ဟန့်ဟိုင်ပင်လယ်မှာ ပင်လယ်သေတစ်ခု ဖြစ်လေသည်။ ပင်လယ်ရေမှာ ခါးသက်ပြီး ငံကျိကျိနှင့် ဖြစ်သည်။ ထိုပင်လယ်ရေထဲတွင် ပင်လယ်ရေမှော် များလည်း ပေါက်ရောက်ခြင်း မရှိပေ။
ဟန့်ဟိုင်တိုင်းပြည်၏ ရေအရင်းအမြစ် အားလုံးမှာ ဟန့်ဟိုင်ပင်လယ်တွင် သွားပြီး စုစည်းနေခြင်း ဖြစ်လေသည်။ ထို့ကြောင့် ဟန့်ဟိုင် တိုင်းပြည်တွင် ရေရှားပါးရခြင်း ဖြစ်လေသည်။ လွန်ခဲ့သည့် အချိန်များကတော့ ဟန့်ဟိုင် တိုင်းပြည်မှာ ရေရှားပါးသည့် အပြင် နတ်မိစ္ဆာများ၏ နှိပ်စက်ခြင်းကိုလည်း ခံခဲ့ရလေသည်။ ချန်ကျန့်မေ ရောက်လာသည့် နောက်ပိုင်း နတ်မိစ္ဆာများကို သုတ်သင် ပစ်လိုက်ပြီး ဟန့်ဟိုင် ပင်လယ်အနီးရှိ တောင်တစ်တောင်ပေါ်တွင် သေစေခြင်း ကျောင်းတော်ကို တည်ဆောက်ခဲ့လေသည်။
ဆယ်နှစ်ကြာခဲ့ပြီ ဖြစ်လေသည်။
ဟန့်ဟိုင် တိုင်းပြည်၏ မိုင်တစ်ထောင် ပတ်လည်တွင် မည်သည့် နတ်မိစ္ဆာမှ ခြေမချ ရဲတော့ပေ။
ညအချိန်သို့ မရောက်သေးပေ။ ဆည်းဆာ ရောင်ခြည်က ပတ်ဝန်းကျင်တွင် လင်းလက်နေဆဲ ဖြစ်လေသည်။
ဆန်းလျန်မှာ သေစေခြင်းကျောင်းတော် တည်ရှိသည့် တောင်ခြေတွင် ရောက်ရှိနေလေသည်။
ဂိုဏ်းပေါင်းများစွာမှ ကျင့်ကြံသူများ ရောက်ရှိ နေကြသလို နတ်မိစ္ဆာများလည်း ရောက်ရှိ နေကြလေသည်။ သူတို့က ချန်ကျန့်မေ တံခါးပိတ် ကျင့်ကြံပြီး ထွက်လာသည့် အချိန်ကို စောင့်ဆိုင်း နေကြခြင်း ဖြစ်လေသည်။
ပေါင်ကွမ်းဆရာတော်မှာ ပေါင်ယွဲ့ဆရာတော်၏ တပည့်ဖြစ်ပြီး မိုင်ငါးထောင်ပတ်လည် အတွင်းတွင် ဆရာတော်ကို မလေးစားသည့်သူ မရှိပေ။ တရားအလင်းရကာ ရွှေခန္ဓာကိုယ် ရသည်အထိ ကျင့်ကြံ အောင်မြင်ခဲ့သည့်သူ ဖြစ်သည့်အတွက် အားလုံးက လေးစားကြလေသည်။ ယွဲ့ထော် တိုင်းပြည်တွင် နတ်မိစ္ဆာများ မရှိပါ။ အဘယ်ကြောင့်ဆိုသော် ပေါင်ကွမ်း ဆရာတော်က ယွဲ့ထော် တိုင်းပြည် ပတ်ဝန်းကျင်ရှိ တောင်ပေါင်းသုံးဆယ်မှ နတ်မိစ္ဆာ မှန်သမျှကို သုတ်သင် ထားသောကြောင့် ဖြစ်လေသည်။
သူ၏ ဂုဏ်ပုဒ်မှာ ချန်ကျန့်မေထက်များစွာ ကျော်ကြားလေသည်။ ပေါင်ကွမ်း ဆရာတော်မှာ ချန်ကျန့်မေထက် သာလွန်သူ ဖြစ်သည်ဟု လူအများစုက တွေးထားကြလေသည်။
