အခန်း (၉၇) : လိပ်နက်သဏ္ဍာန် မိုးကြိုးပုံရိပ်
ကြာပြာကောင်းကင်အသျှင် ချူးလုံဟယ်က ယာဉ်ပျံကုန်းပတ်ပေါ်မှ ပျောက်သွားလေပြီ။
သူဌေးစုန့်၊ လျှိုထိုက်ယီ၊ လျှိုကျစ်ကျားနှင့် ရှုန်းမုန့်တို့ကတော့ ရှေ့လျှောက် ဆရာကောင်းကင်ကို ဘယ်လို မြှောက်ပင့်ရမလဲ ဆိုတာကို ဆွေးနွေးနေသည်။
ကွေ့ကုန်းကုန်းနှင့် ချင်ကောင်းတို့က ယာဉ်ပျံကြမ်းခင်းပေါ်တွင် ကျင့်ကြံနေကြသည်။ သူတို့က သူတို့ကိုယ်ထဲရှိ မိုးကြိုးစွမ်းအင်တို့ကို ပိုပြီး အားကောင်းအောင် လုပ်နေကြသည်။
အရာအားလုံးက ပုံမှန်အတိုင်း လည်ပတ်နေသည်မှာ ယာဉ်ပျံ၏ အခန်းငယ်ဆီမှ အသံကျယ်ကြီး တစ်ခု ထွက်မလာခင်အထိ ဖြစ်သည်။
“အား… ထွက်လာပြီ”
အားလုံးက ချက်ချင်းဆိုသလို အသံကို မှတ်မိလိုက်သည်။
ဤသည်ကား သူတို့၏ သူတော်စင်၊ ဆရာကောင်းကင် ဖြစ်သည်မှာ ကျိန်းသေသည်။ အခုလောလောဆယ် သူ တစ်ခုခု လုပ်နေတာ ဖြစ်ရမည်။
ချင်ကောင်းက ဓားကို အမြန် ဆွဲထုတ်ကာ အော်လိုက်၏ “အရှင့်သားမှာ အန္တရာယ် ရှိနေပြီ”
ထို့နောက် သူက အနီရင့်ရင့် အရိပ်တစ်ခု အသွင်ပြောင်းကာ အခန်းငယ်ဆီ လျင်မြန်စွာ သွားလိုက်သည်။
ကွေ့ကုန်းကုန်းသည် ပြောစရာ စကားမရှိ ဖြစ်သွားသော်ငြား သူကလည်း အလျင်အမြန် ကိုယ်ဖော့ပညာ ထုတ်သုံးကာ ချင်ကောင်းကို တားလိုက်၏ “ကောင်း… စိတ်အေးအေးထားစမ်း”
ချင်ကောင်း၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံက ဟရူးဂါနတ်ဆိုးကျမ်း ကျင့်ကြံဖို့ အလွန် သင့်တော်သောကြောင့် ရက်ပိုင်းအတွင်း အရှိန်ထိုး တိုးတက်သွားသည်။ အခြေတည်အဆင့် ကျင့်ကြံသူ ဖြစ်သည့် သူဌေးစုန့်ပင်လျှင် သူ့ကို မနာလိုဖြစ်နေရသည်။
သို့သော် သူက ကွေ့ကုန်းကုန်းလောက် မလေ့ကျင့်သဖြင့် ကွေ့ကုန်းကုန်းထက်တော့ နှေးနေသေးသည်။
“ဦးလေးကွေ့… အရှင့်သားမှာ အန္တရာယ်ရှိနေပြီဗျ။ ကျွန်တော်တို့တွေ သွားကြည့်သင့်တယ် မဟုတ်ဘူးလား”
ကွေ့ကုန်းကုန်းက လူငယ်လေးအား ကြည့်ကာ သက်ပြင်းချလိုက်၏ “စိတ်အေးအေးထားစမ်းပါကွာ… အဲဒါ မင်းထင်သလို မဟုတ်ဘူး။ ဒါက မင်းတို့ငါတို့ ဘယ်တော့မှ မခံစားနိုင်တဲ့ သာယာပျော်ရွှင်မှု တစ်ခုလေ”
ချင်ကောင်းက ခဏတာ မှင်သက်သွားပြီးမှ ဦးလေးကွေ့ ဘာကို ဆိုလိုမှန်း သဘောပေါက်သွားလေသည်။ သူက ရှက်ပြုံးလေး ပြုံးလိုက်၏။
ဦးလေးကွေ့က တကယ့်ကို အရိပ်အကဲ ဖတ်တတ်တာပဲ။ ငါ ဒီကိစ္စကို လုံးဝ မတွေးမိလိုက်ဘူး။ ဒါဆို အခု မင်းသားလေးက သူ့အခန်းထဲမှာ ဟိုဒင်းဟိုဟာ လုပ်နေတာပေါ့နော်…
ချင်ကောင်း၏ မျက်လုံးများ၌ မနာလိုမှု၊ သိချင်စူးစမ်းလိုမှုတို့ အပြည့် ဖြစ်သွားသည်။ သူကတော့ ဒီသာယာမှုကို ဘယ်တော့မှ သိနိုင်မည့်သူ မဟုတ်ပါလေ။
“တကယ့်ကို ဆရာကောင်းကင် ပီသပါပေတယ်။ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရဲ့ သူတော်စင်မတောင် ဆရာ့ရဲ့ ညှို့ဓာတ်သြဇာကနေ မလွတ်မြောက်နိုင်ဘူးကိုး ”
“သူတော်စင်မကို အဲဒီကိစ္စ လုပ်ဖို့ ဖျောင်းဖျနိုင်တာ ဆရာကောင်းကင်က တကယ်ကို လေးစားဖို့ ကောင်းပါပေ့ဗျာ”
“ညီနောင်တို့… ကြည့်ရတာ ကျုပ်တို့တွေ နောက်ကျရင် သူတော်စင်မကိုပါ မြှောက်ပင့်ဖို့ လိုမယ်နဲ့ တူတယ်ဟေ့”
“နောက်ဆုံးတော့ ဒီလိုနေ့လေး ရောက်ရှိလာခဲ့ပြီ။ သခင်မသာ သိရင် အရမ်း ပျော်သွားရှာမှာ”
ကုန်းပတ်ပေါ်တွင် လူတစ်ယောက်က ငြိမ်သက်စွာ မတ်တပ်ရပ်နေ၏။ သူတို့တွေက ဘာမှ ဆက်မပြောတော့ချေ။
တစ်ချိန်တည်းမှာပဲ ရှန်ထျန်း အခန်းထဲ၌…
ကျန်းယွင်ရှီး သူ့ကို ကြည့်သည့် အကြည့်တွေက တမျိုးကြီး ဖြစ်နေမှန်း သတိပြုမိသောအခါ ရှန်ထျန်းတစ်ယောက် ပါးစပ်တွန့်သွား၏။
ဟင်း… ငါ့ရဲ့ လိပ်နက်သဏ္ဍာန် မိုးကြိုးပုံရိပ်ကို မြင်ပြီးပြီပဲ နေမှာ။ အခုတော့ ဒါကို ဖုံးထားဖို့ နည်းလမ်းလည်း မရှိတော့ဘူး။
ဘာလို့ ငါ့မှာ တစ်ကြိမ်လေးတောင် မထင်ပေါ်ဘဲ မနေနိုင်ရတာလဲ… ငါ့ရုပ်ရည်က ဆွဲဆောင်မှု ရှိနေရုံတင်မကဘူး၊ ကျင့်ကြံရေးမှာပါ ပါရမီထူးနေသေးပါလား …
ရှန်ထျန်းမှာ စိတ်ဓာတ်အကြီးအကျယ် ကျနေမိသည်။ လောလောဆယ် သူ့ဂိုဏ်းတူအစ်မက ပုံရိပ်သဏ္ဍာန်ကို တွေ့သွားပြီ ဖြစ်လေရာ အခု ဘာလုပ်ရမလဲ…
ရှန်ထျန်းက မတတ်သာသည့်အဆုံး အံ့သြချင်ယောင်ဆောင်လိုက်ရသည် “ကျွန်တော်လည်း ထင်မထားဘူး”
ကျန်းယွင်ရှီးက ခေါင်းငြိမ့်ပြကာ ဆက်မမေးတော့ချေ။ သူမက ပုံရိပ်သဏ္ဍာန်နား တိုးသွားလိုက်ပြီး ပြုံးကာ “အစ်မ ဒါလေးကို ထိကြည့်လို့ ရမလားဟင်”
