Switch Mode

ခန်း (၁၄၃)

ထူးဆန်းသောလူ

လက်ရှိ ဆန်းလျန် သွားလာနေသည့် ပုံသဏ္ဌာန်ကိုသာ တာအိုဆရာ တစ်ပါးမြင်လျှင် သူ့ကို “ပြဒါးတန်ခိုးရှင်” ဟု ထင်မိလိမ့်မည် ဖြစ်လေသည်။ “ပြဒါးတန်ခိုးရှင်” ဆိုသည်မှာ “ပြဒါး” ဖြင့် ကျင့်ကြံပြီး ကျင့်စဉ်လမ်း အောင်မြင်မှု ရသွားသူကို ဆိုလိုခြင်း ဖြစ်လေသည်။ ထိုအောင်မြင်မှုက အရာအားလုံးထက် သာလွန်လေသည်။

အူနေသည့် ဝံပုလွေအုပ်ကြီးကို ဆန်းလျန်ကြည့်နေမိသည်။ ဝံပုလွေ အူသံကို သူကြားနေရသည်။ သို့သော် ထိုဝံပုလွေ အူသံများကြောင့် သူ့စိတ်ထဲတွင် မည်သို့မျှ မခံစားရပေ။

အရုဏ် မတက်ခင်မှာပင် မြို့တစ်မြို့သို့ ဆန်းလျန် ရောက်ရှိလာလေသည်။ ထိုမြို့မှာ ဟန့်ဟိုင် တိုင်းပြည်၏ မြို့တော်ပင် ဖြစ်လေသည်။

ဟန့်ဟိုင် တိုင်းပြည်မှ လူများမှာ အနက်ရောင်ကို လွန်စွာမှ သဘောကျ နှစ်သက်ဟန် တူလေသည်။ မြို့တော်တစ်ခုလုံးမှ လူများမှာ အနက်ရောင်များကိုသာ ဝတ်ဆင် ထားကြလေသည်။ သိုင်းသမားလည်း အနက်ရောင်၊ ကုန်သည်များလည်း အနက်ရောင် ဝတ်ဆင်ထားကြလေသည်။ ပတ်ဝန်းကျင် တစ်ခုလုံးမှာ စည်ကားပြီး လူသံများဖြင့် ဆူညံပွက်လော ရိုက်နေလေသည်။ တိုင်းပြည်မှာ ဆင်းရဲသည့်တိုင် လူများကတော့ ဒုက္ခမရှိ ပျော်ရွှင်နေပုံ ရလေသည်။

ဟန့်ဟိုင်တွင် နေထိုင်ကြသည့် လူများမှာ အလွန်မှ သန်မာသူများ ဖြစ်ကြောင်း ဆန်းလျန် ရိပ်မိလိုက်သည်။ လူအားလုံးမှာ အနည်းဆုံးတော့ အခြေခံ အသက်ရှူ ကျင့်စဉ်ကို လေ့ကျင့် ထားကြပုံ ရလေသည်။ ထို့ကြောင့် သူတို့အားလုံးကို တွေ့မြင်ရသည်မှာ ဟန်ချက်ညီလျက် ရှိနေလေသည်။

ထို့ပြင် ဟန့်ဟိုင်မှ လူများမှာ အနက်ရောင်ကို ရွေးချယ် ဝတ်ဆင်ရသည်မှာ အကြောင်း ရှိလေသည်။ အနက်ရောင်မှာ “ရေ” ကို ကိုယ်စားပြုသည့် အရောင် ဖြစ်လေသည်။ ဟန့်ဟိုင် တိုင်းပြည်မှာ ရေရှားပါးသည့် တိုင်းပြည်တစ်ခု ဖြစ်သောကြောင့် ရေကို တန်ဖိုးထားသည့် အနေဖြင့် အနက်ရောင်များကို ဝတ်ဆင်ထားကြခြင်း ဖြစ်လေသည်။

စားသောက်ဆိုင်တစ်ခုတွင် ဆန်းလျန် ထိုင်နေလေသည်။ ထိုစားသောက်ဆိုင်မှာ ဟန့်ဟိုင် မြို့တော်တွင် တစ်ခုတည်း ရှိသည့် စားသောက်ဆိုင် ဖြစ်လေသည်။ ထိုစားသောက်ဆိုင်မှာ ဈေးကြီး လွန်းသောကြောင့် မင်းမျိုးမင်းနွယ်များနှင့် လူချမ်းသာများသာ လာရောက် စားသောက်နိုင်လေသည်။

အာဏာရှိသူများနှင့် လူချမ်းသာများမှာ နေ့တိုင်းတော့လည်း လာမစားနိုင်ပါ။ ထို့ကြောင့် စားသောက်ဆိုင်တွင် လူအနည်းငယ်သာ ရှိလေသည်။ ထို့ပြင် ဟန့်ဟိုင်မှ လူများမှာ လူစိမ်းသူစိမ်းများ ကိုလည်း စိတ်ဝင်စားကြပုံ ပေါ်လေသည်။ ဆန်းလျန်၏ ပုံစံမှာ ထင်ထင်ပေါ်ပေါ် မရှိသည့်တိုင် လူများက သူ့ကိုသာ အာရုံစိုက် နေကြလေသည်။

ဆန်းလျန်မှာ လွန်စွာမှ ချောမောသူတစ်ယောက် ဖြစ်သည့်အပြင် သူ၏ သိမ်မွေ့ပြီး ထူးဆန်းသည့် အသွင်အပြင်ကြောင့် သိသာထင်ရှားနေခြင်း ဖြစ်ဟန်တူလေသည်။

သူ၏ ထူးခြားမှုမှာ သာမာန်လူများနှင့် မတူပါ။ ရေပြင်ထဲတွင် ပုံရိပ်ထင်နေသည့် လရိပ်အလား တည်ငြိမ် အေးချမ်းမှုကို သူ့ထံမှ ခံစားရမည် ဖြစ်လေသည်။ မြင်သူတိုင်းက သူ့ကို ချောမောလှပသည်ဟု ဆိုကြမည် ဖြစ်သည့်တိုင် သူ၏ ချောမောလှပမှုကို စာဖွဲ့ နိုင်ကြလိမ့်မည် မဟုတ်ပေ။

အခြားသူများကလည်း ဆန်းလျန်ကို စိတ်ဝင်စားနေသလို ဆန်းလျန်ကလည်း ပတ်ဝန်းကျင်မှ လူများကို မသိမသာ လေ့လာနေလေသည်။ ထိုသို့ လေ့လာရန်အတွက် သူ၏ မျက်လုံးနှင့် နားများကို သုံးရန်မလိုပါ။ သူ၏ စိတ်အာရုံကိုသာ အသုံးပြုရန် လိုလေသည်။ စားသောက်ဆိုင်ထဲတွင် ဟိုင်သန်းအဆင့် အောင်မြင်ထားသည့် ကျင့်ကြံသူ တစ်ယောက်မှ မရှိပေ။ ဟိုင်သန်းအဆင့် ကျင့်ကြံသူ ရှိနေပါကလည်း ထိုသူထံမှ ကြီးမားသည့် တန်ခိုးစွမ်းအား အရှိန်အဟုန်ကို ဆန်းလျန် ခံစား သိရှိနိုင်မည် ဖြစ်လေသည်။

စားသောက်ဆိုင်ထဲမှ လူအချို့ထံတွင် ချင်းရွှမ်နတ်တံခါး၏ ကျင့်စဉ်အချို့ ကျင့်ကြံထားသည်ကို သိနိုင်လေသည်။ အချို့သူများကတော့ အမည်မသိ ကျင့်စဉ်များကို ကျင့်ကြံ ထားကြသည်။ အချို့ သူများကတော့ အသက်ဓာတ် စွမ်းအားများ ကျဆင်း နေသည်ကို တွေ့ရလေသည်။

ဆန်းလျန် စိတ်ဝင်စားမိသည့် လူတစ်ယောက်တော့ ရှိလေသည်။ ပထမတော့ ဆန်းလျန်က ထိုသူကို သတိမပြုမိပါ။ သို့သော် ရွှမ်တယ်ဓားမှ ကောင်းကင်မီးတောက်၏ အပူရှိန်ကို သုံးကြိမ်မျှ ခံစားလိုက်ရသည့် အချိန်တွင်တော့ ထိုသူကို ဆန်းလျန်ကို တစ်ချက် လှည့်ကြည့်လိုက်လေသည်။

ထိုသူ၏ အကြည့်မှာ သာမန်ပင် ဖြစ်လေသည်။ သူဝတ်ဆင်ထားသည့် ဝတ်ရုံမှာလည်း အနည်းငယ် ညစ်နွမ်းနေပြီး စားပွဲပေါ်တွင် ချထားသည့် အနက်ရောင်ဓားမှ မိစ္ဆာစွမ်းအားများ စိမ့်ထွက် နေသလို ခံစားရလေသည်။

