အခန်း (၉၂) : ချစ်ကြည်ရင်းနှီးကြသော အံ့ဖွယ်မိုးကောင်းကင် မိသားစု
ထိုသို့တွေးမိကာ တာအိုကိုယ်တော်က အလောကြီးလို့ မဖြစ်ဘူးဟု ခံစားမိလိုက်သည်။ တပည့်တစ်ယောက် လက်ခံတာက သေးသေးမွှားမွှား ကိစ္စမျိုး မဟုတ်ပေ။ ပိုဆိုးသည်မှာ ထိုလက်ခံရမည့် တပည့်က မီးစာကျမ်းကို ကျင့်ကြံနေသေးသည်ပင်။
တာအိုကိုယ်တော်မှာ သူ့ဟာသူတောင် ဆင်းရဲနွမ်းပါးသည့် ကျင့်ကြံရေး ဘဝခရီးကို လျှောက်လှမ်းနေရသည် ဖြစ်လေရာ နောက်ထပ် ပါးစပ်ပေါက် တစ်ပေါက်ကိုပါ ကျွေးရမည့် ဖိအားမှာ သူ့အတွက် အင်မတန် ကြီးလေးလွန်းလှ၏။
ဟုတ်တယ် … အချိန်တစ်ခုလောက်အထိ စောင့်ကြည့်ကြတာပေါ့ … ဒီကောင်လေးက တကယ်ပဲ ကောင်းချီးမင်္ဂလာတွေနဲ့ ပြည့်စုံနေသလားဆိုတာကို ကြည့်ကြည့်ရအောင်…
တကယ်ပဲ လာဘ်ကောင်းတဲ့သူ ဆိုရင် သူ့ကို ငါ့တပည့် လုပ်ခိုင်းပြီး တခြားကျမ်းတစ်ခုကို ပြောင်းကျင့်ကြံဖို့ ကူညီပေးလိုက်မယ်…
အဲလိုမှ မဟုတ်ဘူး ဆိုရင်တော့ ငါ သူ့ကို ဆရာတူညီလေးရဲ့ တပည့်ပဲ လုပ်ခိုင်းလိုက်တော့မယ်…
အဲဒါဆိုလည်း အတော်ပဲ … ဆရာတူညီလေးရဲ့ ကောင်းကင်တာအိုကျမ်းက တဖြည်းဖြည်းနဲ့ ပိုပိုပြီး ထူးဆန်းလာသလိုကြီးပဲ။ ငါ ဘယ်လိုပဲ ဦးနှောက်အခြောက်ခံပြီး စဉ်းစားစဉ်းစား၊ ဆရာတူညီလေးရဲ့ စိတ်ခံစားချက်တွေ လှုပ်ရှားသွားအောင် မလုပ်နိုင်တော့ဘူးလို့ ခံစားနေရတယ်…
တကယ်လို့ မီးစာကျမ်းကို ကျင့်နေပြီး နေ့တိုင်း ပြဿနာတွေ ဖန်တီးပေးမယ့် ကံမကောင်းတဲ့ တပည့်တစ်ယောက်လောက် သူ့မှာ ရှိသွားရင်တော့ … အဲဒီအချိန်ကစပြီး သူ့ဘဝကြီး ဒီလိုမျိုး အေးအေးဆေးဆေးနဲ့ ပျင်းစရာကောင်းတော့မှာ မဟုတ်ဘူးလို့ ငါ လောင်းရဲတယ်…
တာအိုကိုယ်တော်က ပြုံးကာ ပြောလိုက်၏ “ဒီတော့… မင်းက ရှန်ထျန်းပေါ့”
ရှန်ထျန်းတစ်ယောက် တာအိုကိုယ်တော် စိုက်ကြည့်နေတာကို ခံလိုက်ရသဖြင့် စိတ်မသက်မသာ ခံစားမိလေသည်။
