Switch Mode

အခန်း (၁၄၉)

မရဏဓားခြောက်မျိုး

ဗောဓိဿကျ အလင်းတန်းတစ်ခု တောက်ပလာပြီး ရေထဲတွင် မျောနေသည့် ဆရာတော်အား ဆောင်ယူ သွားလေသည်။ ရေက မလှုပ်မရှား ငြိမ်သက် နေလေသည်။ အနောက်ဘက် ကောင်းကင်မှ ဗောဓိဿကျက ရောင်ခြည်တော် ထုတ်လွှတ်ပြီး နာကျင်ဒုက္ခ ခံစားနေရသည့် သာဝကကို ဆောင်ယူသွားခြင်း ဖြစ်လေသည်။

ဤသို့ ဆောင်ယူသွားသည်မှာ ကျင်းကွမ်း ဝတ်ကျောင်းတော်မှ ပေါင်ယွဲ့ ဆရာတော်၏ ဆုတောင်းစကားကြောင့် ဖြစ်သည်ကို လူတိုင်း သိကြလေသည်။ လောကီရေးရာကို စိတ်မဝင်စားသည့် တရားအလင်းရှင် ဆရာတော်ကြီး ပေါင်ယွဲ့သည် အပြောင်းအလဲများကို လက်ခံထားပြီး ဖြစ်သည်။

ပေါင်ကွမ်း ဆရာတော်ကို ကယ်တင် သွားပြီးသည့်နောက် ယှဉ်ပြိုင်ပွဲကို လာရောက် ကြည့်ရှုကြသော ပရိတ်သတ်များလည်း အသီးသီး ပြန်သွားကြလေသည်။

တိုက်ပွဲကို အရှုံးအနိုင် ဆုံးဖြတ်ရန်မှာ ခက်ခဲလွန်းလေသည်။ သို့သော် … ချန်ကျန့်မေ နောင်တရခြင်း ရှိမည် မဟုတ်သည်ကို ဆန်းလျန် သိထားလေသည်။

တစ်ချိန်တည်းမှာပင် ဆန်းလျန် နားလည်လိုက်သည်မှာ ကျင့်စဉ်လမ်း အဆင့်မြင့်လာလေ နောက်ပြန်ဆုတ်ရန် ခက်ခဲလေ ဆိုသည့်အချက်ပင် ဖြစ်လေသည်။ ကျင့်စဉ်လမ်းကို လျှောက်လှမ်းပြီ ဆိုသည်နှင့် တိုက်ပွဲများစွာဖြင့် ကြုံတွေ့ရမည် ဖြစ်လေသည်။ တိုက်ပွဲများ ရင်ဆိုင် တိုက်ခိုက်ရပြီ ဆိုသည်နှင့် သေခြင်းရှင်ခြင်း တရားကို ရင်ဆိုင်ရတော့မည် ဖြစ်လေသည်။

“ထိပ်တန်း ကျင့်ကြံသူများ ယှဉ်ပြိုင်တိုက်ခိုက် ကြပြီဆိုလျှင် သူတို့၏ သေခြင်းရှင်ခြင်းမှာ စည်းလေးတစ်ခု ခြားထားသည့် ပမာသာ ဖြစ်သည်။ ဘယ်တော့မှ လွတ်လမ်းမရှိ”

ဟူသည့် စကားကဲ့သို့ပင် ဖြစ်လေသည်။

ချန်ကျန့်မေ၏ သွေးနီရောင် ဓားသွားမှာ သဏ္ဌာန်မဲ့ဓားမှ အဆင့်မြင့် ပြောင်းလဲသွားခြင်း ဖြစ်လေသည်။ ထိုဓားမှ သေစေခြင်း အရိပ်အငွေ့များကတော့ မူလ ဓားပညာ၏ ငြိမ်းအေးခြင်း သဘောတရားမှ သွေဖယ် နေလေသည်။ သို့သော် … ထိုသို့ ပြောင်းလဲသွားခြင်းမှာ ကြီးမြတ်သည့် ကျင့်စဉ်ပြောင်းလဲခြင်း ဖြစ်ပြီး သာမန် သွေးဆာနေသည့် ဓားတစ်လက်အဖြစ် ပြောင်းလဲခြင်းတော့ မဟုတ်ပေ။

ကြယ်ရောင်နှင့် လရောင်များက စကားပြောခြင်းငှာ မစွမ်းနိုင်သည့် အတွက် … ချန်ကျန့်မေ မည်သည့်နေရာသို့ ရောက်သွားသည်လဲ ဆန်းလျန် မသိနိုင်ပါ။

သွေးနီရောင် ဓားသွားအဖြစ် ပြောင်းလဲသွားပြီးနောက် … သူသေသွားပြီလား …
အသက်ရှင်လျက် ရှိသေးလား …

ဆန်းလျန်အပြင် မပြန်ကြသေးသည့် လူအချို့ ရှိနေပါသေးသည်။ ထိုလူများထဲတွင် လူငယ်တာအို ဆရာလေးနှင့် မင်ဝမ် ဝတ်ကျောင်းတော်မှ ဘုန်းတော်ကြီးလည်း ပါဝင်လေသည်။

