ထိုမျှ အားကြီးသည့် ဝိညာဉ်စွမ်းအားနှစ်ခု ထိခတ်မိခြင်းမှာ အလွန်မှ ရင်သပ်ရှုမောစရာ ဖြစ်လေသည်။
ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှ တာအိုဆရာလေးနှင့် မင်ဝမ် ဝတ်ကျောင်းတော်မှ ဘုန်းတော်ကြီးတို့၏ မျက်နှာများမှာလည်း တည်ကြည်လေးနက် သွားကြလေသည်။ သူတို့နှစ်ယောက် သည်လည်း ယနေ့ အသက် ရှင်နိုင်မည်ဆိုလျှင် လောကနတ်ဘုရား ဖြစ်လာရန်နှင့် ရွှေခန္ဓာ တရားအလင်း ရရန် နီးစပ်နိုင်မည် ဖြစ်လေသည်။ ထို့ပြင် ပေါင်ကွမ်း ဆရာတော်ထံမှ ရတနာ ရရှိဦးမည် ဆိုလျှင် တစ်ခဏ အတွင်း၌ပင် ရွှေခန္ဓာ ရသွား နိုင်ပေလိမ့်မည်။
ချန်ကျန့်မေ၏ ဝိညာဉ်မှာ ရေလှိုင်းများကြားတွင် ငြိမ်သက်နေလေသည်။ သို့သော် ယခုအချိန်ထိ သူ၏ သဏ္ဌာန်မဲ့ ဓားဝိညာဉ်ကို မမြင်တွေ့ရသေးပေ။
ပေါင်ကွမ်းဆရာတော်၏ ဝိညာဉ်မှာ ယွဲ့ကွမ်း ဗောဓိဿကျထံမှ ဆင်းသက်လာသည့် စွမ်းအား ဖြစ်လေသည်။ ထို့ပြင် သူက ပေါင်ယွဲ့ ဆရာတော်ထံမှ “လရောင်ရတနာ ကျင့်စဉ်ကျမ်း” ကိုလည်း သင်ယူထားသူ ဖြစ်လေသည်။ ထို့ကြောင့် သူက လရောင်ကို အသုံးပြုပြီး လရောင်ရတနာ ရုပ်ခန္ဓာကို ဖန်ဆင်း ထားလေသည်။ ထို့ကြောင့် သူ၏ ရုပ်ခန္ဓာမှာ ဖန်သားကဲ့သို့ ကြည်လင်သန့်စင်နေခြင်း ဖြစ်လေသည်။ လရောင်ရတနာ ရုပ်ခန္ဓာမှာ ပုံသဏ္ဌာန် ရှိသော်လည်း အကောင်အထည် ဒြပ်ထုမရှိသည့် ရုပ်ခန္ဓာတစ်ခု ဖြစ်လေသည်။ သူ၏ ဝိညာဉ်စွမ်းအားများမှာ လရောင်ထဲတွင် ပျော်ဝင်စီးဆင်း နေလေသည်။ ဆရာတော်က ချန်ကျန့်မေ၏ သဏ္ဌာန်မဲ့ဓားကို လရောင်ရတနာ ရုပ်ခန္ဓာဖြင့် ခုခံကာကွယ်ရန် စီစဉ်ထားလေသည်။
ထို့ကြောင့်ပင် ချန်ကျန့်မေကလည်း တိုက်စစ်ထက် ခံစစ်ကို ဦးစားပေး တိုက်ခိုက်ရန် ဆုံးဖြတ် ထားလေသည်။ သူ့အနေဖြင့် ပေါင်ကွမ်း ဆရာတော်နှင့် တရားဆွေးနွေးခြင်းကို ကြိမ်ဖန်များစွာ ပြုလုပ်ပြီးခဲ့ပြီ ဖြစ်လေသည်။
တရားဆွေးနွေးခြင်း ဆိုသည်မှာ သူတို့နှစ်ယောက်၏ စိတ်ဝိညာဉ်နှစ်ခု အဆုံးမရှိ ထိခတ်ခြင်းကို ဆိုလိုခြင်း ဖြစ်လေသည်။ တစ်ယောက်၏ စိတ်နှလုံးကို အခြားတစ်ယောက်၏ စိတ်နှလုံးက တရားအလင်းဖြင့် တိုက်ခိုက်ခြင်း ဖြစ်လေသည်။
ချန်ကျန့်မေမှာ ယခင်က ချန်ကျန့်မေ မဟုတ်တော့ပါ။ လက်ရှိ အချိန်တွင် သူအဖြစ်ချင်ဆုံး ဆန္ဒမှာ အကြီးမြတ်ဆုံး ဓားတန်ခိုးရှင်တစ်ပါး ဖြစ်လာရန် ဖြစ်လေသည်။ ယခင်ကကဲ့သို့ ထာဝရ အသက်ရှည်သည့် နတ်ဘုရားတစ်ပါး ဖြစ်ရန် ရည်ရွယ်ချက် မရှိတော့ပေ။
သူ၏ဘဝကို ဓားတစ်လက် အဖြစ်သာ ထုဆစ်ချင်တော့သည်။
ယှဉ်ပြိုင်ပွဲကို လာရောက် ကြည့်ရှုကြသည့် ပရိတ်သတ်များက ပေါင်ကွမ်း ဆရာတော်နှင့် ချန်ကျန့်မေ၏ စိတ်ဝိညာဉ်နှစ်ခု ကြိမ်ဖန်များစွာ ထိခတ်နေသည်ကို တိတ်ဆိတ်စွာ လေ့လာနေကြ လေသည်။ ထို့နောက်တွင်တော့ ချန်ကျန့်မေက မတ်တတ်ရပ်နေရာမှ ပေါင်ကွမ်း ဆရာတော်ထံသို့ လျှောက်လှမ်း သွားလိုက်လေသည်။
စိတ်ဝိညာဉ်နှစ်ခု ကြိမ်ဖန်များစွာ ထိခတ်မှုကြောင့် ဟန့်ဟိုင် ပင်လယ်ပြင်မှာ လှိုင်းများ ပြင်းထန်စွာ လှုပ်ခတ်နေလေသည်။ သို့သော် ထိုရေလှိုင်းများသည် ချန်ကျန့်မေ၏ ခြေဖဝါးဆီသို့
ရိုက်ခတ်လာခြင်း မရှိပါ။ သူ၏ အဖြူရောင်တာအို ဝတ်ရုံကိုလည်း ရေစိုခြင်းငှာ မစွမ်းနိုင်ပါ။ မမြင်နိုင်သည့် တန်ခိုးစွမ်းအား တစ်ခုက ချန်ကျန့်မေကို ကာကွယ် ပေးထားလေသည်။
ချန်ကျန့်မေမှာ ပေါင်ကွမ်းဆရာတော်နှင့် ပေတစ်ထောင် အကွာတွင် ခြေလှမ်းများကို ရပ်တန့် လိုက်သည်။ ထို့နောက် သူတို့နှစ်ယောက် ပြိုင်တူပင် အကြည့်ချင်း လွှဲဖယ်လိုက်ကြလေသည်။ ထိုအခါမှ စိတ်ဝိညာဉ်နှစ်ခု ရိုက်ခတ်ခြင်းမှ ဖြစ်ပေါ်လာသည့် လျှပ်စီး လက်နေခြင်းများ ပျောက်ကွယ်သွားပြီး ပင်လယ်ရေလှိုင်း များမှာလည်း ငြိမ်သက်သွားလေသည်။
ပတ်ဝန်းကျင် တစ်ခုလုံးမှာ ငြိမ်သက်သွားလေပြီ။
သို့သော် … မုန်တိုင်းမလာခင် ငြိမ်သက်ခြင်းမျိုးသာ။
ရုတ်တရက်ပင် ပတ်ဝန်းကျင် တစ်ခုလုံးတွင် လရောင်များ ဖြာလင်းသွားလေသည်။ လောကတွင် အကြည်လင်ဆုံးဟု ပြော၍ရသည့် လရောင်က ထွန်းလင်းနေလေသည်။
ဆန်းလျန်မှာ အမြင်အာရုံ ကောင်းသူတစ်ယောက် ဖြစ်ပါသည်။
သို့တိုင်အောင် သူ၏ မျက်ဝန်းများက ပေါင်ကွမ်း ဆရာတော်ကို ရှင်းလင်းစွာ မြင်တွေ့ရခြင်း မရှိပါ။ ထို့အတူ ချန်ကျန့်မေ၏ မျက်နှာ အမူအရာကိုလည်း ရှင်းလင်းစွာ မမြင်ရပါ။ သူက အသင့် အနေအထား ပြင်ဆင်ကာ သူတို့နှစ်ယောက်ကို စူးစိုက် ကြည့်နေလေသည်။
တောက်ပ ဖြာလင်းနေသည့် လရောင်ဆီမှ ကြည်လင်သည့် မြားငယ်ပေါင်းများစွာ လွင့်ပျံ လာလေသည်။ လရောင်ရတနာ ကျင့်စဉ်စွမ်းအားဖြင့် ဖြစ်တည်လာသည့် မြားငယ်များ ဖြစ်ပြီး မည်သည့်မိစ္ဆာမှ ထိုစွမ်းအားကို ကာကွယ်နိုင်မည် မဟုတ်ပေ။
ပေါင်ကွမ်း ဆရာတော်မှာ ကြာပလ္လင်ထက်တွင် တည်ကြည်စွာ ထိုင်နေပြီ လရောင်က သူ့ကို ကာကွယ် ပေးထားလေသည်။
လရောင်ရတနာ ကျင့်စဉ်မှာ အဆုံးမရှိသလို ကန့်သတ်ချက်လည်း မရှိပေ။
လရောင်ခြည် မြားငယ်များမှာ လေကို ထိုးခွင်းလာခြင်း မဟုတ်သလို လရောင်ကဲ့သို့လည်း လျင်မြန်ခြင်း မရှိပါ။ လောကတွင် အလင်းထက် လျင်မြန်သည့်အရာ မည်သည့်အရာမျှ မရှိပေ။
လရောင်ကို သန့်စင်သည့် စိတ်စွမ်းအားနှင့် ပေါင်းစပ်ပြီး ဖန်ဆင်း ထားသည့်အတွက် လရောင်ခြည် မြားငယ်များမှာ သိပ်သည်းနေလေသည်။
ထိုလရောင်ခြည် မြားလေးများမှာ ပုံသဏ္ဌာန် ရှိသည့်တိုင် အကောင်အထည် ဒြပ်ထုက ကင်းမဲ့ နေလေသည်။ အဝေးကြီးမှ ပျံသန်းလာသည်ဟု ထင်ရသလို နီးနီးလေးမှ ထွက်ပေါ်လာသည် ဟုလည်း ထင်ရလေသည်။ ထိုမြားငယ်များ အားလုံးမှာ ချန်ကျန့်မေဆီသို့ ဦးတည်ပျံဝဲ လာကြခြင်း ဖြစ်လေသည်။
ထိုမြားငယ်လေးများမှာ ချန်ကျန့်မေနှင့် ဆယ်ပေအကွာသို့ ရောက်သည့် အခါတွင်တော့ ပျောက်ကွယ်သွားပြီး ငွေရောင် စမ်းချောင်းလေး တစ်ခုအသွင် ဖြစ်ပေါ်သွားလေသည်။
သဏ္ဌာန်မဲ့ ဓားပညာ …
သဏ္ဌာန်မဲ့ ဓားဝိညာဉ် …
ချန်ကျန့်မေသာ ဆန္ဒရှိပါက သဏ္ဌာန်မဲ့ ဓားဝိညာဉ်သည် သူ၏ ခန္ဓာကိုယ် သွေးကြောဆုံချက် တိုင်းဆီမှ အလွန်လျင်မြန်သည့် အရှိန်ဖြင့် ထွက်ပေါ်လာနိုင်စွမ်း ရှိလေသည်။ လရောင်ခြည် မြားငယ်များသာ ပျောက်ကွယ်သွားခြင်း မရှိလျှင် ချန်ကျန့်မေ သဏ္ဌာန်မဲ့ဓားသိုင်း အသုံး ပြုလိုက်သည်ကို သတိ ထားမိသည့်သူ ရှိမည်မထင်ပေ။
သဏ္ဌာန်မဲ့ ဓားဝိညာဉ်မှာ ပုံသဏ္ဌာန် မရှိပါ။ လရောင်ခြည် မြားငယ်လေးများကို ခုခံကာကွယ် လိုက်သည့် သဏ္ဌာန်မဲ့ ဓားဝိညာဉ်မှာ ဓားဝိညာဉ်၏ အရိပ်အယောင်မျှကိုပင် အာရုံခံ၍ မရပေ။
လရောင်ခြည် မြားငယ်လေးများ ပျောက်ကွယ်သွားပြီးနောက် ပေါင်ကွမ်း ဆရာတော်ထံသို့ ရှည်လျားသည့် နဂါးကြီးတစ်ကောင် ဝင်ရောက်သွားလေသည်။
ထိုနဂါးကြီးမှာ ချန်ကျန့်မေက သဏ္ဌာန်မဲ့ ဓားဝိညာဉ်ဖြင့် ဖန်ဆင်းထားသည့် နဂါးကြီးပင် ဖြစ်လေသည်။ မည်သူမျှ ထိုနဂါးကြီးကို မမြင်တွေ့နိုင်ပါ။ ပေါင်ကွမ်း ဆရာတော်နှင့် ချန်ကျန့်မေသာ တွေ့မြင် ရလေသည်။ အဘယ်ကြောင့်ဆိုသော် ထိုအလွန် ကြီးမားသည့် စွမ်းအား ထုတ်လွှတ်မှုကို မြင်တွေ့ နိုင်ရန်အတွက် သူတို့နှစ်ယောက်တွင်သာ လုံလောက်သည့် စွမ်းအား ရှိသောကြောင့် ဖြစ်လေသည်။
ပေါင်ကွမ်းဆရာတော်က တရားစာများကို ရွတ်ဖတ်လိုက်သည်။ လရောင်ခြည်မှာ ဓားကောက် တစ်လက်အဖြစ် ချက်ချင်း ပြောင်းလဲသွားလေသည်။ ဒြပ်မဲ့သည့် လရောင်ခြည်ဓားသည် “ဝှစ်” ခနဲ မြည်သံနှင့်အတူ ထွက်ပေါ်လာလေသည်။
“သားသတ်သမားသည် ဓားကို ချလိုက်ပြီး ဘုရားရှင်ရှေ့ ဝပ်တွားပြီ”
ဟူသည့် ဗုဒ္ဓဘာသာ ဆိုရိုးစကားပုံတစ်ခု ရှိလေသည်။
ထိုဓားကောက်မှာ ပေါင်ကွမ်း ဆရာတော်၏ စိတ်ဝိညာဉ်ထဲမှ သားသတ်သမား ဓားပင် ဖြစ်လေသည်။ ထိုဓားကို စိတ်စွမ်းအားဖြင့် ဖန်ဆင်းပြီး လရောင်ဖြင့် ပေါင်းစပ်ထားခြင်း ဖြစ်လေသည်။
