စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသို့ ပြန်လာခဲ့သည့်လမ်းတစ်လျှောက်လုံး ပိုင်ရှောင်ချန်းသည် တိတ်ဆိတ်ငြိမ်သက်စွာလိုက်ပါလာခဲ့သည်။ အခါအားလျော်စွာသူသည် တုလင်ဖေးဝင်ရောက်ပျောက်ကွယ်သွားသောဂူရှိရာသို့ လှမ်းမျှော်ကြည့်နေလေ့ရှိသည်။
လီချင်းဟောက်သည် တုလင်ဖေးကိုရှာဖွေရန်အတွက် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် ကျင့်ကြံသူမျိုးနွယ်စုများကို အမိန့်ထုတ်ပြန်ထားသည်။ သို့သော်လည်း ဘာသဲလွန်စမှမရပေ။ တုလင်ဖေးသည်လေထဲ၌ ဝင်ရောက်ပျောက်ကွယ်သွားသည်နှင့်ပင်တူနေလေသည်။
ထိုထူးဆန်းသောအဖြစ်အပျက်များကို စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏အမြင့်ပိုင်းခေါင်းဆောင်များကပါ သတိထားစောင့်ကြည့်လာကြလေတော့သည်။
တုလင်ဖေးရုတ်တရက်ပျောက်ဆုံးသွားခြင်းကြောင့် ပိုင်ရှောင်ချန်းသည် ကောင်းကင်တာအိုအခြေခိုင်မာခြင်းအဆင့်ကိုရောက်၍ စိတ်လှုပ်ရှားနေခြင်းများပင် ကြက်ပျောက်ငှက်ပျောက်ဖြစ်ကုန်လေ၏။
ဂိုဏ်းမှ ခမ်းနားကြီးကျယ်သောပွဲကြီးတစ်ပွဲပြုလုပ်ပေးသည့်အတွက်ကြောင့် ပိုင်ရှောင်ချန်း၏နာမည်သည် အရှေ့ပိုင်းဒေသရှိကျင့်ကြံခြင်းအုပ်စုများကြားတွင် တဖြည်းဖြည်းလူသိများကျော်ကြားလာလေတော့သည်။ မြေခဓားကမ္ဘာမှ ကောင်းကင်စီးကြောင်းစွမ်းအင်အတွက် ရက်စက်ကြမ်းကြုတ်သောတိုက်ပွဲများအကြောင်းကို လူအများသိလာကြပြီး မကြာမီ ပိုင်ရှောင်ချန်းသည် အတုမဲ့ဆရာကို သာလွန်သွားမည်ဖြစ်ကြောင်း လူအများပြောဆိုနေကြလေ၏။
သို့သော်လည်း ပိုင်ရှောင်ချန်းသည် ထိုသို့ပြောဆိုနေမှုများကို ဂရုမစိုက်ပေ။
သူသည်ဂိုဏ်းမှဆုကြေးအများအပြားကို လက်ခံရရှိခဲ့ပြီး အခြားဂိုဏ်းသားများသည်သူ့ကိုမြင်လျှင် လေးစားသောအကြည့်ဖြင့်ကြည့်လေ့ရှိကြသည်။ ဂိုဏ်းစောင့်အကြီးအကဲများနှင့် ဂိုဏ်းခေါင်းဆောင်များကပင်လျှင် လေးစားသောအကြည့်ဖြင့်ကြည့်ကြလေသည်။ သို့ရာတွင် သူ၏ရင်ထဲ၌ စိတ်ထိခိုက်ခံစားနေရပေသည်။
ဂိုဏ်းမှပြုလုပ်ပေးသောခမ်းနားကြီးကျယ်သောပွဲကြီးတွင် ပိုင်ရှောင်ချန်းသည် မြေခဓားကမ္ဘာထဲတွင်သေဆုံးသွားခဲ့ရသော ဂိုဏ်းသားများ၏အလောင်းများကိုထုတ်ဖော်ပြသခဲ့သည်။ ထိုအချိန်၌ အားလုံးငြိမ်ကျသွားလေသည်။ တောင်ထိပ်သခင်များ၊ ဂိုဏ်းခေါင်းဆောင်နှင့် တာအိုသစ်စေ့တောင်မှဂိုဏ်းစောင့်အကြီးအကဲများပါမကျန် ဝမ်းနည်းစွာဖြင့်ကြည့်ရှုနေကြလေသည်။