အမှန်အတိုင်း ပြောရလျှင် ထိုအဘိုးကြီးက သူ့အား အကောင်လိုက် စားပစ်မည်ကို ကြောက်နေမိသည်။ ထို့အပြင် တာအိုကိုယ်တော် စိမ်းပြာရောင် မီးတောက်အဖြစ် အသွင်ပြောင်းလိုက်စဉ်က ရှန်ထျန်းကိုယ်ထဲမှ မီးစာကျမ်း၏ ပုံမှန်မဟုတ်သော လှုပ်ရှားမှုကို ရှန်ထျန်း ခံစားလို့ ရလိုက်သည်။
ထိုလိုချင်တပ်မက်မှု အာသီသသည် ရှန်ထျန်း ရှေးဦးအဆီအနှစ်လေးလံရေစင်ကို ကြုံတွေ့ရစဉ်က ခံစားချက်အာသီသနှင့် တစ်ထေရာတည်း ဖြစ်နေ၏။
တာအိုကိုယ်တော်လည်း သူ့အတိုင်း ခံစားရလား၊ မခံစားရဘူးလားကိုတော့ သူ မသိချေ။
စောစောက တာအိုကိုယ်တော် တိုက်ကွက် ထုတ်လိုက်စဉ် သူက “မီးစာ ပညာရပ်” ဆိုပြီး အော်လိုက်တယ်လေ။ ဖြစ်နိုင်ခြေအများဆုံးက … သူကလည်း မီးစာကိုယ်ထည်မာကျမ်းကို ကျင့်ကြံတာ ဖြစ်နိုင်လောက်တယ် …
သူ ဘယ်လောက် အရှက်မရှိသလဲ ဆိုတာကို တွေ့တယ်မလား … ဒါကြောင့် သူက သေချာပေါက် အားနည်းသူကို အနိုင်ကျင့်လောက်တယ်…
ထိုသို့ တွေးကာ ရှန်ထျန်းက ကျန်းယွင်ရှီး ဘေးနားသို့ အသာလေး တိုးသွားလိုက်သည်။ ထိုနားက ပို၍ လုံခြုံသည်လေ။
“ဟုတ်ပါတယ် … ကျွန်တော်က ရှန်ထျန်းပါ။ စီနီယာကြီးက ကျွန်တော့်ကို ပြောစရာ တစ်ခုခုများ ရှိလို့ပါလား ခင်ဗျ”
အားလုံး မှားကောင်းမှားနိုင်ပေမဲ့ အပြောချိုတာကတော့ မှားလိမ့်မည် မဟုတ်။
“ဟားဟား … ရှန်ထျန်း … မင်းက တကယ် အပြောကောင်းတဲ့သူပဲ။ မင်းနဲ့ ရှီးအာလေး အကြောင်း ငါ သူမဆီကနေ ကြားပြီးပြီ။
မင်းက ငါတို့ အံ့ဖွယ်မိုးကောင်းကင်ရဲ့ အထွတ်အထိပ် တော်ဝင်ကျမ်းကို ရှာတွေ့အောင် ကူညီပေးခဲ့တယ်။ ဒါကြောင့် ငါတို့ရဲ့ တည်ထောင်သူဘိုးဘေးတွေ ချမှတ်ထားတဲ့ စည်းကမ်းအရဆို မင်းက ငါတို့ရဲ့ သူတော်စင် ဖြစ်လာရမယ်။ သူတော်စင် ဖြစ်လာလို့ရယ်၊ သူတော်စင်မနဲ့ လက်ထပ်ရမှာရယ်ကြောင့် တချို့လူတွေ မင်းကို မကျေမနပ် ဖြစ်သွားနိုင်လောက်မလား ဆိုတာကတော့ … မင်း အဲဒါတွေအတွက် ဘာမှ စိတ်ပူနေစရာမလိုဘူး…