လရောင်ခြည်နှင့် မိုးမြေစွမ်းအားများက ထိုဓားကောက်ကြီးဆီသို့ ပေါင်းစည်း သွားလေသည်။ ထိုသို့စွမ်းအင် ပေါင်းစည်းမှုမျိုးကို တာအိုဆရာရှီနှင့် ဆန်းလျန်တို့၏ ယှဉ်ပြိုင်ပွဲတွင်လည်း မြင်တွေ့ ခဲ့ရပြီး ဖြစ်လေသည်။
သို့သော် ယခု ပေါင်ကွမ်း ဆရာတော်၏ စွမ်းအားပေါင်းစည်းမှုက ဆန်းလျန်ထက် များစွာ သာလွန်လေသည်။
အဘယ်ကြောင့်ဆိုသော် ပေါင်ကွမ်း ဆရာတော်က လရောင်ခြည် စွမ်းအားများ အားလုံးကို စုပ်ယူလိုက်ပြီး ဓားသွားထဲသို့ စီးဝင် စေလိုက်သောကြောင့် ဖြစ်လေသည်။
ဓားသွားမှာ ကြောက်စရာ ကောင်းနေပြီး သွေးနီရောင် တောက်ပနေလေသည်။
ပေါင်ကွမ်းဆရာတော် သုတ်သင်ခဲ့သည့် နတ်မိစ္ဆာများ အားလုံး၏ အမုန်းတရားများသည် ထိုဓားသွားထဲတွင် ခိုအောင်းနေလေသည်။ မိစ္ဆာတို့၏ အော်သံက ကြားရသူတိုင်း၏ စိတ်နှလုံးကို တုန်ခါ စေလေသည်။
အာရုံငါးပါးကို ထိန်းချုပ်ပိတ်ဆို့ထားမည် ဆိုလျှင်တောင်မှ ထိုဓားဖြင့် အဆုံးမရှိ သတ်ဖြတ်ခဲ့သည့် မိစ္ဆာတို့၏ အမုန်းတရားကို နှလုံးသားမှ ခံစားနေရဦးမည် ဖြစ်လေသည်။
ပေါင်ကွမ်းဆရာတော်၏ တန်ခိုးစွမ်းအားကြောင့်သာ သားသတ်သမား ဓားကို ထိန်းချုပ် ထားနိုင်ခြင်း ဖြစ်လေသည်။
ဆန်းလျန်မှာ ချန်ကျန့်မေအတွက် စိုးရိမ် သွားမိသည်။ ထိုသို့သော ဓားမျိုးကို လူသား တစ်ယောက်၏ စွမ်းအားဖြင့် မည်သို့မျှ ယှဉ်ပြိုင် တိုက်ခိုက်နိုင်မည် မဟုတ်ပေ။
ပေါင်ကွမ်း ဆရာတော်က ဓားကိုသာ ထုတ်လိုက်သည် မဟုတ်။ သူ့နှလုံးသားထဲမှ မိစ္ဆာစိတ်ရိုင်း စွမ်းအားကိုလည်း ထုတ်လွှတ် လိုက်လေသည်။ ထို့နောက် မိစ္ဆာစိတ်ရိုင်း စွမ်းအားများကို သားသတ်သမား ဓားနှင့် ပေါင်းစပ် လိုက်လေသည်။ ချန်ကျန့်မေ၏ သဏ္ဌာန်မဲ့ ဓားဝိညာဉ်ကို အမြစ်ပြတ် သုတ်သင်နိုင်ရန် ဤသို့ ပြုလုပ်လိုက်ခြင်း ဖြစ်လေသည်။
ဤသည်မှာ လုံးဝ မျှော်လင့်မထားသည့် အံ့သြစရာ တိုက်ကွက် ဖြစ်လေသည်။
ပတ်ဝန်းကျင် တစ်ခုလုံး မှောင်မိုက်လာလေသည်။ ဘယ်ကြောင့်ဆိုသော် သားသတ်သမား ဓားက လရောင်ခြည်နှင့် မိုးမြေစွမ်းအားများ အားလုံးကို စုပ်ယူလိုက်သောကြောင့် ဖြစ်လေသည်။ ကောင်းကင်ထက်တွင် တိမ်ညိုများ စုစည်းလာပြီး လေထုမှ ငြိမ်သက်သွားလေသည်။
သားသတ်သမား ဓားသည် နဂါးပုံသဏ္ဌာန် ဓားဝိညာဉ်နှင့် ထိခတ်သွားပြီး ပတ်ဝန်းကျင် တစ်ခုလုံးတွင် လရောင်များ လင်းထိန်တောက်ပ သွားလေသည်။
ထို့နောက် …
လေပြည်လေးက ပြန်လည် တိုက်ခတ်လာပြီး ပင်လယ်လှိုင်း ကြက်ခွပ်လေးများ ပြန်လည် ဖြစ်ပေါ်လာလေသည်။
ဓားသွားနှစ်ခု ထိခတ်ခြင်းမှ ထွက်ပေါ်လာသည့် အလင်းမှုန် လေးများမှာ ကြယ်များကဲ့သို့ ပတ်ဝန်းကျင်တွင် ပျံ့ကြဲ နေလေသည်။