ထိုပွဲကြီးပြီးဆုံးသွားသောအခါ ပိုင်ရှောင်ချန်းသည်ယခင်ကထက်ပို၍တိတ်ဆိတ်နေသည်ကို လူအများသတိထားမိကြလေသည်။ ထင်ပေါ်ကျော်ကြားမှုနှင့် ဂုဏ်သရေများကို ပိုင်ရှောင်ချန်းမေ့လျော့သွားသည်နှင့်ပင်တူနေလေသည်။ တစ်ခါတရံ ပိုင်ရှောင်ချန်းကိုမွှေးရနံ့တိမ်တောင်ပေါ်တွင် စိတ်အားငယ်လျက် ထိုင်နေသည်ကို တွေ့ရတတ်သည်။
သူသည် အခြားလူတစ်ယောက်အလားပြောင်းလဲနေပြီး သူနှင့်နီးစပ်သောဂိုဏ်းသားများသည် သူ့အတွက်စိတ်မကောင်းဖြစ်နေကြသည်။
ဘရူဆာသည် မြောက်ပိုင်းဂိုဏ်းမှအပြေးအလွှားရောက်လာလေ့ရှိသည်။ ပိုင်ရှောင်ချန်းစိတ်ဓာတ်ကျနေသည်ကို သူကခံစားမိကာ ပိုင်ရှောင်ချန်းကိုအဖော်ပြုပေးရန်အတွက် ဘေးတွင်ထိုင်နေလေ့ရှိသည်။
ဖက်တီးကျန်းကြီးလည်း မကြာခဏရောက်လာတတ်ပြီး ဘာပြောရမှန်းမသိသောကြောင့် ထိုင်နေပြီးသက်ပြင်းချနေလေ့ရှိသည်။ ဟိုယွင်ဖေးသည်လည်း လာရောက်အဖော်ပြုပေးလေ့ရှိသည်။
ဟိုရှောင်မေ့သည်လည်း လာရောက်နှစ်သိမ့်ပေးလေ့ရှိကာ တုလင်ဖေးမရှိတော့သော်လည်း သူမ ရှိသေးကြောင်းလာရောက်ပြောနေသလိုဖြစ်နေသည်။
“အစ်ကိုကြီးပိုင်ရှောင်ချန်း… ညီမကပျောက်ဆုံးသွားမှာမဟုတ်ပါဘူး။”
ရွှီပေါက်ချိုင်သည် ကောလဟာလသတင်းများကို ယူဆောင်လာလေ့ရှိသည်။ ယခုအချိန်တွင် ကုန်းစွန်းဝမ်အာပျောက်ဆုံးနေသော်လည်း သူမ၏ဝိညာဥ်မီးအိမ်က ငြိမ်းမသွားသေးပေ။ သူမ၏အစ်ကိုကုန်းစွန်းယွင်သည် အရူးအမူးလိုက်လံရှာဖွေနေသော်လည်း သူမကိုရှာမတွေ့နိုင်ပဲဖြစ်နေသည်။
ရွှီပေါက်ချိုင်သည် အခြေခိုင်မာခြင်းအဆင့် မြင့်မြတ်သောနယ်မြေ သုံးခုမှ ပြန်ရောက်လာသောဂိုဏ်းသားတိုင်းနှင့် စကားပြောခဲ့ဖူးပြီး သတင်းအားလုံးကို နားလည်ရလွယ်သောအစီရင်ခံစာအဖြစ်ပြန်လည်တင်ပြလေ့ရှိသည်။ အခြားဂိုဏ်းများမှ လက်ရွေးစင်များနှင့်ပက်သတ်သည့် သတင်းများလည်း အစုံအလင်ရရှိထားလေသည်။
“ဂိုဏ်းတူဦးလေးပိုင်… ခင်ဗျားမကြားရသေးဘူးထင်တယ်။ ခင်ဗျားမြေခဓားကမ္ဘာထဲရောက်နေစဥ်တုန်းက ရှေးဟောင်းဝိညာဥ်တံခါးပေါက်ထဲမှာ လက်ရွေးစင်တစ်ယောက်မမျှော်လင့်ပဲပေါ်ထွက်လာခဲ့တယ်။ သူက ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းက အံ့အားသင့်ဖွယ်ဂိုဏ်းသားတစ်ယောက်ပဲ။”
