Switch Mode

အခန်း(၉၄)

ကောင်းကင်တရားစီရင်သူများ ဆိုရင်ကော ဘယ်လိုလဲ

အခန်း (၉၄) : ကောင်းကင်တရားစီရင်သူများ ဆိုရင်ကော ဘယ်လိုလဲ

ယာဉ်ပျံကြီးက တရွေ့ရွေ့ မြှင့်တက်သွားပြီး လေထုထဲ ပျံသန်းသွားသည်။

သူဌေးစုန့်နှင့် အပေါင်းအပါတသိုက်မှာ ခရီးလမ်းအတွက် အရမ်းကို စိတ်လှုပ်ရှားနေကြ၏။

ကျင့်ကြံရေးကမ္ဘာထဲ၌ပင် ဤကဲ့သို့ ယာဉ်ပျံကြီးများမှာ မြင်ရခဲလေသည်။ ထို့ကြောင့် သူတို့ကို အင်မတန် တန်ဖိုးထားကြသည်။

အားသိပ်မကောင်းသည့် ကောင်းချီးနယ်မြေ တချို့ဆို ယာဉ်ပျံတစ်ခု ပိုင်ဆိုင်ဖို့ရာပင် မတတ်နိုင်ကြချေ။ ဝေးသည့်နေရာများသို့ သွားရန် သူတို့မှာ ဓားပျံများကိုသာ အသုံးပြုကြရလေသည်။ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၌ပင် ဂိုဏ်းချုပ်နှင့် ဝိညာဉ်အသွင်ပြောင်းခြင်း အကြီးအကဲ ကိုးယောက်တို့ဆီတွင်သာ ယာဉ်ပျံ သုံးပြီး ပျံသန်းရန် အခွင့်အာဏာ ရှိကြသည်။

နေဦး … ကိုးယောက် မဟုတ်၊ ရှစ်ယောက်သာ ဖြစ်သည်။

ကိုးယောက်အနက် ကြာပြာ ကောင်းကင်အသျှင်ဆီတွင် ယာဉ်ပျံ အသုံးပြုခွင့် မရှိပေ။

ဟိုအရင်က သူ ယာဉ်ပျံကို သုံးလိုက်တိုင်း ယာဉ်ပျံက လမ်းတစ်ဝက်၌ အမြဲပျက်လေ့ရှိကာ သူတို့မှာ အထွတ်အမြတ်မြေဆီ ပြန်ရောက်အောင် သွားသယ်ရစမြဲ ဖြစ်သည်။

ပြီးလျှင် ယာဉ်ပျံကို ဝိညာဉ်ကျောက်တုံး ထည့်ပေးရသည့်သူက မထည့်ဘဲထားလို့ ယာဉ်ပျံ ပျက်ရပါသည် ဆိုပြီး သူက အမြဲတိုင်တန်းလိမ့်မည် ဖြစ်သည်။

ထိုကဲ့သို့ ပြဿနာတွေ ကြိမ်ဖန်များစွာ ဖြစ်ပွားနေသဖြင့် ဂိုဏ်းချုပ်က အဖြစ်မှန်ကို သိရအောင် ထောင်ချောက် ဆင်ထားလိုက်လေ၏။

ထိုအခါကျမှ ကြာပြာ ကောင်းကင်အသျှင်က ဝိညာဉ်ကျောက်တုံး အားလုံးကို တိတ်တဆိတ် ခိုးယူကာ စားပစ်သည့် အဖြစ်မှန် ပေါ်သွားလေတော့သည်။

အဖြစ်မှန်ကို သိပြီးနောက် အားလုံးက တာအိုကိုယ်တော် အနားရှိသည့်အချိန်၌ သတိထားလာကြသည်။ မည်သူကမျှ သူ့ကို အဖိုးတန်ပစ္စည်း ရှိသည့်နားသို့ မနေခိုင်းရဲကြတော့ပေ။

သည်တစ်ခေါက်လည်း ဂိုဏ်းချုပ်က သူ့ကို ယာဉ်ပျံ မငှားချင်ခဲ့ပေ။ သို့သော် ရှန်ထျန်းကို သွားခေါ်ရာတွင် တခမ်းတနား ဖြစ်ဖို့ လိုသောကြောင့် ဂိုဏ်းချုပ်ခမျာ ရွေးစရာလမ်း မရှိပြန်ပေ။

