အခန်း (၉၈) : အနုပညာဆိုတာ ပေါက်ကွဲခြင်းတွေပဲ
ကျန်းယွင်ရှီး၏ အပြစ်တင်စကားများကို နားထောင်ပြီးနောက် ကြာပြာ ကောင်းကင်အသျှင်က ရှက်သွားကာ အကြောင်းအရင်းကို စုံစမ်းရန် ယာဉ်ပျံပေါ်မှ အမြန် ခုန်ဆင်းသွားလိုက်သည်။
“ဘယ်သေချင်းဆိုးကောင်က ငါတို့ကို လာတိုက်တာလဲကွ”
တာအိုကိုယ်တော် ပျံသန်းသွားရာဘက်သို့ အားလုံးက ကြည့်လိုက်ကြသောအခါ သူတို့ယာဉ်ပျံ အောက်တည့်တည့်မှ ဧရာမ ကြီးမားကျယ်ပြန့်သော ရေကန်ကြီးကို သတိပြုမိသွားကြသည်။
ရေကန်ပေါ်တွင် ပေါက်ကွဲမှု တစ်ခု ဖြစ်ပျက်သွားသဖြင့် ရိုက်ခတ်မှုက သူတို့ယာဉ်ပျံကို လာထိမှန်ခြင်း ဖြစ်သည်။
တာအိုကိုယ်တော်၏ အော်သံကို ကြားပြီးနောက် ဆံပင်ရွှေရောင်နှင့် ကောင်လေးတစ်ယောက် ထွက်လာသည်။ သူက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ တပည့်ရင်းတွေသာ ဝတ်ခွင့်ရှိသည့် ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူ့မျက်လုံးများမှာ သေးသေးမှေးမှေးလေး ဖြစ်ကာ အလွန် အေးချမ်းသည့် ကောင်လေး တစ်ယောက် ဖြစ်ဟန်ရှိသည်။
တာအိုကိုယ်တော်ကို မှတ်မိသွားသောအခါ ကောင်လေးက ရှက်သွားကာ တစ်မျက်နှာလုံး ရဲတွတ်သွားလေသည် “မင်္ဂလာနံနက်ခင်းပါ… ဂိုဏ်းတူဦးလေး ကြာပြာ”
တာအိုကိုယ်တော်က ခေါင်းငြိမ့်၍ အသိအမှတ်ပြုလိုက်သည် “မင်းက ဒီမှာ ဘာလုပ်နေတာလဲ… ပေါက်ကွဲခြင်းတွေအကြောင်း ထပ်လေ့လာနေပြန်ပြီလား”
ဆံပင်ရွှေရောင်နှင့် ကောင်လေးက ပြုံးလျက် တုံ့ပြန်လိုက်သည် “ဟုတ်… ယွင်တိက ဝိညာဉ်ချီ ပေါင်းစပ်မှု အသစ်တစ်ခုကို စမ်းကြည့်နေတာပါ။ ပိုပြီး အားကောင်းတဲ့ မိုးကြိုးပေါက်ကွဲခြင်း အဆောင်တစ်ခု လုပ်ရအောင်လို့လေ။ ကျွန်တော့်စမ်းသပ်မှုတွေကြောင့် အထွတ်အမြတ်မြေနားက တောင်တွေ အကုန်လုံးနီးပါး ပြားကုန်ကြပြီ။ အဲဒါကြောင့် တခြားနေရာလည်း မရှိတော့ ကျွန်တော် ဒီမှာပဲ လာပြီး စမ်းသပ်နေရတာပါ။ ကျွန်တော့် မိုးကြိုးပေါက်ကွဲခြင်း အဆောင်ကြောင့် ဂိုဏ်းတူဦးလေးကို အနှောင့်အယှက် ဖြစ်သွားစေမိရင် တောင်းပန်ပါတယ်နော်”