ထိုမျှလောက်ဖြင့် ဆန်းလျန် သိချင်သည့် အချက်များမှာ မလုံလောက်ပါ။ ထိုသူ၏ အကြည့်က စူးရှတောက်ပ လေသည်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့် ရှိသည့်ဟန် ပေါ်လွင်လေသည်။ အထူးသဖြင့် သူ၏ မျက်လုံးများမှာ ကြည်လင်နေပြီး နက်ရှိုင်း နေလေသည်။

သို့သော် ထိုသူ၏ မျက်လုံးများတွင် တစ်ခုခု ဖုံးကွယ်ထားသကဲ့သို့ ဖြစ်နေပြီး ခံစားချက် ကင်းမဲ့ နေလေသည်။

မြင်သာအောင် ပြောရမည် ဆိုလျှင် အလောင်းကောင် တစ်ကောင်၏ မျက်လုံးများ ကဲ့သို့ပင်။

ထိုသူ တွေးတောနေသည့် အရာများကို မည်သို့မျှ ခန့်မှန်းနိုင်မည် မဟုတ်ပေ။ ထိုသို့ မခန့်မှန်းနိုင်ခြင်းမှ လွန်စွာမှ အန္တရာယ် ကြီးလေသည်။ ဆန်းလျန်ကတော့ ထိုကဲ့သို့သော လူမျိုးကို မကြောက်သလို အန္တရာယ်ကိုလည်း မှုမည့်သူ မဟုတ်ပါ။ ထို့ကြောင့် အေးအေးဆေးဆေးပင် ဆက်လက် စားသောက် နေလိုက်လေသည်။

ထိုလူက အစားအသောက်ကို အငမ်းမရ စားသောက်နေလေသည်။ သူက အစားအသောက် များကို ပါးစပ်တွင်းသို့ အတင်း ထိုးထည့်ကာ စားနေသည့်အတွက် နင်နေမည်ပင် စိုးရိမ် ရလေသည်။

ကျင့်ကြံသူ အများစုမှာ ပထမဆုံး ကျင့်စဉ်အဆင့် ဖြစ်သည့် ထုံမိုက်အဆင့်ကို အောင်မြင်လျှင်ပင် အသက်ဓာတ် စွမ်းအားများကို အသုံးပြုနိုင်ပြီ ဖြစ်လေသည်။ ထို့ကြောင့် အစားအသောက်များကို စားသောက်ရန် သိပ်ပြီး လိုအပ်လေ့ မရှိပေ။ စားချင်စိတ် ရှိသည့် အခါမှသာ အာသာပြေအောင် စားသောက် ကြလေသည်။

ထို့ပြင် ဖြည်းဖြည်းစားသည် ဖြစ်စေ၊ မြန်မြန်စားသည် ဖြစ်စေ ခန္ဓာကိုယ်တွင် သက်ရောက်မှု မဖြစ်ပေ။ အဘယ်ကြောင့်ဆိုသော် ခန္ဓာကိုယ် အတွင်းသို့ ဝင်ရောက်သွားသည့် အစားအသောက်များမှာ တန်ခိုး စွမ်းအားများကို တိုးတက်စေသည့် အသက်ဓာတ် စွမ်းအားအဖြစ် ချက်ချင်းပြောင်းလဲ သွားသောကြောင့် ဖြစ်လေသည်။

ထို့ကြောင့် အစာချေဖျက်နှုန်းမှာလည်း လွန်စွာမှ လျင်မြန်လေသည်။ ဒဏ္ဍာရီထဲမှ ကျင့်ကြံသူ အချို့ဆိုလျှင် တစ်လခန့် အစားအသောက် မစားဘဲ နေကြလေသည်။ စားသည့် အခါတွင်လည်း နွားတစ်ကောင်လုံးကိုပင် စားနိုင်ပြီး ထိုသို့ စားသည့်တိုင် သူတို့ ဗိုက်တင်းခြင်း၊ အစာမကြေခြင်း မဖြစ်ကြပေ။ အဘယ်ကြောင့်ဆိုသော် စားသမျှမှာ အသက်ဓာတ် စွမ်းအားအဖြစ် ချက်ချင်းပြောင်းလဲ သွားသောကြောင့် ဖြစ်လေသည်။

