“တာအိုဆရာရှီ ဒီကိုဘာလို့ရောက်လာရလဲ မင်းသိလား”
ချန်ကျန့်မေက ဆန်းလျန်ကို ရုတ်တရက်မေးလိုက်လေသည်။
“မသိပါဘူးဗျာ”
ဆန်းလျန်က ရိုးရိုးသားသားပင် ပြန်ဖြေလိုက်လေသည်။
ဟန့်ဟိုင် ပင်လယ်သေ၏ ရေပြင်တွင် ကြင်စင်လေးများ ရောင်ပြန်ဟပ်နေကြသည်။ သို့သော် လထွက်လာခြင်းတော့ မရှိသေးပေ။ ပင်လယ်သေထဲတွင် ရေမှော်များလည်း မရှိ၊ ငါးများလည်း မရှိပေ။
ပင်လယ်ပြင်ကို ကြည့်ရသည်မှာ အထီးကျန် ဆန်လွန်းလှပေသည်။
လေပြေလေး တိုက်ခတ်လာသည့် အတွက်သာ အထီးကျန်ဆန်ခြင်းကို လွင့်စဉ်သွားစေ လေသည်။
ချန်ကျန့်မေက ပင်လယ်ထဲတွင် ရောင်ပြန်ဟပ်နေသည့် ကြယ်စင်များကို စူးစိုက် ကြည့်နေ လေသည်။ ဤ ရှုခင်းကို နောက်တစ်ကြိမ် ကြည့်ခွင့်ရတော့မည် မဟုတ်ကြောင်း သူသိနေလေသည်။
သူက ရှုမျှော်ခင်းများကို ခံစားလေ့ရှိသူ မဟုတ်ပါ။ သို့သော် ယနေ့တော့ ထူးထူးခြားခြား ခံစား နေမိလေသည်။
သူ့ကိုယ်သူ ယုံကြည်ချက် မရှိခြင်းကြောင့် ထိုသို့ ခံစားရခြင်း မဟုတ်ပါ။ သို့သော် ယနေ့ ယှဉ်ပြိုင်ပွဲက ယုံကြည်ချက်ရှိခြင်း၊ မရှိခြင်းနှင့် သိပ်မဆိုင်ပေ။ နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ အချိန်တန်လျှင် မြူမှုန်ကဲ့သို့ ပျောက်ကွယ်သွားမည့် အဖြစ်အပျက်များသာ ဖြစ်လေသည်။
“ကွမ်းချင်း နတ်ဘုရားဂိုဏ်းက သူ့ကိုလွှတ်လိုက်တာ။ အားလုံးက တာအိုဆရာရှီကို ပုံမှန် မဟုတ်တဲ့ ကျင့်ကြံသူလို့ သိထားကြတာ။ ဒါပေမယ့် သူတို့ မသိတာက သူက ကွမ်းချင်းနတ်ဘုရား ဂိုဏ်းမှာ အရေးပါတဲ့သူပဲ။ သူ ဟိုင်သန်းအဆင့် တက်ရောက်နိုင်ဖို့ နတ်ဒေဝါ အမြုတေကို ကွမ်းချင်း နတ်ဘုရားဂိုဏ်းက ရှာပေးခဲ့တာ။ သူကတော့ ရှီးဟွမ်က စွန့်ပစ်နတ်ဘုရား ကျောင်းတော် တစ်ခုထဲက ရတယ်လို့ သတင်း လွှင့်ထားတာပေါ့”
ချန်ကျန့်မေက ဆန်းလျန်ကို ရှင်းပြနေလေသည်။
သူ့ကို ကြည့်ရသည်မှာ ယခင်ကထက်ပိုပြီး ဆန်းလျန်ကို ရင်းရင်းနှီးနှီး ရှိနေ လေသည်။ သူ့နှလုံးသားမှာလည်း နူးညံ့သိမ်မွေ့ နေလေသည်။ တောင်တစ်ခွင်လုံးမှ နတ်မိစ္ဆာနှင့် မကောင်းဆိုးဝါးများကို နှိမ်နင်း သတ်ဖြတ်ခဲ့သည့် သေစေခြင်း ကျောင်းတော်မှ ခက်ထန်သည့် ဓားတန်ခိုးရှင်ဟုပင် ထင်နိုင်စရာ မရှိပေ။