တာအိုကိုယ်တော်က နှာခေါင်းရှုံ့ကာ “တောင်းပန်ပါတယ်ပဲလား… မင်းကြောင့် ယာဉ်ပျံ ထိခိုက်သွားတာကော သိရဲ့လား။ ပျက်စီးမှုအတွက် မင်း အလျော်ပေးရမယ်”
ဆံပင်ရွှေရောင်နှင့် ကောင်လေးက နားမလည်နိုင်စွာဖြင့် “ဒါပေမဲ့… ယာဉ်ပျံက လျို့ဝှက်ကိုယ်ပျောက်စနစ်နဲ့ သွားနေတာဆို အစီအရင်တွေ အလုပ်လုပ်နေရမှာ မဟုတ်ဘူးလားဟင်… ဂိုဏ်းတူဦးလေး”
တာအိုကိုယ်တော်က ပြန်ခံငြင်းဖို့ ကြိုးစားလိုက်သော်လည်း ကျန်းယွင်ရှီးက ဝင်ပြောလိုက်သည် “ဂိုဏ်းတူဦးလေး… ဒီကိစ္စမှာ ဂိုဏ်းတူမောင်လေး မှားတယ်လို့ ကျွန်မတော့ မထင်ဘူး”
ကောင်လေးက ကျန်းယွင်ရှီးအား ကျေးဇူးတင်စွာ ကြည့်လိုက်၏။ သို့သော် သူမကဖြင့် သတိပင် မပြုမိချေ။
ဂိုဏ်းတူဦးလေး ကြာပြာသည် ဒေါသကြီးသည်ဟု နာမည်ကြီးသည်။ သူနှင့် ပြဿနာတက်သည့်သူက ကြာပြာဖြစ်နေတာ ကောင်လေးအတွက် ကံဆိုးမှုကြီး တစ်ခုပင်။
ဂိုဏ်းတူအစ်မသာ မရှိဘူးဆိုရင် ငါတော့ ဒုက္ခကောင်းကောင်း ရောက်တော့မလို့… သူမက ငါ့ရဲ့ ကယ်တင်ရှင်ပဲ…
ယာဉ်ပျံက တဖန်ထပ်မံ၍ စတင် ရွေ့လျားလာပြန်သည်။ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေနား နီးလာပြီ ဖြစ်သည်။
စောစောတုန်းက သူတို့ ခဏရပ်ခဲ့သည့် ကြေးမုံလဝန်း ရေကန်သည်ကား အံ့ဖွယ်မိုးကောင်းကင်မြို့ အနီးအနား၌ အကြီးမားဆုံး ရေကန်ကြီး ဖြစ်လေသည်။ ရေကန်က အံ့ဖွယ်မိုးကောင်းကင် တောင်ထိပ်နှင့် အလွန်နီးသည်။ ထို့ကြောင့်လည်း အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ ထိုတပည့်ရင်းက ထိုကန်တွင် သူ့မိုးကြိုးပညာရပ်ကို စမ်းသပ်နေခြင်း ဖြစ်သည်။
ယာဉ်ပျံပေါ်၌…
ရှန်ထျန်းက ခဏတာ စဉ်းစားနေလိုက်ပြီးမှ မေးလိုက်၏ “ဂိုဏ်းတူအစ်မ… စောနက တစ်ယောက်က အထွတ်အမြတ်မြေက ဂိုဏ်းတူအစ်ကိုလား”
ကျန်းယွင်ရှီးက ခေါင်းငြိမ့်ကာ “ဟုတ်တယ်။ သူက ရွှေကြာ ဝိညာဉ်တောင်ရဲ့ ပင်မတပည့်၊ ချင်ယွင်တိလေ။ ဂိုဏ်းတူဒေါ်လေး ရွှေကြာရဲ့ တစ်ဦးတည်းသော သားပေါ့။ အစ်မတို့ဂိုဏ်းထဲမှာ ဝိညာဉ်အသွင်ပြောင်းခြင်း အကြီးအကဲ ကိုးယောက် ရှိတယ်။
