အခန်း (၉၉) : ကျွန်တော့်ပါးစပ်က လုံပါတယ်
အရိုးသားဆုံး ပြောရလျှင် ချင်ယွင်တိဆိုသည့် လူငယ်လေးအား ရှန်ထျန်း စိတ်ဝင်စားမိသည်။ အထူးသဖြင့် သူ့ခေါင်းပေါ်က ရွှေဘောင်ကွပ်သည့် အနီရောင် ရောင်ဝါစက်ဝန်းထဲက ကံအပြောင်းအလဲ အခွင့်အရေးကို မြင်လိုက်ကတည်းက စိတ်ဝင်စားသွားခြင်း ဖြစ်သည်။ ရှန်ထျန်းအနေနှင့် စောင့်ကြည့်ဖို့ ထိုက်တန်သည့် အရာ ဖြစ်ကို ဖြစ်ရမည်ဟု ယုံကြည်သည်။
အခုအချိန်မှာ ရှန်ထျန်း၏ ရောင်ဝါစက်ဝန်းက အစိမ်းဖျော့ဖျော့လေး ဖြစ်နေသေးသည့်အပြင် သူက သူတော်စင် ရာထူးကိုလည်း ရထားသေးသည်။ ထို့ကြောင့် သူ့မှာ အရမ်းကို မလုံခြုံဘူးဟု ခံစားနေရသည်။
သို့ဖြစ်၍ သူ့ရောင်ဝါလေး အစိမ်းရင့်ရောင် ဖြစ်လာအောင် လုပ်ရန် ဖြစ်နိုင်သမျှ မြန်မြန် ကံကောင်းသူတွေ အများကြီးဆီမှ ကံဇာတာတွေ မျှဝေဖို့ ရှန်ထျန်းတစ်ယောက် အင်မတန် စိတ်အားထက်သန်နေလေ၏။
ထို့ကြောင့်လည်း ချင်ယွင်တိနှင့် တွေ့လိုက်ခြင်းက သူ့အား အလွန် စိတ်သက်သာရာ ရသွားစေသည်။
ရှန်ထျန်း အတွေးနက်နေစဉ် အံ့ဖွယ်မိုးကောင်းကင် ယာဉ်ပျံကြီးက အထွတ်အမြတ်မြေ၏ ကမ္ဘာငယ်ထဲသို့ ဝင်ရောက်သွားလေပြီ။
သန့်ရှင်းလတ်ဆတ်သော စွမ်းအင်လှိုင်းများက သူတို့မျက်နှာဆီသို့ ရိုက်ခတ်လာသည်။ ဤဟာက အားလုံးကို သူတို့အား ကြိုဆိုနေသည်ဟူသည့် ခံစားချက်ကို ပေးနေသည်။
ကမ္ဘာငယ်လေးဟု ခေါ်သော်လည်း ဤနေရာက တကယ်တမ်းတွင် အတိုင်းမသိ ကျယ်ပြောလှ၏။
အမျိုးမျိုးသော ဝိညာဉ်တောင်တန်းများက မိုးထိ မြင့်မားနေကြကာ တောင်တန်းများကြား၌ စမ်းချောင်းငယ်လေးများ စီးဆင်းနေလေ၏။ ချောင်းငယ်များထက် အစိမ်းရောင် ကြာပွင့် ခြေနင်းတုံးလေးများ မျောလွင့်နေလျက် ငါးများက မကြာခဏ ရေမျက်နှာပြင်ကို ဖြတ်ကျော်ကာ လေထဲတွင် ခုန်ပျံကူးလူး ဆော့ကစားနေကြသည်။
ထိုဝိညာဉ်ငါးများကို အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ ဒေသခံများက မွေးမြူထားခြင်း ဖြစ်သည်။ ငါးအများစုမှာ အရှေ့ပိုင်းလွင်ပြင်၌သာ ပေါက်ဖွားသော နဂါးငါးအမျိုးအစားဝင် အဆန်းပြားဆုံး အလှမွေးငါးဆီမှ မျိုးရိုးကို ပိုင်ဆိုင်ထားကြသည်။
ထိုအခိုက် ငါးတွေထဲမှ တစ်ကောင်က ရေထဲမှ ပျော်ရွှင်မြူးတူးစွာ ခုန်ထွက်လာချိန်မှာပဲ ၎င်းက ယာဉ်ပျံပေါ်မှ ကြောက်စရာလူရိပ်ကို ချက်ချင်း မြင်သွားလေ၏။ ထိုငါးက လေထဲတွင် ထိတ်လန့်တကြား တုန်ရီလာကာ ချက်ချင်းဆိုသလို ရေနက်ထဲထိ တိုးဝင်ငုပ်လျှိုးသွားပြီး ရေမျက်နှာပြင်နားတောင် ကပ်မလာတော့ချေ။
တောင်တန်းတွေအပေါ် ယာဉ်ပျံ ကျော်ဖြတ်သွားချိန် ရွှေရောင်အလင်းတန်းများက ရုတ်တရက် ပေါ်ပေါ်လာလေသည်။
တချို့တောင်တွေပေါ်၌ ကြိုးကြာငှက်များ လူမြင်ကွင်းထဲတွင် ပျံဝဲနေကြစဉ် အားကောင်းသည့် ဓားအရှိန်အဝါတို့ ရုတ်ချည်း ထွက်ပေါ်လာကြသည်။
ထိုတောင်များ၏ တူနေသည့်အချက်မှာ သူတို့အားလုံးသည် ဝိညာဉ်ချီတို့ ပေါကြွယ်ဝနေပြီး အမျိုးမျိုးသော ဆန်းပြားသစ်ပင်တို့နှင့် ပြည့်နှက်နေသည့် အချက် ဖြစ်သည်။
ယာဉ်ပျံက သူတို့အနား ကပ်လာသည်နှင့် သူတို့အားလုံးက ကာကွယ်ရေး အစီအရင်များကို ချက်ချင်း အသက်သွင်းလိုက်ကြလေ၏။
အစီအရင် မျက်နှာပြင်ပေါ်တွင် အမျိုးမျိုးသော လျှပ်စီးကြောင်းများ တွန့်လိမ်စီးဆင်းနေကြလေရာ ကြည့်ရသည်မှာ အင်မတန် ခမ်းနားထည်ဝါလှ၏။ တစ်ချိန်တည်းမှာပဲ တောင်ထိပ်၌ သာသာယာယာ ပျံဝဲနေကြသော ကြိုးကြာငှက်တို့က ချက်ချင်း ထိုးဆင်းလာကြကာ အစီအရင်ထဲသို့ အလုအယက် တိုးဝင်ကုန်ကြသည်။
ကျန်းယွင်ရှီးက ယာဉ်ပျံဦးပိုင်းတွင် မတ်တပ်ရပ်ပြီး တောင်တစ်တောင်ချင်းစီ အကြောင်း ကျန်လူများအား စတင် မိတ်ဆက်ပေးလိုက်သည်။
“အံ့ဖွယ်မိုးကောင်းကင် ကမ္ဘာငယ်အတွင်းမှာ စုစုပေါင်း ဝိညာဉ်တောင် ၃၆ လုံး ရှိတယ်။ တောင်အားလုံးမှာ ဝိညာဉ်တွင်းတွေ ပါတယ်။
ပြီးတော့ အဲဒီ ဝိညာဉ်တောင် ၃၆ လုံးထဲမှာ အထင်ရှားဆုံး တောင် ၃ လုံးကတော့ အထွတ်အမြတ်မြေ ဂိုဏ်းချုပ်တောင်၊ သူတော်စင်တောင်နဲ့ သူတော်စင်မတောင်ပဲ။
အဲဒါအပြင်ကို ရှင်တို့ တောင်ထိပ်သခင်တောင် ၈ လုံးကိုလည်း မှတ်ထားဖို့ လိုတယ်။ အဲဒီတောင်တစ်လုံးချင်းစီကို ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့် ပညာရှင်ကြီး တစ်ယောက်စီက အပိုင်ရထားတာ။ အဲဒီတောင်တွေက ပညာရှင်ကြီးတွေ သူတို့ရဲ့ လက်ရွေးတပည့်တွေကို ပညာလက်ဆင့်ကမ်းတဲ့ နေရာပေါ့။
စောစောက ပြောလိုက်တဲ့ တောင် ၁၁ လုံးကို အတွင်းတပည့်တွေပဲ ဝင်ခွင့်ရှိတယ်။ ဒါပေမဲ့ အခြား ဝိညာဉ်တောင် ၂၄ လုံးက …”
ရှုန်းမုန့်က မျက်တောင်များကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ကျန်းယွင်ရှီးစကားကို ဖြတ်ပြောလိုက်သည် “ဟိုလေ… မှားရေတွက်မိတာလားဟင်။ ကျုပ် အကြမ်းဖျင်း တွက်ကြည့်လိုက်တာ ၃၆ ထဲက ၁၁ နုတ်ရင် ၂၅ ဆိုတော့… နောက်ထပ် ဝိညာဉ်တောင် ၂၅ လုံး ကျန်ရဦးမှာ မဟုတ်ဘူးလား။ ဘာဖြစ်လို့ ၂၄ လုံးလို့ ပြောရတာလဲ”
ထိုစကားကို ကြားသောအခါ ကျန်းယွင်ရှီးက သူမ၏ စိတ်ပျက်မှုကို မဖုံးဖိနိုင်တော့ချေ။
“အင်း… ဝိညာဉ်တောင် တစ်လုံးရဲ့ တွင်းတွေက အရမ်းကို ခမ်းခြောက်သွားတဲ့အတွက်ကြောင့်… အဲဒီတောင် ပြန်လည် ကောင်းမွန်လာနိုင်ဖို့ တောင်ကို ပိတ်လှောင်ထားလိုက်ရတယ်လေ။
ကဲပါ စောစောကဟာ ဆက်ရှင်းပြမယ်။ ကျန်တဲ့ ဝိညာဉ်တောင် ၂၄ လုံးက ဂိုဏ်းရဲ့ ရှေးဟောင်း ကောင်းကင်အသျှင်တွေ ကိန်းအောင်းနေတဲ့ စံအိမ်တွေပဲ။ အတွင်းတပည့်တွေတောင်မှ အဲဒီတောင်တွေဆီ သွားပြီး သူတို့ရဲ့ အေးချမ်းတည်ငြိမ်မှုကို နှောင့်ယှက်ခွင့်မရှိဘူး။ မလိုက်နာရင် ပြင်းပြင်းထန်ထန် အပြစ်ပေးခံရလိမ့်မယ်။
နားလည်ကြပြီလား”
အားလုံးက ပြိုင်တူ ခေါင်းငြိမ့်ပြလိုက်ကြ၏။ တစ်ချိန်တည်းမှာပဲ အံ့ဖွယ်မိုးကောင်းကင် ယာဉ်ပျံက အဆုံးမှာတော့ မြေပေါ်သို့ နိမ့်ဆင်းလာကာ ယာဉ်ပျံဆင်း လမ်းကြောင်းအတိုင်း ဆင်းသက်ရပ်နားလိုက်သည်။
အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ ဂိုဏ်းဝတ်စုံကို ဝတ်ဆင်ထားသော တပည့်များစွာက လမ်းကြောင်းဘေးတွင် တန်းစီ စောင့်ဆိုင်းနေကြလျက် သူတို့အား အတင်းလုပ်ယူထားသော ယဉ်ကျေးပျူငှာသည့် အပြုံးများဖြင့် ကြိုဆိုနေကြသည်။
တာအိုကိုယ်တော်က အေးစက်စွာ ပြောလိုက်၏ “အိမ်း… ဒီတစ်ကြိမ်တော့ ယာဉ်ပျံ ပြန်ရောက်လာအောင် ငါ လုပ်ပေးပါတယ်ဟ … ဟုတ်တယ်မလား။ သွား… သွားစစ်ချည်”
