အခန်း (၁၄၂)

ဒြပ်စင်ငါးမျိုး

ဆန်းလျန်က ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ဓားကို ဆွဲထုတ်လိုက်သည့် အချိန်တွင် စုန့်ချင်းယီမှာ တစ်ကိုယ်လုံး လန်းဆန်းကာ စိတ်သစ်လူသစ် ဖြစ်သွားသလို ခံစားလိုက်ရလေသည်။ ထိုသူမှာ ဆန်းလျန် ဖြစ်နေသည့်တိုင် မြစ်တစ်စင်းဆီသို့ စီးဆင်းနေသည့် စမ်းချောင်းလေး တစ်ခုအလား ခံစားချက်က ပြောင်းလဲ သွားလေသည်။ လူများတွင် ခံစားရလေ့ မရှိသည့် ခံစားချက်မျိုး ဖြစ်သည်။

ဆန်းလျန်၏ ဓားဝိညာဉ်မှ အဆင့်မြင့် ဒြပ်စင်စွမ်းအားများ ဖြာထွက်လာသည့် အခါတွင်တော့ တံလျှပ် မှော်မိစ္ဆာ၏ အသက်ရှူသံမှာ ကျုံးဝါးသံကြီး တစ်ခုအလား ထွက်ပေါ်လာပြီး ရုတ်တရက်ပင် ချောက်နက်ကြီး ပေါ်ပေါက်လာလေသည်။ အသက်ဓာတ် စွမ်းအားများ အားလုံးကို ထို ချောက်နက်ကြီးက စုပ်ယူလိုက်သည်။

ထိုချောက်နက်ကြီးမှာ စကြဝဠာ တစ်ခုလုံးတွင် မည်သည့် နေရာတွင်မှ မရှိသည့် ချောက်နက်ကြီး တစ်ခုအလား ဖြစ်နေလေသည်။

ပတ်ဝန်းကျင် တစ်ခုလုံး အသံတစ်စက်ပင် မထွက်ဘဲ တိတ်ဆိတ် နေလေသည်။ အသက်ဓာတ် စွမ်းအားများ မရှိဘဲ အသက်ရှင်၍ မရနိုင်ပေ။

လူတစ်ယောက်သည် မည်သို့မျှ ရုန်းထွက် မရနိုင်သည့် အမှောင်ခန်း ကျဉ်းကျဉ်းလေးထဲတွင် တစ်ရက်၊ နှစ်ရက်ခန့် ပိတ်မိနေလျှင်ပင် ရူးသွပ်သွားနိုင်လေသည်။

အကြောက်တရားက ဝင်ရောက်လာသည်နှင့် နှလုံးသားက ခံစားနိုင်ခြင်း မရှိတော့ဘဲ ကျရှုံးရမည်သာ ဖြစ်သည်။

ဆန်းလျန်က လက်ဖျောက်တစ်ချက် တီးလိုက်သည်။ အစိမ်းရောင် အလင်းတန်းများ ဖြာထွက်သွားပြီး ချောက်နက်ကြီးဆီမှ အမှောင်ထုကို တွန်းလှန်ထားသည်။ သို့သော် ချောက်နက်ကြီးက ထိုအလင်းတန်းကို ဝါးမျိုသွားလေသည်။ ဆန်းလျန်ဆီမှာ ရောင်စဉ်ရှစ်မျိုး စွမ်းအားများ ဖြာထွက် လာပြန်သည်။ သို့သော် ထူးခြားမှု မရှိပေ။ ချောက်နက်ကြီးကပင် ဝါးမျို သွားပြန်လေသည်။

မိုး၊ မြေ၊ တောင်၊ ရွှံ့နွံ၊ ရေ၊ မီး၊ လေ၊ လျှပ်စီး ဒြပ်စင်စွမ်းအား ရှစ်မျိုးမှာလည်း တစ်မျိုးပြီး တစ်မျိုး ချောက်နက်ကြီး၏ ဝါးမျိုခြင်းကို ခံလိုက်ရလေသည်။ ထိုအမှောင်ထုကို ယှဉ်ပြိုင် တိုက်ခိုက်ရန် ဆန်းလျန် မည်သို့မျှ မတတ်နိုင် ဖြစ်နေရလေသည်။ ဆန်းလျန်မှာ တံလျှပ်မှော်မိစ္ဆာ၏ အသက်ရှူသံကို မကြားရ တော့သလို သူကိုယ်တိုင် အသက်ရှူသံကိုပင် သူပြန်ခံစား၍ မရတော့ပါ။