ပြီးတော့ သူတို့ တစ်ယောက်ချင်းစီက ဝိညာဉ်တောင် တစ်တောင်စီကို ကြီးကြပ်စောင့်ရှောက်နေတယ်။ ဒါပေမဲ့… မင်းက အစ်မတို့ရဲ့ သူတော်စင်ဆိုတော့ ဝါစဉ်အရဆို သူကတောင် မင်းကို ဂိုဏ်းတူအစ်ကိုလို့ ခေါ်ရမှာ”
ခဏလောက် တွေးကြည့်ပြီး ရှန်ထျန်းက ပြောလိုက်သည် “သြော်… အဲလိုကိုး။ ဒီဂိုဏ်းတူညီလေးက အရမ်းထူးခြားတာပဲလို့ ကျွန်တော်က တွေးနေတာ”
အမှန်ပင်… သူ့ရောင်ဝါစက်ဝန်းက ရွှေရောင် အကွက်တွေနှင့် အနီရောင်စက်ဝန်းလေ။ သူက သာမန်လူ မဟုတ်တာ အသေအချာပဲ။
ပိုပြီး အရေးကြီးသည့် အချက်မှာ ရှန်ထျန်းက ထိုကောင်လေး၏ ရောင်ဝါစက်ဝန်းထဲ၌ ကံအပြောင်းအလဲ အခွင့်အရေးကို တွေ့လိုက်မိခြင်းပင်။ အနားမှာ တခြားလူတွေသာ ရှိမနေပါက ယာဉ်ပျံပေါ်ကနေတောင် သူက ခုန်ချပြီးလောက်လေပြီ။
ကံအပြောင်းအလဲ အခွင့်အရေးကို ကောင်းကောင်းတောင် မကြည့်လိုက်ရဘူး… အချိန်ရရင် ငါလေး ဒီဂိုဏ်းတူညီလေးကို သွားရှာဦးမှပါ… အဲဒီအချိန်အထိ သူ အခွင့်အရေးနဲ့ မကြုံသေးဖို့ကို မျှော်လင့်ရမှာပဲ…
ချင်ယွင်တိ၏ နာမည်ကို ရှန်ထျန်းက စိတ်ထဲတွင် မှတ်ထားလိုက်၏။
ကျန်းယွင်ရှီးက ဆက်ပြောလိုက်သည်။
“အင်း သူက အရမ်း ထူးခြားတာတော့ အမှန်ပဲ။ ကံဆိုးတာက သူက သူ့အရည်အချင်းတွေကို ဖြုန်းတီးပစ်လိုက်တယ်လေ။ သူ့မွေးရာပါ ပါရမီအရဆို သူသာ ကြိုးစားရင် အခုအချိန်မှာ ရွှေအမြုတေအဆင့် ရောက်နေလောက်ပြီ။ ဒါပေမဲ့ သူက ကျင့်ကြံဖို့ စိတ်မဝင်စားဘူး။ မိုးကြိုးအဆောင်တွေ လေ့လာဖို့ပဲ ရူးသွပ်နေလေရဲ့။
မှန်တာကို ဝန်ခံရမယ်ဆိုရင်… သူ တီထွင်လိုက်တဲ့ မိုးကြိုးအဆောင်တွေက တခြားအဆောင်တွေထက် အများကြီး ပိုအစွမ်းထက်တယ်။ တစ်ခါသားဆို သူက မိုးကြိုးပေါက်ကွဲခြင်းအဆောင် အခု ၆၀၀ ကို သုံးပြီး ရွှေအမြုတေ နောက်ဆုံးအဆင့် သားရဲနတ်ဆိုးတစ်ကောင်ကို အသေသတ်နိုင်ခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဆောင်ပစ္စည်းတွေ သုံးပြီး တိုက်ခိုက်တာက ကျင့်ကြံခြင်းရဲ့ အခြေခံသဘောတရား မဟုတ်ဘူးလေ။
နောင်ကျ မင်းလိုအပ်ရင် သူ့ဆီကနေ မိုးကြိုးပေါက်ကွဲခြင်းအဆောင်တွေ ဝယ်လို့ရတယ် သိလား။ အစ်မနာမည်ကိုသာ ထုတ်ပြောလိုက်။ သူ မင်းကို လျော့ဈေးနဲ့ ပေးလိမ့်မယ်။