အမှောင်ထဲတွင် အလင်းမှုံလေးများ ပေါင်းစည်း သွားလေသည်။
ထိုခဏလေးမှာပင် …
ချန်ကျန့်မေနှင့် ပေါင်ကွမ်းဆရာတော်တို့ ကြားတွင် ကြောက်မက်ဖွယ်ရာ ပေါက်ကွဲမှုကြီး တစ်ခု ဖြစ်ပေါ် သွားလေသည်။ ထိုပေါက်ကွဲမှုကြီး မဖြစ်ခင်တွင် ပင်လယ်ရေပြင်မှာ ကြောက်စရာ ကောင်းလောက်အောင်ပင် ငြိမ်သက်နေလေသည်။ ပင်လယ်ပြင်သည် ဆန်းကြယ်စွာဖြင့် အဆက်မပြတ် စီးဆင်းနေသည့် လရောင်ကို လက်ခံ ထားလေသည်။
ထို ပေါက်ကွဲမှုကြီးကြောင့် ပင်လယ်ရေများ လွင့်စဉ် ထွက်လာလေသည်။ ခါးသက်သက်နှင့် ငံကျိကျိ အရသာရှိသည့် ဟန့်ဟိုင် ပင်လယ်ရေများမှာ အရှိန်ဖြင့် လွင့်စဉ် ထွက်လာသောကြောင့် ယှဉ်ပြိုင်ပွဲကို ကြည့်နေကြသည့် ပရိတ်သတ်များမှာ ရှောင်တိမ်းချိန်ပင် မရလိုက်ဘဲ ရေများ စိုရွှဲ ကုန်လေတော့သည်။
နတ်မိစ္ဆာများနှင့် မကောင်းဆိုးဝါးများ၏ ခန္ဓာကိုယ်မှာ လူသား ကျင့်ကြံသူများထက် ပိုပြီး ခံနိုင်ရည်အား ကောင်းလေသည်။ ထို့ကြောင့် ပင်လယ်ရေ ထိသည့်အခါ နတ်မိစ္ဆာများနှင့် မကောင်းဆိုးဝါးများက ထူးခြားစွာ မခံစားရသည့်တိုင် လူသားကျင့်ကြံသူ အများစုမှာတော့ နာကျင်မှုကို ခံစား လိုက်ကြရလေသည်။ ထိုနာကျင်မှုမှာ သူတို့ ဘယ်တုန်းကမှ မခံစားဖူးသည့် နာကျင်မှုမျိုး ဖြစ်လေသည်။
ထို့ကြောင့် နာကျင်မှု သက်သာရန် အမျိုးမျိုး အဖုံဖုံသော အင်းပညာများနှင့် မန္တန်များကို အသုံးပြုလိုက် ကြရလေသည်။ အချို့က တန်ခိုးစွမ်းအား အလင်းတန်းများ ထုတ်လွှင့်ကာ ကာရံထားပြီး အချို့က ထီးများ ဖန်ဆင်းကာကွယ် ကြသည်။ အချို့က အလွှာပါး ဝတ်ရုံများ ဖန်ဆင်းကာကွယ် ကြလေသည်။ အချို့ကတော့ မည်သည့် အရံအတားမှ မဖန်ဆင်း ကြပေ။
ဆန်းလျန်က ကျောက်ဆောင်များဆီသို့ တစ်ချက်လှမ်းကြည့် လိုက်လေသည်။ ထိုနေရာတွင် လူငယ် တာအိုဆရာလေးနှင့် မင်ဝမ်ဝတ်ကျောင်းတော်မှ ဘုန်းတော်ကြီး ရှိနေလေသည်။ သူတို့ နှစ်ယောက်မှာ ယှဉ်ပြိုင်ပွဲကို လာရောက် ကြည့်ရှုသည့် ပရိတ်သတ်များ ကြားတွင် အတည်ငြိမ်ဆုံးနှင့် ကြောက်စရာ အကောင်းဆုံးနှစ်ယောက် ဖြစ်လေသည်။
ဆန်းလျန်၏ အကြည့်ကို မင်ဝမ်ကျောင်းမှ ဘုန်းတော်ကြီးက ခပ်ပါးပါး အပြုံးတစ်ချက်ဖြင့် တုံ့ပြန်လိုက်သည်။ လူငယ်တာအို ဆရာလေးကတော့ အေးစက်စက် အကြည့် တစ်ချက်ဖြင့်သာ တုံ့ပြန်လိုက်လေသည်။
ပေါက်ကွဲမှုကြီး ဖြစ်ပေါ်ပြီးသည့်နောက် ပေါင်ကွမ်းဆရာတော်၏ ကိုယ်ပေါ်တွင် လရောင်က ဖြာလင်းနေဆဲ ဖြစ်လေသည်။ သို့သော် အရင်ကလို သန့်စင် ကြည်လင်ခြင်း မရှိတော့ပေ။
ကောင်းကင်တစ်ခုလုံး တိမ်ညိုများ ဖုံးလွှမ်းနေသည့်တိုင် …