တာအိုဆရာလေးက မင်ဝမ် ဝတ်ကျောင်းတော်မှ ဆရာတော်ကို မေးလိုက်သည်။

“ဆရာတော် … ချန်ကျန့်မေ နောက်ဆုံးသုံးလိုက်တဲ့ ဓားကွက်ကို မှတ်မိသလား”

ချန်ကျန့်မေ၏ သွေးနီရောင်ဓားသွား ပျောက်ကွယ် သွားသည်အထိ ကြည့်နေပြီးမှ ဆရာတော်က စကား ပြန်ပြောလိုက်သည်။

“ဒီလို သေစေခြင်း အငွေ့အသက်မျိုး ရှိတဲ့ သိုင်းပညာမျိုး လောကမှာ သိပ်မရှိဘူး။ အဲဒီလို ဓားပညာ အများစုကလည်း လရောင်ရတနာ စက်ဝန်းကို မထိုးဖောက် နိုင်ကြဘူး။ ကြည့်ရတာ ချန်ကျန့်မေက မရဏဓား ခြောက်မျိုးရဲ့ လမ်းစကို တွေ့မြင်သွားပြီ ထင်တယ်”

ဆရာတော်၏ မျက်နှာမှာ စိတ်ရှုပ်ထွေးနေပုံ ရလေသည်။

“ဒါပေမယ့် ချန်ကျန့်မေက အဲဒီ ဓားခြောက်မျိုးကို မတွေ့ခဲ့ရလို့ပဲ တော်သေးတယ်။ တွေ့များ တွေ့ခဲ့ရင် ဒီလောကမှာ ပြိုင်ဘက်ကင်းတစ်ယောက် ဖြစ်သွားမှာပဲ”

တာအိုဆရာလေးက ပြောလိုက်လေသည်။

လောကတွင် ထိပ်တန်းအဆင့် မရဏဓားခြောက်မျိုး ရှိလေသည်။ ထိုဓား အားလုံးမှာ နတ်ဘုရားများကို နတ်သက် ခြွေနိုင်သည့်အစွမ်း ရှိလေသည်။ ထိုဓားခြောက်မျိုးမှ ဓားလေးမျိုးမှာ အကြီးမြတ်ဆုံး မရဏဓားသိုင်းပညာကို ဖြစ်တည်စေလေသည်။ ကျင့်စဉ်လမ်းကို အဆုံးထိ အောင်မြင်ထားသည့် တာအိုဆရာ သခင်ကြီးပင်လျှင် ထိုဓားများကို ရင်မဆိုင်ရဲပေ။

ထိုကြောက်မက်ဖွယ်ရာ မရဏဓားခြောက်မျိုး လောကမှ ပျောက်ကွယ် သွားသည်မှာ ကြာပြီ ဖြစ်လေသည်။ မည်သည့်နေရာသို့ ရောက်ရှိသွားသည်လဲ မည်သူမျှ မသိကြပါ။ မရဏနဂါးငွေ့တန်းထဲသို့ ရောက်ရှိ သွားသည်လား သို့မဟုတ် အခြားသော အချိန်နှင့် နေရာ မတူညီရာ ဒေသသို့ ထွက်ခွာသွားသည်လား သို့မဟုတ် လုံးဝကို ပျောက်ကွယ်သွားပြီလား။ အမှန်ကို မည်သူမျှ မသိနိုင်ပေ။

ချန်ကျန့်မေက တရားအလင်းကို နားလည်အောင် ကြိုးစားရင်း သဏ္ဌာန်မဲ့ ဓားသိုင်းကို လေ့ကျင့်ခဲ့ခြင်း ဖြစ်လေသည်။ သူက သဏ္ဌာန်ရှိမှ သဏ္ဌာန်မဲ့သို့ ပြောင်းလဲ ဖန်ဆင်းနိုင်ပြီး ကိုယ်ပျောက် အစွမ်းဖြင့် ချန်ဆန်းတံခါးဝကို ခေါက်ရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။

သူသာ အသက်ရှင်နေသေးမည် ဆိုလျှင် သူကျင့်ကြံခဲ့သည့် တရားအလင်းကို ဓားသိုင်းပညာဖြင့် ပေါင်းစပ်ကာ ကိုယ်ပိုင်မရဏ ဓားတစ်လက်ကို ဖန်တီးနိုင်မည် ဖြစ်လေသည်။ သူ၏ ကျင့်ကြံမှုမှာ လောကကို ကျော်လွန်ခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် ချန်ကျန့်မေမှာ ရှန်ဆန်းကျန်းရန်လုကျိုးယွမ်၏ လောကပထမ နေရာကိုပင် ခြိမ်းခြောက်နိုင်သည့် လူတစ်ယောက် ဖြစ်လာနိုင်လေသည်။

သို့သော် … ယခုအချိန်တွင် ချန်ကျန့်မေ သေပြီလား၊ အသက်ရှင်သေးလား မည်သူမျှ မသိနိုင်ပါ။ ချန်ကျန့်မေသည် သွေနီရောင် ဓားသွားအဖြစ် ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်လေသည်။ စိတ်ဝိညာဉ် ကမ္ဘာတစ်ခုဆီသို့ ရောက်ရှိသွားခြင်းလည်း ဖြစ်နိုင်လေသည်။