ကျန်းယွင်ရှီးလည်း အတူ ပါသွားမည် ဖြစ်လေရာ ဂိုဏ်းချုပ်က ချွင်းချက်အနေနှင့် ငှားလိုက်ခြင်း ဖြစ်သည်။

သူ့ဆရာတူအစ်ကိုကြီးက လမ်းမှာ ယာဉ်ပျံကို ရောင်းစားပစ်ပြီးမှ အတိဒုက္ခလွန်အဆင့် ကျင့်ကြံသူတစ်ယောက်က ဖျက်ဆီးသွားပါသည် ဆိုပြီး လိမ်ပြောမှာကို သူ့မှာ စိုးရိမ်နေရသည်။

ထိုသို့ဆိုပါက သူ့မှာ စိတ်ဆိုးရလွန်းလို့ ဖျောက်ဖျက်ထားသည့် ခံစားချက်တွေပင် ပြန်ရောက်ရှိလာပေလိမ့်မည်။

……………………

အထက်စီးကနေ မြင်ရတဲ့ မြင်ကွင်းက လှပလိုက်လေစွ…

ယာဉ်ပျံဦးပိုင်း၌ ရပ်နေရင်း ရှန်ထျန်းက တွေးလိုက်သည်။

လက်စသတ်တော့ ရုပ်ရှင်တွေထဲမှာ မင်းသားမင်းသမီးတွေ ဒီလိုနေရာမှာ လာရပ်ပြီး လေညင်းခံကြတာ ဒါကြောင့်ကိုး။ တကယ်ခံလို့ကောင်းတယ်လေ။

ဒါပေမဲ့ ကိုင်စရာလေး တစ်ခုခု ရှိရင် ပိုကောင်းမယ်…

ယာဉ်ပျံ၏ အရှိန်နှုန်းမှာ အလွန်မြန်၏။ လေတိုက်နှုန်း လျော့ချပေးသည့် အစီအရင်တစ်ခု ရှိသော်လည်း သိပ်တော့ အကျိုးမထူးပေ။

သူဌေးစုန့်က ရှန်ထျန်းအနား တိုးလာပြီး ပြောလိုက်၏ “ဆရာနတ်မင်း … မင်းသား(၆) နန်းတော်ကို ဘေးကင်းကင်းနဲ့ ပြန်ရောက်လာရဲ့လားဟင်”

ပွင့်ပွင့်လင်းလင်း ပြောပြရလျှင် သူဌေးစုန့်က မင်းသား(၆)အတွက် အင်မတန် စိတ်ပူနေမိသည်။ သည်ရက်ပိုင်းအတွင်း ရှန်အောင်း ခံလိုက်ရသည့် ဒုက္ခများကြောင့် သူဌေးစုန့်ပင် သူ့ကို သနားသွားရ၏။

မေးခွန်းကို ကြားသောအခါ ရှန်ထျန်းမှာ ပါးစပ်တွန့်သွားသည်။

အစ်ကိုတော်(၆)က သူ့ဆရာနဲ့ အတူ ရှိနေမှာဆိုတော့ … သူ အဆင်ပြေလောက်မှာပါ … ဟုတ်တယ်မလား…

ရှန်ထျန်းလည်း ကူကယ်ရာမဲ့စွာ ခေါင်းသာ ယမ်းလိုက်ပြီး သူ့အစ်ကိုတော်အတွက် စိတ်ထဲမှ ဆုတောင်းပေးလိုက်သည်။

လျှိုထိုက်ယီက ရှန်ထျန်းကို မြင်သောအခါ မျက်ရည်တွေ ထိန်းမနိုင် သိမ်းမနိုင် ဒလဟော စီးကျလာလေ၏။

“ဆရာနတ်မင်းရေ … ကျုပ် နောက်ဆုံးတော့ ဆရာ့ကို ပြန်တွေ့နိုင်ခဲ့ပြီ ဆရာနတ်မင်းရေ့။ ဒီရက်တွေမှာ ကျုပ် ဆရာ့ကို အရမ်း လွမ်းနေတာဗျ”

လျှိုကျစ်ကျားက ပြောလိုက်သည် “ ဟုတ်တယ်။ ကျုပ်တို့တွေ အဆုံးမဲ့ဝိညာဉ်ဥယျာဉ် တစ်ခုလုံး လိုက်ရှာပေမဲ့ ဆရာ့ကို ရှာမတွေ့နိုင်ခဲ့ဘူး”