ချန်ကျန့်မေမှာ အစကတည်းက စိတ်ထားဖြူစင်သူ ဖြစ်ကြောင်း ဆန်းလျန် သိထားပါသည်။ ယခုတော့ ပိုပြီး နူးညံ့လာဟန် ရှိလေသည်။
လူတစ်ယောက်သည် သတ်ဖြတ် နှိမ်နင်းသည့် အလုပ်ကို လုပ်တော့မည် ဆိုလျှင် မိစ္ဆာစိတ်ရိုင်း စွမ်းအား ရှိမှသာလျှင် လုပ်၍ရမည် ဖြစ်လေသည်။ ထိုမိစ္ဆာစိတ်ရိုင်း စွမ်းအားရှိမှသာ ပြိုင်ဘက်ရန်သူကို ထိတ်လန့်စေပြီး နှိမ်နင်းမှု အောင်မြင်နိုင်မည် ဖြစ်လေသည်။
သို့သော် ကျင့်ကြံသူ တစ်ယောက်မှာ မိစ္ဆာစိတ်ရိုင်း စွမ်းအားကို မွေးမြူရန်မှာ လွယ်ကူသည် မဟုတ်ပါ။ ဗုဒ္ဓဘာသာအရဆိုလျှင် သူတစ်ပါး အသက်ကို သတ်ဖြတ်ခြင်းမှာ အပြစ်တရား ဖြစ်လေသည်။ ထို့ကြောင့် “တံမြက်စည်း လှည်းလျှင်ပင် ပုရွက်ဆိတ်များကို သတိထားပါ” ဟု ဆုံးမစကား ရှိခဲ့လေသည်။ ကျင့်ကြံသူ တစ်ယောက်သည် မိစ္ဆာစိတ်ရိုင်းမွေးပြီး သတ်ချင်တိုင်း သတ်ဖြတ်နေပါက အနာဂတ်တွင် ဒုက္ခရောက်မည် ဖြစ်လေသည်။
ဒဏ္ဍာရီအရဆိုလျှင် အသူရာချောက် ကိုးဆင့်တွင် သွေးပင်လယ်တစ်ခု ရှိလေသည်။ သူတစ်ပါးအသက် သတ်ဖြတ်သူများသည် ထိုနေရာတွင် အပြစ်ပေး ခံရလေသည်။ သူတစ်ပါးကို သတ်ဖြတ်ပြီး ကျင့်စဉ်လမ်းကို လျှောက်မိသူသည် မိုးကောင်းကင် အပြစ်စီရင်ခြင်းကို ရင်ဆိုင်ရကာ ထိုငရဲသို့ သွားရမည် ဖြစ်လေသည်။
သို့သော် ချန်ကျန့်မေက မိစ္ဆာများကို နှိမ်နင်းခဲ့သော်လည်း သူ့တွင် မိစ္ဆာစိတ်ရိုင်း မရှိပါ။ သူက လူသားများ၏ အန္တရာယ်ကို ရှင်းလင်းပေးသည့် အနေဖြင့် မိစ္ဆာများကို နှိမ်နင်း သတ်ဖြတ်ခဲ့ခြင်းမျှသာ ဖြစ်လေသည်။ သူ၏ မိစ္ဆာစိတ်ရိုင်းကို ကောင်းကောင်း ထိန်းချုပ်ထားနိုင်ပြီး ကျင့်ကြံသူ တစ်ယောက်၏ စိတ်ထားမြင့်မြတ် ဖြူစင်မှုကို ထိန်းသိမ်း ထားနိုင်ခဲ့လေသည်။
ဆန်းလျန်မှာ သူဆိုလျှင်ရော ချန်ကျန့်မေကဲ့သို့ လုပ်နိုင်ပါမည်လားဟု တွေးမိလေသည်။ ထိုသို့တွေးမိသည်နှင့် ချန်ကျန့်မေ၏ အဆင့်ကို မီရန် သူက အများကြီး ကြိုးစားရဦးမည် ဖြစ်ကြောင်း နားလည် လိုက်ရလေသည်။
ဆန်းလျန်မှာ သူ၏ “ယင်” ဝိညာဉ်စွမ်းအားကို ကောင်းစွာ ထိန်းချုပ်နိုင်သည့်တိုင် တန်ခိုးစွမ်းအား တစ်ခုလုံးကို ထိန်းချုပ်နိုင်ရန် အတွက်တော့ များစွာ ကြိုးစားရဦးမည် ဖြစ်သည်။ ထိုအဆင့်မှာ လွယ်ကူသည့်အဆင့် မဟုတ်ပါ။
ဆန်းလျန်၏ ရင်ထဲမှ လှုပ်ရှားသွားမှုကို ချန်ကျန့်မေ ခံစားလိုက်မိ လေသည်။