ရှန်ထျန်းတစ်ယောက် တကယ်ကို ဘာပြောရမှန်းမသိ ဖြစ်သွားလေပြီ။
ဒါက လိပ်နက် တစ်ကောင်ပဲဟာ။ ဘာတွေများ ထိကြည့်စရာ ရှိလို့လဲဗျာ…
သို့သော် တားရမည် မဟုတ်မှန်း သိနေ၍ ရှန်ထျန်းက ငြင်းမနေတော့ချေ။
“ရပါတယ် ဂိုဏ်းတူအစ်မ… ထိကြည့်လေ။ ညင်ညင်သာသာလေးတော့ လုပ်နော်”
ကျန်းယွင်ရှီးက အားမထိန်းနိုင်ဘဲ သူ့ပုံရိပ်သဏ္ဍာန်လေးကို မတော်တဆ ဖျက်ဆီးမိသွားမှာကို သူ့ခမျာ အတော်လေး စိုးရိမ်နေရှာသည်။
ကျန်းယွင်ရှီးသည် လိပ်နက်ကလေးကို သူမ ညာလက်နှင့် ဖြည်းဖြည်းလေး ပွတ်သပ်လိုက်သည်။ သူမ ထိလိုက်သည့်အခိုက် အဖြူရောင် အလင်းတစ်ခုကလည်း ပုံရိပ်သဏ္ဍာန်ထဲ ပြေးဝင်သွားလေ၏။ ထိုဟာမှာ ကျန်းယွင်ရှီး၏ အစွမ်း ဖြစ်နေပြန်သည်။ ထိုအစွမ်းက လိပ်နက်နှင့် ပေါင်းစပ်နေသည်။
သိပ်မကြာ၌ လက်ဝါးအရွယ် လိပ်နက်ကလေးက အရွယ်အစား စတင် ကြီးလာလေ၏။ အရမ်းကြီး မသိသာသော်လည်း အရင်ကထက်တော့ တော်တော်လေးကို ပိုကြီးလာပြီ ဖြစ်သည်။
ကျန်းယွင်ရှီးက အနည်းငယ် ဖြူဖျော့သွားကာ နူးညံ့စွာ ပြောလိုက်သည် “တွေ့လား… အခု ပိုကြီးသွားပြီ”
မူလနတ်မိုးကြိုး ပိုများလာအောင် လုပ်ပေးနေသော သူ့ကိုယ်ထဲမှ စွမ်းအင်တစ်စုကို ရှန်ထျန်း ခံစားမိသည်။ ကျန်းယွင်ရှီးကို ကြည့်ရသည်မှာတော့ မောပန်းနွမ်းနယ်သွားပုံ ပေါ်သည်။
ရှန်ထျန်းက ပြောလိုက်သည် “ဂိုဏ်းတူအစ်မ… အစ်မကို ကြည့်ရတာ ဖြူဖျော့နေတာပဲ။ အခု ဒီလောက်နဲ့ ရပ်လိုက်ရအောင်ပါလား”
ကျန်းယွင်ရှီးက ခေါင်းယမ်းကာ ပြောလိုက်သည် “ကိစ္စမရှိဘူး။ ဆက်လုပ်ကြရအောင်။ ဒီလို လုပ်တာ ဒါ ပထမဆုံး အကြိမ်မို့လို့ သိပ်အသားမကျသေးတာ။ အစ်မအတွက် စိုးရိမ်စရာ မလိုပါဘူး။ ကိုယ့်အတွက်ကိုယ်ပဲ အရင်ဆုံး အာရုံစိုက်။ အစ်မက နောက်ပြီးကျ တစ်ညလောက် အနားယူလိုက်ရင် ပြန်ကောင်းသွားမှာ”
ကျန်းယွင်ရှီးက သူ့ကို အများကြီး ကူညီပေးနေသောကြောင့် ရှန်ထျန်းရင်ထဲ အလွန် ထိသွားလေသည်။
သူမက ငါ့အတွက်တော့ တကယ့်အစ်မအရင်း တစ်ယောက်ပါပဲ…
ရုတ်တရက်ကြီး ယာဉ်ပျံက ပြင်းထန်စွာ တုန်ခါလာသည်။
