မင်ဝမ်ဝတ်ကျောင်းတော်မှ ဘုန်းတော်ကြီးကတော့ ငြိမ်သက်စွာဖြင့် တိုက်ပွဲကို အာရုံစူးစိုက် နေလေသည်။
တိုက်ပွဲစတင်သည့် အချိန်မှ လက်ရှိအချိန်အထိ သူတို့ တိုက်ခိုက်သည့် ကြာချိန်မှာ မျက်စိ တစ်မှိတ်စာမျှသာ ရှိသေးသည်။
တိုက်ပွဲကို ကြည့်နေသည့် လူများမှာ မိုးခြိမ်းသံများကို ကြားနေရလေသည်။ မိုးခြိမ်းသံမှာ ကျယ်လောင်လွန်းခြင်း မရှိသည့်တိုင် အားလုံးကြားနိုင်သည့် အသံမျိုး ဖြစ်လေသည်။ သို့သော် ကောင်းကင်မှ လာသည့် မိုးခြမ်းသံမဟုတ်။ တာအိုဆရာရှီတို့၏ သံမဏိဓားမှ ထွက်ပေါ်လာသည့် ဓားခြိမ်းသံများပင် ဖြစ်လေသည်။ ထိုဓားခြိမ်းသံများက ပွဲကြည့် ပရိတ်သတ်များ၏ နှလုံးသားကို တုန်လှုပ်စေသည်။
အချိန်တစ်ခဏ လေးမှာပင် …
တာအိုဆရာရှီ၏ ဓားချက်များက ဆန်းလျန်ဆီသို့ အဆက်မပြတ် ဝင်ရောက်လာသည်။ ဓားချက်များမှာ လျင်မြန်လွန်းပြီး ဘက်ပေါင်းစုံမှ ထိုးနှက် တိုက်ခိုက်လာခြင်း ဖြစ်လေသည်။ သူ၏ ဓားချက်များက လေထဲတွင် ဖြတ်သန်းသွားပြီး မိုးကောင်းကင်မှ သံစုံတီးဝိုင်း တစ်ခု၏ သံစဉ်များကဲ့သို့ပင် ကာရံညီလျက် ရှိလေသည်။
တာအိုဆရာရှီ၏ ဓားသိုင်းမှာ လုံးဝ စင်းလုံးချော ကောင်းမွန်သည့် ဓားသိုင်း ဖြစ်လေသည်။ သူ၏ ဓားသိုင်းပညာကို ခန့်မှန်း၍ မရနိုင်ပေ။ တိုက်ပွဲကို ကြည့်ရှုနေသည့် ချန်ကျန့်မေသည်ပင်လျှင် ခန့်မှန်းရ ခက်နေလေသည်။
တိုက်ပွဲကို ကြည့်ရှုနေသူများမှာ တာအိုဆရာရှီ၏ ဓားစွမ်းရည်ကို ရင်သပ်ရှုမော အံ့သြ နေကြရလေသည်။ တစ်ချိန်တည်းမှာပင် ထိုဓားချက်များကို ရှောင်တိမ်းနေသည့် ဆန်းလျန်ကို သူတို့က လှောင်ပြောင် နေကြလေသည်။ ဆန်းလျန်မှာ တာအိုဆရာရှီနှင့် အဆင့်တူသည့် ဟိုင်သန်းအဆင့် အောင်မြင်ထားသူ တစ်ယောက် မဟုတ်ပါ။ ထို့ကြောင့် သူတို့က ဆန်းလျန်ကို အထင်သေးကြခြင်း ဖြစ်လေသည်။