ထို့ကြောင့် ဆန်းလျန် စိတ်တည်ငြိမ် သွားစေရန် စကားဆက် ပြောလိုက်သည်။
“ဒီနေ့ တာအိုဆရာရှီ ရောက်လာရတာက ကွမ်းချင်း နတ်ဘုရားဂိုဏ်းရဲ့ ကိုယ်စား ရောက်လာတာပဲ။ မထူးဆန်းပါဘူးကွာ။ ကွမ်းချင်း နတ်ဘုရားဂိုဏ်းက ကျုပ်ကို မနာလို ဖြစ်နေကြတာ။ နှစ်ပေါင်း သုံးဆယ်တောင် ကြာခဲ့ပြီလေ။ တကယ်လို့ ကျုပ်သာ မရှိရင် လင်ထိုင်တာအို ပြိုင်ပွဲမှာ ချင်းရွှမ်နတ်တံခါးဟာ မျက်နှာပန်းလှမှာ မဟုတ်ဘူး။ ဒါကလည်း ပြဿနာ မဟုတ်ပါဘူးလေ။ အခုဆို ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှာ လောကနတ်ဘုရား ငါးပါးတောင် ရှိတာပဲ။ သူတို့စကားနဲ့ ပြောရရင် “သူတို့က အင်အားကြီးပြီးသား” ပဲလေ။ အမှန်တော့ ချင်းရွှမ် နတ်တံခါးက အဓိက နတ်ဘုရား ကျောင်းတော် လေးခုထဲမှာ ပါဝင်နေတာကို သူတို့က မကျေမနပ် ဖြစ်နေကြတာ။ သူတို့က အဲဒီနေရာကို လိုချင်တာလေ။ အဓိကနတ်ဘုရား ကျောင်းတော်လေးခုမှာ သူတို့မပါဝင်တော့ လင်ထိုင်တာအို ပြိုင်ပွဲမှာ သူတို့ ပါဝင်နိုင်ဖို့ အခွင့် မသာတော့ဘူးပေါ့။ ဒါကြောင့် သူတို့က ချင်းရွှမ် နတ်တံခါးကို အဆင့် ကျသွားအောင် လုပ်ချင်နေတာ”
ချန်ကျန့်မေက ဆန်းလျန်ကို ထပ်ပြီး ရှင်းပြလိုက်လေသည်။
“လင်ထိုင် တာအိုပြိုင်ပွဲဆိုတာ ဘာလဲ”
ဆန်းလျန်က ပြန်မေးလိုက်သည်။
ဆန်းလျန်က ကွမ်းချင်း နတ်ဘုရားဂိုဏ်းကို ကောင်းကောင်း သိလေသည်။ ထိုဂိုဏ်းမှာလည်း နာမည်ကြီး ကျင့်ကြံသူ ဂိုဏ်းကြီးတစ်ဂိုဏ်းပဲ ဖြစ်လေသည်။ သို့သော် သူက သိပ်ပြီး သတိမထားမိပေ။ ယခုမှ ကွမ်းချင်း နတ်ဘုရားကျောင်းတော်တွင် လောကနတ်ဘုရား ငါးပါးပင် ရှိသည်ဟု ကြားရသည့် အတွက် များစွာ အံ့သြသွားရသည်။
သို့သော် သူက လင်ထိုင်တာအို ပြိုင်ပွဲကို ပိုပြီး စိတ်ဝင်စား နေမိလေသည်။
“ဟိုးအရင်တုန်းက ရှီးဟွမ်ရဲ့ အပြင်ဘက်မှာ ပင်လယ်တစ်ခုရှိတယ်။ အဲဒီ ပင်လယ်ထဲမှာ “လင်ထိုင်ဖန်းကျွမ်း” တောင်ဆိုတဲ့ တောင်တစ်တောင် ရှိတယ်။ အဲဒီတောင်ပေါ်မှာ ဗိမာန်တစ်ခု ရှိတယ်။ အဲဒီဗိမာန်ကို မဟာပဲ့တင်သံ ဗိမာန်လို့ ခေါ်ကြတယ်။ အဲဒီထဲကို ဝင်သွားတဲ့သူတိုင်း အစွမ်းထက်တဲ့ အင်းနဲ့ မန္တန်ပညာတွေ၊ ကျင့်စဉ်တွေ လေ့ကျင့်နိုင်တယ်။ ပညာရပ်တွေဟာ တစ်ခုနဲ့တစ်ခု မတူဘူး။ ပညာရပ်တိုင်းကလည်း