Switch Mode

အခန်း(၉၆)

ပုံရိပ်သဏ္ဍာန် ပေါ်လာခြင်း

အခန်း (၉၆) : ပုံရိပ်သဏ္ဍာန် ပေါ်လာခြင်း

ရှန်ထျန်းက ထိုသို့တွေးကာ ခေါင်းယမ်းပြလိုက်၏ “တကယ်ကို ရှက်မိပါတယ်။ ကျွန်တော် အဲဒါကို ကျင့်ကြံမလို့ လုပ်သေးပေမဲ့ သိပ်ရှေ့မရောက်ဘူး ဖြစ်နေတယ်”

ကျန်းယွင်ရှီးက သိချင်စွာ မေးလိုက်သည် “အိုး … မင်း ဘယ်နတ်မိုးကြိုးကို ကျင့်လိုက်တာလဲ။ ဘယ်အဆင့်ထိ ရောက်သွားပြီလဲ”

ရှန်ထျန်းက သက်ပြင်းချကာ “ကျွန်တော့်ကိုယ်က ရေဓာတ် သဘောဆောင်နေတော့ ကျွန်တော်က လိပ်နက် နဝမနတ်မိုးကြိုးကို စကျင့်ကြံလိုက်တာ။ လောလောဆယ်အထိတော့ ပုံရိပ်သဏ္ဍာန် ပေါ်လာအောင် မလုပ်နိုင်သေးဘူး”

“ဟယ် … တကယ်လား … မင်းက ရေဓာတ် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာလား”

ကျန်းယွင်ရှီး၏ မျက်လုံးလေးများက အရောင်လက်သွားသည်။

“ဒီအတွက်ကြောင့် ရှက်နေစရာ မလိုပါဘူး။ နတ်မိုးကြိုးငါးပါး ကျင့်စဉ်က သင်ယူဖို့ ခက်ခဲတဲ့ထဲ ပါတယ်လေ။ အထွတ်အမြတ်မြေထဲမှာလည်း တပည့်တွေ အများကြီးက နတ်မိုးကြိုးငါးပါး ကျင့်စဉ်ကို ကျင့်ကြံပေမဲ့ အနည်းစုလောက်ပဲ ပုံရိပ်သဏ္ဍာန် ပေါ်လာအောင် လုပ်နိုင်ကြတာ။ မင်းဆီမှာ မူလနတ်မိုးကြိုး ရှိနေတော့ တစ်နေ့ကျ သေချာပေါက် ပုံရိပ်သဏ္ဍာန် ပေါ်လာအောင် လုပ်နိုင်သွားမှာပါ”

ရှန်ထျန်းက ခေါင်းငြိမ့်ကာ ပြောလိုက်၏ “ဟုတ်ပဗျာ။ နဝမနတ်မိုးကြိုး ကျင့်စဉ်က အရမ်း ခက်တာပဲ”

ကျန်းယွင်ရှီးက လျို့ဝှက်ပြုံးတစ်ခုဖြင့် ပြောလိုက်သည် “တကယ်တော့ ပိုမြန်တဲ့ နည်းလမ်း တစ်ခု ရှိတယ်”

ရှန်ထျန်းမှာ အံ့သြသွားရသည်။

ဒီနတ်မိုးကြိုးငါးပါး ကျင့်စဉ်ကို ကျင့်ကြံဖို့ ပိုမြန်တဲ့ နည်း ရှိသေးတယ်လား … ငါ့ထက်ကို ပိုမြန်တဲ့ဟာလေ…

ရှန်ထျန်း ဇဝေဇဝါ ဖြစ်နေပုံကို မြင်သောအခါ ကျန်းယွင်ရှီးက အလွန် ဂုဏ်ယူကျေနပ်သွား၏။

သူမက ဖြည်းဖြည်းချင်း ပြောပြလိုက်သည် “မင်း သိတဲ့အတိုင်းပဲ ဓာတ်ကြီးငါးပါးက တစ်ခုနဲ့တစ်ခု အားဖြည့်နိုင်သလို တစ်ချိန်တည်းမှာပဲ တွန်းကန်ဆန့်ကျင်နိုင်ကြတယ်လေ။ သတ္တုက ရေကို အားဖြည့်ပေးနိုင်တယ်။ အစ်မ ကျင့်နေတဲ့ သတ္တမ နတ်မိုးကြိုး(သတ္တု)က မင်းရဲ့ကျင့်ကြံနှုန်းကို အရှိန်မြန်အောင် မြှင့်ပေးနိုင်တယ်”