“သူ့နာမည်ဟာ လင်မုလို့ခေါ်ပြီး သူဟာပြိုင်ပွဲတွေမှာ မထင်မှတ်ထားပဲအနိုင်ရလာခဲ့တယ်။ သူ့နာမည်က မုဆိုတဲ့အက္ခရာဟာ အုတ်ဂူဆိုတဲ့စကားလုံးမှာပါတဲ့ အက္ခရာနဲ့အတူတူပဲတဲ့။ သူဟာ ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ စွမ်းအားအပြင်းဆုံး မဟာမှော်ပညာဖြစ်တဲ့ ကမ္ဘာဦးတာအိုသစ်စေ့ဆေးဝါးမန္တန်ပညာရပ်ကို ကျွမ်းကျင်ပိုင်နိုင်စွာတတ်မြောက်ထားတယ်။ အဲ့နောက်မှာ ဆေးစွမ်းအင်ဂိုဏ်းသားအများစုဟာ သူတာအိုသစ်စေ့တွေလျှို့ဝှက်စွာစိုက်ပျိုးနေတာကို သိရှိသွားကြတယ်။ နောက်ဆုံးမှာသူဟာ မြေစီးကြောင်းအခြေခိုင်မာခြင်းအဆင့်ကို ဒီရေစီးကြောင်းရှစ်ခုနဲ့ရောက်ရှိသွားခဲ့တယ်။”
“အထီးကျန်ငရဲနယ်မြေထဲမှာ နောက်ထပ်လက်ရွေးစင်တစ်ယောက်ပေါ်ထွက်လာခဲ့တယ်။ သူမရဲ့နာမည်က ဂိုဏ်းတူဦးလေးပိုင်ရဲ့နာမည်ပြီးရင် ဒုတိယမြောက်ပဲ။ သူမဟာသွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကဖြစ်ပြီး မက်မွန်ပွင့်ပုံတွေပါတဲ့ မျက်နှာဖုံးကိုဝတ်ဆင်လေ့ရှိတယ်။ သူမဟာ မြင်မြတ်သောနယ်မြေ ထဲကတခြားလူတွေအကုန်လုံးကိုကျော်ပြီး အတုမဲ့ဆရာရဲ့နောက် မြေစီးကြောင်းအခြေခိုင်မာခြင်းအဆင့်ကို ဒီရေစီးကြောင်းကိုးခုနဲ့ရောက်ရှိခဲ့တဲ့ ဒုတိယမြောက်သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားဖြစ်လာခဲ့တယ်။ သူမဟာမရေမတွက်နိုင်တဲ့ အခြားဂိုဏ်းသားအများအပြားကိုသတ်ဖြတ်ခဲ့တယ်။ သူမဟာအရမ်းကိုရက်စက်ကြမ်းကြုတ်လွန်းပြီး လူတွေကသူမကို စုန်းတစ္ဆေရွှယ်မေ့ လို့ခေါ်ကြတယ်။”
“အခုထိကျုပ်တွေးကြည့်မိသလောက်ကတော့ အခြေခိုင်မာခြင်းအဆင့် မြင့်မြတ်သောနယ်မြေ တွေမှာထူးဆန်းတာတစ်ခုခုဖြစ်ပျက်ခဲ့ပုံရတယ်။ မမျှော်လင့်ပဲအနိုင်ရသွားတဲ့လူတွေလည်းအများကြီးပဲ။ သူတို့အားလုံးထဲမှာတော့ ဂိုဏ်းတူဦးလေးပိုင်က အံ့အားသင့်စရာအကောင်းဆုံး၊ အသန်မာဆုံးလူပေါ့။ ခင်ဗျားက ကောင်းကင်တာအိုအခြေခိုင်မာခြင်းအဆင့်ကိုရောက်ခဲ့တာပဲ။”
“ဒီတကြိမ်မှာတော့ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းဟာအတော်လေးဂုဏ်တက်သွားခဲ့တာပဲ…”
“အို… ဒါနဲ့ စကားမစပ်…ဝိညာဥ်စွယ်ဟာတစ်ကိုယ်တော်တရားမကျင့်ကြံခင်မှာ ဘိုးဘေးအမှောင်ဥမင် ထဲက သူ့အမွေကို ရယူခဲ့တယ်။ ရတနာနှစ်ဆယ် လင်းလက်သွားခဲ့ပြီး ဂိုဏ်းတစ်ခုလုံး အုတ်အောင်သောင်းနင်း ဖြစ်သွားခဲ့တယ် ” ရွှီပေါက်ချိုင်၏ အသေးစိတ်သတင်းအချက်အလက်များကြောင့် ပိုင်ရှောင်ချန်းသည် အထီးကျန်ငရဲနယ်မြေနှင့် ရှေးဟောင်းဝိညာဥ်တံခါးပေါက်တို့တွင် ဖြစ်ပျက်ခဲ့သည်များကို တဖြည်းဖြည်းသိရှိလာခဲ့ခြင်းဖြစ်သည်။
