အခန်း (၉၅) : ဂိုဏ်းတူမောင်လေး
“ကျုပ်တို့တွေ ကိုယ့်ကိုယ်ကို ကောင်းကင်တရားစီရင်သူများလို့ ခေါ်ကြရအောင်လေ”
ရှန်ထျန်းမှာ ခြေချော်သွားပြီး ယာဉ်ပျံပေါ်ကနေ ပြုတ်ကျလုနီးနီး ဖြစ်သွားရ၏။
သြော် သြော် သြော် … တယ်လည်း ရယ်ရတယ်။ ရှုန်းမုန့်လိုမျိုး ရိုးသားတဲ့ စိတ်အခံရှိသူဆီက ဒီလိုနာမည်မျိုး ထွက်လာရတယ်လို့။ ဒါပေမဲ့ တချို့နာမည်တွေက ပေးချင်တိုင်း ပေးလို့ မရတာ သူ မသိဘူးလား…
ပြောရရင် ဒီအဖွဲ့အစည်းက တကယ့် အဆင့်မြင့်ပညာရှင် တစ်ယောက်မှ မပါတဲ့ တရားမဝင် အဖွဲ့သေးသေးလေး တစ်ခုလေ။ ဒါကို သူတို့ကိုယ်သူတို့ ကောင်းကင်တရားစီရင်သူများဆိုပြီး ခေါ်ရဲသေးတယ် ဟုတ်လား။ ဟိုးကောင်းကင်ဘုံက အာဏာရှင် နတ်မင်းဒေဝါတွေကို သွားပြစ်မှားမိပြီး ကံဆိုးမိုးမှောင် ကျစေတဲ့ ပြစ်ဒဏ်တွေ အပေးခံရမှာကို သူတို့တွေ မကြောက်ကြဘူးလား မသိဘူး…
နတ်မင်းအသင်းဝင်များ ဆိုသည့် နာမည်က အရမ်းကို ကိန်းကြီးခန်းကြီး နိုင်လွန်းနေသဖြင့် မလိုလားအပ်သည့် အမုန်းတရားတွေ ဖိတ်ခေါ်လာနိုင်ကြောင်း ရှန်ထျန်းက အမြဲတွေးနေခဲ့သည်။ သို့သော် အခုတော့ ပေးလိုက်သည့် နာမည်တွေက ပိုပြီးတော့တောင် ကြီးကျယ်နေသေး၏။
နတ်မင်းအသင်းဝင်များကနေ ကောင်းကင်တရားစီရင်သူများ… ဟုတ်လား။ ဘာလဲ … ဒါက လက်ကိုင်ဖုန်း ဒေတာပလန် အတွက် အခမဲ့ အတိုင်းအဆမဲ့ “အဆင့်မြှင့်ခြင်း” ဆိုတာမျိုးနဲ့ တူတူပဲလား…
ဒီလို ဖန်တွေနဲ့ သူ ဘယ်လိုလုပ် တခြားသူတွေကို အပြစ်မလုပ်မိဘဲ နေပါတော့မလဲလို့…
ကောင်းကင်တရားစီရင်သူများ … ဟုတ်လား။ ငါတော့ “ကောင်းကင် ကပ်ဆိုး” အုပ်စုလို့ပဲ ခေါ်လိုက်တော့မယ်…
နဖူးပေါ်မှ ချွေးစေးများကို သုတ်လိုက်ရင်း ရှန်ထျန်းက နောက်ဆုံးမှာ စကားဟလိုက်သည် “အဲဒါက မသင့်တော်ဘူး။ အရမ်းကြီး ကြီးကျယ်မြှောက်ပင့်လွန်းနေတယ်”
ကျန်းယွင်ရှီးကလည်း သဘောတူလိုက်၏ “ကောင်းကင်တရားစီရင်သူများ ဆိုတဲ့ နာမည်ကို ရှင်တို့ သုံးလို့မရဘူး။ ရှေးဟောင်းကျမ်းစာတွေအရ ကမ္ဘာဦးခေတ်တုန်းက ကောင်းကင်တရားစီရင်သူများ ဆိုတဲ့ အဖွဲ့တစ်ခု တကယ် ရှိခဲ့ဖူးတယ်။ အခုအချိန်မှာ မရှိတော့ပေမဲ့ လက်ရှိ အထွတ်အမြတ်မြေနဲ့ ချိုင့်ဝှမ်း တော်တော်များများက အဲဒီအဖွဲ့နဲ့ တစ်နည်းမဟုတ် တစ်နည်း ပတ်သတ်နေသေးတယ်”
ရှန်ထျန်းမှာ အံ့သြသွားမိသည်။
ဒါဆို ဒီကမ္ဘာရဲ့ ကမ္ဘာဦးခေတ်တုန်းက ကောင်းကင်တရားစီရင်သူများ ဆိုတာ တကယ် ရှိခဲ့တာပေါ့ … ဒါဆို ကမ္ဘာဦးမှာ လူသားတွေက လွဲရင် ကျန်တဲ့ အရာအားလုံးကို ဝါးမြိုပစ်တဲ့ ကောင်းကင်ဘုံလာ လောကနတ်ဘုရား တစ်ပါး ဆိုတာလည်း တကယ် ရှိခဲ့တာများလား…
လျှိုကျစ်ကျားက မှတ်ချက်ပေးလိုက်သည် “ဟုတ်ပ … ကျုပ်လည်း ကောင်းကင်တရားစီရင်သူများ ဆိုတာကြီးက မသင့်တော်ဘူးလို့ ထင်တယ်။ ဆရာနတ်မင်းရဲ့ နာမည်ကို ဆရာကောင်းကင်လို့ ပြောင်းလိုက်ရင်ကော ဘယ်လိုလဲ … ပြီးရင် ကျုပ်တို့တွေ ကိုယ့်ကိုယ်ကိုကျ ကောင်းကင်ကိုးကွယ်သူများလို့ ခေါ်ကြမယ်လေ … အဲဒါ မကောင်းဘူးလား”
လျှိုထိုက်ယီက ထိုအကြံပြုချက်ကို နှုတ်ခမ်းစူကာ
“ဆရာနတ်မင်းကို ဆရာကောင်းကင်လို့ ပြောင်းခေါ်မှာက အဆင်ပြေတယ်လို့ ကျုပ်လည်း ထင်တယ်။ ဒါပေမဲ့ ကောင်းကင်ကိုးကွယ်သူများ ဆိုတာကြီးကျ နားထောင်လို့ မကောင်းဘူးဗျာ။
ကျုပ်မြင်သလောက် ပြောရရင် … ဆရာနတ်မင်း မစလို့ ကျုပ်တို့တွေ ဒီလို အခွင့်ထူး အခွင့်ကောင်းကြီးတွေကို ခံစားခွင့်ရပြီး ကျုပ်တို့ရဲ့ ကံကြမ္မာကို ပြောင်းလဲနိုင်တာလေ။ ကျုပ်တို့အဖွဲ့နာမည်ကို ကံကြမ္မာအဖွဲ့ ဆိုပြီး သုံးလိုက်ကြရအောင် …
ကျုပ်တို့ရဲ့ ဆရာကောင်းကင်က ကံကြမ္မာအဖွဲ့ကို ဦးဆောင်မယ်။ ဆရာက မင်းကို မစရင် ကံအပြောင်းအလဲ အခွင့်အရေးထူးတွေ ရရှိနိုင်ပြီး မင်းဘဝကံကြမ္မာကို ပြောင်းလဲပစ်နိုင်မယ်။ ဒီနာမည်ကို ဘယ်လိုသဘောရသလဲ သူဌေးစုန့်”
စကားဆုံးသည်နှင့် လျှိုထိုက်ယီက သူဌေးစုန့်အား အောင်နိုင်သူအကြည့် တစ်ချက် ပစ်လွှတ်လိုက်၏။
သူဌေးစုန့်က ထိုအကြည့်ကို ဘယ်လိုလုပ် ငြိမ်ခံနေနိုင်ပါ့မည်နည်း။ လျှိုထိုက်ယီက ဆရာနတ်မင်းအား အဖားနိုင်ဆုံး နံပါတ်တစ်နေရာအတွက် သူ့ကို လာစိန်ခေါ်နေမှန်း သူဌေးစုန့်က ခံစားမိသည်။
ဟီး ဟီး ဟီး … ဆရာနတ်မင်းကို မြှောက်ပင့်ခြင်းဆိုတဲ့ တကယ့်အရည်အချင်းအမှန်က ဘာလဲဆိုတာ မင်းသိအောင် ပြရသေးတာပေါ့ကွာ … မဟုတ်ရင် မင်းတို့ကောင်တွေက ဘယ်သူကို လေးစားရမှန်း သိမှာ မဟုတ်ဘူးကိုး…