ထို့နောက် ကျန်းယွင်ရှီးက ရှန်ထျန်းကို ကြည့်ရင်း ပြောလိုက်၏ “ဂိုဏ်းတူမောင်လေး … တို့တွေ နှစ်ကိုယ်တူ ကျင့်ကြံရအောင်”

ရှန်ထျန်းမှာ တံတွေးသီးမတတ်ဖြစ်သွားကာ “ဘာ… ဘာ… ဘာ”

ကျန်းယွင်ရှီးက သူမ ပြောလိုက်သည့် စကားလုံး မှားသွားမှန်း ချက်ချင်း သဘောပေါက်သွားကာ ရှက်သွေးဖြာနေသည့် မျက်နှာကလေးနှင့် မြန်မြန် ရှင်းပြလိုက်သည်။

“နေဦး။ အထင်မလွဲနဲ့။ အစ်မ ဆိုလိုတာက တို့ရဲ့ သတ္တုဓာတ် မူလနတ်မိုးကြိုးကို သုံးပြီး မင်းရဲ့ ရေဓာတ် မူလနတ်မိုးကြိုးကို ပုံဖော်ဖို့ ကူညီမယ်လို့ ပြောတာ။ ဒီနည်းနဲ့ဆို မင်း နဝမ နတ်မိုးကြိုး(ရေ)ကို ကောင်းကောင်း ပိုပြီး ထိန်းချုပ်နိုင်သွားလိမ့်မယ်”

ရှန်ထျန်းက စိတ်သက်သာရာရသွား၏။ သူမပြောသည့် နှစ်ကိုယ်တူ ကျင့်ကြံခြင်းက ရိုးရိုးသားသား သဘော ရှိနေလိမ့်မည်ဟု သူ မထင်ထားမိခဲ့ပေ။

သို့သော် တကယ်တမ်းတွင် သူက လိပ်နက်ပုံရိပ်သဏ္ဍာန်ကို ဆင့်ခေါ်နိုင်နေပြီ ဖြစ်လေရာ ထိုသို့ လုပ်ရန် မလိုအပ်ဟု သူက တွေးလိုက်၏။

ရှန်ထျန်းက ယဉ်ကျေးရည်မွန်စွာ ပြောလိုက်သည် “ရပါတယ် ဂိုဏ်းတူအစ်မရယ်။ ကျွန်တော် အစ်မကို အသေးအဖွဲ ကိစ္စလေးတွေနဲ့ အလုပ်မရှုပ်စေလိုပါဘူး”

“ကဲပါ… အစ်မကို အရမ်းကြီး လေးလေးစားစား ဆက်ဆံနေစရာ မလိုပါဘူးဆို” ကျန်းယွင်ရှီးက ပြုံးကာ ပြောလိုက်သည်။

“အထွတ်အမြတ်မြေထဲမှာ အစ်မတို့က ဂိုဏ်းတူမောင်လေးနဲ့ ဂိုဏ်းတူအစ်မ တင်မဟုတ်ဘူး၊ တို့တွေက သူတော်စင်နဲ့ သူတော်စင်မလည်း ဖြစ်နေသေးတယ်လေ။ ဒါကြောင့် တို့တွေ တစ်ယောက်နဲ့ တစ်ယောက် ကူညီရိုင်းပင်းရမှာပေါ့။ ကဲ လာ ဒီမှာထိုင်။ မင်းရဲ့ နတ်မိုးကြိုးအတွက် ဂါထာကို ဖြည်းဖြည်းချင်း သုံးကြည့်ကြည့်လိုက်။ မင်း ဘာမှ စိတ်ပူနေစရာ မလိုဘူး”

ကျန်းယွင်ရှီးက အတင်းပြောနေသဖြင့် ရှန်ထျန်းလည်း မတတ်သာသည့်အဆုံး သူမ၏ အကူအညီကို လက်ခံလိုက်ရလေတော့သည် “ကျေးဇူးတင်ပါတယ် ဂိုဏ်းတူအစ်မ”

သူက ထိုင်ချလိုက်ကာ ဂါထာရွတ်ခြင်းကို ဖြည်းဖြည်းချင်း စတင်လိုက်သည်။ တစ်ချိန်တည်းမှာ ဂါထာ၏ အစွမ်းကို အနည်းဆုံး ဖြစ်အောင် လုပ်ထားလိုက်သည်။