အခြား မြင့်မြတ်သောနယ်မြေ နှစ်ခုတွင်ဖြစ်ပျက်ခဲ့သည်များမှာ မြေခဓားကမ္ဘာမှာကဲ့သို့ လူမဆန်ခြင်းမျိုးမဟုတ်သော်လည်း လူအသေအပျောက်များကာ အသတ်ခံရသူလည်းအတော်များလေ၏။
အခြားဂိုဏ်းများ၏သတင်းများအပြင် အခြား မြင့်မြတ်သောနယ်မြေ နှစ်ခုရှိစိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားများ၏သတင်းများကိုလည်း ရွှီပေါက်ချိုင်ကပြောပြလေသည်။ ကျိုးရှင်းချီ၊ လုထျန်းလဲ့၊ ကုန်းစွန်းယွင်၊ ရွှီဆုန်နှင့် အခြားဂိုဏ်းသားအနည်းငယ်တို့ မြေစီးကြောင်းအခြေခိုင်မာခြင်းအဆင့်သို့ရောက်ရှိကုန်ကြလေပြီ။ သို့သော်လည်း သူတို့ထဲကဘယ်သူမှ ဒီရေစီးကြောင်းခြောက်ခုထက်ပိုမရခဲ့ကြပေ။ ပြန်ရောက်ပြီးနောက် သူတို့အားလုံးကို ဂိုဏ်းကမတူညီသောတာဝန်များချထားပေးလိုက်ပြီး သူတို့အားလုံး အမွေဆက်ခံသူအဆင့်သို့ရောက်ရန်အတွက် တစ်ကိုယ်တည်းတရားကျင့်ကြံနေကြလေတော့သည်။
ရွှီပေါက်ချိုင်၏ပြောကြားချက်များအရ ဝိညာဥ်စွယ်နှင့် ရှမ်ကွမ်းထျန်းယုတို့သည်လည်း တစ်ကိုယ်တည်းတရားကျင့်ကြံရန်ထွက်ခွာသွားကြလေပြီ။ ထို့အပြင် ပေဟန်လဲ့သည်ဂိုဏ်းအတွင်းတွင် ပို၍နာမည်ကျော်ကြားနေပြီး ပို၍အရေးပါအရာရောက်လျက်ရှိသည်။ ဟိုယွင်ဖေးကိုတော့ ဂိုဏ်းစောင့်အကြီးအကဲတစ်ယောက်မှနေ၍ တပည့်အဖြစ်ခေါ်ယူသွားလေတော့သည်။
အားလုံးအတွက်ကံကောင်းခြင်းတွေရောက်ရှိလာခဲ့လေပြီ။ ပိုင်ရှောင်ချန်းထံမှအကူအညီရပြီး မြေစီးကြောင်းအခြေခိုင်မာခြင်းအဆင့်သို့ရောက်ရှိသွားသော တောင်ပိုင်းနှင့်မြောက်ပိုင်းဂိုဏ်းမှ ဂိုဏ်းသားများကိုတော့ ဂိုဏ်းစောင့်အကြီးအကဲများက တပည့်အဖြစ်ခေါ်ယူခြင်းမပြုခဲ့ပေ။ သို့သော်လည်း ဂိုဏ်း၏အရေးကိစ္စများကိုစီမံခန့်ခွဲပေးရသည့် အကြီးအကဲများအဖြစ်ရာထူးတိုးပေးလိုက်လေသည်။
စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှ မြေစီးကြောင်းအခြေခိုင်မာခြင်းအဆင့်ကိုရောက်ရှိသွားသောလူဦးရေသည် အခြားဂိုဏ်းများမှရောက်ရှိသွားသူများထက် အဆမတန်များပြားလေရာ ထိုကျင့်ကြံခြင်းအဆင့်အတွင်းမှာ ပိုမိုအရှိန်အဝါကြီးမားလာခဲ့သည်။
ပိုင်ရှောင်ချန်းသည် ကောင်းကင်တာအိုအခြေခိုင်မာခြင်းအဆင့်သို့ပင်ရောက်ရှိခဲ့လေရာ သူ့ကိုအမွေဆက်ခံသူလောင်းလျာ ဟုပင် ခေါ်ကြသည်။