စိတ်ပင်ပန်း နေပုံရသည့် ချန်ကျန့်မေကို တွေ့မြင် နိုင်လေသည်။ သူ၏ တာအိုဝတ်ရုံမှာ ဖရိုဖရဲ ဖြစ်နေပြီး ဆံပင်များမှာလည်း ပြေကျ နေလေသည်။ သူ၏ တာအိုဝတ်ရုံမှာ ဓားချက် တစ်ချက်ကြောင့် စုတ်ပြဲ နေသည်ကို တွေ့မြင်နိုင်လေသည်။
ကောင်းကင်တွင် တိမ်ညိုများ ထူထပ်စွာ ဖုံးလွှမ်း နေသည့်အတွက် ကြယ်ရောင်ရော လရောင်ပါ ထွက်ပေါ် လာနိုင်ခြင်း မရှိပေ။
ဤသည်မှာ ပေါင်ကွမ်း ဆရာတော်နှင့် ချန်ကျန့်မေတို့၏ ရင်ဆိုင်ယှဉ်ပြိုင်ပွဲ ဖြစ်လေသည်။ ပြိုင်ပွဲမှာ မိုးနှင့်မြေကိုပင် သက်ရောက်ပြောင်းလဲ စေခဲ့ပြီ။
အသံတစ်ခု ထွက်ပေါ်လာလေသည်။
“ဆန်းလျန် ဒီဓားကွက်ကို သေချာနားလည်အောင် ကြည့်ထား”
ချန်ကျန့်မေ၏ အသံပင် ဖြစ်လေသည်။
ပေါင်ကွမ်းဆရာတော်၏ စွမ်းအားအကုန် မထုတ်ရသေးခင်မှာပင် ချန်ကျန့်မေမှာ ဒဏ်ရာရနေပြီ ဖြစ်လေသည်။ သို့သော် ချန်ကျန့်မေ၏ လေသံကို ကြားရသည်မှာ ကျိန်းသေပေါက် အနိုင်ရတော့မည့် လေသံမျိုး ဖြစ်နေလေသည်။
ချန်ကျန့်မေ၏ သဏ္ဌာန်မဲ့ ဓားဝိညာဉ်မှာ ပျက်စီးသွားပြီ ဖြစ်လေသည်။ သို့သော် သူ့လက်ထဲတွင် ဓားတစ်လက် ရှိနေလေသည်။ ထိုဓားဆီမှ အဆုံးမရှိ သေစေခြင်း အငွေ့အသက်များ ထွက်ပေါ် နေလေသည်။ ထိုဓားမှာ ပေါင်ကွမ်းဆရာတော် ဖန်ဆင်းခဲ့သည့် သားသတ်သမား ဓားထက်ပင် ကြောက်စရာ ကောင်းနေသည်။
အမှန်တော့ ပေါင်ကွမ်း ဆရာတော်၏ သားသတ်သမား ဓားမှ မိစ္ဆာစိတ်ရိုင်း စွမ်းအားကို ထွက်ပေါ် လာစေပြီး ယခု ကိုင်ဆောင်ထားသည့် သေစေခြင်း ဓားကို ထိုမိစ္ဆာစိတ်ရိုင်း စွမ်းအားဖြင့် အစာ ကျွေးလိုက်ခြင်း ဖြစ်လေသည်။ ထို့ကြောင့် ချန်ကျန့်မေ၏ တာအိုဝတ်ရုံမှာ ဓားချက်ထိကာ ပြဲစုတ် သွားရခြင်း ဖြစ်လေသည်။
စွမ်းအား ပေါက်ကွဲမှုကြီး ဖြစ်ပေါ်သည့် အချိန်တွင် ချန်ကျန့်မေမှာ ကိုယ့်ကိုယ်ကိုယ် မကာကွယ် လိုက်နိုင်ခြင်း မဟုတ်ပါ။ သူက ရည်ရွယ်ချက် ရှိရှိဖြင့် မကာကွယ်ဘဲ ဒဏ်ရာ ရခံခဲ့ခြင်း ဖြစ်လေသည်။
သဏ္ဌာန်မဲ့ ဓားသိုင်း၏ အထွတ်ထိပ် အဆင့်မှာ လူတစ်ယောက်သည် သူ၏ နှလုံးသားကို ဓားတစ်လက်အဖြစ် အသုံးပြု နိုင်ခြင်းပင် ဖြစ်လေသည်။ ယခုနှစ်များ အတွင်းတွင် ချန်ကျန့်မေ သုတ်သင် သတ်ဖြတ်ခဲ့သည့် နတ်မိစ္ဆာများ၊ မကောင်းဆိုးဝါးများ၏ မိစ္ဆာစိတ်ရိုင်း စွမ်းအားများသည် ယခု ချန်ကျန့်မေ ကိုင်ထားသည့် ဓားထဲတွင် ရှိနေပါသည်။
ချန်ကျန့်မေက ဓားရှည်ကို တစ်ချက် ဝှေ့ယမ်းလိုက်လေသည်။ ဓားသွားက တိမ်ညိုများကို ထိုးခွဲသွားပြီး ကြယ်ရောင်နှင့် လရောင်လေးများ ထွက်ပေါ်လာသည်ကို မြင်နေရသည်။
သွေးဆာနေသော ဓားရှည်မှာ တိမ်ညိုများထဲသို့ ဓားခုတ်ရာ တစ်ခုတည်းအဖြစ် ဖြတ်သန်း သွားလေသည်။
ဆန်းလျန်သည် ချန်ကျန့်မေ၏ သေစေခြင်း ဓားကို မျက်တောင်မခတ် ကြည့်နေလေသည်။ ချန်ကျန့်မေသာ ဆန္ဒရှိမည် ဆိုလျှင် ဟန့်ဟိုင် ပင်လယ်သေကိုပင် နှစ်ပိုင်းခွဲနိုင်မည့် စွမ်းအားမျိုးကို ပိုင်ဆိုင်ထားသည့် ဓားမျိုးဖြစ်လေသည်။
ချန်ကျန့်မေက ဓားကို ဝှေ့ယမ်း လိုက်သည်နှင့် ဆန်းလျန်၏ နှလုံးသားမှာ မျှော်လင့်ချက် များစွာဖြင့် တဒိတ်ဒိတ် ခုန်နေတော့သည်။
သေစေခြင်းဓား၏ အဓိပ္ပာယ်မှာ သန့်စင်ပြီး သပ်ရပ်လေသည်။ လောကတစ်ခွင်ရှိ မတရားမှုများ အားလုံးကို ပျောက်ကွယ်စေမည့်ဓား ဖြစ်လေသည်။
ချန်ကျန့်မေမှာ ဓားနှင့်လူ တစ်သားတည်း ကျနေလေသည်။ သွေးနီရောင် ဓားသွားသည် ပေါင်ကွမ်း ဆရာတော်ဆီသို့ တိုးဝင်သွားလေသည်။ ပတ်ဝန်းကျင် တစ်ခုလုံးမှာ အကြောက်တရားဖြင့် တုန်လှုပ် သွားလေသည်။
ပေါင်ကွမ်းဆရာတော်က ထူးဆန်းသည့် လက်ဟန်တစ်ခုကို ပြုလုပ်လိုက်သည်။ ရောင်စဉ်တန်း တစ်ခု ဖြစ်ပေါ်လာလေသည်။ ထိုရောင်စဉ်တန်း အတွင်းထဲတွင် ခရမ်းရောင် တောက်ပနေပြီး အပြင်တွင်တော့ လရောင်ခြည် ထွန်းလင်းနေလေသည်။ ထိုပညာမှာ ကျင်းကွမ်း ဝတ်ကျောင်းတော်၏ အဆင့်မြင့် အရံအတား ပညာတစ်ခု ဖြစ်သည့် “လရောင်ရတနာ စက်ဝန်း” ပညာပင် ဖြစ်လေသည်။ ယုံကြည်သူများ၏ ဆုတောင်းများကို ပေါင်းစည်းထားသည့် စက်ဝန်းဖြစ်လေသည်။
သို့သော် လရောင်ရတနာစက်ဝန်း အရံအတား ပညာသည်လည်း ချန်ကျန့်မေ၏ ဓားချက်ကို ကာကွယ် နိုင်တော့မည် မဟုတ်ကြောင်း ပေါင်ကွမ်းဆရာတော် သိနေခဲ့ပြီ။ လရောင်ရတနာ အကာအကွယ်မှာ သေစေခြင်း ဓားအောက်တွင် စက္ကူပါးလေး တစ်ခုအလား နှစ်ခြမ်း ကွဲသွားလေသည်။ သွေးနီရောင် ဓားသွားကို မည်သည့် အရာကမှ တားဆီးနိုင်ခြင်း မရှိတော့ပေ။
ဓားချက်က လျင်မြန်လွန်းလေသည်။ ပေါင်ကွမ်း ဆရာတော်သည်ပင် ဓားချက် ဝင်ရောက်လာသည်ကို မမြင်တွေ့လိုက်ပေ။
ပေါင်ကွမ်း ဆရာတော်ထံမှ ကျုံးဝါးသံတစ်ချက် ထွက်ပေါ်လာလေသည်။
ကျားတစ်ကောင်၏ ကျုံးဝါးသံ ကဲ့သို့ပင် …
မိုးကောင်းကင် ကိုးဆင့်မှ မိုးခြိမ်းသံကြီး ကဲ့သို့ပင် …
သူ့ပါးစပ်အတွင်းမှ ရွှေရောင် တောက်ပနေသည့် “ဝမ့်” စကြာပုံသဏ္ဌာန်များ တစ်ခုပြီးတစ်ခု ထွက်ပေါ် လာလေသည်။ သူ တစ်ဘဝလုံး ကျင့်ကြံခဲ့သည့် ကျင့်စဉ်တန်ခိုး စွမ်းအားများအားလုံး ထွက်ပေါ်လာခြင်း ဖြစ်လေသည်။
သို့သော် သွေးနီရောင် ဓားသွားအောက်တွင် ထိုရွှေရောင် “ဝမ့်” စကြာ ပုံသဏ္ဌာန်များမှာလည်း မည်သို့မျှ မတတ်နိုင် ချေဖျက် ခံလိုက်ရလေသည်။
ဆန်းလျန် ပျော်ရွှင်ခြင်း မရှိပါ။