ငါတို့ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကလေ ထိုက်ပိုင်ချိုင့်ဝှမ်းနဲ့ မတူဘူးကွ။ ငါတို့က အဲဒီအရူးကောင်လိုမျိုး ကိုယ့်သားမက် ကိုယ်ပြန်ချမယ့် လူစားတွေ မဟုတ်ဘူး။ ငါတို့ ဂိုဏ်းသားတွေက အချင်းချင်း ရိုသေလေးစားကြတယ်။ ဂိုဏ်းကြီးက လုံးဝကို ချစ်ကြည်ရင်းနှီးကြတဲ့ မိသားစုကြီး တစ်ခုပေါ့ကွာ။ ငါတို့ဂိုဏ်းထဲ ဝင်သာဝင်ကြည့်လိုက်၊ မင်း လုံးဝ စိတ်မပျက်စေရဘူး”
သို့သော်လည်း တာအိုကိုယ်တော်က သိပ်မယုံကြည်ရလောက်ဘူးဟု ရှန်ထျန်းက ခံစားမိနေဆဲသာ။ သူက စောစောလေးကတင် အထွတ်အထိပ်ရှင်ကျီယန် နောက်ကို အသည်းအသန် လိုက်ဖမ်းပြီး ငွေညှစ်နေသေးသည်။ အခုကျ ချက်ချင်းပဲ လူကြီးလူကောင်း ပီသသည့်ပုံစံ ဖမ်းနေပြန်ပြီ။ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ ကောင်းကွက်များကိုပင် ကြေညာလိုက်သေး၏။
လုပ်သားအဖွဲ့ဝင်အသစ် ခေါ်ယူဖို့ ကြိုးစားနေသည့် အဆင့်မြင့် ရောင်းအားမြှင့် အဖွဲ့အစည်းတစ်ခုနှင့် တွေ့နေရသလိုမျိုး ရှန်ထျန်းမှာ ခံစားနေရသည်။
ရှန်ထျန်းက တံတွေး မြိုချလိုက်ကာ “ စီနီယာကြီး … စောစောတုန်းက ကျွန်တော့်က စီနီယာကြီးရဲ့ တပည့်ရင်း ဆိုပြီး ပြောလိုက်သလားလို့ ”
တာအိုကိုယ်တော်က လန့်သွားကာ ချောင်းခြောက်တွေ ထဆိုးလိုက်လေ၏။
“အဟွတ် အဟွတ် …… အဟမ်း … အဲဒါက ငါ ဒီတိုင်း လျှောက်ပြောလိုက်တာပါကွာ။ မင်းက ငါ့တပည့်ရင်းလို့ ပြောလိုက်ရင် မိုက်ကြေးခွဲဖို့ ပိုအဆင်ပြေ… အဟမ်း အဟမ်း… မင်း အဲဒီစကားကို စိတ်ထဲ ထားနေစရာ မလိုဘူးကွ။
မင်းသာ ငါတို့အထွတ်အမြတ်မြေထဲ ဝင်ပြီးတော့ သူတော်စင် လုပ်ပြီး သူတော်စင်မနဲ့ လက်ထပ်လိုက်မယ်ဆိုရင် ကြိုက်တဲ့ အကြီးအကဲကို မင်းရဲ့ဆရာ အဖြစ် ရွေးချယ်လို့ ရမှာကွ။ အထွတ်အမြတ်မြေ ဂိုဏ်းချုပ်ကို မင်းရဲ့ဆရာ ဖြစ်စေချင်တယ် ဆိုရင်တောင်မှ လုံးဝ ဖြစ်နိုင်ခြေရှိတယ်”
ကြိုက်တဲ့သူကို ဆရာတော်လို့ ရတယ် ဆိုပါလား … အဲလောက်တောင်ထိ အကျိုးခံစားခွင့် ကောင်းတယ်ပေါ့လေ…