ခပ်မှိန်မှိန် အနက်ရောင် အလင်းတန်း တစ်ခုက သူ့ကိုယ်ကို လွှမ်းခြုံသွားသည်။ ထို့အတူ သူ့ခေါင်းပေါ်တွင်လည်း အနက်ရောင် အလင်းတန်း တစ်ခု ဖြစ်ပေါ်လာသည်။ ကြည့်ရတာ ပုံရိပ်သဏ္ဍာန်က ခဏနေရင် တန်းထွက်ပေါ်လာတော့မယောင် ဖြစ်နေ၏။

ကျန်းယွင်ရှီးက အင်မတန် အထင်ကြီးသွားသည် “ဝိုး… တော်တယ်။ မင်း နဝမ နတ်မိုးကြိုးကို ဒီလောက်ထိ နက်နက်နဲနဲ နားလည်နေလိမ့်မယ်လို့ အစ်မ မထင်ထားမိဘူး။ မူလနတ်မိုးကြိုးက မင်းကို ရွေးချယ်လိုက်တာလည်း မထူးဆန်းတော့ပါဘူးလေ။ မင်းက မိုးကြိုးကျင့်စဉ်တွေမှာ တကယ့်ကို ဘုရားပေးတဲ့ လက်ဆောင်ပါရမီ ရထားတာပဲကိုး”

အသက်ပြင်းပြင်း တစ်ချက် ရှုလိုက်ပြီးနောက် ကျန်းယွင်ရှီးကလည်း ရှန်ထျန်းကုတင်ပေါ် တက်ထိုင်လိုက်ကာ

“ဂိုဏ်းတူမောင်လေး… စိတ်ကိုလျော့ချထား။

အံ့ဖွယ်မိုးကောင်းကင် ကျားနဂါးဆွဲပြား ပြန်ထွက်ပေါ်လာတဲ့ အချိန်တုန်းက မူလနတ်မိုးကြိုး ပေါက်ကွဲသွားမှုကြောင့် မင်းက မူလနတ်မိုးကြိုး တော်တော်များများကို မင်းကိုယ်ထဲ စုပ်ယူလိုက်သလို ဖြစ်သွားရတယ်။ ဒါကြောင့် မင်းကိုယ်ထဲမှာ အခုဆို မူလနတ်မိုးကြိုးတွေ အများကြီး ရှိနေတယ်။ မင်း အခု နတ်မိုးကြိုးငါးပါးကျင့်စဉ်ကို သင်ယူတဲ့အခါမှာ အဲဒါတွေက မင်းအတွက် အရမ်းကို အကျိုးထူးစေလိမ့်မယ်။

နောက်ပြီးကျရင် အစ်မ မင်းကိုယ်ထဲကို အစ်မဆီက သတ္တုဓာတ် မူလနတ်မိုးကြိုးရဲ့ တစ်စိတ်တစ်ပိုင်းကို လွှဲပေးလိုက်မယ်။ ဒီလိုဆို မင်းကိုယ်ထဲက မူလနတ်မိုးကြိုး အသက်ဝင် နှိုးထလာပြီး မင်းရဲ့ ရေဓာတ် နတ်မိုးကြိုးကို အထောက်အကူ ပေးလိမ့်မယ်။ မင်း ဘာမှ မစိုးရိမ်နဲ့။ စိတ်ကို လျော့ထားပြီး မိုးကြိုးစွမ်းအင်ကို ခံစားနိုင်အောင်သာ ကြိုးစားလိုက်”

ရှန်ထျန်းက အသက်ပြင်းပြင်း ရှုလိုက်သည်။ ထို့နောက် သူ့နှလုံးခုန်နှုန်းတွေ အဆမတန် မြန်ဆန်လာ၏။ သူက ကျရှုံးမည်ကို မစိုးရိမ်ပေ။ သူ သရုပ်ဆောင်တာ မကောင်း၍ အလိမ်ပေါ်သွားမည်ကိုသာ စိုးရိမ်နေခြင်း ဖြစ်သည်။

ကြည့်ရတာ အခြားတပည့်တွေဆို သူ အခု ရောက်နေသည့် နေရာကို ရောက်ဖို့ အချိန်အကြာကြီး လိုမည် ထင်၏။

ရှန်ထျန်းက အချိန်တိုအတွင်း တတ်ကျွမ်းသွားရုံသာမက၊ သူ ကြိုက်သည့် ပုံစံရအောင်တောင် အဆင့်မြှင့်လိုက်သေးသည်။ ဒီအကြောင်းကို လူတွေသိလျှင် သူ့ကို ဝိုင်းမနာလိုဖြစ်သွားကြမှာ ကျိန်းသေ၏။

ရှန်ထျန်းက ထပ်ပြီး အသက်ပြင်းပြင်း ရှုလိုက်ကာ သူ့လုပ်ဆောင်နှုန်းကို ပိုပြီး ဖိနှိပ်ဖို့ ကြိုးစားလိုက်၏။

ကျန်းယွင်ရှီးက သူမ၏ ကျားဖြူသတ္တမ နတ်မိုးကြိုး (သတ္တု)ကျင့်စဉ်ကို သုံးလိုက်သောအခါ ငွေရောင် ကျားဖြူသဏ္ဍာန် မိုးကြိုးပုံရိပ် တစ်ခု ပေါ်လာလေသည်။ ယခင်ကနှင့်မတူစွာ ကျားဖြူကြီးက ခက်ထန်သည့်ပုံစံ လုံးဝ ပေါက်မနေချေ။

ကျန်းယွင်ရှီးသည် လက်ကို မြှောက်လိုက်ပြီး ရှန်ထျန်း၏ လက်နှင့် လက်ဖဝါးချင်း အပြန်အလှန် ချိတ်ထားလိုက်သည်။ ငွေရောင်သန့်သန့် မိုးကြိုးတို့က သူမကိုယ်ထဲမှ ရှန်ထျန်းကိုယ်ထဲသို့ စီးဆင်းသွားသည်။ ထိုအရာသည်ကား သတ္တုဓာတ် မူလနတ်မိုးကြိုး၏ သန့်စင်သောစွမ်းအင် ဖြစ်သည်။

သူ့ခန္ဓာကိုယ် အင်မတန် ပေါ့ပါးလန်းဆန်းလာသည်ကို ရှန်ထျန်း ခံစားမိလိုက်သည်။ ထို့အပြင် သူ့ကိုယ်ထဲသို့ စီးဆင်းနေသော စွမ်းအင်တို့က သူ့အား သက်တောင့်သက်သာ ဖြစ်စေသည်။

အားကောင်းသော သတ္တုဓာတ် မူလနတ်မိုးကြိုးက နဝမနတ်မိုးကြိုးကို လျင်မြန်စွာ အားဖြည့်ကူညီပေးလိုက်သည်။

ရေဓာတ် မူလနတ်မိုးကြိုးက သတ္တုဓာတ် မူလနတ်မိုးကြိုးနှင့် ဓာတ်ပြုလိုက်တိုင်း အင်မတန် တက်ကြွလာလေ၏။

မကြာခင်မှာ မူလနတ်မိုးကြိုးနှစ်မျိုး ဓာတ်ပြုသည့်အခိုက် ရှန်ထျန်း တစ်ကိုယ်လုံး သာယာမှုအတိ ဖြစ်သွားသည်။ သာယာသည့် ခံစားချက်က သူ့ပြင်ပကိုယ်ထည်မှ အတွင်းကလီစာများဆီသို့ တဖြည်းဖြည်း ပျံ့နှံ့လာသည်။

အချိန်ကြာလာသည်နှင့်အမျှ သူ့ကိုယ်ထဲမှ ပြည့်လျှံထွက်နေသည့် သာယာမှုတို့ကို ရှန်ထျန်းမှာ ဖိနှိပ်နေရလေ၏။ ကံဆိုးစွာနှင့် ရေကို သတ္တုက အားဖြည့်ကူညီပေးနိုင်သည် ဆိုသော သဘာဝစီးကြောင်းကို ပြောင်းလဲရန် သို့မဟုတ် တားဆီးရန် သူ့ဆီတွင် နည်းလမ်းမရှိပေ။

အဆုံးမှာတော့ ရေနတ်မိုးကြိုး၏ အစွမ်းကို တောင့်မခံနိုင်တော့ဘဲ ရှန်ထျန်းက အကျယ်ကြီး ထအော်လိုက်၏။ ဖိနှိပ်ထားသည့် စွမ်းအား အကုန်လုံးကို ဖြည့်လျော့လွှတ်ချလိုက်သဖြင့် သူ့ကိုယ်ကို တောက်ပစူးရှသော အနက်ရောင် အလင်းတန်းက လွှမ်းခြုံသွားလေသည်။

အနက်ရောင် ရေနတ်မိုးကြိုးတို့က ရှန်ထျန်း တစ်ကိုယ်လုံးကို လွှမ်းခြုံထားကာ သူ့ခေါင်းပေါ်တွင် လိပ်ကလေး တစ်ကောင် ပေါ်လာလေ၏။ ဤသည်မှာကား နဝမနတ်မိုးကြိုး(ရေ) ကျင့်စဉ်၏ ပုံရိပ်သဏ္ဍာန် ဖြစ်သည့် လိပ်နက် ပင်တည်း။