ထိုသူမှာ စားသောက်ပြီးသည်နှင့် ဓားကို ကောက်ယူလိုက်လေသည်။

သူက ဓားကို ကောက်ကိုင်လိုက်သည်နှင့် ပုံစံတစ်မျိုး ပြောင်းလဲသွားလေသည်။ သူ၏ မျက်လုံးများမှာ ပြန်လည် အသက်ဝင်လာလေသည်။

ဆန်းလျန်က ထိုသူကို အာရုံစိုက် နေသကဲ့သို့ ထိုသူကလည်း ဆန်းလျန်ကို အာရုံစိုက် နေလေသည်။ သူ့ကို ကြည့်ရသည်မှာ တစ်ခုခုကို အလေးအနက် ထားနေပုံရပြီး သူ၏ ခန္ဓာကိုယ်မှ ဝိညာဉ်စွမ်းအားများမှာ တုန်ခါ၍ နေလေသည်။

ထိုဝိညာဉ်စွမ်အား တုန်ခါမှုက ဆန်းလျန်၏ နှလုံးသားတွင် လာ၍ ထင်ဟပ်လေသည်။ ထိုဝိညာဉ် စွမ်းအားထဲတွင် မပျက်စီးနိုင်သည့် ရွှေ သို့မဟုတ် ပုံပြောင်းနေသည့် ရေ သို့မဟုတ် ရှင်သန်နေသည့် သစ်သားကဲ့သို့သော တန်ခိုးစွမ်းအားများ ပါဝင်လေသည်။

သို့သော် အသက်ဓာတ် စွမ်းအားနှင့် ပတ်သက်သည့် အရိပ်အယောင် မတွေ့ရပေ။

ပြေင်းလဲနေသည့် ဝိညာဉ် စွမ်းအားများကိုသာ ဆန်းလျန် ခံစားရလေသည်။

ရုတ်တရက် ဓားရောင်တစ်ချက် လက်သွားပြီး ကျင့်ကြံသူများ အားလုံး၏ မျက်ခုံးနှစ်ခု ကြားတွင် ဓားဒဏ်ရာများ ပေါ်လာလေသည်။

ထိုသူသည် ဆန်းလျန်မှ လွဲပြီး အခြားကျင့်ကြံသူများ အားလုံးကို သတ်ပစ်လိုက်ပြီ ဖြစ်လေသည်။ ထိုသူက စွမ်းအား ကြီးမားခြင်း မရှိပါ။ သို့သော် လွန်စွာ လျင်မြန်လေသည်။

အသတ်ခံလိုက်ရသည့် ကျင့်ကြံသူများမှာ ပြန်လည် တိုက်ခိုက်ရန် ပြင်ဆင်ချိန်ပင် မရလိုက်ဘဲ အသက်သေဆုံး သွားကြရလေသည်။ ထိုသူတို့၏ ခန္ဓာကိုယ်မှ အတွင်းအားများနှင့် မိုးမြေ စွမ်းအားများမှာ စုပ်ယူခြင်း ခံလိုက်ရသလို ပျောက်ကွယ် သွားကြလေသည်။

အနက်ရောင် ဓားသမားမှာ ဆန်းလျန်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး ထွက်ခွာသွားလေသည်။ ထိုသူက တိမ်များပေါ်သို့ ပျံသန်းပျောက်ကွယ် သွားလေသည်။ တိမ်များကြားတွင် သွေးရောင် လမ်းကြောင်းတစ်ခု ပေါ်လာသည်ကို မြင်လိုက်ရလေသည်။

ထိုသူကို ဆန်းလျန်မသိပါ။ သို့သော် သူ၏ ကျင့်ကြံမှု လမ်းစဉ်မှာ လွန်စွာမှ ရက်စက်ပြီး မိစ္ဆာဆန် လေသည်။

ထိုလူမှာ အလွန်လျင်မြန် လွန်းသည့်အတွက် ဆန်းလျန်ပင် မျက်ခြည် ပြတ်သွားရလေသည်။

အသွင်ပြောင်း ပညာတစ်ခုကို သုံးသွားသည်ဟု ဆန်းလျန် ထင်မိလေသည်။ သို့သော် သူ၏ လျင်မြန်မှုမှာ အလျင်သုညမှ အမြင့်ဆုံး အလျင်သို့ ပြောင်းလဲသွားသည့် စက်ပစ္စည်း တစ်ခု၏ လျင်မြန်မှုမျိုးနှင့် ဆင်တူလေသည်။