ချန်ကျန့်မေမှာ ဆုံးဖြတ်ချက် ခိုင်မာပြီး ဓားသမားတစ်ယောက်၏ စိတ်ထား အပြည့် ရှိလေသည်။ ချန်ကျန့်မေလို ကျင့်ကြံသူမျိုးမှာ လွန်စွာမှ ရှားပါးလွန်းပြီး တာအိုဆရာလေး၏ ဘဝတွင် ချန်ကျန့်မေလိုလူမျိုး တစ်ခါမှ မတွေ့ခဲ့ဖူးပေ။

တာအိုဆရာလေးမှာ နတ်ဘုရားတစ်ပါး ဖြစ်လာရန် ရည်ရွယ်ချက် မရှိခဲ့ပါ။ သို့သော် သူက ကွမ်းချင်း နတ်ဘုရားဂိုဏ်းတွင် အဓိက နေရာတစ်ခုကို ရယူထားပြီး အရေးပါသူ တစ်ယောက် ဖြစ်လေသည်။ မိုးကောင်းကင်၏ ဥပဒေသ အောက်တွင် အချို့ကတော့ ရှင်သန်ပြီး အချို့ကတော့ ပျက်စီး ကြရမည်။ ကွမ်းချင်း နတ်ဘုရားဂိုဏ်းသည် လက်ရှိအချိန်တွင် အထွတ်ထိပ်သို့ ရောက်နေသည့် အချိန် ဖြစ်လေသည်။ အထွတ်ထိပ်သို့ ရောက်ပြီးလျှင် ပြန်လည် ကျဆင်းလာမည်မှာ ဓမ္မတာပင် ဖြစ်သည်။ ထို့ကြောင့် လက်ရှိ အချိန်တွင် အဓိကတာအို ကျောင်းတော်ကြီး လေးခု၏ နေရာ တစ်နေရာကို ဝင်ရောက်ရယူနိုင်ခြင်း မရှိပါက ကျင့်ကြံသူ လောကတွင် အန္တရာယ် ကင်းကင်းဖြင့် ရပ်တည်နိုင်မည် မဟုတ်ပေ။

လက်ရှိ အချိန်တွင် အဓိကတာအို ကျောင်းတော်ကြီး လေးခုတွင် ချင်းရွှမ် နတ်တံခါးမှာ အားအနည်းဆုံး ဖြစ်နေလေသည်။ ထို့ကြောင့် ကွမ်းချင်း နတ်ဘုရားဂိုဏ်း၏ ဦးတည် တိုက်ခိုက်မှုမှာ ချင်းရွှမ်နတ်တံခါး ဖြစ်လာခဲ့လေသည်။ ယခင့်ယခင် အချိန်များတွင် ချင်းရွှမ် နတ်တံခါးနှင့် ကွမ်းချင်း နတ်ဘုရား ကျောင်းတော်တို့မှာ ရန်ငြိုးရန်စ မရှိခဲ့ပါသော်လည်း ယခုတော့ ရန်သူတွေလုံးလုံး ဖြစ်နေကြပြီ။ အပြစ်တင်မည် ဆိုလျှင်တော့ အားနည်းလာသည့် ချင်းရွှမ် နတ်တံခါး၏ အခြေအနေကိုပင် အပြစ် တင်သင့်သည်ဟု တာအိုဆရာလေး တွေးနေမိသည်။ ယခုအချိန်မှာ ကွမ်းချင်း နတ်ဘုရားဂိုဏ်း ဆိုသည်မှာ ချင်းရွှမ် နတ်တံခါးထက် အဆပေါင်းများစွာ သာလွန်နေသည့် ကျင့်ကြံသူ ဂိုဏ်းတစ်ခု ဖြစ်နေပြီ မဟုတ်ပါလား။

ဆန်းလျန်က သူတို့နှစ်ယောက် ရပ်နေသည့် နေရာသို့ တည့်တည့်မတ်မတ် ရောက်လာလေသည်။

ဆန်းလျန် လျှောက်လာသည်ကို တွေ့မြင်သည့် အခါတွင်တော့ တာအို ဆရာလေးသည် ချက်ချင်းပင် ထွက်ခွာ သွားလေသည်။ တာအိုဆရာလေး အနေဖြင့် ဆန်းလျန်နှင့် မျက်နှာချင်းဆိုင်ရန် အကြောင်း မရှိသလို ပြောစရာစကားလည်း မရှိပေ။ ထို့ပြင် ချင်းရွှမ် နတ်တံခါးမှ တပည့်တစ်ယောက်နှင့် တရားဝင် တိုက်ခိုက်ရန်မှာလည်း လက်ရှိအချိန်သည် အချိန်ကောင်း မဟုတ်သေးပေ။

ထို့ကြောင့် သူက ချက်ချင်း လှည့်ထွက်သွားပြီး ခြေတစ်လှမ်း လှမ်းလိုက်ရုံဖြင့်ပင် မိုးကုတ် စက်ဝိုင်းဆီသို့ တိုးဝင်ပျောက်ကွယ် သွားလေသည်။