သို့သော် ပွဲကြည့်ပရိတ်သတ်က မည်သို့ပင် ရယ်မောလှောင်ပြောင် နေကြပါစေ ဆန်းလျန်ကတော့ တည်ငြိမ်နေဆဲ ဖြစ်လေသည်။ သူက လောကပထမ ဓားသမားတစ်ယောက် မဟုတ်ပါ။ သို့သော် အရည်အချင်းရှိသည့် ဓားသမားတစ်ယောက်တော့ ဖြစ်လေသည်။ ထို့ကြောင့် တည်ငြိမ်ပြီး စွမ်းအားများကို စုစည်း ထားနိုင်လေသည်။
ထို့အတူ လေကို ထိုးခွင်းလာသည့် သံမဏိဓား၏ ကြောက်မက်ဖွယ်ရာ ဓားခြိမ်းသံများ ကြောင့်လည်း ဆန်းလျန်က ထိတ်လန့်ခြင်း မရှိပါ။
ကျယ်လောင်သည့် ဓားခြိမ်းသံက သူ၏ နားစည်ကို ရိုက်ခတ်သောကြောင့် နားများ အူနေသည့်တိုင် သူ၏ အတွင်းအားနှင့် သွေးလည်ပတ်မှုကတော့ တည်ငြိမ်နေဆဲပင် ဖြစ်လေသည်။
ဆရာစူး သင်ကြားပေးသည့် ရှိခြင်းမရှိခြင်း ဓားသိုင်းမှာ ရိုးရှင်း တိကျသလို ထူးခြားသည့် စွမ်းရည်များလည်း ပါဝင်လေသည်။ ရိုးရှင်းမှုနှင့်အတူ ဆန်းသစ်မှုကိုပါ ရောယှက်ထားပြီး မိုးအောက် မြေပြင်တွင် အကောင်းဆုံး ဓားပညာတစ်ခုဟု ပြောနိုင်လေသည်။ သို့သော် ဆန်းလျန်၏ ကျင့်စဉ်လမ်းက အမြင့်ဆုံး အဆင့်ထိ မရောက်သေး၍သာ ထင်သလောက် စွမ်းအား မထုတ်နိုင် ဖြစ်နေရခြင်း ဖြစ်လေသည်။
ဆန်းလျန်မှာ တာအိုဆရာရှီကို အနိုင်ရနိုင်မည် မဟုတ်ဟု ပွဲကြည့် ပရိတ်သတ်ကြီးက ဝေဖန် နေကြလေသည်။
ချန်ကျန့်မေကတော့ တိုက်ပွဲကို တည်ငြိမ်အေးဆေးစွာ ကြည့်နေလေသည်။ တာအိုဆရာရှီ၏ သံမဏိဓားမှ လေကို ထိုးခွင်းသည့် အသံလှိုင်းများမှာ ချန်ကျန့်မေ ရှေ့တွင်တော့ အရာမထင် ပျောက်ကွယ် သွားရလေသည်။ ချန်ကျန့်မေက တိုက်ပွဲကို စိတ်ပါဝင်စားစွာ ကြည့်နေပြီး တစ်ချိန်တည်းမှာပင် ဆန်းလျန် အဘယ့်ကြောင့် ထိုက်ရွှီးနည်းဗျူဟာကို မသုံးသည်ကိုလည်း နားလည် သွားရလေသည်။
အတိအကျ ပြောရလျှင် ထိုက်ရွှီးနတ်ဘုရား စွမ်းအားများမှာ လောကတွင် ရှိသမျှ တန်ခိုး စွမ်းအားများကို စုပ်ယူ နိုင်လေသည်။ ရန်သူမှ သုံးသမျှ တန်ခိုးစွမ်းအားများ၊ အင်းပညာများနှင့် ဂါထာမန္တန် အစွမ်းများ အားလုံးကို အစိတ်စိတ် အမြွှာမြွှာ ဖျက်ဆီးပစ်နိုင်စွမ်း ရှိလေသည်။ ဆန်းလျန်က ထိုစွမ်းအားများကို အသုံး ပြုလိုက်လျှင် သူ၏ ဂိုဏ်းတူအစ်ကို ချန်ကျန့်မေ၏ ဓားတန်ခိုး စွမ်းအားအပေါ်တွင် သက်ရောက်မှု ရှိမည်ကို စိတ်ပူသောကြောင့် မသုံးဘဲ နေရခြင်း ဖြစ်လေသည်။