ဒါပေမဲ့ သတိတော့ထားနော်။ သူ့လုပ်သလို အမှားတွေ လိုက်မလုပ်နဲ့။ ကျင့်ကြံခြင်းကသာ အောင်မြင်ဖို့အတွက် အဓိကသော့ချက်ပဲ”
ချင်ယွင်တိကြောင့် ရှန်ထျန်း လမ်းမှားလိုက်မည်ကို စိုးရိမ်ကာ ကျန်းယွင်ရှီးက အသေးစိတ် သေချာ ရှင်းပြလိုက်သည်။
ရှန်းထျန်းက ခေါင်းငြိမ့်ပြလိုက်၏။ အခုဆို ထိုကောင်လေးအကြောင်း အကြမ်းဖျင်း သိသွားလေပြီ။
ချင်ယွင်တိသည် အားကောင်းသော ဝိညာဉ်အသွင်ပြောင်းခြင်း ကျင့်ကြံသူတစ်ယောက်၏ သားဖြစ်သည်။ သို့သော် သူက သူ့အရင်းအမြစ် အားလုံးကို သူ့သုတေသန စမ်းသပ်ချက်တွေပေါ်မှာ သုံးပစ်လိုက်သည်။ သူနှင့်ရွယ်တူ ဖြစ်သည့် ဖန်ချန်း၊ ကျန်းယွင်ထင်နှင့် ကျန်းယွင်ရှီးတို့က လက်ရှိမှာ ရွှေအမြုတေအဆင့် ရောက်နေပြီ ဖြစ်သည်။ ထို့အပြင် သူတို့သုံးယောက် စလုံးက အရှေ့ပိုင်းလွင်ပြင်ထဲက ရွှေအမြုတေကျင့်ကြံသူ ထိပ်ဆုံးဆယ်ယောက် စာရင်းဝင်များ ဖြစ်ကြသည်။
တခြားတစ်ဖက်တွင်ကား ချင်ယွင်တိက အခြေတည်အဆင့်၌သာ ရှိနေသေးလေ၏။
လုပ်သင့်လုပ်ထိုက်တာကို မလုပ်၍ သူ့အမေ ရွှေကြာ ကောင်းကင်အသျှင်က သူ့ကို အမြဲ စိတ်ဆိုးစိတ်တိုနေရသည်။ တစ်ချိန်တည်းမှာပဲ အကုန်အကျများလွန်းသည့် သူ့သုတေသနများက သူမ ဒေါသများကို အရှိန်မြှင့်သွားစေလေ၏။ ပိုက်ဆံတွေကို ထိုကဲ့သို့ ဖြုန်းတီးပစ်နေသည်ကို သူမက သည်းမခံနိုင်တော့ပေ။ သည်လိုနှင့် ရွှေကြာ ကောင်းကင်အသျှင်က သူ့ကို မုန့်ဖိုးမပေးတော့ချေ။ ထိုသို့လုပ်လိုက်ပါက သူမသားလေးကို သူမစကား နားထောင်လာအောင် ဖိအားနိုင်လိမ့်မည်ဟု တွေးနေခဲ့၏။
သူမ၏အထင်နှင့် ကွဲလွဲစွာ ချင်ယွင်တိက ပိုက်ဆံရှာဖို့ နည်းလမ်းအသစ် တစ်ခုကို ရှာတွေ့သွားသည်။ သူက အထွတ်အမြတ်မြေထဲတွင် သူ့မိုးကြိုးအဆောင်များ ရောင်းချခြင်းကို စတင်လိုက်လေ၏။
သူ့ကျင့်ကြံဆင့်မှာ နိမ့်သော်လည်း သူ၏ အဆင့်နှစ် မိုးကြိုးအဆောင်မှာကား အင်မတန် အသုံးဝင်ပေသည်။
သာမန် အဆင့်နှစ် မိုးကြိုးအဆောင် တစ်ခုက အခြေတည်အဆင့် ကျင့်ကြံသူ၏ (၃၀) ရာခိုင်နှုန်းစာ စွမ်းအားကိုသာ သယ်ဆောင်ထားသည်။ သို့သော် သူ အဆင့်မြှင့်လိုက်ပြီးသည့်နောက် စွမ်းအားက (၇၀) ရာခိုင်နှုန်းစာအထိ တိုးတက်သွား၏။ တနည်းအားဖြင့် ဆိုရလျှင် သူက သာမန် မိုးကြိုးအဆောင်၏ စွမ်းအားကို (၄၀) ရာခိုင်နှုန်း မြှင့်တင်ပေးလိုက်လေသည်။
ထို့ကြောင့် သူ့မိုးကြိုးအဆောင်က အထွတ်အမြတ်မြေထဲက သာမန်တပည့်များအတွင်း အလွန်ကျော်ကြားသည်။ အထွတ်အမြတ်မြေမှ မဟုတ်သည့် တခြား မိုးကြိုးဓာတ် ကျင့်ကြံသူများကလည်း မိုးကြိုးအဆောင် ဝယ်ရန် သူ့ဆီ လာလေ့ရှိကြသည်။
အပြင်ဘက်တွင် အန္တရာယ်နှင့် ကြုံသည့်အခါ၌ သူတို့၏ အတွင်းအား တစ်ခုတည်းနှင့် သူတို့ကိုယ်သူတို့ အကြာကြီး ကာကွယ်ခုခံရန်မှာ မဖြစ်နိုင်ချေ။ သူတို့အတွင်းအား ကုန်သွားသည့်အချိန်တွင် အားကောင်းသည့် မိုးကြိုးအဆောင် တချို့က သူတို့အသက်ကို ကယ်တင်နိုင်ပေလိမ့်မည်။
တစ်ခါတစ်ရံ သူတို့ကလည်း ကံကောင်းပြီး သုံးစရာ မိုးကြိုးအဆောင်လည်း ခပ်များများ ရှိနေပါက တိုက်ပွဲအခြေအနေကို ပြောင်းပြန်လှန်နိုင်ပြီး အနိုင်တောင် တိုက်နိုင်လိမ့်မည် ဖြစ်သည်။
သို့ဖြစ်၍ ချင်ယွင်တိ၏ မိုးကြိုးအဆောင်မှာ လူကြိုက်များလေ၏။
သို့သော်လည်း အဆောင်များ ပြုလုပ်ရသည်မှာ မလွယ်ကူလှချေ။ ထိုထက်ကို ချင်ယွင်တိ၏ အဓိကပန်းတိုင်မှာ သုတေသန လုပ်ရန်ဖြစ်ပြီး ပိုက်ဆံရှာရန် မဟုတ်ပေ။ ထို့ကြောင့် သူက သူ့မိုးကြိုးအဆောင် အများစုကို စောင့်ကြည့်စမ်းသပ်ရန်နှင့် အချက်အလက် စုဆောင်းဖို့အတွက် သုံးပစ်လိုက်သည်။ အနည်းငယ်ကိုသာ ထုတ်ရောင်းလေသည်။
ထို့ကြောင့် ချင်ယွင်တိက ပိုက်ဆံသိပ်မရှိသဖြင့် ဘဝကြီးကလည်း ချောမွေ့မနေရှာပေ။
ဒီအကြောင်းတွေကို ကျန်းယွင်ရှီးဆီမှ သိလိုက်ရချိန်၌ ရှန်ထျန်းက အံ့သြသွားမိသည်။
ကျင့်ကြံရေးကမ္ဘာလိုမျိုး သိပ္ပံမထွန်းကားတဲ့ နေရာမှာ သုတေသနကို ရူးသွပ်နေတဲ့သူတွေ ရှိသေးတယ်လား… သူများတွေက မိုးကြိုးပညာရပ်တွေ ကျင့်ကြံနေတဲ့အချိန်၊ မင်းက ဗုံးတွေကို လေ့လာနေတယ် ဟုတ်လား… အနုပညာဆိုတာ ပေါက်ကွဲခြင်းတွေပဲ… အဲလိုပေါ့လေ… ဘာလဲ မင်းက နာရူတိုထဲက ဒဲအိတရလားကွ…