ထိုသို့ဆိုပြီး သူက ယာဉ်ပျံပေါ်မှ ခုန်ဆင်းလိုက်သည်။ ထို့နောက် နောက်ပြန် လှည့်ကြည့်ကာ ရှန်ထျန်းအား လက်ယပ်ခေါ်လိုက်ပြီး “ရှန်ထျန်းရေ… လာ လာ… ဂိုဏ်းတူဦးလေးက မင်းကို ဂိုဏ်းချုပ်နဲ့ နှုတ်ဆက်ရအောင် ခေါ်သွားပေးမယ်”
ကျန်းယွင်ရှီး ဘာများပြောချင်သေးလဲဟု ရှန်ထျန်းက လှည့်ကြည့်လိုက်သည်။ သို့သော် သူမကလည်း ခေါင်းငြိမ့်ပြနေသည်။ ထို့ကြောင့် သူက တာအိုကိုယ်တော် နောက်မှ အသာ လိုက်သွားလိုက်တော့သည်။
တာအိုကိုယ်တော်နှင့် ရှန်ထျန်းတို့ မြင်ကွင်းထဲမှ ပျောက်သွားပြီး ခဏအကြာတွင် ကြိုဆိုဖို့ စောင့်နေကြသည့် တပည့်အုပ်စုဆီမှ အာမေဋိတ်သံများ ထွက်ပေါ်လာလေ၏။
ကျန်းယွင်ရှီးက သက်ပြင်းကိုချကာ ယာဉ်ပျံ၏ ဝိညာဉ်ကျောက်တုံးကန်ကို တစ်ချက် သွားကြည့်လိုက်ပြီး သူမ သံသယတွေ မှန်မမှန်ကို အတည်ပြုလိုက်သည်။ အလာတုန်းက ပြည့်လျှံနေသည့် ထိုကန်က အခုတော့ ထူးဆန်းစွာနှင့် ဗလာကျင်းနေပြန်လေပြီ။
“သူတော်စင်မ… ကျွန်တော်တို့တွေ ယာဉ်ပျံ မထွက်ခွာခင် သေသေချာချာ စစ်ခဲ့ပါတယ်… တကယ်ပါ”
သူတို့၏ ညှိုးငယ်နေသည့် မျက်နှာများကို ကြည့်ကာ ကျန်းယွင်ရှီးက သက်ပြင်းထပ်ချလိုက်ပြီး မှတ်ချက်ပေးလိုက်သည်။
“စိတ်မပူပါနဲ့… အစ်မ သိပါတယ်။ ဂိုဏ်းတူမောင်လေးတို့က ဝိညာဉ်ကျောက်တုံးကန်ကို နောက်တစ်ခေါက်သာ ပြန်ပြီး အသစ် အပြည့်ဖြည့်ပေးပါ။ အစ်မ မင်းတို့အစား ဂိုဏ်းချုပ်ဆီကို တင်ပြပေးမယ်။ ဒါကြောင့် ဘာမှ စိတ်မပူနဲ့”
ထို့နောက် ကျန်းယွင်ရှီးကလည်း စောစောတုန်းက ရှန်ထျန်းနှင့် တာအိုကိုယ်တော်တို့ လုပ်ခဲ့သည့်အတိုင်း အလင်းတန်း အသွင်ပြောင်းကာ အထွတ်အမြတ်မြေ ဂိုဏ်းချုပ်တောင် ဆီသို့ ဦးတည်သွားလိုက်သည်။
သူဌေးစုန့်နှင့် ကျန်လူများက ကျန်းယွင်ရှီး ထွက်သွားသည်ကို မြင်သောအခါ ဘာဆက်လုပ်ရမှန်းမသိ ဖြစ်သွားကြလေ၏။
ဒီတော့… ငါတို့က ဘယ်ကို သွားရမှာလဲ…
ထိုအခိုက် ကျောတွင် ဓားရှည်တစ်ချောင်း လွယ်ထားပြီး ဝတ်ရုံစိမ်း ဝတ်ထားသော လူငယ်တစ်ဦးက သူတို့ဆီသို့ လမ်းလျှောက်လာသည်။ သူက သူတို့အား ပျူပျူငှာငှာ နှုတ်ဆက်လိုက်၏ “ကြိုဆိုပါတယ်ဗျာ… ခင်ဗျားတို့ အားလုံးက ဝိညာဉ် မျိုးစေ့သစ်လေးတွေ ဖြစ်မယ် ထင်တယ်”
ထို့နောက် သူက သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။
“ကျွန်တော်က ဟောက်ရန်တောင်ရဲ့ ပင်မတပည့်၊ လီယွင်ဖုန်းပါ။ တာအိုဘွဲ့နာမည်ကတော့ သက်တော်ရှည် ဓားအသျှင်ပါ။ ဖခင်က လီချင်းဟယ် ဖြစ်ပါတယ်။
ခုနကပဲ ဂိုဏ်းတူအစ်မက ခင်ဗျားတို့ အားလုံးကို သက်ဆိုင်ရာ နေအိမ်တွေစီ လိုက်ပို့ပေးဖို့ အသံလွှင့်စနစ်နဲ့ သတင်းပို့ပြီး ကျွန်တော့်ကို ခေါ်ထားတယ်ဗျ။ ကျေးဇူးပြုပြီး ကျွန်တော့်နောက် လိုက်ခဲ့ပါဗျာ” လူရွယ်က အားပါးတရ ပြုံးကာ ပြောလိုက်၏။
အတွင်းတပည့်များ နေရမည့် အိမ်ဆောင်များဆီသို့ သွားနေစဉ်အတွင်း လီယွင်ဖုန်းက ဝိညာဉ်တောင် အမျိုးမျိုး၏ အတွင်းရေး၊ အပြင်ရေး အစုံအလင်ကို တက်ကြွစွာ အာပေါင်အာရင်း သန်သန် ရှင်းပြနေလေ၏။
“အားလုံးပဲ… ဟိုးမြောက်ဘက်က ဝိညာဉ်မေပယ်ပင်တွေ စိုက်ထားတဲ့ အနီရောင် ဝိညာဉ်တောင်ကို ကြည့်ကြည့်လိုက်… အဲဒါက ကြာနီ ကောင်းကင်အသျှင် နေတဲ့ တောင်ဗျ။ အဲဒီတောင်ကို ကြာနီတောင် လို့ ခေါ်တယ်။
ဟော ဟိုမှာ ကြည့်… ရွှေရောင် အလင်းတန်းတွေ ထုတ်လွှင့်နေသယောင် ရှိတဲ့ တောင်ထိပ်ကို မြင်လား။ အဲဒါက ရွှေကြာ ကောင်းကင်အသျှင် နေတဲ့နေရာလေ။ အဲဒီတောင်ကို ရွှေကြာတောင်လို့ ခေါ်ကြတယ်ဗျ။
ဟိုးတောင်ဘက်က တစ်နှစ်ပတ်လုံး နှင်းရေခဲတွေ ဖုံးလွှမ်းနေတဲ့ တောင်ကတော့ ကြာဖြူ ကောင်းကင်အသျှင်ရဲ့ စံအိမ်ပေါ့ဗျာ။ အဲဒီတောင်ကိုလည်း ကြာဖြူတောင်လို့ ခေါ်တယ်။
ကျွန်တော်တို့ရဲ့ ကောင်းကင်အသျှင် ကိုးယောက်ထဲမှာ ဂိုဏ်းတူဦးလေး ကြာဖြူက သဘောအကောင်းဆုံးပဲ။ သူက မကြာခဏဆိုသလို တပည့်တွေအတွက် သင်ခန်းစာ အလကား ပို့ချပေးလေ့ရှိတယ်ဗျ။
ဂိုဏ်းတူဒေါ်လေး ကြာနီက ဒေါသအကြီးဆုံးပေါ့။ သူမကို သွားပြီး ပြဿနာမရှာမိစေနဲ့… မဟုတ်ရင် ခင်ဗျားတို့ သူမ အပြစ်ပေးတာကို ခံရလိမ့်မယ်…
အထူးသဖြင့် ရွှေကြာ ကောင်းကင်အသျှင်ကိုဆို ပိုပြီးတော့ သတိထားသင့်တယ်ဗျ။ သူမက ညှို့ယူသွေးဆောင်ခြင်း ပညာရပ်မှာ အဆင့်မြင့် ဆရာတစ်ဆူလည်း ဖြစ်နေတယ်။ သူမမျက်လုံးကို တည့်တည့် သွားမကြည့်မိစေနဲ့… မဟုတ်ရင် သူမရဲ့ သွေးဆောင်မှုကို ခံလိုက်ရပြီး လူလယ်ခေါ်မှာ ခင်ဗျားတို့ ဘယ်လိုအရှက်ရစရာတွေ လုပ်မိမလဲဆိုတာ ကျွန်တော် တကယ် အာမ မခံနိုင်ဘူးရယ်…
ခင်ဗျားတို့ရဲ့ ဂိုဏ်းတူအစ်ကို တစ်ယောက် အနေနဲ့ ကျွန်တော်လည်း ဒီလောက်ထိပဲ ရှင်းပြပေးနိုင်တယ်ဗျာ”
ပွင့်ပွင့်လင်းလင်း ပြောရလျှင် လီယွင်ဖုန်းက တောင်တစ်လုံး၏ ပင်မတပည့် ဖြစ်နေပါလျက်နှင့် သူက မောက်မောက်မာမာ မရှိသည့်အပြင် အင်မတန်ကို ပေါင်းသင်းခင်မင်ရ လွယ်ပုံ ပေါ်သည်။
သူ့အပြုအမူများကြောင့် ကျန်သူအားလုံးက နွေးထွေးသွားသလို ခံစားမိလိုက်ကြသည်။ ထိုအခါ သူတို့က “အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ ဂိုဏ်းကြီးက လုံးဝကို ချစ်ကြည်ရင်းနှီးကြတဲ့ မိသားစုကြီး တစ်ခုပေါ့ကွာ” ဆိုသည့် တာအိုကိုယ်တော်၏ စကားများကို ပြန်လည်ကြားယောင်လာကြသည်။
အမှန်ပဲ။ ဂိုဏ်းတူအစ်ကိုက လူသစ်တွေအပေါ်မှာ အရမ်းကို နွေးထွေးပျူငှာလိုက်တာ…
သိပ်မကြာခင်မှာပဲ သူတို့က အတွင်းတပည့် အိမ်ဆောင်များဆီသို့ ရောက်ရှိသွား၏။ ထို့နောက် သူတို့က သူတို့၏ အိမ်သစ်များ၌ အခြေချလိုက်ကြသည်။
တစ်ဖက်တွင်ကား လီယွင်ဖုန်းက မျက်နှာပေါ်တွင် တောက်ပသော အပြုံး တစ်ခုနှင့် သူတို့အား တစ်ချိန်လုံး စောင့်ကြည့်နေလေ၏။
“အကျဉ်းချုပ်ပြောရရင်ပေါ့ဗျာ… ခင်ဗျားတို့တွေထဲက ဘယ်သူပဲဖြစ်ဖြစ် နားမလည်တာ တစ်ခုခု ရှိခဲ့မယ်ဆိုရင် ဟောက်ရန်တောင်ကို လာပြီး ကျွန်တော့်ဆီက အကူအညီ တောင်းဖို့ကို အားနာမနေပါနဲ့။ ကျင့်ကြံခြင်းနဲ့ ပတ်သက်လို့ သိပ်အကူအညီ မပေးနိုင်ပေမဲ့ ကျွန်တော် တတ်နိုင်တဲ့ဟာ တစ်ခုတော့ ရှိတယ်။ အဲဒါက… အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေအကြောင်း ‘ကကြီး’ ကနေ ‘အ’ အထိ ကျွန်တော် အကုန်သိတယ်ဗျ ”
ရှုန်းမုန့်က မျက်ရည်လည်သည်အထိ ကျေးဇူးတွေ တင်နေကာ ပြောလိုက်သည် “ဂိုဏ်းတူအစ်ကို… ခင်ဗျားက တကယ်ကို အရမ်း ကြင်နာတတ်တာပဲ။ နောက်တစ်ခါကျ ခင်ဗျားလည်း ကျုပ်အကူအညီ လိုလာခဲ့ရင် ကျုပ်ကို လာရှာပါဗျာ”
လီယွင်ဖုန်းက ပြုံးကာ “အို… အဲလို လုပ်လို့ ရတယ်လား”
ရှုန်းမုန့်က ရင်ဘတ်ကို ပုတ်ကာ “ကျုပ် လိမ်မပြောတတ်ဘူး”
လီယွင်ဖုန်းက ချောင်းအနည်းငယ် ဟန့်လိုက်ပြီးမှ တုံ့ပြန်လိုက်သည် “အဟမ်း … အဲဒီလိုဆိုရင်လေ… ကျွန်တော် ခင်ဗျားရဲ့ အကူအညီ တကယ်လိုအပ်နေတယ်ဗျ… အခုချက်ချင်းကိုပဲ”
သူတို့အားလုံးကို စိုက်ကြည့်နေသည့် လီယွင်ဖုန်း အကြည့်တို့က အရောင်တွေ လက်လာ၏။
“ကျွန်တော် ကြားတာတော့ အထွတ်အမြတ်မြေ အပြင်ဘက်ကနေ သူတော်စင် တစ်ယောက် ရောက်လာတယ်ဆို… ဟုတ်လားဟင်…
အဖေ့ အပြောအရဆို ရှန်အောင်းထျန်း ဆိုတဲ့ လူက ကျွန်တော်တို့ဂိုဏ်းရဲ့ အံ့ဖွယ်မိုးကောင်းကင် ကျားနဂါးဆွဲပြားကို ပြန်ရယူနိုင်ဖို့ ကူညီပေးခဲ့တဲ့အတွက်ကြောင့် ဂိုဏ်းသားတွေ အကုန်လုံး သူ့အပေါ် ကျေးဇူးကြွေးတင်သွားပြီတဲ့။
အဲဒါကြောင့် ဘိုးဘေးတွေရဲ့ စည်းကမ်းအရ ဒီလူက သူတော်စင် ရာထူးကို ရနိုင်သွားရုံတင်မကဘဲ ဂိုဏ်းတူအစ်မ ယွင်ရှီးကိုပါ ကျင့်ကြံရေးလက်တွဲဖော် အဖြစ် ယူရမယ်ဆိုပဲ…”
ဒီစကားဝိုင်းက ဘယ်ကို ဦးတည်နေမှန်း သဘောပေါက်လာသဖြင့် ကွေ့ကုန်းကုန်း၏ မျက်နှာက သတိအနေအထား ပြောင်းလဲသွား၏။
“ဂိုဏ်းတူအစ်ကို… ခင်ဗျား ဘာဖြစ်လို့ ဒီအကြောင်းတွေ မေးနေတာလဲ ဆိုတာ ပြောပြနိုင်မလား”
လီယွင်ဖုန်းက အားပါးတရ ပြုံးပြလိုက်ရင်း ပြောလိုက်သည်။
“သြော်… မစိုးရိမ်ကြပါနဲ့ဗျာ။ ကျွန်တော့်မှာ အကြံဆိုး မရှိပါဘူး။ ဖြစ်ပျက်ခဲ့တာတွေကို ဒီတိုင်းလေး သိချင်ရုံသက်သက်ပါ။
ဥပမာ… ဂိုဏ်းတူအစ်ကို အောင်းထျန်းက အံ့ဖွယ်မိုးကောင်းကင် ကျားနဂါးဆွဲပြားကို ဘယ်လို ရှာတွေ့သွားတာလဲ…
သူ့အသက် ဘယ်လောက်ရှိပြီလဲ…
ဂိုဏ်းတူအစ်မ ယွင်ရှီးနဲ့ ဘယ်အဆင့်ထိ ရောက်သွားပြီလဲ…
သြော … ကျွန်တော့်ရဲ့ တခြားနာမည်ကို မိတ်ဆက်ဖို့ မေ့နေတာဗျ… ကျွန်တော်က “အံ့ဖွယ်မိုးကောင်းကင် အားလုံးသိ” ဆိုပြီးတော့လည်း နာမည်ကြီးတယ်လေ။ ဒါပေမဲ့ စိတ်ချနော်… ကျွန်တော့်ပါးစပ်က လုံပါတယ်။
တကယ်ပြောတာ… ဘာမှ မစိုးရိမ်နဲ့။ ဒီနေရာမှာ ပြောခဲ့တဲ့စကားတွေ သိသွားမယ့် တတိယလူ ဆိုတာ လုံးဝ မရှိစေရဘူး”
လီယွင်ဖုန်း မျက်လုံးများက စိတ်လှုပ်ရှားမှုတို့ဖြင့် အရောင်တွေ တောက်နေကာ သူက ထပ်မေးလိုက်သည် “ဒီတော့လေ… ဂိုဏ်းတူညီလေးတို့… အဖြစ်အပျက်လေး ပြောမပြချင်ဘူးလားဟင်”