ရှန်ထျန်းက အလိုအလျောက် တံခါးပေါက်ဆီသို့ အပြေးသွားလိုက်မိသည်။ မြေငလျင်လှုပ်သည်ဟု သူက ထင်လိုက်မိ၏။
ကျန်းယွင်ရှီးလည်း အလွန်စိတ်ပူသွားသည်။
အံ့ဖွယ်မိုးကောင်းကင် ယာဉ်ပျံမှာ ထိပ်တန်းအဆင့် ဓမ္မပစ္စည်း တစ်ခု ဖြစ်သည်။ ယာဉ်ပျံတွင် တုန်ခါမှုတွေကို တားဆီးနိုင်သော မြင့်မားသည့် ခုခံစွမ်းရည် ရှိသည်။ ကနဦး စိတ်ဝိညာဉ် ကျင့်ကြံသူ တစ်ယောက်ပင်လျှင် ယာဉ်ပျံကို ဒီလောက် ပြင်းပြင်းထန်ထန် တုန်ခါသွားအောင် လုပ်ဖို့ အတော်ခက်မည် ဖြစ်သည်။
ကောင်းကင်အသျှင် တစ်ယောက်ယောက်ကများ ငါတို့ကို လာတိုက်တာလား… ချန်းဟယ် ကောင်းကင်အသျှင် များလား…
ကျန်းယွင်ရှီးက အခန်းထဲမှ တရှိန်ထိုး ပြေးထွက်သွားသည်။ ယာဉ်ပျံကုန်းပတ်ပေါ်သို့ သူမ ရောက်သည့်အချိန်တွင်ကား သူမမျက်နှာက မည်းမှောင်သွားလေ၏။
ကျန်းယွင်ရှီးက အံကြိတ်ကာ “ဂိုဏ်းတူဦးလေး ကြာပြာ… ဦးလေး အစီအရင်တွေ အကုန်လုံးကို ပိတ်လိုက်တာလား”
အစီအရင်တွေ အကုန်လုံး ဘယ်အချိန်ကတည်းက အပိတ်ခံလိုက်ရသလဲ ဆိုတာ ကျန်းယွင်ရှီး မသိပေ။ အစောပိုင်းတွင် သူတို့က လျို့ဝှက်ကိုယ်ပျောက်စနစ်နှင့် သွားနေခြင်း ဖြစ်သည်။ သို့သော် အခု သူတို့က အရှိန်တင်စနစ်နှင့် သွားနေလေ၏။
ဝိညာဉ်ကျောက်တုံး ကုန်ကျမှု သက်သာသွားသော်လည်း လက်ရှိအနေအထားတွင် သူတို့ယာဉ်ပျံက ခုခံနိုင်စွမ်း အားနည်းသွားပြီ ဖြစ်သည်။ ထို့ကြောင့်လည်း ယာဉ်ပျံက ထိခိုက်မှု သေးသေးလေး ဖြစ်သွားသည်ကိုပင် အင်မတန် ပြင်းထန်စွာ တုန်ခါသွားရခြင်း ဖြစ်သည်။
စိမ်းပြာရောင် မီးတောက်တစ်ခုက လေဟာနယ်ထဲ ပေါ်လာသည်။ ထို့နောက် ကောင်းကင်အသျှင် ချူးလုံဟယ် အသွင်ပြောင်းသွားလေသည်။ သူက ချောင်းဟန့်ပြီး ရှင်းပြလိုက်၏ “အဟမ်း… ငါက ဝိညာဉ်ကျောက်တုံးတွေ ချွေတာပေးမလို့ လုပ်နေတာပါ။ ဒီမှာ ငါတစ်ယောက်လုံး ရှိနေတဲ့ဟာကို ဘယ်ခုခံရေးအစီအရင်မှ မလိုတော့ဘူးလေ”
ကျန်းယွင်ရှီးက သူ့ကို မျက်နှာသေဖြင့် စိုက်ကြည့်လိုက်ရင်း “အဲဒါဆိုရင် စောနက တုန်ခါမှုကြီးနဲ့ ပတ်သက်ပြီး ဦးလေး ရှင်းပြနိုင်မလား… ကျွန်မက ဂိုဏ်းတူမောင်လေး ကျင့်ကြံတာကို ကူညီပေးနေတုန်းကြီးလေ”