အရမ်းထူးဆန်းတယ်။ အဓိက တာအိုကျောင်းတော်ကြီး လေးခုဟာလည်း အဲဒီ နတ်ဘုရားတောင်ပေါ် လာတဲ့အချိန်မှာ အရမ်းကို အင်အားကြီးမား လာခဲ့တယ်။ ဒါကြောင့် အဲဒီနတ်ဘုရားတောင်ကို အပိုင်သိမ်းနိုင်ဖို့ အပြိုင်အဆိုင် ကြိုးစားကြတယ်။ ဒါကြောင့် နောက်ဆုံးမှာ မဖြစ်သင့်တာတွေ မဖြစ်ရအောင် ကျောင်းတော်ကြီး လေးခုက ဝင်ခွင့်လက်မှတ်လေးခု ပြုလုပ်ပြီး လင်ထိုင် နတ်ဘုရားတောင်ကို ချိတ်ပိတ်ခဲ့တယ်။ ပြီးတော့ ကျောင်းတော်ကြီး လေးခုက နှစ်ပေါင်း ငါးဆယ်မှာ တစ်ကြိမ် အဓိကကျောင်းတော်ကြီး လေးခုက တပည့်တွေ တာအိုပြိုင်ပွဲ ပြုလုပ်ပြီး အတော်ဆုံး တပည့်ရှစ်ယောက်က မဟာပဲ့တင်သံ ဗိမာန်ထဲကိုဝင်ပြီး ကျင့်စဉ် ပညာရပ်တွေကို လေ့လာ သင်ယူနိုင်ဖို့ ကတိသစ္စာ ပြုခဲ့ကြတယ် ”
ချန်ကျန့်မေက ဆန်းလျန်ကို ရှည်လျားစွာ ရှင်းပြ လိုက်လေသည်။
ချန်ကျန့်မေမှာ စိတ်ထား ဖြောင့်မတ်သူ ဖြစ်လေသည်။ သူက မဟာပဲ့တင်သံ ဗိမာန်ကိုလည်း စိတ်ဝင်စားခြင်း မရှိပါ။ သူက ဓားသိုင်း လမ်းစဉ်ကိုသာ စိတ်ဝင်စားသူဖြစ်ပြီး အင်းနှင့် မန္တန်ပညာ၊ မှော်ပညာများနှင့် ထူးဆန်းသည့် တာအိုကျင့်စဉ်များက သူ့စိတ်ကို ယိုင်နဲ့အောင် မစွဲဆောင်နိုင်ပေ။
အတော်ဆုံး တပည့်ရှစ်ယောက်သာ “မဟာပဲ့တင်သံဗိမာန်” သို့ ဝင်ခွင့်ရမည် ဆိုသည့်စကားကို ဆန်းလျန် စိတ်ဝင်စား နေမိလေသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် အရည်အချင်း မရှိသော တပည့်များသာရှိသည့် ကျောင်းတော်များမှ တပည့်များကတော့ ဝင်ခွင့် ရနိုင်မည် မဟုတ်ပေ။ လက်ရှိ အချိန်တွင် ချင်းရွှမ်နတ်တံခါးမှာ အဘက်ဘက်မှ ကျဆင်း နေလေသည်။ ထို့ကြောင့် ပြီးခဲ့သည့် လင်ထိုင် တာအိုပြိုင်ပွဲ နှစ်ပွဲတွင် ချင်းရွှမ်နတ်တံခါးမှ မည်သည့်တပည့်မှ ဝင်ခွင့် မရခဲ့ပေ။
ချန်ကျန့်မေက ဟန့်ဟိုင်ပင်လယ်ကို ငေးမော နေလေသည်။
“နတ်ဘုရား ဖြစ်ချင်တဲ့သူတွေ၊ ကျင့်စဉ်လမ်းမှာ အခက်အခဲ တွေ့နေတဲ့သူတွေ အဲဒီ မဟာပဲ့တင်သံ ဗိမာန်ကနေပြီး တာအိုကျင့်စဉ်တွေ၊ တန်ခိုးစွမ်းအားတွေ အများကြီး ရယူနိုင်တယ်။ ထိပ်ဆုံးအဆင့် အောင်မြင်မှုတွေ ရသွားတဲ့ လူတွေတောင်ရှိတယ်။ ဒါပေမယ့် ကျင့်စဉ်လမ်း အောင်မြင်ဖို့အတွက် အဓိက သော့ချက်ကတော့ ကိုယ်ကိုယ်တိုင် ကြိုးစားမှုပါပဲ။ အရင်တုန်းက ဝင်သွားကြတဲ့ တပည့်တွေတော့ ဘာမှ အခက်အခဲ မရှိကြဘူး။ ဒါပေမယ့် နောက်ဆုံး တစ်ခေါက်တုန်းက ဝင်သွားတဲ့ တပည့်တွေကတော့ အခြေအနေ တော်တော်ဆိုးတယ်လို့ ပြောသံကြားတယ်။ ဆရာသခင်က မင်းကို ဒီအကြောင်းတွေ ပြောမပြသေးတာက မင်းက ဟိုင်သန်းအဆင့် မအောင်မြင်သေးလို့ပါ။ ခုအချိန်မှာတော့ ကွမ်းချင်း နတ်ဘုရားဂိုဏ်းက အဓိက တာအိုကျောင်းတော် လေးခုကနေ ချင်းရွှမ် နတ်တံခါးကို ဖြုတ်ချပြီး သူတို့က အဲဒီနေရာကို ဝင်ယူချင်နေပြီလေ”
“ကွမ်းချင်း နတ်ဘုရားဂိုဏ်းက လက်ရှိမှာ အင်အား ကြီးနေတာပဲ။ ဘာလို့ အဓိက တာအိုကျောင်းတော် နေရာကိုယူဖို့ ဒီလောက်အလေးထား နေရတာလဲ”
ထိုမေးခွန်းကို မေးလိုက်သည့် ဆန်းလျန်၏ လေသံတွင် စိတ်ရှုပ်ထွေးမှုများ ပါဝင်နေလေသည်။ နတ်ဘုရား ကျောင်းတော်များတွင် ဂုဏ်သိက္ခာနှင့် အသိအမှတ် ပြုခံရခြင်းများက ဤမျှ အရေးကြီးပါသလား။ ဆန်းလျန် နားမလည်နိုင် ဖြစ်ရသည်။
“ဒါပေါ့။ အလေးထား ရတာပေါ့။ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သောင်းအတွင်း ကျုပ်တို့ အဓိက တာအိုကျောင်းတော်ကြီး လေးခုရဲ့ သြဇာအာဏာက နက်နက်ရှိုင်းရှိုင်း အမြစ်တွယ် နေခဲ့တာ။ ကျင့်ကြံသူ လောကရဲ့ ခုနစ်ဆယ် ရာခိုင်နှုန်းက အဓိက ကျောင်းတော်ကြီး လေးခုရဲ့ လွှမ်းမိုးမှုအောက်မှာ ရှိကြတယ်။ နှစ်ငါးဆယ်မှာ တစ်ခါ ချင်းရွှမ်နတ်တံခါး ဖွင့်တဲ့အခါတိုင်း အရည်အချင်း ရှိသူတွေ ပေါ်ထွက် လာနေစမြဲပဲ။ အဲဒါ ဘာကြောင့်လို့ မင်းထင်လဲ”
ချန်ကျန့်မေက အေးစက်စွာပြုံးရင်း ပြန်ပြောလိုက်လေသည်။
ချင်းရွှမ်နတ်တံခါးမှ ကျင့်စဉ်ပညာများ၏ နက်နဲမှုကြောင့်သာ ဂိုဏ်း၏ဂုဏ်ကို ထိန်းသိမ်း ထားနိုင်ခြင်း ဖြစ်ကြောင်း ဆန်းလျန် သဘောပေါက်လိုက်သည်။ ထို့ပြင် ကွမ်းချင်း နတ်ဘုရားဂိုဏ်းတွင် လောကနတ်ဘုရား ငါးပါးပင် ရှိနေသည့်တိုင် ချင်းရွှမ်နတ်တံခါး၏ သြဇာအာဏာ ကြီးမားမှုကို မကျော်လွန် နိုင်ပေ။
နတ်ဘုရား ကျောင်းတော်များ၏ ကံကြမ္မာမှာ မျိုးဆက်သစ် တပည့်များ၏ အရည်အချင်းပေါ်တွင် မူတည်လေသည်။ တပည့်များ အောင်မြင်လေ ကျောင်းတော် ဂုဏ်သတင်း ကျော်ကြားလေဖြစ်ပြီး ကျင့်ကြံသူ လောကတွင် ကျောင်းတော်မှာ ရေရှည် ရှင်သန်နိုင်မည် ဖြစ်လေသည်။