တာအိုဆရာရှီမှာ အတွေ့အကြုံများသည့် ဟိုင်သန်းအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည့်အပြင် အဆင့်မြင့် ဓားသမားတစ်ယောက်လည်း ဖြစ်လေသည်။ သူ၏ တန်ခိုးစွမ်းအားများ အားလုံးမှာ သူ၏ ဓားထဲတွင် ဓားဝိညာဉ် အဖြစ်ဖြင့် ပေါင်းစည်း ထားလေသည်။ ဆန်းလျန်ပင်လျှင် သူ၏ ဓားကွက်များကို သတိထားပြီး ခုခံ နေရလေသည်။ ထို့ကြောင့် ဆန်းလျန်အနေဖြင့် တာအိုဆရာရှီကို နိုင်ချေသိပ်မရှိဟု ပွဲကြည့် ပရိတ်သတ်က ဝေဖန်နေကြခြင်း ဖြစ်လေသည်။
ဆန်းလျန်မှာ တာအိုဆရာရှီကို သူ၏ စန္ဒကူးဓားဖြင့် တိုက်ခိုက်နေခြင်း ဖြစ်လေသည်။ သစ်သားမှာ သတ္တုကို နိုင်ချေ မရှိနိုင်ပေ။ ထို့ကြောင့် ဆန်းလျန်မှာ တစ်ပန်း ရှုံးနေသည်ဟု ထင်စရာ ရှိလေသည်။ သို့သော် ချန်ကျန့်မေ တစ်ယောက်သာ အနေအထား အားလုံးကို နားလည်လေသည်။ ဆန်းလျန်၏ သစ်သားဓားမှာ သာမန် ဓားတစ်လက် မဟုတ်ပေ။ ဓားတန်ခိုးရှင် ဖြစ်သည့် သူပင်လျှင် ထိုဓား၏ နက်နဲမှုကို ရှင်းလင်းစွာ သိမြင်နိုင်ခြင်း မရှိပေ။ ထိုဓားဆီမှ ထွက်ပေါ်နေသည့် ထူးဆန်းသည့် လွမ်းမောဖွယ်ရာ တစ်ခုကို ချန်ကျန့်မေ ခံစားနေရလေသည်။
ရုတ်တရက်ပင် ဆန်းလျန်က တာအိုဆရာရှီကို တိုက်စစ် ဆင်လိုက်လေသည်။
ဆန်းလျန် အသုံးပြုနေသည့် မမြင်နိုင်သည့် ကိုယ်ပျောက်ဓားဝိညာဉ် စွမ်းအားကြောင့် တာအိုဆရာရှီ၏ သံမဏိ ဓားဝိညာဉ်မှ စွမ်းအားအတော်အတန် ကုန်ဆုံးနေပြီ ဖြစ်လေသည်။ သို့သော် သံမဏိဓား၏ စွမ်းဆောင်ရည်မှာ ကျသွားခြင်း မရှိ။ အမြင့်ဆုံး အဆင့်တွင်ပင် ရှိနေသေးသည်။ “သစ်သားမှာ သတ္တုကို နိုင်ချေမရှိ” ဆိုသည့် အချက်က သူ့အတွက် တစ်ပန်း သာနေလေသည်။
ဆန်းလျန်၏ စန္ဒကူး သစ်သားဓားမှာ တာအိုဆရာရှီ၏ သံမဏိဓားကို အချက်ပေါင်းများစွာ ခုခံ ကာကွယ်ပြီးပြီ ဖြစ်လေသည်။ ဓားသွားခြင်း ထိခတ်မှုမှာ မရေမတွက်နိုင်အောင် ရှိခဲ့ပြီ။ လေကို ဖြိုခွဲ ဝင်ရောက်လာသည့် ဓားခြိမ်းသံ များမှာလည်း ကျယ်လောင်သည်ထက် ကျယ်လောင် လာလေသည်။