လွန်ခဲ့သည့် ဆယ်ရက်ခန့်က သတင်းများ ထွက်လာလေသည်။ ပေါင်ကွမ်း ဆရာတော်မှာ ကျင်းကွမ်း ဝတ်ကျောင်းတော်မှ ထွက်ခွာသွားပြီး မည်သည့်နေရာသို့ ရောက်နေသည်လဲ မည်သူမျှ မသိကြပေ။
မကြာခင် အချိန်အတွင်းမှာပင် ချန်ကျန့်မေက တောင်ပေါ်မှ ဆင်းသက်လာတော့မည် ဖြစ်လေသည်။ သူ၏ ကြောက်မက်ဖွယ်ရာ သဏ္ဌာန်မဲ့ ဓားဝိညာဉ်မှာလည်း သေစေခြင်း ကျောင်းတော် အတွင်းမှ ထွက်ပေါ်လာတော့မည် ဖြစ်လေသည်။ အတွေ့အကြုံ နည်းပါးသည့် ကျင့်ကြံသူ အချို့ကတော့ အကြောက်အလန့်မရှိ အနားသို့ တိုးကပ်ပြီး ကြည့်နေကြလေသည်။
ဓားဝိညာဉ် ဖြည်းဖြည်းချင်း ထွက်ပေါ်လာပြီး သေစေခြင်း ကျောင်းတော်ဆီမှ လေထုမှာ ငြိမ်သက်ပြီး အားနည်းသွားလေသည်။
အသက်ဓာတ် စွမ်းအားများမှာလည်း အရပ်လေးမျက်နှာမှ ဝင်ရောက်လာပြီး သေစေခြင်း ကျောင်းတော် ခေါင်မိုးထက်တွင် လှည့်ပတ် နေကြလေသည်။
သေစေခြင်း ကျောင်းတော်တံခါး ပွင့်လာလေသည်။
ချန်ကျန့်မေက အနှောင့်အယှက် မဖြစ်စေရန်အတွက် သူ၏ တပည့်များ အားလုံးကို ပြန်လွှတ်လိုက်ပြီ ဖြစ်သည့်အတွက် တစ်ယောက်တည်း ဖြစ်နေလေသည်။
ယခုယှဉ်ပြိုင်ရမည့် “နတ်ဘုရား နှိမ်နင်းခြင်း” တရားဆွေးနွေးပွဲမှာ သူ၏ ဓားတန်ခိုးကို ပြသရမည့် ပွဲလည်း ဖြစ်လေသည်။
လောကတွင် သူ့ထက် အစွမ်းထက်သည့် လူပေါင်းများစွာ ရှိလေသည်။ သို့သော် သူနှင့် အဆင့်တူသည့် လူတစ်ယောက်နှင့် ယှဉ်ပြိုင်ရမည်မှာတော့ ရှားပါးသည့် အခွင့်အရေး ဖြစ်လေသည်။
ပေါင်းကွမ်း ဆရာတော်နှင့် ချန်ကျန့်မေ တရားဆွေးနွေးပွဲ ပြုလုပ်ခြင်းမှာ မတူညီသည့် ကျင့်ကြံသူ ဂိုဏ်းနှစ်ခုကြားမှ ယှဉ်ပြိုင်မှုသာမက အခွင့်အရေး တစ်ခုလည်း ဖြစ်လေသည်။ သူတို့ နှစ်ယောက်လုံး၏ အရံအတားများကို ပယ်ဖျက်ပြီး သူတို့၏ ပုံသဏ္ဌာန် အမှန်ကို လှစ်ဟပြသည့် သေခြင်းရှင်ခြင်း တိုက်ပွဲကြီးပင် ဖြစ်လေသည်။
သို့သော် ဤယှဉ်ပြိုင်ပွဲ တစ်ခဏလေးအတွက် သူတို့ဘဝ တစ်လျှောက်လုံး ကျင့်ကြံ ခဲ့ကြသည်တော့ မဟုတ်ခဲ့ပေ။