ချန်ကျန့်မေ၏ သင်ပြပေးမှုများမှ အကျိုးအကြောင်းများကို ဆင်ခြင်ပြီးသည့်နောက် ဆန်းလျန်မှာ အရာအားလုံးကို သဘောပေါက် နားလည်သွားရလေသည်။ သို့သော် ချင်းရွှမ်နတ်တံခါး၏ ကံတရားမှာ ယနေ့ည ချန်ကျန့်မေနှင့် ပေါင်ကွမ်းဆရာတော်၏ တရားဆွေးနွေးပွဲ အပေါ်တွင် မူတည် နေလေသည်။
ဆန်းလျန်မှာ ချန်ကျန့်မေကို ကာကွယ်ပေးရန် ဤနေရာသို့ ရောက်ရှိ နေခဲ့သည့်တိုင် နောက်ဆုံး တိုက်ပွဲကို ရင်ဆိုင်ရမည့် အဓိကလူမှာ ချန်ကျန့်မေ တစ်ယောက်တည်းသာလျှင် ဖြစ်လေသည်။
ချန်ကျန့်မေမှာ ပေါင်ကွမ်းဆရာတော်ကို အနိုင်ယူနိုင်ဖို့ မသေချာလှပေ။ ချန်ကျန့်မေသာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိလျှင် တံခါးပိတ်ကျင့်ကြံမှု ပြုလုပ်ရသည်အထိ အချိန်ယူမည် မဟုတ်ပေ။
အခြားဘက်မှကြည့်လျှင် တရားဆွေးနွေးပွဲအတွက် ရက်ရွေးချယ်သည့် သူမှာ ပေါင်ကွမ်း ဆရာတော် ဖြစ်သည့်အတွက် ဆရာတော်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မည်မျှမြင့်မားနေကြောင်း ခန့်မှန်း နိုင်လေသည်။ ဆယ်လပိုင်း ဆယ့်ငါးရက်နေ့တွင် “နတ်ဘုရား နှိမ်နင်းခြင်း” တရားဆွေးနွေးပွဲ ပြုလုပ်ရန် ရွေးချယ်ခဲ့သူမှာ ပေါင်ကွမ်းဆရာတော် ကိုယ်တိုင်ပင် မဟုတ်ပါလား။
ကျင့်ကြံသူများ ကြားတွင်တော့ ဆယ်လပိုင်း ဆယ့်ငါးရက်နေ့မှာ ရှယွမ်ပွဲတော်နေ့ ဖြစ်သည့်အတွက် ထိုနေ့တွင် ဒီရေ မြင့်တက်လျက်ရှိပြီး ကံကောင်းခြင်းများကိုလည်း ပေးစွမ်း နိုင်သည်ဟု အယူ ရှိကြလေသည်။ ချန်ကျန့်မေကို အပြတ်အသတ် အနိုင်ယူမည်ဟု ယုံကြည်ထားသည့် ပေါင်ကွမ်း ဆရာတော်သည် ချန်ကျန့်မေကို သနားသဖြင့် ယှဉ်ပြိုင်မည့် နေရာကိုတော့ ရွေးချယ်ခွင့် ပေးခဲ့လေသည်။ ထို့ကြောင့် ချန်ကျန့်မေမှာ သူလိုချင်သည့် မြေနေရာ အနေအထားရှိသည့် ဟန့်ဟိုင် ပင်လယ်သေ နေရာကို ရွေးချယ်ခွင့် ရခဲ့ခြင်း ဖြစ်လေသည်။
ချန်ကျန့်မေက ပေါင်ကွမ်းဆရာတော်၏ စိန်ခေါ်မှုကို မငြင်းပယ်ခဲ့ပါ။ ဆရာတော်မှာ သူ့ထက် များစွာ အဆင့်မြင့်သူတစ်ယောက် ဖြစ်ကြောင်းကိုလည်း သူနားလည်ထားပါသည်။ ထို့ပြင် ဆရာတော်မှာ ရွှေခန္ဓာ ရသည်အထိ ကျင့်ကြံ အောင်မြင်ခဲ့သည့် တရား အလင်းရှင်လည်း ဖြစ်လေသည်။ ချန်ကျန့်မေသာ ယခုအချိန်တွင် သူ့ကိုယ်သူ ဝင့်ကြွားနေပါက လူအများအမြင်တွင် ရယ်စရာ ဖြစ်ပေလိမ့်မည်။