သို့သော် သူ၏ အတွေးများက တည်ငြိမ်နေလေသည်။ တံလျှပ်မှော်မိစ္ဆာက ထိုကဲ့သို့ ကြောက်စရာ ကောင်းသည့် အမှောင်ထု ချောက်နက်ကြီးကို ဖန်ဆင်းထားသည့်အတွက် ဂိုဏ်းတူအစ်ကို ချန်ကျန့်မေမှာ ထိုမိစ္ဆာကို ထာဝရ သေဆုံးသွားအောင် အမြစ်ပြတ် မသုတ်သင်နိုင်ခဲ့ခြင်း ဖြစ်လေသည်။ ထိုမှော်မိစ္ဆာမှာ လောကနတ်ဘုရား တစ်ပါးကဲ့သို့ တန်ခိုးစွမ်းအား မြင့်မားသူ ဖြစ်လေသည်။

သို့သော် ထိုမှော်မိစ္ဆာကို သုတ်သင်ရန် နည်းလမ်း မရှိသည်မှာ မဖြစ်နိုင်ပေ။ ဇာမဏီငှက်သည် ကောင်းကင် မီးတောက်ထဲတွင် ပြန်လည်မွေးဖွား လာနိုင်သည့်တိုင် ချက်ချင်း စွမ်းအားပြည့်ကာ ပျံသန်း နိုင်ခြင်းတော့ မရှိပေ။

ထိုအချက်ကို စဉ်းစားလိုက်မိသည်နှင့် ဆန်းလျန်၏ အသိဉာဏ်များ ပွင့်လင်း သွားခဲ့လေသည်။

အဘယ်ကြောင့် သူ၏ တန်ခိုးစွမ်းအားများ အားလုံး အလုပ် မဖြစ်ကြောင်းကို သိရှိနားလည် သွားရလေသည်။ ပင်လယ်ထဲသို့ သေးငယ်သည့် ပုရွက်ဆိတ်လေး တစ်ကောင် ကျသွားလျှင် ရေပွက်လေးပင် မထဘဲ နစ်မြုပ် သွားသကဲ့သို့ ဖြစ်လေသည်။ ဆန်းလျန်၏ တန်ခိုးစွမ်းအားများမှာ လောကတွင် မရှိ ဖန်ဆင်းထားသည့် အမှောင်ထု ချောက်နက်ကြီးထဲသို့ ပုရွက်ဆိတ်လေးပမာ ကျရောက် သွားရခြင်း ဖြစ်လေသည်။

ဖန်ဆင်းထားသည့် အရာ ဆိုသည်မှာ လောကတွင် အမှန်တကယ် မရှိသည့်အတွက် မရှိမှု အမှောင်ထုသာ ဖြစ်နေမည် ဖြစ်လေသည်။ ထိုမရှိမှု အမှောင်ထုကို အစစ်အမှန် တည်ရှိမှု တန်ခိုး စွမ်းအားဖြင့် တိုက်ခိုက်မှုက အရာ မထင်နိုင်ပေ။

ယခု ဖန်ဆင်းထားသည့် အမှောင်ထုမှာ စိတ်ဝိညာဉ်ကို အသုံးပြုကာ ဖန်ဆင်းထားခြင်း ဖြစ်လေသည်။

ဖန်ဆင်းသူ ဖြစ်သည့် တံလျှပ်မှော်မိစ္ဆာ ကိုယ်တိုင်ပင်လျှင် သူဖန်ဆင်းထားသည့် မရှိမှု အမှောင်ထု ချောက်နက်ကြီးထဲမှ သူကိုယ်တိုင် လွတ်မြောက် နိုင်ပါမည်လား မသေချာပေ။

ဆန်းလျန် တစ်ချက် ပြုံးလိုက်သည်။ သူ၏ ပုံစံမှာ ပိုပြီး တည်ငြိမ်နေလေသည်။ ရုတ်တရက်ပင် ရွှမ်တယ်ဓားမှာ ကျောက်စိမ်း ကျိုင်းတံအသွင်သို့ ကူးပြောင်း သွားလေသည်။

နတ်ဘုရား အလင်းတန်းသည် စတင် ထွန်းလင်းလာလေသည်။ ဆန်းလျန် ကိုယ်တိုင်မှာလည်း အမည်မသိ နတ်ဘုရားတစ်ပါး အသွင်သို့ ကူးပြောင်း သွားလေသည်။ အလွန်ရှေးကျသည့် အချိန်ကာလ တစ်ခုမှ အမည်မသိသည့် နတ်ဘုရားတစ်ပါး ဖြစ်လေသည်။

နတ်ဘုရား အလင်းတန်းများက ရေကဲ့သို့ စီးဆင်းလင်းဖြာ နေလေသည်။ သို့သော် အဆုံးမရှိပေ။

ထိုနတ်ဘုရား အလင်းတန်းအောက်တွင် မရှိမှု အမှောင်ထု ချောက်နက်ကြီးမှာ တဖြည်းဖြည်း ပျောက်ကွယ် သွားလေသည်။ အမှောင်ထုထဲတွင် အချိန်ကြာမြင့်စွာ ပိတ်မိနေသည့်တိုင် ပြင်ပကမ္ဘာသို့ တစ်ခဏချင်းတွင်ပင် ပြန်လည်ရောက်ရှိ သွားလေသည်။

“စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း” က ဆန်းလျန်ကို ကယ်တင်ခဲ့ခြင်း ဖြစ်ပြီး သူ့အတွေးများကို ပြန်လည်ဆန်းစစ် ကြည့်လိုက်သည်။ ဖန်ဆင်းခြင်းကို ဖန်ဆင်းခြင်းဖြင့် ပြန်လည်တိုက်ထုတ် လိုက်နိုင်ခြင်း ဖြစ်လေသည်။ ဖန်ဆင်း ဖြစ်တည်လာသည့် နတ်ဘုရားမှာ ဆန်းလျန် စိတ်ကူး ပုံဖော်ထားသည့် နတ်ဘုရားထက်ပင် များစွာ ကြောက်မက်ဖွယ် ကောင်းနေလေသည်။ နတ်ဘုရား အလင်းတန်းထဲတွင် မမြင်ရသည့် တန်ခိုးစွမ်းအားများ ပြည့်ဝနေလေသည်။

လောကကြီးတစ်ခုလုံး အလင်းထဲသို့ ပြန်ရောက်လာလေသည်။ တံလျှပ်မှော်မိစ္ဆာမှာ ညောင်ပင်ထဲမှ ထွက်လာသည်ကို ဆန်းလျန် မြင်လိုက်ရလေသည်။ သူ၏ ဦးခေါင်းမှာ ကင်းလိပ်ချောနှင့် တူပြီး ဆန်းလျန်ကို ကိုက်ရန် ခုန်ဝင်လာလေသည်။

အမှောင်ထု ကွယ်ပျောက်သွားသည်နှင့် တံလျှပ် မှော်မိစ္ဆာက ခုန်ဝင်လာခြင်း ဖြစ်သည့်အတွက် ဆန်းလျန်မှာ ရှောင်ချိန် မရတော့ပါ။

စုန့်ချင်းယီက အင်းသင်္ကေတ တစ်ခုကို လက်ဖြင့် ပုံဖော်ရေးသား လိုက်လေသည်။

ရွှေရောင်ဓားတစ်လက် လက်ခနဲ ဖြစ်သွားသည်ကိုသာ မြင်လိုက်ရပြီး တံလျှပ်မှော်မိစ္ဆာမှာ နှစ်ပိုင်း ပြတ်သွားလေသည်။ မြေပြင်ပေါ်တွင် တွန့်လိမ် အကြောဆွဲ နေပြီးနောက် မီးခိုးငွေ့အဖြစ် ပြောင်းလဲကာ ပျောက်ကွယ် သွားလေတော့သည်။

ဆန်းလျန်မှာ ညောင်ပင်အောက်တွင် ရပ်နေလေသည်။

ဆန်းလျန်က ရွှမ်တယ်ဓားကို ဆွဲထုတ်လိုက်လေသည်။ ဓားမှ ရွှေရောင် အလင်းတန်းများသည် ညောင်ပင်ကြီးဆီမှ ကောင်းကင်မီးတောက်နှင့် ပေါင်းစည်းသွားသည်။ သို့သော် ဓားကို မီးလောင်သွားခြင်း မရှိပေ။ မိုးကောင်းကင် ကိုးထပ်မှ လေများ တိုက်ခတ်လာသံကို ဆန်းလျန် ကြားလိုက်ရ လေသည်။

ဆန်းလျန် နှလုံးသားထဲမှ နက်နက်ရှိုင်းရှိုင်း ပြုံးလိုက်မိလေသည်။ ပထမဆုံးအကြိမ် အသစ်တစ်ဖန် ပြန်လည် မွေးဖွားလာသလို ခံစားလိုက်ရသည်။ ဆောင်းရာသီ ကုန်ဆုံးသွားသည့် အချိန် ပထမဆုံး ပွင့်လန်းလာသည့် ပန်းလေးတစ်ပွင့် ကဲ့သို့ပင် ဖြစ်လေသည်။

ရွှမ်တယ်ဓားမှာ ဘာကြောင့်မှန်းမသိ စတင်တုန်ခါ လာလေသည်။ ထို့နောက် ညောင်ပင်ထဲမှ ကောင်းကင် မီးတောက်များ အားလုံးကို စုပ်ယူ လိုက်လေတော့သည်။

ကောင်းကင်မီးတောက် ပျောက်ကွယ်သွားသည့်နှင့် ညောင်ပင်ကြီး တစ်ခုလုံး နွမ်းခြောက်ပြီး ကျုံ့ဝင် သွားလေသည်။ နောက်ဆုံး ညောင်ပင်ကြီးမှာ လူတစ်ယောက်၏ ခါးလောက်မျှသာ ရှိသည့် ညောင်ပင်လေး ဖြစ်သွားလေသည်။ ထိုညောင်ပင်လေးဆီမှ ပြင်းထန်သည့် မီးအလင်းများနှင့် ဝိညာဉ် စွမ်းအားများ ဖြာထွက်နေလေသည်။

ဝိညာဉ်စွမ်းအား ဆိုသည်မှာ မိုးမြေ တန်ခိုးစွမ်းအားအဖြစ် ပြောင်းလဲနိုင်သည့် မူလစွမ်းအား ဖြစ်လေသည်။ တစ်ဆက်တည်းမှာပင် အသက်ဓာတ် စွမ်းအားနှင့် ကျင့်ကြံသူ တန်ခိုးစွမ်းအား သာမက ကျင့်စဉ်လမ်း ယုံကြည်မှုတို့၏ အခြေခံလည်း ဖြစ်လေသည်။ ဝိညာဉ်စွမ်းအားကို ဒြပ်စင် ငါးမျိုးအဖြစ် ပြန်လည် ခွဲခြားနိုင်သည်။ သတ္တု၊ သစ်သား၊ ရေ၊ မီးနှင့် မြေကြီးဟူ၍ပင်။ လောကရှိ တန်ခိုးစွမ်းအား ဟူသမျှသည် ထိုဒြပ်စင်စွမ်းအား ငါးမျိုးမှ ကင်းလွတ်နိုင်ခြင်း မရှိ။

စုန့်ချင်းယီက ဆန်းလျန်အနားသို့ လျှောက်လာလေသည်။

“မင်းမှာ ဒီလိုဓားမျိုး ရှိမယ် မထင်မိဘူး။ ကောင်းကင် မီးတောက်ကိုတောင် စုပ်ယူနိုင်တာပဲ”

ဟု ပြောလိုက်လေသည်။

“မင်းကို တမင်သက်သက် ဖုံးကွယ်ထားတာ မဟုတ်ရပါဘူး”

ဆန်းလျန် ပြန်ပြော လိုက်လေသည်။ စုန့်ချင်းယီက အေးအေးသက်သာဖြင့်ပင် …

“ကျုပ် စိတ်ဆိုးသွားတယ်လို့ မင်းထင်နေတာလား။ မင်းလည်း မင်းအကြောင်းနဲ့မင်း ရှိမှာပေါ့။ ကျုပ်နည်းနည်း စိတ်ရှုပ်သွားလို့ပါ”

“စိတ်ရှုပ်သွားလို့ပါ” ဆိုသည့် စကားကို သူက ရယ်သံစွက်၍ ပြောလိုက်ခြင်း ဖြစ်လေသည်။

ဆန်းလျန်၏ စိတ်ရင်းတွင် အမှန်တကယ်ပင် ရိုးသားခဲ့သောကြောင့် ကိုယ့်လိပ်ပြာ ကိုယ်လုံ လေသည်။

သို့သော် စုန့်ချင်းယီမှာ သဘောကောင်းသည့် လူတစ်ယောက် ဖြစ်လေသည်။ ဆန်းလျန်က သူ့အပေါ်တွင် သစ္စာပျက်သလို ဖြစ်သွားသည့်အတွက် အပြစ်ရှိသလို ခံစားနေရလေသည်။ ကောင်းကင်ထက်တွင် ကြယ်စင်များ တောက်ပနေဆဲ ဖြစ်လေသည်။ သူတို့ တွေ့ဆုံခဲ့ကြသည် … သူတို့ ခွဲခွာရဦးမည် …

စုန့်ချင်းယီက ညောင်ပင်လေးကို သူနှင့်အတူ ယူဆောင် သွားလေသည်။ သူကျင့်စဉ်လမ်း လျှောက်လှမ်းရာတွင် ထိုညောင်ပင်က အထောက်အကူ ပြုနိုင်လေသည်။ သူက သဲကန္တာရထဲတွင် ကျင့်စဉ်တစ်ခု ကျင့်ကြံရန်အတွက် ရက်အနည်းငယ် နေဦးမည်ဟု ဆိုလေသည်။

သဲကန္တာရထဲတွင် စုန့်ချင်းယီ တစ်ယောက်တည်း အန္တရာယ် ကျရောက်မည်ကို ဆန်းလျန် စိုးရိမ်ခြင်း မရှိတော့ပါ။ စုန့်ချင်းယီထံတွင် မျိုးစေ့လေး သုံးစေ့ကို တွေ့လိုက်ရသောကြောင့် ဖြစ်လေသည်။ ထိုမျိုးစေ့ သုံးစေ့မှာ စုန့်ချင်းယီကို ကာကွယ်ပေးမည့် သိုင်းသမား သုံးယောက်အဖြစ် အချိန်မရွေး ပြောင်းလဲ သွားနိုင်လေသည်။ ထိုသိုင်းသမား သုံးယောက်မှာ ချောင့်တုန့်အဆင့် ကျင့်ကြံသူ လောက်ကိုတော့ အသာလေး တိုက်ခိုက်နိုင်လေသည်။ ထို့ကြောင့် စုန့်ချင်းယီမှာ ဟိုင်သန်းအဆင့် တက်ရောက်နိုင်ခြင်း မရှိသေးသည့်တိုင် မည်သူမှ သူ့ကို အန္တရာယ် ပြုနိုင်မည် မဟုတ်ပေ။

ထို့ပြင် ထိုကဲ့သို့သော မျိုးစေ့လေးများ ရာနှင့်ချီပြီး စုန့်ချင်းယီ၏ အိတ်ထဲတွင် ရှိနေနိုင် သေးသည်။

ထိုပညာမှာ မျိုးစေ့လေးများထဲသို့ တာအိုကျင့်စဉ်ကို စိမ့်ဝင်စေသည့် တန်ခိုးစွမ်းအားကို အသုံး ပြုထားခြင်း ဖြစ်လေသည်။ ရှန်ဆန်းကျန်းရန်လုကျိုးယွမ်၏ တန်ခိုးစွမ်းအားပင် ဖြစ်လေသည်။ ထိုပညာဖြင့် ဖော့ဝမ့်အဆင့် တိုက်ခိုက်သူများကိုပင် ဖန်ဆင်း နိုင်လေသည်။

ဆန်းလျန်က သဲကန္တာရထဲတွင် ခပ်မှန်မှန် ခြေလှမ်းများဖြင့်ပင် ထွက်ခွာ သွားလေသည်။ လေအေးက တိုက်ခတ်နေပြီး တစ်ခါတစ်ရံတွင် ဝံပုလွေအူသံများကို ကြားနေရသည်။ ဆန်းလျန်က ဝံပုလွေအုပ်များဘေးမှ ဖြတ်သန်းသွားသည့်တိုင် ဝံပုလွေများက ဆန်းလျန်ကို အန္တရယ်မပေးကြပါ။ အဘယ်ကြောင့်ဆိုသော် ဆန်းလျန်၏ တည်ရှိမှုကို ဝံပုလွေများက သတိမထား မိသောကြောင့် ဖြစ်လေသည်။

ဆန်းလျန်က အသက်ရှူသံကို ထိန်းချုပ်ထားသည့် အတွက် ဝံပုလွေများက ခြေရာ မခံနိုင်ခြင်း ဖြစ်လေသည်။ ထို့ပြင် သူ၏ သွားလာလှုပ်ရှားမှု မှာလည်း မည်သည့်အသံမှ ထွက်ခြင်း မရှိဘဲ တိတ်ဆိတ်ငြိမ်သက် နေလေသည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset