စုန့်ချင်းယီ၏ မျက်ဝန်းများမှာ ကြယ်စင်များအလား တဖျတ်ဖျတ် တောက်ပသွားလေသည်။
“အားလျန် မင်းရဲ့ စကားတွေသာ ကျုပ်ဆရာ ကြားလို့ကတော့ မင်းကို အရမ်း အထင်ကြီးမှာပဲ။ ဘာလို့ ကျုပ်နဲ့ ရွှမ်ထျန်းဂိုဏ်းကို လိုက်မလည် ရတာလဲ။ အဲဒီနေရာက ဘာမှ မထူးဆန်းပါဘူး။ တာအို သင်ကြားမှုတွေ နားထောင်ဖို့ ဒီလိုပဲ ကျင့်ကြံသူတွေ လာလည်လေ့ ရှိကြတာပဲ”
စုန့်ချင်းယီက ပြောလိုက်သည်။
နတ်ဘုရား ကျောင်းတော်များမှာ စည်းကမ်း ရှိသင့်သည်ဟု ဆန်းလျန် တွေးလိုက်မိလေသည်။ ကံမကောင်းစွာဖြင့်ပင် ချင်းရွှမ် နတ်တံခါးတွင် ရှန်ဆန်းကျန်းရန်လုကျိုးယွမ် ကဲ့သို့ တန်ခိုးစွမ်းအား ကြီးမားသူ တစ်ယောက်မှ မရှိပေ။ ထို့ကြောင့် ချင်းရွှမ်နတ်တံခါးသာ ရွှမ်ထျန်းဂိုဏ်း၏ ပုံစံမျိုး ပြုမူနေထိုင်မည် ဆိုပါက သောက်တလွဲဖြစ်ကာ ပြဿနာများ မီးခိုးကြွက်လျှောက် တက်ကုန်မည် ဖြစ်လေသည်။ ဆန်းလျန်က သူသာ ချင်းရွှမ်နတ်တံခါး၏ ဆရာသခင် ဖြစ်လာပါက ချင်းရွှမ်နတ်တံခါးကို ရွှမ်ထျန်းဂိုဏ်းထက် မြင့်မားအောင် ကြိုးစားပို့ဆောင် ပေးမည်ဟု တွေးလိုက်မိသည်။
ထိုအတွေးလေးက သူ့စိတ် ဝိညာဉ်ထဲသို့ နက်ရှိုင်းစွာ တိုးဝင်သွားလေသည်။
ထိုသို့ တွေးလိုက်မိသည့်အတွက် ဆန်းလျန်က ရယ်မောလိုက်မိသည်။ သူက ဟိုင်သန်း အဆင့်ကိုပင် မတက်ရောက် နိုင်သေးဘဲ ချင်းရွှမ်နတ်တံခါး၏ ဆရာသခင် ဖြစ်ရန် စိတ်ကူးယဉ် နေမိသေးသည်။ ထို့ပြင် သူက ဆရာသခင် ကျန်းရော့ရွှီး၏ တပည့်ရင်း မဟုတ်သည့်အတွက် နောက်တစ်ချိန်တွင် ချင်းရွှမ်နတ်တံခါး၏ အုပ်ချုပ်သူ ဆရာသခင် ဖြစ်လာနိုင်ချေ ရေးရေးမျှ မရှိပေ။ ထို့ကြောင့် ဆရာသခင်သာလျှင် ကျန်းကျန်းမာမာဖြင့် ချင်းရွှမ်နတ်တံခါးကို အုပ်ချုပ်နေရန် ဆုတောင်း လိုက်မိတော့သည်။
လက်ရှိအချိန်တွင် ဆရာသခင် ကျန်းရော့ရွှီး အုပ်ချုပ်နေသည့် နည်းလမ်းက ချင်းရွှမ်နတ်တံခါးနှင့် အသင့်တော်ဆုံး ဖြစ်လေသည်။ အကယ်၍ ချင်းရွှမ်နတ်တံခါးတွင် ရှန်ဆန်းကျန်းရန်လုကျိုးယွမ် ကဲ့သို့ လောကနတ်ဘုရား တစ်ပါး ရှိနေလျှင်တော့ ပြဿနာများ အားလုံးကို ဖြေရှင်းပေးနိုင်မည် ဖြစ်သည်။