ရှန်ထျန်းက တာအိုကိုယ်တော်အား သံသယများနှင့် ကြည့်လိုက်၏။ သူ့အရင်ဘဝတုန်းမှ ကြုံဖူးသည့် အလိမ်အညာများက လောကကြီးမှာ အလကားရတာ ဘာတစ်ခုမှ မရှိဘူး ဆိုတာကို သင်ပေးခဲ့သည် မဟုတ်ပါလော။
အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက ချစ်ကြည်ရင်းနှီးကြသည့် မိသားစုကြီး တစ်ခု … ပြီးတော့ ဂိုဏ်းဝင်တွေကလည်း တစ်ယောက်နှင့် တစ်ယောက် ရိုသေလေးစားကြတယ် ဟုတ်လား…
ဟဟ … တစ်ခါတုန်းကလည်း နယ်လှည့်မျက်လှည့်အဖွဲ့ကြီး တစ်ခုက ဒီလိုမျိုး လာပြီး ကြေညာဖူးတယ်။ တကယ်တမ်းကျ ဘယ်သူအတော်ဆုံးလဲ ဆိုတာလေးကို ပြိုင်ကြရင်းကနေ စင်ပေါ်မှာတင် ရန်သတ်ပွဲကြီး ဖြစ်သွားလေရဲ့။
ဟင်း … မီးတိုင်းပြည်ထဲမှာပဲ လူမသိသူမသိလေးနေပြီး လုံခြုံဘေးကင်းစွာနဲ့ အားကောင်းဖို့ ကျင့်ကြံကြရအောင်ပါလေ။
ဝက်ကြီးတစ်ကောင်တောင် လေအရမ်းပြင်းတဲ့ နေရာမှာ သွားရပ်ရင် ပျံနိုင်သေးတာပဲ။ လေရပ်သွားမှသာ ပျံနေတဲ့ ဝက်တွေ အကုန် ဝက်အသားပြားတွေ ဖြစ်သွားတာမလား။
ရှန်ထျန်းက တစ်ပါးသူ၏ စနက်ကြောင့် သူတော်စင်ဖြစ်ပြီး သေရမည့် အဖြစ်မျိုးကို လက်မခံလိုပါချေ။
သူက ပြုံးကာ ပြောလိုက်၏။
“စီနီယာကြီး … ကျွန်တော့်ကို သူတော်စင် မလုပ်ခိုင်းလည်း ရပါတယ်။ အရင်က ပြောဖူးသလိုပဲ ကံပါတဲ့လူတွေကိုဆို ကျွန်တော်က ငွေတစ်စတောင် မယူပါဘူးဗျာ။
ဒါကြောင့် နတ်မိမယ်ယွင်ရှီးကို ကူညီပြီး သတ္တုရိုင်းတုံး ရှာပေးတာကလည်း အလကား ကူညီခဲ့တာပါပဲ။ အဲဒါအတွက် အံ့ဖွယ်မိုးကောင်းကင်က စိတ်ထဲထားပြီး ကျွန်တော့်ကို ကျေးဇူးပြန်ဆပ်စရာ မလိုပါဘူး။
ဒီ့အပြင် နတ်မိမယ်ယွင်ရှီးကလည်း ကျွန်တော့်အပေါ် ဘာခံစားချက်မှ မရှိဘူးလို့ ပြောထားသေးတယ်လေ။ ဒီလိုမျိုး အချစ်မပါတဲ့ အိမ်ထောင်ရေး တစ်ခုက ရေရှည်မှာ ပျော်စရာကောင်းတဲ့ အဆုံးသတ်မှုကို ရမှာ မဟုတ်ဘူးဗျ။ ကျွန်တော့်အမြင်အရတော့ သူတော်စင် လုပ်တာနဲ့ သူတော်စင်မကို လက်ထပ်တာနဲ့ကို မေ့လိုက်တာ ပိုကောင်းပါလိမ့်မယ် ခင်ဗျာ”
တာအိုကိုယ်တော်က ခဏတာ ငြိမ်ကျသွားပြီးမှ ပြောလိုက်သည်။