လထွက်လာခဲ့ပြီ …
လပြည့်ဝန်းသည် ကောင်းကင်တွင် ထိန်ထိန်သာနေသလို ပင်လယ်ရေပြင်တွင်လည်း အရိပ် ထင်နေလေသည်။
“ခပ်ဝေးဝေး တစ်နေရာကိုသွားပြီး ပြိုင်ပွဲကို လေ့လာနေနော်”
ချန်ကျန့်မေက ဆန်းလျန်ကို တိုးလျစွာ သတိပေးလိုက်သည်။
“တရားဆွေးနွေးခြင်း” ဆိုသည်မှာ တရားကျမ်းစာများကို ဆွေးနွေးရုံမျှသာ ဖြစ်လေသည်။ သို့သော် “နတ်ဘုရား နှိမ်နင်းခြင်း” တရားဆွေးနွေးပွဲ ဆိုသည့် အတွက်ကြောင့် သူသေကိုယ်သေ တိုက်ကြမည့် တိုက်ပွဲ ဖြစ်သွားလေသည်။
ပင်လယ်ကို ဖြတ်သန်းတိုက်ခတ်နေသည့် လေပြည်လေးက ငြိမ်သက်သွားသည်။ ပတ်ဝန်းကျင် တစ်ခုလုံး မြူခိုးများ ရစ်သိုင်း လာလေသည်။ လရောင်က တဖြည်းဖြည်း မြင့်တက်လာသည့် အခါတွင်တော့ မြူခိုးများ ပျောက်ကွယ်သွားလေသည်။ လရောင်က ပင်လယ်ရေ မျက်နှာပြင် တစ်ခုလုံးကို လင်းလက်နေစေလေသည်။ ရင်သပ်ရှုမော ငေးမောရမည့် ပန်းချီကား တစ်ချပ်အလား စိတ်အာရုံကို ဖမ်းစားထားနိုင် လေသည်။
လေငြိမ်သက် နေသည့်တိုင် လှိုင်းကြက်ခွပ်လေးများက ပြေးလွား နေလေသည်။ ရေလှိုင်းသံ သဲ့သဲ့မှာ သာယာသည့် ဂီတသံအလားပင်။ ထိုပင်လယ် ရေလှိုင်းလေးများမှာ နူးညံ့ ညင်သာစွာဖြင့် ချန်ကျန့်မေ၏ ခြေဖဝါးထက်တွင် လာရောက်ခစား ကြလေသည်။
ပင်လယ်ရေပြင် တစ်နေရာတွင် လရောင်က သိပ်သည်းစွာဖြင့် ဖြာကျနေသည်။ ထိုနေရာတွင် မီးအိမ် တစ်ခုအလား တောက်ပနေသည့် ဆရာတော်တစ်ပါး ရပ်တန့်နေလေသည်။
ယှဉ်ပြိုင်ပွဲကို ကြည့်ရှုရန် ရောက်နေကြသည့် ကျင့်ကြံသူများ၊ နတ်မိစ္ဆာများ၊ မကောင်းဆိုးဝါးများမှာ ကြည်ညိုဖွယ်ရာ ဆရာတော်ကို ငေးမောဖူးမျှော် နေမိကြလေသည်။ ယခုကဲ့သို့ ကြည်ညိုဖွယ်ရာ မြင်ကွင်းကို မြင်ခွင့်ရသည့်အတွက် သူတို့ဘဝတွင် အခြားသော အရာများကို မလိုအပ်တော့ လောက်အောင် ပြည့်စုံ သွားသကဲ့သို့ ခံစား လိုက်ကြရလေသည်။
စိတ်ဓာတ်စွမ်းအား ပြင်းထန်ကြသည့် ကျင့်ကြံသူများ၊ နတ်မိစ္ဆာများပင်လျှင် ထိုကဲ့သို့ စိတ်နှလုံး ပြင်းထန်စွာ လှုပ်ရှား သွားစေနိုင်အောင် စွမ်းဆောင်နိုင်သည့် ပေါင်ကွမ်းဆရာတော်၏ အစွမ်းမှာ အမှန်တကယ် အံ့သြဖွယ်ရာပင်။
ပေါင်ကွမ်းဆရာတော်မှာ လွန်စွာမှ တန်ခိုးစွမ်းအား ထက်မြက်သူ ဖြစ်ပါသည်။ သို့သော် ကြည်ညိုဖွယ်ရာ အဆင်းမှာတော့ သူ၏ တရားအလင်း သန့်စင်မှုကြောင့် ဖြစ်လေသည်။