ဆန်းလျန်က တကယ်တမ်းတွင် စုန့်ချင်းယီ၏ ကမ်းလှမ်းမှုကို ငြင်းပယ်ရန် ဆန္ဒမရှိပါ။ လောကပထမ ကျင့်ကြံသူ တစ်ပါးကို တွေ့ဆုံရမည့် အခွင့်အရေးကို သူ လက်လွှတ် မခံချင်ပါ။ ထို့ကြောင့် သူက ခေါင်းတစ်ချက် ညိတ်လိုက်ပြီး …
“သွားလည်ဖို့ အခွင့်အရေး ရှိမယ်ဆိုရင်တော့ လည်ချင်တာပေါ့။ ဒါပေမယ့် မင်းအတွက် ဒုက္ခရှာသလို ဖြစ်မယ် ချင်းယီ”
“အေးပါ အားလျန်။ မင်းက နည်းနည်းတော့ ထူးဆန်းတယ်။ ကျင့်ကြံသူတွေက ထုံးတမ်း စဉ်လာတွေကို အရမ်း လိုက်နာကြတယ်။ မင်းကတော့ သိပ်ကို လွတ်လပ် ပေါ့ပါးတာပဲ”
စုန့်ချင်းယီ၏ စကားကို ဆန်းလျန် ဘာမှပြန်မပြောဘဲ ပါးစပ်ပိတ် နေလိုက်သည်။ သဲကန္တာရရှိ အဝါရောင် သဲများမှာ ကြယ်ရောင်များ အောက်တွင် တောက်ပ နေလေသည်။ အတန်ကြာ တိတ်ဆိတ် နေပြီးမှ ဆန်းလျန်က ပေါ့ပေါ့ပါးပါး လေသံဖြင့် …
“ချင်းယီ မင်းရှာနေတဲ့ ဝိညာဉ်ဖြစ်တည်မှု ပစ္စည်းကို သွားရှာကြမယ်လေ။ မကောင်းဘူးလား”
သဲကန္တာရကို လွန်လျှင် ဟန့်ဟိုင်တိုင်းပြည်သို့ ရောက်မည် ဖြစ်လေသည်။ ဟန့်ဟိုင်တိုင်းပြည်နှင့် မနီးမဝေး တစ်နေရာတွင် သေစေခြင်းကျောင်းတော် တည်ရှိလေသည်။ ထို့ပြင် ဆယ်လပိုင်း၊ ဆယ့်ငါးရက်နေ့ ရောက်ရန်မှာလည်း အချိန် လိုသေးသည့်အတွက် ဆန်းလျန်အနေဖြင့် အလျင်စလို လုပ်ရန် မလိုပေ။
စုန့်ချင်းယီက ဆန်းလျန် ပြောစကားကို သဘော တူလိုက်သည်။ လူငယ် နှစ်ယောက်သည် ကန္တာရကို ဖြတ်သန်းကာ လမ်းလျှောက် လာကြလေသည်။ အကယ်၍ ဝိညာဉ်ဖြစ်တည်မှု ပစ္စည်းတစ်ခုခု တွေ့လျှင်လည်း ဆန်းလျန်က သူ့ကို သစ္စာဖောက်မည် မဟုတ်ဟု စုန့်ချင်းယီ ယုံကြည် ထားလေသည်။ ပထမအနေဖြင့် ဆန်းလျန်မှာ ထိုကဲ့သို့သော လူစားမျိုး မဟုတ်ကြောင်း သူယုံကြည် လေသည်။ ဒုတိယ အနေဖြင့် သူ၏ တန်ခိုးစွမ်းအားမှာ သူ့ကိုယ်သူ ကာကွယ် နိုင်သည်ဟု ယုံကြည်သောကြောင့် ဖြစ်လေသည်။ နောက်တစ်ခုက သူ၏ ဆရာကိုလည်း သူယုံကြည်လေသည်။ သူ့အတွက် မကောင်းသော ကံကြမ္မာကိုသာ ကြုံတွေ့ရမည် ဆိုလျှင် ဆရာဖြစ်သူက ဤအလုပ် လုပ်ခိုင်းမည် မဟုတ်ပေ။
သဲကန္တာရကြီးမှာ မိုင်တစ်ရာ ပတ်လည်ခန့် ရှိလေသည်။ ပျံသန်းသွားမည် ဆိုပါက သိပ်ပြီး အချိန်ကြာမည် မဟုတ်ပေ။ သို့သော် ဝိညာဉ်ဖြစ်တည်မှု ပစ္စည်းရှာမည် ဆိုလျှင်တော့ ပျံသန်းသွား၍ မဖြစ်ပေ။ အေးအေးဆေးဆေး သွားကာ ရှာဖွေရမည် ဖြစ်လေသည်။