သူသုံးလိုက်သည့် ပညာကို ဆန်းလျန် ရိပ်မိလေသည်။ မြေကြောကျုံ့ပညာကို အသုံးပြုပြီး ထွက်ခွာသွားခြင်း ဖြစ်လေသည်။ ထိုပညာမှာ မည်မျှပင် ဝေးကွာသော မြေအနေအထား ဖြစ်ပါစေ ခြေလှမ်း တစ်လှမ်းစာမျှသာ ဖြစ်အောင် ကျုံ့လိုက်နိုင်လေသည်။ ထိုပညာ အထွတ်ထိပ်သို့ ရောက်ရှိပါက ကမ္ဘာပေါ်ရှိ မည်သည့် နေရာကိုမဆို ခြေတစ်လှမ်းတည်းဖြင့် သွားရောက်နိုင်မည် ဖြစ်လေသည်။ သို့သော် ထိုအဆင့်သို့ ရောက်ရန်မှာ လွယ်ကူသည်တော့ မဟုတ်ပေ။

သို့သော် တာအိုဆရာလေးမှာ ထိုပညာကို ကျင့်ကြံထားသည်မှာ အဆင့်တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်ပုံ ရလေသည်။ ဆန်းလျန်ပင် ထိုပညာကို လေ့ကျင့်မည် ဆိုလျှင် သူ့လောက် ပေါ့ပေါ့ပါးပါးပုံစံဖြင့် ထွက်ခွာသွားသလို အသုံးပြုနိုင်မည် မဟုတ်ပေ။

မင်ဝမ် ဝတ်ကျောင်းတော်မှ ဘုန်းတော်ကြီးမှာ ချန်ကျန့်မေထက် ဆန်းလျန်ကို ပိုပြီး စိတ်ဝင်စား နေမိလေသည်။ သို့သော် သူက စိတ်ဝင်စားသည့်ဟန် မပြဘဲ ဟန်ဆောင်နေခြင်း ဖြစ်လေသည်။ ဆန်းလျန် သူ့ရှေ့ ရောက်လာပြီး တာအိုဆရာလေးလည်း ထွက်ခွာသည့် အချိန်ကျမှ သူက ဆန်းလျန်ကို သေသေချာချာ အကဲခတ်လိုက်သည်။

သူတို့နှစ်ယောက် အကြည့်ချင်း ဆုံမိသည်နှင့် လေထဲတွင် လျှပ်စီးတစ်ချက် လက်ခနဲ ဖြစ်သွားလေသည်။ ထိုသို့လျှပ်စီး လက်သွားခြင်းမှာ ပေါင်ကွမ်း ဆရာတော်နှင့် ချန်ကျန့်မေတို့ အကြည့်ချင်းဆုံပြီး စိတ်ဝိညာဉ်နှစ်ခု ထိခတ်မိစဉ် ဖြစ်ပေါ်လာသည့် လျှပ်စီးလက်ခြင်း သဘောတရား ကဲ့သို့ပင် ဖြစ်သည်။

ထိုသို့ စိတ်ဝိညာဉ်နှစ်ခု ထိခတ်လိုက်မိသည်နှင့် မင်ဝမ် ဝတ်ကျောင်းတော်မှ ဆရာတော်မှာ သူ့ထက်များစွာ အဆင့်မြင့်သူတစ်ယောက် ဖြစ်ကြောင်း ဆန်းလျန် သိလိုက်လေသည်။ အလွန် ကြီးမားသည့် ရေတံခွန်ကြီး အောက်သို့ ရောက်နေသည့် ငါးလေး တစ်ကောင်အလား ဆန်းလျန် ခံစား လိုက်ရသည်။ ရေတံခွန်အောက်တွင် ရေကူးခတ်၍ ရနေသည့်တိုင် ရေတံခွန်ကို ဆန့်ကျင်ရန်တော့ မဖြစ်နိုင်ပေ။

ဆန်းလျန်၏ ဝိညာဉ်စွမ်းအားထက် ပိုပြီး ပြည့်စုံကောင်းမွန်သည့် ဝိညာဉ်စွမ်းအားကို ပိုင်ဆိုင်ထားသူ တစ်ယောက်အား ဆန်းလျန်ဘဝတွင် ပထမဆုံး တွေ့ကြုံလိုက်ရပြီ ဖြစ်လေသည်။ သူတို့ နှစ်ယောက်လုံး အလွန်အမင်း အံ့သြ သွားကြရသလို စိတ်အနှောင့်အယှက်လည်း ဖြစ်သွား ကြလေသည်။ ဆန်းလျန် ခံစားလိုက်ရသည့် စိတ်အနှောင့်အယှက်မှာ ချန်ကျန့်မေအတွက် ခံစားနေရသည့် ဝမ်းနည်းမှုကိုပင် ကျော်လွန် သွားလေသည်။

ဘုန်းတော်ကြီးမှာ အကြည့် တစ်ချက်ဖြင့်ပင် သူ၏ စိတ်နှင့်ခန္ဓာကို ထိုးဖောက် ကြည့်နိုင်လေသည်။ ထို့ပြင် သူ၏ပြင်ပ ဝိညာဉ်စွမ်းအားများကိုလည်း ဒီရေ ရိုက်ခတ်သည့် အလား ရိုက်ခတ်လိုက်သည်။ ဆန်းလျန်ကလည်း သူ၏ စိတ်အာရုံ စူးစိုက်မှုကို အသုံးပြုကာ ဘုန်းတော်ကြီးကို ပြန်လည် ထိုးဖောက်ကြည့်ရန် ကြိုးစားလိုက်သည်။ သို့သော် … သူ၏ စိတ်အာရုံ စူးစိုက်နိုင်မှုမှာ ဘုန်းတော်ကြီး၏ နူးညံ့သိမ်မွေ့သည့် အကြည့်တစ်ချက်တွင် အရာအားလုံး ပိတ်ဆို့ ခံလိုက်ရသလို ဖြစ်သွားလေသည်။