ရုတ်တရက်ပင် …
သူတို့နှစ်ယောက်လုံး ပျောက်ကွယ် သွားလေသည်။
တစ်ချိန်တည်းမှာပင် ပတ်ဝန်းကျင်မှ သစ်ပင်များ အားလုံးမှာ အပိုင်းပိုင်း ကျိုးပြတ် ကုန်လေတော့သည်။ ကြီးမားလွန်းပြီး နက်နဲသည့် စွမ်းအားတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည့် အတွက်ကြောင့် ဖြစ်လေသည်။
ပတ်ဝန်းကျင် တစ်ခုလုံး ဖုန်မှုန့်များ ဖုံးလွှမ်းသွားသည်။ ဖုန်မှုန့်များ ကြားထဲတွင် လူရိပ်နှစ်ခု ပူးကပ် သွားသည်ကို မြင်တွေ့ရပြီး ထူးဆန်းသည့် အသံတစ်ခု ထွက်ပေါ်လာသည်ကို ကြားလိုက် ရလေသည်။
ဆန်းလျန်၏ စန္ဒကူးဓားမှာ ပုံမှန်မဟုတ်သည့် အရှိန်ဖြင့် ဆန်းလျန် ခန္ဓာကိုယ်ထဲမှ ထိုက်ရွှီး တန်ခိုးစွမ်းအားများကို စုပ်ယူလိုက်ခြင်း ဖြစ်လေသည်။ ထိုစုပ်ယူလိုက်သည့် စွမ်းအားများမှာ မူလ အခြေခံ စွမ်းအားအဖြစ် တစ်စုတစ်စည်းတည်း ပေါင်းစည်းသွားပြီး ပတ်ဝန်းကျင် တစ်ခုလုံးရှိ မိုးမြေ စွမ်းအားများမှာ မြင့်မားလွန်းသည့် အရှိန်ဖြင့် စန္ဒကူးဓားဆီသို့ လာရောက် ပေါင်စည်းကြလေသည်။ အတွင်းအပြင် စွမ်းအားများ အတိုင်းအဆမရှိ ပေါင်းစည်း သွားမှုကြောင့် စန္ဒကူးဓား၏ တုန်ခါမှုနှုန်းမှာ မြင့်မားလာပြီး ထွက်ပေါ်လာသည့် ဓားခြိမ်းသံကြီးမှာ တာအိုဆရာရှီ၏ သံမဏိဓားမှ ထွက်ပေါ်နေသည့် အသံများကို ကျော်လွန် သွားလေသည်။
တာအိုဆရာရှီက ဆန်းလျန်ကို မျက်စိအောက်က အပျောက်မခံ စိုက်ကြည့်နေလေသည်။
တာအိုဆရာရှီက သူ၏ အတွင်းအားများကို စုစည်းလိုက်သည်။ ပြင်းထန်သည့် စွမ်းအား လှိုင်းများမှာ သူ့ခန္ဓာကိုယ် တစ်ခုလုံးတွင် ကြောက်မက်ဖွယ်ရာ စီးဆင်းနေလေသည်။
သို့သော် ဆန်းလျန်က သူ့ထက် အစပေါင်းများစွာ ပိုပြီး ကြမ်းတမ်းနေပြီ ဖြစ်သည်။