အဝါရောင် သဲပြင်ပေါ်တွင် ငွေမှုန်လေးများ တောက်ပနေလေသည်။ ထိုငွေမှုန်လေးများမှာ လွန်စွာမှ ဆွဲဆောင်နိုင်စွမ်း ရှိလေသည်။
ကန္တာရကြီး တစ်ခုလုံးမှာ အသက်ဓာတ် စွမ်းအားများ ကင်းမဲ့နေလေသည်။ သို့သော် ကြယ်များ၏ စွမ်းအားများကိုတော့ အလျှံအပယ် ခံစားရလေသည်။ ရုတ်တရက် ဆန်းလျန်၏ ခြေလှမ်းများ ရပ်တန့်သွားသည်။ သူတို့ရှေ့တွင် ပျံသန်းနေသည့် မီးစုန်းများကို တွေ့လိုက်ရသောကြောင့် ဖြစ်လေသည်။ ထိုမီးစုန်းများမှ အလင်းရောင် ဝါဖျော့ဖျော့ တောက်ပနေပြီး မည်သည့်နေရာမှ ထွက်လာမှန်း မသိပေ။ ထိုမီးစုန်းများမှာ များစွာ ဖြာထွက်လာပြီး တစ်စုတစ်စည်းထဲ ပြန်လည် ပေါင်းစည်းသွားကြ ပြန်လေသည်။
“မကောင်းတော့ဘူး။ အဲဒါ တံလျှပ်မှော်မိစ္ဆာရဲ့ စွမ်းအား အကြွင်းအကျန်တွေပဲ။ ဘာလို့ တစ်နေရာတည်းမှာ ပေါင်းစည်း သွားရတာလဲ မသိဘူး။ တံလျှပ်မှော်မိစ္ဆာ မသေသေးတာတော့ မဟုတ်လောက် ပါဘူးနော်”
စုန့်ချင်းယီက ကမန်းကတန်း ပြောလိုက်လေသည်။
ချန်ကျန့်မေ၏ ဓားတန်ခိုးဖြင့်ဆိုလျှင် တံလျှပ်မှော်မိစ္ဆာကို အမြစ်ပြတ် သုတ်သင်နိုင်ရမည် ဖြစ်လေသည်။ သို့သော် ယခုတော့ တံလျှပ်မှော်မိစ္ဆာမှာ ပြန်လည် ပေါ်ပေါက်လာပြီ။ ဖြစ်နိုင်သည်မှာ တံလျှပ်မှော် မိစ္ဆာထံမှ များစွာသော ဝိညာဉ်စွမ်းအား ငယ်များမှာ သားသမီးများသဖွယ် ပုန်းအောင်း ကျန်ရစ်ခဲ့ခြင်း ဖြစ်ပုံရလေသည်။
ထိုဝိညာဉ်စွမ်းအား ငယ်များမှာ အဝါရောင်သဲထဲတွင် နက်ရှိုင်းစွာ ပုန်းအောင်းနေခဲ့ပြီး ချန်ကျန့်မေကလည်း သဲကန္တာရ တစ်ခုလုံးကို သူ၏ တန်ခိုးဖြင့် ဖျက်ဆီးပစ်ခြင်း မရှိခဲ့သည့်အတွက် ပြန်လည် အသက်ဝင်ကာ ထွက်ပေါ်လာရခြင်း ဖြစ်လေသည်။
ထို့ကြောင့် ထိုအခြေအနေကို သိသော ကုန်သည်များက သဲကန္တာရလမ်းမှ မသွားဘဲ အခြားလမ်းမှ ကွေ့ပတ်ရှောင်လွှဲ သွားခြင်း ဖြစ်ရပေမည်။
တံလျှပ်မှော်မိစ္ဆာ၏ စွမ်းအားများမှာ စုန့်ချင်းယီအပေါ်တွင် သက်ရောက်မှု မရှိပါ။ သို့သော် ထိုစွမ်းအားများက တစ်နေရာတည်းသို့ ဖြည်းဖြည်းချင်း စုဝေးနေကြလေသည်။ တံလျှပ်မှော်မိစ္ဆာ ပြန်လည် ရှင်သန်လာရန်အတွက် ထိုစွမ်းအားငယ်လေးများ တစ်စုတစ်စည်းတည်း ဖြစ်ရန် လိုအပ် လေသည်။
မီးစုန်းလေးများမှာ ကြယ်များကြားတွင် ပျံသန်း နေလေသည်။ ထိုအလင်း လုံးလေးများ၏ ပုံသဏ္ဌာန်မှာ ဂဏန်း သတ္တဝါလေးများ ကဲ့သို့ပင်။
တံလျှပ်မှော်မိစ္ဆာမှာ မည်မျှစွမ်းအား ကြီးမားကြောင်းကို စုန့်ချင်းယီ ကောင်းကောင်း သိလေသည်။ ထိုမိစ္ဆာမှာ ယခုမှ ပြန်လည် နေကောင်းသည့် အဆင့်မျှသာ ရှိသေးပြီး အကောင်းဆုံး အနေအထား မဟုတ်သေးပေ။ ယခုအချိန် ထိုမိစ္ဆာကို သတ်ရန်မှာ အချိန်ကောင်းပင် ဖြစ်သည်။
ထိုမိစ္ဆာ ပြန်လည် အားကောင်းလာပါက ဆယ်လပိုင်း၊ ဆယ့်ငါးရက်နေ့တွင် ပြုလုပ်မည့် တရား ဆွေးနွေးပွဲတွင် ချန်ကျန့်မေကို ကောင်းကောင်းဒုက္ခ ပေးတော့မည် ဖြစ်လေသည်။
စုန့်ချင်းယီက စွမ်းအားငယ်များ စုစည်းနေသည့် တံလျှပ်မှော်မိစ္ဆာ၏ နေရာဆီသို့ စမ်းချောင်းလေးတစ်ခု စီးဆင်းသွားသည့်အလား လျင်မြန်စွာ ဝင်ရောက် သွားလေတော့သည်။
ဆန်းလျန် မျက်လုံးများက တစ်ချက်တောက်ပသွားပြီး မီးစုန်းများကို စူးစိုက် ကြည့်နေ လေသည်။ တစ်ခုခု မှားယွင်းနေပြီ ဖြစ်ကြောင်း ဆန်းလျန် ခံစားလိုက်ရသည်။ သို့သော် ဆန်းလျန် မတားဆီး လိုက်နိုင်မီမှာပင် စုန့်ချင်းယီက တံလျှပ် မှော်မိစ္ဆာ၏ နေရာဆီသို့ ခုန်ဝင်သွားလေပြီ။
ပေတစ်ထောင်ခန့် အဝေးသို့ ရောက်ရှိသွားပြီ ဖြစ်သည့် စုန့်ချင်းယီကို ဆန်းလျန် စူးစိုက် ကြည့်နေလိုက်သည်။ စုန့်ချင်းယီမှာ ရုတ်တရက်ပင် ပျောက်ကွယ် သွားလေသည်။ သူပျောက်ကွယ် သွားသည့် နေရာမှာ တံလျှပ်မှော်မိစ္ဆာ၏ စွမ်းအားငယ်များ စုစည်းနေသည့် နေရာ အတိအကျမှာပင် ဖြစ်သည်။
စုန့်ချင်းယီမှာ လူကောင်းတစ်ယောက် ဖြစ်သလို ရှန်ဆန်းကျန်းရန်လုကျိုးယွမ်၏ တပည့် တစ်ယောက်လည်း ဖြစ်သည်။ ထို့ကြောင့် သူ၏ တန်ခိုးစွမ်းအားမှာ လွန်စွာမှ ထက်မြက်သောကြောင့် ယခုကဲ့သို့ ခုန်ဝင် ပျောက်ကွယ်သွားသည့်တိုင် မည်သည့် အန္တရာယ်မှ ရှိနိုင်မည် မဟုတ်ပေ။ သို့သော် ဆန်းလျန်မှာ စုန့်ချင်းယီအတွက် စိတ်ပူပန်သွားရကာ စုန့်ချင်းယီ ပျောက်ကွယ်သွားရာ နေရာဆီသို့ မုန်တိုင်းတစ်ခု တိုက်ခတ်သည့်အလား လျင်မြန်စွာပင် လိုက်ပါ သွားလေတော့သည်။