ချန်ကျန့်မေမှာ အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားလေသည်။ သူ၏ အင်္ကျီလက်များမှာ လေထဲတွင် ပျံ့လွင့်နေလေသည်။ သူ၏ မျက်ခုံးများမှာတော့ အရင်ကလောက် မျက်မှောင် ကြုတ်ထားခြင်း မရှိတော့သည့်အတွက် အနည်းငယ် ပြေလျော့နေလေသည်။ သူ့ကို ကြည့်ရသည်မှာ ယှဉ်ပြိုင်ပွဲသို့ သွားရောက် ရင်ဆိုင်မည့် သူတစ်ယောက်နှင့် မတူဘဲ ပွဲလမ်းသဘင် လူတစ်ယောက်ကဲ့သို့ စိတ်လက် ပေါ့ပါးသည့်ဟန် ပေါ်လွင်နေလေသည်။
သူက တောင်ပေါ် လမ်းလေးအတိုင်း ခပ်ဖြည်းဖြည်း ဆင်းသက်လာလေသည်။ လူများက သူ့ကို ဝိုင်းဝန်းကြည့်ရှု နေကြလေသည်။
သေစေခြင်းကျောင်းတော် တည်ရှိရာ တောင်ပေါ်မှ ဟန့်ဟိုင်ပင်လယ်နှင့် ဆယ်မိုင်မျှသာ ကွာဝေး လေသည်။ သို့သော် သွားရမည့်လမ်းက အန္တရာယ်များသည်။ သူသွားမည့် လမ်းတစ်လျှောက် အနှောင့်အယှက် ပေးမည့်သူ များကလည်း စောင့်နေလေသည်။ ထိုသူများ အားလုံးမှာ သူ့ကို သတ်ပစ် ချင်နေကြသူများ ဖြစ်လေသည်။
ထိုသူများမှာ ကျင်းကွမ်း ဝတ်ကျောင်းတော်မှ လူများ မဟုတ်ကြပါ။ သို့သော် သူတို့အားလုံးမှာ ချန်ကျန့်မေကို ဒုက္ခ ပေးချင်ကြသည့် သူများသာ ဖြစ်လေသည်။
ဆည်းဆာ နေရောင်ခြည်တွင် ချန်ကျန့်မေ၏ အရိပ်ကို မြင်နိုင်လေသည်။ သို့သော် ထိုအရိပ်တွင် ချန်ကျန့်မေ၏ ဓားကို မတွေ့ရပါ။
ဓားမရှိပါ … သို့သော် ဓားရှိ နေလေသည်။
ချန်ကျန့်မေရှေ့သို့ လူတစ်ယောက် ရောက်လာလေသည်။ တာအိုဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာက တင်းမာခက်ထန် နေလေသည်။
ထိုသူ မည်သူဖြစ်ကြောင်းကို လူတိုင်း သိကြလေသည်။ ထိုသူမှာ ပုံမှန်မဟုတ်သည့် ကျင့်ကြံသူ တစ်ယောက်ဖြစ်ပြီး သူ၏ အမည်ရင်းကို မည်သူမျှ မသိကြပါ။ လူအများစုက သူ့ကို တာအိုဆရာရှီ ဟု ခေါ်ကြလေသည်။
သူက ကျော်ကြားသည့် ဟိုင်သန်းအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လေသည်။ သူက ရှီးဟွမ်တွင် လောက နတ်ဘုရားတစ်ပါး စွန့်ပစ်ခဲ့သည့် ကျောင်းတော်တစ်ခုကို တွေ့ရှိပြီး ထိုကျောင်းတော်မှ နတ်ဒေဝါ အမြုတေကို ရရှိကာ ဟိုင်သန်းအဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်လေသည်။
တာအိုဆရာရှီမှာ ဓားသမားတစ်ယောက် ဖြစ်လေသည်။ ကံကောင်းစွာဖြင့် နတ်ဒေဝါ အမြုတေကို ရရှိပြီး နောက်ပိုင်း ဟိုင်သန်းအဆင့် ရောက်အောင် ကိုယ်တိုင် ကြိုးစားကျင့်ကြံခဲ့ခြင်း ဖြစ်လေသည်။ ထိုသို့ ကိုယ်တိုင် ကျင့်ကြံရသည်မှာ သူ့အတွက် လွယ်ကူသည်တော့ မဟုတ်ပေ။