ဝိညာဉ်မြစ်ရေထဲတွင် နာကျင်ခံစားပြီး ကျင့်ကြံ ခဲ့ရခြင်းကြောင့် ဆန်းလျန်၏ ခန္ဓာကိုယ်မှာ အခြားသူများ ထက်ပိုပြီး ခံနိုင်ရည် ရှိလေသည်။ သူ၏ ခန္ဓာကိုယ်ကို မည်သည့် စွမ်းအားကမှ အလွယ်တကူ ဖျက်စီးနိုင်ခြင်း မရှိပေ။
ဆန်းလျန်၏ တန်ခိုးစွမ်းအားများ အားလုံး ပေါက်ကွဲ ထွက်သွားသည့်တိုင် သူ၏ ခန္ဓာကိုယ်က ထိုစွမ်းအားများ၏ ဒဏ်ကို ကောင်းကောင်း ခံနိုင်လေသည်။
တာအိုဆရာရှီမှာ သေခြင်းရှင်ခြင်းကို ဂရုစိုက်တတ်သည့် သူမျိုး မဟုတ်ပါ။ သို့သော် ဆန်းလျန်ကဲ့သို့ တန်ခိုးစွမ်းအားများ အားလုံးကို တစ်ချိန်တည်းတွင် ဖောက်ခွဲ ထုတ်လိုက်သည် အထိတော့ လုပ်ရဲသည့်သတ္တိ မရှိပေ။
ဟိုင်သန်းအဆင့်ကို တက်ရောက်နိုင်သည့်တိုင် သူ၏ ခန္ဓာကိုယ်မှာ အသွေးအသားဖြင့် တည်ဆောက်ထားသည့် ခန္ဓာကိုယ် ဖြစ်လေသည်။ သူ၏ ကျောရိုးနှင့် သွေးကြော ဆုံချက်များက ခံနိုင်ရည်ရှိသည့် တန်ခိုးစွမ်းအား ပမာဏမှာ အကန့်အသတ် ရှိလေသည်။
အခြေခံ တန်ခိုးစွမ်းအားနှင့် သဘာဝလွန် စွမ်းအားများကို ကျော်လွန်သည့် မူလဝိညာဉ် ခန္ဓာကိုယ်ရအောင် ကျင့်ကြံနိုင်သည့် နတ်ဘုရားတစ်ပါး ဖြစ်သွားမှသာလျှင် ထိုကဲ့သို့ တန်ခိုးစွမ်းအား ပေါက်ကွဲ ထွက်ခြင်းများကို ခံနိုင်ရည်ရှိမည် ဖြစ်လေသည်။
တာအိုဆရာရှီ၏ ဓားသွားမှာ တုန်ခါနေခြင်း မရှိတော့ပါ။ သို့သော် ဓားခြိမ်းသံကတော့ ထွက်ပေါ်နေဆဲ ဖြစ်လေသည်။ ဓားမှ အစိမ်းရောင် အလင်းတန်းများ လင်းလက် တောက်ပနေသည်။
ထိုဓားက ဆန်းလျန်ဆီသို့ တည့်တည့်ဝင်ရောက် သွားလေသည်။
တိုက်ပွဲကို ကြည့်နေကြသည့် ပရိတ်သတ်များမှာ ဓားသွားမှာ ဆန်းလျန်ဆီသို့ တည့်တည့် သွားမည်လား၊ မည်သို့သော ထပ်ဆင့် ပြောင်းလဲမှုများ ပြုလည်ဦးမည်လဲ ဆိုသည်ကို စိတ်ဝင်တစား ကြည့်နေ ကြလေသည်။
ဓားသမား တစ်ယောက်အတွက် ဓားနှင့်လူ တစ်သားတည်း ကျသွားသည့် အချိန်မှာ အလှပဆုံး အချိန် ဖြစ်လေသည်။
အတော်ဆုံး ပန်းချီဆရာ တစ်ယောက်က စာရွက် အဖြူပေါ်တွင် ခဲတစ်ကြောင်းတည်းဖြင့် အသက်ဝင်စွာ ရေးဆွဲထားသည့် ပန်းချီကား တစ်ချပ်ကဲ့သို့ပင်။