သူ၏ စိတ်အာရုံကို ပါးလွှာသည့် အလွှာပါးလေးဖြင့် ကာဆီးထား သကဲ့သို့ပင်။

ထိုအတွက်ကြောင့်ဖြင့်တော့ ဆန်းလျန် စိတ်မကောင်း ဖြစ်မနေတော့ပါ။ သူက ဘုန်းတော်ကြီးမှာ ရန်သူလား၊ မိတ်ဆွေလား အကဲခတ် နေလိုက်သည်။ ဘုန်းတော်ကြီးနှင့် အတူ ရပ်နေခဲ့သည့် တာအိုဆရာလေးကတော့ သူ့ကို လိုလိုလားလား မရှိသည်မှာ သေချာလှသည်။

သူတို့ နှစ်ယောက်ဆီသို့ ဆန်းလျန် ရောက်လာခြင်းမှာ သူတို့နှစ်ယောက်၏ ခန့်မှန်း၍ မရနိုင်သည့် တန်ခိုးစွမ်းအားများကြောင့် ဖြစ်လေသည်။ ထိုတန်ခိုး စွမ်းအားများထံမှ ထွက်ပြေး လွတ်မြောက်ချင်သည် ဆိုလျှင်တောင် လွတ်မြောက်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ဆန်းလျန်က တည့်တည့်ပင် လာရောက် ရင်ဆိုင်လိုက်ခြင်း ဖြစ်လေသည်။

ကျင့်ကြံသူများမှာ အန္တရာယ်နှင့် ရင်ဆိုင်တွေ့ရပြီ ဆိုလျှင် တတ်နိုင်သမျှ ရှောင်ထွက်သွားတတ် ကြလေသည်။ ထိုအကြောင်းကို အတွေ့အကြုံ ရင့်ကျက်သည့် ဝမ်မင် ဝတ်ကျောင်းတော်မှ ဆရာတော်က ကောင်းကောင်း သိထားပြီးသား ဖြစ်လေသည်။ သို့သော် ယခု … ဆန်းလျန်မှာတော့ သူ့ထက် တန်ခိုးစွမ်းအား မြင့်မားသည့် ပြိုင်ဘက်နှင့် ရင်ဆိုင်နေရသည့် တိုင်အောင် တည်ငြိမ် အေးဆေးနေဆဲပင်။ ထို့ကြောင့် ဆရာတော်မှာ ဆန်းလျန်ကို မလေးစားဘဲ မနေနိုင်တော့ပေ။

ဆန်းလျန်၏ ခံယူချက်မှာ သေခြင်းရှင်ခြင်း ဆိုသည်မှာ ကံတရား အတိုင်းပင် ဖြစ်လေသည်။ ကျင့်ကြံသူ အများစုတွင် ထိုသို့သော ခံယူချက်မျိုး မရှိပေ။ သို့သော် ထိုသို့သော ခံယူချက်ကြောင့်သာ ဆန်းလျန်ကို ပြိုင်ဘက်များက လေးစားကြခြင်း ဖြစ်လေသည်။ ရဲရင့်သည့်စိတ်ထား ရှိရန်မှာ လူတစ်ယောက်အတွက် အလွန် အရေးကြီးသည် မဟုတ်လား။

ချန်ကျန့်မေမှာလည်း ထိုကဲ့သို့ ရဲရင့်သည့် စိတ်ထားရှိသည့် လူတစ်ယောက် ဖြစ်လေသည်။ သူ့ဘဝတွင် ဓားသိုင်းပညာက ပထမ၊ နတ်ဘုရား ဖြစ်လိုခြင်းက ဒုတိယ ဖြစ်သည့်တိုင် သူကိုယ်တိုင်က ဓားသမား တစ်ယောက်၏ စွမ်းရည်နှင့် ပြည့်စုံသလို နတ်ဘုရားတစ်ပါး၏ မြင့်မြတ်ခြင်းများနှင့်လည်း ပြည့်စုံသူ ဖြစ်လေသည်။

သို့သော် ဆန်းလျန်၏ ပုံစံမှာ ချန်ကျန့်မေကဲ့သို့ အရှိန်အဝါ ရှိမနေသလို စိတ်ဓာတ် ခိုင်မာသည့်ပုံလည်း မပေါက်ပေ။ သို့သော် သေသေချာချာ လေ့လာ အကဲခတ်ကြည့်မည် ဆိုပါက ဆန်းလျန်နှင့် ချန်ကျန့်မေသည် စိတ်နေစိတ်ထား အတူတူပင် ဖြစ်လေသည်။ ရှင်းကျိုး ဆရာတော်မှာ လောကတစ်ခွင် လှည့်လည် သွားလာနေသူ ဖြစ်ပြီး ကျင့်စဉ် ပညာများစွာကို ကြုံတွေ့ဖူးသူ ဖြစ်သည်။ သူက လောကကြီး၏ ရှုပ်ထွေးမှုများ ကြားတွင် သူလိုချင်သည့် အရာကို ရှာဖွေနေသူ ဖြစ်လေသည်။