သို့သော်လည်း ပိုင်ရှောင်ချန်းသည် ထိုသို့မှည့်ခေါ်ခံရသည့်အတွက် ခံစားမှုတစ်စုံတစ်ရာမဖြစ်ပေါ်ချေ။ သူသည် စိတ်ဓာတ်ကျနေရာမှ လွတ်မြောက်နိုင်ရန် ကြိုးစားရုန်းကန်နေရလေသည်။ အချိန်များကုန်လွန်သွားခဲ့ပြီး လတစ်ဝက်ခန့်ကြာသောအခါ ဂိုဏ်းခေါင်းဆောင်ကျိန်းယွမ်သုန်သည် တစ်သီးတစ်ခြားတည်ရှိနေသော ပိုင်ရှောင်ချန်း၏အင်မော်တယ်ဂူသို့ လမ်းလျှောက်လာကာ ပိုင်ရှောင်ချန်း၏ရှေ့တွင်ထိုင်နေလေ၏။
“ရှောင်ချန်း… မင်း မြေခဓားချောက်ထဲမှာရှိနေတုန်းက ဂိုဏ်းတည်ထောင်သူခေါင်းဆောင်ကြီးက ဓမ္မအဆင့်အမိန့် တစ်ခုကို ထုတ်ပြန်ခဲ့တယ်။ မွှေးရနံ့တိမ်တောင်ထိပ်ကို သူလျှိုတစ်ယောက်ထိုးဖောက်ဝင်ရောက်ခြင်းခံခဲ့ရတယ်။” ကျိန်းယွမ်သုန်၏စကားများသည် ပိုင်ရှောင်ချန်းကိုတုန်လှုပ်လာစေသည်။ ပိုင်ရှောင်ချန်းသည် အရူးမဟုတ်ပေ။ သူက အလွန်ဥာဏ်ကောင်းသူဖြစ်သည်။ လွန်ခဲ့သောလဝက်အတွင်းတွင် တုလင်ဖေးနှင့်တွေ့ဆုံခဲ့စဥ်က ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာများကိုဆင်ခြင်သုံးသပ်နေခဲ့လေသည်။ သူမ၏မျက်နှာတွင်ထူးခြားမှုတစ်စုံတစ်ရာမတွေ့ခဲ့ရသော်လည်း သူမ၏မျက်လုံးထဲမှ ဝေခွဲမရဖြစ်နေသောခံစားချက်များကို ရှင်းရှင်းလင်းလင်း သူမြင်ခဲ့ရသည်။
သူတစ်ခုပြန်သတိရလိုက်သည်မှာ သူမပျောက်သွားသည့်ညက အနားယူရန်တိုက်တွန်းနေသည်မှာသူမဖြစ်ပြီး ထိုညကတစ်ညလုံးတစ်ရေးမှမနိုးပဲအိပ်ပျော်နေခဲ့ခြင်းဖြစ်သည်။
ထိုသို့ဆိုလျှင် တုလင်ဖေးသည် သူ့ဆန္ဒနှင့်သူ ထွက်ခွာသွားခြင်းမျိုး ပို၍ဖြစ်နိုင်ပေသည်။
သူမဘာကြောင့်ထွက်ခွာသွားရသလဲဆိုတာနှင့်ပက်သတ်၍မူ လျှို့ဝှက်သောအကြောင်းရင်းတစ်စုံတစ်ရာရှိရပေမည်။ အဆုံးတွင် သူသည်ထိုအကြောင်းကိုထပ်မတွေးချင်တော့ပေ။ ဘာတွေဖြစ်နေသလဲဆိုတာကို သူခန့်မှန်း၍ရနေပြီဖြစ်သည်။
ကျိန်းယွမ်သုန်သည် သူလျှိုနှင့်ပက်သတ်၍နောက်ထပ်ဘာမှဆက်မပြောတော့ပေ။ ပိုင်ရှောင်ချန်းကိုထုတ်ပြောပြသင့်သောအကြောင်းအရာများကားရှိပေသည်။ သို့သော်အများကြီးပြောပြလိုက်ခြင်းကလည်း မကောင်း။
သူပြောခဲ့သောစကားလုံးများ၏နောက်က သူပြောချင်သောအဓိပ္ပာယ်ကိုပိုင်ရှောင်ချန်းနားလည်လိမ့်မည်ဟု သူယုံကြည်လေသည်။
အချိန်အနည်းငယ်မျှတိတ်ဆိတ်နေပြီးနောက် ကျိန်းယွမ်သုန်ကအကြောင်းအရာကိုပြောင်းပြောလိုက်သည်။ ထိုသို့ပြောင်းပြောလိုက်ရာမှ အမှုမဲ့အမှတ်မဲ့ဆိုသလို ပိုင်ရှောင်ချန်းအတွက် လတ်တလောအဖြစ်အပျက်များကြောင့် စိတ်ထိခိုက်ခံစားလွယ်သောအကြောင်းအရာများကိုပြောမိသွားလေသည်။
