ဆန်းလျန်က အတွေးများထဲတွင် နစ်မျော နေလေသည်။ သူ၏ပုံစံမှာ ချန်ကျန့်မေထက်ပင် လွတ်လပ် ပေါ့ပါးလျက် ရှိနေသေးသည်။
တာအိုဆရာရှီ၏ မျက်နှာမှာ တည်ကြည်လေးနက် နေလေသည်။ ထိုလူငယ်မှာ ဟိုင်သန်းအဆင့် အောင်မြင်ပြီးသူ တစ်ယောက် မဟုတ်ကြောင်း သူရိပ်မိလေသည်။ သို့သော် သူ၏ “ယင်” စွမ်းအား ဝိညာဉ်မှာ တိမ်စတစ်စကဲ့သို့ လွင့်မျောနေသည့် အတွက်ကြောင့် လျှော့တွက်၍ မရသည့် လူငယ်တစ်ယောက် ဖြစ်သည်ဟုတော့ လက်ခံ လိုက်မိသည်။
သူ၏လက်တွင် ကိုင်ထားသည့် သံမဏိဓားမှာ လွန်စွာမှ တိုက်ပွဲ အတွေ့အကြုံ ကြွယ်ဝလေသည်။ ထိုဓားမှ ရရှိသည့် အတွေ့အကြုံအရ သူ့ရှေ့တွင်ရှိသည့် လူငယ်မှာ အလွန်အန္တရာယ် ကြီးသူတစ်ယောက် ဖြစ်ကြောင်း အလိုလို သိနေသည်။
ကျင့်ကြံသူများမှာ အာရုံခံစား သိမြင်နိုင်သည့် အစွမ်းများ ရှိကြလေသည်။ ထိုသို့သော အစွမ်း မရှိဘဲနှင့်တော့ ရှီးဟွမ်တွင် မည်သည့်နည်းနှင့်မျှ ရှင်သန်နိုင်မည် မဟုတ်ပေ။
ရှီးဟွမ်နယ်ဆိုးမှာ အန္တရာယ်များပြီး ပြဿနာများသည့် နယ်မြေ ဖြစ်လေသည်။ မြေနေရာ ကြမ်းတမ်းပြီး နေရာတိုင်းတွင် နတ်မိစ္ဆာများ သောင်းကျန်းနေလေသည်။ ထို့ကြောင့် ထိုနေရာသို့ သွားရောက်ကြသည့် ကျင့်ကြံသူများမှာ သိုင်းစွမ်းရည် မြင့်မားမှသာ အသက် ရှင်သန်နိုင်မည် ဖြစ်လေသည်။
လူငယ်ကို အကဲခတ်နေသည့်တိုင် တာအိုဆရာရှီမှာ ကြောက်လန့် သွားခြင်းတော့ မရှိပါ။ သူက သူ့ကိုယ်သူ သေလူအဖြစ် သတ်မှတ်ထားပြီးပြီ။ ထို့ကြောင့် သူ့ဘဝတွင် မည်သည့် အရာကိုမှ ကြောက်စရာ မရှိတော့ပါ။ သူ့ဘဝတွင် အလွန်မှ ချစ်ကြောက် ရိုသေရသူတစ်ဦး ရှိလေသည်။ ထိုလူ အတွက်သာ မဟုတ်လျှင် ချန်ကျန့်မေကဲ့သို့သော လူမျိုးကို ပြဿနာ လာရှာရန်အတွက် စိတ်ပင် ကူးမိမည် မဟုတ်ပေ။
လေပြေလေးက နွယ်ရိုင်းပင်များကို ဖြတ်သန်းတိုက်ခတ် သွားသည်။