သူ၏ တိုက်ခိုက်မှုမှာလည်း လွန်စွာ လျင်မြန်လွန်းသည့် အတွက် မည်သူမျှ သူ၏ တိုက်ခိုက်မှုကို ကာကွယ်နိုင်မည် မဟုတ်ပေ။

လောကတွင် လူများ မသိနိုင်သည့် လျှို့ဝှက်ဆန်းကြယ် ကျင့်စဉ်များစွာ ရှိလေသည်။ ထိုကျင့်စဉ်များ အားလုံးကို ဆန်းလျန်လည်း မသိနိုင်ပေ။ သို့သော် သူသိသည်က ထိုသူ၏ မျက်ဝန်းများ ဖြစ်လေသည်။ ထိုမျက်ဝန်းများနှင့် သူ၏ မျက်နှာအမူအရာမှာ ဆန်းလျန်ကို ယခင်က သိခဲ့ဖူးသလို ကြည့်သွား လေသည်။

ဆန်းလျန် အများကြီး မတွေးချင်တော့ပါ။ သူတို့ နှစ်ယောက်ကြားတွင် ကိစ္စတစ်ခုခု ရှိခဲ့ပါက ပြန်ဆုံ ကြလိမ့်မည်မှာ မလွဲဧကန်ပင် ဖြစ်လေသည်။

ဆန်းလျန်က ထိုသူကို ကြောက်လန့်ခြင်းလည်း မဖြစ်မိပါ။ သူက နတ်ဘုရားတစ်ပါး ဖြစ်လာသည့် အချိန်ထိ ကျင့်စဉ်လမ်းကို လျှောက်လှမ်းရင်း ဘဝကို ကျေနပ်နေသူ ဖြစ်လေသည်။ သူက တစ်နေ့တခြား အခြားသူများနှင့်မတူ တစ်မူထူးခြား လာလေသည်။

ဆန်းလျန် ထိုသို့ ထူးခြားလာခြင်းမှာ “စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း” စာအုပ်ကြောင့် ဖြစ်လေသည်။ နောက်ထပ် အကြောင်းတစ်ခုမှာ ကျင့်ကြံမှုများ ပိုပြီး ပြုလုပ်လေလေ လူ့လောကနှင့် ပိုပြီး အလှမ်းဝေးလေ ဖြစ်လာလေသည်။

ဤသည်မှာ ကျင့်စဉ်လမ်း၏ သဘာဝပင် ဖြစ်လေသည်။

ဆယ်လပိုင်း၊ ဆယ့်ငါးရက်နေ့အထိ ဟန့်ဟိုင်တွင်ပင် နေရန် ဆန်းလျန် ဆုံးဖြတ်လိုက်လေသည်။ ဟန့်ဟိုင်သို့ ကျင့်ကြံသူများ တဖွဲဖွဲရောက်ရှိ လာကြလေသည်။ နတ်မိစ္ဆာ ဘုရင်များသည် ပင်လျှင် လူများနှင့် ရောနှောကာ ရောက်ရှိ နေကြလေသည်။ ဆန်းလျန်မှာ ထူးခြားဆန်းကြယ်သည့် အမျိုးမျိုး အဖုံဖုံသော ဇာတ်လမ်းများကိုလည်း ကြားရလေသည်။

ထိုညက …

လပြည့်ည ဖြစ်လေသည်။

ထိုညတွင် …

ဓားတန်ခိုးရှင် ချန်ကျန့်မေနှင့် ပေါင်ကွမ်း ဆရာတော်တို့ “နတ်ဘုရား နှိမ်နင်းခြင်း” တရားဆွေးနွေးပွဲ ပြုလုပ်ကြမည် ဖြစ်လေသည်။

နေ့ရက်ကို ရွေးချယ်သူကတော့ ပေါင်ကွမ်း ဆရာတော်ဖြစ်ပြီး နေရာကို ရွေးချယ်သူကတော့ ချန်ကျန့်မေပင် ဖြစ်လေသည်။

ထိုနေရာမှာ ဟန့်ဟိုင်မြို့တော်နှင့် မိုင်ငါးဆယ်ခန့်အကွာ ဟန့်ဟိုင်ပင်လယ် ကမ်းစပ်တွင် ဖြစ်လေသည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset