ နှင်းများ ကျနေသည့်တိုင် စိမ်းလန်းနေသည့် ချွေ့ဖိန်တောင်ကို မြင်နိုင်လေသည်။
ခေါင်းကိုးလုံး မင်းကြီးမှာ လူယောင် မဖန်ဆင်းနိုင်သည့် တစ်ချိန်တုန်းက အကြောင်းအရာ အချို့ကို ပြန်တွေးနေမိလေသည်။ ထိုအချိန်တုန်းက အလွန်မှ စွမ်းအားကြီးမားသည့် ဒေါင်းစိမ်း တစ်ကောင်နှင့် ဆုံတွေ့ခဲ့ဖူးလေသည်။ ထိုဒေါင်းစိမ်းက ရှေးဟောင်း ရွှေရောင်မြွေကြီး တစ်ကောင်ကို သတ်ပြီး ထိုမြွေကြီး၏ သည်းခြေကို စားသောက်နေလေသည်။
ရှေးဟောင်း ရွှေရောင်မြွေကြီးမှာ အလွန်မှ အဆိပ်ပြင်းသည့် မြွေကြီး ဖြစ်သည့်တိုင် ထိုဒေါင်းစိမ်းက မကြောက်မရွံ့ စားသောက်နေခြင်း ဖြစ်လေသည်။
ထိုအဖြစ်အပျက်ကို မြင်တွေ့ပြီးသည့် နောက်ပိုင်း ခေါင်းကိုးလုံးမင်းကြီးသည် အစိမ်းရောင် မှန်သမျှကို အလွန် မုန်းတီးလေသည်။ သူ၏ နှလုံးသားထဲတွင် အစိမ်းရောင်ကို မုန်းတီးမှုက ရောဂါတစ်ခုအလား စွဲကပ်နေလေသည်။
ထိုအချိန်မှာပင် နန်းတော်ကြီး တစ်ခုရှေ့သို့ သူရောက်ရှိ လာလေသည်။
ထိုနန်းတော်ကြီးရှေ့တွင် ပစ္စည်းတစ်ခု ရှိနေပြီး ထိုပစ္စည်းမှာ အလွန်မှ အထင်ကြီးစရာ ကောင်းလေသည်။ လောကတွင် အကောင်းဆုံးဟု ပြောနိုင်သည့် အသွင်ပြောင်း ပစ္စည်းလေးတစ်ခု ဖြစ်လေသည်။
အသွင်ပြောင်းပစ္စည်း ဆိုသည်မှာ ပစ္စည်းကို ပြုလုပ်သည့် ကျင့်ကြံသူက ထိုပစ္စည်းကို သန့်စင်ပြီး အသွင် ပြောင်းထားခြင်း ဖြစ်လေသည်။ နောက်ဆုံးအဆင့်ထိ သန့်စင်ပြီးသွားပါက ထိုပစ္စည်းလေးမှာ ကျင့်ကြံသူ၏ စိတ်ထဲတွင်ရှိသည့် ဆန္ဒအတိုင်း ပြောင်းလဲ ပုံဖော်နိုင်လေသည်။
အကောင်းဆုံး အသွင်ပြောင်းပစ္စည်းမှာ ရွှီးမီစန်းတောင်ပင် ဖြစ်လေသည်။
ရွှီးမီစန်းတောင်မှာ ကြိုက်သလို ကြီးလို့ရသလို ကြိုက်သလို သေးအောင်လည်း ဖန်ဆင်း၍ ရလေသည်။ ရွှီးမီစန်းတောင်ကို ထိုသို့ ပြုလုပ်နိုင်သူမှတော့ ဗောဓိဿကျ တစ်ပါးတည်းသာလျှင် ရှိလေသည်။
ခေါင်းကိုးလုံးမင်းကြီးသည် ထိုအသွင်ပြောင်း ပစ္စည်းလေးကို မျက်စိ ကျသွားမိလေသည်။ ရှီးဟွမ်မှ နတ်မိစ္ဆာများနှင့် မကောင်းဆိုးဝါးများကို ကြည့်မရသည့်တိုင် ထိုပစ္စည်းလေးကိုတော့ ယူသွားမည်ဟု ဆုံးဖြတ်လိုက်သည်။
ထို့ပြင် ဟိုင်သခင်ကြီးမှာ သိပ်ပြီး ယုံကြည် စိတ်ချရသူတစ်ဦး မဟုတ်ပေ။ ဗောဓိဿကျ၏ ဓာတ်တော်မွေတော်များကို ရယူနိုင်ခြင်း မရှိခဲ့လျှင်တောင်မှ ဤအသွင်ပြောင်း ပစ္စည်းလေး ရမည်ဆိုလျှင် အသုံးတည့်မည် ဖြစ်လေသည်။ သူ ဤခရီးသို့ ထွက်လာရသည်မှာလည်း အရှုံး ရှိတော့မည် မဟုတ်ပေ။
***