ကမ္ဘာအဆုံးထိ သွားရမည့် ခရီးမှာ လွန်စွာမှ ရှည်လျားမည် ဖြစ်လေသည်။ သို့သော် ဆန်းလျန်၏ ရှေ့မှောက်တွင် ရောက်ရှိနေသူ တာအိုဆရာ ရှီအတွက်တော့ ကမ္ဘာအဆုံးထိ ရောက်နေသလို ခံစား နေရသည်။
“ကျုပ်က ချင်းရွှမ်နတ်တံခါးက တပည့်တစ်ယောက်ပါပဲ။ ခေတ်အဆက်ဆက် ကျင့်ကြံသူ မျိုးဆက် အားလုံးက အရည်အချင်း ထူးချွန်ကြသူတွေထဲမှာ ကျုပ်လည်း တစ်ယောက် အပါအဝင် ဖြစ်တယ်”
ဆန်းလျန်၏အသံထွက်ပေါ်လာသည်။
ပြိုင်ဘက်ရန်သူကို ခြိမ်းခြောက်လိုသည့် သဘောဖြင့် ဆန်းလျန်က ထိုစကားများကို ပြောလိုက်ခြင်း ဖြစ်သည်။
သူ၏အသံမှာ အနီးအဝေး မည်သည့်နေရာက လာသည်ကို ခန့်မှန်း၍ မရပေ။ သူ၏ အသက်ရှူသံက သိပ်သည်း လွန်းလေသည်။ လူအများက သူတို့ရှေ့မှ ဆန်းလျန်မှာ အစစ်အမှန်လား … ပုံရိပ်တစ်ခုလား …. ဝေခွဲမရ မရေမရာ ဖြစ်နေကြလေသည်။
တာအိုဆရာရှီက သူ၏ စွမ်းအားများကို ဓားဆီသို့ စီးဝင်စေလိုက်သည်။ သူ၏ဓားမှာ သာမန် သံမဏိဓား တစ်လက်ပင် ဖြစ်သည်။ သို့သော် ထိုဓားက နှစ်ပေါင်း ရာနှင့်ချီပြီး သူနှင့်အတူ မကွဲမကွာ ရှိနေခဲ့ပြီး ပွဲတိုင်း အောင်ခဲ့လေသည်။ ထို့ကြောင့် ထိုဓားမှာ သူနှင့် တစ်သားတည်း ဖြစ်လာပြီး လူကဲ့သို့ အသိဉာဏ် ရှိလေသည်။
ဓားမှ အစိမ်းရောင် အလင်းတန်းများ ဖြာထွက်နေပြီး ဓားသွားမှာ ရေကဲ့သို့ ကြည်လင် နေလေသည်။ အစွမ်းထက်သည့် ဓားတစ်လက်ဖြစ်ကြောင်း မည်သူမျှ မငြင်းနိုင်ပေ။
တာအိုဆရာချီ ငြိမ်သက် နေလေသည်။ သူက ဆန်းလျန်၏ တန်ခိုးစွမ်းအားကို အာရုံခံရန် ကြိုးစားနေသည်။
“ကျုပ်က ချင်းရွှမ်နတ်တံခါးရဲ့ အခက်ခဲဆုံး ကျင့်စဉ်တစ်ခု ဖြစ်တဲ့ ထိုက်ရွှီး နည်းဗျူဟာ ကျင့်စဉ်ကို ကျင့်ကြံနေတဲ့သူပဲ။ အဲဒီကျင့်စဉ်က ဂိုဏ်းတူအစ်ကို ချန်ကျန့်မေ ကျင့်ကြံခဲ့တဲ့ သဏ္ဌာန်မဲ့ ဓားပညာထက် ပိုပြီးခက်ခဲတယ်”
ဆန်းလျန်က တစ်လုံးချင်း ပြောလိုက်သည်။
သူ၏ တန်ခိုးစွမ်းအားများမှာ ပို၍ ခန့်မှန်းရ ခက်နေပြန်သည်။
“ဒါပေမယ့် ဒီနေ့ ကျုပ်က မင်းကို ထိုက်ရွှီး နည်းဗျူဟာ ကျင့်စဉ်ရဲ့ တန်ခိုးစွမ်းအားနဲ့ တိုက်ခိုက်မှာ မဟုတ်ဘူး။ ဒီလို ထိပ်တန်းပညာ တစ်ခုနဲ့ မင်းကိုသတ်ဖို့ မတန်ဘူး။ ဒါကြောင့် ဒီနေ့ မင်းနဲ့ ယှဉ်ပြိုင်တဲ့အခါ ကျုပ်က ဓားကိုပဲ အသုံးပြုမယ်”
ဆန်းလျန်စကားကို အားလုံးက ငြိမ်သက်ပြီး နားထောင် နေကြလေသည်။
အတွေ့အကြုံရှိသည့် ကျင့်ကြံသူဆိုလျှင် ထိုက်ရွှီးနည်းဗျူဟာ ကျင့်စဉ်မှာ မည်မျှ စွမ်းအား ကြီးမားကြောင်း ကောင်းကောင်းနားလည်မည် ဖြစ်သည်။ ရှန်ဆန်းကျန်းရန်လုကျိုးယွမ် ပင်လျှင် “ထိုက်ရွှီးနည်းဗျူဟာ ကျင့်စဉ်” မှာ သူ၏ “တရားအလင်း သိမြင်ခြင်းကျမ်း” နှင့် အဆင့်အတန်း တူညီသည်ဟု ဝန်ခံ ခဲ့လေသည်။
ထိုဝန်ခံချက် တစ်ခွန်းဖြင့်ပင် ထိုက်ရွှီး နည်းဗျူဟာ၏ အစွမ်းမည်မျှ ကြီးကြောင်း အငြင်းပွားစရာ မရှိတော့ပေ။
တာအိုဆရာ ရှီမှာလည်း ထိုကျင့်စဉ်အကြောင်းကို ကြားဖူးပါသည်။ ချန်ကျန့်မေကို အနှောင့်အယှက် ပေးရန်အတွက် သူ့ကို စေလွှတ်လိုက်သည့် သူက ချန်ကျန့်မေမည်မျှ တန်ခိုးစွမ်းအား ကြီးမားကြောင်းနှင့် ချင်းရွှမ်နတ်တံခါးမှ ကျင့်စဉ်များ အကြောင်းကို အသေးစိတ် ပြောပြထားပြီး ဖြစ်လေသည်။ ချင်းရွှမ်နတ်တံခါးတွင် ထိုက်ရွှီးနည်းဗျူဟာ ကျင့်စဉ်ကို ကျင့်ကြံအောင်မြင် ထားသူ နတ်မိမယ်တစ်ဦး ရှိပြီး ထိုနတ်မိမယ်ကတော့ ဤနေရာသို့ ရောက်လာနိုင်လိမ့်မည် မဟုတ်ပေ။
ဆန်းလျန်ကလည်း လိမ်ပြောစရာ အကြောင်း မရှိပေ။ ဟိုင်သန်းအဆင့် အောင်မြင်ပြီးသူ တစ်ယောက်ဖြစ်သည့် တာအိုဆရာ ရှီကဲ့သို့သော လူမျိုးကို လိမ်လည် ခြိမ်းခြောက်၍လည်း အသုံးမဝင်ပေ။
ထို့ပြင် ဆန်းလျန်က ထိုက်ရွှီးနည်းဗျူဟာကို အသုံးပြုရန်လည်း ရည်ရွယ်ချက် မရှိပါ။ သူက တာအိုဆရာရှီကို သူ၏ စန္ဒကူး သစ်သားဓားဖြင့်သာ နှိမ်နင်း လိုလေသည်။ သစ်သားဓား ဖြစ်သော်လည်း သစ်သားမှာ ဒြပ်စင်ငါးမျိုးတွင် တစ်မျိုးအပါအဝင် ဖြစ်လေသည်။
တာအိုဆရာရှီမှာ ဟိုင်သန်းအဆင့် အောင်မြင်ထားသူ ဖြစ်သည့်အတွက် သူ့ထက် အဆင့်မြင့်သူ ဖြစ်ကြောင်း ဆန်းလျန်သိပါသည်။ သူက ထူးဆန်းပြီး ရက်စက်သည့် ပညာများကို အသုံးပြုပြီး ဆန်းလျန်ကို တိုက်ခိုက်ကောင်း တိုက်ခိုက်နိုင်လေသည်။
ထို့ပြင် တာအိုဆရာရှီမှာ တစ်ယောက်တည်းလာခြင်း မဟုတ်ပါ။
မနီးမဝေးတွင် …
လူနှစ်ယောက် ရှိနေလေသည်။
ဘုန်းတော်ကြီး တစ်ပါးနှင့် တာအိုဆရာတစ်ပါး ဖြစ်လေသည်။
တာအိုဆရာမှာ ဆန်းလျန်ကဲ့သို့ အလွန်ပင် ချောမော ခန့်ညားလေသည်။ ဘုန်းတော်ကြီးကတော့ ဝတ်ထားသည့် သင်္ကန်းမှာ နွမ်းဖတ်နေပြီး သူစီးထားသည့် ဖိနပ်မှာလည်း စုတ်ပြဲနေသောကြောင့် ခြေချောင်းများကိုပင် မြင်နေရလေသည်။
သူတို့နှစ်ယောက်မှာ ဆန်းလျန်နှင့် တာအိုဆရာရှီ၏ တိုက်ပွဲကိုကြည့်ရန် နေရာကောင်းတွင် နေရာ ယူထားကြလေသည်။
လူငယ်တာအို ဆရာလေးက ပြုံးလိုက်ရင်း …
“ကြည့်ရတာ ချင်းရွှမ်နတ်တံခါးမှာ တကယ်တော်တဲ့ လူတော်တွေ ရှိနေတာပဲ။ မင်ဝမ် ဝတ်ကျောင်းတော်က ဆရာတော်တစ်ပါး အနေနဲ့ ဒီလူငယ်လေးကို ဘယ်လိုမြင်ပါသလဲ ဆရာတော်”
ဟု ဘေးနားရှိ ဘုန်းတော်ကြီးကို မေးလိုက်လေသည်။
မင်ဝမ် ဝတ်ကျောင်းတော်မှာ အထင်ကရ ဗုဒ္ဓဘာသာ ကျောင်းတော်ကြီး ရှစ်ခုထဲတွင် ပါဝင်ခြင်း မရှိပါ။ လူအများစုမှာ မင်ဝမ် ဝတ်ကျောင်းတော်ဆိုသည့် နာမည်ကိုသာ ကြားဖူးကြပြီး မည်သည့် နေရာတွင် တည်ရှိမှန်း မသိကြပေ။ ဒဏ္ဍာရီထဲမှ တာ့လေ့ယင်း ဝတ်ကျောင်းတော်ကဲ့သို့ နေရာရှာဖွေ၍ မတွေ့နိုင်သည့် ဝတ်ကျောင်းတော်တစ်ခု ဖြစ်လေသည်။
သို့သော် မင်ဝမ် ဝတ်ကျောင်းတော်မှာ အမှန်တကယ် တည်ရှိသည့် နေရာတစ်ခု ဖြစ်ပါသည်။ ထိုနေရာမှ ကျင့်ကြံသူ လောကနှင့် သိုင်းလောကသို့ ဝင်ရောက်လာသည့် တပည့်များစွာ ရှိလေသည်။ သူတို့အားလုံးက မိုးကြိုးတန်ခိုး စွမ်းအားကို ပိုင်ဆိုင်ကြလေသည်။
ထိုလူများမှတစ်ဆင့် ဝမ်မင် ဝတ်ကျောင်းတော် တည်နေရာကို ရှာဖွေကြသည့် လူများ ရှိသော်လည်း မအောင်မြင်ကြပေ။ မင်ဝမ် ဝတ်ကျောင်းတော်တွင် ဗောဓိဿကျ အမွေအနှစ်များ များစွာ ရှိသည်ဟု ကောလာဟလများကတော့ ထွက်လျက် ရှိလေသည်။
မင်ဝမ်ဂိုဏ်း၏ အမြင့်ဆုံးကျင့်စဉ် ဦးတည်ချက်မှာ တရားအလင်း ရရန်လည်း မဟုတ်၊ ဗောဓိဿကျ တစ်ပါး ဖြစ်လာရန်လည်း မဟုတ်ပါ။ အကာလ နတ်ဘုရားတစ်ပါး ဖြစ်သည့် “ရူပနတ်ဘုရား” ဖြစ်လာရန်အတွက် ရည်ရွယ်ပြီး ကျင့်ကြံကြခြင်း ဖြစ်လေသည်။
ထို့ကြောင့် မင်ဝမ် ဝတ်ကျောင်းတော်မှ တပည့်များကို “ရူပနတ်ဘုရာ အလောင်းအလျာ” များဟု ခေါ်ကြလေသည်။
ဘုန်းတော်ကြီးက ကျမ်းစာအချို့ကို ပါးစပ်မှ တတွတ်တွတ် ရွတ်ဆိုလိုက်ပြီး လူငယ်တာအို ဆရာလေး၏ မေးခွန်းကို မဖြေဘဲ နေလိုက်လေသည်။
တာအိုဆရာလေးက ဘုန်းတော်ကြီး၏ အပြုအမူကြောင့် တစ်ချက် ရယ်မောလိုက်သည်။ သူ၏ အမေးကို ဆရာတော်က ဖြေကြားလိုခြင်း မရှိကြောင်း သိလိုက်ရသောကြောင့် ဖြစ်လေသည်။
အဘယ်ကြောင့် မဖြေလိုရ ပါသနည်း …
အဘယ်ကြောင့်ဆိုသော် သူလည်း ဆန်းလျန်၏ တန်ခိုးစွမ်းအားများကို ခန့်မှန်းခြင်းငှာ မစွမ်းသာသောကြောင့် ဖြစ်လေသည်။
ရူပနတ်ဘုရား အလောင်းအလျာ တစ်ပါးကပင် ဆန်းလျန်၏ တန်ခိုးစွမ်းအားကို မခန့်မှန်း နိုင်သည်ကို ကြည့်ခြင်းအားဖြင့် ဆန်းလျန်မှာ မည်မျှ အစွမ်းထက်နေကြောင်းကို မေးနေစရာပင် မလိုတော့ပေ။
တာအိုဆရာရှီက စတင် တိုက်ခိုက်လိုက်သည့်တိုင် ဆန်းလျန်ကတော့ ပုံမှန်အတိုင်း အေးအေးဆေးဆေးပင် ရပ်နေလေသည်။
သို့သော် ဆန်းလျန်က ထိတ်လန့်ဖွယ်ရာ တန်ခိုးစွမ်းအားများကို ထုတ်လွှတ် လိုက်သည့်အတွက် မုန်တိုင်းတစ်ခု အလားသဏ္ဌာန် ပြောင်းလဲသွားလေသည်။ သူ၏ ဝိညာဉ်စွမ်းအား များမှာ ပတ်ဝန်းကျင်တွင် ပန်းပွင့်လေးများ ကြွေလွင့်နေသည့် အလား လှပစွာ ဖြာဆင်း နေလေသည်။
တာအိုဆရာရှီက ဆန်းလျန်မှာ သစ်သားဓား တစ်လက်ကိုသာ အသုံးပြုမည်ကို တွေ့ရသည့် အတွက် အနည်းငယ် စိတ်အေး သွားရသည်။