ဆန်းလျန်မှာ မုန်တိုင်းတစ်ခုကဲ့သို့ ဖြစ်နေပြီး ထိုမုန်တိုင်းထဲတွင် မိုးကြိုးနှင့် လျှပ်စီးစွမ်းအားများ ဖြစ်ပေါ် နေလေသည်။ ကျယ်လောင်သည့် မိုးကြိုးပစ်သံတစ်ချက် ကြားလိုက်ရပြီး တံလျှပ်မှော်မိစ္ဆာ၏ စွမ်းအားငယ်များမှာ ပေါက်ကွဲပျက်စီး သွားလေသည်။
မိုကြိုးဆိုသည်မှာ အမိန့်အာဏာရှိသော မိုးမြေစွမ်းအား ဖြစ်လေသည်။ ထို့ကြောင့် တံလျှပ် မှော်မိစ္ဆာ၏ ဝိညာဉ်စွမ်းအား ငယ်များမှာ ထိုစွမ်းအားကို တွန်းလှန်နိုင်ခြင်း မရှိပေ။
စုန့်ချင်းယီ ပျောက်ကွယ်သွားသည့် နေရာသို့ ဆန်းလျန် ရောက်သွားသည့် အခါတွင်တော့ သူ့အနေဖြင့် ရင်းနှီးနေသည့် စွမ်းအားတစ်ခုကို ခံစားလိုက်ရလေသည်။ ထိုနေရာမှာ ကျောက်ရှောင်ယွီက နတ်ဘုရားမြေမှုန့် အသုံးပြုကာ ဖန်ဆင်းခဲ့သည့် နေရာနှင့် ဆင်တူနေလေသည်။
ကျယ်ဝန်းသော နေရာတစ်ခု ဖြစ်ပြီး ထိုနေရာ၏ အလယ်တွင် အလွန်ကြီးမားသည့် ညောင်ပင်ကြီးတစ်ပင် ရှိနေလေသည်။ ညောင်ပင်ကြီးမှာ သစ်ရွက်များဖြင့် အုံ့ဆိုင်းနေသောကြောင့် သစ်ကိုင်းများကိုပင် မမြင်ရပေ။ သစ်ပင်ကြီး၏ ပင်စည်တွင် ကြည်လင်သည့် အလင်းရောင်တစ်ခု စီးဆင်း နေလေသည်။ ထိုအလင်းရောင်၏ ထိပ်တွင် နဂါးတစ်ကောင်၏ ပုံသဏ္ဌာန်ကို တွေ့မြင်နိုင်သည်။ ထိုနဂါး၏ ထူးခြားချက်မှာ လက်သည်းတစ်ခုသာ ရှိသောကြောင့် ကြည့်ရသည်မှာ မူမမှန် ဖြစ်နေရ လေသည်။
ထိုထူးဆန်းသည့် နဂါးပုံသဏ္ဌာန်မှာ ဦးခေါင်းထက်တွင်လည်း ဦးချို မရှိပေ။ ချွန်ထက်သည့် သွားများကတော့ ကြောက်မက်ဖွယ်ရာပင်။
ပင်စည်တွင် စီးဆင်းနေသည့် အလင်းတန်းမှာ ထိုနဂါး ပုံသဏ္ဌာန်ကို လောင်ကျွမ်းနေခြင်း ဖြစ်လေသည်။ တံလျှပ် မှော်မိစ္ဆာ၏ စွမ်းအားငယ်များမှာလည်း ထိုနဂါးပုံသဏ္ဌာန် ဆီသို့ သွားရောက် ပေါင်းစည်း နေကြလေသည်။ စွမ်းအားများ ပေါင်းစည်းမှုကြောင့် ထိုနဂါးပုံသဏ္ဌာန်၏ အသက်ရှူသံမှာ ပြင်းထန်လာပြီး အသက်ဝင်လာ သကဲ့သို့ ရှိလေသည်။
ထိုပုံသဏ္ဌာန်ကို ကြည့်ပြီး ဆိုရိုးတစ်ခုကို ဆန်းလျန် သတိရလိုက်သည်။
“ဇာမဏီငှက်အော်သံက တောင်တစ်ခွင်ပျံ့လွင့် … ညောင်ပင်မှ မွေးဖွားလာခြင်းက နေကဲ့သို့ ထွန်းလင်း …”
ဟူသည့် စကားပုံ ဖြစ်လေသည်။