ဆန်းလျန်၏ စန္ဒကူးဓားမှာ အလင်းရောင်များ တောက်ပ လာလေသည်။ တစ်ချိန်တည်းမှာပင် နေမင်း၏ နောက်ဆုံးရောင်ခြည်ဖြစ်သည့် ဆည်းဆာရောင်ခြည်မှာ ဓားပေါ်သို့ ဖြာကျ နေလေသည်။ ကံကြမ္မာပေးသည့် တိုက်ဆိုင်မှု တစ်ခုပင် ဖြစ်လေသည်။
စန္ဒကူး ဓားသွားထက်တွင် မီးတောက်များ ထွက်ပေါ်လာလေသည်။ တိုက်ပွဲကို ကြည့်ရှု နေသူများမှာ ဇာမဏီငှက် တွန်ကျူးသံကို ကြားလိုက်ရလေသည်။ ဇာမဏီငှက်သံမှာ လေထဲမှ လာခြင်း မဟုတ်ပါ။ ဆန်းလျန်၏ ဓားသွားဆီမှ ထွက်ပေါ်လာခြင်း ဖြစ်လေသည်။ ထိုအသံက တာအိုဆရာရှီ၏ ဓားခြိမ်းသံကဲ့သို့ လူတစ်ဦး၏ နားစည်ကို တုန်ခါရိုက်ခတ် သွားခြင်းမျိုး မရှိသည့်တိုင် လွန်စွာမှ စူးရှသည့် အသံ ဖြစ်လေသည်။
“သစ်သားက မီးကို ထုတ်လွှတ်နိုင်ခဲ့ပြီ။ သစ်သားက သတ္တုကို မနိုင်ပေမယ့် မီးက သတ္တုကို အောင်နိုင်တယ်”
ချန်ကျန့်မေ တွေးလိုက်မိသည်။ စန္ဒကူး ဓားထိပ်ဖျားမှ ဇာမဏီငှက်အသွင် မီးတောက်တစ်ခု ထွက်ပေါ်လာသည်။
မီးတောက်နေသည့် စန္ဒကူးဓားက …
ဆန်းလျန်ဆီသို့ တိုးဝင်လာသည့် တာအိုဆရာရှီ၏ အစိမ်းရောင် တောက်ပနေသည့် သံမဏိဓားဖြင့် ပြင်းထန်စွာ တိုက်ခတ် သွားလေသည်။
တာအိုဆရာရှီ၏ မျက်နှာမှာ ချက်ချင်းလေးနက် သွားလေသည်။
စန္ဒကူးဓားတွင် တောက်ပနေသည့် မီးတောက်မှာ သာမန် ပြဒါးမီးတောက်တစ်ခု မဟုတ်ပေ။ ဇာမဏီငှက်ကို ပြန်လည် မွေးဖွားပေးနိုင်သည့် ကောင်းကင်မီးတောက် ဖြစ်လေသည်။
တာအိုဆရာရှီ၏ ဓားမှာ အရည် ပျော်သွားလေသည်။ တာအိုဆရာရှီမှာ မီးတောက်၏ ပူလောင်မှုကြောင့် ဓားကို လွှတ်ချလိုက်ရသည်။ မြေပြင်ပေါ်တွင် တစ်ဝက်ခန့် အရည်ပျော်နေပြီ ဖြစ်သည့် သံမဏိဓားကို တာအိုဆရာရှီမှာ မယုံကြည်နိုင်သည့် မျက်ဝန်းများဖြင့် ငေးစိုက် ကြည့်နေလေသည်။
ရုတ်တရက်ပင် …
တာအိုဆရာရှီ၏ ခန္ဓာကိုယ်မှာ အငွေ့ပျံ ပျောက်ကွယ်သွားပြီး သူဝတ်ထားသည့် တာအိုဝတ်စုံမှာ ပြာများအဖြစ် ပတ်ဝန်းကျင်တွင် လွင့်ပျံ သွားလေတော့သည်။