လရောင်သိပ်သည်းစွာ ဖြာကျနေသည့် အတွက်ကြောင့် ဆရာတော်၏ ခန္ဓာကိုယ်မှာ ပိုပြီးတောက်ပ လာလေသည်။ ကြည်လင်သည့် လရောင်အောက်တွင် ဆရာတော်၏ ပုံရိပ်မှာ တစ်ချက် လှုပ်ရှားသွားလေသည်။ လရောင်မှာ ကြာပလ္လင် တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဆရာတော်မှာ ကြာပလ္လင်ထက်တွင် ရပ်တန့် နေလေသည်။
လရောင်က ဆရာတော်၏ မျက်နှာထက်ဆီသို့ ဖြာကျနေပြီး သူ၏ မျက်နှာတွင် သိမ်မွေ့ခြင်းနှင့် မေတ္တာတရား ဖြန့်ကြက်ထားသည်ကို တွေ့မြင်ရလေသည်။ ကြယ်စင်များအလား တောက်ပနေသည့် ဆရာတော်၏ မျက်ဝန်းများတွင်တော့ နွေးထွေးမှုကို တွေ့မြင် နိုင်လေသည်။
ချန်ကျန့်မေက ခေါင်းကိုမော့လိုက်ပြီး ပေါင်ကွမ်းဆရာတော်၏ မျက်ဝန်းများကို ငေးစိုက် ကြည့်လိုက်သည်။ သူတို့နှစ်ယောက် အကြည့်ချင်း ဆုံလိုက်သည်နှင့် ကောင်းကင်ထက်တွင် လျှပ်စီးများ တဖျတ်ဖျတ် လက်လာလေသည်။ ထိုခဏလေးမှာပင် သူတို့နှစ်ယောက်၏ စိတ်ဝိညာဉ်နှစ်ခု ရိုက်ခတ်သွားပြီး အသိဉာဏ်အလင်းများ ထွက်ပေါ်လာလေသည်။ ဟန့်ဟိုင်ပင်လယ်သေ တစ်ခုလုံးမှာ ဝိညာဉ် စွမ်းအားများဖြင့် ဖုံးလွှမ်းသွားလေသည်။
ဆန်းလျန်မှာ သူတို့နှစ်ယောက်ဆီမှ တန်ခိုးစွမ်းအားများကို ခံစားလိုက်ရပြီး သူတို့ နှစ်ယောက်လုံးမှာ အခြားသော ကမ္ဘာမှ နတ်ဒေဝါများ အလားဟုပင် ထင်မှတ် လိုက်မိလေသည်။
သူတို့ နှစ်ယောက်လုံး၏ ကြီးမားသော ဝိညာဉ်စွမ်းအားများ ရိုက်ခတ်နေမှုမှာ အဆုံးမရှိ စီးဆင်းနေသည့် ပင်လယ်ရေအလား ပတ်ဝန်းကျင် တစ်ခုလုံးတွင် စီးဆင်းပျံ့နှံ့ နေလေသည်။
ဝိညာဉ်စွမ်းအားနှစ်ခု ရိုက်ခတ်မှုကြောင့် ပတ်ဝန်းကျင် တစ်ခုလုံးရှိ မိုးမြေ စွမ်းအားများမှာ ဂယက်ထ နေလေသည်။
ဆန်းလျန်၏ ကိုယ်တွင်းမှ ထိုက်ရွှီးတန်ခိုး စွမ်းအားများမှာ ထိုဂယက်ထနေသည့် မိုးမြေ စွမ်းအားများနှင့် တစ်သားတည်း ပေါင်းစည်းနေသည်ကို ဆန်းလျန် သတိပြုလိုက် မိလေသည်။
ရုတ်တရက် …
အော်သံများကို ကြားလိုက်ရလေသည်။
ပွဲကြည့် ပရိတ်သတ်ထဲမှ နတ်မိစ္ဆာဘုရင် တစ်ပါးမှာ ပတ်ဝန်းကျင်မှ မိုးမြေစွမ်းအားများ၏ ဂယက်ရိုက်ခတ်မှုကို မခံနိုင်ဘဲ သူ၏ မူလပုံသဏ္ဌာန်ကို ပြောင်းလဲသွားသောကြောင့် အော်ဟစ်ကြခြင်း ဖြစ်လေသည်။
***