ပုံမှန်မဟုတ်သည့် ကျင့်ကြံသူတစ်ယောက် အနေဖြင့် ဤနေရာသို့ သူမလာသင့်ပေ။ သို့သော် သူရောက်ရှိ လာခဲ့လေပြီ။
သူ့ကို ချန်ကျန့်မေ၏ ပြိုင်ဘက်ဟု မည်သူကမှ တွေးထင် မထားကြပေ။ ချန်ကျန့်မေကို သူ့အဆင့်ဖြင့် သွားစိန်ခေါ်ပါက ကိုယ့်သေတွင်း ကိုယ်တူးသလိုသာ ဖြစ်ပေလိမ့်မည်။ အသက် မသေလျှင်တောင်မှ ကျင့်ကြံထားသမျှ အရာအားလုံး ပျက်စီး သွားရပေလိမ့်မည်။ မည်သူမျှ ချန်ကျန့်မေ၏ တန်ခိုးစွမ်းအားကို သွားပြီး စိန်မခေါ်ရဲကြပေ။
စိန်ခေါ်မိပြီ ဆိုပါကလည်း အုတ်ဂူနားတွင် မြက်လေးများပင် ကြိုစိုက် ထားသင့်ပြီ ဖြစ်လေသည်။
ယခုအချိန်တွင် ရန်သူ၊ မိတ်ဆွေများ အားလုံးမှာ ချန်ကျန့်မေကို ကိုယ်ချင်းစာ ပေးနေကြသည့် အချိန် ဖြစ်လေသည်။ သို့သော် ချန်ကျန့်မေသာ တာအိုဆရာရှီကို သတ်လိုက်မည် ဆိုပါက အကျိုးရှိမည် မဟုတ်ပေ။ နောက်ထပ် တိုက်ခိုက်ရမည့် ပွဲများတွင် အသုံးပြုရန် စုစည်းထားသည့် ဓားစွမ်းရည်များကို အသုံး ပြုရလိမ့်မည် ဖြစ်လေသည်။
ဓားဝိညာဉ်မှာ တန်ခိုးစွမ်းအား ကြီးမားသည့်တိုင် စွမ်းအား လျော့သွားလျှင်တော့ ပြန်ပြည့်ဖို့ အချိန် ယူရလေသည်။
ပေါင်ကွမ်း ဆရာတော်က သူ့ကို ပြိုင်ဘက် တစ်ယောက်အနေဖြင့် အလေးထားသည့်တိုင် စွမ်းအား ပြန်ပြည့်ဖို့ အထိတော့ စောင့်လိမ့်မည် မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ယခုဖြစ်သည့် ပြဿနာမှာ ကိုယ်ရေးကိုယ်တာကိစ္စ မဟုတ်ပေ။ ကျင်းကွမ်း ဝတ်ကျောင်းတော်နှင့် ပတ်သက် နေလေသည်။ ပေါင်ကွမ်းဆရာတော် အနေဖြင့် သက်ညှာလိမ့်မည် မဟုတ်ပေ။ ချန်ကျန့်မေမှာ ငယ်ရွယ်ပြီး အလားအလာရှိသူ တစ်ယောက် ဖြစ်လေသည်။ ထို့ကြောင့် ယခုကဲ့သို့ အခွင့်အရေး ရစဉ်တွင် နှိမ်နင်းထားနိုင်မှ တော်ကာကျမည်ဟု ပေါင်ကွမ်းဆရာတော်က ဆုံးဖြတ်ထားလေသည်။
တာအိုဆရာရှီက လက်နှစ်ဖက်ဆုပ် အရိုအသေ ပေးလိုက်ရင်း …
“မင်းရဲ့ဓားကို ထုတ်လိုက်ပါ”
ဟု ယဉ်ကျေးစွာ ပြောလိုက်လေသည်။
သူ့ကို ကြည့်ရသည်မှာ ဆုံးဖြတ်ချက် ခိုင်မာနေပုံ ရလေသည်။ သူ၏ စွမ်းအားများမှာ ခိုင်မာ နေလေသည်။ သူ့မျက်နှာတွင်လည်း ကြောက်လန့်သည့် အရိပ်အယောင် မတွေ့ရပေ။ သူ၏ ဝတ်ရုံအောက်တွင် အရောင်များ တောက်ပနေသည်ကို မြင်တွေ့ နိုင်လေသည်။ စွမ်းအားများ စုစည်းထားခြင်း ဖြစ်လေသည်။ အချိန်မရွေး တိုက်ခိုက်ရန် အသင့် ဖြစ်နေသည့်ပုံမျိုး ဖြစ်လေသည်။
တာအိုဆရာရှီ၏ လက်ထဲမှ သံမဏိဓားမှာ အဆက်မပြတ် တုန်ခါ နေလေသည်။
သူ၏ဓားက လူကဲ့သို့ အသိစိတ် ရှိလေသည်။ ထိုဓားမှာ သူ့ဘဝ တစ်လျှောက်လုံး သူနှင့်အတူ လေ့ကျင့်ခဲ့သည့် ဓားဖြစ်သည့်အတွက် သူ၏ အစိတ်အပိုင်းအလား ဖြစ်နေပြီး ခွဲခြား၍ မရပေ။
တိုက်ခိုက်မှု မစခင်မှာပင် ထိုသံမဏိဓား၏ ဓားဝိညာဉ်က ထွက်ပေါ်လာလေသည်။
တာအိုဆရာရှီက ကျင့်ကြံသူများ အကြားတွင် အရည်အချင်း ရှိသူအဖြစ် အသိအမှတ်ပြု ခံထားရသူ ဖြစ်လေသည်။
ချန်ကျန့်မေက သက်ပြင်းတစ်ချက် ချလိုက်ရင်း …
“မင်းက တကယ်ပဲ ကျုပ်ကို နိုင်မယ် ထင်လို့လား”
တာအိုဆရာရှီ၏ မျက်နှာထားမှာ ပြောင်းလဲသွားခြင်း မရှိပါ။
“ကျုပ်မသိပါဘူး။ မင်းအင်္ကျီစကို ထိအောင်တောင် ကျုပ်တိုက်ခိုက်ချင်မှ တိုက်ခိုက်နိုင်မှာပါ။ ဒါပေမယ့် သူသေကိုယ်သေ တိုက်မယ်ဆိုရင်တော့ ပြောရခက်ပါတယ်။ ကျုပ်ကိုနိုင်အောင် တိုက်ခိုက်ဖို့ ဘယ်လောက် တန်ခိုးစွမ်းအား သုံးရမလဲဆိုတာ မင်းမသိနိုင်ဘူး။ မင်းရဲ့စွမ်းအား အတော်များများကို သုံးရမယ် ဆိုရင်တော့ နောက်ပွဲမှာ မင်းပြဿနာ တက်မှာပဲ။ ဒါဆို မင်းကျုပ်ကို တိုက်မှာ မဟုတ်တော့ဘူး။ ဒါပေမယ့် ကျုပ်ကလည်း အသေခံပြီး မင်းကိုတိုက်ခိုက်ဖို့ ဆုံးဖြတ်ထားတယ်”
ဟု တာအိုဆရာရှီက ပြောလိုက်လေသည်။
သူက အဆုံးစွန်ထိ ဆုံးဖြတ်ချက် ခိုင်မာနေလေသည်။ သူကဲ့သို့သော လူတစ်ယောက်က သစ်ပင်ကြီးကို ကိုင်လှုပ်နိုင်မည်ဟု ထင်နေလေသည်။ သူ၏ တန်ခိုးစွမ်းအားမှာ မသေးလှသော်လည်း ချန်ကျန့်မေနှင့် ယှဉ်လိုက်လျှင် အဆင့် ကွာခြားချက်ကတော့ တိုင်းတာ၍ပင် မရပေ။
“မင်းက လေးစားစရာကောင်းတဲ့ လူတစ်ယောက်ပါပဲ။ မင်းဒီကို ရောက်လာတာ တစ်ယောက် ယောက်က စေခိုင်းလို့ပဲ။ ကျုပ်မင်းကို အပြစ်မတင်ပါဘူး”
ချန်ကျန့်မေက ပြောလိုက်သည်။ ချန်ကျန့်မေ၏ စကားကြောင့် တာအိုဆရာရှီမှာ အပြစ်ရှိသလို ခံစား လိုက်ရသည်။