“ဒါပေမဲ့ အဲလိုဆို ဘိုးဘေးတွေရဲ့ စည်းကမ်းတွေကို ဆန့်ကျင်ရာ ကျသွားမှာပေါ့။
ဂိုဏ်းစည်းကမ်းအရ ကပ်ဘေးတဖန်ကို ပြန်ရှာတွေ့ဖို့ ကံပါတဲ့သူက သူတော်စင်မကို လက်မထပ်ဖို့ ရွေးချယ်လို့ ရပေမဲ့ သူတော်စင်တော့ လုပ်ကိုလုပ်ရမယ်ကွ။ မဟုတ်ရင် မင်းရထားတဲ့ အမွေအနှစ်ကျင့်စဉ်တွေကို ပြန်ယူရလိမ့်မယ်။ အဲ့ဒါတွေက ငါတို့ဂိုဏ်းရဲ့ လျို့ဝှက်ကျင့်စဉ်တွေ”
ကျန်းယွင်ရှီးမှာ ပြောစရာ စကားမရှိ ဖြစ်သွားရ၏။
ဘာရယ် … ဒီအားမကိုးရတဲ့ ဂိုဏ်းတူဦးလေးက လူကြီးမင်းရှန်ကို ဘာတွေသွားပြောနေတာတုန်း … ဂိုဏ်းစည်းကမ်းအရ ဆိုတာက ဘာလဲ ဂိုဏ်းစည်းကမ်းအရ ဆိုတာ … ဟင် … သူတော်စင်မကို လက်မထပ်ဖို့ ရွေးချယ်လို့ ရတယ်… သူတော်စင်တော့ လုပ်ကိုလုပ်ရမယ် ဟုတ်လား…
လက်ထပ်တာကို သေမျိုးလူသားတွေရဲ့ ဈေးထဲမှာ ဟင်းချက်ပစ္စည်း သွားဝယ်တာများ မှတ်နေသလား…
တကယ်ပါပဲ … သူတော်စင်မ ဖြစ်တဲ့ ကျွန်မကို ပေးချင်တိုင်း ပေးလို့ရတဲ့ ခပ်ပေါပေါ ပစ္စည်းတစ်ခုလို့များ ထင်နေတာလား … ဝက်သား ၅၀၀ ဂရမ် ဝယ်လို့ အပိုပေးတဲ့ ကြက်သွန်နီ ၂ လုံးလိုမျိုးလေ…
ဟွန့် … ဒီလိုလက်ထပ်ပွဲမျိုးကို ကျွန်မလည်း မကြိုက်ပါဘူးနော်။ မကြိုက်ပေမဲ့ ဒါက ကျွန်မတို့ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရဲ့ ဂုဏ်သတင်းနဲ့ ကျွန်မရဲ့ ဂုဏ်သိက္ခာနဲ့ လာပြီး ပတ်သတ်နေတယ်ရှင့်။ နည်းနည်းလေး ပိုပြီး အလေးထား ပေးလို့ မရဘူးလား ဂိုဏ်းတူဦးလေးရဲ့…
ထိုသို့တွေးကာ ကျန်းယွင်ရှီး ပတ်ပတ်လည်၌ ရွှေရောင်နှင့် ငွေရောင် မိုးကြိုးများ ဖြစ်ပေါ်လာသည်။
တခြားတစ်ဖက်တွင်ကား ကျန်းယွင်ရှီးနောက်မှာ ပုန်းနေသည့် လီလျန်အာတစ်ယောက်က အခုတော့ အပျော်ကြီး ပျော်သွားပုံ ပေါ်လေ၏။
“အစ်ကိုရှန် … သူတော်စင် လုပ်ဖို့ သဘောတူလိုက် သိလား။ သူတော်စင် ဖြစ်သွားရင် ဘယ်သူမှ အစ်ကို့ကို လာပြီး အနိုင်ကျင့်ရဲတော့မှာ မဟုတ်ဘူး။
အစ်မယွင်ရှီးကိုတော့ လက်ထပ်စရာ မလိုပါဘူး။ အစ်မကလည်း အဲဒါကို သဘောမတူဘူးလေ”
ကျန်းယွင်ရှီးမှာ ပါးစပ်တွန့်သွားသည်။
လီလျန်အာ၏ စကားကို ကြားပြီးနောက် တစ်ခုခုကို တွေးမိလိုက်ဟန်ဖြင့် တာအိုကိုယ်တော်က ထပ်ဖျောင်းဖျဖို့ ကြိုးစားလိုက်ပြန်သည်။
“ရှန်ထျန်း … လီခန်းလန် ဘယ်လောက် အားကောင်းသလဲ မင်းလည်း မြင်လိုက်တယ် မလား။ အဲ့ဒီကောင်က သူ့သမီးကို တအားချစ်တာ အရှေ့ပိုင်းလွင်ပြင် တစ်ခုလုံး အသိ။ အခု လျန်အာက မင်းနားပဲ နေ့တိုင်း ကပ်နေတော့ မင်းသာ ငါတို့ရဲ့ သူတော်စင် မလုပ်ဘူးဆိုရင် တခြားဂိုဏ်းတွေက မင်းကို သူ့ရန်ကနေ ကာကွယ်ပေးနိုင်မယ် ထင်သလား”
တာအိုကိုယ်တော်၏စကားကြောင့် ရှန်ထျန်းမှာ ကြောင်အမ်းသွား၏။ ပြီးမှ သဘောပေါက်သွားလေ၏။
မှန်လိုက်လေ … လျန်အာရဲ့ အဖေက အရမ်းကို အားကောင်းတာ။ ဓားသခင် အမှတ်အသားပြားကို သုံးပြီး ငါ့ကို ရှာလို့လည်း ရနေပြန်တယ်။
ဒီတစ်ခေါက် တာအိုကိုယ်တော်ကြောင့် သူအထိနာသွားရတာ။ ဒါပေမဲ့ ရှက်ရမ်းရမ်းပြီး ဒီကိစ္စကို ငါ့အပေါ်လာပြီး အငြိုးထားရင် ထားနေမှာ။
ထိုက်ပိုင်ချိုင့်ဝှမ်းရဲ့ အာဏာသက်ရောက်မှုအရဆိုရင် လီခန်းလန် စိတ်ရှိတဲ့တစ်နေ့ ငါ့ကို ဖမ်းဖို့ဆိုတာ လွယ်လွယ်လေးပဲ။ ဒီလို အခြေအနေမှာ အားကောင်းတဲ့ အထွတ်အမြတ်မြေ တစ်ခုဆီမှာ သွားခိုလုံတာက မှန်ကန်တဲ့ ရွေးချယ်မှု ဖြစ်နိုင်လောက်တယ်။
ထို့နောက် ရှန်ထျန်းက စိတ်မပါလက်မပါဟန်ဖြင့် မေးလိုက်၏ “ကျွန်တော် သူတော်စင် မလုပ်လို့ ရမဲ့ ဖြစ်နိုင်ခြေလေး မရှိဘူးလားဟင်”
တာအိုကိုယ်တော်က သက်ပြင်းချကာ “အဲဒါကို ငါတကယ် မလိုက်လျောနိုင်လို့ပါကွာ”
ရှန်ထျန်းက ကံကြမ္မာကို လက်ခံလိုက်ဟန်ဖြင့် “ဒါဆိုရင်လည်း … ကျွန်တော်တို့ သဘောတူညီမှု လုပ်ရအောင်။ ကျွန်တော် သူတော်စင်ပဲ လုပ်မယ်”
တာအိုကိုယ်တော်က ခေါင်းငြိမ့်ကာ “စိတ်မပူပါနဲ့ … မင်း သူတော်စင်မနဲ့ လက်ထပ်စရာ မလိုဘူး”
ကျန်းယွင်ရှီးကတော့ မျက်ရည်ထွက်ကျတော့မည့်ဆဲဆဲပေါ့ …