“ပိုင်ရှောင်ချန်း… လောချိန်မျိုးနွယ်စုက ဘာလို့သစ္စာဖောက်တွေဖြစ်သွားကြတာလဲ မင်းသိလား။”
တုလင်ဖေးကိစ္စဖြစ်ပျက်ခဲ့ပြီးနောက် ပိုင်ရှောင်ချန်းသည် ထိုကိစ္စများကိုချင့်ချိန်တွေးတောကြည့်ရန်ဝန်လေးနေပေရာ လောချိန်မျိုးနွယ်စုနှင့်ပက်သက်သောကိစ္စကို ဝေခွဲမရဖြစ်နေပေသည်။ သို့ရာတွင် ကျိန်းယွမ်သုန်၏စကားများကိုကြားလိုက်ရပြီးနောက် သူမော့ကြည့်လိုက်လေ၏။ တုလင်ဖေးအကြောင်းကို ယခုအချိန်မှာမစဥ်းစားချင်သေးသော်လည်း လောချိန်မျိုးနွယ်စုနှင့်ပက်သတ်၍သေစေနိုင်လောက်သောအဖြစ်အပျက်များသည် သူတစ်သက်လုံးမေ့မရတော့မည့်အဖြစ်အပျက်များပင်ဖြစ်လေသည်။
ပိုင်ရှောင်ချန်း၏မသိစိတ်က သူ၏လက်မောင်းပေါ်ရှိ ကျိုးသွားသောလက်မောင်ရိုးအဖျားပိုင်းလေး အသားထဲမှထိုးထွက်လာသည့်နေရာသို့ပွတ်သပ်နေမိလေသည်။ ထိုဒဏ်ရာပျောက်ကင်းခဲ့သည်မှာအတော်ကြာပြီဖြစ်သော်လည်း ထိုနေရာသို့သူစမ်းမိသည့်အကြိမ်တိုင်း ခေါင်းဆောင်ငယ်ချိန်ဟန်၏လည်ပင်းကို သူ၏ကျိုးနေသောအရိုးဖြင့်ကိုယ်တိုင်ထိုးခဲ့သည်များကို သူပြန်တွေးမိသည်။
လောချိန်မျိုးနွယ်စုတို့သစ္စာဖောက်ဖြစ်သွားရခြင်းသည် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ထိန်းချုပ်မှုအောက်မှလွတ်မြောက်လိုကြသောကြောင့်ဖြစ်ပေသည်။ သူတို့သည် သူတို့၏သွေးများကိုပြောင်းပြန် ပြန်စီးစေရန်အတွက် သာမန်လူများကိုပင်သတ်ဖြတ်ပစ်ကြသည်အထိရူးသွပ်သွားကြသည်။ သို့ရာတွင် ထိုအဖြစ်အပျက်များသည်အပေါ်ယံဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။ သူတို့ကိုနောက်ကွယ်ကတွန်းအားပေးနေသောအကြောင်းတစ်ခုမရှိပဲနှင့် ထိုသို့ပြုလုပ်ကြလိမ့်မည်မဟုတ်ပေ။ အရှေ့ပိုင်းဒေသသည်ကျယ်ပြန့်ကြီးမားသော်လည်း တကယ်တမ်းတော့ကမ္ဘာသေးသေးလေးတစ်ခုပင်ဖြစ်သည်။
စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကိုသစ္စာဖောက်ပြီးနောက်တွင် လောချိန်မျိုးနွယ်စုအတွက်အသက်ရှင်နေထိုင်ဖို့ရန်ခက်ခဲစွာရုန်းကန်ကြရလေသည်။ သူတို့၏သွေးမျိုးဆက်များကိုအောင်မြင်စွာပြောင်းပြန်စီးနိုင်ခဲ့ရင်တောင်မှဖြစ်သည်။
ပိုင်ရှောင်ချန်းသည် ထိုအကြောင်းများကိုယခင်ကလိုက်လံစုံစမ်းခဲ့ဖူးသေးသည်။ သို့သော်လည်း ထိုအဖြစ်အပျက်နှင့်ပက်သတ်သည့်သတင်းအားလုံးကိုဂိုဏ်းကအသေအချာဖုံးဖိထားခဲ့လေသည်။
သို့ရာတွင် ပိုင်ရှောင်ချန်းသည်မျက်စိလျင်သောသူတစ်ယောက်ဖြစ်လေရာ ဂိုဏ်းမှအခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများကိုဂိုဏ်းအပြင်သို့ဘယ်နှစ်ကြိမ်စေလွှတ်ခဲ့သလဲဆိုတာကို ရေးမှတ်ထားနိုင်ခဲ့လေသည်။ တစ်ခုခုကြီးကြီးမားမားဖြစ်နေသည်မှာသေချာသလောက်ပင်ဖြစ်သည်။ သူ၏ယခင်ကခန့်မှန်းချက်များအရ ကျိန်းယွမ်သုန်ကထိုအကြောင်းများကိုယခုအချိန်၌ထုတ်ဖော်ပြောခြင်းသည် ထိတ်လန့်စရာပင်ကောင်းနေလေသည်။
“မင်းဟာအခုဆိုရင် ကောင်းကင်တာအိုအခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်နေပြီလေ။ ပြီးတော့ အမွေခံအဆင့်လျာထားခံရသူလဲဖြစ်တယ်။ မင်းဟာဂိုဏ်းရဲ့ဂုဏ်ယူဖွယ်ရာ၊ ပျော်ရွှင်ဝမ်းမြောက်ဖွယ်ရာလူတစ်ယောက်လည်းဖြစ်တယ်။ ဒါကြောင့်မို့ မင်းဟာ သာမန်ဂိုဏ်းသားတွေသိမထားတဲ့လျှို့ဝှက်ချက်တစ်ချို့ကို အတွင်းကျကျသိထားသင့်တယ်။ မင်းကိုမေးစရာမေးခွန်းလေးခုရှိတယ်။” ကျိန်းယွမ်သုန်၏မျက်နှာအမူအရာသည် အရေးကြီးသောအကြောင်းအရာတစ်ခုကိုပြောတော့မည့်ပုံဖြစ်သည်။
“ပထမဆုံးအနေနဲ့ ငါတို့နေထိုင်နေထဲ့ကမ္ဘာကြီးရဲ့သဘာဝတရားတွေကိုသတိထားမိသလား။” ထိုသို့ပြောနေစဥ်အတွင်း ကျိန်းယွမ်သုန်၏မျက်လုံးများသည် အဝေးတစ်နေရာသို့အာရုံစိုက်ကြည့်နေကာ သူ၏အသံသည်လည်းတုန်တုန်ယင်ယင်ဖြစ်နေလေသည်။
ပိုင်ရှောင်ချန်းတုန်လှုပ်သွားလေ၏။ သူသည် ဂိုဏ်း၏ရှေးဟောင်းမှတ်တမ်းများကိုလေ့လာဖတ်ရှုထားခဲ့သောကြောင့် ကမ္ဘာကြီး၏အကြောင်းကိုအနည်းငယ်မျှတော့သိလေသည်။ သို့သော်လည်းထိုရှင်းပြချက်များမှာ မရှင်းလင်းမပြတ်သားပေ။
“ငါတို့နေနေတဲ့ကမ္ဘာကြီးဟာ ကြီးမားလှတယ်။” ကျိန်းယွမ်သုန်ကဆက်ပြောသည်။ “ကမ္ဘာကြီးရဲ့အလယ်တည့်တည့်မှာ ကြီးမားကျယ်ပြန့်တဲ့ရွှေရောင်ပင်လယ်ကြီးတစ်ခုရှိတယ်။ ပင်လယ်ကြီးထဲမှာကြီးမားတဲ့လှိုင်းလုံးကြီးတွေနဲ့ပြည့်နှက်နေတယ်။ ဒဏ္ဍာရီတွေအရတော့ ပင်လယ်ကြီးရဲ့အလယ်တည့်တည့်မှာ ကျွန်းကြီးတစ်ကျွန်းရှိတယ်တဲ့ကွ။ အဲ့ကျွန်းကြီးက ကောင်းကင်နဲ့မြေကြီးကို ဆက်သွယ်ပေးထါးတဲ့ လမ်းကြောင်းတည်ရှိရာ နေရာတစ်နေရာဖြစ်တယ် ”
“ဒါကြောင့်မို့လို့ အဲဒီပင်လယ်ပြင်ကို ကောင်းကင်တံတားပင်လယ်လို့ခေါ်တာပဲ။ ဒါ့အပြင် ငါတို့နေထိုင်တဲ့ကမ္ဘာကြီးကို ကောင်းကင်တံတားနယ်မြေ၊ တစ်ခါတရံ ကောင်းကင်တံတားကုန်းမြေတွေလို့ခေါ်တာပဲ။ နှစ်တိုင်းနှစ်တိုင်းမှာ မရေမတွက်နိုင်တဲ့ ကြီးကျယ်မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေဟာ ဒီပင်လယ်ပြင်ကိုဖြတ်ပြီး အဲဒီကုန်းမြေပေါ်မှာခြေချနိုင်ဖို့ကြိုးစားခဲ့ကြတယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ ဘယ်သူမှမအောင်မြင်ခဲ့ကြဘူး။”
“ကောင်းကင်တံတားပင်လယ်ဆီကိုဆက်သွယ်ထားတဲ့ မြင့်မြတ်တဲ့မြစ်ကြီးလေးစင်းရှိတယ်။ သူတို့ဟာ အရှေ့ဘက်၊ အနောက်ဘက်၊ တောင်ဘက်နဲ့ မြောက်ဘက်တွေကိုဖြန့်ကျက်ထားကြတယ်။ ပင်လယ်ပြင်ကြောင့် မြစ်တွေဖြစ်တည်လာတာလား၊ မြစ်တွေကြောင့် ပင်လယ်ပြင်ဖြစ်တည်လာတာလားကတော့ ပြောရခက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီမြစ်ကြီးလေးစင်းကို အရှေ့ဘက်၊ အနောက်ဘက်၊ တောင်ဘက်နဲ့ မြောက်ဘက်ကောင်းကင်တံတားမြစ်တွေဆိုပြီး သိကြတယ်။”
“ပင်လယ်ပြင်ကိုဆက်သွယ်ထားတဲ့ ကြီးမြတ်တဲ့မြစ်ကြီးလေးစင်းကို အထက်ပိုင်းအဆင့်လို့ခေါ်တယ်။ မြစ်ကြီးတစ်စင်းစီကနေ မြစ်ငယ်လေးစင်းစီကွဲထွက်သွားပြီး သူတို့ကိုကျတော့ အလယ်ပိုင်းအဆင့်လို့ခေါ်တယ်။ ထပ်ပြီးမြစ်ငယ်လေးစင်းအဖြစ်ကွဲထွက်သွားတဲ့အခါကျတော့ အောက်ပိုင်းအဆင့်လို့ခေါ်တယ်။”
“အဲ့ကမှထပ်ပြီးကွဲထွက်သွားတဲ့အခါကျတော့ မြစ်ဝကျွန်းပေါ်ဒေသလို့ခေါ်တယ်။”
“ကောင်းကင်တံတားပင်လယ်ပြင်နဲ့ မြစ်တွေဟာ သစ်ပင်တစ်ပင်နဲ့တူတယ်။ အဲ့တာဟာ ငါတို့နေထိုင်ရာကမ္ဘာကြီးရဲ့သဘာဝတရားပဲ။” ကျိန်းယွမ်သုန်သည် စူးရှသောမျက်လုံးအစုံဖြင့် ပိုင်ရှောင်ချန်းကိုစိုက်ကြည့်နေသည်။
ပိုင်ရှောင်ချန်းသည် အသက်ကိုပြင်းပြင်းရှူလိုက်သည်။ ကျိန်းယွမ်သုန်၏စကားများသည် သူ့စိတ်ထဲသို့မိုးကြိုးတစ်စင်းအလား ထိုးဖောက်ဝင်လာသည်။ ယခင်ကသူနားလည်ထားခဲ့သော အစိတ်စိတ်အမြွှာမြွှာပျံ့ကျဲနေသောကမ္ဘာကြီးမှသည် ကျိန်းယွမ်သုန်ရှင်းပြသောကမ္ဘာကြီးအဖြစ်သို့တဖြည်းဖြည်းပြောင်းလဲလာနေပြီဖြစ်သည်။
“ဒုတိယတစ်ခုက… အရှေ့အောက်ပိုင်းဒေသရဲ့ အင်အားအကြီးမားဆုံးဂိုဏ်းကြီးလေးဂိုဏ်းရဲ့နာမည်တွေမှာ ‘နတ်ရေစင်’ ဆိုတဲ့စကားလုံးထည့်ထားသလဲ မင်းသိသလား။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၊ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၊ ဆန်းကြယ်နတ်ရေစင်ဂိုဏ်း၊ ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်း…။” ကျိန်းယွမ်သုန်သည် ကမ္ဘာကြီးအကြောင်းကိုသူပထမဆုံးအကြိမ်အဖြစ်ကြားသိခဲ့ရစဥ်ကအချိန်များကိုပြန်တွေးမိကာ ဖျော့ဖျော့လေးပြုံးလိုက်သည်။ သူသည်လည်းပိုင်ရှောင်ချန်းယခုလိုတုန်လှုပ်နေသလိုမျိုး တုန်လှုပ်နေခဲ့လေ၏။