ရှုန်းမုန့်ကလည်း ခေါင်းငြိမ့်ကာ “ကျုပ်ကောပဲ ကျုပ်ကောပဲ”

သုံးယောက်သား ဆရာနတ်မင်းကို တွေ့သည်နှင့် တန်းဖားတာကို မြင်သောအခါ သူဌေးစုန့်က မကျေနပ်တော့ချေ။

နတ်မင်းအသင်းဝင်တွေက အခု ဘယ်လိုတွေ ဖြစ်ကုန်ရတာလဲ။ သူတို့က အခြေခံ လေးစားမှုရဲ့ အခြေခံ သဘောတရားလေးတောင် မသိတော့ဘူးလား…

ဆရာနတ်မင်းကို ဖားမယ်ဆိုရင်လည်း အစဉ်လိုက် တန်းစီရမယ်လေ ဟုတ်တယ်မလား။ မင်းတို့မျက်လုံးထဲ ငါက ကိုယ်ပျောက်လူသားလားကွ ဟေ…

ရုတ်တရက်ကြီး သူဌေးစုန့်က ဒူးထောက်လိုက်ပြီး စတင် ငိုကြွေးလိုက်လေတော့၏။

“ဆရာနတ်မင်းရယ် … ဒီနေရာမှာ ရှိနိုင်ဖို့ ဒီလိုအခွင့်အရေးမျိုး ကျွန်တော့်ကို ပေးတဲ့အတွက် ဆရာ့ကို ကျွန်တော် ကျေးဇူးတင်ရပါမယ်ဗျာ။ ဆရာသာ မရှိရင် ကျွန်တော်ဟာ ပါရမီမရှိတဲ့အတွက် ရွှေအမြုတေအဆင့်တောင် မရောက်နိုင်လောက်ပါဘူး။

ဆရာနတ်မင်းက ကျွန်တော့်ကို ဆောင်မလို့သာ ဒီလိုအခွင့်ထူးကို ရရှိခံစားနိုင်လိုက်တာပါ။ အခု ကျွန်တော်က အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရဲ့ ဂိုဏ်းသား ဖြစ်သွားပြီ ဆိုပေမဲ့ အရင်တုန်းကလိုမျိုးပဲ ဆရာ့နောက်လိုက် အဖြစ် ဆက်လက်တည်ရှိနေဦးမှာပါ ခင်ဗျာ”

သူဌေးစုန့် ဒူးထောက်လိုက်တာကို မြင်သောအခါ လျှိုကျစ်ကျားနှင့် လျှိုထိုက်ယီတို့မှာ ဆွံ့အမှင်သက်သွား၏။

ရှုန်းမုန့်ကတော့ မြန်မြန်ဆန်ဆန်ပဲ တုံ့ပြန်လိုက်ကာ သူဌေးစုန့်ဘေးနား ဒူးထောက်လိုက်ပြီး “ကျုပ်ရောပဲ” ဟု အော်လိုက်လေသည်။

လျှိုထိုက်ယီ တစ်ယောက် သက်ပြင်းရှိုက်လိုက်၏။ သူက တစ်ခါ ရှုံးပြီးသွားပြီ ဖြစ်လေရာ သမိုင်းကို နောက်တစ်ကျော့ ပြန်အဖြစ်မခံနိုင်ပါလေ။ သို့နှင့် သူကလည်း ဒူးထောက်လိုက်သည်။

“ကျုပ်လည်း အတူတူပါပဲ ဆရာနတ်မင်း ခင်ဗျာ။ ဆရာ ကျုပ်အပေါ် ကျေးဇူးပြုခဲ့တာတွေအတွက် ကျုပ်က အမြဲ အောက်မေ့ပြီး ကျေးဇူးတင်နေတာပါ။ ဆရာနတ်မင်းဆီမှာ ကျုပ်ကိုယ်ကျုပ် ပေးအပ်ပါတယ်။ ဆရာ ခိုင်းသမျှ ကျုပ်လိုက်နာပါ့မယ်။ အထွတ်အမြတ်မြေမှာ လေ့ကျင့်ရတာ ဘယ်လောက်ပဲ ပင်ပန်းပါစေ၊ ဆရာ့အနားမှာ ကျုပ်အမြဲ ရှိနေပေးပါ့မယ် ခင်ဗျာ”