ဇာမဏီငှက် တစ်ကောင်သည် သေအံ့ဆဲဆဲ အချိန်တွင် မိုးကောင်းကင် ထိပ်ဖျားရှိ ညောင်ပင်ကြီးဆီသို့ ရောက်ရှိ သွားလေသည်။ ထိုညောင်ပင်ကြီးဆီမှာ ကောင်းကင်မီးတောက် ထွက်ပေါ်လာပြီး ဇာမဏီငှက်ကို အသစ်တစ်ဖန် ပြန်လည်မွေးဖွား ပေးခဲ့လေသည်။ ယခုလည်း ညေင်ပင်ကြီးဆီမှ ကောင်းကင်မီးတောက်မှာ သေဆုံးသွားပြီ ဖြစ်သည့် တံလျှပ် မှော်မိစ္ဆာကို ပြန်လည် မွေးဖွားပေးနေခြင်း ဖြစ်လေသည်။
ဇာမဏီငှက် ဆိုသည်မှာ ဒဏ္ဍာရီထဲမှ တန်ခိုးကြီးမားသည့် ငှက်ဖြစ်ပြီး ထာဝရ အသက်ရှင်သန် နိုင်လေသည်။ မိုးကောင်းကင်သို့ တစ်ဆင့်ခြင်း ပျံသန်းသွားလာနိုင်သည့် အစွမ်းရှိပြီး ရှားပါးပြီး တွေ့မြင်ရခဲသည့် ငှက်ဖြစ်လေသည်။
တန်ခိုးစွမ်းအား ကြီးမားသည့် လူတစ်ယောက်က ဇာမဏီငှက်ကို သတ်မိမည် ဆိုလျှင် ရောင်စဉ်ငါးမျိုး အလင်းတန်းမှ ထိုလူကို ခေါ်ဆောင်သွားပြီး ထာဝရပျောက်ကွယ် သွားရမည် ဖြစ်လေသည်။ ဤသည်မှာ ဇာမဏီငှက်ကို သတ်သည့်အတွက် အပြစ်ပေး ခံရခြင်းပင် ဖြစ်သည်။
ဆန်းလျန်တို့ ရောက်ရှိနေသည့် ဖန်ဆင်းထားသည့် နေရာတွင်တော့ တန်ဖိုးအရှိဆုံး အရာမှာ ညောင်ပင်ကြီး ဖြစ်လေသည်။ ထိုညောင်ပင်ကြီးမှာ ဝိညာဉ်ဖြစ်တည်မှု ပစ္စည်းတစ်ခု ဖြစ်နေလေသည်။
စုန့်ချင်းယီက ဆန်းလျန်၏ဘေးတွင် ရပ်နေလေသည်။
“အားလျန် နောက်ကိုဆုတ်။ ကျုပ်လုပ်လိုက်မယ်”
“ကျုပ်ကိုပဲ လုပ်ခွင့်ပေးပါဗျာ”
ဆန်းလျန်က ပြန်ပြောလိုက်သည်။
နဂါးပုံသဏ္ဌာန် ရှိနေသော တံလျှပ် မှော်မိစ္ဆာမှာ ဆန်းလျန်ကို အေးစက်စွာဖြင့် စူးစိုက် ကြည့်နေလေသည်။ သူ၏ပါးစပ်ကို ဖြဲလိုက်ပြီး အသက်ကို ရှူထုတ်လိုက်သည်။
ဆန်းလျန်က သူ၏ ရွှမ်တယ်ဓားကို ဆွဲထုတ်လိုက်လေသည်။ ရွှမ်တယ်ဓားမှ ရွှေရောင် အလင်းတန်းများ ဖြာထွက်လာလေသည်။ ဆန်းလျန်က ဒြပ်စင်စွမ်းအား ရှစ်မျိုးကို ဓားဆီသို့ စီးဝင်စေလိုက်သည့် အခါတွင်တော့ ရောင်စဉ်ရှစ်မျိုးမှာ နေရာတစ်ခုလုံးကို ဖြာလွှမ်း သွားတော့သည်။ အသက်ဓာတ်များသည် နေရာတစ်ခုလုံးတွင် ဂယက် ထနေလေသည်။
ဓားဝိညာဉ်မှ လှိုင်းများ ရိုက်ခတ်နေပြီး တန်ခိုးစွမ်းအားအပြည့် ဖြစ်နေလေသည်။
တံလျှပ်မှော်မိစ္ဆာက ဆန်းလျန်ကို စတင် တိုက်ခိုက်လိုက်သည်နှင့် ဓားဝိညာဉ်က ပေါက်ကွဲ ထွက်သွားလေသည်။ နေရာတစ်ခုလုံးတွင် စူးနက်သည့် ကျုံးဝါးသံကြီး တစ်ခုက ပဲ့တင် ထပ်သွားလေသည်။
***