ကောင်းကင်တွင် လပြည့်ဝန်းက ထိန်ထိန် သာနေလေသည်။ ချန်ကျန့်မေနှင့် ပေါင်ကွမ်း ဆရာတော်တို့၏ ပြင်းထန်လွန်းသည့် တိုက်ပွဲသည် ကောင်းကင်ထက်မှ ထာဝရ လမင်းကိုတော့ မည်သို့မျှ သက်ရောက်နိုင်ခြင်း မရှိပေ။

ကြယ်ရောင် လေးများကလည်း လမင်းနှင့်အပြိုင် ထွန်းလင်း နေလေသည်။ ကောင်းကင်ပေါ်မှ မြစ်ဟု တင်စားကြသည့် ထွန်းလင်းနေသည့် နဂါးငွေ့တန်းကိုလည်း တွေ့မြင် နိုင်လေသည်။

ဆန်းလျန်၏ သိမ်မွေ့သည့် ပုံသဏ္ဌာန်မှာ လရောင်အောက်တွင် ထင်ရှား နေလေသည်။

“ဒီက ဆရာတော်က ဘယ်ကများပါလဲ”

ဆန်းလျန်က မေးမြန်းလိုက်သည်။

“ကျုပ်က မင်ဝမ် ဝတ်ကျောင်းတော်ကပါ။ ကျုပ်ရဲ့ ဘွဲ့တော်ကတော့ ဟွေခဲ့လို့ ခေါ်တယ်။ ကျစ်ဟွေရဲ့ “ဟွေ” ဆိုတဲ့ စာလုံးကတော့ ပညာဉာဏ်လို့ အဓိပ္ပာယ်ရတယ်။ ခဲ့ယိုခဲ့ဝူရဲ့ “ခဲ့” ဆိုတဲ့ စာလုံးကတော့ ဖြန့်ဝေပေးခြင်းလို့ အဓိပ္ပာယ်ရတယ်”

ဆရာတော်က ပြုံးရင်း ပြန်ဖြေလိုက်လေသည်။

ထိုမျှ အတိအကျ ဖြေလိုက်သည်မှာ ရွဲ့ပြီး ဖြေလိုက် လေသလားဟုပင် ဆန်းလျန် ထင်လိုက် မိသည်။

ဆရာတော်၏ ဘွဲ့တော်မှာ စိတ်ဝင်စားစရာ ကောင်းပါသည်။ သို့သော် ဆန်းလျန်ပိုပြီး စိတ်ဝင်စားမိသည်က မင်ဝမ် ဝတ်ကျောင်းတော်ပင် ဖြစ်လေသည်။

မင်ဝမ် ဝတ်ကျောင်းတော်၏ အခြေခံ ကျင့်စဉ်ပညာမှာ ရူပဓမ္မ ကျင့်စဉ်ကျမ်း ဖြစ်လေသည်။ ထိုက်ဝေ့ထိုင် ခန်းမဆောင်ရှိ ဆရာသခင် တစ်ပါး၏ မှတ်စုတစ်ခုတွင် ထိုအကြောင်းကို ဆန်းလျန် ဖတ်ဖူးလေသည်။ သူမက မင်ဝမ် ဝတ်ကျောင်းတော်မှ ဆရာတော်တစ်ပါးနှင့် ခရီးတစ်ခုကို အတူတူ သွားခဲ့ပြီး ဆရာတော်အပေါ်တွင် စိတ်ဝင်စားမှု ဖြစ်ခဲ့မိလေသည်။ သို့သော် ဆရာတော်ကတော့ သူမကို လုံးဝ စိတ်မဝင်စားခဲ့ပေ။ ဘုန်းတော်ကြီးများ ဆိုသည်က မိန်းကလေးများ အပေါ်တွင် ခံစားချက် မထားသင့်သည့် သူများ မဟုတ်ပါလား။

သူမက ထိုဆရာတော်ထံမှ မင်ဝမ် ဝတ်ကျောင်းတော် အကြောင်းကို သိခွင့်ရခဲ့ပြီး နောင်လာ နောက်သားများ သိရှိနိုင်အောင် ရေးသားခဲ့ခြင်း ဖြစ်လေသည်။

ရူပဓမ္မ ကျင့်စဉ်ကျမ်းမှာ တရားထိုင်ပြီး ကျင့်ကြံရသည့် အဆင့်မြင့် ဓမ္မကျင့်စဉ် တစ်ခု ဖြစ်သည်။ မလှုပ်ရှား ငြိမ်သက်စွာ တရားထိုင်နေပြီး ငြိမ်းချမ်းမှုကို တွေ့အောင် ရှာဖွေရသည့် ကျင့်စဉ် ဖြစ်လေသည်။

ထိုဆရာသခင် ရေးသားခဲ့သည်မှာ “အကယ်၍ သူမ၏ ကျင့်ကြံမှုသာ အောင်မြင်မည် ဆိုလျှင် ထိုဆရာတော်ကို အနိုင်ယူနိုင်မည်” ဟူ၍ ဖြစ်လေသည်။

သို့သော် လောကတွင် “အကယ်၍” ဆိုသည့် စကားမှာ အသုံးမဝင်ပါ။ ရူပဓမ္မ ကျင့်စဉ်ကျမ်းကိုသာ လွယ်လွယ်နှင့် ချိုးဖျက်နိုင်မည် ဆိုလျှင် မင်ဝမ် ဝတ်ကျောင်းတော် ဆိုသည်မှာ လောကတွင် ရပ်တည် နေနိုင်မည်ပင် မဟုတ်တော့ပေ။

“အသိဉာဏ် ပညာတွေကို ဖြန့်ဝေပေးတဲ့ ဆရာတော်ပေါ့။ လောကကို ကျော်လွန်ပြီး တရားအလင်း ရထားတဲ့ ဆရာတော်ရဲ့ ပုံစံနဲ့ ဘွဲ့တော်က လိုက်ဖက်ပါပေတယ်။ ဆရာတော်က ရည်မှန်းချက်ကြီးတဲ့ ဆရာတော်တစ်ပါးပဲ မဟုတ်လား”

ဆန်းလျန်က ပုံမှန်အတိုင်းပင် ပြောလိုက်လေသည်။

ဟွေခဲ့ ဆရာတော်က ပင်လယ်ရေလှိုင်းများကို ငေးကြည့်နေလေသည်။

“လေကြောင့် ရေလှိုင်းက ရွေ့လျားနေတာလား၊ ရေလှိုင်းကြောင့် လေက ရွေ့လျားနေတာလား။ မင်းဘယ်လိုထင်လဲ ဒကာလေး”

ဟု ဆရာတော်က အဆက်အစပ် မရှိစွာ မေးလိုက်လေသည်။

“လောကမှာရှိတဲ့ အရာတိုင်းက ရွေ့လျားဖြစ်တည် နေကြတာပဲမလား။ တည်ငြိမ်နေမလား။ ရွေ့လျားနေမလား ဆိုတာက ဆရာတော်ရဲ့ ရွေးချယ်မှုပါပဲ။ ဒါပေမယ့် တည်ငြိမ်နေတဲ့ အရာတွေလည်း ရွေ့လျားနေမှာပဲ။ ရွေ့လျားနေတဲ့ အရာတွေလည်း ရွေ့လျားနေမှာပဲ။ လောကကြီးက ရပ်တန့်နေမှာမှ မဟုတ်တာ။ ဒါကြောင့် ဆရာတော် မေးခွန်းကို ဖြေစရာ မရှိပါဘူး။ သူ့သဘော သူဆောင်နေကြတာပဲ မဟုတ်လား”

ဆန်းလျန်က ပြုံးရင်း ဖြေလိုက်လေသည်။

“တာအိုဆရာလေး မင်းက တကယ် ဉာဏ်ကောင်းတာပဲကိုး။ ကျုပ်တို့ မင်ဝမ် ကျောင်းတော်မှာ ဘုန်းကြီးဝတ်ပါလား”

ဟွေခဲ့ဆရာတော်က ရယ်မောရင်း ပြောလိုက်လေသည်။

“ကျွန်တော်က ကျွန်တော့် ဆံပင်တွေကို သဘောကျနေသေးတယ်။ ဒါကြောင့် ဘုန်းကြီးဝတ်ဖို့ မဖြစ်နိုင် သေးဘူး”

ဆန်းလျန်က ခေါင်းကို ခါယမ်းရင်း ပြန်ပြော လိုက်လေသည်။

ထို့နောက် ဆန်းလျန်သည် တောင်ကြား လမ်းလေးအတိုင်း ထွက်ခွာ သွားလေသည်။

ဟွေခဲ့ ဆရာတော်က ထွက်ခွာသွားသည့် ဆန်းလျန်ကို ငေးစိုက်ကြည့်ရင်း ကျန်ရစ်ခဲ့လေသည်။

ထိုတာအို ဆရာလေးမှာ ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှ တာအိုဆရာလေးများထက် များစွာ နှစ်သက် သဘောကျဖွယ်ရာ ဖြစ်နေပြီး နတ်ဘုရားတစ်ပါး ဖြစ်လာရန်အတွက် ပိုပြီး အလားအလာ ရှိကြောင်း ဟွေခဲ့ဆရာတာ်က အသိအမှတ် ပြုလိုက်မိလေသည်။

ဟွေခဲ့ဆရာတော်မှာ ရန်သူတစ်ယောက် မဟုတ်ပါ။ သို့သော် မိတ်ဆွေတစ်ယောက်လည်း မဟုတ်ပါ။ သူတို့နှစ်ယောက် စကားပြောခဲ့သည့် အချိန်လေးကတော့ ရင်းရင်းနှီးနှီး ရှိလှလေသည်။

ဟွေခဲ့ဆရာတော်၏ ရူပဓမ္မ ကျင့်စဉ်မှာ အလွန် အဆင့်မြင့်နေပြီ ဖြစ်လေသည်။ ထို့ကြောင့် ဆန်းလျန် အနေဖြင့် သူနှင့်ပိုပြီး ပတ်သက်လိုစိတ် မဖြစ်မိပါ။