ရှုန်းမုန့်က ခပ်မြန်မြန် သဘောတူလိုက်ပြန်၏ “ကျုပ်ရောပဲ”

သူတို့ သုံးယောက် ဒူးထောက်ကုန်ကြတာကို တွေ့သောအခါ လျှိုကျစ်ကျားလည်း ဆက်ပြီး ရပ်မနေရဲတော့ချေ။ သူကလည်း အမြန် ဒူးထောက်လိုက်ကာ “ရှေ့လျှောက် ဘာအခက်အခဲတွေ ရှိရှိ၊ ဆရာနတ်မင်းနောက်ကို အမြဲလိုက်ပါ့မယ်လို့ ကျုပ် ကတိပေးပါတယ် ခင်ဗျ”

ရှုန်းမုန့် စကားပြောမို့ ပါးစပ်ဟလိုက်သည်နှင့် သုံးယောက်စလုံးက သူ့အား ဝိုင်းပြီး စိုက်ကြည့်လိုက်ကြသည်။

အတော်လေး ရှက်မိသော်လည်း သူက ပါးစပ်ဖွင့်ပြီး ပြောလိုက်ဆဲသာ “ကျုပ်… ကျုပ်ရောပဲ”

လူပြက် လေးယောက်၏ အပြုအမူများက ကျန်းယွင်ရှီးအား ပြောစရာ စကားမရှိ ဆွံ့အသွားစေ၏။

သူတို့ကိုယ်ထဲက မူလနတ်မိုးကြိုးကြောင့်သာ မဟုတ်ရင် သူတို့က ငါတို့အထွတ်အမြတ်မြေရဲ့ အနားတောင် ကပ်ခွင့်ရှိမှာ မဟုတ်ဘူး။ အနည်းဆုံးတော့ ကျင့်ကြံသူတစ်ယောက် ပီသအောင် ပြုမူနေထိုင်သင့်ပါတယ်လေ။

လူကြီးမင်းရှန်ကို ဖားတာနဲ့ပဲ သူတို့တွေ အားကောင်းလာနိုင်လို့လား … ဟာသပဲ…

ကျန်းယွင်ရှီးက ရှန်ထျန်းဆီ လမ်းလျှောက်သွားကာ ပြောလိုက်၏ “လူကြီးမင်းရှန် … ရှင့်ရဲ့ နတ်မင်းအသင်းဝင်များ အဖွဲ့ကို ရှင် တစ်ခုခုတော့ လုပ်မှ ဖြစ်မယ်နော်”

ရှန်ထျန်းက ခေါင်းငြိမ့်ကာ “နတ်မိမယ်ယွင်ရှီးအနေနဲ့ ကျွန်တော် သူတို့ကို ဘယ်လိုလုပ်သင့်တယ် ထင်လဲဟင် … နတ်မိမယ် ပေးတဲ့အကြံအတိုင်း ကျွန်တော် နားထောင်ပါ့မယ်”

ထိုလေးယောက်နှင့် ပတ်သက်၍ ရှန်ထျန်းလည်း ခေါင်းစားနေရလေသည်။

အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေထဲတွင် အားကောင်းသည့် ကျင့်ကြံသူတွေ အများကြီး ရှိလေရာ မလိုလားအပ်သည့် အာရုံစိုက်မှုများကို ကာကွယ်ရန် သူ့အနေနှင့် လူမသိသူမသိ သိုသိုသိပ်သိပ် နေမှ ဖြစ်မည်။ ဒီလေးယောက်က နေ့တိုင်း သူ့နောက် တကောက်ကောက်လိုက်ပြီး ဖားယားနေလျှင် သူ ဘယ်လိုလုပ် လူမသိအောင် နေလို့ ရပါတော့မည်နည်း။

ကျန်းယွင်ရှီးက ထုတ်ပြောလာလေရာ နတ်မင်းအသင်းဝင်များ အဖွဲ့ကို ဖျက်သိမ်းဖို့ အချိန်ကျလေပြီ။