“ဒါကြောင့်ပဲ ကျုပ်ဒီနေ့ သေရမှာပဲ။ မသေရင်လည်း ဒီပုံစံမျိုးနဲ့ အသက် မရှင်နိုင်ဘူး”
ချန်ကျန့်မေ၏ ပုံစံမှာ အေးအေးဆေးဆေး ရှိနေလေသည်။
“ကံဆိုးတာက မင်းနဲ့ယှဉ်ပြိုင် တိုက်ခိုက်မယ့်သူက ကျုပ်မဟုတ်ဘူး ဖြစ်နေတယ်”
ဟု ပြောလိုက်လေသည်။
“ဘာကြောင့်လဲ”
တာအိုဆရာရှီက ပြန်မေးလိုက်သည်။
“ကြည့်ရတာ ကျုပ်ရောက်လာတာ အချိန်ကိုက်ပဲ ထင်တယ် ဂိုဏ်းတူအစ်ကိုချန်။ အစ်ကို့ရဲ့ ကျင့်ကြံမှုတွေက အများကြီး တိုးတက်လာတာပဲ”
တည်ငြိမ်အေးချမ်းသည့် အသံတစ်ခု ထွက်ပေါ် လာလေသည်။
အသံနှင့်အတူ ချောမောခန့်ညားသည့် လူငယ်လေးတစ်ယောက် လူအုပ်ကြားထဲမှ ထွက်ပေါ် လာလေသည်။ သူ၏ပုံစံက ချန်ကျန့်မေထက်ပင် သန့်စင်ချောမော နေလေသည်။ လွန်စွာမှ ခန့်မှန်းရ ခက်သည့် ပုံစံမျိုးပင်။
သူထွက်လာသည့်တိုင် သူ့နောက်တွင် ခြေရာ ထင်ကျန်ခဲ့ခြင်း မရှိပေ။
ထို့ပြင် ဆည်းဆာနေရောင်ခြည် အောက်တွင် သူ၏ အရိပ်ကိုလည်း မမြင်တွေ့ရပေ။
လွန်စွာမှ မှော်ဆန်လွန်းလေသည်။ ထို့ကြောင့်ပင် တာအိုဆရာရှီမှာ ထိုလူငယ်ကို လျှော့မတွက် ရဲတော့ပေ။ ထိုသူ၏ တန်ခိုးစွမ်းအားကို မခန့်မှန်းနိုင်ပါက ထိုသူကို မည်ကဲ့သို့ တိုက်ခိုက် နိုင်မည်နည်း။
ချန်ကျန့်မေက အဝေးတစ်နေရာသို့ ဆုတ်ခွာသွားလေသည်။ လူငယ်နှင့် တာအိုဆရာရှီတို့ တိုက်ခိုက်နိုင်ရန် နေရာဖယ်ပေးလိုက်ခြင်း ဖြစ်လေသည်။
သူ၏ အတွေ့အကြုံအရ တိုက်ပွဲမှာ ခဏအတွင်းပင် အဆုံးသတ် သွားမည်ကို သိနေလေသည်။
“ဒါက ကျုပ်ရဲ့ ဂိုဏ်းတူတူလေး ဆန်းလျန်ပဲ။ မင်းကျုပ်ကို တိုက်ခိုက်ချင်တယ် ဆိုရင် သူ့ကို အရင်နိုင်အောင် တိုက်ရလိမ့်မယ်”
ချန်ကျန့်မေက ပြောလိုက်လေသည်။
ချန်ကျန့်မေ၏ မျက်နှာတွင် ရှားပါးသည့် အပြုံးတစ်ပွင့်ကို မြင်လိုက်ရလေသည်။
ဆန်းလျန်ကတော့ ချန်ကျန့်မေ၏ စကားကြောင့် အနည်းငယ် စိတ်ခု သွားမိလေသည်။
သူက ထိုက်ရွှီး နည်းဗျူဟာကျင့်စဉ် ပထမအဆင့် အောင်မြင်ပြီးသူ ဖြစ်သဖြင့် ချန်ကျန့်မေ အနေဖြင့် သူ့ကို ဂိုဏ်းတူညီလေးဟု ခေါ်မည်ဆိုလျှင်လည်း ခေါ်၍ ရလေသည်။ သို့သော် ယခုကဲ့သို့ ဂိုဏ်းတူတူလေးဟု အခေါ် ခံလိုက်ရခြင်းက သူ့ကို နှိမ့်ချလိုက်သကဲ့သို့ ခံစား လိုက်ရလေသည်။
***