ကျန်းယွင်ရှီးက ပုံရိပ်သဏ္ဍာန်ကို မြင်သောအခါ ခဏတာ ကြောင်အမ်းသွားသည်။ သူမက တအံ့တသြ ရေရွတ်လိုက်သည် “ထွက်လာတာ ဒီလောက်တောင် မြန်တယ်လား”

ပွင့်ပွင့်လင်းလင်း ပြောရလျှင် ကျန်းယွင်ရှီးသည် ရှန်ထျန်း၏ တိုးတက်မှုကို အင်မတန် အံ့သြနေမိသည်။ နတ်မိုးကြိုးငါးပါး ကျင့်စဉ်သည် အင်မတန် ကျင့်ကြံရခက်သည့် ကျင့်စဉ် မဟုတ်ပါလော။ သာမန်တပည့်တွေဆို ဆယ်နှစ်နေလို့ နတ်မိုးကြိုးတစ်မျိုးပင် မတတ်ကျွမ်းနိုင်ပေ။ ပုံရိပ်သဏ္ဍာန်ကို ဆင့်ခေါ်ဖို့ဆိုလျှင် သာတောင် ဝေးလေစွ။

သူမပင်လျှင် ကျားဖြူသတ္တမနတ်မိုးကြိုး (သတ္တု)ကျင့်စဉ်ကို တတ်ကျွမ်းအောင် တစ်လတိတိ အချိန်ပေးခဲ့ရကာ ပုံရိပ်သဏ္ဍာန် ဆင့်ခေါ်နိုင်ဖို့ နောက်ထပ် သုံးလ အချိန်ယူခဲ့ရသည်။ ရှန်ထျန်းက ကျန်းယွင်ရှီး၏ အကူအညီနှင့် မူလနတ်မိုးကြိုး အများကြီး ရရှိနေသည်မှာ မှန်သော်လည်း နာရီအနည်းငယ်အတွင်း ပုံရိပ်သဏ္ဍာန်ကို ဆင့်ခေါ်နိုင်လိုက်သည်မှာ လွန်စွာ အံ့သြစရာ ကောင်းနေသေးသည်။

ပေါက်ကွဲမှု ဖြစ်စဉ် ရှန်ထျန်းက အဝေးဆုံးမှာ ရှိနေပါလျက်နှင့် မူလနတ်မိုးကြိုးကို အများဆုံး စုပ်ယူနိုင်ခဲ့သည်မှာ မထူးဆန်းတော့ချေ။

သူမ ဂိုဏ်းတူမောင်လေးက မယုံနိုင်ဖွယ် အရှိန်နှုန်းနှင့် နတ်မိုးကြိုးငါးပါး ကျင့်စဉ်အား ကျင့်ကြံနိုင်လိုက်တာကို မြင်သောအခါ ကျန်းယွင်ရှီးက သူ့မိုးကြိုးကျင့်စဉ် ပါရမီကို အရမ်း အထင်ကြီးသွားလေ၏။

သို့သော် သိပ်မကြာလိုက် သူမ၏ အာရုံက တခြားနေရာ ရောက်သွားသည်။ သူမက ရှန်ထျန်းခေါင်းပေါ်မှ လက်ဝါးအရွယ်သာ ရှိသည့် လိပ်ပေါက်စကလေး တစ်ကောင်၏ ပုံရိပ်သဏ္ဍာန်ကို သတိထားမိကာ မထိန်းနိုင်ဘဲ ရယ်လိုက်မိ၏။

ပုံရိပ်သဏ္ဍာန်ကို ဆင့်ခေါ်နိုင်သူ အများစုမှာ အခြေတည်အဆင့်ကို ကျော်လွန်ပြီးသော ကျင့်ကြံသူများ ဖြစ်သဖြင့် သူတို့၏ ပုံရိပ်သဏ္ဍာန်များမှာ အလွန်ကြီးမားလေသည်။

ဂိုဏ်းတူမောင်လေးရဲ့ ပုံရိပ်သဏ္ဍာန်က ဘာဖြစ်လို့ အရမ်း သေးနေရတာလဲ… အထူးသဖြင့် ခေါင်းပဲ… သူ့ခေါင်းလေးက ငါ့လက်သည်းခွံထက်တောင် သေးနေတယ်… စိတ်ဝင်စားစရာပဲ…

Comment

  1. ayb.yangon.myanmar says:

    good

Leave a Reply

Options

not work with dark mode
Reset