သို့သော်ငြား ကျန်းယွင်ရှီးကတော့ သူ့ကို လုံးလုံး အထင်လွဲသွားလေ၏။

ဘာရယ် … လူကြီးမင်းရှန်က ငါ့အကြံကို နားထောင်မယ်တဲ့လား … နတ်မင်းအသင်းဝင်များ အဖွဲ့ကို သူကိုယ်တိုင် တည်ထောင်ထားတာလေ။ ဒီတော့ သူ့အတွက် ဒီအဖွဲ့က အရမ်းကို အရေးပါလောက်တယ်။ ဒါကို သူက ငါ ဘာအကြံပေးပေး၊ ငါပြောတဲ့အတိုင်း နားထောင်မယ်တဲ့… အိုး … သူက ငါ့ကို သိပ်ယုံကြည်ရှာတာကိုး…

ထိုအတွေးကြောင့် ကျန်းယွင်ရှီးက ရှက်သွေးဖြာသွားသည်။ ထို့နောက် သူမက အသက်ပြင်းပြင်း ရှုကာ ပြောလိုက်သည်။

“ကျွန်မကို နတ်မိမယ်ဆိုပြီး ဆက်ခေါ်စရာ မလိုတော့ဘူးလေ။ အခုဆို အထွတ်အမြတ်မြေထဲလည်း ဝင်ပြီးပြီ၊ သူတော်စင်လည်း ဖြစ်နေပြီ ဆိုမှတော့ ရှင် ကျွန်မကို ဂိုဏ်းတူအစ်မလို့ ခေါ်ပေါ့။ ဒါမှမဟုတ်… ဒါမှမဟုတ်ရင် ယွင်ရှီးလို့ ခေါ်လည်းရတယ်”

ရှန်ထျန်းက ခေါင်းငြိမ့်ကာ “ကောင်းပါပြီ ဂိုဏ်းတူအစ်မ။ ဒါဆို နတ်မင်းအသင်းဝင်များကို ကျွန်တော် ဘာလုပ်လိုက်ရမလဲ”

ကျန်းယွင်ရှီးက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

“ဂိုဏ်းစည်းကမ်းတွေ အရဆိုရင် ရှင့်ရဲ့ နတ်မင်းအသင်းဝင်များလိုမျိုး အဖွဲ့အစည်းတွေကို လက်ခံလို့မရဘူး။ ဒါပေမဲ့ ရှင့်ကိုယ်ပိုင် နောက်လိုက်အုပ်စုတော့ ဖွဲ့လို့ရတယ်။ အဲဒါအပြင် ဆရာနတ်မင်းဆိုတဲ့ နာမည်က အရမ်းကို ထူးခြားပေါ်လွင်လွန်းနေတယ်။

သူများတွေက ဒါကို ပြဿနာ လာရှာနိုင်တယ်ရှင့်။ အဲဒီနာမည်ကို သိပ်မပေါ်လွင်စေတဲ့ဟာ တစ်ခုခုနဲ့ ပြောင်းလိုက်ရင် ကောင်းမယ်လို့ ကျွန်မတော့ ထင်တာပဲ”

ကျန်းယွင်ရှီးက ကြမ်းပြင်ပေါ်က လူလေးယောက်ကို တစ်ချက် ကြည့်လိုက်ပြီးမှ ရှန်ထျန်းဘက် ပြန်ကြည့်ကာ “ရှင့်နာမည်က ရှန်ထျန်း … ထျန်း ဆိုတာက ကောင်းကင်လို့ အဓိပ္ပာယ်ရတော့… ကောင်းကင်ပါတဲ့ တခြားနာမည်တွေ ရှင်တို့ဘာသာ စဉ်းစားကြည့်လိုက်ပေါ့”

ရှုန်းမုန့်က အလျှင်အမြန် ကြားဝင်ပြောလိုက်၏ “ကျုပ်သိတယ်။ ကျုပ်သိတယ်။ ကျုပ်တို့တွေ ကိုယ့်ကိုယ်ကို “ကောင်းကင်တရား စီရင်သူများ”လို့ ခေါ်ကြရအောင်”

နောက်ဆုံးတော့ သူလည်း “ကျုပ်ရောပဲ” ဆိုသည့် စကားချည်း လိုက်ပြောစရာ မလိုတော့ပေ။ ရှုန်းမုန့်က အရမ်းကို ပျော်ရွှင်သွားလေရဲ့။

တစ်ဖက်က ရှန်ထျန်းမှာကား လုံးဝကို ဘာပြောရမှန်းမသိ ဆွံ့အသွားရလေ၏။


Comment

Leave a Reply

Options

not work with dark mode
Reset