သူ့နှလုံးသားသည် ကြေကွဲဝမ်းနည်း နေလေသည်။
ချန်ကျန့်မေနှင့် ပေါင်ကွမ်းဆရာတော်သည် ကျင့်စဉ် အဆင့်အတန်း များစွာ ကွာခြားလေသည်။ သို့တိုင်အောင် ချန်ကျန့်မေသည် ပေါင်ကွမ်းဆရာတော်၏ အရံအတား အားလုံးကို ဤမျှ လွယ်လွယ်နှင့် ဖျက်ဆီးနိုင်ခဲ့ပြီ။
ဤသည်မှာ မိုးကောင်းကင်ကို ဆန့်ကျင်ခြင်းပင် ဖြစ်လေသည်။ ကျိန်းသေပေါက် တန်ဖိုး ပြန်ပေးဆပ်ရမည် ဖြစ်လေသည်။
ထို့ကြောင့်ပင် ချန်ကျန့်မေက ထိုဓားကွက်ကို သေချာကြည့်ဖို့ ဆန်းလျန်ကို ပြောခြင်း ဖြစ်လေသည်။ သူ့ဘဝတွင် ချန်ကျန့်မေ ဓားထုတ်သည်ကို နောက်တစ်ကြိမ် တွေ့မြင်ရရန် မသေချာ တော့ပေ။
ထိုဓားချက်တွင် ချန်ကျန့်မေဘဝ တစ်ဘဝလုံးစာ စွမ်းအားများ ထည့်သွင်း ထားလေသည်။
“လူတစ်ယောက်က သူ့ဘဝရဲ့ သက်တမ်းတစ်ဝက်ကို ကျင့်ကြံရင်း ကုန်ဆုံးခဲ့တာကို ဘယ်သူမှ မသိနိုင်ဘူး။ တစ်ချိန် အောင်မြင်မှု ရသွားမှသာ လောကကြီးက အံ့သြကြမယ်”
ထိုနိမိတ် စကားမှာ ချန်ကျန့်မေအတွက် လွန်စွာမှ တိကျမှန်ကန် ခဲ့လေပြီ။
ဤညတိုက်ပွဲ အဆုံးသတ်ပြီးလျှင် ယှဉ်ပြိုင်ပွဲကို ကြည့်နေကြသည့် ပရိတ်သတ်များသည် “ချန်ကျန့်မေ” ကို မည်သည့်အခါမှ မေ့လျော့ သွားတော့မည် မဟုတ်ပေ။
သူ၏ “သွေးနီရောင် ဓားသွား” သည် အားလုံး၏ စိတ်ထဲတွင် ဖျောက်ဖျက်မရ အမှတ်ထင် ကျန်ရစ်နေတော့မည်။ အလွန်လှပသည့် မီးရှူးမီးပန်း တစ်ခုသည် တစ်ခဏလေး လင်းလက်ပြီး ပျောက်ကွယ်သွားရ သကဲ့သို့ပင် ဖြစ်ပေတော့သည်။
ရွှေရောင် “ဝမ့်” စကြာများ ပျောက်ကွယ်သွားလေသည်။ သွေးနီရောင် ဓားသွားသည် ပေါင်ကွမ်း ဆရာတော်၏ ခန္ဓာကိုယ်ကို ထိုးခွဲလိုက်လေသည်။ ပေါင်ကွမ်း ဆရာတော်၏ ခန္ဓာကိုယ်မှာ သွေးထွက်ခြင်း မရှိဘဲ အစိတ်စိတ် အမြွှာမြွှာ ကြွေပျက်သွားလေသည်။
ပင်လယ်ထဲတွင် ဆရာတော်တစ်ပါး မျောပါ နေလေသည်။ ထိုဆရာတော်မှာ အသက် ရှိသေးလား မရှိတော့ပြီလား မပြောနိုင်ပါ။
ချန်ကျန့်မေ၏ သွေးနီရောင် ဓားသွားဖြင့် ထိုးခွဲလိုက်သည်မှာ ပေါင်ကွမ်း ဆရာတော်၏ လရောင်ရတနာ ရုပ်ခန္ဓာကို ထိုးခွဲလိုက်ခြင်း ဖြစ်လေသည်။ ဆရာတော်၏ ရုပ်ခန္ဓာ အစစ်အမှန် မဟုတ်ပေ။ ထို့ကြောင့် သွေးမထွက်ဘဲ အစိတ်စိတ်အမွှာမွှာ ကြွေပျက်သွားရခြင်း ဖြစ်လေသည်။
တိမ်ညိုများ ပျံ့လွင့်သွားပြီး ကောင်းကင်ထက်တွင် သွေးနီရောင် သက်တန့်ကွေးတစ်ခု ပေါ်လာလေသည်။
သို့သော် ထိုသွေးနီရောင် သက်တန့်ကွေးမှာ အချိန်ခဏလေး အတွင်းမှာပင် အရိပ်အယောင်ပင် မကျန် ပျောက်ကွယ်သွားလေသည်။ ထို့အတူ ချန်ကျန့်မေမှာလည်း ပျောက်ကွယ် သွားလေတော့သည်။
***