အရည်ပျော်နေသည့် ဓားသာ ကျန်ရစ်ခဲ့လေသည်။ ဓားဆီမှ အော်ညည်းသံကဲ့သို့ အသံတိုးတိုး ထွက်ပေါ်နေလေသည်။
ဆန်းလျန်က တည်ငြိမ်စွာဖြင့်ပင် သူ၏ စန္ဒကူးဓားကို ခါးတွင် ပြန်ချိတ်လိုက်သည်။ သူ၏ပုံစံမှာ လောကတွင် ပြိုင်ဘက်မရှိသည့် နတ်ဘုရားတစ်ပါး ကဲ့သို့ပင် ဝင့်ကြွားလျက် ရှိလေသည်။
ယခုတော့ သန့်စင်စွာ လှပနေသည့် လူငယ်လေးကို မည်သူမျှ အထင်မသေးရဲ၊ မလှောင်ပြောင် ရဲတော့ပေ။
ချန်ကျန့်မေက ဆန်းလျန်အနားသို့ လျှောက်လာပြီး သူ့ပခုံးကို တစ်ချက် ပုတ်လိုက်လေသည်။ သန့်စင်သည့် ဓားတန်ခိုး စွမ်းအားများသည် ဆန်းလျန်ကိုယ်ထဲသို့ စီးဆင်းသွားပြီး ဆုံချက် သွေးကြောများတစ်လျှောက် လှည့်ပတ် သွားလေသည်။
ညီနောင်နှစ်ယောက်သည် တိုက်ပွဲကို ကြည့်နေကြသည့် ပရိတ်သတ်များကို ကျောခိုင်းကာ ဟန့်ဟိုင် ပင်လယ်ဆီသို့ အတူတူလမ်းလျှောက် ထွက်ခွာသွားကြ လေတော့သည်။
သူတို့နှစ်ယောက်ကို မြင်တွေ့ရသည်မှာ လူငယ်တစ်ယောက်နှင့် ဆယ်ကျော်သက်လေး တစ်ယောက်ပမာပင်။
ဟန့်ဟိုင်ပင်လယ်သို့ သွားသည့် ဆယ်မိုင်ခရီးတွင် သူတို့ကို မည်သည့် ကျင့်ကြံသူ၊ မည်သည့် နတ်မိစ္ဆာမှ နှောင့်ယှက်ခြင်း မရှိတော့ပေ။
လောကတွင် တာအိုဆရာရှီကဲ့သို့ သေမည်ကို မကြောက်သည့် ကျင့်ကြံသူမျိုးမှာ ရှားပါး လှလေသည်။ အကယ်၍ တာအိုဆရာရှီနှင့် တိုက်ခိုက်ရင်း ဆန်းလျန်သာ ဒဏ်ရာ အပြင်းအထန် ရခဲ့လျှင် အခြားသူများက ဆန်းလျန်ကို ထပ်မံ စိန်ခေါ်ဦးမည် ဖြစ်လေသည်။ ယခုတော့ မည်သူမျှ ထပ်မံ စိန်ခေါ်ရဲခြင်း မရှိတော့ပေ။
တိုက်ပွဲကို အစအဆုံး ကြည့်နေကြသည့် လူငယ်တာအို ဆရာလေးနှင့် မင်ဝမ် ဝတ်ကျောင်းတော်မှ ဘုန်းတော်ကြီးသည် ထွက်ခွာသွားသည့် ညီအစ်ကို နှစ်ယောက်ကို ငေးကြည့် နေလေသည်။
“တာအိုဆရာလေး ဒီလူငယ် နှစ်ယောက်နဲ့သာဆိုရင် ချင်းရွှမ် နတ်တံခါးဟာ နောက်တစ်ခါ လင်ထိုင်တာအို ပြိုင်ပွဲမှာ ဘယ်လိုမှ မရှုံးနိမ့်နိုင်ဘူး”
ဖိနပ်ပြဲနေသည့် မင်ဝမ် ဝတ်ကျောင်းတော်မှ ဘုန်းတော်ကြီးက ပြောလိုက်လေတော့သည်။
***