ခဏတာလောက် ငြိမ်ငြိမ်လေး စဉ်းစားနေပြီးနောက် သူဌေးစုန့်က ပြောလိုက်သည်။
“ဆရာနတ်မင်းရဲ့ တကယ့်နာမည်အရင်းက ရှန်ထျန်း။
ကျုပ်အမြင်အရတော့ ဒီဟာက အရမ်းကောင်းတဲ့ နာမည်တစ်ခုပဲ။ စကားလုံး နှစ်လုံးကို ပြောင်းပြန်လှန်ကြည့်လိုက်ရင် ထျန်းရှန်လို့ အသံထွက်မှာလေ။ ဒါက တစ်လောကလုံးမှာ အလေးစားဆုံး အမည်နာမ တစ်ခု…
ဒီတော့ ကျုပ်တို့ရဲ့ အဖွဲ့ကို နတ်ဒေဝါအဖွဲ့လို့ ခေါ်ကြရင်ကော ဘယ်လိုလဲ။ ဆရာကောင်းကင်က ကျုပ်တို့တွေကို ချီးမြှောက်မစပြီး နတ်ဒေဝါက ကျုပ်တို့တွေကို ကာကွယ်စောင့်ရှောက်တယ်။ ဘယ်လောက် ခမ်းနားလိုက်သလဲဗျာ”
ရှန်ထျန်းတစ်ယောက် ပါးစပ်တွန့်တာ ရပ်မရတော့ပေ။
ဘာ … နတ်ဒေဝါများ ဟုတ်လား … သူဌေးစုန့်… ခင်ဗျားကလည်း ကျွန်တော့် နဂိုကမ္ဘာက လူဖြစ်နေပြီးတော့ ဒီကို ကမ္ဘာကူးလာတာလားဗျ…
ခင်ဗျား ကျွန်တော်တို့ကို စူပါဟီးရိုး မဟာမိတ်အဖွဲ့ “အက်ဗန်ဂျာ”လို့သာ ခေါ်လိုက်ပါတော့လား … ပြီးတော့ ကျွန်တော်က ကြံ့နက်ချပ်ဝတ်ကို ဝတ်ထားပြီး ခရမ်းရောင်ရွှေတူကို သုံးတယ်ဆိုတော့ ကျွန်တော် “အိုင်းရွန်းမန်း” လုပ်… အဲ နေဦး “အိုင်းရွန်း လိုက်တနင်း မန်း” လုပ်ရမှာပေါ့ နော့…
ခင်ဗျားတို့ အားလုံးရဲ့ ခေါင်းပေါ်မှာ အစိမ်းရောင် ရောင်ဝါစက်ဝန်းတွေ ရှိနေကြတယ် ဆိုတော့ ခင်ဗျားတို့ တစ်ကိုယ်လုံး အစိမ်းရောင် အလင်းတန်းတွေ ရောင်ပြန်ဟပ်ပြီး ထွက်နေမှာပဲ … ဒီတော့ ခင်ဗျားတို့က ဘီလူးစိမ်းတွေပေါ့ နော့…
ဟူး … ပြောရမယ်ဆို နတ်ဒေဝါဆိုတဲ့ နာမည်က ပိုပြီး ခမ်းနားကြီးကျယ်မနေဘူးလားဗျာ… တစ်ရက်ရက်မှာ တကယ့်နတ်ဒေဝါတွေ ဆင်းချလာပြီး ကျွန်တော်တို့ အားလုံးကို အမှုန့်ချေပစ်မှာ မကြောက်ဖူးလားဗျ…ဟင်…
ရှန်ထျန်းက စိတ်တိုကာ တိတ်တိတ်ကလေး ကျိန်ဆဲလိုက်၏။ အဆုံးမှာတော့ သူခမျာ ပြောလိုက်ရလေတော့သည် “ကောင်းချီးအပေးခံရသူများ အဖွဲ့လို့ပဲ ခေါ်ကြရအောင်ပါဗျာ”
သူ့အတွေးသည်ကား သူက ကောင်းကင်ဘုံ၏ ကောင်းချီးအပေးခံရသူ ဖြစ်လာပြီး အစိမ်းရောင်မှ အစိမ်းရင့်ရောင် စက်ဝန်းလေး၊ ထိုမှတဆင့် သိပ်မကြာခင် အနီရောင် ရောင်ဝါစက်ဝန်းလေး ရရှိစေနိုင်ဖို့ရာ မျှော်လင့်မိခြင်း ဖြစ်သည်။
အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရှိ တကယ့် တပည့်ရင်းများ အားလုံး၏ အသည်းအသန် ပစ်မှတ်ထားခြင်းကို သူ ဘယ်လောက်တောင် ခံရမလဲဆိုတာ တွေးကြည့်လို့ ရနေပြီ ဖြစ်သည်။ ပြောရမည်ဆိုလျှင် သူ သူတော်စင် ဖြစ်လာခြင်းနှင့် တစ်ချိန်လုံး အနောက်ကနေ တကောက်ကောက် အရူးအမူး လိုက်နေမည့် ဒီလိုနောက်လိုက်ပရိသတ်တွေ ရှိနေခြင်းကြောင့် မည်သူကများ သူ့အပေါ် မနာလို မဖြစ်ဘဲ နေပါ့မည်နည်း။
မတော်လို့ နောက်တစ်ခါကျ အန္တရာယ်ကြုံလာခဲ့ရင် တချို့လူတွေက ကောင်းကင်ဆီ ယဇ်ပူဇော်ဖို့အတွက် ငါ့ကို သုံးမလို့ ဆုံးဖြတ်လိုက်ရင် ဘယ်လိုလုပ်မလဲ … သိပ်ကြီး မကြီးကျယ်တဲ့ နာမည်မျိုး သုံးတာ ပိုကောင်းတယ်လေ…
ဟုတ်တယ်။ ဒါပဲ။ အကြံကတော့ တတ်နိုင်သမျှ မသိသာစေဖို့ပဲ။
“ကောင်းလိုက်တဲ့ နာမည်”
ခေါင်းလှည့်ကြည့်လိုက်သောအခါ အသံမှာ သူဌေးစုန့်ဆီက လာမှန်း တွေ့လိုက်ရ၏။ သူဌေးစုန့်က ရှန်ထျန်းအား ကျေနပ်အောင် ဖားချင်နေလေရာ ရှန်ထျန်း စကားပြောလို့ ပြီးသည့်နှင့် ချက်ချင်းပဲ သူက ထအော်လိုက်ခြင်း ဖြစ်သည်။
“ဆရာကောင်းကင် … ကျွန်တော် ဆရာ့ကို လုံးဝ နားလည်ပေးနိုင်ပါတယ် ခင်ဗျာ” သူဌေးစုန့်၏ မျက်နှာမှာ စိတ်လှုပ်ရှားမှုကြောင့် နီရဲနေလျက် သူက ဆက်ပြောလိုက်သည်။
“ကျွန်တော်တို့ အဖွဲ့ကို ကောင်းချီးအပေးခံရသူများ လို့ နာမည်ပေးလိုက်တာ ကျွန်တော်တို့တွေက ကောင်းကင်ဘုံရဲ့ ချီးမြှောက်ခြင်းကို ခံရတယ်လို့ ဆရာက ယုံကြည်ထားလို့။ ဒါပေမဲ့ တကယ်တမ်းကျ ကျွန်တော်တို့က ဆရာ့ရဲ့ ချီးမြှောက်ခြင်းကို ခံနေရတယ်လေ။ ရှေ့ကစကားနဲ့ နောက်ကစကားက ထပ်တူညီနေတယ်။ ဒါကြောင့် ဆရာက ကိုယ့်ကိုယ်ကို ကောင်းကင်ဘုံလို့ သတ်မှတ်ခံယူထားတဲ့အကြောင်း ကျွန်တော်တို့ကို ပြောချင်နေတာမလား။ ဘယ်လိုတောင် ရည်မှန်းချက် ကြီးမားလိုက်တာလဲဗျာ”
ရှန်ထျန်းလက်သီးတို့ အလိုအလျောက် ဆုပ်မိလျက်သား ဖြစ်သွား၏။ အရိုးသားဆုံး ဝန်ခံရလျှင် အခု သူ ကောင်းကင်ဘုံကို နက်နက်နဲနဲမေးခွန်းတွေ ထုတ်နေမိလေပြီ။
ဘာဖြစ်လို့ ကောင်းကင်ကနေ မိုးကြိုးတွေ လွှတ်ပြီး ဒီလူတွေကို သေအောင် မိုးကြိုးပစ်မချသေးတာလဲပေါ့။
ငါလေး မင်းတို့ကို သာမန်လူသားတွေလို့ မြင်နိုင်ပါ့မလားတောင် မသေချာတော့ဘူး။ တကယ်တော့ မင်းတို့အားလုံးက လျှပ်ကူးပစ္စည်းတွေ … ကောင်းကင်ဘုံကနေ မိုးကြိုးပစ်ပြီး ငါ့ကို အပြစ်ပေးအောင် အသင့်ပြင်နေတဲ့ လျှပ်ကူးပစ္စည်းတွေပဲ…
မင်းတို့လို နောက်လိုက်တွေနဲ့ ငါလေး ဘယ်ကရန်သူတွေ လိုဦးမှာလဲ … ဒီကျင့်ကြံရေးကမ္ဘာက ကျင့်ကြံသူတိုင်းရဲ့ မဟာရန်သူကြီး ဖြစ်မလာမှာ ငါလေး စိုးရိမ်နေစရာ လိုဦးပါ့မလား…
ဒီအတွေး ရှန်ထျန်းစိတ်ကူးထဲ ဖြတ်ပြေးသွားတုန်းရှိသေးသည်၊ ကောင်းကင်ယံထက်မှ မိုးကြိုးတစ်ချက် တကယ်ကြီး ပစ်ချလိုက်ကာ သူဌေးစုန့်အား တည့်တည့် ထိမှန်သွားလေ၏။
ချက်ချင်းပဲ သူဌေးစုန့်တစ်ယောက် မည်းတူးသွားလေသည်။ ဆံပင်များလည်း ရှုပ်ပွကုန်ကာ ခေါင်းမှ မီးခိုးငွေ့တွေပင် ထွက်လာနေသည်။
ကျန်းယွင်ရှီးက ခံစားချက်ကင်းမဲ့သည့် မျက်နှာနှင့် မှတ်ချက်ပေးလိုက်သည်။
“စကားပြောတာ သတိထားပါ။ ကောင်းကင်ဘုံကို သွားပြစ်မှားလို့ မရဘူး။ သေကြောင်းကြံရတာကို ရှင် ကြိုက်တယ် ဆိုရင်တောင်မှ သူတော်စင် ရှန်ထျန်းကိုပါ ဆွဲမထည့်နဲ့။ ရှင် ဒီနေ့ ခံလိုက်ရတာ သတိပေးမှု အသေးစားလေး တစ်ခု သက်သက်ပဲ။ အထွတ်အမြတ်မြေရဲ့ တပည့်ဖြစ်သွားတာနဲ့ ဒီလိုမျိုး နောက်ဘယ်တော့မှ မပြောမိပါစေနဲ့”
ကျန်းယွင်ရှီးက တခြားသူများကိုလည်း အေးစက်စွာ စိုက်ကြည့်လိုက်၏။
မြင့်မြတ်လှသည့် သူတော်စင်တစ်ယောက်က ဒီလိုမျိုး ဖိနိပ်လျက်သူ ကပ်ဖားကောင်တွေနှင့် တစ်ချိန်လုံး အတူရှိနေမည့် အဖြစ်အား တွေးကြည့်ပါလေ။ သူများတွေ ဒါကို ဘယ်လိုမြင်ကြမလဲ။ ဒါ တကယ့်ကို လက်မခံနိုင်စရာ ကိစ္စပဲ။
သူတော်စင် ရာထူးမှာ မြဲနေဖို့အတွက် အရည်အချင်းပြည့်သည့် ဂိုဏ်းတူညီအစ်ကိုနှင့် ဂိုဏ်းတူညီအစ်မများကြား ဝင်ရောက် ပေါင်းသင်းခြင်းက အကောင်းဆုံး ဖြစ်သည်။ သူတို့နှင့် ဆက်ဆံခြင်းမှ သူတော်စင်ကော ဂိုဏ်းတူတပည့်များပါ တိုးတက်လာနိုင်ပြီး ပိုမြင့်သည့် အနေအထားဆီသို့ တက်လှမ်းနိုင်မည် ဖြစ်ပေသည်။
ဟွန့် … ဂိုဏ်းတူအစ်မတစ်ယောက် အနေနဲ့ ဂိုဏ်းတူမောင်လေး ရှန်ထျန်းဘေးမှာ ငါ အမြဲ ရှိနေပြီး သူ့ကျင့်ကြံရေး လုပ်ငန်းစဉ်ကို စောင့်ကြည့်ပေးမှ ရမှာပါ။ မဟုတ်ရင် ဒီကပ်ဖားကောင်တွေနဲ့ ဆက်ပေါင်းနေရင် သူ့ကျင့်ကြံဆင့်ကိုပါ ထိခိုက်လာမှာ ငါ မြင်ယောင်ကြည့်လို့ ရတယ်…
အရိုးသားဆုံး ပြောရလျှင် ဒီလူတွေကို အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေထဲ ဝင်စေခဲ့တာကို ကျန်းယွင်ရှီး အတော်လေး နောင်တရနေမိပြီ။
သူတို့တွေက မူလနတ်မိုးကြိုးကို ပိုင်ဆိုင်ထား၍ အထွတ်အမြတ်မြေထဲ ဝင်ဖို့ ပိုပြီး သင့်တော်နေသော်လည်း သူတို့၏ စိတ်ဓာတ်များက အရမ်းကို နိမ့်ကျလွန်းနေ၏။
သူတို့က သူများကို ဘယ်လိုဖားရမလဲ ဆိုတာပဲ သိသည်။ ထိုဟာက ဘာများ သုံးစားရလို့လဲ။ ဖားယားပြီးတော့ အားကောင်းလာနိုင်လို့လား။ ပိုဆိုးသည်မှာ သူတို့က ဂိုဏ်းတူမောင်လေးအား လမ်းလွဲအောင် လုပ်လိုက်လျှင် ဘယ်လိုလုပ်မလဲ။
ယာဉ်ပျံက ရှေ့သို့ အရှိန်တင် ရွေ့လျားနေရာ ပတ်ဝန်းကျင်ရှိ ရှုခင်းများကို ဖျက်ခနဲ ဖျက်ခနဲ ခပ်ဝါးဝါးသာ မြင်ရလေသည်။
ယာဉ်ပျံ၏ ကုန်းပတ်ပေါ်တွင်ကား ချူးလုံဟယ်တစ်ယောက် လမ်းပတ်လျှောက်နေ၏။ ကြည့်ရတာ ယာဉ်ပျံဆီမှ ဝိညာဉ်ကျောက်တုံးတွေ ပိုရနိုင်ဖို့ ကြိုးစားနေဟန်ပင်။
တစ်ချိန်တည်းမှာပဲ လျှိုထိုက်ယီက လက်ထဲတွင် ကျောက်စိမ်းပေလွှာ တစ်ခုကို ကိုင်ဆောင်ကာ မှတ်စုတချို့ကို သေသေချာချာ ချရေးနေလေ၏။
“ဒီနေ့ နတ်မင်းအသင်းဝင်များအဖွဲ့ကို ကောင်းချီးအပေးခံရသူများ အဖွဲ့အဖြစ် တရားဝင်သတ်မှတ်ခဲ့သည်။ ဆရာနတ်မင်းက သူကိုယ့်သူ ကောင်းကင်အဖြစ် မှတ်ယူထားသည်။ သူ့ရည်မှန်းချက်မှာ ကြီးမားလှသည်။
အစ်ကိုစုန့်က ငါ့ရဲ့ အားအကောင်းဆုံးပြိုင်ဘက် ဖြစ်သည်။ ဒီနေ့ ငါတို့တွေ တိုက်ပွဲ ပြင်းထန်ခဲ့သည်။ ဒါပေမဲ့ အဆုံးမှာ သူက ငါ့ထက်အရင် ဆရာကောင်းကင်ရဲ့ တကယ့်ရည်ရွက်ချက်တွေကို ဖော်ထုတ်နိုင်ခဲ့သည်။
အနာဂတ်မှာ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေထဲ တကယ် ဝင်နိုင်ခဲ့ရင် ဆရာကောင်းကင်က အရမ်းကြီး လူသိထင်ရှားဖြစ်ရတာ မကြိုက်တဲ့အကြောင်း သတိထားဖို့ လိုသည်။ ငါ သူ့ကို မသိသာတဲ့ နည်းလမ်းနဲ့ ရိုရိုကျိုးကျိုးလေး ချီးကျူးမြှောက်ပင့်မှ ဖြစ်မည်။
ဒါက ဆရာကောင်းကင် ငါတို့ဘေးနားမှာ ရှိသည့် အချိန်တွေ အတွက် ဖြစ်သည်။ သူ အနားမှာ မရှိချိန်ဆို သူ့ကို ပိုပြီး လူသိများအောင် ကြေညာပေးရဦးမည် ဖြစ်သည်။
ဒီလိုဆို ဆရာကောင်းကင်ရဲ့ နာမည်က အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရဲ့ နေရာတိုင်း ထောင့်တိုင်းအထိ ပျံ့နှံ့သွားလိမ့်မည်။ အဲလိုဆို သူက သေချာပေါက် ငါ့လုပ်ရပ်တွေကို ကျေနပ်သွားလိမ့်မည်။
အဲဒီအချိန်က ငါ လျှိထိုက်ယီက သူဌေးစုန့်ကို ကျော်တက်သွားနိုင်မည့် အချိန်ပဲပေါ့။ ငါသည်သာ အဖွဲ့ရဲ့ အဓိကအင်အား ဖြစ်သွားလိမ့်မည်”
လျှိုထိုက်ယီက မှတ်စုကို ရေးနေရင်း ပိုပိုပြီး စိတ်လှုပ်ရှားလာကာ စုတ်ချက်များက ပြင်းထန်လျင်မြန်လာလေ၏။
တစ်ချိန်တည်းမှာပဲ လျှိုကျစ်ကျားနှင့် ရှုန်းမုန့်တို့ နှစ်ယောက်ကတော့ လေလှိုင်းမူးသဖြင့် ယာဉ်ပျံ၏ ဘေးဘက်နားဆီ၌ အော့အန်နေကြသည်။
ရှန်ထျန်းက သူ့အခန်းဆီ ပြန်သွားကာ ကျင့်ကြံခြင်းကို တဖန် စတင်လိုက်သည်။ ကျန်းယွင်ရှီးက ဘေးတွင် စောင့်ကြည့်ပေးနေသည်။
“အခု မင်းက အစ်မတို့ရဲ့ သူတော်စင် ဖြစ်သွားပြီ ဆိုတော့ အနာဂတ်မှာ စိန်ခေါ်မှုတွေ အများကြီးနဲ့ တွေ့ကြုံရလိမ့်မယ်” ကျန်းယွင်ရှီးက ရှန်ထျန်းအား တည်ငြိမ်စွာ ကြည့်ရင်း ဆက်ပြောလိုက်သည်။
“အဲဒါကြောင့်မို့လို့ အချိန်ရတုန်းကို တတ်နိုင်သမျှ မြန်မြန် ပိုပြီး အားကောင်းလာအောင် ကျင့်ကြံထားမှ ဖြစ်မယ်။ အရင်တစ်ခေါက်တုန်းက နတ်မိုးကြိုးငါးပါးကျင့်စဉ် ပေးခဲ့တယ်လေ။ အဲဒါ ကြိုးစား ကျင့်ကြံကြည့်သေးလား”
ငါလေး နတ်မိုးကြိုးငါးပါး ကျင့်စဉ်ကို အောင်အောင်မြင်မြင် ကျင့်ကြံပြီးသွားပြီလားလို့ အစ်အောက်နေတာလား သူမက…
ကျန်းယွင်ရှီး အမေးကြောင့် ရှန်ထျန်းမှာ မနေနိုင်ဘဲ အနည်းငယ် တောင့်သွားသည်။
မဖြစ်ဘူး … အခုအချိန်က ဂိုဏ်းတူအစ်မကို ငါ နဝမနတ်မိုးကြိုး(ရေ)ကျင့်စဉ် ကျင့်ကြံလို့ အောင်မြင်သွားတဲ့ အကြောင်း အသိပေးဖို့ အချိန်မကျသေးဘူး။
ပြောရရင် ထူးချွန်နေတဲ့သူတွေက တိုက်ခိုက်ရန်လိုခြင်းကို မကြာခဏ ခံရတယ်လေ။ ငါ့ဆီမှာ အင်အား အလုံအလောက်ရှိမှ ငါလေး ပိုပြီး စိတ်အေးနိုင်မှာပဲ။
ဟုတ်တယ်… အကုန်လုံးကို ငါက ကျင့်ကြံရေး ညံ့ဖျင်းသူ တစ်ယောက်လို့ ယုံကြည်ထားစေလိုက်တာက ပိုကောင်းမယ်။ အဲလိုမှပဲ ငါလေး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကျင့်ကြံလို့ ရမှာ…