တာအိုဆရာရှီက သူ၏ သံမဏိဓားကို ဝှေ့ယမ်းလိုက်သည်။ သံမဏိဓားမှ ဖြာထွက်လာသည့် အလင်းတန်းများမှာ နေရောင်ခြည်ထက်ပင် တောက်ပ နေသေးသည်။
သို့သော် ဆန်းလျန် ဖန်ဆင်းထားသည့် မုန်တိုင်းစွမ်းအားကို တစ်ချက်ကလေးပင် မထိုးဖောက် နိုင်ပေ။
ဆန်းလျန်မှာ လောကပထမ ဓားသမားတစ်ယောက် မဟုတ်ပါ။ သူ၏ စန္ဒကူးဓားမှာလည်း ထူးခြားပြီး တောက်ပ ထွန်းလင်းနေခြင်းမျိုး မရှိပါ။
တာအိုဆရာရှီ၏ သံမဏိဓားသွားက ဆန်းလျန် ဖန်ဆင်းထားသည့် မုန်တိုင်းထဲသို့ တိုးဝင်လိုက်သည်နှင့် မီးခိုးငွေ့များ စတင် ဖြစ်တည်လာပြီး စွမ်းအားများက သဘာဝ သားရဲတစ်ကောင် အလား ပြန်လည် ခုခံလိုက်လေသည်။
တာအိုဆရာရှီ၏ ဓားသွားက မုန်တိုင်းစတင် ဖြစ်ပေါ်ရာ ဗဟိုချက်ကို အမြတ်ပြတ် သုတ်သင်ရန်အတွက် သံမဏိဓားဖြင့် လိုက်လံရှာဖွေ နေလေသည်။
ဆန်းလျန်မှာ သူ့ရှေ့မှ ရုတ်တရက် ပျောက်ကွယ်သွားလေသည်။ သို့သော် တာအိုဆရာရှီ၏ မျက်နှာ အမူအရာမှာ ထိတ်လန့်သွားခြင်း မရှိပါ။
ကောင်းကင်ထက်တွင် စန္ဒကူးဓားကို ကိုင်ထားသည့် ဆန်းလျန်ကို တွေ့မြင်နိုင်လေသည်။
တာအိုဆရာရှီက ခေါင်းကို မော့ကြည့်လိုက်တော့ သူ့ထံသို့ တိုးဝင်လာသည့် စန္ဒကူးဓား …
တိုက်ခိုက်မှုက လျင်မြန်လွန်းလေသည်။ ဓား၏ တုန်ခါသံ တစ်ချက်ကိုသာ ကြားလိုက်ရပြီး ဓားက သူ၏ မျက်လုံးရှေ့တွင် ပေါ်လာလေသည်။
ဆန်းလျန်မှာ လေထဲတွင်ပင် ရှိနေသေးသည်။ အဘယ်ကြောင့် ဓားသွားက သူ၏ မျက်စိရှေ့သို့ ရောက်လာရပါသနည်း။ မည်သို့မှ မဖြစ်နိုင်သည့် ကိစ္စပင်။
မလှမ်းမကမ်းမှ နေ၍ ယှဉ်ပြိုင်ပွဲကို ကြည့်နေသည့် လူငယ်တာအို ဆရာလေးက တအံ့တသြဖြင့် ….
“ကိုယ်ပျောက် ဓားဝိညာဉ်ကို သူဘယ်လိုလုပ် အသုံးပြု နိုင်ရတာလဲ”
ဟု ရေရွတ်လိုက်လေသည်။
ကိုယ်ပျောက် ဓားဝိညာဉ်ဆိုသည်မှာ ဆရာစူး၏ ရှိခြင်းမရှိခြင်း ဓားဝိညာဉ်ကိုပင် ပြောခြင်း ဖြစ်လေသည်။ သို့သော် ကိုယ်ပျောက်ဓားဝိညာဉ် ဆိုသည့် အမည်ကပင် ပိုပြီး လိုက်ဖက်နေသယောင် ထင်ရ လေတော့သည်။
***