ရှီးဟွမ်မှာ အန္တရာယ်များသည့် နေရာတစ်ခု ဖြစ်လေသည်။ သို့သော် ဆန်းလျန်က ရှီးဟွမ်တွင်ပင် နေထိုင်ရန် ဆုံးဖြတ်လိုက်သည်။ ချန်ကျန့်မေ၏ သေစေခြင်း ကျောင်းတော်မှာ ချင်းရွှမ် နတ်တံခါး၏ အနွယ်တော် ဂိုဏ်းခွဲတစ်ခု ဖြစ်သည်ဟု ဆရာသခင် ကျန်းရော့ရွှီး ကိုယ်တိုင် အသိအမှတ် ပြုထားလေသည်။ ထို့ကြောင့် သေစေခြင်း ကျောင်းတော်မှာ ချင်းရွှမ် နတ်တံခါး၏ ပြယုဂ်တစ်ခုပင် ဖြစ်လေသည်။

ချန်ကျန့်မေက သေစေခြင်း ကျောင်းတော်ကို ရှီးဟွမ်တွင် တည်ဆောက်ခဲ့ပြီး နတ်မိစ္ဆာများကို သုတ်သင်ခဲ့သည်မှာ များစွာ လေးစားစရာ ကောင်းခဲ့ပါသည်။ ချန်ကျန့်မေကြောင့်ပင် ချင်းရွှမ် နတ်တံခါးအကြောင်း လောကတစ်ခုလုံးက သိရှိ ခဲ့ကြသည်။ ထို့ကြောင့် ဆန်းလျန်က ချင်းရွှမ် နတ်တံခါးမှ တပည့်တစ်ယောက် အနေဖြင့် ထိုကျောင်းတော်ကို စောင့်ရှောက်ရန် ဆုံးဖြတ်ချက် ချလိုက်လေသည်။

ထို့ပြင် ဆန်းလျန် တွေးမိသည့် အရာတစ်ခု ရှိသေးသည်။

ချန်ကျန့်မေ နောက်ဆုံး သုံးလိုက်သည့် ဓားကွက်သည် ချန်ကျန့်မေ၏ ဟိုင်သန်းအဆင့် တက်ရောက်အောင်မြင်ပွဲ အခမ်းအနားတွင် ဆရာဘိုးဘိုး ယွမ်ချင်းက လက်ဆင့်ကမ်း ပေးခဲ့သည့် တရားဓမ္မ အဓိပ္ပာယ် ဖြစ်နိုင်လေသည်။ ချန်ကျန့်မေ ရှီးဟွမ်သို့ ထွက်ခွာလာပြီး သေစေခြင်း ကျောင်းတော်ကို တည်ထောင်ကာ တာအိုဝါဒ တရားဓမ္မများကို ဟောပြောသင်ကြား ပေးနေခြင်း မှာလည်း ထိုတရားဓမ္မနှင့် ဆက်စပ် နေပေလိမ့်မည်။

ထိုသို့ဆိုလျှင် ချန်ကျန့်မေသည် တရားဓမ္မများကို ဟောကြားရင်း အယုတ်အလတ် အမြတ်မရွေး လူသားများကို စွမ်းအားကျင့်စဉ် သင်ကြား ပေးနေခြင်းမှာ ပေါင်ကွမ်းဆရာတော် ထွက်ပေါ်လာအောင် တမင်တကာ မျှားခေါ်နေခြင်းလေလား။ သူက ပေါင်ကွမ်းဆရာတော်၏ မိစ္ဆာစိတ်ရိုင်းများနှင့် သားသတ်သမားဓားကို ထွက်ပေါ် လာစေပြီး သူ၏ သွေးနီရောင် ဓားသွား သို့မဟုတ် မရဏဓားသိုင်း ပညာကို ကျင့်ကြံ အောင်မြင်နိုင်ရန် လမ်းစဖော်ခဲ့ခြင်း ဖြစ်နိုင်လေသည်။

ပေါင်ကွမ်းဆရာတော်၏ စိတ်ထဲတွင် မိစ္ဆာစိတ်ရိုင်း စွမ်းအားနှင့် သားသတ်သမား ဓားသာ မရှိခဲ့လျှင် ချန်ကျန့်မေမှာလည်း သွေးနီရောင် ဓားသွားကို ရရှိ အောင်မြင်နိုင်မည် မဟုတ်ပေ။ ယခုတော့ ပေါင်ကွမ်း ဆရာတော်၏ စိတ်ထဲမှ သားသတ်သမား ဓားဖြစ်သည့် မိစ္ဆာစိတ်ရိုင်းမှာ ချန်ကျန့်မေ၏ သဏ္ဌာန်မဲ့ ဓားကြောင့် လွင့်စဉ်ပပျောက် သွားရပြီ ဖြစ်သလို ချန်ကျန့်မေမှာလည်း သဏ္ဌာန်မဲ့ ဓားကို သွေးနီရောင် ဓားသွားအဖြစ် ဖန်ဆင်း နိုင်ခဲ့ပြီ။

ထိုသို့ တွက်ကြည့်မည်ဆိုလျှင် သူတို့ နှစ်ယောက်လုံးအတွက် အရှုံး မရှိခဲ့ပေ။

***


Comment

Leave a Reply

Options

not work with dark mode
Reset